Wednesday, 27 June 2012

နိုင်ငံရေးနယ်သို့ ရောက်ရှိခြင်း



အပိုင်း (၁)
သာမန်အားဖြင့် ကျွန်တော့်အတွက် နိုင်ငံရေးနယ်ပယ်ကို ရောက်လာစရာအကြောင်း မရှိပါဘူး။ နိုင်ငံရေးဆိုတာ အလွန်ညစ်ပတ်တဲ့ စီးပွါးရေးလုပ်ငန်းမျိုး တစ်ခု ဖြစ်တယ်လို့ ဖတ်မှတ်ထားဖူးတာမို့ သိပ်ပြီးတော့ စိတ်မ၀င်စားမိပါဘူး။ ဒါပေမဲ့ ငယ်ငယ်ကတည်းကတော့ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ကိုတော့ စိတ်ဝင်တစားဖတ်တဲ့ ၀ါသနာကတော့ ရှိခဲ့ပါတယ်။ မဆလ ပါတီဖွဲ့တော့ ကျွန်တော်လည်း ထုံးစံအတိုင်း ပါတီဝင်တစ်ယောက်ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ အရံပါတီဝင် ဘ၀နဲ့ကို အတော် ကြာကြာကြီးနေခဲ့ရတယ်။ ကျွန်တော်က လမ်းစဉ်လူငယ်မှာဘဲ လူငယ်တွေနဲ့ပျော်နေခဲ့တာပါ။ လမ်းစဉ်လူငယ်ဆိုတာ မဆလပါတီရဲ့ အရံအင်အားပါ။ နောင်တစ်ချိန်မှာ မဆလပါတီရဲ့ အမာခံ လေ့ကျင့်ထားပြီးသား ကေဒါတွေဖြစ်ဖို့ လေ့ကျင့် ပေးရာနေရာပါ။ လမ်းညွှန်သဘောတရားတွေကိုတော့ ဖတ်ရတာပေါ့။ အစိုးရကဖွဲ့တဲ့ လူငယ်အဖွဲ့မို့ မျက်နှာသာပေးခံရတာပေါ့။  ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကို သတိမထားမိဘူး။ ဘာဖြစ်ရမယ် ညာဖြစ်ရမယ် ဆိုတဲ့ရည်မှန်းချက်မျိုးလည်း အမှန်တကယ် မရှိခဲ့တာမို့ ဘာမှသတိမထားခဲ့မိဘူး။ နှစ်အတော်ကြာလာတော့မှ ကိုယ်တိုင်လမ်းစဉ်လူငယ်ထဲကို ခေါ်သွင်းပေးခဲ့တဲ့ လူငယ်တွေ အတော်များများက တင်းပြည့်ပါတီဝင်တွေဖြစ်နေတာ သတိပြုမိတယ်။ သူတို့တစ်တွေက မဲပေးခွင့်တွေရနေပြီး ကိုယ်က ဘာမှအရာမရောက်သူ ဖြစ်မှန်း အတော်ကိုကြာမှ သတိပြုမိတယ်။ မိတ်ဆွေတစ်ချို့ကလည်း တင်းပြည့်ပါတီဝင် မဖြစ်တာနဲ့ပတ်သက်ပြီး အပြစ်တင်ကြတာတွေလည်း ရှိလာပါတယ်။ အဲဒီတော့မှ စိတ်ထဲမှာ ဒေါကန်လာတယ်။  အဲဒါနဲ့ ဘယ်သူ့ကိုမှလည်း မတိုင်ပင်တော့ပါဘူး။ စာတစ်စောင်ရေးပြီး ပါတီယူနစ်ဥက္ကဌ ဆီကို တင်လိုက်တယ်။ မိတ္တူကိုလည်း ဒေသပါတီကိုပို့လိုက်တယ်။ စာရဲ့သဘောကတော့ အရံပါတီဝင်သက်တမ်းဘယ်လောက်ရှိပါပြီ။ အခု တိုင်တင်းပြည့်မကျသေးပါ။ မကျခြင်းရဲ့ အကြောင်းက တင်းပြည့်ပါတီဝင်တစ်ယောက်မှာ ရှိအပ်တဲ့ အရည်အသွေး မရှိသေးလို့ ထင်မြင်ပါကြောင်း၊ ဒါကြောင့် အရည်အသွေးပြည့်မီသော