ကျွန်တော်
မနက် မနက်တွေမှာ လမ်းထလျှောက်တော့ အိမ်ရှေ့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်လာသောက်တဲ့
လူတွေထဲမှာ ဟိုင်းလက်ငါးချိတ်ကား တစ်စီးကို မကြာမကြာတွေ့ရတယ်။ အဲဒီ ကားနောက် ဖက်ကို
အမိုးတပ်မထားပါဘူး။ အမိုးပွင့်နဲ့ပေါ့။ အဲဒီကားပေါ်မှာ
ပါလာတဲ့ ခွေးနှစ်ကောင်ကို တွေ့ရပြီး ဒီစာကို ရေးဖြစ်သွားတာပါ။ အဲဒီခွေးနှစ်ကောင်ဟာ
အင်းခွေးလိုမျိုး ခွေးကြီးတွေပါ။ ရွှေဝါရောင် အမွေးတွေလည်းရှိထားကြတယ်။ အထူးခြားဆုံးကတော့
သူတို့ကို ကြည့်ရတာ အင်မတန်ကို တည်ငြိမ် လှတာကို တွေ့ရတာပါ။ နှစ်ကောင်စလုံး ကားနောက်ဖက်မှာ
အေးအေးဆေးဆေးထိုင်နေကြတာ အိပ်နေကြတာဟာ အတော်ကို တည်ငြိမ်လှပါတယ်။ ကျွန်တော်မြင်ဖူးသမျှ
ခွေးတွေထဲမှာတော့ ထူးထူး ခြားခြားကို တည်ငြိမ်မှုရှိနေတဲ့ခွေးတွေပါ။
ခွေးတွေ
တည်ငြိမ်တာဟာ ထူးလို့လား။ ဘာများ အရေးတယူရေးစရာရှိလို့လဲ မေးစရာရှိပါတယ်။ ခင် ဗျားတို့
စဉ်းစားကြည့်ကြလေ။ ခွေးတွေကိုတော့ အားလုံးမြင်ဖူးကြတယ်ဆိုတာ ပြောစရာ မရှိပေမဲ့ ခွေးတွေရဲ့
လှုပ်ရှားသွားလာပုံတွေကို အသေအချာ ဂရုတစ်စိုက်နဲ့ လေ့လာကြည့်နေတာတော့ သိပ်လုပ်လေ့မရှိကြပါဘူး။ ကျွန်တော်အခု ချီးမွန်းခန်းဖွင့်နေတဲ့ အမည်မသိ ခွေးနှစ်ကောင်ကတော့
တကယ့်ကို ထူးပါတယ်။ သူတို့ ဟာ ပလက်ဖေါင်းပေါ်ရပ်ထားတဲ့ကားပေါ်မှာဘဲ ထိုင်နေရင်ထိုင်နေ
မထိုင်နေရင် အေးအေးဘဲအိပ်နေတတ်တယ်။ ထိုင်နေရင်လည်း လမ်းသွားလမ်းလာတွေကို ငေးကြည့်နေတာကလွဲပြီး
ဘာအမူအရာမှ မပြပါဘူး။ သူတို့သခင် လက်ဖက်ရည်ဆိုင်က
ထမလာမချင်းထိုင်စောင့်နေတာပါဘဲ။ ကားအောက်နားကနေ တခြားခွေးလေခွေးလွင့် တစ်ကောင်ကောင်ဖြတ်သွားတာမျိုးလည်း
သူတို့က ဂရုမစိုက်ပါဘူး။ အမူအရာ လည်း မပျက်ပါဘူး။ တစ်ခါမှာတော့ အနီးအနားက ခွေးတွေဝိုင်းပြီး
သူတို့ကို ကားအောက်ကနေ လာဟောင်တာတွေ့ရတယ်။ ဒါပေမဲ့ သူတို့က ဂရုမစိုက်ပါဘူး။ သူတို့နှစ်ကောင်က
အကောင်ထွားကြီးတွေမို့ အောက်ကခွေးတွေကလည်း အနားကို မကပ်ရဲကြဘူးဗျ။ သူတို့ကတော့ ပြန်ဟောင်တာလည်း
မတွေ့ရဘူး။ သူ့ ဖာသာသူ အေးအေးဘဲ မသိချင်ယောင်ဆောင်နေသလိုပါဘဲ။ ဘာမှကို စိတ်လှုပ်ရှားမှု
မပြပါဘူး။
ခွေးတွေရဲ့
လက္ခဏာက ဒီလိုမျိုးမရှိဘူး။ အင်မတန်လည်း စပ်စုတတ်တယ်။ တစ်ခြားခွေး တစ်ကောင် ကောင်ကို
