Friday 7 March 2014

အိုက်ပန်


အိုက်ပန်ဆိုတာ ဒီကနေ့ လူ့လောကကြီးထဲမှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ လူသားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကြီးက ထူးထူးခြားခြား ဖြစ်နေတာမို့ သူ့အကြောင်းကို တင်ပြချင်စိတ်က လေးလေး နက်နက် ဖြစ်နေတာနဲ့ဘဲ သူ့အကြောင်းကို ရေးဖြစ်ခဲ့ပါတယ်။

၂၀၁၁-ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ၊ နံနက်ပိုင်း (၁၀း၃၀)နာရီအချိန် စစ်တိုင်းမှူးဟာ သူ့ရဲ့လက်အောက် ခံတပ်ရင်းတပ်ဖွဲ့တွေကို စစ်ဆေးဖို့အသွား ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့အနီးမှာ စောင့်ကြိုမိုင်းထောင်တိုက်ခိုက်မှုကို ခံခဲ့ ရပါတယ်။ အဲဒီမှာ လုံခြုံရေးလိုက်ခဲ့တဲ့ စစ်သည်တစ်ဦးကျဆုံးခဲ့ရပြီး နှစ်ဦးဒါဏ်ရာ ရရှိခဲ့တယ်။

နယ်မြေရှင်းလင်းရေးကိုဆောင်ရွက်ခဲ့ရာမှာ ဖြစ်စဉ်ဖြစ်ပွါးခဲ့ပြီးတဲ့နောက် ၉- ရက်အကြာ (စက်တင်ဘာလ ၁၉-ရက်) မှာ စွပ်စွဲခံရသူ အိုက်ပန် ကို "ကုန်းမွတ်ရွာ" အနီးတွင် မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ပြီး တောင်ကြီးမြို့နယ် တရားရုံးမှာ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ-၁၇(၁) အရ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုတဲ့နေ့ဟာ ၂၀၁၃-ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ဖြစ်တဲ့အတွက် အခင်းဖြစ်ပြီး လေးလအကြာမှာ တရားစွဲဆိုခဲ့ကြောင်း တရားစီရင်ချက်စာရွက်စာတမ်းများအရ သိရှိခဲ့ရပါတယ်။ အဲဒီအမှုမှာ အိုက်ပန်ဟာ သူ့အတွက် ရှေ့နေရှေ့ရပ် မရှိခဲ့ဘဲ ကိုယ်တိုင်ထုချေတယ်လို့ ဖေါ်ပြထား ပါတယ်။

အဲဒီအမှုမှာ နမ့်စန်မြို့နယ်၊ ဝမ်ပန်ကျေးရွာနေ (ဘ) ဦးလုံးဝန်း၏ သားဖြစ်သူ တရားခံအိုက်ပန် (အသက်-၂၂ နှစ်) သည် ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေ ပုဒ်မ-၁၇(၁)ကို ကျူးလွန်သဖြင့် အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် (နှစ်နှစ်) တိတိ ကျခံစေ။ ချုပ်ရက်ထုတ်နှုတ်ခံစားစေ။ ..... ..... ...... ဆိုပြီး စီရင်ချက်ချထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ မပြီးသေးပါဘူး။ တောင်ကြီးခရိုင်တရားရုံးတော် မှာ ၂၀၁၂ ခုနှစ် ပြစ်မှုကြီးမှု အမှတ် (၁၁၁/၁၁၃) ကို ဆက်လက်ပြီး ရင်ဆိုင်ရပြန်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၂၂(၁) နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ (၂)/ ၃၂၆ တို့ ကို ဆက်လက်ရင်ဆိုင် ဖြေရှင်းရပြန်ပါတယ်။ အဲဒီအမှုတွေမှာတော့ သေဒဏ်ကျခံရနိုင်တာမို့ ဥပဒေအရ တရားခံအတွက် အစိုးရက ရှေ့နေငှါးရမ်းပေးလို့ ဒေါ်မေခလာ (အထက်တန်းရှေ့နေ)က သူ့အတွက် ရှေ့နေလိုက်ပေးခဲ့ပါတယ်။

အမှုက စိတ်ဝင်စားစရာကောင်းတာမို့ တောင်ကြီးခရိုင်တရားရုံးက စီရင်ချက်ကို လေ့လာနိုင်ဖို့ဖေါ်ပြလိုက်ပါတယ်။

ရက်စွဲ။ ။ ၂၀၁၃ ခုနှစ် မေလ (၁၀) ရက်
အမှုမှာ (၁၀-၉-၂၀၁၁) ရက်နေ့ နံနက် (၀၉း၀၀) နာရီခန့်တွင် ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် ခိုလမ်မှ နမ့်စန်သို့ ယာဉ်တန်းဖြင့် ထွက်ခွါလာစဉ် (၁၀း၃၀) အချိန်ခန့် နမ့်စန်မြို့အနီး (ld ၆၉၄၂၁၂၄၉) အရောက်တွင် သောင်းကျန်းသူများမှ စောင့်ကြို မိုင်းထောင် တိုက်ခိုက်မှုကြောင့် စစ်သည်တစ်ဦးကျဆုံး ၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့၍ နယ်မြေခံ လကတ(၃၀၀၉) မှ နယ်မြေ ရှင်းလင်းဆောင်ရွက်ခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း နှစ်လုံးအား သိမ်းဆည်းရမိပြီး လှုပ်ရှားတပ်များဖြင့် စုံစမ်းထောက်လှမ်းစဉ် ( ၁၉-၉-၂၀၁၁ ) ရက်နေ့ (၁၀) နာရီ အချိန်ခန့်တွင် မသင်္ကာဖွယ် အိုက်ပန် ဆိုသူအား ဖမ်းဆီးရမိ၍ စစ်ကြောဖေါ်ထုတ်ခဲ့ရာ အိုက်ပန်သည် SSA (ရွက်ဆစ်) သောင်းကျန်းသူ အဖွဲ့မှ ဖြစ်ပြီး ၎င်းပါဝင် ကျူးလွန်ခဲ့ကြောင်း သက်သေခံပစ္စည်း လက်လုပ်မိုင်း နှစ်လုံးနှင့်အတူ ဥပဒေအရ အရေးယူပေးရန် လွဲအပ်ချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ( ၂၅-၁-၂၀၁၂ ) ရက်စွဲပါ စာအမှတ်- ပဆရ / ၂-၆ / ဦး ၄ ဖြင့် ခွင့်ပြုမိန့် ရရှိသဖြင့် အိုက်ပန်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၂၂ (၁) ဖြင့် တစ်မှု ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၀၂ နှင့် ၃၀၇ အရ တစ်မှု ၊ နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးမှ လွိုင်ကော်ခရိုင် တရားရုံးတွင် တရားစွဲဆိုတင်ပို့ခဲ့ရာ လွိုင်ကော်ခရိုင် တရားရုံးမှ တောင်ကြီးခရိုင် တရားရုံးသို့ ရုံးပြောင်းရောက်ရှိလာသော အမှုများဖြစ်သည်။ ဤအမှုများမှာ အချင်းဖြစ် အကြောင်းအရာ တစ်ရပ်ထဲမှ ပေါ်ပေါက်သည့် အမှုများ ဖြစ်သည့် အပြင် ပြစ်မှုဆိုင်ရာ ဥပဒေတစ်ခုတည်းဖြင့် စွဲဆိုသောအမှုများဖြစ်၍ ဤစီရင်ချက်သည် အမှုနှစ်မှုလုံးနှင့် သက်ဆိုင်စေရမည်။

