ထောင်ပြောင်းခြင်း (၁)
အချိန်ကာလအားဖြင့်
ကိုးလခန့် စစ်ဆေးအပြီး ၂၀၀၅ ခုနှစ် နိုဝင်္ဘာလ-၂ ရက်နေ့မှာ ပြစ်ဒဏ်ပေးတဲ့ အမိန့်များကို စတင်ချမှတ် ပါတော့တယ်။ မနက်ပိုင်း ကိုးနာရီခွဲလောက်ကနေ
စပြီး ဖတ်လိုက်တဲ့ စီရင်ချက်များဟာ ညရှစ်နာရီကျော်မှဘဲ ပြီးပါတော့တယ်။ နေ့လယ် ထမင်းစားချိန်က
လွဲရင်ပေါ့လေ။ တရားသူကြီးနှစ်ယောက်ကနေ တစ်ယောက်တစ်လှည့် ဖတ်နေတာ ဘာတွေဖတ်လို့ ဖတ်နေမှန်းကို
မသိနိုင်တော့ပါဘူး။ ကိုယ်အမှန်တကယ် မကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေမှန်း ကိုယ့်ဖာသာကိုယ်
သေသေချာချာကြီးကို သိထားရလေတော့ သိပ်တော့လည်း စိတ်မ၀င်စားဖြစ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ကို
ဘယ်လိုတရားစီရင်နေတယ် ဆိုတာကိုတော့ သိချင်ကြမှာပါဘဲ။ အခုဟာကတော့ စီရင်ချက်တွေက များလွန်းလို့
ဘာတွေဖတ်သွားသလဲဆိုတာ အာရုံစိုက်လို့ မရလောက်အောင်ပါဘဲ။ တစ်နေကုန် မတ်တပ်ရပ်ပြီး ကိုယ့်ကိုအပြစ်ပေးတဲ့ အကြောင်းတွေကို
နားထောင်ရတာဆိုတော့ ဘယ်လိုမှ အဆင်မပြေမှန်း သိနိုင်ကြပါတယ်။
ည ရှစ်နာရီကျော် မိုးကြီးချုပ် နေတော့မှ ထောင်ထဲကို ပြန်ရောက်တော့တယ်။
အဲဒီအချိန်ထိကို ထောင်မပိတ်သေးဘဲ ထောင်အရာရှိ ၀န်ထမ်းတွေက စိတ်ဝင်တစားစောင့်နေကြတယ်။
ဝင်လာတာကို မြင်တာနဲ့ ချက်ချင်းကြီး လက်ဆွဲပြီး "သေဒဏ်ပါသလား သေဒဏ်ပါသလား" ဆိုပြီး အမောတကောမေးကြပါလေရော။
ပြန်စဉ်းစားလိုက်တော့လည်း ကိုယ့်ကိုကိုယ် မသေချာပြန်ဘူး။ ဒါနဲ့ပဲ " သတိမထား မိဘူးဗျ မပါလောက်ပါဘူး " ဆိုလိုက်တော့ သူတို့လည်း ဇဝေဇ၀ါတွေဖြစ်ပြီး နောက်နားခပ်လှမ်းလှမ်းကပါလာတဲ့
ထောင်အရာရှိတွေဆီကို သွားပြီးမေး နေကြလေရဲ့။
နောက်နေ့ မနက်ပိုင်းရောက်တော့မှ ကိုယ့်ကို အနှစ် နှစ်ဆယ် ကျွန်း သုံးကျွန်း
၊ အနှစ် နှစ်ဆယ် တစ်မှု၊ ငါးနှစ် တစ်မှု စုစုပေါင်း ရှစ်ဆယ့်ငါးနှစ် ဖြစ်တယ်ဆိုတာကို အဆောင်တာဝန်ခံအရာရှိ
တွေဆီက သိရပါတော့တယ်။ မနေ့ညနေပိုင်းကလည်း မြန်မာသေဒဏ်ကျ အကျဥ်းသားတွေထားတဲ့ နံပါတ်(၂)တိုက်မှာ
အခန်းရှစ်ခန်းကို သေသေချာချာ သန့်ရှင်းရေးလုပ်ခိုင်းထားတယ်ဆိုတာလဲ အဲဒီနေ့မနက်ရောက်မှဘဲ