တွေ့လို့ သူကလည်း နိုင်လောက်တယ်လို့ ထင်များထင်လိုက်ရင် ဘယ်မှာ ဒီအတိုင်းနေလိမ့်မလဲ
ချက်ချင်းကို ထဟောင်မာန်ဖီ ပြတော့တာပါဘဲ။ ရန်လိုတတ်တဲ့သဘောပေါ့။ တစ်ချို့ ခွေးကလေးတွေဆို အိမ်ထဲမှာ မွေးထားကြတာ သူတို့ကို တယ်လီယာ ဆိုလားခေါ်ကြတယ်။
အိမ်ထဲများ ၀င်သွားမယ် မကြံနဲ့ မြင်တာနဲ့တင် အတင်းကို ထိုးဟောင်တော့တာပါဘဲ။ နှစ်ကောင်
သုံးကောင်များ ပေါင်းမိလို့ကတော့ ကမ္ဘာပျက်မတတ် ဟောင်တော့ တာပါဘဲ။ တစ်ချို့ခွေးလေးတွေကြတော့
တစ်မျိုးဗျ ။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ရဲ့အိမ်က ခွေးဆို သူ့သခင်ရှိနေရင် ဟောင်သလား
မမေးနဲ့လို့ပြောရမယ်။ သူ့သခင် မရှိလို့ ကတော့ လှည့်တောင်မကြည့်ဘူး အိပ်ချင်ယောင်ဆောင်နေတယ်။
ဖားတတ်တဲ့ ခွေးထင်ပါရဲ့နော်။
ကျွန်တော့်ကားဘော်ဒီ ပြင်တဲ့ ကိုမောင်မောင်ဆိုတဲ့ မွန်အမျိုးသားလူပျိုကြီး
တစ်ယောက်ရှိတယ်။ သူက လူပျိုကြီးပီပီ ခွေးချစ်တတ်တယ်။ သူ့မှာ ဒိုဘာမင် မျိုး ခွေးမကြီးတစ်ကောင်
မွေးထားတယ်။ ခွေးမကြီးရဲ့ အရပ်က လူကြီးတစ်ယောက်ရဲ့ ခါးလောက်ရှိတော့ အတော်အကောင်ကြီးပါတယ်။
အမြီးကို အရင်းကနေဖြတ် ထားတော့ ခွေးရဲ့ အမူအယာကို မသိနိုင်ဘူး။ ဥပမာဗျာ ခွေးက သူတို့ချစ်ခင်ရင် အမြီးတစ်ယမ်းယမ်းနဲ့ သိသာပါတယ်။
သူတို့ မကြိုက်ဘူး ရန်လုပ်တော့မယ်ဆိုရင်လည်း အမြီးအနေအထားရှိနေပုံကို လူတိုင်း သိနိုင်ကြပါတယ်။
ခွေးတွေရဲ့ အိုက်တင်လို့ ဆိုနိုင်ပါတယ်။ အမြီးမရှိတဲ့ခွေးဆိုရင်
သူတို့ရဲ့အမူအယာတွေကို မသိနိုင်တော့ ရန်လိုသလား ချစ်ခင်သလားဆိုတာ အတော်ကို ဝေခွဲရခက်သွားတော့တာပေါ့။
ကဲ.. အဲဒီလို ခွေးမျိုးနဲ့ ရင်ဆိုင်တွေ့ရရင် ခင်ဗျား ဘယ်လို့ ဆုံးဖြတ်မလဲ။ ခွေးမျက်လုံးကို
ကြည့်ရုံနဲ့ ခွေးသဘောကို ဆုံးဖြတ်နိုင်သူက အတော်ကို ရှားပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဆို
သိပ်မသိကြပါဘူး။ ဒါပေမဲ့ ကိုမောင်မောင်ရဲ့ခွေးက အတော်ကို လိမ္မာတယ်ဗျ။ သူ့သဘောကို အကဲခတ်လို့မရတာရယ် သူ့ရဲ့ကြီးမား လှတဲ့
အကောင်အထည်ရယ် ကြောင့်သာ ကိုယ့်ဖာသာကြောက်နေတာပါ။ အဲဒီခွေးမကြီးကတော့ နေ့ခင်းဆို ဘယ်လိုမှ
ရန်မလိုပါဘူး။ သူ့ဖာသာအေးအေးဆေးဆေး သွားလိုက်စားလိုက်အိပ်လိုက်ပါဘဲ။ ၀ပ်ရှော့ဆိုတော့
