တစ်နေ့မှာ မိတ်ဆွေတစ်ဦးဆီက မြန်မာနိုင်ငံအပေါ် ဆန်းစစ်ထားတဲ့ စစ်တမ်းတစ်စောင်ကို ဖတ်လိုက်ရပါတယ်။ အဲဒီ စစ်တမ်းကိုရေးတဲ့ ပါမေက္ခက သူ့စစ်တမ်းကို IMF တို့ ADB တို့ World Bank တို့ဆီက အချက်အလက်တွေကို ကိုးကားပြီး ရေးထားပါတယ်။ ကွင်းဆင်းလေ့လာချက်တွေလည်း ပါတယ်လို့ ဆိုထားပါတယ်။
သူ့အဆိုအရ ကျွန်တော်တို့ဟာ အိမ်နီးချင်း ဘင်္ဂလားဒေခ်ျ့ နိုင်ငံနဲ့ရော၊ အာစီယံအဖွဲ့ဝင် ကမ္ဘောဒီးယားနိုင်ငံနဲ့ရော၊ နောက်ကျကျန်နေတယ်လို့ ဆိုပါတယ်။ ငါးနှစ်အောက် ကလေးတွေ သေဆုံးရတဲ့နှုန်းက အညံ့ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ ကလေးတစ်ဦးချင်းအတွက် ကျန်းမာရေးအသုံးစရိတ်က ၂၀၁၀ ခုနှစ် စာရင်းအရဆိုရင် ကမ္ဘောဒီးယား၊ ဘင်္ဂလာဒေခ်ျ့ တို့ထက် နည်းနေပါတယ်တဲ့။ ကျန်းမာရေးအတွက် သုံးစွဲမှုက နည်းနေပြီး သေဆုံးမှုနှုန်းကလည်း မြှင့်နေပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှုနှုန်း သိပ်ကိုနည်းနေတဲ့ သဘောဖြစ်ပါတယ်တဲ့။
ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နေသူတွေ အရေအတွက်ကတော့ မြန်မာနဲ့ ဖီလစ်ပိုင်က မတိမ်းမယိမ်းစီ ဖြစ်ပါတယ်။ ဖီလစ်ပိုင်ကတော့ သူ့တိုင်းပြည်ကို တစ်နှစ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ လောက်ပြန်ပို့တယ်လို့ ဆိုပါတယ်။ မြန်မာပြည်ကတော့ ဘယ်လောက်ပြန်ပို့ သလဲဆိုတာ မသိနိုင်ပါဘူး။ ဘယ်သူမှလည်း လေ့လာပုံမရပါဘူး။ လေ့လာဖို့လည်း လွယ်မယ်မထင်ပါဘူး။ သေချာတာကတော့ ဘီလျံ ၂၀ မရှိနိုင်ဘူးဆိုတာပါဘဲ။ ကျွန်တော်တို့ နိုင်ငံသားတွေ ကိုယ့်နိုင်ငံထဲမှာ ဆက်လက်နေထိုင်နိုင်မယ့် အခွင့်အလန်းတွေ ဖန်တီးပေးထားနိုင်စွမ်း မရှိရင်တော့ ပညာရှင်တွေ အပါအ၀င် ပြည်ပကို ဆက်လက်ထွက်ခွါနေကြမှာပါဘဲ တဲ့။ ဒါဆိုရင်တော့ အောင်မြင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မသတ်မှတ်နိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်။
အဲဒီလို ပွင့်ပွင့်လင်းလင်း လေ့လာဆန်းစစ်ချက်တွေကို မြန်မာပုံနှိပ် စာအုပ်စာတမ်းတွေမှာ တွေ့လေ့တွေ့ထ မရှိပါဘူး။ ဘာကြောင့်လည်းတော့ မသိဘူးပေါ့။ တစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေက တို့နိုင်ငံတော့ ခေတ်မီပြီး ဖွံ့ဖြိုးတိုး တက်နေတဲ့ နိုင်ငံဘဲလို့များ ထင်နေကြသလားမသိပါဘူး။ သတင်းစာတွေကို ကြည့်လိုက်တော့ အဲဒီလိုထင်တာ ဟုတ်တုတ်တုတ် ဖြစ်နေပါတယ်။ အမှန်ကို မြင်နိုင်အောင် ကျွန်တော်တို့ ပွင့်လင်းမြင်သာတဲ့ ဓလေ့တွေကို ကျင့်သုံးသင့်ပါပြီ။
