Tuesday 27 March 2012

ထောင်ပြောင်းခြင်း (၃)


ထောင်ပြောင်းခြင်း (၃)

စာပို့ရထားဆိုတော့ ရပ်လိုက်သွားလိုက်နဲ့ အတော့်ကို ငြီးငွေ့စရာကောင်းလှပါတယ်။ နောက်ဆုံး ထင်ထားတဲ့အတိုင်း မန်းတလေးဘူတာကို ဆိုက်ရောက်လာပါပြီ။ အချိန်ကတော့ ညနေ ၃ နာရီကျော်လောက်ပါဘဲ။ စင်္ကြန်အမှတ်-၃ လို့ မှတ်မိပါတယ်။ အဲဒီကနေ ဘူတာကြီးဖက်ကို နောက်စင်္ကြန်နှစ်ခုကို ထပ်ပြီးဖြတ်ရလို့ပါ။ ကိုယ်တို့ ရထားပေါ်က ဆင်းလာတော့ အညောင်းမိထားကြလို့ ယိုင်တိယိုင်တိုင်နဲ့ ဆင်းလာကြတာပါ။ လက်ထိပ်ကိုယ်စီ၊ ခြေကျင်းကိုယ်စီ၊ အ၀တ်ဖြူထောင်ပုံစံ ကိုယ်စီနဲ့ပေါ့။ ဦးခွန်ထွန်းဦး နဲ့ ဗိုလ်ချုပ်ဆေးထင်တို့ နှစ်ယောက်က ၀၀ဖိုင့်ဖိုင့်နဲ့မို့ သူတို့ပုံစံကိုကြည့်ပြီး ကိုယ့်မှာ အတော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ လူတွေကလည်း ၀ိုင်းအုံကြည့်နေကြတယ်လေ။ ဒါနဲ့ ကိုယ်မနေနိုင်တော့လို့ သူတို့ကို ရှမ်းဘာသာနဲ့ မေးလိုက်ပါတယ်။ " ခင်ဗျားတို့ ရှက်သလားဗျ " လို့ ။  နှစ်ယောက်စလုံးက သူတို့မျက်မှန်ကြီးတွေကြားကနေပြီး ကိုယ့်ကို ပြူးပြီးကြည့်နေကြတယ်။ ဗိုလ်ချုပ် ဆေးထင်ကတော့ ပြုံးပြီးနေတယ် ဘာမှတော့ မပြောရှာဘူး။  ဦးခွန်ထွန်းဦးကတော့  -
" ဟေ့လူ သူများပစ္စည်းခိုးတာမဟုတ်ဘူး။ ဘာမှ ရှက်စရာမရှိဘူး" လို့ ပြန်ပြောရှာတယ်။ 

       ဒါနဲ့ ဒုတိယစင်္ကြန်ကိုရောက်တော့ ရန်ကုန်အစုန် အမြန်ရထားလို့ထင်ရတဲ့ ရထားကြီးက တောင်ဖက်ကို တဖြည်းဖြည်း စပြီးထွက်လာတာ မြင်ရတယ်။ ကိုယ်တို့က ရထားလမ်း အနောက်ဖက်ခြမ်းမှာ ရှိတဲ့စင်္ကြန်ပေါ်မှာ လက်ထိပ်တွေ ခြေကျင်းတွေနဲ့ရပ်နေပေါ့။ အဲဒီအချိန်မှာ ကိုယ်တို့အုပ်စုကို ရထားပေါ်ကလူတွေ မြင်လေကောင်းလေ အခြေအနေမို့ မြင်သာထင်သာရှိအောင် လူဖြန့်ပြီး ရပ်ကြည့်ကြတယ်။ ရထားပေါ်မှာ ကိုယ့်အသိအကျွမ်းများ ပါလေမလားပေါ့။ ဒါမှ ကိုယ်တို့ကို မန်းတလေးမှာတွေ့ခဲ့တယ် ဆိုတဲ့သတင်းက ရမှာလေ။ အဲဒီသတင်းထွက်မှ မိသားစုနဲ့ ကိုယ်တို့အဖွဲ့တွေ အဖြစ်မှန်ကိုသိမှာမို့ပါ။ ကိုယ်တို့ကို ထောင်ရွေ့တာ ဘယ်ကိုရွေ့တာ အဲဒီအချိန်က ကိုယ်တို့ မသိသလိုဘဲ အပြင်က တခြားဘယ်သူမှ မသိကြဘူးဆိုတာ နောက်တော့သိရပါတယ်။ 
  
      ကိုယ်တို့ကလည်း ရထားတစ်စီးလုံးဖြတ်သွားတဲ့အပေါ်ကို သေသေချာချာ ကြည့်ကြ။ ရထားပေါ်က လူတွေကလည်း ကိုယ်တို့အုပ်စုကြီးကို သဘောပေါက်စွာနဲ့ငေး ကြည့်သွားကြ။ အသားဖြူဖြူ၀၀ လူကြီးလူကောင်းပုံ ၊ ဒါပေမဲ့ လက်ထိပ်တွေ ခြေကျင်း တွေနဲ့ ထောင်ဝတ်စုံနဲ့ ဘယ်လို့အမှုများ ဖြစ်ကြတာပါလိမ့်လို့ တွေးနေကြမှာပါဘဲ။ ရထားပေါ်ကနေ ကြည့်သွားကြတဲ့မျက်လုံးတွေပေါ့။ ကိုယ်တို့လည်း မထူးတော့ပါဘူး အရေးကြီးတာက ကိုယ်တို့ကို တွေ့ပြီး ဘယ်သူတွေမှန်းသူတို့ကို သိစေချင်တယ်လေ။ မျက်နှာပြောင်တိုက်ပြီ ရထားပေါ်ကို မော့ကြည့်နေကြတာပါ။ ကံဆိုးချင်တော့ ရထားကြီးသာ လွန်သွားတယ် ကိုယ်တို့ သိတဲ့လူဆိုလို့ တစ်ယောက်မှ မတွေ့ကြပါဘူး။  ဒီအကြောင်းလေးက မျက်စိထဲပြန်ပြန်မြင်နေရတဲ့ မြင်ကွင်းတစ်ခုပါ။ နောင်အခါမှာ  ပြန်ပြီး ဒီအကြောင်းတွေးမိတော့ ကိုယ်တို့တစ်အုပ်ကြီး ရပ်နေတဲ့စင်္ကြန်က ရထားရဲ့အနောက်ဖက်ခြမ်း၊ နေ့တာတိုတဲ့ကာလ ညနေ နေအကျက အနောက်ဖက်ကို အတော်စောင်းနေလောက်ပြီ၊ ကိုယ်တို့တတွေ ၀တ်ထားရတဲ့ ၀တ်စုံကလည်း ပါးပါး လျားလျားလေးတွေ။ ဟာ ရထားပေါ်ကလူတွေ ကိုယ်တို့ကို ဘယ်လိုပုံစံနဲ့များတွေ့သွားကြပါလိမ့် ဆိုပြီး တွေးမိတော့မှ ရှက်လိုက်သည့်ဖြစ်ခြင်း။ ကြာလေ ရှက်လေ တွေးမိတိုင်း ရှက်လေပါဘဲဗျာ။
  
      အဲဒီကနေ မန်းတလေးအိုးဘိုထောင်ကို ရောက်သွားကြပါတယ်။ တစ်ယောက်တစ်နေရာစီ ခွဲလိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ဦးခွန်ထွန်းဦးရော ဗိုလ်ချုပ်ဆေးထင်ရော ပြန်မတွေ့ကြတာ နောက်ထပ်ခြောက်နှစ်ကျော်ကြာ ပြန်လွတ်တဲ့အထိပါဘဲ။ ဘယ်သူတွေ ဘယ်ဆီရောက်ပြီး ကိုယ်ကိုတိုင်လည်း ဘယ်ကိုရောက်မယ်ဆိုတာ အဲဒီအချိန်အထိ ထိပ်တန်းသျှို့ဝှက်ချက် အနေနဲ့ ဆက်ရှိနေပုံပါဘဲ။ လက်ထိပ်ကလွဲပြီး ကျန်တဲ့ ခြေကျင်းတွေကတော့ ခတ်မြဲ ခတ်ဆဲ ပါဘဲ။  