ဤ အမှုတွင် တရားလိုပြသက်သေ (၁၀)ဦး နှင့် တရားခံပြ သက်သေ (၅) ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

တရားလို ရဲအုပ်အောင်ဇင်က ပထမသတင်းပေးတိုင်ချက်ပါအတိုင်း ထွက်ဆိုပြီး အိုက်ပန်ကို တပ်မတော်မှ လွဲပြောင်းပေးအပ်၍ လက်လုပ်မိုင်း နှစ်လုံး ၊ အိုက်ပန်၏ တပ်မတော်အရာရှိထံ အစစ်ခံချက်တို့နှင့်အတူ လက်ခံရရှိ၍ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပထမ သတင်းပေးတိုင်ချက်ကို သက်သေခံ (က) ၊ တရားစွဲဆို ခွင့်ပြုမိန့်ကို သက်သေခံ (ခ) ၊ မြေမြှုပ်မိုင်း နှစ်လုံးအား လက်ခံထုတ်ပေး/ လွဲပြောင်းပြေစာကို သက်သေခံ (ဂ) ၊ အိုက်ပန်၏ တပ်မတော် အရာရှိထံ ထွက်ဆိုခဲ့သည်ဆိုသည့် စစ်ကြောချက်မိတ္တူကို သက်သေခံ (ဃ/င) ၊ အခင်းဖြစ်ရပ် မှတ်တမ်းဓါတ်ပုံများအား သက်သေခံ (ဆ) မှ (ဆ-၄) ၊ အခင်းဖြစ်ရပ် မြေပုံကြမ်းကို သက်သေခံ (ဇ) အဖြစ် တင်သွင်းသည်။ လက်လုပ်မိုင်းနှစ်လုံးကို အိုက်ပန်ထံမှ သိမ်းဆည်းခြင်း မဟုတ်ဘဲ နယ်မြေရှင်းလင်းသည့် အဖွဲ့များမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

ဦးသိန်းအောင် လိုပြ (၂) က အိုက်ပန်ကို တပ်မတော်မှ စစ်ဆေးထားသည့် စစ်ကြောချက်မိတ္တူကို တပ်ကြပ်မောင်တိုး မှ ရှာဖွေပုံစံဖြင့် အပ်ပေး၍ စခန်းမှူးက သိမ်းဆည်းစဉ်က ရှာဖွေသက်သေအဖြစ် မိမိနှင့် ဦးကျော်သူတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မှတ်တမ်းဓါတ်ပုံများနှင့် အခင်းဖြစ်ရပ် မြေပုံကြမ်း ရိုက်ယူရေးဆွဲရာ၌လည်း မိမိတို့မှ သက်သေအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုသည်။

လိုပြ (၃) ဗိုလ်ကြီးငြိမ်းထက်က အချင်းဖြစ် (၁၀-၉-၂၀၁၁) ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ယာဉ်တန်းအား သောင်းကျန်းသူများမှ စောင့်ကြိုမိုင်းထောင် ဖေါက်ခွဲရာ ပွိုင့်ကားအား ထိမှန်ပြီး စစ်သည်တစ်ဦးကျဆုံး နှစ်ဦးဒဏ်ရာ ရခဲ့ကြောင်း ၊ အခင်းဖြစ်နေရာ အနီးအနားရှိ ပတ်ဝန်းကျင်ဒေသများ၏ လမ်းလုံခြုံရေးကို မိမိဦးဆောင်သည့် စစ်သည် (၁၉) ဦးက အဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ မိမိနှင့် တပ်မတော်သား သုံးဦးတို့က တာဆိုင်းလမ်းဆုံကို အခြေပြုဆောင်ရွက်နေစဉ် ကုန်းပိုရွာလမ်းဆုံ၌ အခြေချဆောင်ရွက်သည့် အဖွဲ့မှ တပ်ကြပ်မြခိုင် ရောက်ရှိလာပြီး ကုန်းပိုရွာ လမ်းဆုံတွင် မသင်္ကာဖွယ်တစ်ဦးအား ဖမ်းဆီးထားကြောင်း သတင်းပို့၍ လိုက်သွားရာ ဖမ်းဆီးထားသူကို တွေ့ရှိရကြောင်း ၊ အမှတ် (၃၀၀၉) လေကြောင်း ရန်ကာကွယ်ရေးတပ်ရင်းမှူးထံ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပြီး ထိုသူအား နမ့်စန်တပ်ရင်းမှူးရုံး အပ်နှံခဲ့ကြောင်း ၊ ထိုသူမှာ ရွက်ဆစ်အဖွဲ့မှ ဖြစ်သည် ဟု သိရကြောင်း၊ မိမိတို့အဖွဲ့ လမ်းရှင်းလင်းရေးဆောင်ရွက်စဉ် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ထွက်ဆိုသည်။