သာမန်အားဖြင့်ဘဲ စဉ်းစားကြည့်ရင် သိသာလှပါတယ်။ ကျွန်တော်တို့နဲ့ အိမ်နီးချင်း ဒီနေ့ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူကမှ မရှိခဲ့ဖူးတဲ့ တိုးတက်မှုနှုန်းထားနဲ့ ဆယ်စုနှစ်ချီ တိုးတက်နေခဲ့ပါတယ်။ လူဦးရေလည်း အများဆုံးဖြစ်တဲ့ နိုင်ငံကြီးတစ်ခုက အလျင်မြန်ဆုံးတိုးတက်နေတယ်။ သူနဲ့အိမ်နီးချင်း နယ်နိမိတ် မိုင်ထောင်ချီဆက်စပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံကတော့ ဆယ်စုနှစ်နဲ့ချီပြီး ဖွံ့ဖြိုးမှု အနှေးကွေးဆုံးနိုင်ငံ (LDC) နိုင်ငံ ဖြစ်နေပါတယ်။ အဲဒီ LDC နိုင်ငံမှာ ကံအားလျော်စွာ သဘာဝ သယံဇာတတွေကလည်း အများကြီးဖြစ်နေတယ်။ လူဦးရေကလည်း မြေအကျယ်အ၀န်းနဲ့ စာရင် သိပ်သည်းမှု မရှိပါဘူး။ အနောက်ဖက် အိမ်နီးချင်းနိုင်ငံ အိန္ဒိယ ကလည်း တိုးတက်မှုနှုန်း မနိမ့်ပြန်ပါဘူး။ တွေးကြည့်ရင် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့၊ ကိုယ့်သဘာဝ သယံဇာတတွေ မပြုန်းတီးဖို့၊ သူများတွေစိမ့်ဝင်မလာရလေအောင် ကာကွယ်ဖို့ ဘယ်လောက် ကြိုးစားအားထုတ်ရမလဲဆိုတာ သိပ်ကို သိသာလှပါတယ်။
ထိုင်းနိုင်ငံဖက်ကို ကြည့်လိုက်ပြန်တော့လည်း မြ၀တီမှာဆိုရင် သွင်းကုန်တန်ဖိုးက ကိုယ့်ပို့ကုန်တန်ဖိုးထက်ကို အမြဲများ နေပါတယ်။ သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ကြည့်လိုက်ရင် လူသုံးကုန်တွေများပါတယ်။ အဲဒီလူသုံးကုန်တွေ ဘာကြောင့်လှိမ့် ၀င်နေတာလဲဆိုတော့ ကိုယ့်ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရက်သားနဲ့ အကြောင်းကြောင်းတွေကြောင့် မထုတ်လုပ်နိုင်လို့ ဆိုတာ အလွန်ကိုထင်ရှားလှပါတယ်။ အမှန်ကတော့ ကိုယ့်ပြည်တွင်းမှာ ထုတ်လုပ်နိုင်ခဲ့ရင် GDB လည်းတက်မယ်။ အလုပ်အကိုင်တွေ လည်းဖန်တီးနိုင်မယ်။ ကုန်သွယ်မှု တစ်ဖက်စောင်းနင်းဖြစ်နေတာကိုလည်း ထိန်းညှိနိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ အဲဒီထုတ်ကုန်တွေကို မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ လုပ်ကိုင်ထုတ်လုပ်ခဲ့တာဆိုရင် ပိုလို့တောင် စဉ်းစားစရာပါဘဲ။ ကျွန်တော်တို့သာ ထိုင်းနိုင်ငံကို ဓါတ်ငွေ့ ရောင်းချနိုင်တာ မရှိခဲ့ရင် မတွေးဝံ့စရာပါဘဲ။
အဖြေကတော့ ရှင်းနေပါတယ်။ ကျွန်တော်တို့ ကြိုးစားဖို့ လိုပါတယ်။ ကြိုးစားချင်တဲ့လူတွေလည်း ရှိနေပြီဆိုရင် နိုင်ငံတော်က လမ်းထွင်ပေးဖို့ လမ်းဖွင့်ပေးဖို့ လိုလာပါတယ်။ ပြည်တွင်း နိုင်ငံရေးတည်ငြိမ်ဖို့၊ စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ အပစ် အခတ်တွေ ရပ်စဲပြီး ရေရှည်ငြိမ်းချမ်းရေးတွေ ရဖို့ လိုပါတယ်။ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာတာနဲ့ အညီ ပြည်ပကပိတ်ဆို့မှုတွေ ဖြေလျော့လာတာလည်း ကပ်ပါလာပါတယ်။ ပြည်တွင်းက နိုင်ငံရေးသမားတွေအပေါ်ပိတ်ဆို့တာနဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်အကျဉ်းသားတွေကိုလည်း ကိုယ့်ဖက်က ဖြေလျော့ပေးဖို့ လိုပါတယ်။