       ကိုယ်ရောက်သွားတဲ့ Cell အခန်းက 8' x 12'  ခန့်မှန်းကျယ်တယ်။ မန်းတလေးတောင်ကြီးကို သံတိုင်တွေကြားက လှမ်းမြင်နေရတယ်။ တောင်ပေါ်မှာ လူလေးတွေတွေ့ရတယ်။ တိုက်နံပါတ်နဲ့ အခန်းနံပါတ်ကတော့ မေ့တာမဟုတ်၊ သိကို မသိလိုက်တာပါ။ အဲဒီအချိန်မှာ ကိုယ်ဖျားနေပြီဆိုတာ သိလိုက်ပါတယ်။ အိုးဘိုထောင်ကို ရောက်ရောက်ခြင်းဘဲ သုံးပွင့်တပ်ထားတဲ့ ဦးသောင်းမြင့်ဆိုတဲ့လူကို ပြောပြထားလိုက်လို့  မိုးချုပ်ခါနီးလေးမှာ ဆရာဝန်ရောက်လာတယ်။ ဆရာဝန်က ဗိုလ်မှူးလို တစ်ပွင့် တစ်ခက်တပ်ထားတယ်။ ဆံပင်ရှည်ရှည် မျက်မှန်အကြီးကြီးတပ်ထားတယ်။ သူ့နောက်က ၀န်ထမ်းက သူထိုင်ဖို့ ကုလားထိုင်တစ်လုံးကို ထမ်းပြီးလိုက်လာတယ်။ ကုလားထိုင်ကို သံတိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ချခိုင်းပြီးထိုင်တယ်။ ဆေးမှူးနဲ့ တူတဲ့ နောက်တစ်ယောက်ကို မျက်ရိပ်ပြပြီး ကိုယ့်ကိုသွေးလာတိုင်းစေတယ်။ အဖျားတိုင်းတယ်။ ဘာဆေးတွေသောက်နေကြလဲလို့ ဆေးမှူးကမေးတယ်။ ဆေးမှူးက ဆရာဝန်ကို ပြောတယ်။ ဆရာဝန်က ဆေးမှူးကိုပြောတယ်။ ဆေးမှူးက ကိုယ့်ကိုမေးတယ်။ ကိုယ်ပြောတာကို ဆေးမှူးက ဆရာဝန်ကိုပြောတယ်။  ကိုယ်လည်းအတော်ကို အံ့သြတယ်။  ဘာကြောင့် ကိုယ်နဲ့တိုက်ရိုက်စကားမပြောတာလဲဆိုတာ ဒီနေ့ထိ ကိုယ်မသိဘူး ဖြစ်နေတယ်။ အပြန်အလှန်ပြောနေတာ အားလုံးဟာ မြန်မာစကားပြောနေကြတာဘဲ မဟုတ်လား။ ဘယ့်နှယ် တဆင့်စီ တဆင့်စီ ပြောနေမှန်းကို မသိတော့ပါဘူးဗျာ။

ဘာဆေးမှလည်း မပေးဘူး။ ဘာမှလည်း မညွှန်ကြားဘူး။ ပြန်သွားကြတယ်။ ကိုယ်လည်း ကိုယ့်မှာပါလာတဲ့ဆေးသောက်ပြီး အိပ်ဖို့ ပြင်တယ်။ မန်းတလေး တောင်ပေါ်က ဘုရားမီးတွေက ကြည်ညိုစရာကောင်းလှတယ်။ ထောင်ထဲမှာ ပထမဆုံး ဘုရားကို ကြည်ညိုပြီး ဘုရားရှိခိုးတာဖြစ်တယ်။  ပြီးတော့ တစ်ခုစဉ်းစားမိတယ်။ ငါ့ဆေးတွေကို မသိမ်းပါလား။ ဒါဆို မကြာခင် ခရီးဆက်ရအုန်းမလား။ စဉ်းစားမိတယ်။ 

ညကိုးနာရီလောက်မှာ တစ်ပွင့်တပ်ထားတဲ့ အရာရှိတစ်ယောက်ရောက်လာတယ်။ အိပ်ပြီလားလို့ နှုတ်ဆက်တယ်။ ကိုယ်လှဲနေရာက ထလာတော့ " ဆရာရေ စားစရာတစ်ခုခုပါလာရင် ကျွေးပါအုန်း။ ဗိုက်ဆာလို့ပါဗျာ"  လို့ပြောတယ်။ ကိုယ်လည်း အံ့သြနေတဲ့ကြားကဘဲ မရွေးလေးငါးထုပ်လောက်ပေးလိုက်တယ်။ သူကကျေးဇူးတင်တဲ့ အကြောင်းပြောပါတယ်။ ဒါနဲ့ ကိုယ်က အကြံရပြီး မေးလိုက်တယ်။ " ကဲဆရာရေ နက်ဖြန်မနက် ခရီးဆက်ဖို့ရှိသလား ပြောပါအုန်း "  မေးလိုက်တယ်။ သူမျက်နှာပျက် သွားတယ်။ " ပြောလို့မရဘူးဗျ  အားလုံးကိုကြပ်ထားတယ်  ဆောရီးဘဲ "  လို့ပြန်ပြော တယ်။    ကိုယ်က " ခင်ဗျားကို တစ်ခြားအကြောင်းမေးမှာပါ။ အခု ကျနော် ၀မ်းချုပ်နေတယ်။ ဖျားလည်းဖျားနေတယ်။ အဲဒီတော့ ဒီညကျနော် ၀မ်းနှုတ်ဆေးစား ချင်တယ်။ စားရမလား   မစားရဘူးလား  ။ အဲဒီအကြံဘဲ ခင်ဗျား ကျနော့်ကိုပေးပါဗျာ ။ ဒါက တာဝန်ကို ချိုးဖေါက်ရာ မရောက်ပါဘူး  "   ချော့ပြောလိုက်တော့ ဆရာက ခေါင်းကို ကုပ်ပြီးစဉ်းစားနေတယ်။ မရွေးလေးထုပ်ထဲက နှစ်ထုပ်ကလည်း စားပြီးနေပြီ။ သူ အတော်ကို အကြပ်ရိုက်နေပုံပါဘဲ။ နောက်တော်တော်ကြာတော့မှ " ၀မ်းနှုတ်ဆေး မစားနဲ့ဗျာ  "  တစ်ခွန်းထဲပြောပြီး ထွက်သွားလိုက်တာ နှုတ်တောင်ဆက်မသွားတော့ပါဘူး။  ကိုယ်လည်းဘဲ သက်ပြင်းချလိုက်ပြီး နက်ဖြန်ခရီးဆက်ဖို့ ပြင်ရပါတယ်။ ဒါပေမဲ့ ဘယ်ကို ခရီးဆက်ရမယ်ဆိုတာတော့ လုံးဝကို မသိသေးပါဘူး။

တွက်ထားတဲ့အတိုင်းပါဘဲ။ မနက်စောစော လာခေါ်ပါပြီ။ ပစ္စည်းသိမ်းပါ ဆိုပြီး။ ကိုယ်က သိထားပြီးပြီ ဆိုတော့ မြန်ပါတယ်။ ခြေကျင်းသံ တစ်လွင်လွင်နဲ့ ချီတက်လာ လိုက်တာ မိန်းဂျေး ကိုရောက်တော့ ရဲအရာရှိ (နှစ်ပွင့်) တစ်ယောက်က စာရွက်စာတမ်း တွေကိုင်ပြီး ကိုယ့်ကိုစောင့်နေလေရဲ့။ ရဲအရာခံဗိုလ်တစ်ယောက်လည်း ရှိနေလေရဲ့။ သူတို့ပြောဆိုပြီးကြတော့ သွားဖို့မျက်ရိပ်ပြတယ်။ လက်ထိပ်ခတ်တယ်။ ဗူးဝကို ထုတ်လာတယ်။ ဗူးဝအပြင်မှာ ဟိုင်းလက်ကားတစ်စီးရပ်ထားတယ်။ နောက်ခန်း အရှေ့ ဖက်ဆုံးကို သွားထိုင်ခိုင်းတယ်။ နောက် ကားပေါ်ကို လက်နက်ကိုယ်စီတပ်ဆင်ထားတဲ့ ရဲတွေတက်လာတယ်။ ရဲ ရဲဘော်က နှစ်ယောက်၊ တစ်ရစ် နှစ်ရစ် သုံးရစ်က တစ်ယောက်စီ၊ ရဲ အရာခံဗိုလ်ကြီးက တစ်ယောက်၊ တစ်ပွင့်တပ်အရာရှိက တစ် ယောက်၊ အကြီးဆုံးကတော့ နှစ်ပွင့်တပ်ထားတဲ့ တစ်ယောက်၊ အများကြီးဘဲ ။  ဘာလို့များ ဒီလောက်အများကြီးပါလာတာလဲ။ ကိုယ် နားမလည်ခဲ့ပါဘူး။ ခုချိန်ထိပါဘဲ။ ရဲအုပ်နဲ့ နှစ်ပွင့်ထောင်အရာရှိတစ်ယောက်က ကား ရှေ့ခန်းမှာထိုင်တယ်။ ကျန်တာတွေက အနောက်ခန်းမှာ ကိုယ့်ကို ပိတ်ထိုင်ထားကြ တယ်။ ကိုယ့်နားက ရဲကို ကပ်ပြီး ဘယ်သွားကြမှာလဲဗျ လို့ တိုးတိုးလေးမေးကြည့်တော့ စကားပြန် လုံးဝ မရဘူးဗျာ။  မကြားချင်ယောင်ဆောင်နေတယ်။ 