လူငယ်တစ် ယောက်ဖြစ်လာအောင် မိမိကိုယ်မိမိ အားထုတ်ကြိုးစားနိုင်ခွင့်ရအောင် အရံပါတီဝင်အဖြစ်က ခေတ္တ နုတ်ထွက်ခွင့်ပြုပါမည့်အကြောင်း ဆိုပြီးတင်လိုက်တယ်။ ဘယ်ပါတီဝင်ကမှ မလုပ်ဖူးတဲ့အလုပ်မျိုးမို့ ရန်ကုန်တိုင်းဒေသပါတီကော်မတီ တစ်ခုလုံး လှုပ်လှုပ်ရှားရှားတွေ ဖြစ်သွားပါလေရော။ ပါတီစိတ်တွေရော၊ ပါတီယူနစ်ကရော ကျွန်တော့်ကို အတင်းလိုက်ရှာကြတော့တာပေါ့။ တတ်နိုင် သလောက် ရှောင်နေပေမဲ့ ဘယ်မှာလွတ်မလဲ။ 
အဲဒါနဲ့ ကျွန်တော့်ကို တင်းပြည့်ပါတီဝင် ဖြစ်အောင် သူတို့အမြန်ကြိုးစားကြပါလေရော။ သာမန် အားဖြင့် တင်းပြည့်ပါတီဝင်အဖြစ်လျှောက်လွှာတင်လိုက်ပြီဆိုရင် သုံးကြိမ်သုံးခါမေ့ထားပြီးမှ တင်းပြည့် ပါတီဝင်ဖြစ်တယ်လို့ အငေါ့ထူးကြပါတယ်။ တစ်ခါမေ့သွားလိုက် နောက်ပြန်သတိရလိုက် နောက် တစ်ခါမေ့သွားလိုက် ပြန်သတိရလိုက် အဲသလို သုံးခါမေ့ပြီးမှ တင်းပြည့်ကျသတဲ့။ ကျွန်တော်ကတော့ ပွဲကြမ်းလိုက်တဲ့သဘောရှိတာမို့ နောက်တစ်နှစ်နီးပါးလောက်မှာ တင်းပြည့်ပါတီဝင်ဖြစ်ခဲ့ပါတယ်။ တင်း ပြည့်လည်း ဖြစ်ရော။ ဘာမှ မကြာလိုက်ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်လာတော့ မဆလ ပါတီဝင်အဖြစ်က အလိုအလျှောက် နှုတ်ထွက်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ 
မဆလပါတီကို  တစညပါတီအဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တော့ ကျွန်တော့ကို လာပြီး ခေါ်ကြပါသေးတယ်။ ပါတီရဲ့ အမှားတွေကို ပြန်လည်သုံးသပ်ထားတာတွေ မတွေ့ရဘူး။ ဘာတွေကို ပြင်ဆင်မလဲဆိုတာလည်း မပြနိုင်ဘူး။ အရင်အတိုင်း အမှားအတိုင်း ဆက်သွားမယ့်သဘောမျိုးတွေ့နေ ရလို့ တစညပါတီကို မသွားတော့ပါဘူး။ အဲဒီလိုနဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်မှာ လမ်းညွှန် သဘောတရားကို ရေးခဲ့တဲ့ ဆရာဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ရဲ့ သုံးသပ်ချက်ကို လျှပ်တစ်ပျက်ဂျာ နယ်မှာ ဖတ်လိုက်ရတယ်။ သုံးသပ်ချက်က ဘယ်လိုမှကို လက်ခံနိုင်စရာမရှိတဲ့ သုံးသပ်ချက်မျိုးဖြစ်နေ တယ်။ ထောင်ထဲမှာ ဖတ်လိုက်ရတာပါ။ 