မကြာခင် ရက်ပိုင်းအတွင်းက ကျွန်တော်တို့ နိုင်ငံရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၁၄ ပါတီက တာဝန်ရှိသူတွေကို နိုင်ငံတော်သမ္မတကြီးက လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရေးလုပ်ခဲ့တဲ့ ၂၄ နှစ်တာ ကာလအတွင်းမှာ ပထမ ဆုံးလို့ ပြောနိုင်ပါတယ်။ တစ်ခြားပါတီတွေတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့အဖို့ကတော့ အတွေ့အကြုံအရ ၂၄ နှစ်အတွင်း ဒါပထမဆုံးပါ။ လက်ရှိအစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ ဆိုရင်တော့ ဒါအမှန်ပါဘဲ။ ကျွန်တော်တို့ ရှေ့မှာလည်း အခြားနိုင်ငံရေးပါတီ ၁၀ ပါတီကိုလည်း တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ တကယ့်ဖြေလျော့မှုတစ်ခုအဖြစ် ကျွန်တော်တို့ယူဆပါ တယ်။ တွေ့ဆုံစကားပြောတာဟာ နိုင်ငံရေးရဲ့ အနှစ်သာရပါ။ ပြဿနာကို အကောင်းဆုံးဖြေရှင်းနည်းပါ။ အနူးညံ့ အသိမ်မွေ့ဆုံးနဲ့ ဝေဒနာပြွန်းတီးမှု အနည်းဆုံးနည်းလမ်းပါ။ နှစ်ဖက်ကတော့ ဥာဏ်ပညာကြီးဖို့ အမြော်အမြင်ရှိဖို့ စိတ်ရှည်သီးခံဖို့ စိတ်စေတနာကောင်းဖို့ ရိုးသားဖို့ နိုင်ငံအပေါ်ချစ်မြတ်နိုးမှုကို ဦးစားပေးဖို့ စတဲ့ လိုအပ်ချက်တွေကတော့ အများ ကြီးရှိဖို့လိုပါတယ်။ ဒါတွေကတော့ ဆက်ကြိုးစားနေရမှာပါ။
အဲဒီတွေ့ဆုံပွဲမှာ သမ္မတကြီးက အစိုးရအဖွဲ့အနေနဲ့ လုပ်နေကိုင်နေတာတွေ၊ စဉ်းစားထားတာတွေ၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ခဲ့ရင် ပြည်ပကို သွားအလုပ်လုပ်နေတဲ့လူတွေ ပြန်လာနိုင်မယ့်အကြောင်း လည်းပြောပါတယ်။ ပြည်ပက လာပြီး ရင်းနှီမြှုပ်နှံသူတွေကို ဖိတ်ခေါ်ရာမှာလည်း ပြည်တွင်းကလူတွေ အလုပ်အကိုင်များများ ရနိုင်မယ့်လုပ်ငန်းမျိုးကို ဦးစားပေးနေကြောင်း ပြောပါတယ်။ ပြည်ပကိုသွားအလုပ်လုပ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသား သုံးသန်းလောက်ရှိတယ်လို့လည်း ပြောပြပါတယ်။ ပြည်ပကလာရောက် ရင်းနှီးမယ့် လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှု ဥပဒေ ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်နေကြတယ်လို့ပြောပါတယ်။ ပြီးတော့မှ လာရောက်တွေ့ဆုံတဲ့အထဲက ပါတီခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ခင်ဗျားတို့ဆီကလည်း မြန်မြန်လေး လုပ်ပေးကြအုန်းလေဗျာ - လို့ပြော လိုက်တော့ အဲဒီလွှတ်တော်ကိုယ်စားလှယ်က သမ္မတကြီးခင်ဗျား ဒါ ခရိုနီ တစ်စုကြောင့် ဖြစ်နေတာပါ လို့ သမ္မတကြီးကို ပြန် ပြောလိုက်ပါတယ်။ ဘယ်လောက် အံ့သြစရာကောင်းပါသလဲ။