သိရပါတော့တယ်။ ဒါကြောင့် မနေ့ညက သေဒဏ်ပါသလားဆိုပြီး အသည်းအသန် စောင့်ပြီးမေးနေကြတဲ့
အဓိပ္ပါယ်ကို အဲဒီတော့မှ ကိုယ်သဘောပေါက်တော့တယ်။ တကယ်တော့ ကိုယ်တို့ကိုချမှတ်မဲ့ ပြစ်ဒဏ်တွေထဲမှာ
သေဒဏ်လည်းပါခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ အကြောင်းတစ်ခုခုကြောင့် အနားကပ်တော့မှ ဖြုတ်ပစ်လိုက်တာဖြစ်မယ်လို့
ယုံကြည်ရတာပါဘဲ။ ဒါပေမဲ့လည်း ဘယ်လိုမှ မခံစားရပါဘူး။ သာမန်အားဖြင့် ဘာမှ မခံစားရဘူးဆိုတော့
ယုံကြမှာတော့ မဟုတ်ဘူးပေါ့။ ဒါတကယ်ဖြစ်ခဲ့တာပါ။
ကိုယ်နဲ့အခန်းကပ်လျက်မှာ ထောင်ဒဏ် နှစ်ဆယ့်ရှစ်နှစ်ကျနေတဲ့ ယိုးဒယားစစ်တပ်က
တပ်ကြပ်ကြီး ဆွန်ချိုင်းကတော့ ကိုယ့်ကို သေတော့မှ ထောင်ကထွက်သွားရတော့မယ် ဆိုတဲ့ သဘောမျိုးကို
လက်ဟန်ခြေဟန်နဲ့ ပြပြီးနောက်ပြောင်နေသေးတယ်။ သူက ယွန်းစကားပြောတတ်ပြီး ကိုယ်က ရှမ်းလိုပြောနိုင်တော့
အဖွဲ့ကျ ကြပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီး ဘာဖြစ်လာမှာလည်း
ဆိုတာတော့ ဘာဆိုဘာမှကို မသိနိုင်တော့ပါဘူး။ ပြစ်ဒဏ်ထဲကလို ရှစ်ဆယ့်ငါးနှစ် လုံးလုံးထောင်ထဲမှာ
နေသွားရမယ် ဆိုတာမျိုးကတော့ စိတ်ထဲမှာ လုံးဝကို ထင်မထားပါဘူး။ မိသားစုနဲ့လည်း ကိုးလအတွင်းမှာ
သက်သေအဖြစ် သူတို့ကို လာအစစ်ခံခိုင်းပြီး တွေ့ရတဲ့ တစ်ကြိမ်ဘဲရှိခဲ့ပါတယ်။ ကိုးလအတွင်း
ပါဆယ်ပို့တာကလွဲပြီး လုံးဝအဆက်အသွယ် မရှိခဲ့ကြပါဘူး။
နိုဝင်္ဘာလ ၁၃ ရက်နေ့ဟာ တနင်္ဂနွေနေ့ပါ။ အဲဒီမနက် စောစောပိုင်းမှာ ရှာဖွေရေးဆိုပြီး တစ်ဆောင်လုံးကို
ရှာကြဖွေကြပါတော့တယ်။ ရှာကြဖွေကြနဲ့ ရှုပ်ပွ
နေတော့ ကိုယ်တို့လည်း ပြန်သိမ်းဆည်းနေတုန်းမှာဘဲ အထုပ်အပိုးတွေအကုန်လုံးကို တစ်ခါ တည်းယူပြီး
လာခဲ့ဖို့ မိန်းဂျေး က လာခေါ်ပါတယ်။ ၀န်ထမ်းနှစ်ယောက်ကိုလည်း သယ်ဖို့ပိုးဖို့ တစ်ခါတည်း
လွှတ်လိုက်ပါတယ်။ ကိုယ်လည်းဘဲ ဘုမသိဘမသိနဲ့ ကျွတ်ကျွတ်အိတ်တွေ ခြောက်အိတ်လောက်ကို ၀ိုင်းကူဆွဲပြီး
လိုက်သွားရတာပေါ့။
မိန်းဂျေးကိုရောက်တော့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့
