Thursday, 14 November 2013

ပြင် သစ် တဲ့လား

အခုတလော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးမလား ဒါမှမဟုတ် ပြင်ဆင်ရေးဆွဲမလား ဆိုပြီး အသံတွေ ဆူညံနေပါတယ်။ ကျွန်တော်ကိုယ်တိုင်က အစည်းအဝေးတွေ အတော်များများကို တက်ခဲ့ ပါတယ်။ အဲဒီ အသံတွေက ဘယ်ကနေ ဘယ်လို ပေါ်ပေါက်လာသလဲ ကျွန်တော်လည်း မစဉ်းစားနိုင်တော့ ပါဘူး။ အခုဆိုရင် မြန်မာ့နိုင်ငံရေးလောကကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမဲ့ အဖွဲ့နဲ့ ပြင်ဆင်ဖြည့်စွက် နုတ်ပယ်မဲ့ အဖွဲ့ဆိုပြီး အကြိတ်အနယ် ပြောနေဆိုနေကြတယ်။ သတင်းဌာနတွေကလည်း အဲဒီအချက်ကိုဘဲ သည်းသည်းမည်းမည်း သတင်းတွေမှာ ဖေါ်ပြနေကြတယ်။ အဲဒါနဲ့ဘဲ ပြည်သူလူထုကြီးအတွင်းမှာလည်း ဒီကိစ္စကိုဘဲ အခြေအတင် ဆွေးနွေးနေတာတွေ ပေါ်ပေါက်လာခဲ့တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမှာလား။ ဒါမှမဟုတ် ပြင်ဆင်ဖြည့်စွက်တာကိုဘဲ လုပ်မလားဆိုတာကို ပြည်သူတွေရဲ့ သဘောထားကို ရယူဖို့ မြို့နယ်စုံတွေမှာ အစည်းအဝေးတွေ တစ်နိုင်ငံလုံးမှာ ကျင်းပနေပါတယ်။ မနေ့တစ်နေ့က ဆိုရင် ရန်ကုန်တိုင်းမှာ လူထုသောင်းချီ တက်ရောက်တဲ့ သဘောထားကောက်ယူမှုပွဲတွေတောင် ကျင်းပနေခဲ့တာတွေ့ရပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ မှားတယ်လို့ တိုက်ရိုက် မပြောချင်ပါဘူး။ ဒါပေမဲ့ ဒီလောက်တောင် တစ်နိုင်ငံလုံးမှာ ငွေကုန်၊ အချိန်ကုန်ခံပြီး လုပ်နေတာကတော့ အင်အားတွေ ဆုံးရှုံးတယ်လို့ ထင်ပါတယ်။ ပါတီအနေနဲ့ တစ်ခြား ရည်ရွယ်ချက်တွေ ရှိနေရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။ တစ်ခြားပါတီ အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးတွဲကော်မတီကို မိမိတို့ ပြင်ဆင်ချင်တဲ့ အချက်တွေကို ပေးပို့နေတာတွေတောင်မှ ရှိနေပါတယ်။ အဲဒီ စိတ်ကူးစိတ်သန်းတွေကို ကျွန်တော်ကဘဲ လိုက်မမီတာလားမသိပါဘူး။ ကျွန်တော်တော့ လုံးဝသဘောမပေါက်ဘူးဗျ ။ ကျွန်တော် သဘောပေါက်နေတာကတော့ အဆင့်ကျော်နေတယ်လို့ဘဲ သဘောပေါက်ထားပါတယ်။

