တစ်လောက ခရိုနီအကြောင်း ရေးလိုက်မိတော့ ခရိုနီနဲ့
ပတ်သက်ပြီး အတော်များများက လှမ်းပြီး ဆွေးနွေးကြ ပါတယ်။ ရေစကြိုမြို့က တစ်ဦးဆိုရင်
ခရိုနီနဲ့ ပတ်သက်ပြီး သူတို့ဒေသတစ်ဝိုက်မှာ
အတော်ကြီးကို လုပ်ကိုင် စားသောက်နေတာကို ဖွင့်ပြောနေခဲ့တယ်။ သူ့အဆိုအရဆိုရင်
ကျွန်တော် သုံးသပ်ခဲ့သလို ခရိုနီဆိုတာ ဟိုး ထိပ်ပိုင်း တွေမှာတင်မက နေရာအတော်များများမှာလည်း
ရှိနေတာကို လက်ခံရပါတော့မယ်။ နယ်ဒေသတွေမှာ ရှိတဲ့ သစ်ကွက်မှန်သမျှ ဘယ်ကလာမှန်းမသိရတဲ့
သူတို့တွေချည်းဘဲ ခုတ်ခွင့်ရတယ်။ ဒေသမှာ နေသူတွေ အိမ်ဆောက်ဖို့ သူတို့ရွာနားက သစ်ပင်ခုတ်၊
လွှတိုက်လုပ်နေတုန်း အဆင်မပြေချင်တော့ အဖမ်းခံရပြီး ထောင်ထဲကို ရောက်လာတာ ကျွန်တော်ကိုယ်တိုင်
ထောင်ထဲမှာ မေးမြန်းကရုဏာ သက်ခဲ့ရဖူးပါတယ်။
ဟုတ်တော့ ဟုတ်နေပါပြီ။
ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့လူတွေ နိုင်ငံအနှံ့
အပြားမှာ ရှိနေတာကို ထည့်မတွက်လို့ မရ တော့ပါဘူး။ သစ်တောခုတ်ခွင့်ပါမစ်တွေ လက်ထဲကိုင်၊
သစ်ကွက်ကိုလာပြီးကြည့်တော့ သစ်ကတစ်ပင်မှ မရှိတော့ ဘူး။ ကိုယ့်ထက်လက်ဦးတဲ့သူက ခုတ်ယူသွားပြီးပါပြီ။
ကိုယ့်လက်ထဲက ပါမစ်ကလည်း ငွေပေးထားပြီးပြီဆိုတော့ မထူးတော့ပါဘူး၊ ကိုယ်လည်း ကိုယ့်ပါမစ်ထဲမပါတဲ့နေရာက
တွေ့ရာသစ်တွေကို ခုတ်ပြီး ထုတ် သွားတာတွေကတော့ တောရွာဒေသက လူတွေအဖို့ ရိုးလွန်းလို့ပျင်းတောင်
နေကြပါပြီ။ မြစ်ကမ်းချောင်းကမ်းတွေမှာ ရွှေရှာနေကြ တာကလည်း မျက်စိတစ်ဆုံးပါဘဲ။ မြစ်ချောင်းကြမ်းပြင်အတွင်းကို
လှိုက်တူးကြသလို ဘေးက သောင်စပ် တွေကိုလည်း တူးနေကြလေရဲ့။ ငွေမရှိ၊ မများတဲ့လူ၊ အဆက်အသွယ်မရှိတဲ့လူ အဲဒီလူတွေကတော့
ပါမစ်ရထားတဲ့လူတွေကို တစ်ဆင့်ခံငွေပေးပြီး လုပ်ကိုင် ကြရတာ ပွဲကြီးလမ်းကြီး တစ်ခု လိုပါဘဲ။ အဲဒီလိုမျိုးပါပဲ။ လက်တူးရေနံတွင်းတွေဆိုတာကလည်း
နေရာအတော်များများမှာပါ။ မှော်သစ်ပေါ်ပြီဟေ့ ဆိုရင် လူတွေတစ်ပြုံကြီး ရောက်လာကြတော့တာပါဘဲ။
ဒါပေမဲ့ သူတို့လည်း မကြာပါဘူး လုပ်ကိုင်ခွင့်ရထားတယ်ဆိုတဲ့ ကုမ္ပဏီဆီကို တွင်းတူးခွန်တွေ
ပေးဆောင်ရပြန်ပါတယ်။ ရလာတဲ့ ရေနံစိမ်းတွေကိုလည်း အဲဒီကုမ္ပဏီဆီကိုပဲ လျှော့ဈေးနဲ့ ပြန်သွင်းကြရတယ်။