အတော်ကြီးကို မောင်းလာလိုက်တာ- ကိုယ်သိလိုက်တာက ဒါ တံတားဦးလေဆိပ်ကို  သွားနေတာဘဲဆိုတာပါ။ လေဆိပ်ကို ရောက်တော့ လူမရှိ သူမရှိပါ။ ဒါပေမဲ့ဗျာ ရဲအုပ်က ကိုယ့်ကို ခေါင်းစွပ်တစ်ခုထုတ်ပေးပြီး စွပ်ခိုင်းပါတယ်။ တစ်ခါမှ ခေါင်းစွပ်ခဲ့တာ မရှိဘဲနဲ့ ဒီလူမရှိတဲ့ လေဆိပ်မှာမှ ခေါင်းစွပ်စွပ်ခိုင်းတာ ဘ၀င်မကျစရာပါဘဲ။ ဒါပေမဲ့ ကိုယ်က အကျဉ်းသားဖြစ်နေပြီလေ။  ငြင်းဆန်လို့မှ မရတာ။ အဲဒီ နံနံစော်စော်ကြီးကို စွပ်ရတော့တာပေါ့။  လေဆိပ်ထဲက ဘီယာရောင်းခန်းလို့ ထင်ရတဲ့ အခန်းကျယ်တစ်ခု ထဲမှာ သွားနားကြတယ်။ ရဲတွေက အပေါက်မှာ ပိတ်ထိုင်နေကြတာပေါ့။ လေတပ်က ထောက်လှမ်းရေးတွေက စာရင်းလာယူကြတယ်။ ဒါတွေကတော့ ရဲအုပ်နဲ့ဘဲ ပြောကြတာပါ။ ကြမ်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ ကိုယ့်ကိုတော့ လှမ်းကြည့်သွားရုံပါဘဲ။ ရဲအုပ်က ထမင်းဝယ်ကျွေးတာကိုတော့ ကျေးဇူးတင်ရပါတယ်။ ဒါပေမဲ့ ကိုယ်ထမင်းမစားနိုင်ပါဘူး။ ဆေးသောက်ဖို့သာ အတင်းမြိုချနေရတာပါ။ မွန်းလွဲပိုင်းအတော်နှောင်းတော့ ကိတ်မုန့်တစ်ခြမ်းဝယ်လာကျွေးပြန်ပါတယ်။ ရေသန့်ဗူးလည်း သောက်ဖို့ပေးပါ တယ်။ ညနေပိုင်းလောက်မှာ လေယာဉ်ရောက်ပြီလို့ တစ်ယောက်က လာပြောလို့ အထုပ်တွေပြင်ဆင်ရပြန်တယ်။ ဖြုတ်ထားတဲ့ လက်ထိပ်ကို ရဲအရာခံဗိုလ်နဲ့ တွဲပြီးခတ်ရတယ်။ ထွက်ပြေးဖို့ စိတ်ကူးလုံးဝမရှိတဲ့ ကိုယ့်အပေါ် လုံခြုံရေးတင်းကြပ်ပုံများ အံ့စရာ ကောင်းလှပါတယ်။ ဘာကြောင့်လဲ ဆိုတာ ဒီနေ့အထိကို သဘောမပေါက်နိုင်ပါဘူး။ ဒါပေမဲ့ ပြောမဲ့သာပြောရတာပါ ဘယ်သူမှ ဘာမှမတတ်နိုင်ကြပါဘူး။ လေဆိပ်အဆောက်အဦနဲ့ လေယာဉ်ဆီကို ခရီးသည်တွေကို သယ်ပို့ပေးနေတဲ့ ဘတ်စ်ကားအကြီး ကြီးနားရောက်တော့ အမိန့်ပြောင်းသွားပြီး စောင့်နေရပြန်ရော။ ကားကြီးက ရပ်ထားတဲ့ လေယာဉ်ဆီကို လူမပါဘဲမောင်းထွက်သွားပြန်ရော။ ကိုယ်တို့လည်း ငေးပြီးကျန်နေရစ် တယ်။ လေယာဉ်ကိုရောက်တော့ လေယာဉ်ကလူတွေကို ကားပေါ်ဆင်းခိုင်းပြီး အဆောက်အဦဆီကို သယ်လာပြန်ရော။ ပြီးတော့မှ ကိုယ်တို့လေးယောက်ကို ပြန်လာခေါ်တယ်။ ကိုယ်ရယ် ရဲအုပ်ရယ် ကိုယ်နဲ့ လက်ထိပ်တွဲခတ်ထားတဲ့ ရဲအရာခံ ဗိုလ်ရယ် ထောင်အရာရှိတစ်ယောက်ရယ် လေးယောက်ပေါ့။ ကိုယ်တို့ လေးယောက် လေယာဉ်ပေါ်ကိုတက် နေရာယူပြီးတော့မှ ဘတ်စ်ကားက လေဆိပ်အဆောက် အဦဆီကို ပြန်သွားပြီး လိုက်ပါမယ့်ခရီးသည်တွေကို ပြန်သယ်လာခဲ့တယ်။ လေယာဉ်ပေါ်မှာတော့ အားလုံးက ကိုယ့်ကို တစေ့တစောင်း အကဲခတ်သွားကြတာပေါ့။ 

အဲဒီအချိန်အထိ လိုက်ပါလာတဲ့ ရဲအရာရှိကို ဘယ်သွားမလဲမေးပေမဲ့ မပြောပါဘူး။ သူ့နာမည်တံဆိပ်ကိုလည်း ဖြုတ်ထားတော့ သူနာမည်ကိုလည်း ကိုယ်မသိခဲ့ပါဘူး။

လေယာဉ်ထွက်ပါပြီ။ လေယာဉ်မောင်က ခရီးစဉ်အကြောင်း ပြောပါတော့တယ်။ အခု မန်းတလေး-ကလေး ခရီးစဉ် စတင်ပါပြီ လို့ ပြောလိုက်ပါတယ်။ ကိုယ်လည်း တစ်ဖက် မှာထိုင်နေတဲ့ ရဲအုပ်မျက်နှာကို ခါးကိုင်းပြီးလှမ်းကြည့်လိုက်တော့ သူက ရီပြီး ခေါင်းညိတ့်ပြပါတယ်။ ဟုတ်ပါပြီဆိုတဲ့ သဘောပေါ့။ ကိုယ်နဲ့လက်ထိပ်တွဲခတ်လာတဲ့ ရဲအရာခံဗိုလ်ကတော့ စကားတစ်ခွန်းမှ မပြောပါဘူး။ ဘာဘဲဖြစ်ဖြစ် ကိုယ်ကတော့ ချင်းတောင်ခြေက-ကလေးမြို့ဆီကို ခရီးနှင်နေရပါပြီ။
        
         ကလေးမြို့လေဆိပ်ကို လေယာဉ်ဆိုက်တော့ အားလုံးဆင်းပြီးမှ ကိုယ်တို့ ဆင်းရတယ်။ ခရီးသည်တွေက ပေစောင်းပေစောင်းကြည့်ပြီး အသီးသီးဆင်းသွားကြတာဗျ။ လူကုန်တော့မှ ကိုယ်တို့ဆင်းကြတယ်။ လေဆိပ်ကိုလှမ်းကြည့်တော့ လူတွေ အများကြီးကစောင့်ကြည့်နေကြပုံပါဘဲ။ ကိုယ့်ကို လေဆိပ်အဆောက်အဦဆီကို မခေါ် တော့ဘဲ အဆောက်အဦကိုကွင်းပြီး ခေါ်သွားတယ်။ ဟိုင်းလက်ကားတစ်စီးစောင့်နေ တယ်။ ကားပေါ်တက်တော့ လူတွေဝိုင်းအုံလာတယ်။ ထောက်လှမ်းရေးလား သတင်းထောက်လား မသိနိုင်တော့ဘူး။ ဆယ့်လေးငါးယောက်လောက်ရှိတယ်။ ဘာအမှုလဲ ဘယ်လောက်ကျသလဲ ၀ိုင်းမေးကြတယ်။ မေးခွန်းလည်းများ မေးသူလည်းများတာမို့ ကိုယ်ဘာကို ဘယ်လိုဖြေရမှန်းတောင် မသိဘူး။ နောက်ထပ်ရဲတစ်စုက စောင့်ကြိုနေ တယ်။ ကိုယ့်ကိုလွဲယူတဲ့သဘော။ ကိုယ်နဲ့ပါလာတဲ့ ရဲအရာခံဗိုလ်က ဘယ်လောက်တောင် သတိကြီးသလဲဆို လွတ်နေတဲ့တခြားလက်တဖက်ကို လာကြိုတဲ့ရဲရဲ့ လက်နဲ့ လက်ထိပ်မတွဲမချင်း သူနဲ့တွဲထားတဲ့ကိုယ့်လက်ထိပ်ကို ဖြုတ်မပေးဘူး။ ငြင်းနေတယ်။ အရင်ခတ်လိုက်ပါ  အရင်ခတ်လိုက်ပါ လို့လည်းပြောသေးတယ်။ 
        
        ကိုယ်စိတ်ဆိုးတယ်။ ဒေါသထွက်ပြီး ငါသူခိုးကြမ်းပိုးမဟုတ်ဘူးကွ လို့အော်ပြော လိုက်တယ်။ နောက်အဖွဲ့သစ်နဲ့ လွဲပြီးတာနဲ့ ကားစထွက်တယ်။ မေးခွန်းထုတ်တဲ့ လူစု  နောက်မှာ ကျန်နေရစ်တယ်။ လိုက်ပို့တဲ့ရဲနှစ်ယောက်လည်း ကျန်နေရစ်တယ်။ တမူးလမ်းအတိုင်း မြောက်ဖက်ကို အတော်ကြာကြာ မောင်းလာပြီးတော့မှ ကလေးမြို့ အကျဉ်းထောင်ဆိုတာကို ရောက်တယ်။ ဗူးဝမှာ ဆောင့်ညှောင့်ထိုင်ခိုင်းတယ်။ မျက်နှာထားနဲ့ မထိုင်ဘူးကွ လို့ပြောလိုက်တယ်။ ကိုယ်စိတ်ဆိုးနေမှန်းသိလို့ ရဲတွေလည်း အသာလေး သျှိုပြီးပြန်သွားကြတယ်။ လိုက်ပို့တဲ့ ထောင်အရာရှိလည်း ညမအိပ်တော့ဘူး ဆိုပြီး ချက်ချင်းပြန်သွားတယ်။ 

        ကလေးထောင်က လူတွေရှင်းလွန်းနေတယ်။ လာကြိုတဲ့ ထောင်အရာရှိတစ်ပွင့် ဦးအောင်ချို ကိုမေးကြည့်တော့ တန်ဆောင်မုန်းလ ပြည့်နေ့ (၂၀၀၅ခုနှစ် နိုဝင်္ဘာလ-၁၅ ရက်နေ့) ကထိန်ခင်းလို့ ကထိန်သင်္ကန်းလှည့် သွားကြတယ်လို့ပြောတယ်။ ထောင်ပိတ်တော့မှာမို့ အကျဉ်းသားတွေလည်း တန်းထဲ ၀င်ကုန်ကြပါပြီ။ လာခေါ်တဲ့ဝန်ထမ်းနဲ့ ကိုယ်လည်း အထုပ်တွေနဲ့ အထဲကို ၀င်လာကြတယ်။ ဒုတိယထောင်ပိုင်က ခေါ်နေလို့ဆိုပြီး မိန်းဂျေးကို သွားရပြန်တယ်။ မိန်းဂျေး ထဲမှာ လူတစ်ယောက်အသက်ခပ်ကြီးကြီး ပိန်ပိန် ပါးပါး နဲ့ ထိုင်နေတာတွေ့ရတယ်။ သူက စာရွက်စာတမ်းတွေကြည့်ပြီး ဘာအမှုလဲ လို့မေးတယ်။ ဒါသဘာဝမှ မဟုတ်တာဘဲ ဆိုပြီး ကိုယ်လဲ  "မသိဘူး " တုံးတိကြီးဖြေ လိုက်တယ်။ သူက ပါလာတဲ့စာအုပ်တွေကို နောက်မှလာပေးမယ်နော် လို့ပြောတာကို ကိုယ်ဘာမှ ပြန်မပြောဘဲ သူ့ကို စိုက်ကြည့်နေလိုက်တယ်။ ဒီတော့ သူက အေးဗျား သွားပါတော့ နားပါတော့ နက်ဖြန်ကြမှဘဲ စောစောလာပြီး ခြေကျင်းဖြုတ်ပေးပါမယ်။ ဒီ ထောင်မှာတော့ လိမ်လိမ်မာမာ နေပါဗျား  .......       လို့ပြောလိုက်တယ်။

       ကြည့်စမ်းပါအုန်းဗျာ။ ကိုယ့်ကို လိမ်လိမ်မာမာ နေပါတဲ့။ တကယ်မလိမ်မာတာက ဘယ်သူတွေလဲ။    စဉ်းစားကြပါအုန်း။ 


မှတ်ချက် -     ယခုအဖြစ်အပျက်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်ပါ သည်။ အမည်၊ နေရာ၊ ကာလ၊ အဖြစ်အပျက်များ အားလုံးသည် ကျနော်မှတ်မိထားသလောက်ကို ကျနော်စိတ့်ခံစားရချက်များကို မကွယ်မ၀ှက် တိတိလင်းလင်း တည့်တည့်ရေးသား
ထားခြင်း ဖြစ်ပါသည်။ 

ထောင်ပြောင်းခြင်း (၂)


ထောင်ပြောင်းခြင်း  (၂)

စဉ်းစားကြည့်ပေါ့။ လူတစ်ယောက်ဟာ ခြေကျင်းခတ် ခံထားရတယ်။ ထောင်ပုံစံ အင်္ကျီဝတ်ထားရတယ်။ လက်ထိပ်ခတ်ထားတယ်။ ထောင်ပုံစံ ဆံပင်ညှပ်ထားတယ်။ ပြီးတော့ ဘယ်ဆီကို သွားရမယ်မှန်းလည်း မသိရဘူး။ အဲဒီလူမျိုးမှာ ဘယ်လိုခံစားချက်တွေ ဖြစ်နေမလဲဆိုတာ အတော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ပြောခဲ့သလိုဘဲ သူများကိုမပြောပါနဲ့ ကိုယ့်ကိုကိုယ်တောင် ပြန်ဝေဖန်ဖို့ တတ်နိုင်စွမ်း မရှိကြဘူးလို့ ထင်တာပါဘဲ။
       
 နေလည်း အတော်မြင့်နေပါပြီ။ ကိုယ်တို့ ဗူးဝထဲကိုရောက်တော့ ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးတယ်။ အဲဒီကနေ ထောင်အပေါက်က ထွက်လိုက်တာနဲ့ ရိန်းဂျားအစိမ်းရောင် ကားတစ်စီးကို အဆင်သင့် ထိုးထားတယ်။ အထုပ်တွေကို ကားပေါ်တင်ကြတယ်။ လူတွေကိုလည်း ကားနောက်ပိုင်းပေါ်တက်ခိုင်းတယ်။ လူဝကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင်နဲ့ ဦးခွန်ထွန်းဦးတို့ကို အတော်ကြီးတွဲတင်ရတယ်။ သာမန်အားဖြင့်တောင်မှ တက်ဖို့မလွယ်တဲ့ လူဝကြီးနှစ်ယောက်အဖို့ လက်ထိပ်ခြေထိပ်တွေခတ်ထားတော့ အပေါ်ရောက်ဖို့ကို အတော်ကြိုးစားရတယ်။ အဲဒီမှာရှိနေကြတဲ့ ၀န်ထမ်းတွေလည်း တစ်ယောက်မှ မအားကြရပါဘူး။ ၀ိုင်းဝန်းကူညီကြရတာပေါ့။ တော်ပါသေးတယ်။ သူတို့တတွေ ရှိနေပေလို့။ 
     
   ကားပေါ်ရောက်ကြပါပြီ။ ပြဿနာကလည်း ရှိနေပြန်ပါပြီ။ ကားက သံဇကာပတ်လည် ခတ်ထားတဲ့ ထောင်ကား။ အမိုးက လေးပေလောက်ဘဲ မြင့်တယ်ဆိုတော့ မတ်တပ်ရပ်လို့ မရဘူး။ ကုန်းကုန်းကွကွနေလို့လည်း ကားသွားရင် မဖြစ်နိုင်ဘူး။ နောက်ဆုံး ကားကြမ်းခင်းတွေပေါ်မှာဘဲ ခြေပစ်လက်ပစ်ထိုင်လိုက်ကြရတယ်။ 
    
    ကားက အင်းစိန် ဘုရင့်နောင်လမ်းကြီးအတိုင်း မြို့ထဲဘက်ကို မောင်းထွက်လာတယ်။ ကိုးလတာကာလအတွင်း အပြင်လောကနဲ့ အဆက်ပြတ်နေရာကနေ အခု ပြန်တွေ့ရတော့ ဒီကိုးလလေးအတွင်းမှာဘဲ အတော်ကို ပြောင်းလဲနေတယ်။ လူတွေ များလာတာကအစ ၀တ်ပုံသွားပုံအဆုံး ပြောင်းနေတယ်လို့ ထင်နေမိတယ်။ ကားအပြင်ကို ငေးကြည့် ၊ စိတ်ကိုလျော့ချထား၊ ခေါ်ဆောင်ရာကို သွားနေတာလေ။
  
