Thursday, 30 May 2013

ဖယ်ဒရယ်မူ နဲ့ တိုင်းရင်းသားတို့အမြင် ဆွေးနွေးပွဲမှာ .........

၂၀၁၃ မေလ ၁၉- ရက်နေ့က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အနေနဲ့ ငါးကြိမ်မြောက် ဆွေးနွေးပွဲအဖြစ် ဖယ်ဒရယ်မူနဲ့ တိုင်းရင်းသားတို့ရဲ့အမြင် ဆိုတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကျနော့်ကို ဦးဆောင်ဆွေးနွေးသူအဖြစ်နဲ့ ဆွေးနွေးပေးဖို့ ဖိတ်ကြားလို့ သင့်မသင့် စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒါ လုပ်သင့်တဲ့ကိစ္စအဖြစ် သဘောထားလို့ရတာကြောင့် လက်ခံလိုက်ပါတယ်။

ဆွေးနွေးပွဲ မကျင်းပမီမှာ နိုင်/ကျဉ်း အနေနဲ့ Facebook မှာ ဖိတ်စာတင်ခဲ့တယ်။ ဂျာနယ်တွေကလည်း သတင်းအဖြစ် ဖေါ်ပြခဲ့တယ်။ မမျှော်လင့်ဘဲ စိတ်ပါဝင်စားသူတွေ အများအပြားပေါ်လာတယ်။ ဖုန်းဆက်ပြီးမေးကြတယ်။ အမှန်အတိုင်းဝန်ခံရရင် တဖြည်းဖြည်းနဲ့ ကျနော်ကြောက်လာတယ်။ အမှားအယွင်းများ လုပ်မိပြောမိ လေမလားပေါ့။ လုပ်မယ်လို့လည်း လက်ခံပြီးပြီမို့ ဘာမှလည်း မတတ်နိုင်တော့ဘူးပေါ့။ ကိုယ့်အားနည်းချက်က ကောင်းကောင်း မဟောပြောတတ်တာပါ။ တစ်ဖက်သားကို နားလည်အောင် ရှင်းမပြတတ်တာပါ။ ကျောင်းပြီးတော့ သူငယ်ချင်းတွေဖွင့်တဲ့ ကျူရှင်မှာ အစမ်းသဘော စာသွားပြကြည့်သေးတယ်။ အဲဒီကတည်းက ကိုယ့်အရည်အချင်းကို ကိုယ်သိပြီးသားပါ။ ပြီးတော့ အခုတခါ ပြောရမယ့် ဘာသာရပ်ကလည်း နိုင်ငံရေးဘာသာရပ်၊ အထိအခိုက်မခံနိုင်တဲ့၊ တစ်ချိန်ကဆိုရင် ကျိန်းသေပေါက်အဖမ်းခံရမယ့် ဘာသာရပ်ဖြစ်နေတယ်။

အချိန်ရောက်တော့လည်း သွားရတော့တာပေါ့။ ပြောလိုက် ဟောလိုက်တော့လည်း အကောင်းစားကြီး မဟုတ်ပေမဲ့ ပုံဆိုးပန်းဆိုးကြီးတော့ ဖြစ်မသွားဘူးပေါ့။ အကြပ်ရိုက်နိုင်တဲ့ မေးခွန်းတွေကိုလည်း သင့်သင့် လျှောက်ပတ်အောင် ဖြေခဲ့ပါတယ်။ စာရေးဆရာတွေထဲက ဆရာဖေမြင့်၊ ဆရာအေးမောင်ကျော်တို့လာသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် တို့လိုနိုင်ငံရေးသမားတွေ လည်းလာပါတယ်။ NLD မြောက်ပိုင်းခရိုင် ဥက္ကဌ ဦးခင်မောင်ရှိန်ကိုလည်းတွေ့ရတယ်။ တခြားစိတ်ဝင်စားသူ တွေလည်း အတော်များပါတယ်။ အင်း...... ဖယ်ဒရယ်မူ ဆိုတာ တစ်ချိန်က အင်မတန်ကိုမှ နာမည်ကြီးခဲ့တာကိုး။ ဖယ်ဒရယ်မူကြောင့် ဒုက္ခရောက်သွားခဲ့ရသူတွေ မရေမတွက်နိုင်အောင် တကယ်လည်း ရှိခဲ့တာကိုး။