လူကလည်းအ၀င်အထွက်များတယ်လေ။ အဲ့ဒီမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ ပြောပြချက်အရဆိုရင်
ညမှောင်သွားလို့ တံခါးပိတ်ပြီဆိုရင်တော့ ဘယ်လို လူကိုမှ အိမ်ထဲဝင်တာလဲ လက်မခံ၊ ထွက်တာ
ကိုလည်း လက်မခံ ရန်လုပ်ပြီး အတင်းထိုးဟောင် တော့တာပါဘဲတဲ့။ အဲဒီအချိန်ဆို အင်မတန်ကို
ကြောက်စရာကောင်းတယ်ဗျာလို့ ပြောပြတယ်။ သူတို့ဆို ညဖက်အပြင်ထွက်ပြီးရင် အိမ်ပြန်အိပ်ဖို့
စိတ်ကူးလို့မရတော့ပါဘူးဆိုပြီး ငြီးပြလို့
ကျွန်တော်သိခဲ့ရတယ်။ အဲဒီခွေးကြတော့ သဘာဝတစ်မျိုး ပေါ့နော်။
ကွာစေ့စားတဲ့ခွေး
တွေ့ဖူးတယ်။ ငှက်ပျောသီးစားတဲ့ခွေးလည်းတွေ့ခဲ့ဖူးတယ်။ တခြား ကျွန်တော်မသိ တာတွေလည်း
အများကြီးရှိနေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ခပ်ငယ်ငယ်က ကျွန်တော်တို့ အိမ်မှာဆိုရင်
ခွေးတွေအများကြီးမွေးထားပါတယ်။ ကျွန်တော့် အစ်မတွေက ခွေးတွေကို ထမင်းကျိုကျွေးကြ တယ်။
ခွေးတွေက ခွေးလေခွေးလွင့်တွေပါ။ မြန်မာမျိုးတွေပါဘဲ။ လျော့သွားလိုက် တိုးလာလိုက်နဲ့
အတော်ကို များပါတယ်။ ခွေးတွေကို ထမင်းကျွေးထားတာကို ကုသိုလ်အလုပ်တစ်မျိုးအနေနဲ့ ကျွန်တော့်အစ်မတွေက
သဘောထားတာပါ။ ထမင်းကျွေးချိန်ဆိုရင် အော်လိုက်ငေါက်လိုက်နဲ့ ဆူညံနေတာပေါ့။ ကျွန်တော်တို့
လူပျိုတစ်သိုက် ညတစ်ည အလည်လွန်ပြီး အိမ်ပြန်အရောက် ဆာဆာနဲ့ ကြောင်အိမ်ထဲက ခွေးအတွက်
ကျိုထားတဲ့ ထမင်းကို ဆန်ပြုတ်နဲ့ မှားပြီး အားရပါးရ ၀ိုင်းစားလိုက်ကြတာ မနက်ရောက်မှ
အဖြစ်မှန်ကိုသိရပြီး ပြောစမှတ်ဖြစ်သွားခဲ့ဖူးတယ်။ အဲသလို ကျွန်တော်တို့အိမ်မှာ နေတဲ့ခွေးတွေ
ကံကောင်းလှပြီ မှတ်တာ၊ နောင် အခါကြမှ ဆလွန်းကားထဲမှာ ခေါင်းကလေးတစ်ပိုင်းကို ထုတ်ပြီး
လေညှင်းခံ ကားစီးသွားတဲ့ ခွေးကလေးတွေ ကိုတွေ့တော့မှ ခွေးတွေမှာလည်း ကံကောင်း ကံဆိုး
ရှိကြတာကို သတိထားလိုက်မိတယ်။
ဟုတ်တယ်နော်။
တစ်ချို့ခွေးတွေရဲ့ စားသောက်မှု နေထိုင်မှု ကုန်ကျစရိတ်က သာမန်လူတွေထက် ကိုအများကြီးပိုနေတာ
ခင်ဗျားတို့ သိကြမှာပါ။ တစ်ချို့ခွေးတွေဆိုရင် နိုင်ငံခြားကလာတဲ့ အသင့်စားဗူးတွေကို
ဝယ်ကျွေးကြတာပါ။ တန်ဘိုးကတော့ ဘယ်လောက်လဲဆိုတာ မေးမနေပါနဲ့တော့။ တစ်ချို့ မရှိနွမ်းပါးသူတွေနဲ့
နှိုင်းယှဉ်လိုက်ရင်ဘဲ ခွေးက လူထက်ပိုပြီး ကံကောင်းနေတာကို တွေ့ကြပါလိမ့်မယ်။ အော် ..