      ကားက ရန်ကုန်ဘူတာကြီး ဗိုလ်ချုပ်လမ်းဘက်က ကုန်တင်ကုန်ချဘက်ခြမ်းကနေ ၀င်သွားတယ်။ ဒါဆို ရထားနဲ့ သွားကြရမယ်ပေါ့။ နည်းနည်းတော့ သိလာရပါ ပြီ။ ဒါပေမဲ့ ဘယ်ဆီကို ဆိုတာကတော့ မသိရသေးပါ။ နည်းနည်းလေးမှ မရိပ်မိသေးပါ။ ကားကို မီးရထားတွဲတစ်ခုနားမှာ ဖင်ထိုးလိုက်ပါပြီ။ ဘူတာရုံမှာမို့နဲ့တူပါတယ်။ ကားဖင်နားကို ကုန်းဘောင်သစ်သားတန်းတစ်ခု ထိုးပေးလိုက်ပြီး ဆင်းခိုင်းပါတယ်။ အဆင်းမှာတော့ လူဝကြီးနှစ်ယောက် အတက်တုန်းကလို သိပ်အခက်အခဲ မရှိတော့ပါဘူး။
  
      တွဲပေါ်ကို ရောက်တော့မှ တစ်ခါ အံ့သြသွားရပြန်တယ်။ ကိုယ်တို့ စီးရမယ့် ရထားတွဲကလည်း အခုစီးခဲ့တဲ့ ကားလိုဘဲ အချုပ်တွဲကြီး ဖြစ်နေလို့ပါဘဲ။ အချုပ်တွဲက သာမန်ရထားတွဲတစ်ခုကို ထိုင်ခုံတွေအကုန်ဖြုတ်ထားပြီး ဘယ်ဘက်ခြမ်း ပြူတင်းပေါက်တွေအကုန်လုံး အပြီးအစီးပိတ်ထားတယ်။ ညာဘက်အခြမ်းမှာ လူသွားလမ်းလေး သုံးပေလောက် ချန်ထားပြီး ကျန်နေရာတွေကိုတော့ အတက်အဆင်းတံခါးပေါက်နားက စပြီး အချုပ်ခန်းသံတိုင်တွေ အပြည့်စိုက်ကာထားပါတယ်။ အဲဒီအချုပ်ခန်းအလယ်ခေါင် တည့်တည့်မှာ နှစ်ပေလောက်အမြင့် ရှိတဲ့နံရံကလေးနှစ်ဖက် ကာထားတယ်။ အဲဒီထဲမှာ ဆီးနဲ့ဝမ်းသွားဖို့ အပေါက်ရှိတယ်။ အိမ်သာ ဆိုပါတော့။ ဒါပေမဲ့ အဲဒီအိမ်သာက ထိုင်နေလို့ရှိရင် ထိုင်သူရဲ့ အပေါ်ပိုင်း ပုခုံအထိမြင်ရအောင် စီစဉ်ထားတာဖြစ်တယ်။ အစောင့်တွေလိုက်ဖို့ကတော့ သံတိုင်အပြင်ဖက် အတက်အဆင်းနားမှာ ခုံတန်းရှည်တွေ ထားပေးတယ်။

       ရထားအချုပ်တွဲ ကြမ်းပြင်မှာ ကိုယ်တို့ထိုင်မိကြတော့ အကျဉ်းဦးစီးဌာနက ကိုယ်တို့ကို လိုက်ပို့မယ့်  (တစ်ပွင့်) ဦးဝင်းသိန်း ဆိုတာနဲ့  (နှစ်ပွင့်) ဦးမင်းမော်တို့ ရောက်လာကြတယ်။ နောက် ရဲသား သုံးလေးယောက်လည်း တွေ့ရတယ်။ ကိုယ်တို့ ရထားပေါ်ရောက်တော့ နေ့လယ် ၁၂ နာရီလောက်ပါ။ ပါလာတဲ့ငွေနဲ့ ထမင်းဝယ်စားပြီး ဒီအတိုင်း အသားလွတ် ထိုင်နေရတယ်။ ဘယ်သွားမလဲ ဆိုတာအဲဒီအချိန်အထိ ဘယ်သူ့ကိုမှ မေးလို့မရသေးပါဘူး။ ညနေ သုံးနာရီကျော်လောက် (နာရီမရှိလို့ ခန့်မှန်းကြည့် ရတာပါ) မှာ ရထားထွက်တယ်။ အဲဒီအချိန်မှာ သိလိုက်နိုင်တာကတော့ ရထားဟာ ရိုးရိုးစာပို့ရထား မန်းတလေးမြို့ အထိဆိုတာတော့ ခန့်မှန်းနိုင်သွားပါပြီ။
  
      ရထားထွက်တော့ ကိုယ့်အိပ်ယာလိပ်ကို ကိုယ်ကျောမီပြီး ကိုယ့်စိတ်ကူးနဲ့ ကိုယ်လိုက်ခဲ့ကြတယ်။  ကိုယ်ကတော့ cowboy  ရုပ်ရှင်ကားတွေထဲကလို ပက်လက် ရထားတွဲကြီးတွေအပေါ်မှာ ဖြစ်သလိုထိုင်လိုက်သွားကြတာကို ပြန်မြင်ယောင်ရင်း ကိုယ့်ကိုကိုယ် cowboy တစ်ယောက်လို စိတ်ကူးယဉ်ကြည့်နေမိတာ သတိရမိသေးဗျ။

         ကိုယ်တို့အမှုတွဲ ငါးယောက်နဲ့ အတူထည့်လိုက်ကြတဲ့ ၀ါရင့်အကျဉ်းသား လေးယောက်နဲ့ မိတ်ဆက်စကားပြောပါတယ်။ သူတို့က ကိုယ်တို့ကို နိုင်ငံရေးသမား တွေမှန်း သိသွားကြတော့ လေးလေးစားစားဆက်ဆံပါတယ်။ ပစ္စည်း တင်တာချတာကအစ သူတို့အကူအညီ အများကြီးရတယ်။ သူတို့က မန်းတလေးအိုးဘိုထောင်မှာ နှစ် ရှည်ကျအကျဉ်းသားတွေဖြစ်တယ်။ စက်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေကြတယ်။ အခု ရန်ကုန်ထောင်မှာ လူကြီးတစ်ယောက်ရဲ့ သင်္ကန်းဆိုင်က သင်္ကန်းချုပ်အပ်လို့ ချုပ်နည်း လာသင်ပေးတာ ပြီးသွားလို့ မန်းတလေးကို ပြန်ပို့တာ ဖြစ်တယ်။  သူတို့ထဲက ခေါင်းဆောင်က မုံရွာက ကိုအောင်မင်း၊ မူဆယ်က ကိုမောင်မောင်၊ နောက်နှစ်ယောက် ကတော့ နာမည်မမှတ်မိတော့ဘူး။ တစ်ယောက်က ကန့်ကော ၊ နောက်တစ်ယောက်က မန်းတလေးမြို့က ဆိုတာတော့မှတ်မိတယ်။ 

       ထူးဆန်းတာလေးတော့ ပြောချင်တယ်။ တိုက်ဆိုင်မှုလားတော့ မသိပါဘူး။ ကိုယ်တို့ကို တရားစွဲတော့ ကိုးယောက်ဖြစ်အောင် ဖန်တီးထားသလိုပါဘဲ။ ကိုးရက်နေ့မှာဖမ်းတယ်။ ကိုးလကြာ အောင်အမှုကို ဆွဲစစ်တယ်။ အခု မန်းတလေးကိုပို့တော့လည်း ကိုးယောက်ဖြစ်အောင် ငါးယောက်မှာ နောက်လေးယောက် ပေါင်းထည့်လိုက်တယ်။ ဒါလောက်တောင်မှ တိုက်ဆိုင်နိုင်ရသလားဗျာ။

        ဒီလိုနဲ့ တစ်နေ့လုံး တစ်ညလုံး ဆံပင်မွှွှေးစူးတဲ့ဒဏ် ၊ ညှောင်းညာကိုက်ခဲ တဲ့ဒဏ်တွေခံစားရင်း လိုက်လာကြတာပါ။ လမ်းမှာ ပဲခူးထောင်၊ တောင်ငူထောင်၊ ရမည်းသင်းထောင်၊ အဲဒီထောင်တွေက ၀န်ထမ်းတွေက ကိုယ်တို့စားဖို့ ထောင်ကချက် တဲ့ ထမင်းထုပ်တွေ စောင့်ပေးလိုက်တာ အတော်ကိုများလှပါတယ်။ အဲဒီလောက်များတဲ့ ထမင်းတွေကို ဘယ်မှာ စားလို့ကုန်နိုင်ပါ့မလဲ။ အစောင့်လိုက်တဲ့ ရဲလေးတွေအတွက် ဖြစ်သွားရတာပေါ့။ ထူးခြားတာကတော့ လမ်းမှာ ဒီလိုစောင့်ပြီး ထမင်းထုပ်ပေးတာဟာ လုပ်ရိုးလုပ်စဉ် မဟုတ်ဘူးဆိုတာပါဘဲ။ ကိုယ်တို့နဲ့ ပါလာတဲ့ ရဲတွေကလွဲပြီး တစ်ခြားအစောင့်တွေတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ဦးမင်းမော်တို့ကတော့ ဟိုးတွဲနောက်ဖက်ပိုင်းကို မကြာမကြာသွားတာတွေ့ရတော့ အနောက်ဖက်လူစီးတွဲ တစ်ခုခုမှာတော့ အားလုံးကို ချုပ်ကိုင်ထားတဲ့ လူကြီးတစ်ယောက်ပါလာတယ်လို့တော့ ခန့်မှန်းမိကြတယ်။