ဦးအိုက်လူ လိုပြ (၄) က မိမိမှာ နမ့်စန်မြို့နယ် မက်မွန်ကုန်းကျေးရွာအုပ်စု ကုန်းပိုရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ် ကျော်ခန့်က မိမိတို့ရွာသို့ နမ့်စန်ရှိ ခမရ (၅၁၆) တပ်နှင့် အခြားတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မိမိတို့ရွာတွင် အိုက်ပန် ဆိုသူရှိသလားဟု မေးကြောင်း ၊ ၎င်း တို့မလာမီ ရက်အနည်းငယ်ခန့်က တိုင်းမှူးယာဉ်တန်းအား မိုင်းထောင်ဖေါက်ခွဲခြင်းနှင့် ပတ်သက်၍ လာရောက်ရှာဖွေသည်ဟုပြောသဖြင့် အိုက်ပန်ဆိုသူ သော်လည်းကောင်း ၊ နာမည်တူသော်လည်းကောင်း ၊ မိမိတို့ရွာတွင် မရှိဟု ပြောပြခဲ့ကြောင်း၊ အဆိုပါသူမှာ ဒီတီ ဆိုင်ကယ်နှင့် စီးလာခြင်း ရှိ မရှိ မေးမြန်းရာတွင်လည်း မိမိတို့ရွာတွင် တရုတ်မိန်းမစီး ဆိုင်ကယ်သာရှိပြီး အခြားဆိုင်ကယ်မရှိဟု ပြောပြခဲ့ကြောင်း၊ တပ်မတော်မှ ရွာထဲတွင်လည်း ရှာဖွေခဲ့ သေးကြောင်း ၊ ထိုနောက် ရွာတွင်းသို့ သောင်းကျန်းသူများ ဝင်ထွက်သွားလာမှု ရှိပါက သတင်းပို့ရန်မှာကြားခဲ့ကြောင်း ၊ မိမိတို့ ကုန်းပိုရွာမှာ ဝမ်ပန်ရွာ နှင့် အတော်ဝေးကြောင်း ထွက်ဆိုသည်။ ဦးလုံချန် (ကုန်းမွတ်ကျေးရွာ လူကြီး) လိုပြ (၅) ကလည်း (လိုပြ-၄ )နှင့် အလားတူ ထွက်ဆိုသည်။

ဦးလှသိန်း လိုပြ(၆) က (၂၂-၁၁-၂၀၁၁) နေ့က ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်လင်းက ၎င်းတို့ဖမ်းဆီးရမိထားသော အိုက်ပန်ဆိုသူကို လွဲပြောင်းပေးအပ်ရာတွင် မောင်ပုဆိုသူနှင့်အတူ အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ၊ လက်လုပ်မိုင်းနှစ်လုံး ပေးအပ်ရာတွင်လည်း သက်သေအဖြစ် ဆောင်ရွက်ခဲ့ရကြောင်း ထွက်ဆိုသည်။

လိုပြ (၇) ဦးသိန်းမြင့်အောင် နမ့်စန်မြို့တပ်မတော်စစ်ဆေးရုံမှ အထက်တန်းသူနာပြု-၂ က(၁၀-၉-၂၀၁၁) ရက်နေ့ နေ့လယ် အချိန်တွင် ဒဏ်ရာရ စစ်သည်သုံးဦး မိမိတို့ စစ်ဆေးရုံသို့ရောက်ရှိလာပါကြောင်း၊ ၎င်းတို့မှာ ရှမ်းပြည်နယ် တိုင်းမှူး၏ ခိုလမ်း-နမ့်စန် ခရီးစဉ်တွင် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ရသူများ ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်တွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း၊ ၎င်းတို့ သုံးဦးအနက် စစ်သည်နိုင်လင်းအောင် နှင့် ထွန်းအောင်တို့မှာ ဝဲဖက်လက် ကျည်ဖေါက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး တပ်သားဝင်းဆန်းမှာ ယာလက်ဖျံတွင် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒုတပ်ကြပ် နိုင်လင်းအောင်နှင့် တပ်သားထွန်းကျော်တို့မှာ ဒဏ်ရာပြင်းထန်၍ အောင်ပန်းမြို့ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း ၊ ဒုတပ်ကြပ် နိုင်လင်းအောင် အောင်ပန်း မရောက်မီ လမ်းတွင်ပင် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ထွက်ဆိုသည်။

ဗိုလ်ကြီးကျော်ကျော်လင်း လိုပြ (၈) က မိမိမှာ ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်တွင် တာဝန်ထမ်းဆောင်ရကြောင်း ၊ အခင်းဖြစ်ပွါးပြီး (၁၀) ရက်ခန့်အကြာတွင် ဗိုလ်ကြီးငြိမ်းထက်တို့အဖွဲ့မှ မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကို လာဖေါ်စဉ် တရားခံအား အချင်းဖြစ်နေရာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိ၍ မိမိတို့ထံ ဖမ်းဆီးပို့အပ်ခဲ့ကြောင်း ၊ တရားခံအား ခိုလမ်တွင် တစ်ကြိမ် ၊ နမ့်စန်တွင် တစ်ကြိမ် နှစ်ကြိမ်စစ်ဆေးခဲ့ကြောင်း ၊ မိမိမှ ဦးစီးစစ်ဆေးသော်လည်း တပ်ကြပ်မောင်တိုးမှ မေးမြန်းခဲ့ကြောင်း ၊ သက်သေခံ (ဃ/ဂ) မှာ ပဏာမ စစ်ကြောချက်များကို ရေးမှတ်ရယူခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု အမှုနှင့် ပတ်သက်၍ လက်လုပ်မိုင်းနှစ်လုံးအား တရားခံနှင့်အတူ ရဲအုပ်အောင်ဇင်သို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း ထွက်ဆိုသည်။ ရဲအုပ်ဇော်မင်း လိုပြ (၉) က အမှုစစ်အဖြစ် ဆောင်ရွက်ခဲ့သည်များကို ထွက်ဆိုသည်။

တပ်ကြပ်မောင်တိုး လိုပြ (၁၀) က အချင်းဖြစ် ကိစ္စနှင့် ပတ်သက်၍ မသင်္ကာတရားခံ အိုက်ပန်အား နကတ (၃၀၀၉) မှ ဖမ်းဆီးပေးပို့ခဲ့၍ ဗိုလ်ကြီးကျော်ကျော်လင်းမှ ကြီးကြပ်ပြီး မိမိနှင့်တပည့်တစ်ဦးက စစ်ဆေးခဲ့ကြောင်း ၊ စစ်မေးစဉ်က စကားပြန်နှင့် စစ်မေးခဲ့ကြောင်း ၊ စစ်မေးရာတွင် အိုက်ပန်သည် ရွက်ဆစ်အဖွဲ့တွင် ပါဝင်ခြင်း ရှိ မရှိ ၊ တိုင်းမှူး၏ ယာဉ်တန်းတွင် မိုင်းဖေါက်ခွဲမှုကို ကိုယ်တိုင်လုပ်ဆောင်ခဲ့ခြင်း ရှိ မရှိ ၊ စစ်ဆေးရာ အိုက်ပန် က အဆိုပါအဖွဲ့တွင် ပါဝင်ကြောင်း ၊ ယာဉ်တန်းအား မိုင်းထောင်ဖေါက်ခွဲခဲ့သည်မှာ မှန်ကန်သည်ဟု ထွက်ဆိုခဲ့ကြောင်း ထွက်ဆိုသည်။