ကံအကျိုးပေးဆိုတာဟာ အဆင်မပြေဘူးဆိုရင် ခွေးတွေကိုတောင် မယှဉ်နိုင်ဘူးဆိုတာ စဉ်းစားမိပြီး
သက်ပြင်းချလိုက်မိသေးတယ်။ ဒါပေမဲ့ ခွေးတွေထဲမှာလည်း ကံဆိုးတဲ့ခွေးတွေဆိုတာ ရှိနေတာပါပဲ။ ကျွန်တော်တို့အိမ်က ၀ဲကျော်မ ဆိုရင် တစ်ကိုယ်လုံးဝဲစွဲနေတာ
ဘယ်သူမှ သူ့အနားကို မကပ်ချင်ကြဘူး။ ကျွန်တော့်ဇနီးကတော့ ၀ဲကျော်မကို စေတနာထားပြီး သတ်သတ်ခေါ်ကျွေးလေ့ရှိလို့
ကျွန်တော့်ဇနီးကိုတွေ့ရင် သူ့ခမြာ အနားကပ်ပြီး ခေါင်းထိုးပလူးနေလို့ ခဏခဏ အအော်ခံရရှာတယ်။
သူက တစ်ကိုယ်လုံးဝဲစွဲနေတော့ သူ့ကို ဘယ်သူကမှ အနားအကပ်မခံချင်ကြဘူးလေ။ ခွေး အချင်းချင်းလည်း
အနားအကပ်မခံတဲ့အပြင် ကိုက်လွှတ်တတ်လို့ သူ့ခမြာ ဘယ်ခွေးနားမှလည်း မကပ်ရဲရှာဘူး။ ခွေးခွေးချင်း
ခွဲခြားဆက်ဆံခံရတာပေါ့။ အခုခေတ် အသုံးများနေတဲ့
(discrimination) ဆိုတာ
ခွေးတွေမှာတောင်ရှိနေတယ်နော်။
တစ်ချို့ခွေးတွေက
လမ်းပျော်ခွေးတွေဗျ။ သူတို့ကို အိမ်တစ်အိမ်က ခေါ်သွားပြီးကျွေးမွေးထားပေမဲ့ မနေဘူးဗျ။
မပျော်ဘူးပေါ့ဗျာ။ သူတို့က လမ်းဘေးမှာဘဲ နေချင်တယ်။ သွားချင်ရာ သွားပြီး အိပ်ချင်ရာမှာ
အိပ်တတ်ကြတာ။ သူတို့ကို လူတွေက လေလွှင့်ခွေးလို့ ခေါ်ကြတယ်။ stray တွေပေါ့။ သူတို့ဖက်က ကြည့်ရင် ခွေးလွတ်လပ်မှုကို တန်ဘိုးထားတဲ့သဘောပေါ့။
လူတွေထဲမှာလည်း အဲသလိုပျော်သလိုနေဆိုတဲ့ သဘောနဲ့ သွားနေကြတဲ့ လူပုဂ္ဂိုလ်တွေရှိတယ်နော်။
လေလွှင့်ခွေးတွေကတော့ အဆိပ်ခတ်ထားတဲ့ အမဲသားတုံးတွေဆို သူတို့က ပိုပြီးသတိထားတယ်လို့
ပြောကြတယ်။ သူတို့အတွက် အခက်အခဲက စားဖို့နဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးဘဲ မဟုတ်လား။
အခုခေတ်မှာတော့ ခွေးတွေအတွက် ဖက်ရှင်ပြိုင်ပွဲ
၊ အပြေးပြိုင်ပွဲ၊ ပြိုင်ပွဲတွေ အမျိုးမျိုးရှိနေတာ ဖတ်နေရတယ်။ မြန်မာပြည်မှာလည်း ခွေးနဲ့ပတ်သက်တဲ့