ဘာမှ မလုပ်မကိုင်ဘဲနဲ့ လုပ်ခွင့်ပါမစ်လက်ထဲကိုင်ထားရုံနဲ့ ရလိုက်တဲ့ငွေတွေက မက်လောက်
စရာပါ။ လုပ်ကိုင်ခွင့်ပါမစ်တွေက ဒေသခံတွေရတာ မရှိသလောက်ပါ။ အားလုံးနီးပါးက အပေါ်က ဆင်းလာကြတာပါ။ သူတို့ဘယ်လို နည်းလမ်းတွေနဲ့ လိုင်စင်ရခဲ့ကြသလဲဆိုတာ
ဘယ်သူမှ မသိကြပါဘူး။ အားလုံးကို အသိပေးပြီး လေလံ ဆွဲတယ်ဆိုတာမျိုးလည်း မကြားဖူးကြပါဘူး။ ဒါဆိုရင် ခရိုနီတွေကသာ လိုင်စင်ရနေကြတာလို့ အကြမ်းဖျင်း
ပြောနိုင် လောက်ပါပြီ။ ဒါဆိုရင် ကျွန်တော်တို့
မြန်မာပြည်မှာ ခရိုနီတွေ အတော်ကို များနေပြီလို့ သုံးသပ်ရပါလိမ့်မယ်။
ကမ္ဘာကျော် ဂန္ဓ၀င် ၀တ္တုကြီး တစ်ပုဒ်မှာ ရေးထားတာ
ပြန်သတိရမိတယ်။ စီးပွါးရှာလို့ အကောင်းဆုံးအချိန် ကတော့ တိုင်းပြည်ပျက်နေတဲ့အချိန်၊
စပ်ကူးမတ်ကူး အပြောင်းအလဲတွေ ဖြစ်နေချိန်၊ တိုင်းပြည်ပြန်လည် တည်ဆောက် ထူထောင်နေတဲ့အချိန်၊
အဲဒီလိုအချိန်မျိုးက စီးပွါးရှာလို့အကောင်းဆုံးလို့ ရေးသားထားတာ သတိရမိပါ တယ်။ ဟုတ်မှာပါ။ မြန်မာတွေကတော့ အဲဒီအချိန်မျိုးမှာ သူဌေးဖြစ်သူတွေကို
ခေတ်ပျက်သူဌေးလို့ ပြောကြတာ ကြားဖူးပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံက အကူးအပြောင်းကာလ
မဟုတ်လား။ ကံမကောင်း အကြောင်းမလှတာက ကျွန်တော်တို့ အကူးအပြောင်းကာလဟာ ဆယ်စုနှစ်ပေါင်း
နှစ်ခုကျော်လို့ ငွေရတုပွဲတောင် ဆင်ယင်ရတော့မယ့် ကာလရောက်လာပါပြီ။ ဒီလောက် နှစ်တွေကြာအောင်
ကူးပြောင်းရေးကာလ ကြာခဲ့တော့လည်း ခရိုနီတွေရဲ့ လက်ချက်ကို ထင်ထားတာထက် အများကြီးခံလိုက်
ကြရမှာပါ။
လူငယ်တစ်စု နဲ့ အဲဒီ ခရိုနီအကြောင်းပြောကြတော့
သူတို့က ခရိုနီဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ ဘယ်လိုလုပ် ပြီး ပပျောက်အောင် လုပ်မလဲလို့
မေးလာပါတယ်။ ကျွန်တော်က နိုင်ငံတိုင်းမှာ ခရိုနီရှိတယ်လို့တော့ ကျွန်တော်မသိတဲ့ အကြောင်း၊
ဒါပေမဲ့ ဥပဒေပြဌာန်းချက်တွေကို လိုက်နာရင်တော့ ခရိုနီဆိုတာ မရှိနိုင်ကြောင်း ရှင်းပြပါတယ်။
ပြဌာန်း ဥပဒေကို မလိုက်နာဘူးဆိုတာက ခြစားမှု ကိုပြောကြောင်း ရှင်းပြရတယ်။ ဥပမာ သစ်ခုတ်ခွင့်ရသူတွေဟာ
ဘယ်လို နည်းနဲ့ ရမှန်း ဘယ်သူမှ မသိပါဘူး။ ရခဲ့တဲ့ ပါမစ်ကို သစ်ထုတ်လုပ်ရေးဥပဒေနဲ့ ညီညွတ်အောင်