SSA တပ်ဖွဲ့က ဗိုလ်ချုပ်ဆေးထင်ကို တွေ့လိုက်ရတယ်။
နောက်မကြာပါဘူး SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ကို
တွေ့ရပြန်တယ်။ မကြာပါဘူး တောင်ကြီးမြို့က မျိုးဆက်သစ်ပျိုးခင်း
ဆရာဦးမြင့်သန်းတို့ အဖွဲ့ထဲက ကိုယ်တို့နဲ့အမှုတွဲ စိုင်းမျိုးမင်းထွန်း နဲ့ စိုင်းညီညီမိုး
တို့ရောက်ချလာကြတယ်။ သူတို့လည်းဘဲ ကိုယ့်လို အထုပ်အပိုးကိုယ်စီနဲ့ပေါ့။ တစ်ခုခုတော့
တစ်ခုခုဘဲပေါ့။ အဲဒီအချိန်အထိ ဘာမှန်းကို မသိသေးပါဘူး။
ဘယ်သူ့ကို မေးမေး ဘယ်သူမှ မဖြေကြပါဘူး။ ဖြေခွင့် မရှိလို့ မဖြေမှန်းသိနေပေမဲ့ ကိုယ်ကသိချင်နေတော့ တွေ့သမျှမေးကြည့်နေတာပေါ့။ မေးသမျှတိုင်းကလည်း
မဖြေကြပါဘူး။ လက်လျှော့လိုက်ပြီးတော့မှ ကိုယ့်အချင်းချင်းကို
ကျခံရတဲ့ပြစ်ဒဏ်တွေကို မေးကြရတယ်။ အဲဒီတော့မှ ဦးခွန်ထွန်းဦးက စုစုပေါင်း ၉၃နှစ်
ချမှတ်ခံရပြီး ဗိုလ်ချုပ်ဆေးထင် က စုစုပေါင်း ၁၀၆ နှစ် ချမှတ်ခံရမှန်း သိရပါတော့တယ်။
ကိုယ့်ကိုကိုယ် များလှပြီထင်ခဲ့တာ ကိုယ့်ထက်များတဲ့သူတွေလာတွေ့တော့မှ ငိုအားထက်ရီအားသန်
ရပါတော့တယ်။ စိုင်းမျိုးဝင်းထွန်းနဲ့ စိုင်းညီညီမိုး
တို့ကတော့ တစ်ယောက်ကို ၇၉ နှစ်စီဆိုလို့ အံ့သြမိရသေးတယ်။ သူတို့က လူငယ်တွေပါ။ နိုင်ငံရေးပါတီနဲ့လည်း
ပတ်သက်မှု မရှိကြပါဘူး။ ဘာကြောင့်များ ဒီလောက်များပြားလှတဲ့ ပြစ်ဒဏ်တွေကို ချမှတ်လိုက်သလဲ။
မေးခွန်းသာရှိပြီး အဖြေကတော့ တစ်ယောက်သောသူသာ သိမှာပါလေ။
ဦးခွန်ထွန်းဦး ဆိုတာ အဲဒီအချိန် လက်ရှိတရားဝင်ပါတီဖြစ်တဲ့
SNLD ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ကိုယ်ကတော့ လက်ရှိမှာ SNLD ရဲ့ အထွေထွေအတွင်းရေးမှူးပါ။ နိုင်ငံရေးပါတီတွေမို့လို့ဆို
ထားပါတော့။ အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးရယူထားတဲ့ SSA က ဗိုလ်ချုပ်ဆေးထင် လိုလူပါ
ပါလာတာကိုတော့ အတော်အံ့သြမိတယ်။ ကိုယ်တို့
ငါးယောက်ရဲ့ ပြစ်ဒဏ်စုစုပေါင်း ပေါင်းလိုက်တော့
အားလုံး ၄၄၂ နှစ် ဖြစ်သွားပါတယ်။ ဒါတောင် ကိုယ်တို့အမှုတွဲတွေဖြစ်ကြ တဲ့ စိုင်းလှအောင်၊