တရားလိုဖက် သက်သေခံချက်များအရ ... တရားခံ အိုက်ပန်အား ပြစ်မှုကြီးမှု အမှတ် (၁၁၁/၂၀၁၁) တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၂၂(၁) ဖြင့်လည်းကောင်း ၊ ပြစ်မှုကြီးမှု အမှတ် (၁၁၃/၂၀၁၁)တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၃၀၂ (၂) ၊ ၃၂၆ တို့အရ စွဲချက်တင်၍ စွဲချက်ကို ရှင်းပြမေးမြန်းရာ ရွက်ဆစ်အဖွဲ့က မိုင်းထောင်သည့်ကိစ္စကို မသိကြောင်း ၊ ၎င်းအဖွဲ့တွင် ပါဝင်ခြင်း မရှိကြောင်း ၊ ဖခင်ဖြစ်သူ နေထိုင်သည့် ကုန်းပိုရွာသို့ အလည်သွားစဉ် စစ်သားများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိမှ ကျူးလွန်ခဲ့ခြင်း မရှိ၍ အပြစ်မရှိကြောင်း ထုချေသည်။

အိုက်ပန်က သက်သေအဖြစ် အစစ်ခံရာတွင် နမ့်စန်မြို့နယ် ဝမ်ပန်ကျေးရွာတွင် မိခင်နှင့်အတူ နေထိုင်ပြီး တောင်ယာလုပ်ကိုင်ကြောင်း ၊ ကျောင်းနေဖူးခြင်း မရှိ၍ စာမတတ်ကြောင်း ၊ အချင်းဖြစ်နေ့က ကုန်းပိုရွာရှိ ဦးလေးထံ အလည်သွားရင်း အပြန်တွင် ဖခင်ဖြစ်သူအိမ်သို့အသွား လမ်းတွင် စစ်သားသုံးယောက်တွေ့ပြီး အဖမ်းခံရကြောင်း ၊ စစ်သားများက မိုင်းမြှုပ်ထားသည်ဆိုသည့် နေရာများသို့ ခေါ်သွားပြီး မိုင်းကြောင့် ဖမ်းသည်ဟုပြော၍ မိမိ မလုပ်ကြောင်း ပြောခဲ့သော်လည်း မိုင်းထောင်သည့်ကိစ္စ လုပ်သည်ဟု လက်မှတ်ထိုးခိုင်းကြောင်း ၊ အက်စ်အက်စ်အေအဖွဲ့ဆိုသည်ကိုလည်း မိမိမသိကြောင်း ၊ ၎င်းအဖွဲ့တွင်လည်း ပါဝင်ခြင်း မရှိကြောင်း ၊ မိမိတစ်စုံတစ်ရာ ကျူးလွန်ရခြင်း မရှိဘဲ ဖခင်ထံလည်ရန် သွားစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

စိုင်းဆိုင်နွံ (ခ) လုံးငဲ (ခံပြ-၂) က အိုက်ပန်နှင့် တစ်ရွာတည်းဖြစ်၍ သိကြောင်း ၊ မိမိမှာ ဝမ်ပန်ကျေးရွာတွင် အတွင်းရေးမှူးဖြစ်ကြောင်း ၊ လွန်ခဲ့ သည့်တစ်နှစ်ခန့်က မိမိဝမ်ပန်ရွာသို့ စရောက်ချိန်ထဲက အိုက်ပန်ကို သိခြင်းဖြစ်ကြောင်း၊ အိုက်ပန် အိမ်နှင့် မိမိအိမ်မှာ နှစ်လမ်းခြားဖြစ်ကြောင်း ၊ ကုန်းပုတ်ရွာရှိ အိုက်ပန်၏ ဖခင်က အိုက်ပန်အဖမ်းခံရကြောင်း ၎င်း၏မိခင်ထံ အကြောင်းကြားမှ အိုက်ပန်အဖမ်းခံရသည်ဟု သိရကြောင်း ၊ အိုက်ပန်မှာ နေ့စားလုပ်ကိုင်ပြီး ရွာထဲတွင် နေ့စဉ်သွားလာနေသည်ကို တွေ့ရကြောင်း ၊ မိမိတို့ရွာ အနီးတွင် စစ်တပ်မှ တပ်စွဲထား၍ မိမိတို့ရွာမှ မည်သူမျှ ရွက်ဆစ်အဖွဲ့နှင့် ပတ်သက်နိုင်ခြင်း မရှိကြောင်း ၊ ရုံးရှေ့ရှိ အိုက်ပန်ဆိုသူကို ဦးနှောက်မပြည့်ဟု သိထားကြ၍ ရွာကလူများက အိုက်ကော ဟုသာခေါ်ကြကြောင်း ၊ ဖမ်းဆီးခြင်း မခံရမီ အချိန်အထိ အိုက်ပန်မှာ ရွာမှ ထွက်သွားခြင်းမျိုး မရှိခဲ့ဖူးကြောင်း ထွက်ဆိုသည်။

ဦးလုံးခေါင် (ခံပြ-၃) မှာ ဝမ်ပါရွာ အုပ်ချုပ်ရေးမှူး ဖြစ်သည်။ ၎င်းမှ အိုက်ပန်မှာ နည်းနည်းကြောင်သူဖြစ်ကြောင်း ၊ အိုက်ပန်မှာ မိခင်နှင့် အတူ နေပြီး တောင်ယာအငှါးလိုက်သည့် အလုပ်ကိုသာ လုပ်ကြောင်း ၊ အလုပ်ကိုလည်း စိတ်ပါမှ သွားလေ့ရှိကြောင်း ၊ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)က မိမိရွာသို့ အိုက်ပန်တို့ သားအမိ ရောက်လာကတည်းက သိခြင်းဖြစ်ကြောင်း ၊ အိုက်ပန်မှာ ရွာမှ ပျောက်သွားခြင်းမျိုး မရှိကြောင်း ၊ ၎င်းဖခင်ရှိရာ ကုန်းပုတ်ရွာသို့သာ တစ်ခါတစ်ရံ သွားတတ်ကြောင်း ၊ အချင်းဖြစ် ယာဉ်တန်းဗုံးကွဲသည်ဟု သိရှိစဉ်က အိုက်ပန်မှာ မိခင်အိမ်တွင်ပင် ရှိနေခဲ့ကြောင်း ထွက်ဆိုသည်။