ခုတ်တဲ့အဖွဲ့ ဆိုတာ မရှိလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါတွေက ခရိုနီနဲ့ ခြစားမှု
(corruption) ဆက်စပ်မှုတွေ ဖြစ်ပါတယ်လို့ သူ တို့ကို ရှင်းပြပါတယ်။ သူတို့က အထွန့်တက်ပြန်ပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း ကြီးပွါးရာ ကြီးပွါးကြောင်း
လုပ်ကိုင်နိုင်ကြတာဘဲ မဟုတ်လား ဆိုပြီး ထောက်ပြပါတယ်။ ဒါကိုတော့ ကျွန်တော် ထောက်ခံလိုက်ပါတယ်။
ဒါပေမဲ့ ကိုယ့်ကြီးပွါးရာ ကြီးပွါးကြောင်းက တိုင်းပြည်အတွက် အနှောက်အယှယ် ၀န်ထုပ် ၀န်ပိုး
မဖြစ်ရပါဘူး။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်သုံးရင် တိုင်းပြည်အတွက် ပြန်လည်ပြည့်ဖြိုးစေမဲ့
အခွန်အ တုတ်ကအစ၊ ပတ်ဝန်ကျင်ယိုယွင်းမှု မရှိစေဖိုက အလယ်၊ ပြန်လည်စိုက်ပျိုးတာ ထိန်းသိမ်းတာ အဆုံး လုပ်ဖို့တာဝန် မရှိဘူးလား လို့ပြောရပါတယ်။
သူတို့တွေ သိပ်သဘောမပေါက်ပါဘူး။ စီးပွါးရေးကို
နိုင်ငံရေးနဲ့ တွက်တဲ့ သဘောမျိုးတွေလည်း ဆွေးနွေးကြပါ တယ်။ ကျွန်တော်ကတော့ ချမ်းသာတဲ့
လူတိုင်းကိုတော့ ခရိုနီလို့ မဆိုနိုင်ပါဘူးလို့ ယုံကြည်ကြောင်း၊ အာဏာရှိသူတွေ ကိုယ်တိုင်
ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပေါင်းပြီး ဘယ်သူမှ မရတဲ့ အခွင့်အရေး၊ လုပ်ပိုင်ခွင့်၊
စီးပွါးရေးလုပ်ငန်း တွေကို (နည်းလမ်းတကျ မဟုတ်ဘဲ) ရခဲ့ကြပြီး ကြီးပွါးချမ်းသာနေတဲ့လူမျိုးကိုသာ
ခေါ်သည်ထင်ကြောင်း ပြောပါတယ်။
ကြီးပွါးချမ်းသာအောင် လူတိုင်းကြိုးစားသင့်ပါတယ်။
ဒါပေမဲ့ နည်းလမ်းတကျ ဖြစ်ဖို့လိုပါတယ်။ တစ်ခြားလူတွေ ကိုလည်း ယှဉ်ပြိုင်လျှောက်ထားခွင့်၊
လုပ်ကိုင်နိုင်ခွင့် ပေးရပါမယ်။ ဘယ်သူမှ အသိမပေးဘဲ ကိုယ့်ဖာသာကြိတ်ပြီး ရလာတဲ့ လုပ်ပိုင်ခွင့်
ပါမစ်တွေ ကိုင်ဆောင်သူတွေဟာ များသောအားဖြင့် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ကိုင် တတ်ကြပါတယ်။
ဘယ်သူ သေသေ ငတေမာရင်ပြီးရော ဆိုတာမျိုးပေါ့။
ဒါမျိုး ဖြစ်နေတာ လေ့လာသူတိုင်း သိနိုင်ပါတယ်။
ဘယ်လောက်ဘဲ ရာထူးငယ်တဲ့ ၀န်ထမ်းဖြစ်နေပါစေ။ သူ့ နောက်ကွယ် အဆက်အသွယ်က လူကြီးမင်းတစ်ယောက်ဆိုရင်