သမ္မတကြီး ပြောချင်တာက ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို လွှတ်တော်က အမြန်ဆွေးနွေး အတည်ပြုပေးဖို့ကို ပြောတာ ပါ။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ ပြန်ကြားချက်ကလည်း စိတ်ဝင်စားစရာပါ။ ကျွန်တော်တို့ လွှတ်တော်တွေထဲမှာ ခရိုနီတွေ တကယ်ရောက်နေကြသလား။ အဲဒီ ခရိုနီတစ်စုက လွှတ်တော်ထဲအထိ ၀င်ရောက်လွှမ်းမိုးနေသလား။ စိတ်ဝင်စားစရာ မေးခွန်းတွေပေါ်လာပါတယ်။ အဲဒီ ခရိုနီတွေက သူတို့လူတစ်စုရဲ့ အကျိုးစီးပွါးကို လွှတ်တော်ထဲမှာ ကာကွယ်နေကြသလား။ ပြည်သူ့ကိုယ်စားလှယ်က ပြည်သူတွေအတွက် မဟုတ်ပေဘူးလား။ မေးခွန်းတွေ အများကြီး ကျွန်တော့်ခေါင်းထဲ ၀င်လာပါတယ်။ အဲဒီနေ့ ညဖက်မှာ ကျွန်တော့်မိတ်ဆွေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့ ဖုန်းပြောဖြစ်ပါတယ်။ အဲဒီ အကြောင်းပြောပြတော့ သူက သူတို့လွှတ်တော်ထဲမှာ ခရိုနီ ဆိုတဲ့စကားလုံးကို အရမ်းမသုံးပါနဲ့လို့ တစ်ဦးက ထည့်ပြီး ဆွေးနွေးတဲ့အကြောင်း ပြောပြပါတယ်။ ဒါဆိုရင် ခရိုနီတွေ လွှတ်တော်ထဲရောက်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်အများစုက ၀ိုင်းပြီး ထိန်းကြောင်းထားဖို့ လိုပါတယ်။ အများစုရဲ့ ဆန္ဒကိုတော့ သူတို့ မလွန်ဆန်နိုင်လောက်ပါဘူး။
ခရိုနီတစ်စုကြောင့် နိုင်ငံအတွက် အရေးကြီး ဥပဒေ တစ်ခုကြန့်ကြာနေရတယ်ဆိုတာ မကောင်းပါဘူး။ ပြည်သူ့အကျိုးကို ထိခိုက်မှာစိုးလို့ ဆွေးနွေးရတာကို လက်ခံနိုင်ပေမဲ့ လူတစ်စုအကျိုးအတွက် ပြန်ဆွေးနွေးကြတာမျိုးကတော့ မသင့်တော်ပါဘူး။ အစိုးရအဖွဲ့ရဲ့ အားထုတ်မှုကိုလည်း ပြန်ကြည့်သင့်တယ် မဟုတ်ပါလား။ အာဏာကြီး သုံးရပ်ကို သီးခြားခွဲခြားထားတာ တစ်ခုနဲ့ တစ်ခု ထိန်းညှိဖို့ပါ။ ထိန်းဖို့ လိုသလို ညှိဖို့လည်း လိုတယ်လို့ ထင်ပါတယ်။
တလောကဘဲ ဂျာနယ်နှစ်စောင်ကို အမြဲ ပိတ်လိုက်တယ်လို့ ဖတ်ရတယ်။ အဲဒီ ဂျာနယ်တွေဟာ လက်ရှိအစိုးရကို ဖြစ်ပေါ်လာစေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးမှာ အတော်အရေးပါခဲ့တယ်လို့ ပြောကြပါတယ်။ အားလုံးက စိတ်မသက်မသာဖြစ်ကြရတယ်။ ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဆိုတာကို သံသယဖြစ်ခဲ့ကြတယ်။ အခု စာကို ရေးနေချိန်မှာ အဲဒီဂျာနယ်နှစ်စောင်ကို နှစ်ပတ်ရပ်နားပြီးရင် ပြန်ထုတ်ခွင့်ပေးပြီလို့ သိရပြန်ပါတယ်။ မတည်ငြိမ်တဲ့ သဘောများလားဗျာ။
ဒီဆောင်းပါးမှာ ကျွန်တော်အဓိကထား ပြောချင်တာကိုဘဲ ပြောပါတော့မယ်။