နိုင်ငံရေးမှာ အရေးအကြီးဆုံးက သုံးသပ်ချက်ဖြစ်ပါတယ်။ သုံးသပ်ချက်မှားနေရင် လမ်းမှန်ဖို့ ဆုံးဖြတ်ချက်မှန်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အထူးသဖြင့် နိုင်ငံရေးသမားတွေဟာ သုံးသပ်ချက် ဆန်းစစ်ချက်မှန်ဖို့ အထူးလိုပါတယ်။ သုံးသပ်ချက်ဖြစ်ဖြစ် ဆန်းစစ်ချက်ဖြစ်ဖြစ် မှားသွားရင် နိုင်ငံအ တွက် သိပ်ကို နစ်နာမှုတွေ ဖြစ်သွားနိုင်ပါတယ်။
ကျွန်တော့်ဘ၀မှာ ပထမဆုံးနိုင်ငံရေးအတွေ့အကြုံတွေ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်တော့ ကျွန်တော်တို့ ရန်ကုန်နေ ရှမ်းအမျိုးသားတွေစုပြီး ရှမ်းအမျိုးသားသမဂ္ဂ ကိုဖွဲ့ကြတယ်။ မှတ်မှတ်ရရ ဦးစိုင်းသက်ဝင်းရဲ့အိမ်မှာပါ။ ဦးစိုင်းသက်ဝင်းဆိုတာ က မာမီရယ်ရှာပေးကွယ် ဆိုပြီး ရှမ်းလွယ်အိတ်တွေကို ကြော်ငြာပြီး ရောင်းခဲ့တဲ့ နာမည်ကျော်ပုဂ္ဂိုလ် တစ်ဦးပါ။ အဲဒီ သမဂ္ဂဖွဲ့တဲ့နေ့မှာဘဲ ဦးခွန်ထွန်းဦးနဲ့ ကျွန်တော်စပြီး သိကျွမ်းကြတာပါ။ သမဂ္ဂဖွဲ့ပြီးလို့ နောက်တစ်ကြိမ်အတွက် အစည်းအဝေးခေါ်မယ့်ရက်သတ်မှတ်ပြီး ပထမဆုံးအစည်းအဝေးကို သိမ်း လိုက်တော့ ကျွန်တော်တို့လူငယ်တွေက မြို့ထဲကို လမ်းလျှောက်သွားပြီး ကုန်သွယ်ရေးရုံးမှာ ပစ်ခတ်မှု ဖြစ်ပြီး ကျန်နေခဲ့တဲ့ ကျည်ဆံရာတွေ သွားကြည့်ကြတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲနဲ့ပေါ့။ အိမ် အပြန် ရှစ်မိုင်လမ်းဆုံမှာ ဦးဝင်းမောင် ဆိုတဲ့နာမည်ကြီး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်ထိုင် သောက်နေတုန်းမှာဘဲ  စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပြီ ဆိုပြီး ရေဒီယိုကကြေညာ တယ်။  ဒါနဲ့ဘဲ မနက်ပိုင်းကတင် ဖွဲ့ခဲ့တဲ့ သမဂ္ဂ အဖွဲ့လည်း ဘာမှဆက်မလုပ်နိုင်တော့ဘဲ တစ်ခန်းရပ် သွားပါတော့တယ်။


အပိုင်း (၂)
အေးအေးဆေးဆေးဘဲ နေတော့မယ်လို့စိတ်ကူးပေမဲ့ အဲဒီစိတ်ကူးက ဖြစ်မလာပါဘူး။ 
ရန်ကုန်သားကျွန်တော်ဟာ ရှမ်းပြည်မှာ မိတ်ဆွေတွေ အတော်များများရှိခဲ့ပါတယ်။ နယ်စုံက လူတွေပါ။ သူတို့တတွေ မကြာမကြာ အကူအညီတောင်းတတ်တာရှိပါတယ်။ ဘွဲ့ရ ၀တ်စုံဝတ်ထားတဲ့ ဓါတ်ပုံကိုရှာ၊ မှန်ဘောင်သွင်းပြီး သူတို့ဆီကို ပို့ခိုင်းတာပါ။ ဘယ်သူ့ပုံဖြစ်ဖြစ် ဘွဲ့ရဓါတ်ပုံဖြစ်ရင် ရပါပြီ။ ပထမကတော့ ကျွန်တော်နားမလည်ပါဘူး။ ဘာအတွက်လဲ ဆိုတာမမေးမိပါဘူး။ နောက်တော်တော် ကြာတော့မှ ကျွန်တော်သိရတယ်။ သူတို့ရွာမှာ အဲဒီဘွဲ့ရဓါတ်ပုံကို အိမ်မှာချိတ်ထားရင် တော်ရုံဘယ် သူမှ ဒုက္ခလာမပေးဘူးဆိုဘဲ။ အဲဒီအိမ်မှာ ဘွဲ့ရတဲ့သူ ရှိတယ်ဆိုတဲ့သဘောပေါ့။ ရုံးပြင်ကန္နားကိစ္စ သိ ကျွမ်းတဲ့သူရှိတဲ့သဘောပေါ့။ ဒုက္ခပေးခံရခြင်းမှ သက်သာသတဲ့။ အဲဒီရွာသူရွာသားတွေရဲ့ဘ၀ကို စဉ်း စားသာကြည့်ကြပေတော့။ အဲသလို ဓါတ်ပုံတွေ အတော်များများကို ကျွန်တော်ပို့ပေးခဲ့ရဖူးပါတယ်။ 
ရှမ်းပြည်အလယ်ပိုင်းက အစွန်အဖျားမြို့တစ်မြို့ကို ကျွန်တော်ရောက်သွားဖူးတယ်။  လမ်းမှာ ကားပျက်နေလို့ မြို့အ၀င်မှာ မိုးချုပ်သွားတယ်။ မြို့က ခြံစည်းရိုးပတ်လည်နှစ်ထပ်ကာထားတယ်။ အ၀င်ဂိတ် တံခါးပိတ်ထားတယ်။ လျှပ်စစ်မီးလည်း မရှိတော့ မှောင်မည်းနေတာပေါ့။ ကားရောက် သွားတော့ ကင်းမျှော်စင်ပေါ်က သေနတ်မောင်းတင်သံနဲ့ ဟိန်းဟောက်သံကြားရတယ်။ လက်နှိပ် ဓါတ်မီးနဲ့ ထိုးကြည့်တယ်။ ကားသမားက မြို့ခံမို့ အထာကျွမ်းပါတယ်။ တောင်းတောင်း ပန်ပန်ပြောတတ်လို့ လူတွေကို ၀င်ခွင့်ပေးတယ်။ ကားကိုတော့ အပြင်မှာ ဒီအတိုင်းရပ်ထားခဲ့ရတယ်။ ပစ္စည်းတွေလည်း ကားပေါ်မှာ ထားခဲ့ရတယ်။ လူချည်းသက်သက် ၀င်ခွင့်ရတာတောင် အတော် ကံကောင်းနေပါပြီတဲ့။
မနက်မိုးလင်းတော့ ကားဆရာက သူ့ဆီအပ်ထားတဲ့ငွေနဲ့ အထုပ်အပိုးတွေ လာပေးတယ်။ မြို့ခံလူကြီးတစ်ယောက်ကို အကြောင်းပြုပြီး မြို့ကို လှည့်ပတ်ကြည့်ကြတယ်။ မြို့က ခြံစည်းရိုးကို နှစ်ထပ်ကာထားတယ်။ အတွင်းနဲ့အပြင် စည်းရိုးကြားမှာ လှည်းတစ်စီးမောင်းစာ ခြားထားတယ်။ ခြံစည်းရိုးဆယ်ပေးလောက် အခန်းတိုင်းမှာ နာမည်ထိုး နေရပ်လိပ်စာရေးပြီး ကပ်ထားတာတွေ့ရတယ်။ ကျွန်တော်က တွေ့နေကြ ဘုန်းကြီးကျောင်းဝင်း၊ ဘုရားဝင်းတွေမှာလို အလှူရှင်နာမည်တွေ ရေးထားတယ်လို့ ထင်မိတယ်။ သေသေချာချာမေးကြည့်လိုက်တော့မှ မြို့ကလူတွေ တစ်အိမ်ထောင်ကို တစ်ခန်းလှူကြတာဖြစ်တယ်။ ပြီးတော့ မြို့ထဲကို သူပုန်တွေဝင်ရင် ဘယ်အပေါက်က ဖေါက်ဝင်သလဲ။ အဲဒီအပေါက်ကို ကာထားတဲ့အိမ်ကို ဒဏ်တပ်ဖို့ဖြစ်ပါသတဲ့။ ကဲ စဉ်းစားကြည့်ကြပါအုံး။ အဲဒီမြို့ကလူတွေ ဘယ်လိုလုပ်ပြီး လုံလုံခြုံခြုံ စိတ်အေးလက်အေး အိပ်နိုင်မလဲ ဆိုတာ။ ညတိုင်းညတိုင်း ရင်တစ်ထိတ်ထိတ်နဲ့ အိပ်ကြရမှာပါ။