မိသားစုတွေနဲ့လည်း ဘယ်သူမှ အဆက်အသွယ်မရှိပါဘူး။ ထောင်ဝင်စာ တွေ့ဖို့ ရက်နီးလာတော့မှ ကိုယ်တို့အားလုံးကို နှစ်သုတ်ခွဲလိုက်ပြီး အဝေးကိုပို့လိုက်တာမို့ မိသားစုတွေနဲ့ အပြင်ကမိတ်ဆွေတွေ အနေနဲ့ ကိုယ်တို့အခြေအနေကို လုံးဝ မသိကြပါဘူး။ အသိပေးဖို့ကိုလည်း ဘယ်လိုကြိုးပမ်းရမယ်မှန်း မသိကြတော့ပါဘူး။ ကိုယ်တို့ငါးယောက်ကတော့ မြန်မာပြည်အထက်ပိုင်းကို ပို့လိုက်တာဖြစ်ပြီး ကျန်နေတဲ့ နောက်လေးယောက်ထဲက သုံးယောက်ကိုတော့ ရခိုင်ဖက်မှာရှိတဲ့ သံတွဲ၊ ကျောက်ဖြူ နဲ့ ဗူးသီးတောင်တို့ကိုပို့တယ် ဆိုတာ နောက်တော့မှ သိရပါတယ်။

ဆက်ပါဦးမယ်။ 

မှတ်ချက် -     ယခုအဖြစ်အပျက်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်ပါ သည်။ အမည်၊ နေရာ၊ ကာလ၊ အဖြစ်အပျက်များ အားလုံးသည် ကျနော်မှတ်မိထားသလောက်ကို ကျနော်စိတ့်ခံစားရချက်များကို မကွယ်မ၀ှက် တိတိလင်းလင်း တည့်တည့်ရေးသားထားခြင်း ဖြစ်ပါသည်။ 

Monday 26 March 2012

ထောင်ပြောင်းခြင်း (၁)


ထောင်ပြောင်းခြင်း (၁)

 
အချိန်ကာလအားဖြင့် ကိုးလခန့် စစ်ဆေးအပြီး ၂၀၀၅ ခုနှစ် နိုဝင်္ဘာလ-၂ ရက်နေ့မှာ ပြစ်ဒဏ်ပေးတဲ့ အမိန့်များကို စတင်ချမှတ် ပါတော့တယ်။ မနက်ပိုင်း ကိုးနာရီခွဲလောက်ကနေ စပြီး ဖတ်လိုက်တဲ့ စီရင်ချက်များဟာ ညရှစ်နာရီကျော်မှဘဲ ပြီးပါတော့တယ်။ နေ့လယ် ထမင်းစားချိန်က လွဲရင်ပေါ့လေ။ တရားသူကြီးနှစ်ယောက်ကနေ တစ်ယောက်တစ်လှည့် ဖတ်နေတာ ဘာတွေဖတ်လို့ ဖတ်နေမှန်းကို မသိနိုင်တော့ပါဘူး။ ကိုယ်အမှန်တကယ် မကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေမှန်း ကိုယ့်ဖာသာကိုယ် သေသေချာချာကြီးကို သိထားရလေတော့ သိပ်တော့လည်း စိတ်မ၀င်စားဖြစ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ကို ဘယ်လိုတရားစီရင်နေတယ် ဆိုတာကိုတော့ သိချင်ကြမှာပါဘဲ။ အခုဟာကတော့ စီရင်ချက်တွေက များလွန်းလို့ ဘာတွေဖတ်သွားသလဲဆိုတာ အာရုံစိုက်လို့ မရလောက်အောင်ပါဘဲ။ တစ်နေကုန် မတ်တပ်ရပ်ပြီး ကိုယ့်ကိုအပြစ်ပေးတဲ့ အကြောင်းတွေကို နားထောင်ရတာဆိုတော့ ဘယ်လိုမှ အဆင်မပြေမှန်း သိနိုင်ကြပါတယ်။

        ည ရှစ်နာရီကျော် မိုးကြီးချုပ် နေတော့မှ ထောင်ထဲကို ပြန်ရောက်တော့တယ်။ အဲဒီအချိန်ထိကို ထောင်မပိတ်သေးဘဲ ထောင်အရာရှိ ၀န်ထမ်းတွေက စိတ်ဝင်တစားစောင့်နေကြတယ်။ ၀င်လာတာကို မြင်တာနဲ့ ချက်ချင်းကြီး လက်ဆွဲပြီး  "သေဒဏ်ပါသလား  သေဒဏ်ပါသလား" ဆိုပြီး အမောတကောမေးကြပါလေရော။ ပြန်စဉ်းစားလိုက်တော့လည်း ကိုယ့်ကိုကိုယ် မသေချာပြန်ဘူး။ ဒါနဲ့ပဲ  " သတိမထား မိဘူးဗျ  မပါလောက်ပါဘူး "  ဆိုလိုက်တော့ သူတို့လည်း ဇဝေဇ၀ါတွေဖြစ်ပြီး နောက်နားခပ်လှမ်းလှမ်းကပါလာတဲ့ ထောင်အရာရှိတွေဆီကို သွားပြီးမေး နေကြလေရဲ့။

        နောက်နေ့ မနက်ပိုင်းရောက်တော့မှ ကိုယ့်ကို အနှစ် နှစ်ဆယ် ကျွန်း သုံးကျွန်း ၊ အနှစ် နှစ်ဆယ် တစ်မှု၊ ငါးနှစ် တစ်မှု စုစုပေါင်း ရှစ်ဆယ့်ငါးနှစ် ဖြစ်တယ်ဆိုတာကို အဆောင်တာဝန်ခံအရာရှိ တွေဆီက သိရပါတော့တယ်။ မနေ့ညနေပိုင်းကလည်း မြန်မာသေဒဏ်ကျ အကျဥ်းသားတွေထားတဲ့ နံပါတ်(၂)တိုက်မှာ အခန်းရှစ်ခန်းကို သေသေချာချာ သန့်ရှင်းရေးလုပ်ခိုင်းထားတယ်ဆိုတာလဲ အဲဒီနေ့မနက်ရောက်မှဘဲ သိရပါတော့တယ်။ ဒါကြောင့် မနေ့ညက သေဒဏ်ပါသလားဆိုပြီး အသည်းအသန် စောင့်ပြီးမေးနေကြတဲ့ အဓိပ္ပါယ်ကို အဲဒီတော့မှ ကိုယ်သဘောပေါက်တော့တယ်။ တကယ်တော့ ကိုယ်တို့ကိုချမှတ်မဲ့ ပြစ်ဒဏ်တွေထဲမှာ သေဒဏ်လည်းပါခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ။ အကြောင်းတစ်ခုခုကြောင့် အနားကပ်တော့မှ ဖြုတ်ပစ်လိုက်တာဖြစ်မယ်လို့ ယုံကြည်ရတာပါဘဲ။ ဒါပေမဲ့လည်း ဘယ်လိုမှ မခံစားရပါဘူး။ သာမန်အားဖြင့် ဘာမှ မခံစားရဘူးဆိုတော့ ယုံကြမှာတော့ မဟုတ်ဘူးပေါ့။ ဒါတကယ်ဖြစ်ခဲ့တာပါ။  ကိုယ်နဲ့အခန်းကပ်လျက်မှာ ထောင်ဒဏ် နှစ်ဆယ့်ရှစ်နှစ်ကျနေတဲ့ ယိုးဒယားစစ်တပ်က တပ်ကြပ်ကြီး ဆွန်ချိုင်းကတော့ ကိုယ့်ကို သေတော့မှ ထောင်ကထွက်သွားရတော့မယ် ဆိုတဲ့ သဘောမျိုးကို လက်ဟန်ခြေဟန်နဲ့ ပြပြီးနောက်ပြောင်နေသေးတယ်။ သူက ယွန်းစကားပြောတတ်ပြီး ကိုယ်က ရှမ်းလိုပြောနိုင်တော့ အဖွဲ့ကျ ကြပါတယ်။  ဒါပေမဲ့ ရှေ့ဆက်ပြီး ဘာဖြစ်လာမှာလည်း ဆိုတာတော့ ဘာဆိုဘာမှကို မသိနိုင်တော့ပါဘူး။ ပြစ်ဒဏ်ထဲကလို ရှစ်ဆယ့်ငါးနှစ် လုံးလုံးထောင်ထဲမှာ နေသွားရမယ် ဆိုတာမျိုးကတော့ စိတ်ထဲမှာ လုံးဝကို ထင်မထားပါဘူး။ မိသားစုနဲ့လည်း ကိုးလအတွင်းမှာ သက်သေအဖြစ် သူတို့ကို လာအစစ်ခံခိုင်းပြီး တွေ့ရတဲ့ တစ်ကြိမ်ဘဲရှိခဲ့ပါတယ်။ ကိုးလအတွင်း ပါဆယ်ပို့တာကလွဲပြီး လုံးဝအဆက်အသွယ် မရှိခဲ့ကြပါဘူး။