ကိုယ့်ကိုယ်ကို မိတ်ဆက်တော့ ကျနော်ဟာ ပြည်မမှာ မွေးပြီး ယနေ့ထိ ပြည်မမှာဘဲ နေထိုင်ကြီးပြင်းခဲ့တဲ့အကြောင်းကို တမင်ထည့်ပြောခဲ့ပါတယ်။ နောက်ပြီး အခု ကျနော်ပြောတာတွေဟာ SNLD ရဲ့ သဘောထား မဟုတ်တဲ့အကြောင်း။ သို့သော်လည်း ကျနော်ဟာ SNLD ရဲ့ မူဝါဒချမှတ်သူတွေထဲမှာ ပါဝင်သူတစ်ဦးမို့ အတော်နီးစပ်တယ်လို့ ဆိုနိုင်တဲ့အကြောင်း ပြောပါတယ်။ ကျနော်တို့ ဒီနေ့ လက်ခံထားတဲ့မူကတော့ ကျနော်တို့ ကိုယ်တိုင်ရေးဆွဲထားတဲ့မူ မဟုတ်ကြောင်း၊ ၁၉၆၁ ခုနှစ် တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ပေါင်းစုံအစည်းအဝေးကြီးက ဆုံးဖြတ်ချမှတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး စာတမ်းပါ အချက်တွေဘဲ ဖြစ်တဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ လူကြီးတွေရဲ့ မပြီးသေးတဲ့ နိုင်ငံရေးတာဝန်များကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်းသာ ဖြစ်တဲ့အကြောင်း၊ ထိုမူထဲမှာ ပြည်ထောင်စုက ခွဲထွက်ဖို့ဆိုတာ လုံးဝ မရှိခဲ့ကြောင်း၊ ရှင်းပြခဲ့ပါတယ်။

၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံလွတ်လပ်ရေး ရယူဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလန်ကို သွားခဲ့တယ်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာ ရှမ်းပြည်နယ်က စော်ဘွားတွေ အနေနဲ့ သူတို့ဘာမှ မသိရတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ကိုယ်စားလှယ် မဟုတ်တဲ့အကြောင်း ကြေးနန်းရိုက်ကန့်ကွက်ခဲ့တယ်။ အင်္ဂလန်မှာ အကြပ်အတည်းတွေ့နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို အကူအညီပေးသူတွေကတော့ ရ-ပ-လ လို့ခေါ်တဲ့အဖွဲ့က အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးခွန်ထီး၊ ဦးခွန်စော၊ ဦးတင်အေး၊ ဦးကျော်စိန် စတဲ့ တိုးတက်သောအယူရှိတဲ့ ရှမ်းလူငယ်တွေ ဖြစ်တယ်။ သူတို့က တောင်ကြီးမြို့နေ ပြည်သူလူထုတွေကိုစုစည်းပြီး ပြည်သူ့ဆန္ဒပြပွဲ တွေလုပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ကို  ထောက်ခံကြောင်းဆုံးဖြတ်တယ်။ အဲဒီအကြောင်းကို အင်္ဂလန်ကို တန်ပြန်ကြေးနန်းရိုက်ခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းတို့ အကြပ်ရိုက်တာ သက်သာခဲ့တယ်။ အဲဒီအချက်တွေကြောင့် အောင်ဆန်း-အက်တလီ စာချုပ်မှာ လွတ်လပ်ရေးရယူဖို့အတွက် တိုင်းရင်းသားတွေရဲ့ သဘောတူညီချက် လိုတယ်ဆိုတာ ပါလာတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြည်ပြန်လာတော့ ဒီကိစ္စကို ဆောင်ရွက်ရတယ်။ ပထမအကြိမ် ပင်လုံညီလာခံကို ပင်လုံမှာလုပ်တော့ ဦးနုတို့ဘဲပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမပါခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းပါတဲ့ ပင်လုံညီလာခံက ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်။

ပင်လုံနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်ကို ဖြည့်စွက်ပြီးပြောခဲ့တယ်။ ပင်လုံလို တောမြို့ကလေးမှာ ဘာလို့ ခုလိုညီလာခံကြီးကို ကျင်းပရတာလဲဆိုတာ ကျနော် အတော်ကို သိချင်ခဲ့တယ်။ အဲဒီအချိန်က ကျနော်တို့တတွေ ပင်လုံမြို့ကို ရောက်ဖို့ လမ်းကြမ်းကြီးတွေထဲ ခက်ခက်ခဲခဲ ဖြတ်သန်းသွားရတဲ့ကာလမို့ သိချင်ခဲ့တာပါ။ တောင်ကြီးမြို့ကို ရောက်တိုင်း ဦးတင်အေး၊ ဦးထွန်းမြင့်၊ ဦးကျော်စိန်၊ ဦးခွန်ထီး တို့ဆီကို အမြဲရောက်ခဲ့တယ်။ သူတို့ရဲ့အတွေ့အကြုံတွေကို မေးရမြန်းရအောင်ပါ။ သူတို့တွေကလည်း စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ရှင်းပြခဲ့ပါတယ်။ သူတို့ကို အဲဒီပင်လုံ အကြောင်းမေးကြည့်တော့ အဲဒီအချိန်တုန်းက ရှမ်းပြည်တစ်ပြည်လုံးရဲ့ ဗဟိုအကျဆုံးက ပင်လုံဖြစ်တဲ့ အကြောင်း၊ ကျိုင်းတုံကလာရင် တစ်ရက်နဲ့ရောက်ကြောင်း၊ နမ့်ခမ်း/ လားရှိုးကလာရင်လည်း တစ်ရက်နဲ့ရောက်ကြောင်း၊ တောင်ကြီးကလာရင်လည်း မကြာတဲ့အကြောင်း တွေကို ပြောပြလို့ သိခဲ့ရတယ်။ ဆိုလိုချင်တာက အဲဒီတုန်းက လမ်းပန်းဆက်သွယ်ရေးဟာ အခုအချိန်ထက် အဆပေါင်းများစွာ သာလွန်တဲ့အကြောင်း သာဓက တစ်ခုအနေနဲ့ ပြောပြရတာပါ။ 