ကျွန်တော့်စိတ်ထဲမှာ အတော့်ကို မကောင်းဖြစ်မိပါတယ်။ အဲဒီလို စိတ်မကောင်းတဲ့အကြောင်း ပြောပြတော့ သူတို့တတွေက ထပ်ပြီးပြောပြကြတယ်။ ပြောပြတဲ့ မိတ်ဆွေတွေကတော့ ရယ်စရာမော စရာအဖြစ်မျိုးပြောကြတာပါ။ ကျွန်တော့်ကိုယ်တွေ့တော့ မဟုတ်ပါဘူး။ အဲဒီ မြို့တစ်ဝိုက်က ရွာတွေမှာ  သူကြီးစနစ်ကို ရှမ်းလို ကန့်ပန်(ဂ၊င့်ပခေ်)  မြန်မာလိုဘာသာပြန်ရရင် အလှည့်ကျသူကြီး စနစ်လို့ ဘာသာပြန် ရမှာပါ။ အဲဒီစနစ်အရဆိုရင် တစ်နေ့အတွက် အိမ်တစ်အိမ်က အလှည့်ကျသူကြီးလုပ်ရပါ သတဲ့။ ဒီနေ့ မနက် ၆ နာရီကနေ နောက်တစ်နေ့ မနက် ၆ နာရီအထိ အလှည့်ကျသူကြီး လုပ်ရတယ်။ အလှည့်ကျ သူကြီးအိမ်ဖြစ်မှန်း သိသာအောင်လည်း ၀ါးတိုင်တစ်တိုင်ထိပ်မှာ နှီးချောနဲ့ ငှက်ရုပ်တစ်ရုပ် လုပ်ပြီး ချိတ်ထားပါသတဲ့။ အဲဒီတိုင်ကို အလှည့်ကျသူရဲ့ အိမ်ရှေ့တည့်တည့်မှာ စိုက်ထူထားပါရပါ သတဲ့။ အဲဒီနေ့  အလှည့်ကျ သူကြီးဖြစ်တဲ့အိမ်ဟာ အဲဒီနေ့ ရွာနဲ့ပတ်သက်ပြီး ဖြစ်ပျက်သရွေ့ အကောင်းအဆိုးအကုန်လုံးကို တာဝန်ယူဖြေရှင်းပေးရပါသတဲ့။ ကျွန်တော်ထင်တာကတော့ ဧည့် စာရင်းတွေ ဘာတွေလည်း လက်ခံရမယ်ထင်ပါတယ်။ အထင်ပြောတာပါ။ ဒါပေမဲ့ တစ်ရွာလုံးလူကုန် ဘယ်သူမှမကျန် ဘယ်သူ့မေးမေး ဘယ်သူမှ သူကြီးမလုပ်ချင်ကြပါဘူး။ ပြည်မမှာလို စားလို့ဝါးလို့ ရတဲ့အတွက် လုပ်ချင်သူတွေများလွန်းလို့ အလှည့်ကျလုပ်ကြရတာမဟုတ်ဘူးဗျ။ လုပ်ချင်သူ တစ်ဦး တစ်ယောက်မှကို မရှိလို့ မဖြစ်မနေ အလှည့်ကျလုပ်ကြရတာ။ ပြည်မနဲ့တော့ ပြောင်းပြန်ပေါ့။
ဘယ်သူက လုပ်ချင်မလဲလေ။ ဆိုင်ရာတွေကနေ ရွာထဲဝင်လာရင် သူတို့နဲ့ ဆက်သွယ်ဖို့ ရွာကို ကိုယ်စားပြုသူ သူကြီးတစ်ဦးတော့လိုနေတာ မဟုတ်လား။ ဒါကြောင့် ဘယ်သူမှ မလုပ်ချင်ပေမဲ့ တစ်ဦးဦးကတော့ ရှိနေရမှာမို့ အလှည့်ကျလုပ်ကြရတာပါ။ အဲဒီ အလှည့်ကျသူကတော့ အဲဒီနေ့ ဘယ် အဖွဲ့အစည်းလာလာ ဧည့်ခံရပါပြီ။ ကြက်လိုချင်ရင် ကြက်ရှာပေးရပါပြီ။ ဆန်လိုချင်ရင် ဆန်၊ ထင်းလိုချင်ရင်ထင်း၊ ရေလိုချင်ရင် ရေ၊ လိုသမျှ တာဝန်ယူရပါသတဲ့။ မေးတာမြန်းတာတွေကိုလည်း ဖြေကြားရပါသတဲ့။ အဆင်မသင့်ခဲ့ရင် မေးတဲ့လူက ဗမာလိုဘဲတတ်လို့ ဗမာလိုများမေးခဲ့ရင် အဲဒီအလှည့်ကျသူကြီးကလည်း ဗမာလိုမတတ်ခဲ့ရင် အဲဒီနေ့ဟာ အလှည့်ကျသူကြီးအဖို့ ကံဆိုးမိုး မှောင်ကျတဲ့နေ့ ဖြစ်ပါသတဲ့ဗျာ။  တစ်နယ်တစ်ကျေးက လာတဲ့ အဖွဲ့အစည်းမျိုးဆိုရင် ပိုလို့တောင်မှ ကံ ဆိုးတတ်ပါသတဲ့။  အနီးပတ်ဝန်းကျင်က အဖွဲ့တွေကတော့ မျက်နှာသိတွေမို့ သက်သာပါသတဲ့။ သူတို့ တစ်တွေဟာ လာသမျှလူအားလုံးကို ကြောက်ကြရပါသတဲ့။ အဲဒါကြောင့်လည်း ဘယ်သူကမှ သူကြီးမလုပ်ချင်ကြပါဘူး။ ပြည်မနဲ့များ ကွာပါ့ဗျာ။ သူတို့ခမျာ အလှည့်ကျတဲ့နေ့ဆို လယ်ထဲယာထဲ မသွားရတော့ဘူး။ ရင်တစ်ထိတ်ထိတ်နဲ့ ဘုရားစင်ရှေ့ ဘုရားရှိခိုးရင်း ဆုတွေတစ်သီကြီး  တောင်းနေ ရ ပါသတဲ့။ ညဥ့်နက်လေ ပိုဆိုးလေဆိုဘဲ။ အဲ မနက်အာရုံတက်လို့ မိုးလင်းပြီ  ၆ နာရီထိုးပြီ ဆိုတာနဲ့ စက္ကန့်မီနစ်မခြား ချက်ချင်းပြေး  ၀ါးတိုင်ကိုနုတ်  အမြန်ပြေး နောက်အလှည့်ကျသူကြီးရဲ့အိမ်ဆီကို ရောက်တာနဲ့ ၀မ်းသာအားရ ၀ါးတိုင်ကိုစိုက်ပေး။ နောက်သူကြီးတစ်ယောက်ကို တာဝန်လွဲပေး လိုက်ပြီ ဆိုတဲ့သဘော။ အမောတကောကြားထဲက အပြုံးပန်းတဝေေ၀နဲ့ လေထဲကို ပျံတက်သွားတဲ့ ငှက်ကလေးလို အိမ်ပြန်သွားတဲ့ ပုံကလေးကို ကျွန်တော့်မျက်စေ့ထဲမြင်ယောင်နေမိပါတော့တယ်။
ခင်ဗျားတို့ (သူကြီးမ)ဆိုတဲ့ ဝေါဟာရကို ကြားဖူးကြမှာပါ။ အဲဒါ အလှည့်ကျ သူကြီးအိမ်မှာ ယောင်္ကျားသားမရှိတဲ့အခါ အလှည့်ကျ သူကြီးလုပ်ရတဲ့ မိန်းမကို သူကြီးမ လို့ခေါ်ကြတာဗျ။ မိန်းမသူ ကြီးပေါ့။ နယ်တွေမှာ အဲဒီအသုံးအနှုံးတွေကို ကျွန်တော်မကြာခဏ ကြားဖူးခဲ့ပါတယ်။
ကဲပါလေ။ ကြားရ နားဝ မချမ်းသာ ဆိုသလိုပါဘဲ။ နမူနာလောက်ဘဲ ပြောလိုက်တာပါ။ ကဲ စဉ်း စားခန်းဝင်ကြည့်ကြရအောင်။  အဲဒီအခြေအနေ အဖြစ်အပျက်တွေ ကုန်ဆုံးပပျောက်သွားအောင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူတွေက လုပ်ပေးနိုင်မလဲ။ ဘာတွေလိုအပ်ပါသလဲ။ စဉ်းစားကြတဲ့အခါ တစ်ချို့က ဒေါသနဲ့ စဉ်းစားဆုံးဖြတ်တော့ မခံချင်စိတ်နဲ့ ဆုံးဖြတ်တော့ ကြမ်းကြမ်းတမ်းတမ်းလမ်းကို ရွေးချယ်ဖြေရှင်းသွားကြတယ်။ ဒါတွေဟာ နှစ်ပေါင်းဆယ်ချီကြာလာခဲ့ပါပြီ။ အင်မတန်အေးအေးချမ်း ချမ်း နေတတ်တဲ့ ပြည်သူလူထု ရွာသူရွာသားတွေရဲ့ ဒုက္ခ ကြာရှည်ကြာညောင်း ဒီအတိုင်းကြည့်နေကြ တော့မှာလား။   ချွေးထွက်သာများပြီး သွေးထွက်နည်းတဲ့ အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာ ညှိနှိုင်းကြဖို့ပါဘဲ။ အဲဒီနည်းလမ်းကို အသုံးပြုနိုင်ဖို့ကလည်း နိုင်ငံရေး နယ်ပယ်ထဲကို ၀င်ကြဖို့ဘဲ ရှိပါတော့တယ်။ 