        နိုဝင်္ဘာလ ၁၃ ရက်နေ့ဟာ တနင်္ဂနွေနေ့ပါ။  အဲဒီမနက် စောစောပိုင်းမှာ ရှာဖွေရေးဆိုပြီး တစ်ဆောင်လုံးကို ရှာကြဖွေကြပါတော့တယ်။­­­­­  ရှာကြဖွေကြနဲ့ ရှုပ်ပွ နေတော့ ကိုယ်တို့လည်း ပြန်သိမ်းဆည်းနေတုန်းမှာဘဲ အထုပ်အပိုးတွေအကုန်လုံးကို တစ်ခါ တည်းယူပြီး လာခဲ့ဖို့ မိန်းဂျေး က လာခေါ်ပါတယ်။ ၀န်ထမ်းနှစ်ယောက်ကိုလည်း သယ်ဖို့ပိုးဖို့ တစ်ခါတည်း လွှတ်လိုက်ပါတယ်။ ကိုယ်လည်းဘဲ ဘုမသိဘမသိနဲ့ ကျွတ်ကျွတ်အိတ်တွေ ခြောက်အိတ်လောက်ကို ၀ိုင်းကူဆွဲပြီး လိုက်သွားရတာပေါ့။

        မိန်းဂျေးကိုရောက်တော့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ SSA  တပ်ဖွဲ့က ဗိုလ်ချုပ်ဆေးထင်ကို တွေ့လိုက်ရတယ်။ နောက်မကြာပါဘူး SNLD  ဥက္ကဌ ဦးခွန်ထွန်းဦး ကို တွေ့ရပြန်တယ်။ မကြာပါဘူး  တောင်ကြီးမြို့က မျိုးဆက်သစ်ပျိုးခင်း ဆရာဦးမြင့်သန်းတို့ အဖွဲ့ထဲက ကိုယ်တို့နဲ့အမှုတွဲ စိုင်းမျိုးမင်းထွန်း နဲ့ စိုင်းညီညီမိုး တို့ရောက်ချလာကြတယ်။ သူတို့လည်းဘဲ ကိုယ့်လို အထုပ်အပိုးကိုယ်စီနဲ့ပေါ့။ တစ်ခုခုတော့ တစ်ခုခုဘဲပေါ့။  အဲဒီအချိန်အထိ ဘာမှန်းကို မသိသေးပါဘူး။ ဘယ်သူ့ကို မေးမေး ဘယ်သူမှ မဖြေကြပါဘူး။ ဖြေခွင့် မရှိလို့ မဖြေမှန်းသိနေပေမဲ့ ကိုယ်ကသိချင်နေတော့ တွေ့သမျှမေးကြည့်နေတာပေါ့။  မေးသမျှတိုင်းကလည်း မဖြေကြပါဘူး။ လက်လျှော့လိုက်ပြီးတော့မှ  ကိုယ့်အချင်းချင်းကို ကျခံရတဲ့ပြစ်ဒဏ်တွေကို မေးကြရတယ်။ အဲဒီတော့မှ ဦးခွန်ထွန်းဦးက စုစုပေါင်း ၉၃နှစ် ချမှတ်ခံရပြီး ဗိုလ်ချုပ်ဆေးထင် က စုစုပေါင်း ၁၀၆ နှစ် ချမှတ်ခံရမှန်း သိရပါတော့တယ်။ ကိုယ့်ကိုကိုယ် များလှပြီထင်ခဲ့တာ ကိုယ့်ထက်များတဲ့သူတွေလာတွေ့တော့မှ ငိုအားထက်ရီအားသန် ရပါတော့တယ်။  စိုင်းမျိုးဝင်းထွန်းနဲ့ စိုင်းညီညီမိုး တို့ကတော့ တစ်ယောက်ကို ၇၉ နှစ်စီဆိုလို့ အံ့သြမိရသေးတယ်။ သူတို့က လူငယ်တွေပါ။ နိုင်ငံရေးပါတီနဲ့လည်း ပတ်သက်မှု မရှိကြပါဘူး။ ဘာကြောင့်များ ဒီလောက်များပြားလှတဲ့ ပြစ်ဒဏ်တွေကို ချမှတ်လိုက်သလဲ။ မေးခွန်းသာရှိပြီး အဖြေကတော့ တစ်ယောက်သောသူသာ သိမှာပါလေ။

        ဦးခွန်ထွန်းဦး ဆိုတာ အဲဒီအချိန် လက်ရှိတရားဝင်ပါတီဖြစ်တဲ့ SNLD ရဲ့ ဥက္ကဌ ဖြစ်ပါတယ်။ ကိုယ်ကတော့ လက်ရှိမှာ SNLD ရဲ့ အထွေထွေအတွင်းရေးမှူးပါ။ နိုင်ငံရေးပါတီတွေမို့လို့ဆို ထားပါတော့။ အစိုးရနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးရယူထားတဲ့ SSA က ဗိုလ်ချုပ်ဆေးထင် လိုလူပါ ပါလာတာကိုတော့ အတော်အံ့သြမိတယ်။  ကိုယ်တို့ ငါးယောက်ရဲ့  ပြစ်ဒဏ်စုစုပေါင်း ပေါင်းလိုက်တော့ အားလုံး ၄၄၂ နှစ် ဖြစ်သွားပါတယ်။ ဒါတောင် ကိုယ်တို့အမှုတွဲတွေဖြစ်ကြ တဲ့ စိုင်းလှအောင်၊ စ၀်သာဦး၊ ဆရာဦးမြင့်သန်းနဲ့ ဦးထွန်းညိုတို့ မပါသေးပါဘူး။ သူတို့ပြစ်ဒဏ်တွေနဲ့သာ ပေါင်းကြည့်လိုက်ရင် စုစုပေါင်း နှစ် ၇၀၀ ကျော်သွားတယ်လို့ နောင်အခါမှာ သိရတော့ သြချမိပါတော့တယ်။ 

        သူတို့တွေလည်း ကျွတ်ကျွတ်အိတ်အထုပ်တွေ ကိုယ်စီနဲ့ပေါ့။  အဲဒီအချိန်မှာ မှတ်မှတ်ရရ သတိရမိတာက ၀န်ထမ်းတစ်ယောက်ရဲ့ပြောကြားချက်ပါ။ ကိုယ်က ဘာဖြစ်လို့ ကိုယ်တို့ကို ခေါ်တာလဲ ဆိုတာမေးကြည့်တော့ မဖြေချင်ဘူးထင်ပါရဲ့။ အခုဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ ဌာနဆိုင်ရာ ၀န်ကြီးဌာနအားလုံးကို အခုလဖြစ်တဲ့ နိုဝင်္ဘာ လ (၈) ရက်နေ့ နောက်ဆုံး နေပြည်တော်ကို အပြီးပြောင်းကြရမယ်။ အားလုံးအလုပ်ရှုပ်နေကြတယ်လို့ပြောပြပါတယ်။ ၀န်ကြီးဌာနအားလုံးကို ပြောင်းရွေ့တဲ့အလုပ်ဟာ ဘယ်မှာလာ လွယ်လိမ့်မလဲ။ ငါတို့ကိုများ နေပြည်တော်သွားခိုင်းတော့မှာလား ဆိုတဲ့အတွေးက ၀င်လာသေးတယ်။ ဒါပေမဲ့ ဒါမဖြစ်နိုင်ပါဘူးလေ ဆိုပြီး ဖြေတွေးလေးတွေးရသေး။