ပြိုင်ပွဲတစ်ခု ကျင်းပသွားတာ ဖတ်လိုက်ရသေးတယ်။ လူတွေက ဘာကြောင့်များ ခွေးတွေကို ဒီလောက်ချစ်နေကြတာလဲ။
ကျွန်တော် လျှောက်စဉ်းစားကြည့်တော့ ခွေးတွေက သူ့သခင်အပေါ် အတော်သစ္စာရှိကြတာ များတာကိုး။
အတင်းလည်း မပြောတတ်ဘူးဗျ။ သူ့သခင် ဘာလုပ်လုပ် တစ်ခြားတစ်ယောက်ကို သွားမပြောတတ်ဘူး။
သစ္စာဖေါက်ပြီး တစ်ခြားသခင်တစ်ယောက်ဆီကို သူဖာသာထွက်သွားတယ်ဆိုတာ အလွန်ရှားပါတယ်။ တစ်ခါတစ်လေများ
သခင်ရဲ့ မျက်နှာကိုထောက်ထားပြီး သူတို့ချစ်တဲ့ ခွေးထီး/ခွေးမ လေးတွေနဲ့တောင် လိုက်မသွားဘဲ
အသည်းကွဲခံ လမ်းခွဲလိုက်ကြတဲ့ခွေးတွေ ရှိတယ်လို့သိရတယ်။ ကိုယ်ကျိုးစွန့် သစ္စာစောင့်သိကြတယ်နော်။ ခွေးတွေရဲ့
အားသာချက်တွေကို စဉ်းစား ကြည့်မိတော့ လူတွေကရော ဘယ်လိုပါလဲ ဆိုတဲ့မေးခွန်းက ပေါ်လာတယ်။
လူတွေကို ခွေးနဲ့ နှိုင်းတာတော့ ဘယ်မှာလာ ကောင်းနိုင်ပါ့မလဲနော်။ လူတွေက ပိုပြီး ဥာဏ်ပညာကြီးတယ်ဆိုတော့ အသိအတတ်ပညာပိုင်း
မှာ ခွေးနဲ့ နှိုင်းလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပြောချင်တာက တစ်ချို့တစ်ချို့ ပုဂ္ဂိုလ်တွေဟာ
ခွေးတွေမှာ လုံးဝ မတွေ့ရတဲ့ ကောက်ကျစ်မှု ယုတ်မာမှု လိမ်လည်လှည့်ဖျားမှု တွေကို မရှက်မကြောက်
လုပ်ကိုင်နေတာတွေ့ရ တော့ အတော့်ကို တုန်လှုပ်စရာပေဘဲ။
ကျွန်တော်မျက်စိထဲမှာတော့ဗျာ ဟိုက်လက်ငါးချိတ်ကားနောက်ပိုင်းပေါ်မှာ
တည်တည်ငြိမ်ငြိမ်နဲ့ အေး အေးဆေးဆေး ရန်မလိုဘဲ နေတတ်တဲ့ ခွေးနှစ်ကောင်ကိုဘဲ မြင်နေမိတော့တယ်။
လက်ဖက်ရည်ဆိုင်ထဲက သူတို့သခင်ထွက်လာပြီဆိုရင် သူတို့ ကားထွက်တော့မယ်ဆိုတာ သူတို့သိရုံလောက်ဘဲ
လှုပ်ရှားမှုရှိတယ်ဗျ။ ကျွန်တော့်ကတော့ အဲဒီခွေးတွေဟာ အတတ ခွေးတွေတော့ မဟုတ်လောက်ဘူး၊
သူ့သခင်က တစ်နေရာရာ မှာ အသုံးဝင်တဲ့ တာဝန်တစ်ခုခုကို ပေးထားမှာဘဲလို့ ထင်ပါတယ်။