ကိုင်းဗျာ ..... ဆွေးနွေးကြည့်ရအောင်။ အသစ်ရေးမယ်ဆိုရင် ဘယ်မူတွေနဲ့ အသစ်ရေးမှာလဲ။ ကောင်းပါပြီ ။ ပြင်ဆင်မယ်ဗျာ . . . . . ဒါဆိုရင် ဘယ်မူနဲ့ ဘယ်သဘောထားကို ကိုင်ပြီး ပြင်ဆင်ဖြည့်စွက်မှာလဲ။ ကိုယ့်တစ်ဖွဲ့ထဲရဲ့ မူတွေနဲ့တော့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဗျာ . . . ။ စဉ်းစားကြည့်ကြပါအုန်း။ အဲဒီလို ကိုယ့်တစ်ဖွဲ့ထဲရဲ့သဘောထားနဲ့ ရေးခဲ့ လုပ်ခဲ့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်ဘ၀ကို ရောက်ခဲ့လဲ ဆိုတာ သင်္ခန်းစာတွေ အများကြီးပါ။ အဲဒီ သင်္ခန်းစာကို မေ့ထားပြီး ကိုယ့်သဘောနဲ့ကိုယ် နောက်တစ်ကြိမ် ထပ် ရေးကြအုန်းမှာလားဗျာ။ မလုပ်ကြပါနဲ့တော့ ။ တော်ပါတော့လို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီအတိုင်းထားလိုက်ကြတော့မှာလား။ ထားလို့တော့ ဘယ် ဖြစ်လိမ့်မလဲ။ အဖွဲ့အစည်းတစ်ခုရဲ့ သဘောထားကို အများပြည်သူရဲ့သဘောထားလိုလို ဟိုလိုလို ဒီလိုလို လုပ်ပြီး ကိုယ့်လိုဖတ်အတိုင်း ကိုယ်ရေးခဲ့တာကြီးကို ဘယ်လိုလုပ်ပြီး ဒီအတိုင်းထားလို့ ဖြစ်မလဲ ။ အခုကိုဘဲ အဲဒီအခြေခံဥပဒေကို မလိုတော့လို့ ပြင်မလား - အသစ်ရေးမှာလား ဖြစ်နေကြတာကို ကြည့်ရင် ဒီအတိုင်းက အလုပ်မဖြစ်တော့ဘူးဆိုတာ သိသာထင်ရှားနေပြီးသားပါ။ အခု ကျွန်တော် ဆွေးနွေးနေတာက အသစ်ရေးမှာလား နဲ့ ပြင်ဆင်ဖြည့်စွက် မှာလား ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီး အငြင်းပွါးနေကြတဲ့ကိစ္စကို ဆွေးနွေးနေခြင်းဘဲ ဖြစ်ပါတယ်။

အမှန်ကတော့ အဆင့်ကျော်နေတာပါ။ ကျွန်တော်တို့ ပထမဆုံးစဉ်းစားရမှာက တစ်နိုင်ငံလုံးက အဖွဲ့အစည်းတွေအားလုံးရဲ့ "နိုင်ငံရေး သဘောတူညီချက်" သာ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေး သဘောတူညီချက်ကသာ အဓိကဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေး သဘောတူညီချက် မရှိဘဲ မဖြစ်ပေါ်ခဲ့ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုကို ရေးဆွဲတာဘဲဖြစ်ဖြစ် ပြင်ဆင်တာဘဲဖြစ်ဖြစ် လုပ်လို့ကို မဖြစ်နိုင်ပါဘူး။ လုပ်နိုင်တယ်ဆိုပြီး လုပ်ခဲ့ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို ဇွတ်ထိုးလုပ်ခဲ့လို့လည်း ဒုက္ခ သုက္ခတွေ တွေ့ခဲ့ကြရပြီးပါပြီ။ ဒီနေ့ လုပ်ရမှာက တစ်ပြည်လုံး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ၊ တစ်နည်းအားဖြင့် တစ်ပြည်လုံးက အဖွဲ့ အစည်းတွေရဲ့ ဘုံသဘောတူညီချက် ဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးသဘောတူညီမှုကြီး ရဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ၁၉၉၀ နောက်ပိုင်း သုံးပွင့်ဆိုင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြတာလည်း ဒီသဘော ဒီအဓိပ္ပါယ်မျိုးဘဲ ဖြစ်ပါတယ်။ နိုင်ငံရေး သဘောတူညီချက် မရသေးဘဲ ၊ မဖြစ်နိုင်သေးဘဲနဲ့ ရေးဆွဲမယ့် အခြေခံ ဥပဒေကတော့ အသစ်ဘဲရေးရေး ၊ ပြင်ဆင်တာဘဲ လုပ်လုပ် အဆင်မပြေနိုင်ပါဘူး။ အခုဟာက အဲဒီအဆင့်ကို ကျော်နေတယ်လို့ ကျွန်တော်တော့ ခံစားမိတယ်ဗျာ ..... ။