နောက်တစ်ချက်ကတော့ နာမည်ကျော် ပင်လုံစာချုပ်မှာ ရှမ်းစော်ဘွားတွေက ပါဝင်သဘောတူ စာချုပ်တော့မဲ့ ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှာ ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ ပြည်ထောင်စုကြီးထဲကို ပူးပေါင်းပါဝင်ခြင်း အထိမ်းအမှတ်အနေနဲ့ အဲဒီ ဖေဖေါ်ဝါရီလ (၇) ရက်နေ့ကို "ရှမ်းအမျိုးသားနေ့" အဖြစ်သတ်မှတ်ခဲ့ပြီး အဲဒီနေ့မှာဘဲ "ရှမ်းအမျိုးသားသီချင်း" ဆိုတာနဲ့ "ရှမ်းအမျိုးသားအလံတော်" ဆိုပြီး သတ်မှတ်ခဲ့တာ ဖြစ်တဲ့အကြောင်း၊ အဲဒီနေ့က ချမှတ်ခဲ့ ဆုံးဖြတ်ချက်ကြောင့် "ပင်လုံစာချုပ်" ဆိုတာ ပေါ်ပေါက်ခဲ့ကြောင်း၊ ရှမ်းပြည်အနေဖြင့် ပြည်ထောင်စုထဲကို ယုံယုံကြည်ကြည်နဲ့ ဝင်ရောက်လာတာဖြစ်ကြောင်း၊ အဲဒီအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ အခုအခါမှာတော့ ရှမ်းအမျိုးသားနေ့ ဆိုတာဟာ အမြင်ကျဉ်းမြောင်းတယ်ဆိုပြီး ရှမ်းပြည်နယ်နေ့လို့ ပြောင်းလိုက်ကြတယ်။ ရှမ်းအမျိုးသားအလံကိုလည်း အခုတော့ ရှမ်းပြည်နယ်အလံ အဖြစ်ပြောင်းလဲ ခေါ်ဝေါသုံးစွဲနေကြတယ်...။

အဲဒီနေရာမှာ အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ကို မမေ့မလျော့စေရန် ပြောပြချင်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အခန်း(၁၀) အောက်မှာ ရှမ်းပြည်အနေဖြင့် နောင် တစ်ဆယ်နှစ်ကျော်လွန်ပါက ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ရှိကြောင်းဆိုတာ အတိအလင်း ဖေါ်ပြခဲ့ကြောင်း၊ အခြေခံဥပဒေလို အလွန်ခိုင်မာတဲ့ ဥပဒေမျိုးမှာ ခွဲထွက်ခွင့်ကို ထည့်သွင်းထားခြင်းဟာ သာမန်လုပ်ရပ်မဟုတ်ကြောင်း၊ ပင်လုံသဘောတူချက်ရရှိဖို့ ဆွေးနွေးကြတဲ့အခါ နှစ်ဖက်စလုံးက စာဖြင့်မဖေါ်ပြဘဲ စိတ်ဓါတ်အရ ပေးခဲ့သော နှုတ်ကတိများရှိခဲ့ကြောင်းကို ထိုအချက်က အတိအလင်း ဖေါ်ပြနေကြောင်း၊ ထိုကတိကဝတ်များကို "ပင်လုံစိတ်ဓါတ်" ဟု ခေါ်ဝေါ်ခဲ့ကြကြောင်း။ ပင်လုံစာချုပ်အရ Federated Shan State နှင့် Burma Proper တို့ တန်းတူရည်တူ ပူးပေါင်းခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း စကားတစ်ခွန်း ရှိခဲ့ကြောင်း ခွဲထွက်ချင်စိတ် မရှိအောင် လုပ်ဖို့က တို့တတွေရဲ့ တာဝန်ဖြစ်တယ် ဆိုတာပြောခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အခု ချုပ်ဆိုနေကြတဲ့ အပစ်ရပ်စဲရေးစာချုပ်တွေထဲက တစ်ချို့နေရာတွေမှာ ပြည်ထောင်စုကြီးထဲက ဘယ်တော့မှ ခွဲမထွက်ပါ ဆိုတဲ့အချက်တစ်ခုကို ရေးသားပြီး လက်မှတ်ထိုးထားကြတာ တွေ့ရပါတယ်။ အထူးအထွေ မပြောလိုပေမဲ့ "ခွဲမထွက်ချင်အောင် ဒီဖက်ကလည်း ဘာတွေ လုပ်ထားပါတယ်" ဆိုတဲ့ အချက်လေးမျိုးကိုလည်း ထည့်ပေးရင် ပိုမကောင်းဘူးလားလို့ မေးချင်ကြောင်း၊ တစ်ဖက်ကို တာဝန်ရှိစေပြီး ကိုယ့်ဖက်ကြတော့ ဘာတာဝန်မှ မယူတာမျိုး မဖြစ်သင့်ကြောင်း ပြောခဲ့ပါတယ်။