စ၀်သာဦး၊ ဆရာဦးမြင့်သန်းနဲ့ ဦးထွန်းညိုတို့ မပါသေးပါဘူး။ သူတို့ပြစ်ဒဏ်တွေနဲ့သာ
ပေါင်းကြည့်လိုက်ရင် စုစုပေါင်း နှစ် ၇၀၀ ကျော်သွားတယ်လို့ နောင်အခါမှာ သိရတော့ သြချမိပါတော့တယ်။
သူတို့တွေလည်း ကျွတ်ကျွတ်အိတ်အထုပ်တွေ ကိုယ်စီနဲ့ပေါ့။ အဲဒီအချိန်မှာ မှတ်မှတ်ရရ သတိရမိတာက ၀န်ထမ်းတစ်ယောက်ရဲ့ပြောကြားချက်ပါ။
ကိုယ်က ဘာဖြစ်လို့ ကိုယ်တို့ကို ခေါ်တာလဲ ဆိုတာမေးကြည့်တော့ မဖြေချင်ဘူးထင်ပါရဲ့။ အခုဆိုရင်
ရန်ကုန်မြို့မှာရှိတဲ့ ဌာနဆိုင်ရာ ၀န်ကြီးဌာနအားလုံးကို အခုလဖြစ်တဲ့ နိုဝင်္ဘာ လ (၈)
ရက်နေ့ နောက်ဆုံး နေပြည်တော်ကို အပြီးပြောင်းကြရမယ်။ အားလုံးအလုပ်ရှုပ်နေကြတယ်လို့ပြောပြပါတယ်။
ဝန်ကြီးဌာနအားလုံးကို ပြောင်းရွေ့တဲ့အလုပ်ဟာ ဘယ်မှာလာ လွယ်လိမ့်မလဲ။ ငါတို့ကိုများ
နေပြည်တော်သွားခိုင်းတော့မှာလား ဆိုတဲ့အတွေးက ၀င်လာသေးတယ်။ ဒါပေမဲ့ ဒါမဖြစ်နိုင်ပါဘူးလေ
ဆိုပြီး ဖြေတွေးလေးတွေးရသေး။
မကြာပါဘူး။ ဒုထောင်ပိုင်ဆိုတဲ့ ပုဂ္ဂိုလ် ရောက်လာပါတယ်။ ပါးစပ်ကလည်း
ကြိမ်းမောင်းဆဲဆိုနေလေရဲ့ ။ ဘာတွေများ အလိုမကျ စိတ်တိုနေမှန်းတော့မသိပါဘူး။ ကိုယ်တို့ကိုတော့
ဘာမှမပြောဘူး မဆိုဘူး ဆိုတော့ ကိုယ်တို့လည်း မသိလိုက်မသိဖာ သာနေလိုက်ကြတယ်။ ကိုယ်တို့
ရှေ့မှတင် အကျဉ်းသားလေးယောက်ကို အင်္ကျီ ချွတ်ခိုင်းပြီး စာရွက်စာတမ်းပါ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်။
ပါးစပ်ကလည်း မိုးမွှန်နေအောင်ဆဲ နေတော့တာပါဘဲ။
အဲဒီအကျဉ်းသား လေးယောက် ကတော့ အတွေ့အကြုံအတော်များပုံပါဘဲ။ မတုန်မလှုပ် နဲ့ မှင်သေသေ
နေနေကြတာ တွေ့ရတော့ အတော့်ကို သီးခံနိုင်တာမို့ ချီးကျူးမိသေးတယ်။ နောက်မကြာမီမှာဘဲ
ကိုယ်တို့တတွေကို တစ်ယောက်ချင်း အင်္ကျီ ချွတ်ခိုင်းပြီး စာရွက်စာတမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါတော့တယ်။
ဒီမတိုင်ခင်တုန်းက ရှိုးကျကျဝတ်တတ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဗိုလ်ချုပ်ဆေးထင်တို့နှစ်ယောက်
အပေါ်ပိုင်း အင်္ကျီဗလာနဲ့ ရပ်နေတာ ကိုမြင်ရတော့ စိတ်ထဲမှာ အတော့်ကို မကောင်းဖြစ်မိသေးတယ်။
နောက်တော့ ကိုယ်တို့ အ၀တ်တွေကို ကျွတ်ကျွတ်အိတ်ထဲထည့်ခိုင်းလိုက်ပြီး
ထောင်ဝတ်စုံအဖြူ ရောင်ပိတ်ခပ်ပါးပါး အင်္ကျီနဲ့လုံချည်ကို ထုတ်ပေးပြီး ၀တ်ခိုင်းပါတယ်။
အခုတင်က အင်္ကျီ ချွတ်နဲ့ လူကြီးနှစ်ယောက်ဟာ အင်္ကျီဖြူ လုံချည်ဖြူ နဲ့ အကျဉ်းသား ပုံပေါက်သွားပါတော့တယ်။ သူတို့တင်မကပါဘူး။ ကျန်နေတဲ့ ကိုယ်တို့အားလုံးလည်း မကြာမီမှာ အကျဉ်းသားပုံစံ
အင်္ကျီ ကိုယ်စီနဲ့ ဖြစ်သွားရပါပြီ။
အခြားအကျဉ်းသားလေးယောက်နဲ့ ကိုယ်တို့ငါးယောက်ကို စစ်ဆေးပြီးတော့
အထုတ်ကိုယ်စီယူခိုင်းပြီး ဗူးဝ ကို ဆက်ထွက်ခဲ့ကြတယ်။ တစ်သီကြီးတန်းစီလာကြတာပေါ့။ ဗူးဝ
နားရောက်တော့ အကျဉ်းကျရုံးဆိုလား မသိပါဘူး။ ၀င်ကြရပြန်တယ်။ နောက်တော့ ဦးခွန်ထွန်းဦးကိုခေါ်သွားပြီး
နာရီဝက်လောက်မှာ သူပြန်ရောက်လာပါတယ်။ အားလုံးက မှင်သက်သွားကြတယ်။ ဘာကြောင့်လည်းဆိုတော့
ဦးခွန်ထွန်းဦးပြန်လာတော့ သူ့ခြေနှစ်ဖက်မှာ သံခြေကျင်းခတ်ထားလို့ပါဘဲ။ ဦးခွန်ထွန်းဦးကတော့
ခပ်တည်တည် ပါဘဲ။ ဘာမှမပြောပါဘူး။ အတူပါလာတဲ့သူတွေအားလုံး စိတ်မကောင်းဖြစ်သွားကြတယ်ဆိုတာ
မပြောဘဲနဲ့ အားလုံးသိနေကြပါတယ်။ နောက်တစ်ယောက် ဗိုလ်ချုပ်ဆေးထင်ကို လာခေါ်သွားကြတော့
အားလုံးဟာ တိတ်ဆိတ်နေပါတယ်။ အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် သံခြေကျင်းတွေ ခတ်ခံရတာပေါ့။
သံခြေကျင်းဆိုတာက ခြေကျင်းဝတ်နှစ်ဖက်မှာ သံကွင်းတစ်ကွင်းစီ ခတ်ထားပြီး အဲဒီ သံကွင်းအပြင်ဘက်
နှဖါးမှာ သံကွင်းလေးတွေတွဲထားတယ်။ အဲဒီသံကွင်းကိုမှ မိန်းမလက်သန်းလောက်ရှိတဲ့ သံချောင်းနှစ်ပေလောက်
ထပ်တွဲထားတယ်။ အဲဒီ သံချောင်းတွေရဲ့အပေါ်ဖက်ဆုံး အစွန်းမှာ သံကွင်းနှစ်ကွင်းထပ်ဆက်ထားတယ်။
အဲဒီသံကွင်းနှစ်ကွင်းရဲ့ထိပ်နှစ်ခုကို သံကွင်း အကြီးတစ်ခုမှာ သွားပေါင်းပြီးတွဲထားတယ်။
အဲဒီသံကွင်းအကြီးဆုံးကို အခတ်ခံရတဲ့ လူကလက်မှာကိုင်ထားရင် အဲဒီလူရဲ့ "ချက်"
နားလောက်မှာရှိနေတယ်။ အဲဒီလို သံခြေကျင်းခတ်ထားလိုက်တော့ အဲဒီအကျဉ်းသားဟာ လက်လည်းမအား
ခြေလည်း မနိုင်သလိုဖြစ်သွားရတယ်။ ထွက်မပြေးနိုင်တော့ဘူးပေါ့။ လမ်းသွားရင်လည်း အသံ တစ်ချွင်ချွင်နဲ့