အဲဒီ နိုင်ငံရေး အကဲဖြတ်ချက်က မှန်လိမ့်မယ်လို့ ဒီနေ့အထိ ကျွန်တော့်ယုံကြည်နေတုန်းပါဘဲ။
အပိုင်း (၃)
နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် တရားဝင်ပေးလိုက်ပြီလို့ အစိုးရက ကြေညာပါတယ်။ ရန်ကုန်မှာ ဖွဲ့ခဲ့ကြဖူးတဲ့ ရှမ်းအမျိုးသား သမဂ္ဂ အဖွဲ့ဝင်တွေ ပြန်တွေ့ဖို့ ဖြစ်လာပါတယ်။ တစ်နေ့သားမှာတော့ သံလွင်လမ်းထဲက ဦးစိုင်းခမ်းမိုင်းရဲ့အိမ်မှာ ဆုံကြဖို့ အကြောင်းကြားလာပါတယ်။ ဒါနဲ့ ကျွန်တော် လည်း ဆိုင်ကယ်တစ်စီးနဲ့ ရောက်သွားပါတယ်။ အိမ်ရှင် ဦးစိုင်းခမ်းမိုင်း၊ ဆားလုပ်ငန်းရှင် ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းသက်ဝင်း တို့ရောက်နေကြတယ်။ ပါတီဖွဲ့သင့် မဖွဲ့သင့် ဆွေးနွေးကြပါတယ်။ ဦးစိုင်းသက်ဝင်းက မန္တလေးက အဖွဲ့တွေက ပါတီဖွဲ့ဖို့ တိုက်တွန်းနေကြောင်း ပြောပြပါတယ်။ လူလည်း စုနေကြပြီလို့ပြောပါတယ်။ နောက် တောင်ကြီးဖက်ဆီမှာလည်း သမ္ဘာရင့်ဝါရင့် ရှမ်းနိုင်ငံရေး သမားကြီးတွေဖြစ်ကြတဲ့ ဦးထွန်းမြင့်လေးတို့ ဦးခွန်ထီးတို့ ဦးရွှေအုံးတို့လည်း ပါတီဖွဲ့နေပြီ ဆိုတဲ့သတင်းကြားရကြောင်း ပြောပါတယ်။ ရန်ကုန်မှာ ဖွဲ့သင့် မဖွဲ့သင့် စဉ်းစားကြတဲ့အခါမှာ ဦးစိုင်း အိုက်ပေါင်းက ဖွဲ့သင့်ကြောင်း၊ ဒါမှ လူထုကို တရားဝင်ကာကွယ်နိုင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဦးစိုင်းခမ်းမိုင်းက ကျောင်းဆရာဝန်ထမ်းလည်း ဖြစ်နေတာမို့ မဖွဲ့သင့်ကြောင်း မပတ်သက်တာကောင်း ကြောင်း ဆွေးနွေးပါတယ်။ ဦးသက်ဝင်းကလည်း မဖွဲ့သင့်ကြောင်း၊ ဖွဲ့လို့လူစာရင်းတွေ ပေးလိုက်ရရင် အဲဒီလူစာရင်းနဲ့ လိုက်ဖမ်းမှာ ဖြစ်နိုင်ကြောင်း၊ ထောင်ချောက် သာဖြစ်နိုင်ကြောင်း ပြောပါတယ်။ အဲဒီအချိန်အခါတုန်းက ဦးစိုင်းသက်ဝင်း စဉ်းစားဆွေးနွေးတာဟာ အတော်ကို သင့်မြတ်တဲ့ ဆွေးနွေးချက်တွေဖြစ်တယ်ဆိုတာ နောင်နှစ်ပေါင်းနှစ်ဆယ် အတွေ့အကြုံတွေအရ မှတ်သားစရာ ကောင်းလွန်းလို့ ယနေ့ထိ ကျွန်တော်မမေ့နိုင်ပါဘူး။