ဦးလုံးထွန်း (ခံပြ-၄) က ရုံးရှေ့ရှိ အိုက်ပန်ဆိုသူမှာ ခပ်ကြောင်ကြောင်ဖြစ်၍ ရွာတွင် အိုက်ကော ဟုသာခေါ်ကြောင်း ၊ အိုက်ကောမှာ မိခင်နှင့်အတူလိုက်၍ အလုပ်လုပ်ချင်သည့်အခါလုပ်ပြီး မလုပ်ချင်လျှင်လည်း မလုပ်ဘဲနေတတ်ကြောင်း ၊ ၎င်းမှာ ရွက်ဆစ်အဖွဲ့နှင့် ပတ်သက်သည်ဟု မကြားဖူးကြောင်း ထွက်ဆိုသည်။

 ဒေါ်ပါဦး (ခံပြ-၅) မှာ အိုက်ပန်၏ မိခင်ဖြစ်သည်။ ၎င်းက သားဖြစ်သူမှာ ၎င်းနှင့်အတူ နေထိုင်ပြီး အိုက်ပန်၏ ဖခင်ဖြစ်သူမှာ ကုန်းပုတ်ရွာနှင့် ကုန်းလမ်းရွာကြားအစပ်တွင် နေထိုင်ကြောင်း ၊ ခုနှစ်မမှတ်မိ (၁၀)လပိုင်း လကွယ်ရက်တွင် အိုက်ပန်အိမ်မှ ထွက်သွားရာ မိမိကိုခေါ်သော်လည်း အလုပ်ရှိ၍ လိုက်မသွားခဲ့ကြောင်း ၊ မည်သည့်နေရာသွားမည်ဟုတော့ မပြောကြောင်း ၊ ထွက်သွားပြီး (၅) ရက်ခန့် အကြာတွင်မှ အိုက်ပန်၏ ဖခင်ဖြစ်သူလာပြော၍ အိုက်ပန် အဖမ်းခံရသည်ဟု သိရကြောင်း ၊ အိုက်ပန်မှာ စိတ်မနှံ့သူဖြစ်၍ ရွက်ဆစ်အဖွဲ့နှင့် ပတ်သက်ခြင်း မရှိကြောင်း ထွက်ဆိုသည်။

တရားခံ အကျိုးဆောင်က အမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲရာတွင် တရားလိုနှင့် တရားလိုပြ သက်သေထွက်ဆိုချက်များအရ အိုက်ပန်ကို မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခြင်းသာ ဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း ၊ ယာဉ်တန်းအား စောင့်ကြိုမိုင်းထောင် တိုက်ခိုက်သည်ဆိုသည့် သောင်းကျန်းသူများတွင် ပါဝင်သည်ဆိုသော်လည်း ထိုအချက်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်မှု မရှိကြောင်း ၊ အိုက်ပန်ကို အချင်း ဖြစ်ပြီး (၉) ရက်ကြာမှ ကုန်းပုတ်ရွာအနီးတွင်သာ တွေ့၍ မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ခြင်းသာဖြစ်ပြီး ၊ အခင်းဖြစ်သည့်နေရာအနီးတွင် တွေ့ရှိခြင်း မဟုတ်ဟု လည်းပေါ်ပေါက်ကြောင်း ၊ တရားခံအား စစ်ကြောမေးမြန်းချက် သက်သေခံ (ဃ) အရ တရားခံသည် အက်စ်အက်စ်အေ ရွက်ဆစ်အဖွဲ့ဝင် ဖြစ်ကြောင်း စသည့်အချက်များမှာလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ - ၁၆၂ (၁) အရ နှင့် သက်သေခံ ဥပဒေပုဒ်မ -၂၅ ၊ ၂၆ တို့အရ သက်သေခံအဖြစ် အသုံးပြု နိုင်မည် မဟုတ်ကြောင်း ၊ ထိုအချက်များအတွက် သီးခြားကင်းလွတ်သည့် သက်သေခံအထောက်အထား တစ်စုံတစ်ရာမျှ မရှိကြောင်း ၊ တရားခံက ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း သက်သေပြရန် တာဝန်မရှိဘဲ တရားလိုဘက်ကသာ တရားခံဖြစ်သူ ကျူးလွန်ကြောင်း သံသယကင်းရှင်းစွာဖြင့် သက်သေထင်ရှားပြရန် တာဝန်ရှိကြောင်း ၊ ယခုအမှုတွင် တရားခံပြစ်မှု ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်ခြင်း မရှိ၍ တရားခံ အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၅၈ (၁) အရ အပြီးအပြတ် လွှတ်သင့်ကြောင်း၊ မောင်တိုးလူ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၊ စိန်လှ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ မောင်ကြီးမောင် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၊ စီရင်ထုံးများ ကိုးကားလျှောက်လဲသည်။

တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သော ဥပဒေအရာရှိက တရားခံမှ အပြစ်မရှိကြောင်း ခံပြသက်သေများဖြင့် တင်ပြထွက်ဆိုထားသော်လည်း စစ်ကြောချက်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန် နမ့်စန်မြို့အနီးတွင် သောင်းကျန်းသူများ၏ စောင့်ကြိုမိုင်းထောင်တိုက်ခိုက်မှုကြောင့် စစ်သည်တစ်ဦးကျဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ နယ်မြေခံ လကက (၃၀၀၉) မှ နယ်မြေရှင်းလင်းရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံး သိမ်းဆည်းရမိပြီး ၊ လှုပ်ရှားတပ်များဖြင့် စုံစမ်းထောက်လှမ်းစဉ် (၁၉-၉-၂၀၁၁) ရက်နေ့ (၁၀း၀၀) နာရီအချိန် အိုက်ပန်အား ဖမ်းဆီးရမိ၍ စစ်ဆေးရာ အိုက်ပန်သည် အက်စ်အက်စ်အေ (ရွက်ဆစ်) အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဖြစ်ပြီး ၎င်းကိုယ်တိုင် ပါဝင်ကျူးလွန်ကြောင်း စစ်ကြောချက် ရရှိ၍ အိုက်ပန်အား စွဲချက်တင်ထားသည့် ပြစ်မှုဆိုင်ဥပဒေ ပုဒ်မ-၁၂၂(၁) ၊ ၃၀၂ ၊ ၃၂၆ အရ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ပေး ရန် လျှောက်လဲသည်။