မြည်နေတော့တာပေါ့။
အားလုံးဟာ တိတ်ဆိတ်နေကြတယ်။ တစ်ယောက်ကို တစ်ယောက်စကားမပြောမိလေအောင်
သတိထားနေ နေကြတယ်။ အတွေးကိုယ်စီနဲ့ ရှိနေကြတယ်။
အဲဒါနဲ့တင် ပြီးပလားဆိုတော့ မပြီးသေးပါဘူး။ အားလုံးကို ပုံစံကေ လို့ခေါ်တဲ့
ရှေ့တစ်လက်မ နောက်ပြောင်းပုံစံ ဆံပင်ညှပ်လိုက်ပြန်ပါတယ်။ အဲဒါနဲ့တင် မပြီးသေးပြန်ပါဘူး။ လာပြန်ပါပြီ။ လူတိုင်းကို "လက်ထိပ်" ကိုယ်စီခတ်ထားလိုက်ပြန်ပါတယ်။
အားလုံးက ဘာမှမပြော ကြပါဘူး ။ ပြောစရာလည်း မရှိလို့ဖြစ်ချင်ဖြစ်မှာပေါ့။ ပြောချင်စိတ်မရှိလောက်အောင်
စိတ်ပျက်သွားကြတာလည်း ဖြစ်နိုင်တာပေါ့။ အမှန်တကယ် ဘာဖြစ်နေကြလဲဆိုတာ သူများတွေကို
ကြည့်ပြီးဝေဖန်ဖို့ နေနေသာသာ ကိုယ့်ကိုကိုယ်တောင် ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတော့ပါဘူး။
ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုတဲ့သဘောမျိုးနဲ့
တိတ်တိတ်လေးဘဲ နေနေကြ ရတယ်။ လက်ထိပ်ခတ်လိုက်တော့ ဆံပင်ညှပ်လိုက်လို့ နောက်ကျောပေါ်မှာ
ဆံပင်တိုအမှုန့်တွေ ထိုးလို့ ယားတာကို ကုတ်လို့ မရဘူးဖြစ်နေတာ အတော်ကို ဆိုးတဲ့အတွေ့အကြုံပါဘဲ။
ပိုဆိုးတာက အဲဒီအချိန်အထိ ဘယ်ကိုသွားလို့ သွားရမယ်မှန်း မသိရတာဘဲဖြစ်တယ်။
ဆက်ပါဦးမယ်။
မှတ်ချက် - ယခုအဖြစ်အပျက်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော
အဖြစ်အပျက်များဖြစ်ပါ သည်။ အမည်၊ နေရာ၊ ကာလ၊ အဖြစ်အပျက်များ အားလုံးသည် ကျနော်မှတ်မိထားသလောက်ကို
ကျနော်စိတ့်ခံစားရချက်များကို မကွယ်မ၀ှက် တိတိလင်းလင်း တည့်တည့်ရေးသားထားခြင်း ဖြစ်ပါသည်။
ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် ပြစ်ဒဏ်အချခံရတာဟာ အတော့်ကို ဆိုးဝါးလွန်းပါတယ်.
ReplyDeleteစိတ်နာစရာကောင်းတယ် သူများနေရာကို ကျူးကျော်ဝင်ရောက်ပြီး သူများကိုမတရားဖမ်းသေး
ReplyDeleteMai Soong Kha Lay Lay Nout,
ReplyDeleteThanks for sharing your trouble life, anyhow the Truth can not be hidden, we should fight for Justice & Truth. Be Strong & Keep going kha! We all are with you!!!
Your's
YHF