ကဲ ...... ဖယ်ဒရယ်အကြောင်း ပြောကြရအောင်။ ကျနော်တို့ လက်ခံထားတဲ့ ဖယ်ဒရယ်ပုံစံကတော့ ၁၉၆၁ ခုနှစ်က တောင်ကြီးမှာ ဆုံးဖြတ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံမူ ဖြစ်တဲ့အကြောင်း၊ အချက်ကြီး သုံးချက်ကိုသာ ခြုံပြီး ပြောလိုကြောင်း၊
(တစ်) အချက်ကတော့ ပင်လုံစိတ်ဓါတ်ကို အခြေခံဖို့လိုကြောင်း၊ ပင်လုံစိတ်ဓါတ်မှာ Federated Shan State နှင့် Burma Proper တို့ သဘောတူ ပူးပေါင်းခဲ့ကြခြင်းဖြစ်ကြောင်း၊
(နှစ်)ကတော့ တန်းတူရေး ဖြစ်ပါကြောင်း၊
(သုံး)အချက်ကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် သာဖြစ်ကြောင်း။
အရေးအကြီးဆုံး သတိပြုဖို့ကတော့ ဘယ်ကိစ္စဖြစ်ဖြစ် ရှမ်းတွေတောင်းလို့ ရှမ်းတွေဘဲ ရမှာမဟုတ်၊ တစ်ပြည်လုံးရမှာ ဖြစ်ပါတယ်။ ရန်ကုန်လည်း ရမယ်။ မန္တလေးလည်း ရမှာဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်မှာ လူမျိုးတစ်မျိုးထဲအတွက် တောင်းဆိုရတဲ့ အချိန်မဟုတ်တော့၊ ဖြစ်လည်းမဖြစ်ထိုက်၊ ဖြစ်လည်းမဖြစ်နိုင်။ ဒီအချိန် တောင်းဆိုချက် လုပ်ဆောင်ချက်များဟာ အားလုံးအတွက်သာ ဖြစ်ပါကြောင်း၊ ဖယ်ဒရယ်စနစ်ကို လက်ခံပါက ရန်ကုန်၊ ဧရာဝတီ စတဲ့ ကျန်ဒေသအားလုံးမှာလည်း ဖယ်ဒရယ်ကို ကျင့်သုံးရမည်သာဖြစ်ပါကြောင်း။ ရှင်းပြခဲ့ပါတယ်။ ရှမ်းပြည် နဲ့ ပြည်မ ပူးပေါင်းဖို့ကို ရှမ်းပြည်ဖက်ကနေ အဓိက ကြိုးစားခဲ့ကြတဲ့ ရှမ်းပြည် ရ-ပ-လ လူငယ်များဟာ တစ်ချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံချက်ရအောင် ရှမ်းလူထုကို လမ်းပေါ်ထွက် ဆန္ဒထုတ်ဖေါ်ပွဲတွေ လုပ်ခဲ့ကြတယ်။ သူတို့ ဖြစ်စေချင်ခဲ့တဲ့ ပြည်ထောင်စုကြီးလည်း အမှန်တကယ် ပေါ်ပေါက် ခဲ့တယ်။ ဒါပေမဲ့ ပူးပေါင်းခဲ့ကြပြီး နောင် တစ်ဆယ်နှစ်ကျော်လာတဲ့အခါမှာတော့ သူတို့ တွေးထင်ခဲ့သလို တိုးတက်ဖွံ့ဖြိုးမှုတွေ မရခဲ့ဘူးဆိုတာ သူတို့ကိုယ်တိုင်သိလာခဲ့ကြတယ်။ အဲဒီအခါမှာ သူတို့ ကိုယ်တိုင်ကဘဲ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့ အသိနဲ့ ပြင်ဆင်ရေးစာတမ်းတွေကို သူတို့ကိုယ်တိုင် ကမကထပြု ဦးစီးဦးကိုင်ပြု ဆောင်ရွက်ခဲ့ကြတယ်။ အဲဒီတုန်းက သူတို့ရေးခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်းဟာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကို အသိပေးခဲ့ပြီး ဝန်ကြီးချုပ်ဦးနုဆီက ခွင့်ပြုချက်နဲ့ ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီ ရှမ်းလူငယ်တွေနေရာကို ဝင်ကြည့်လိုက်ရင် သူတို့ရင်ထဲမှာ ဘယ်လောက်များ ခံစား နေရမလဲဆိုတာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုပါ။ မကြာပါဘူး။ ၁၉၆၂ ခုနှစ်မှာ ပြည်ထောင်စုထဲက ခွဲထွက်ဖို့ ကြိုးစားတယ်ဆိုပြီး အဲဒီလူငယ်တွေကိုပါ စစ်တပ်က ဖမ်းဆီးလိုက်တော့တာပါဘဲ။ ပြည်ထောင်စုထဲကို ပါဝင်ပူးပေါင်းဖို့ ရှမ်းပြည်တောင်ကြီးမြို့မှာ လူထုဆန္ဒထုတ်ဖေါ်ပွဲတွေ ကျင်းပခဲ့တဲ့ လူငယ်တွေဟာ အခုတော့ ခွဲထွက်ရေး ဖြစ်ရပြန်ပါပြီတဲ့။ အဲဒီစွပ်စွဲချက်တွေနဲ့ အဖမ်းခံခဲ့ကြရတယ်။