ဘယ်သူမှ မခိုင်းရဲတော့ပါဘူး။ မျက်နှာသာပေးနေ ရပါပြီ။ မပေးဘဲ နေကြည့်ပါ။ ဘာဖြစ်သွားမယ်ဆိုတာ
လူတိုင်းက နားလည်နေကြတဲ့ အခြေအနေပါ။ အရာရာက အာ ဏာသာ လွှမ်းမိုးနေခဲ့တာပါ။ စည်းမျဉ်းစည်းကမ်းတို့ ဥပဒေ နည်းဥပဒေ တို့ဆိုတာ
သိပ်ဂရုမစိုက်တော့ပါဘူး။ မဆလ ခေတ်တုန်းကတော့ ဥပဒေ ထက် စီမံချက်ကို ဦးစားပေးခဲ့ရတယ်။
မကြာခင်ကာလအထိ စည်းမျဉ်းစည်းကမ်းထက် အာဏာရ လူကြီးအဆက်အသွယ်ကို ပိုပြီး ဦးစားပေးခဲ့ရတယ်။
အခုတော့ အစိုးရ အပြောင်းအလဲ ရှိခဲ့ပြီ။ ခြစားမှုတွေကို
တိုက်ဖျက်မယ်လို့ပြောပါတယ်။ ဥပဒေ စိုးမိုးတဲ့ အစိုးရ ဖြစ်ဖို့ကိုလည်း ကြိုးစားနေတယ်လို့
ဆိုပါတယ်။ ဒါဆိုမှန်ပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိသရွေ့ ခြစားမှုတွေရှိ နေမှာဖြစ်ပါတယ်။
တစ်ဖက်တစ်လမ်းကလည်း ကိုယ်ဝမ်းပူဆာ မနေသာလို့ လုပ်နေရတာပါ ဆိုတဲ့လူတွေကိုလည်း သူ တို့ဝမ်းတွေ
ပူမနေရအောင် ဆာမနေရအောင် လုပ်ပေးရပါလိမ့်မယ်။ ဂျာအေးသူ့အမေရိုက် ပတ်ချာလည် ပြဿနာကြီး
ကို စနစ်တကျ ထိန်းချုပ်နိုင်မှ ရမှာပါ။
ဘာဘဲဖြစ်ဖြစ် ချမ်းသာနေကြတာကို မနာလို မဖြစ်သင့်ပါဘူး။
တရားနည်းလမ်းကျကျ နဲ့ တိုင်းပြည်အတွက် လည်း ဖြစ်သင့်ဖြစ်ထိုက် ရသင့်ရထိုက်တာ ရဖို့ဘဲလိုပါတယ်။
တိုင်းပြည်ပိုက်ဆံဟာ ပြည်သူ့ပိုက်ဆံဘဲ မဟုတ်လားဗျ။ လူတိုင်း၊ ပြည်သူတိုင်း ချမ်းသာရင်ကော
ပိုမကောင်း ပေဘူးလား။ အသံလွှင့်ဌာန တစ်ခုက ထုတ်လွှင့်သွားတဲ့ အစီအစဉ်တစ်ခုရဲ့ခေါင်းစဉ်က
- အဆင်းရဲဆုံးတိုင်းပြည်က အချမ်းသာဆုံး ပုဂ္ဂိုလ်များအကြောင်း ဆိုတာမျိုးဆိုရင် ဘယ်လိုခံစားကြည့်ကြမလဲဗျာ။
ကျွန်တော်နဲ့ စကားပြောတဲ့လူငယ်တွေကို ချက်ချင်းသဘောပေါက်အောင်
ဘယ်လိုများ ရှင်းပြရင် ကောင်းမလဲ လို့ စဉ်းစားရင်း ဥပမာ တစ်ခုကို စဉ်းစားမိတာနဲ့ သူတို့ကို
မေးရှင်းလေး ရှင်းပြလိုက်ပါတယ်။
ခင်ဗျားတို့ လေးလေးနက်နက် စဉ်းစားကြစမ်းပါ။
ငရဲပြည်မှာ သူဌေးလုပ်ကြမလား။
နတ်ပြည်မှာ ဆင်းရဲသား လုပ်ကြမလား။
ကျွန်တော်ကတော့ နတ်ပြည်က ဆင်းရဲသားဘဲ ဖြစ်ချင်ပါတယ်ဗျာ။
စိုင်းညွန့်လွင်
၂၀၁၂ သြဂုတ်လ (၁၈) ရက်
ပြည်သူ့ခေတ် ဂျာနယ်
၂၀၁၂ ခုနှစ် စက်တင်ဘာလ (၆) ရက်ထုတ်
အတွဲ-၃ ၊ အမှတ်- ၁၁၀ တွင်ဖေါ်ပြပါသည်။
No comments:
Post a Comment