ကျွန်တော်တို့ တိုင်းပြည်အတွက် လက်ငင်းနဲ့ လက်တွေ့အကျဆုံး လိုအပ်နေတာကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကမ္ဘောဒီယားကိုတောင် အမီလိုက်နေရတဲ့ အခြေအနေကို ကောင်းဆုံးနဲ့အမြန်ဆုံး အဆုံးသတ်နိုင်အောင် ပြန်ပြုပြင်ဖို့ ဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု လောင်းရိပ်အောက်က လွတ်အောင်လည်း လုပ်ဖို့လိုနေပြန်တယ်။ ဥပဒေနဲ့ အုပ်ချုပ်တဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုဖြစ်လာအောင် ဥပဒေပြုအဖွဲ့အစည်းတွေကလည်း စဉ်းစဉ်းစားစားနဲ့ အမြန်အကောင် အထည်ဖေါ် ဖို့လိုပါတယ်။ အဲဒါတွေ အကောင်အထည်ဖေါ်ဖို့က အစိုးရ တစ်ဖွဲ့ထဲနဲ့ မရနိုင်ပါဘူး။ လွှတ်တော်နှစ်ရပ်ထဲနဲ့လည်း မဖြစ်နိုင်ပါဘူး။ တရားရေးမဏ္ဍိုင် မတည့်မတ်လို့လည်း မဖြစ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ အားလုံးက တစ်ပြိုင်နက်ထဲ တစ်ချိန်ထဲ ၀ိုင်းကူတွန်းမှ ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ အခြေအနေဆိုးကြီးက ရွေ့သွားမှာ ဖြစ်ပါတယ်။ တစ်ယောက်ကတွန်းနေပြီး ကျန်တစ်ယောက်က ရေသာခိုနေရင် မဖြစ်ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ တစ်ပြိုင်နက်ထဲ ၀ိုင်းတွန်းဖို့ ဆိုတာက ပြိုင်ပွဲဝင် လှေလှော်ကြသလို အချက်ကျကျ ညာသံပေး တိုင်ပင်ခေါ်ပေးဖို့တော့ လိုပါလိမ့်မယ်။ အဲဒါကတော့ ကျွန်တော်လည်း လိုက်မမီတော့လို့ အကြံမပေးနိုင်တော့ပါဘူး။
အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံပါတယ်။ ကျွန်တော်လည်း ကိုယ်မြင်တာ လေးကို မျှဝေရတာပါ။ အားလုံးက စိတ်ကောင်းစေတနာမှန် ရှိခဲ့မယ်။ နိုင်ငံ့ကောင်းကျိုးကို ဦးစားပေး စဉ်းစားမယ်ဆိုရင် အကောင်းဆုံး အဖြေရလာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ သမ္မတကြီးနဲ့တွေ့ပြီး ပြန်လာတော့ သတင်းဌာန တစ်ခုက ကျွန်တော့် ကိုမေးပါတယ်။ ခင်ဗျားတို့ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်ဗျာ၊ ခင်ဗျားတို့ကိုလည်း ထောင်ဒဏ်နှစ်ရှည်တွေချလိုက်လို့ နှစ် အကြာကြီး ထောင်ထဲနေခဲ့ရတယ်ဗျာ။ အခု အစိုးရနဲ့တွေ့တော့ ဘယ်လိုများခံစားရပါသလဲ - လို့ မေးလာပါတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သတိရပါတော့တယ်။
ပြန်ဖြေလိုက်ပါတယ်။
မေ့တော့ မမေ့ဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ အဲဒီကိစ္စကို ကျွန်တော် လုံးဝသတိမရတာကတော့ အမှန်ပါဘဲလို့။
စိုင်းညွန့်လွင်
၂၀၁၂ သြဂုတ်လ (၇)
ပြည်သူ့ခေတ်ဂျာနယ် ( THE PEOPLE'S AGE )
အတွဲ ၃ ၊ အမှတ် ၁၀၇
၁၆၊ သြဂုတ်၊ ၂၀၁၂ ၊ ကြာသပတေးနေ့
No comments:
Post a Comment