ယခုအမှုတွင် တရားခံအိုက်ပန်သည် အချင်းဖြစ် စောင့်ကြိုမိုင်းထောင်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဆိုသည့် အချက်နှင့် ပတ်သက်၍ တစ်ခုတည်းသော ငြိစွန်းချက်မှာ တပ်ကြပ်မောင်တိုးက အိုက်ပန်အား စစ်ကြောခဲ့သည်ဆိုသည့် စစ်ကြောချက် မိတ္တူ သက်သေခံ "ဂ" တစ်ခုတည်းဖြစ်သည်ကို တွေ့ရသည်။ အိုက်ပန်သည် အက်စ်အက်စ်အေ ရွက်ဆစ် သောင်းကျန်းသူအဖွဲ့တွင် ပါဝင်ကြောင်း သီးခြားကင်းလွတ်သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရပေ။

ဦးအိုက်လူ (လိုပြ-၄) နှင့် ဦးလုံချန် (လိုပြ-၅) တို့၏ ထွက်ချက်များအရ အချင်းဖြစ်ကိစ္စအတွက် ယခုအမှုမှ တရားခံအိုက်ပန်ကို ဖမ်းဆီးခြင်း မပြုမီကပင် အိုက်ပန်အမည်နှင့် ဒီတီဆိုင်ကယ်နှင့် လူကို တပ်မတော်မှ လိုက်လံရှာဖွေခဲ့ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အိုက်ပန်ဆိုသူမှာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု တပ်မတော်မှ ဦးစွာသတင်းရထား၍သာ အိုက်ပန်ဆိုသူကို လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်မည်ဟု သုံးသပ်သည်။ တရားခံ သက်သေထွက်ချက်များအရ ယခုအမှုမှ တရားခံကို ခပ်ကြောင်ကြောင် ဖြစ်၍ ရွာတွင် အိုက်ကော ဟုသာခေါ်ဆိုကြကြောင်းတွေ့ရသည်။ ထိုပြင် ယခုအမှုမှ တရားခံတွင် မှတ်ပုံတင်မရှိ၍ ၎င်း၏အမည်မှာ အိုက်ပန် ဖြစ်သည် သို့မဟုတ် အိုက်ကော ဖြစ်သည်ဆိုသည့် အချက်ကို ကွဲပြားသိမြင်နိုင်ခြင်း မရှိပေ။

သို့ရာတွင် တရားခံကိုယ်တိုင်က တပ်ကြပ်မောင်တိုးထံတွင် ပေးခဲ့သည်ဆိုသည့် စစ်ကြောချက်မိတ္တူ .... သက်သေခံ " ဂ " အရ တရားခံမှာ အက်စ်အက်စ်အေ ရွက်ဆစ် သောင်းကျန်းသူအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး အချင်းဖြစ် စောင့်ကြိုမိုင်းထောင် ဗုံးခွဲသည့် ကိစ္စတွင် ကိုယ်တိုင်ပါဝင်ခဲ့ ကြောင်း ပေါ်ပေါက်သည်။

တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တို့ ရှေ့တွင် အစစ်ခံချက် (စစ်ကြောချက်) သည် သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်း တို့ကြောင့် ပြုလုပ်ကြောင်း မထင်ရှားလျှင် ယင်းစစ်ကြောချက်ကို သက်သေခံအဖြစ် လက်ခံရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ နှင့် ရဲနောင် ပါ-၂ ၊ စီရင်ထုံးတွင် လမ်းညွှန်ချက်အရ သက်သေခံ (ဃ/င) စစ်ကြောချက်အရ တရားခံအား စွဲချက်တင်ထားသည့် ပုဒ်မများဖြင့် အပြစ်ပေးရန်သာရှိသည်။


၁။ ၁၉၈၀ - ခုနှစ် ၊ မတစ ၊ စာ- ၇
၂။ ၁၉၅၁ - ခုနှစ် ၊ မတစ ၊ တရားလွှတ်တော် ၊ စာ- ၂၈၉
၃။ ၁၉၆၈ - ခုနှစ် ၊ မတစ ၊ စာ- ၅၂
၎။ ၁၉၉၁ - ခုနှစ် ၊ မတစ ၊ စာ- ၆၃


အမိန့်

နမ်စန်မြို့နယ် ၊ ဝမ်ပန် ကျေးရွာနေ (ဘ) ဦးလုံးဝန်း ၏သား အသက် (၂၅) နှစ်ရှိ တရားခံ အိုက်ပန်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၁၂၂(၁) အရ အပြစ်ရှိ၍ တစ်သက်တစ်ကျွန်းဒဏ် ကျခံစေ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၀၂ (၂) အရ အပြစ်ရှိ၍ တစ်သက်တစ်ကျွန်း ဒဏ်ကျခံစေ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၂၆ အရ အပြစ်ရှိ၍ အလုပ်နှင့် ထောင်ဒဏ် (၅-နှစ်) ကျခံစေ ၊ ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေ ။ ထောင်ဒဏ်မှ ချုပ်ရက်များကို ထုတ်နှုတ်ခံစားစေ ။

သက်သေခံ ပစ္စည်းများအား သက်ဆိုင်ရာသို့ ပို့အပ်စေ ။

ဒါကတော့ တောင်ကြီးခရိုင်တရားရုံးတရားသူကြီးက (၁၀-၅-၂၀၁၃) ရက်စွဲနဲ့ လက်မှတ်ထိုး ချမှတ်ခဲ့တဲ့ အမိန့် ဖြစ်ပါတယ်။ အမှန်ကတော့ ဒီလိုတိုက်ရိုက်ကြီး ကူးထည့်လိုက်ရတာကတော့ သိပ်တော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီထက်မက ပိုမိုတိကျအောင်ကလည်း မရေးနိုင်တော့တာမို့ပါ။ မရေးတတ်တော့လို့ပါ။ ကိုင်းဗျာ .... အဲဒီအမှုမှာ တရားခံ ရှေ့နေဖြစ်တဲ့ ဒေါ်မေခလာရဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၂၂(၁) အရ စွဲဆိုမှုအပေါ် စွဲချက်လျှောက်လဲချက်ကိုလည်း ဖတ်ကြည့်မှ ပြည့်စုံမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။

အထက်ပါအမှုတွင် တရားခံ၏ ရှေ့နေက လေးစားစွာဖြင့်
စွဲချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း လျှောက်ထား
အပ်ပါသည်။