ကဲ ခွေးအကြောင်းတွေရေးပြနေလို့ ခင်ဗျားတို့ရဲ့ တန်ဘိုးရှိတဲ့
အချိန်တွေကို ဖြုန်းနေမိတယ်ဆိုရင် တောင်းပန်ပါတယ်။
ဒါပေမဲ့ ခင်ဗျားတို့ လမ်းသွားရင်းဖြစ်ဖြစ် အိမ်မှာနေရင်းဖြစ်ဖြစ် ခွေးတစ်ကောင်ကောင်ကို
များတွေ့ရင် သူတို့ရဲ့ အမူအယာ အနေအထိုင် အပြုအမူတွေကို သတိထားကြည့်လိုက်စမ်းပါ။ ပြီးရင်
ခင်ဗျား တို့ ဘ၀အတွေ့အကြုံတွေထဲက တစ်ခုခုနဲ့ နှိုင်းယှဉ်ပြီး တွေးခေါ်ကြည့်လိုက်ပါ။ တန်ဘိုးရှိတဲ့
အတွေးအခေါ် တစ်ခုခုတော့ ခင်ဗျားတို့ ရနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဆို
ခင်ဗျားတို့ ပေးလိုက်ရတဲ့ အချိန် တွေအတွက် တန်ဘိုးတစ်ခုတော့ ပြန်ရသွားလိမ့်မယ်လို့လည်း
ကျွန်တော်က မျှော်လင့်နေကြောင်းပါဗျာ။
ထိုင်းနိုင်ငံက အိမ်တအိမ်မှာ လာပြီးအိမ်ဖော်လုပ်ရတဲ့ အသိတယောက်က ပြောပြတာ သူ့အလုပ်က ခွေးအိမ်ကို တနေ. ၂ ခါ သန်.ရှင်းရေးလုပ်၊ မနံအောင် စပရေးဖြန်းပေးရတယ်။ ခွေးပန်ကန်ဆေး ၊ အလုပ်အပြင် ခွန်ထောင်းလို့ခေါ်တဲ့ခွေူးကို တနေ. ၂ ကြိမ် သွားတိုက်ပေးရပါတယ်၊ တကယ်တိုက်မတိုက် သူ့သူခင်က နမ်းကြည့်တယ်၊ နံနေရင် အ်မ်ဖော်ကို ဆဲပါတယ်၊ ခြေသည်းညှပ်ပေးရတယ်၊ ခွေးကိုရေချိုးပေးရင် သူ့အတွက်သီးသန့်ဝယ်ထားတဲ့ ရှန်ပူသုံးရတယ်။ အကျီင်္လဲပေးရတယ်၊ ခွေးဝတ်တဲ့အကျီင်္လဲ လျှော်ပေးရတယ်၊ အိမ်ရှင်က တခါတခါ စိတ်လိုလက်ရ ခွေးထီးဖြစ်တဲ့ ခွန်ထောင်းကို လက်သည်းနီပါ ဆိုးပေးတယ်၊ သူက အိုက်ထောင်းလို. ခွေးကို ငေါက်မိတာ အိုက်လို.မခေါ်ရဘူး ခွန်ထောင်းလို့ ခေါ်ရမယ်လို့ ပြောသတဲ့။ ခွန်ထောင်းမှာ ကျန်းမာရေးကဒ်လဲရှိပြီး ဆရာဝန်ချိန်းတဲ့အတိုင်း ကာကွယ်ဆေးသွားထိုးရတယ်၊ အဲဒီခွေးမှတ်တမ်းစာအုပ်မှာ ခွန်ထောင်းဓာတ်ပုံပါ ကပ်ထားပြီး ခွေးအရောင် အမျိုးအစား ကိုယ်အလေးချိန် ပိုင်ရှင်အမည် ဖုံးနံပတ် ပါရေးထားသတဲ့ရှင်။
ReplyDelete