Sunday 16 November 2014

ပြည်-ထောင်-စု အမွေ

( ဤ စာစုကလေးသည် ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ကနေ ၂ဝဝဝ -ပြည့်နှစ် (၅၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော စာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရှမ်းပါတီကိုယ်စားပြုလျက် ရေးသားပေးပို့သော စာစုကလေး ဖြစ်ပါသည်။ ထို စာစုကလေးကို အခြေအနေ ကြပ်တည်းမှု ကြောင့် စောင်ရေ အနည်းငယ်သာ ထုတ်ဝေခဲ့ပါသည်။ မှတ်မှတ်ရရ ထိုစာမူကို ပေးပို့စဉ်က ထိုစာမူပါ စာလုံးပေါင်း သတ်ပုံများကို ပြင်ဆင်ခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်ဟု ကျနော်ရေးထားခဲ့ရာ ဥက္ကဌကြီး ဦးအောင်ရွှေက စာမူပါ သတ်ပုံများကို လုံးဝမပြင်ပါဟု ခပ်ငေါ့ငေါ့ရေးပြီး စာတိုကလေးဖြင့် ပြန်ကြားဖူးပါသည်။ ကျနော်က သတ်ပုံအမှန်ဖြစ်သည့် ကျွန်တော် အစား ကျနော်ဟု ရေးသားထားသည်ကို မပြင်စေလို၍ ထိုသို့မှတ်ချက် ရေးခဲ့ရခြင်းဖြစ်ပါသည်။ printer copy အနည်းငယ် (၂၀၀) ခန့်သာ ထုတ်ဝေခဲ့၍ ဖတ်ရှုရသူ အနည်းငယ်သာ ရှိမည် ဖြစ်သောကြောင့် ယခု ပြန်လည်ဖေါ်ပြ လိုက်ပါသည် )

ပြည်-ထောင်-စု အမွေ

လွန်ခဲ့သော နှစ် အစိတ် ၊ နှစ်သုံးဆယ်ကျော်ခန့်က ပြည်ထောင်စုနေ့ ရောက်ခါနီးတိုင်း ကျနော်တို့သည် တစ်လနီးပါးခန့် ကြိုတင်၍ နေပူစပ်ခါးထဲတွင် ပြည်ထောင်စုအလံတော် သယ်ယူရေးအတွက် အဖွဲ့လိုက် လေ့ကျင့်ရပါသည်။ ရှမ်းအမျိုးသား တူညီဝတ်စုံ ချုပ်ရန်အတွက် ရံပုံငွေ ရှာဖွေရပါသည်။ ကျနော်တို့ တစ်ဖွဲ့လျှင် တစ်ဆယ့် ငါးယောက်စီ ရှိကြသော ရှမ်းအမျိုးသား အမျိုးသမီး အဖွဲ့နှစ်ဖွဲ့သည် ပြည်ထောင်စုအလံတော်ကို ကိုက်တစ်ရာမျှသောခရီး (ပြေးချိန် အချိန်အားဖြင့် တစ်မီနစ်ပင် မပြည့်) အတွက် ညီညီ ညာညာ လှလှပပ သယ်ယူနိုင်ရေးအတွက် တစ်လမျှ အချိန်ယူကာ လေ့ကျင့်ကြခြင်း ဖြစ်သည်။ တစ်နှစ်ထဲမဟုတ်  နှစ်စဉ် ဖြစ်ပါသည်။

ပြည်ထောင်စုနေ့ မတိုင်မီနှင့် တိုင်ပြီးသည်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဌာနပေါင်းစုံက ပြခန်းများ ပြည်နယ်နှင့်တိုင်းအလိုက် ပြခန်းများဖြင့် ကျိတ်ကျိတ်တိုးစည်ကားသော ပွဲတော်ကြီးကို ကျင်းပပေးမြဲ ဖြစ်ပါသည်။  အလွန် များပြားလှသော ငွေကြေးကို နိုင်ငံတော်က ကျခံသုံးစွဲ၍ ကျင်းပပေးပါသည်။ ပြည်ထောင်စုနေ့ကို အလေးအမြတ်ထားခြင်း ဟု ကျနော်နားလည်မိပါသည်။