အမှုမှာ ( ၁၀ - ၉ -၂၀၁၁ ) ရက်နေ့ ( ၉း၀၀ ) နာရီ အချိန်ခန့်တွင် (ရ-လ-ခ) တပ်မှူးသည် လက်အောက်ခံတပ်များအား စစ်ဆေးရန်အတွက် ခိုလမ်မှ နမ့်စန်သို့ ယာဉ်တန်းဖြင့် ထွက်ခွါလာစဉ် (၁၀း၃၀) အချိန်ခန့် ၊ နမ့်စန်မြို့အနီး (ld ၆၉၄၂၁၂၄၉) အရောက်တွင် သောင်းကျန်းသူများမှ စောင့်ကြို မိုင်းထောင်တိုက်ခိုက်မှုကြောင့် စစ်သည်တစ်ဦး ကျဆုံး နှစ်ဦးဒဏ်ရာရခဲ့၍ နယ်မြေခံ (လ.က.သ) (၃၀၀၉) မှ နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၂)လုံးအား သိမ်းဆည်းရမိပြီး လှုပ်ရှားတပ်များဖြင့် စုံစမ်းထောက်လှမ်းစဉ် (၁၉-၉-၂၀၁၁) ရက်နေ့ (၁၀း၀၀) အချိန်ခန့် တွင် ဖေါက်ခွဲရာတွင် ပါဝင်သော မသင်္ကာဖွယ် အိုက်ပန်အား နမ့်စန်မြို့နယ် ကုန်းမုတ့် ကျေးရွာအနီးတွင် ဖမ်းဆီးရမိ၍ ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းရာမှ ပေါ်ပေါက်လာသော အမှု ဖြစ်ပါသည်။

အမှုတွင် တရားလို ၊ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များအရ အိုက်ပန်ကို မသင်္ကာ၍ ဖမ်းဆီး စစ်ဆေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပေါ်ပေါက်လျက် ရှိပါသည်။ ယာဉ်တန်းအား စောင့်ကြို မိုင်းထောင်တိုက်ခိုက်သည်ဆိုသည့် သောင်းကျန်းသူများတွင် ပါဝင်သည်ဟု အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်မှု မရှိပါ။

အိုက်ပန်ကို အခင်းဖြစ်သည့် နေရာအနီးတွင် တွေ့ရှိရခြင်း မဟုတ်ကြောင်းလည်း ပေါ်ပေါက်ပြီး ၎င်းအား ဖမ်းဆီးသည်မှာလည်း အချင်းဖြစ်ပြီး (၉) ရက်ကြာမှ ကုန်းမုတ်ရွာ အနီးတွင် တွေ့၍ မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်လျက်ရှိပါသည်။

တရားလိုဘက်က စွပ်စွဲလျှင် တာဝန်ကျေပြီးဆုံးပြီ ၊ စွပ်စွဲခံရသူဘက်က မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန် ပခုံးပြောင်း၍ မရချေ ။ ပြည့်စုံစွာ စုံစမ်း၍ ခိုင်လုံစွာ သက်သေထူရန်မှာ ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေသည်ဟု "မောင်ကြီးမောင် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၆၈ မတစ ၊ စာ- ၅၂ ) " တွင် လမ်းညွှန်ထုံးဖွဲ့ထားပါသည်။

ထိုသို့ အိုက်ပန်အပေါ် စွဲချက်တင်နိုင်ရန် ခိုင်လုံသော သက်သေအထောက်အထားတင်ပြရန် တာဝန်မှာ တရားလိုတို့၏ တာဝန်သာ ဖြစ်ပါလျက် တရားလိုတို့မှ တိကျခိုင်လုံသော သက်သေအထောက်အထားများဖြင့် တင်ပြနိုင်ခြင်း မရှိသည့် အနေအထားတွင် အိုက်ပန်အပေါ် စွဲဆိုထားသည့် ပုဒ်မ -၁၂၂(၁) အရ စွဲချက် မတင်သင့်ပါကြောင်း လေးစားစွာဖြင့် လျှောက်ထားတင်ပြ အပ်ပါသည်။

ထိုကဲ့သို့ စွဲချက်မတင်မီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၅၃(၁) အရ လွှတ်ပေးပါရန် လျှောက်ထားခဲ့ပါသည်။

သူ၏ အပြီးသတ်လျှောက်လဲချက်မိတ္တူကို မရခဲ့ပါ။ ၃၀၂ လူသတ်မှုအတွက် လျှောက်ထားချက်မိတ္တူများကိုလည်း မရရှိ ခဲ့လို့ မတင်ပြနိုင်ပါ။ ပုဒ်မ-၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုကြီးကို ဘယ်ပုံဘယ်နည်း ချေပလျှောက်ထားခဲ့တယ် ဆိုတာကိုလည်း အမှုတွဲများ မရရှိတဲ့အတွက် မဖေါ်ပြနိုင်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီတရားရုံးရဲ့စာနှစ်စောင်ကိုကြည့်ရုံနဲ့တင် အဲဒီအမှုအပေါ် ထင်မြင်ချက်များ ပေးနိုင်လောက်ပါပြီလို့ ယူဆမိပါတယ်။ ခရိုင်တရားရုံးမှာ စွဲခဲ့တဲ့ ပုဒ်မတွေဟာ အင်မတန်မှ ကြီးလေးတဲ့ပြစ်မှုမျိုးကိုမှ စွဲဆိုလေ့ရှိတဲ့ ပုဒ်မမျိုးပါ။ ပြစ်ဒဏ်ကျတော့လည်း သေဒဏ်အထိအပြစ်ပေးနိုင် ပါတယ်။ အခုအမှုနှစ်မှုအတွက်ကတော့ တစ်သက်တစ်ကျွန်း နှစ်ကြိမ်တိုင်အောင် ချမှတ်ခံလိုက်ရတာပါ။

အချင်းဖြစ်တဲ့အချိန်ဟာ လက်ရှိအစိုးရ လက်ထက်မှာ ဖြစ်ပါတယ်။ ဒါက ထူးခြားချက်တစ်ခုပါ။

ယာဉ်တန်းတိုက်ခိုက်ခံရတဲ့အချိန်တုန်းက အဲဒီဒေသတစ်ဝိုက်မှာ ဖမ်းဆီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့အဆိုအရဆိုရင် လူပေါင်း ၇၄ ယောက် အဖမ်းခံရတယ်လို့ သိရပါတယ်။ ဒါကလည်း အလွန်ကို သဘာဝကျပါတယ်။ အဲဒီအမှု ဖြစ်ပြီးနောက်မှာ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေပြီး အဖြစ်အပျက်များကို သတင်းပေးပါတယ်။ ဒါကို နိုင်/ကျဉ်း အဖွဲ့က လူလွှတ်ပြီး တောင်လေးလုံးအကျဉ်းထောင် မှာ စုံစမ်းတော့ အိုက်ပန်ဆိုတာ အမှန်ရှိနေကြောင်း သိခဲ့ရတယ်။