အမှန်ကတော့ ကျနော်တို့ မြန်မာပြည်မှာ ရှေ့ခေါင်းဆောင်တွေနေရာကို နောက်ရောက်လာတဲ့ခေါင်းဆောင်တွေက ဆိုးမွေကောင်းမွေ မခံတတ်ခဲ့ကြဘူး။ နိုင်ငံတော်အဆင့်အနေနဲ့ ပေးခဲ့တဲ့ ကတိတွေကိုလည်း နောက်လူတွေက မလိုက်နာကြဘူး။ ဒါ အတော်ကို ဆိုးပါတယ်။ နောင်အခါတွေမှာ ခေါင်းဆောင်တွေရဲ့ ကတိကဝတ်တွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရမလဲ။ ၈၈ တုန်းက ခေါင်းဆောင်လုပ်သူက ပေးခဲ့တဲ့ ကတိတွေကို ရွေးကောက်ပွဲမှာ သူတို့ထင်သလိုဖြစ်မလာတဲ့အခါ နောက်လူတွေက မလိုက်နာတော့တာ သမိုင်းတစ်ခု ဖြစ်ခဲ့တယ်။ မငြင်းနိုင်တဲ့ အချက်ဖြစ်ခဲ့တယ်။

ဒါတွေကို ခဏ ထားလိုက်ပါအုန်းမယ်။

ဖယ်ဒရယ်ဆိုတာ အလွန်ကျယ်ပြန့်တာကြောင့် အသေးစိတ် မပြောလိုပါ။ အဓိကအားဖြင့် အာဏာခွဲဝေရေး နှင့် ဘဏ္ဍာငွေ ခွဲဝေရေး နှစ်ချက်ဟာ အရေးကြီးပါတယ်။ ကျနော်တို့ ပြောတဲ့ဖယ်ဒရယ်က ပြည်ထောင်စု အစိုးရကို သတ်မှတ်ထားတဲ့ အာဏာများ အပ်နှင်းပြီး ကျွင်းကျန်အာဏာ residue ကို ပြည်နယ်တွေက ရယူခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၀၈ ဖွဲ့စည်းပုံမှာကတော့ ပြည်နယ်တွေကို သတ်မှတ်အာဏာ ပေးထားပြီး ကျွင်းကျန်အာဏာကို ပြည်ထောင်စုအစိုးရက ရယူထား၍ ပြောင်းပြန်ဖြစ်နေကြောင်း။ ဘဏ္ဍာငွေခွဲဝေရေး ဆိုတာကို ဥပဒေပြုလွှတ်တော်တွေက ဥပဒေဖြင့်ပြဌာန်းရသောကြောင့် လွှတ်တော်သည် အရေးပါသော အခန်းတွင် ရှိကြောင်း၊ လူဦးရေကို အခြေခံပြီး ကိုယ်စားလှယ်ရွေးချယ် ဖွဲ့စည်းသော လွှတ်တော်ကို ယခု ၂၀၀၈ အရဆိုလျှင် ပြည်သူ့လွှတ်တော် ဖြစ်ကြောင်း၊ ထို ပြည်သူ့လွှတ်တော်တွင် ဗမာလူမျိုးက အများစုဖြစ်မည်ဆိုတာ သေချာကြောင်း၊ ထိုအခါ လူနည်းစု လူမျိုးများကို အကာအကွယ်ပေးဖို့ လိုအပ်လာကြောင်း။ ထို့ ကြောင့် အထက်လွှတ်တော်၊ ယခုအခေါ် အမျိုးသားလွှတ်တော်ကို ဖွဲ့စည်းရပါကြောင်း၊ ၂၀၀၈ တွင် ပြည်နယ်တစ်ခု (သို့) တိုင်းဒေသကြီးတစ်ခု စီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၁၂) ဦးစီဖြင့် ဖွဲ့စည်းကြောင်း၊ သို့သော် တိုင်းဒေသကြီး ခုနစ်ခု ဖွဲ့စည်းထားသောကြောင့် ကိုယ်စားလှယ်အားလုံးတွင် လူမျိုးတစ်မျိုးစီဖြင့် ယှဉ်လိုက်လျှင် ဗမာလူမျိုးကသာ အများစုဖြစ်နေပြန်ကြောင်း၊ အမှန်စင်စစ် တိုင်းဒေသကြီး ခုနစ်ခုပေါင်းက တစ်ယူနစ်သာယူရမည် ဖြစ်ပါကြောင်း၊ ဒါမှသာလျှင် ပြည်သူ့လွှတ်တော်မှာ လူများစုများက မဲခွဲပြီး ပြဌာန်းလာသော ဥပဒေတစ်ရပ်ကို ပြည်နယ်များအနေဖြင့် check and balance လုပ်နိုင်မည် ဖြစ်ပါကြောင်း။ တိုင်းဒေသကြီးများက ခုနစ်ယူနစ်ကို ရယူထားတာကြောင့် check and balance မဖြစ်နိုင်တော့ကြောင်း။ ကျနော်တို့ ပြောနေတဲ့ ရှစ်ယူနစ် ဆိုတာ ဒါကို ဆိုလိုခြင်းသာ ဖြစ်ပါကြောင်း၊ အများပြောနေသလို ရှစ်ပြည်နယ်မူ မဟုတ်ပါ ကြောင်း။ စနစ်ကိုသာ ပြောခြင်းဖြစ်လို့ ယူနစ်ကိုပြောခြင်း ဖြစ်ပါကြောင်း။ ယခုလို check and balance မလုပ်နိုင်သော အထက်လွှတ်တော်မျိုး ဖြစ်နေလျှင် ငွေကုန် အချိန်ကုန်ရုံသာ ဖြစ်မှာဖြစ်ကြောင်း၊ လွှတ်တော်နှစ်ရပ် ဖွဲ့စည်းထားခြင်းသည် အဓိပ္ပါယ် မရှိဘဲ ဖြစ်သွားမှာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ လိုချင်သော လွှတ်တော်မှာ check and balance လုပ်နိုင်သော အာဏာတူ လွှတ်တော်နှစ်ရပ် ဖြစ်ပါကြောင်း ရှင်းပြခဲ့ပါတယ်။

ကျနော်တို့ အနေနဲ့ တန်းတူရေး တောင်းဆိုနေတာကို အထင်မမှားစေလိုကြောင်း၊ တစ်ချို့က အခွင့်အရေးပိုတောင်းနေတယ်ဟု ထင်နေကြကြောင်း။ ကျနော်တို့က ပိုမလိုချင်ကြောင်း၊ သို့သော်လည်း လျှော့ ပြီးလည်း မရချင်ကြောင်း။ တန်းတူရည်တူသာ ဖြစ်စေချင်ကြောင်း။ ယခင်က ရှိခဲ့ဖူးကြောင်း၊ ပြည်နယ်တွေကို ဦးစားပေးပါ ဦးစားပေးပါ ဆိုပြီး ဘယ်လိုဦးစားပေးသလဲဆိုတော့ - တိုင်းနဲ့ပြည်နယ် ဘော်လုံးပွဲ နာမည်ကို -ပြည်နယ်နဲ့တိုင်း ဘော်လုံးပွဲ ဆိုပြီး နာမည်ပြောင်းခဲ့ကြောင်း၊ ပြည်နယ်နာမည်ကို အရှေ့တွင် ထားလိုက်ရုံဖြင့် ပြည်နယ်တွေကို ဦးစားပေးတာ ဘယ်လိုပြောနိုင်ပါ့မလဲ။ ယခင် ပင်လုံစာချုပ်ချုပ်ပြီးခါစမှာ အထိမ်းအမှတ် ကျောက်တိုင်ကြီး စိုက်ထူပြီး စာတမ်းထိုးထားတာက "တောင်တန်း- ပြည်မ ပူးပေါင်းရေးစာချုပ် ကျောက်တိုင်" ဖြစ်ခဲ့ပြီး အခု ပြန်ပြင်ထားတဲ့ကျောက်တိုင်မှာတော့ "ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်" ဖြစ်နေတာကို တွေ့နေရတာကြောင့် ဦးစားပေးခြင်းနည်းကို စဉ်းစားသင့်ပါကြောင်း ရှင်းပြခဲ့ပါတယ်။