နိုင်ငံရေး သဘောတူညီချက်တွေရခဲ့ရင် အခုရင်ဆိုင်နေရတဲ့ ပြင်ဆင်ဖို့အတွက် ကမ္ဘာပေါ်မှာ အခက်ဆုံး ဖြစ်အောင်လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို အလွယ်တကူ ပြင်/သစ် နိုင်မှာဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီမှုက အင်မတန်မှ ရဖို့ ခက်တယ်လို့ စောဒက တက်ချင်တက်နိုင်ပါတယ်။ ရေရှည်ကောင်းဖို့ဆိုတာကတော့ ဒီနည်းလမ်းက အခိုင်မာဆုံးနဲ့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာရှိပြီးသားမို့ (သို့မဟုတ်) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း လွှတ်တော်ထဲမှာ ရှိပြီးသားမို့ အခြေခံဥပဒေ နဲ့ ပတ်သက်လို့ ပြင်တာဘဲလုပ်လုပ် ၊ အသစ်ရေးတာဘဲ လုပ်လုပ် အလွန်ကို လွယ်တဲ့ကိစ္စတစ်ခုဖြစ်သွားပါပြီ။ အခုလို အသစ်ရေးမှာလား ၊ ပြင်ဆင်မှာလားဆိုတာကို အချိန်ကုန် ငွေကုန်ခံပြီး လိုက်မေးနေစရာ မလိုတော့ပါ ဘူး။

အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲကြီး တစ်ရပ်ကို ကျင်းပပြီး သဘောတူညီချက်ရယူဖို့ဆိုတာ အတော်ကို ခက်ပါတယ်။ ဒါလက်တွေ့ မကျဘူးလို့ ဘယ်လိုဘဲ ပြောပြော ကျွန်တော်တို့ကတော့ ရှောင်လွဲထွက်သွားလို့ လုံးဝမရပါဘူး။ လုံးဝ မသင့်ပါဘူး။ ကြည့်ပါလေ။ အခုဆိုရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ကိစ္စမှာ နိုင်ငံတော်အစိုးရ ကတောင် သဘောတူနေပါပြီ။ မငြင်းတော့ပါဘူး။ ကျွန်တော်ပြောချင်တာက နီးစပ်မှု ရှိတဲ့ အကြောင်းကို ပြောချင်တာ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးသဘောတူချက်ဆိုတာကတော့ လိုကိုလိုသလို ၊ ရှိကိုရှိရမယ့် အချက်သာ ဖြစ်ပါတယ်။

ကဲဗျာ . . . . . ။ ဘုံသဘောတူထားတဲ့ ဘုံနိုင်ငံရေး သဘောတူညီချက် မရှိသေးဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲတာဖြစ်ဖြစ် ၊ အသစ်ရေးတာဘဲ ဖြစ်ဖြစ် မဖြစ်နိုင်သေးပါဘူး။ နိုင်ငံရေး သဘောတူညီမှု ဆိုတဲ့ သဘောတူညီချက်ကသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးမှာလား ၊ ပြင်ဆင်တာကိုဘဲ လုပ်မှာလားဆိုတာကို ဆုံးဖြတ်ချက်ပေးမှာ ဖြစ်ပါတယ်။ ပြည်သူတွေက တိုက်ရိုက်ဆုံးဖြတ်ချက်ချလို့ မဖြစ်နိုင်ပါဘူး။ ဒီနေ့ အခြေအနေကို ကြည့်လိုက်ရင် နိုင်ငံတော် အစိုးရကိုယ်တိုင်က တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို ကြိုးစားနေပြီး အဲဒီနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာအောင် ကြိုးစားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ ရှောင်ဖယ်ဖို့ မသင့်ပါဘူး။ စစ်မှန်တဲ့၊ တရားနည်းလမ်းကျတဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ဖို့ဘဲ လိုအပ်တယ်လို့ ယူဆပါတယ်။

နောက်ဆုံးပြောချင်တာကတော့ အသစ်ရေးမှာလား ၊ ပြင်ဆင်မှာလား ဆိုတဲ့ (မလိုအပ်သေးတဲ့) ကိစ္စမှာ အချိန်မဖြုန်းသင့်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိစ္စရပ် ဖြစ်ပေါ်လာစေဖို့ကိုသာ အားသွန်ခွန်စိုက် ဆက်လက်ဆွေးနွေး အကောင်အထည် ဖေါ်သွားသင့်ကြောင်းပါ ဗျာ .... ။

No comments:

Post a comment