အဲဒီ အိုက်ပန် ကိစ္စကို လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ အမှုတွဲကိုတောင်းလိုက်တော့ ဖေါ်ပြခဲ့တဲ့ အမှုတွဲနှစ်ခုကို အစိုးရဖက်က ရှာဖွေပေးပါတယ်။ အမှုတွေက နိုင်ငံရေးပြစ်မှုတွေ ဖြစ်နေပါတယ်။ ၁၇ (၁) နဲ့ ၁၂၂ (၁) ဆိုတာ တကယ့်နိုင်ငံရေး ပြစ်မှုတွေဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာမို့ ကျနော်က တာဝန်ယူစိစစ်ပေးခဲ့ ပါတယ်။ စိစစ်ပြီးတဲ့နောက် သိရသလောက် အဖြစ်မှန်ကို အစည်းအဝေးမှာ တင်ပြပေးခဲ့ပါတယ်။

၃၁-၁၂-၂၀၁၃ နေ့မှာ တစ်နိုင်ငံလုံး နိုင်ငံရေးအကျဉ်းသား ငါးဦးလွှတ်တဲ့အထဲမှာ အိုက်ပန် ပါလာပါတယ်။ SB ရဲသတင်းတပ်ဖွဲ့က ထောင်ကနေတောင်ကြီးမြို့ကို ပို့ပေးပါတယ်။ သူလွှတ်တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် တောင်ကြီးမှာ ရှိနေလို့ အိုက်ပန်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အမှန်ဘဲ အိုက်ပန်ဟာ ဘာမှ နားလည်ဟန်မတူပါဘူး။ ကယန်းလူမျိုးနဲ့ ရှမ်းလူမျိုး ကပြားဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်နှစ်ခွဲလောက်နေခဲ့လို့ ဗမာစကားနည်းနည်း နားလည်လာပုံရပါတယ်။ သူ့ကို ဂရုဏာသက်ပြီး မုန့်ဖိုးတွေ ဝိုင်းပေးကြပါတယ်။ SNLD တောင်ကြီး ဥက္ကဌကိုယ်တိုင် ဝမ်ပန်ရွာ အရောက် ရပ်မိရပ်ဖတွေ ရှေ့ သူ့အဖေနဲ့အမေဆီ အပ်နှံပေးခဲ့ပါတယ်။

ဘာဘဲဖြစ်ဖြစ် အိုက်ပန်ဟာ သူစွပ်စွဲခံရတဲ့ ပြစ်မှုမျိုးကို ကျူးလွန်နိုင်လောက်တဲ့ အရည်အသွေး မရှိတာတော့ သေချာတယ်လို့ ကျနော်တော့ ယုံကြည်မိတယ်။ အိုက်ပန်မှာ အမျိုးသားမှတ်ပုံတင်လည်း မရှိပါဘူး။ ရွာကလူတွေရဲ့ အဆိုအရ သူဟာ စာလည်းမတတ်ပါဘူး။ ဗမာစကားလည်း မတတ်ပါဘူး။ ဒါပေမဲ့ ၁၇(၁) အမှုရဲ့ စွဲချက်တွေကို ရှေ့နေမပါဘဲ ကိုယ်တိုင်ထုချေတယ်ဆိုတော့ ဘယ်လိုများ ထုချေပါလိမ့်လို့ ကျနော်အတော်ကို စိတ်ဝင်စားမိတယ်။ သူနဲ့စကားပြောခွင့်ရတော့လည်း မေးဖြစ်အောင်မေးကြည့်ပါသေးတယ်။ ကျနော်မေးတာကိုတောင် သူရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ တရားရုံးမှာ သူဘယ်လို ထုချေခဲ့တယ်ဆိုတာကတော့ ကျနော့်ကို ဘယ်လိုလုပ်ရှင်းပြ နိုင်တော့မလဲဗျာ....။ နောက်ဆုံးတော့ အိုက်ပန်ဟာ နိုင်ငံရေးအကျဉ်းသား တစ်ဦးအဖြစ်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တယ်။ ဒါပေမဲ့ အိုက်ပန်ဟာ နိုင်ငံရေးသမားတစ်ယောက်လည်း မဟုတ်ပြန်ဘူး။ သို့ပေမဲ့ သူ့ကို စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ပုဒ်မကြီးတွေက နိုင်ငံရေးပုဒ်မကြီးတွေ ဖြစ်နေပြန်တယ်။ အိုက်ပန်အဖို့ ပထမပိုင်းမှာ အဲဒီပြစ်မှုကြီးတွေနဲ့ ချမှတ်ခံရတာ အလွန်ထိတ်လန့်စရာ ဖြစ်ခဲ့မှာပါ။ သို့သော်လည်း အဲဒီ ပုဒ်မကြီးတွေကြောင့်ဘဲ အိုက်ပန်ဟာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ပြန်လွှတ်ခဲ့ရတာမို့ သူ့ကိုတဖန် ပြန်ကယ်တင်သွားခဲ့တာလို့ ပြောနိုင်ပါတယ်။

ဘာဘဲဖြစ်ဖြစ် ဒီဖက်ခေတ်မှာတော့ ဒါတွေ ထပ်မဖြစ်ဖို့ကို ဝိုင်းဆုတောင်းပေးဖို့ ၊ ဝိုင်းကာကွယ်ပေးဖို့ လိုတယ်လို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံရေးသမား မဟုတ်တဲ့ အိုက်ပန်ကတော့ နိုင်ငံရေးအကျဉ်းသားခေါင်းစဉ်နဲ့ ပြန်လွှတ်လာခဲ့ပါပြီ။ နိုင်ငံရေးပုဒ်မနဲ့ တရားမစွဲခဲ့ဘဲ အခြားပုဒ်မတွေနဲ့ တရားစွဲခံရပြီးတော့ ပြစ်ဒဏ်ကျခံနေရတဲ့ တကယ့်နိုင်ငံရေး သမားတွေအတွက်တော့ ကျနော်တို့ အဖို့ အခုထိကို အိပ်မက်ဆိုးကြီးတစ်ခုလို ဖြစ်နေပါသေးတယ်။ စိတ်ထဲမှာ ပူပန်မှုတွေဖြစ်ပြီး အိပ်မပျော်နိုင်အောင် ဖြစ်ဆဲ ဖြစ်နေကြောင်းပါဗျာ ။

1 comment:

  1. I live in Taunggyi n I feel very up set to know this kins of case. I really feel sorry for him

    ReplyDelete