အဓိကကတော့ (၁) ပင်လုံ စိတ်ဓါတ် (၂) တန်းတူရေး နဲ့ (၃) ကိုယ်တိုင်ပြဌာန်းခွင့် တို့ဘဲ ဖြစ်ပါတယ်။ ယခု ၂၀၀၈ အခြေခံဥပဒေဟာ ပြင်ဆင်ရန် အလွန်ခက်အောင် ရေးဆွဲထားတာ ဖြစ်ပါကြောင်း၊ တစ်ချို့ပညာရှင်များအဆိုအရ ကမ္ဘာပေါ်တွင် ပြင်ရန်အခက်ဆုံးထဲတွင် ပါဝင်သည်ဟု ဆိုထားကြောင်း၊ ကျနော်တို့ အခြေခံထားသော မူသဘောဘောင်အတွင်း ထိုမူထက် ကောင်းသော ၊ ထိုမူထက် ပိုမိုသင့်လျှော်သော၊ ထိုမူထက် အကျိုးပိုရှိသော စနစ်များ ရှိပါက ဖိတ်ခေါ်ပါကြောင်း။ ကျနော်တို့ လေ့လာပြီး ယုံကြည်လျှင် ထောက်ခံမည်သာ ဖြစ်ပါကြောင်း၊ ကျနော်တို့သည် တစ်ယူသန် ခေါင်းမာကြသူများ မဟုတ်ပါကြောင်း၊ ပြည်ထောင်စုကြီး၏ ကောင်းကျိုးချမ်းသာဖြစ်နိုင်မည့်အရေးကိုလည်း အလေးထားပါကြောင်း။ ပြည်ထောင်စုကြီး သာယာဝပြောမှ ပြည်နယ်များလည်း သာယာဝပြော မည်ဆိုတာကို သိထားပါကြောင်း။ ထို့အတူ ပြည်နယ်များ သာယာဝပြောမှသာလျှင် ပြည်ထောင်စုကြီးလည်း ကောင်းမွန်မည်ဖြစ်ပါကြောင်း။ တစ်ချိန်က ပြည်ထောင်စုက ခွဲထွက်ဖို့ လုပ်ဆောင်သည်ဟု လိမ်လည်ပြောကြား စွပ်စွဲခဲ့ခြင်းများသည် အလွန်ကို ဝမ်းနည်းဖွယ်ကောင်းခဲ့ပါကြောင်း။ အမှန်တကယ် မရှိခဲ့သော ထိုအချက်များကို အကြောင်းပြပြီး အာဏာသိမ်းခဲ့သောကြောင့် မြန်မာပြည် ၏ ပထမဆုံးသမ္မတကြီးမှာ ထောင်ထဲတွင် ကွယ်လွန်ခဲ့ရကြောင်း။ သီပေါစော်ဘွား သည်လည်း ဖမ်းဆီးခံခဲ့ရပြီး ယနေ့တိုင် သေသည် ရှင်သည် အသိအမှတ် မပြုနိုင်သေးတဲ့ အဖြစ်မျိုး ဖြစ်ပေါ်ခဲ့ပါကြောင်း။ ကျနော်တို့သည် ထိုသို့သော အမှားများကို နောင်အခါတွင် လက်ဆက်မဖြစ်ပေါ်စေရန် ကြိုးစားသင့်ကြပါကြောင်း။ ကျနော် အတတ်နိုင်ဆုံး ရှင်းလင်းခဲ့ပါတယ်။

မေးခွန်းတွေ မေးလာတဲ့အခါမှာ တစ်ချို့က ဒီမိုကရေစီလမ်းစဉ်ကို သွားနေခိုက် ဖယ်ဒရယ်ကြောင့် ဒီမိုကရေစီ လမ်းကြောင်းပျောက်သွားမှာ စိုးရိမ်ကြောင်း ပြောကြပါတယ်။ ကျနော် ပြန်ရှင်းတာကတော့ ဒီမိုကရေစီ မရှိဘဲ ဖယ်ဒရယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဖယ်ဒရယ်စနစ်ကိုသာ ကျင့်သုံးရင် ဒီမိုကရေစီစနစ်ကိုလည်း ရှောင်လွဲလို့ မရပါဘူးဆိုတာကို ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ယခင် ၁၉၈၈ ခုနှစ်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ စကားကို ယူပြီးပြောပြရရင် သူတို့က ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တစ်ပြိုင်နက်ထဲ ထမ်းဆောင်မယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဟာ ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်း လိုတစ်ခုထဲဘဲ ဆိုတာကိုလည်း ယူသုံးပြခဲ့ပါတယ်။