        မကြာပါဘူး။ ဒုထောင်ပိုင်ဆိုတဲ့ ပုဂ္ဂိုလ် ရောက်လာပါတယ်။ ပါးစပ်ကလည်း ကြိမ်းမောင်းဆဲဆိုနေလေရဲ့ ။ ဘာတွေများ အလိုမကျ စိတ်တိုနေမှန်းတော့မသိပါဘူး။ ကိုယ်တို့ကိုတော့ ဘာမှမပြောဘူး မဆိုဘူး ဆိုတော့ ကိုယ်တို့လည်း မသိလိုက်မသိဖာ သာနေလိုက်ကြတယ်။ ကိုယ်တို့ ရှေ့မှတင် အကျဉ်းသားလေးယောက်ကို အင်္ကျီ ချွတ်ခိုင်းပြီး စာရွက်စာတမ်းပါ အချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်။ ပါးစပ်ကလည်း မိုးမွှန်နေအောင်ဆဲ နေတော့တာပါဘဲ။  အဲဒီအကျဉ်းသား လေးယောက် ကတော့ အတွေ့အကြုံအတော်များပုံပါဘဲ။ မတုန်မလှုပ် နဲ့ မှင်သေသေ နေနေကြတာ တွေ့ရတော့ အတော့်ကို သီးခံနိုင်တာမို့ ချီးကျူးမိသေးတယ်။ နောက်မကြာမီမှာဘဲ ကိုယ်တို့တတွေကို တစ်ယောက်ချင်း အင်္ကျီ ချွတ်ခိုင်းပြီး စာရွက်စာတမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပါတော့တယ်။ ဒီမတိုင်ခင်တုန်းက ရှိုးကျကျဝတ်တတ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဗိုလ်ချုပ်ဆေးထင်တို့နှစ်ယောက် အပေါ်ပိုင်း အင်္ကျီဗလာနဲ့ ရပ်နေတာ ကိုမြင်ရတော့ စိတ်ထဲမှာ အတော့်ကို မကောင်းဖြစ်မိသေးတယ်။  နောက်တော့ ကိုယ်တို့ အ၀တ်တွေကို ကျွတ်ကျွတ်အိတ်ထဲထည့်ခိုင်းလိုက်ပြီး ထောင်ဝတ်စုံအဖြူ ရောင်ပိတ်ခပ်ပါးပါး အင်္ကျီနဲ့လုံချည်ကို ထုတ်ပေးပြီး ၀တ်ခိုင်းပါတယ်။ အခုတင်က အင်္ကျီ ချွတ်နဲ့ လူကြီးနှစ်ယောက်ဟာ အင်္ကျီဖြူ လုံချည်ဖြူ နဲ့ အကျဉ်းသား ပုံပေါက်သွားပါတော့တယ်။ သူတို့တင်မကပါဘူး။ ကျန်နေတဲ့ ကိုယ်တို့အားလုံးလည်း မကြာမီမှာ အကျဉ်းသားပုံစံ အင်္ကျီ ကိုယ်စီနဲ့ ဖြစ်သွားရပါပြီ။
        အခြားအကျဉ်းသားလေးယောက်နဲ့ ကိုယ်တို့ငါးယောက်ကို စစ်ဆေးပြီးတော့ အထုတ်ကိုယ်စီယူခိုင်းပြီး ဗူးဝ ကို ဆက်ထွက်ခဲ့ကြတယ်။ တစ်သီကြီးတန်းစီလာကြတာပေါ့။ ဗူးဝ နားရောက်တော့ အကျဉ်းကျရုံးဆိုလား မသိပါဘူး။ ၀င်ကြရပြန်တယ်။ နောက်တော့ ဦးခွန်ထွန်းဦးကိုခေါ်သွားပြီး နာရီဝက်လောက်မှာ သူပြန်ရောက်လာပါတယ်။ အားလုံးက မှင်သက်သွားကြတယ်။ ဘာကြောင့်လည်းဆိုတော့ ဦးခွန်ထွန်းဦးပြန်လာတော့ သူ့ခြေနှစ်ဖက်မှာ သံခြေကျင်းခတ်ထားလို့ပါဘဲ။ ဦးခွန်ထွန်းဦးကတော့ ခပ်တည်တည် ပါဘဲ။ ဘာမှမပြောပါဘူး။ အတူပါလာတဲ့သူတွေအားလုံး စိတ်မကောင်းဖြစ်သွားကြတယ်ဆိုတာ မပြောဘဲနဲ့ အားလုံးသိနေကြပါတယ်။ နောက်တစ်ယောက် ဗိုလ်ချုပ်ဆေးထင်ကို လာခေါ်သွားကြတော့ အားလုံးဟာ တိတ်ဆိတ်နေပါတယ်။ အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် သံခြေကျင်းတွေ ခတ်ခံရတာပေါ့။ သံခြေကျင်းဆိုတာက ခြေကျင်းဝတ်နှစ်ဖက်မှာ သံကွင်းတစ်ကွင်းစီ ခတ်ထားပြီး အဲဒီ သံကွင်းအပြင်ဘက် နှဖါးမှာ သံကွင်းလေးတွေတွဲထားတယ်။ အဲဒီသံကွင်းကိုမှ မိန်းမလက်သန်းလောက်ရှိတဲ့ သံချောင်းနှစ်ပေလောက် ထပ်တွဲထားတယ်။ အဲဒီ သံချောင်းတွေရဲ့အပေါ်ဖက်ဆုံး အစွန်းမှာ သံကွင်းနှစ်ကွင်းထပ်ဆက်ထားတယ်။ အဲဒီသံကွင်းနှစ်ကွင်းရဲ့ထိပ်နှစ်ခုကို သံကွင်း အကြီးတစ်ခုမှာ သွားပေါင်းပြီးတွဲထားတယ်။ အဲဒီသံကွင်းအကြီးဆုံးကို အခတ်ခံရတဲ့ လူကလက်မှာကိုင်ထားရင် အဲဒီလူရဲ့ "ချက်" နားလောက်မှာရှိနေတယ်။ အဲဒီလို သံခြေကျင်းခတ်ထားလိုက်တော့ အဲဒီအကျဉ်းသားဟာ လက်လည်းမအား ခြေလည်း မနိုင်သလိုဖြစ်သွားရတယ်။ ထွက်မပြေးနိုင်တော့ဘူးပေါ့။ လမ်းသွားရင်လည်း အသံ တစ်ချွင်ချွင်နဲ့ မြည်နေတော့တာပေါ့။
        အားလုံးဟာ တိတ်ဆိတ်နေကြတယ်။ တစ်ယောက်ကို တစ်ယောက်စကားမပြောမိလေအောင် သတိထားနေ နေကြတယ်။ အတွေးကိုယ်စီနဲ့ ရှိနေကြတယ်။ 
        အဲဒါနဲ့တင် ပြီးပလားဆိုတော့ မပြီးသေးပါဘူး။ အားလုံးကို ပုံစံကေ လို့ခေါ်တဲ့ ရှေ့တစ်လက်မ နောက်ပြောင်းပုံစံ ဆံပင်ညှပ်လိုက်ပြန်ပါတယ်။  အဲဒါနဲ့တင် မပြီးသေးပြန်ပါဘူး။ လာပြန်ပါပြီ။  လူတိုင်းကို "လက်ထိပ်" ကိုယ်စီခတ်ထားလိုက်ပြန်ပါတယ်။ အားလုံးက ဘာမှမပြော ကြပါဘူး ။ ပြောစရာလည်း မရှိလို့ဖြစ်ချင်ဖြစ်မှာပေါ့။ ပြောချင်စိတ်မရှိလောက်အောင် စိတ်ပျက်သွားကြတာလည်း ဖြစ်နိုင်တာပေါ့။ အမှန်တကယ် ဘာဖြစ်နေကြလဲဆိုတာ သူများတွေကို ကြည့်ပြီးဝေဖန်ဖို့ နေနေသာသာ ကိုယ့်ကိုကိုယ်တောင် ဘာဖြစ်လို့ ဖြစ်နေမှန်းမသိတော့ပါဘူး။  ဖြစ်ချင်ရာဖြစ်ပါစေတော့ ဆိုတဲ့သဘောမျိုးနဲ့ တိတ်တိတ်လေးဘဲ နေနေကြ ရတယ်။ လက်ထိပ်ခတ်လိုက်တော့ ဆံပင်ညှပ်လိုက်လို့ နောက်ကျောပေါ်မှာ ဆံပင်တိုအမှုန့်တွေ ထိုးလို့ ယားတာကို ကုတ်လို့ မရဘူးဖြစ်နေတာ အတော်ကို ဆိုးတဲ့အတွေ့အကြုံပါဘဲ။ ပိုဆိုးတာက အဲဒီအချိန်အထိ ဘယ်ကိုသွားလို့ သွားရမယ်မှန်း မသိရတာဘဲဖြစ်တယ်။

ဆက်ပါဦးမယ်။  

မှတ်ချက် -     ယခုအဖြစ်အပျက်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်ပါ သည်။ အမည်၊ နေရာ၊ ကာလ၊ အဖြစ်အပျက်များ အားလုံးသည် ကျနော်မှတ်မိထားသလောက်ကို ကျနော်စိတ့်ခံစားရချက်များကို မကွယ်မ၀ှက် တိတိလင်းလင်း တည့်တည့်ရေးသားထားခြင်း ဖြစ်ပါသည်။