ကျွန်တော့်ကတော့ အပိုင်း-၂ တုန်းက ပြောပြခဲ့သလို အတွေ့အကြုံတွေအရ အတွေးအခေါ် တွေအရ နိုင်ငံရေးပါတီ ဖွဲ့သင့်တယ်လို့ ဆွေးနွေးတယ်။ အဲဒီတော့ ဖွဲ့သင့်တဲ့သူက နှစ်ယောက်ဖြစ်နေ ပြီး မဖွဲ့သင့်တဲ့လူက နှစ်ယောက်ဖြစ်နေပါတယ်။ ဘယ်သူမှ မဲအသာ မရဘူးဆိုတဲ့သဘောပေါ့။ အဲဒီလိုနဲ့ မတင်မကျ ဖြစ်နေတုန်း ဗြုန်းဆို ဦးခွန်ထွန်းဦး ကားတစ်စီးနဲ့ ရောက်ချလာပါတယ်။ ကျွန်တော်နဲ့ ဒုတိယအကြိမ် ပြန်တွေ့ရတာပါ။ သူက ကျွန်တော်တို့ ဆွေးနွေးချက်တွေကို ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက်ရင်း စဉ်းစားတယ်။ သိပ်မကြာပါဘူး။ နိုင်ငံရေးပါတီ ဖွဲ့ကိုဖွဲ့သင့်တယ်။ ဖွဲ့ဖို့လိုတယ် လို့ပြောလိုက်တယ်။ အဲဒီမှာ ဖွဲ့ဖို့က သုံးယောက်ဖြစ်သွားပြီး မဖွဲ့ဖို့က နှစ်ယောက်ထဲမို့  ပါတီဖွဲ့ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင်ဖွဲ့ လိုက်ကြတယ်။  တကယ်တမ်းဖွဲ့လိုက်ကြတော့  ပါတီမဖွဲ့ဖို့ ပြောခဲ့တဲ့ ဦးစိုင်းသက်ဝင်း လည်း ပါတီစ တင်ဖွဲ့စည်းထူထောင်သူထဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ အဖြစ်အပျက်တွေ ကို မမေ့အောင် ကျွန်တော်မှတ်တမ်းတင်ခဲ့တာမို့ အခုပြန်ပြောပြနိုင်တာပါ။ 
မန္တလေး၊ တောင်ကြီးက လူပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီး  ထူထောင်ခဲ့တဲ့ပါတီ တစ်ခုပါ။ အဲဒီတုန်းက ဦးစိုင်းအိုက်ပေါင်း၊ ဦးစိုင်းသက်ဝင်း နဲ့ ဦးခွန်ထွန်းဦး တို့ဟာ ကျွန်တော့်အတွက် ဆိုးတူကောင်းဖက် ဇွဲစိတ်သန်သန်နဲ့ လုပ်ခဲ့ကြတာပါ။ နှစ်ပေါင်းနှစ်ဆယ့်လေးနှစ်အတွင်းမှာ အခက်အခဲအမျိုးမျိုး အကြပ်အတည်းအမျိုးမျိုးနဲ့ မဖြစ်ခဲ့သေးပါဘူး။ ဆိုခဲ့သလို နှစ်ပေါင်းနှစ်ဆယ့်လေးနှစ်အတွင်း တစ်ကြိမ်တစ်ခါမှ ဖြစ်မလာသေးပါဘူး။
ကျွန်တော့် နိုင်ငံရေးအကဲဖြတ်ချက်များ မှားသလားလို့ ကိုယ့်ကိုယ်ကို အမြဲပြန်မေးပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ မှားတယ်လို့ကို တစ်ခါမှ မထင်မိပါဘူး။ မှန်နေတယ်လို့ဘဲ ခုထိ ယုံကြည်နေဆဲပါ။ ခေါင်းမာတယ် တစ်လမ်းသွားသွားတယ်လို့ ဝေဖန်တာရှိပေမဲ့ ခုထိတော့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းကိုဘဲ ကျွန်တော်ဆက်လက် ကိုင်စွဲထားနေဆဲပါခင်ဗျာ

No comments:

Post a Comment