နောက်ကြောင်းပြန်လှည့် မသွားနိုင်ဘူးလား လို့လည်း မေးခဲ့ကြပါတယ်။ ဒါတော့ ဘယ်သိနိုင်ပါ့မလဲ။ ဒီလိုအချိန်မှာ ကိုယ်ယုံကြည်တာကို ကိုယ်ရှင်းပြရမှာပါဘဲ။ တိုင်းပြည်ကို ဒုက္ခပေးနေတာမှ မဟုတ်ဘဲ။ နေရာဟောင်းကို ပြန်ရောက်သွားဖို့ ဆိုရာမှာ နောက်ပြန်လှည့်မှ ပြန်ရောက်တာ မဟုတ်ပါဘူး။ အရှေ့ကို တည့်တည့် သွားနေရင်းက U-turn နေရာကွေ့လိုက်ရင် နောက်ပြန်မလှည့်ဘဲ နကိုယ်နေရာကို ပြန်ရောက်တာတွေလည်း ရှိနိုင်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။ တကယ်ကတော့ စက်ဝိုင်းအတိုင်းသာ တစ်စိုက်မတ်မတ် လိုက်သွားနေရင် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ နကိုယ်နေရာကို မလွဲမသွေ ပြန်ရောက်သွားမယ်ဆိုတဲ့ ဥပမာ လေးကိုတောင် ထည့်ပြောခဲ့သင့်တယ်လို့ နောင်အခါကြမှ ပြန်စဉ်းစားခဲ့မိသေးတယ်။

အခုတော့ အသံတွေ မျိုးစုံကြားနေရတယ်။ တစ်ချို့က ၁၄-ပြည်နယ် လုပ်ပါလို့ပြောတယ်။ တစ်ချို့က ၁၄-တိုင်း လုပ်ပါလို့ပြောနေကြတယ်။ တစ်ချို့က ပြည်နယ်တွေကို နာမည်ပြောင်းလိုက်ပါ လို့ပြောတယ်။ ပြည်နယ်တွေကို နာမည်ပြောင်းဖို့ ကိစ္စကတော့ ပင်လုံစိတ်ဓါတ်ကို မေ့လျှော့ ပစ်ပယ်ရာ ရောက်တာမို့လို့ ကျနော်တို့ SNLD ကတော့ ကျေညာချက်ထုတ်ပြီး တိတိကျကျ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါကြောင်း ထုတ်ပြန်ကြေညာ ထားခဲ့ပြီး ဖြစ်ပါတယ်။ ၁၄ ပြည်နယ်ဖြစ်ဖြစ် ၁၄ တိုင်း ဖြစ်ဖြစ် ကိုယ်ယုံကြည်တာကို တင်ပြခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာ တစ်ခုထဲကို ကြည့်ပြီး ပြောနေတာတော့ မဖြစ်သင့်ပါဘူး။ အကျိုးသင့်အကြောင်းသင့် ဖြစ်ဖို့လိုသလို ဖြစ်သင့်ဖြစ်ထိုက်ဖို့လည်း လိုပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိဖို့လည်းလိုပါတယ်။ အကြောင်းပြချက်တွေကို လူသိရှင်ကြား ထုတ်ပြောဖို့လိုပါတယ်။

ဒါမှသာလျှင် ကျနော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းကျိုးချမ်းသာ ရှိအောင် ဆောင်ရွက်ရာမှာ အသုံးတည့်တဲ့ အဖြေတွေ ရလာမှာ ဖြစ်ကြောင်းပါဗျာ ။

3 comments:

  1. ၈၈တို့ရဲ့စပ်စုစိန်တို့ရေ. . .အချစ်ကလဲ ဖယ်ဒရယ်မူပဲတဲ့. . . ဘာများသိချင်ပါသေးလဲ

    ReplyDelete
  2. It's an attention-grabbing characteristic not only of blackjack however of all on line casino games that the house—or casino— always has the benefit. It's another attention-grabbing characteristic of blackjack that the dealer's bust potential is normally decrease than the players'. But 바카라사이트 even for the casual participant who plays a reasonably good recreation, the on line casino odds are less, making Blackjack one of the enticing on line casino games for the player. While the popularity of Blackjack dates from World War I, its roots go back to the 1760s in France, where it is known as Vingt-et-Un . Today, Blackjack is the one card recreation might be} found in each American on line casino. As a well-liked home recreation, it is played with barely totally different guidelines.

    ReplyDelete
  3. For occasion, gamers can deposit $500 and obtain a deposit bonus of $500. Play free slots online and play the same Vegas slots you see from our Casinos. Stacked Wilds – will ‘stack’ up and usually land as blocks 2 to five symbols excessive, growing 코인카지노 your possibilities of forming a win. Wild symbols can give your gameplay an extra boost by substituting for another symbols, apart from scatters. If you wanted to land 4 matching symbols on an energetic payline and you solely got three plus a wild, the wild can act because the fourth symbol, providing you with the win anyway.

    ReplyDelete