ပြည်ထောင်စုနေ့၏ အရေးပါပုံကို ထိုစဉ်က မှုံဝါးဝါးသာ သိခဲ့ပါသည်။ သမိုင်းကြောင်းအရ  နိုင်ငံရေးအရ အလွန်အရေးကြီးသောနေ့ အဖြစ်လောက်သာ သိရှိခဲ့ပါသည်။ ပြည်ထောင်စုနေ့၏အကျိုး ၊ အသီးအပွင့်အဖြစ် လွတ်လပ်ရေး ရခဲ့သည်ဟုလည်း သိခဲ့ပါသည်။ ထိုစဉ်က မဟာဗန္ဓုလပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်တွင် လွတ်လပ်ရေးနေ့ သစ္စာအဓိဌာန်များကို ကျောက်သားပေါ်တွင် ထွင်းထုရေးသားထားကြောင်း လူကြီးများ ပြောသံကြား၍ ကျနော်သွားရောက် ကြည့်ရှုသောအခါ ကျောက်တိုင်ပတ်ပတ်လည်တွင် စိမ်းလန်းသော မြက်ခင်းပြင်များက ဝန်းရံထား ကြပြီး " မြက်ခင်းပေါ် မနင်းရ " ဟူသော စာသားကြောင့် ကျနော်မဖတ်ခဲ့ရပါ။  ထိုအချိန်က ကျနော်မရောက်ဖူးသေးသော ရှမ်းပြည်နယ်တွင် တိုက်ပွဲတွေ ဖြစ်နေကြသည်ဟု သတင်းကြားရပါသည်။ ဗ-က-ပ တွေလည်းပါသည်။  ရှမ်းတွေလည်း ပါသည်ဟု ကြားသိရပါသည်။  ဘာကြောင့်မှန်းတော့ ကျနော်သေသေချာချာ မသိခဲ့ပါ။  ပြည်ထောင်စုနေ့ကိုတော့ ကျနော် နေထိုင်ရာ ရန်ကုန်မြို့တွင် တစ်ခန်းတစ်နား ကျင်းပပေးနေပါလျက်နဲ့ ဖြစ်မှဖြစ်ရလေခြင်းဟုသာ ရေရွတ်ခဲ့ပါသည်။

ယင်းကာလက သတင်းစာများတွင် လူထုအားကစားလ သတင်းများကို ဖေါ်ပြရာ၌  ဆိုက်ကားဆရာများက ဆိုက်ကားပေါ်တွင် ထိုင်လျက်အနေအထားဖြင့် ကိုယ်လက်လှုပ်ရှား အားကစားနေကြပုံများကို ကျနော်တွေ့ရပါသည်။ နွေရာသီကာလများတွင် အသုံးလုံးကြေ စာတတ်မြောက်ရေးသင်တန်းများတွင် ယက္ကန်းယက် မပျက် ယက္ကန်းယက်ရင်း စာ သင်နေကြသောပုံများကိုလည်း ကျနော်တွေ့ဖူးပါသည်။ စိတ်ထဲတွင် ထူးဆန်းလှသည်ဟု ထိုမျှလောက်သာ ထိုစဉ်က ခံစားမိခဲ့ပါသည်။

သည်ဖက်ပိုင်း အသက်အရွယ်တွင် ကျနော်သည် ရှမ်းပြည်ဒေသ အတော်များများကို ရောက်ခဲ့ပါသည်။ ဒေသခံလူထု၏ မွန်းကြပ်လှသော ဘဝများကို တွေ့လာရပါသည်။  သူတို့အတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီး ရရှိနိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဟု စဉ်းစားတတ်လာခဲ့သည်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဟုလည်း တွေးတောတတ်လာခဲ့သည်။ ဘယ်သူ တစ်ဦးတစ်ယောက်က တိုက်တွန်းစည်းရုံးခြင်းကြောင့်လည်း မဟုတ် ၊ ဝါဒ တစ်ခုအတွက်ကြောင့်လည်း မဟုတ်ဘဲ ဖြစ်ပေါ်နေသော အခြေအနေများကြောင့်သာလျှင် မမျှော်လင့်ဘဲ နိုင်ငံရေးလောက ထဲကို ကျနော်ရောက်ရှိလာရခြင်း ဖြစ်ပါသည်။  ကျနော်သည် ရန်ကုန်တွင် မွေး၍ ရန်ကုန်တွင် ကြီးပြင်းခဲ့သော ရှမ်းအမျိုးသားတစ် ယောက်ဖြစ်ပါသည်။ ဗမာလူမျိုးများ အကြားတွင် ကြီးပြင်းခဲ့သူလည်း ဖြစ်ပါသည်။ ဗမာစကားပြောလျှင် ရှမ်းသံဝဲပြီး ရှမ်းစကားပြောလျှင် ဗမာသံဝဲသောသူ ဖြစ်ပါသည်။  ရှမ်းပြည်နယ်ရှိ လူထုများ၏ ဘဝကို ကိုယ်ချင်း စာနာစွာဖြင့် ကူညီချင်သည့်ဆန္ဒသည် သူ့အလိုလို ပေါ်လာရခြင်း ဖြစ်ပါသည်။ ထိုမှ တဆင့်တက်လျက် ပြည်ထောင်စု သားများ အားလုံးအတွက်  ဆောင်ရွက်ပေးလိုခြင်း ဘဝကို ရောက်ရှိလာခြင်း ဖြစ်ပါသည်။ နိုင်ငံရေး လောကထဲသို့ ကျနော်ကဲ့သို့ မအူမလည်ဖြင့် ရောက်လာသူများ အများအပြားရှိနေလိမ့်မည်ဟု ကျနော်ထင်ပါသည်။

ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံများ လွတ်လပ်ရေး ရရှိလာပုံများကို စာအုပ်များတွင်သာ ဖတ်ဖူးခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်က ကျနော်မမွေးသေးပါ။ နယ်ချဲ့အင်္ဂလိပ်ကိုလည်း ကျနော် မမြင်ဖူးလိုက်ပါ။ ဖက်ဆစ်ဂျပန် ဆိုတာကိုလည်း ဖတ်ဖူးရုံ ကြားဖူးရုံဘဲ ရှိပါသည်။ ယနေ့တိုင်အောင်လည်း နိုင်ငံခြားသား မိတ်ဆွေ တစ်ယောက်မျှ မရှိသေး ပါ။ ကျနော်သည် လွတ်လပ်သော နိုင်ငံသားတစ်ယောက်အဖြစ် မွေးဖွါးခဲ့သည်ဟု ကျနော်၏ အစ်ကို အစ်မ များရှေ့တွင် ကျနော်မိဘများက အမြဲပြောပြတတ်ပါသည်။ ကျနော့်မိဘများကို သတိရသော အခါတိုင်း ထိုစကားကိုလည်း အမြဲတမ်း ပြန်လည်ကြားယောင်နေမြဲ ဖြစ်ပါသည်။ လက်ရှိ ကျနော့်ဘဝ အခြေအနေနှင့်လည်း ဆက်စပ်တွေးတောကြည့်မြဲ ဖြစ်ပါသည်။ ပြီးတော့ လက်ရှိ ကျနော့်ဇနီးအပါအဝင်  ဘယ်သူ့ကိုမှ  ကျနော်ဘယ်တော့မှ မပြောရန် ဆုံးဖြတ်ထားသော တိုင်တည်စကားများကို ဘုရားရှိခိုးတိုင်း ကျနော့်မိဘများထံ ကျနော်အမြဲ တိုင်ကြားလေ့ရှိပါသည်။

သည်ကနေ့ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ကြရန် ကျနော်တို့ ကြိုးစားကြသောအခါ ပြည်ထောင်စု၏ သဘောသဘာဝကို ပြန်စဉ်းစားကြည့်ပါသည်။ ပြည်ထောင်များကို စုစည်းခြင်း ဖြစ်သည့်အတွက်  တစ်ခုတည်းဖြင့် လုပ်မရ ဖွဲ့မရ အများကို စုစည်းရမည်သာ ဖြစ်ပါသည်။ သမိုင်းကြောင်းအရ သီးခြားစီ ဖြစ်ခဲ့သည်များကို စုစည်းခြင်းသာ ဖြစ်ပါသည်။ ထိုစုစည်းခြင်းတွင် ချစ်ကြည်ရေး ၊ တန်းတူညီမျှရေး ၊ အပြန်အလှန် လေးစားရေးများဖြင့် တည်ဆောက်ရမည် ဖြစ်ပါသည်။ ချစ်ကြည်ရေးကို တစ်ဦးတည်း  တစ်ယောက်ထဲက မလုပ်နိုင်ပေ။  အနည်းဆုံး နှစ်ဦးရှိမှ ချစ်ကြည်ရေးကို လုပ်နိုင်ပေမည်။ ထို့အတူ တန်းတူညီမျှရေး နှင့် အပြန်အလှန်လေးစားရေးသည်လည်း မတူညီကြသော အခြေအနေများကို စုစည်းရာ၌ မရှိမဖြစ် ကျင့်သုံးကြရမည်သာ ဖြစ်ပါသည်။

၁၉၉၃ - အမျိုးသား ညီလာခံကာလက ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် နေထိုင်သော နိုင်ငံရေးသမားကြီး တစ်ဦးက ကျနော့်အား " မင်းတို့တတွေ ခွဲထွက်ခွင့်ကိစ္စ မပြောကြနဲ့နော် " ဟု စိုးရိမ်စိတ်ကြီးစွာဖြင့် သတိပေးပါသည်။ " ဟိုတုန်းက မင်းတို့လူကြီးတွေ စကားပြောမှားခဲ့လို့ ပွဲပျက်ခဲ့ရဖူး ပြီးပြီ ။ ဒီတစ်ခါတော့ ရှောင်ပါကွာ " ဟု ချော့မော့ပြောပါသည်။  ကျနော်လည်း ရုတ်တရက် နှုတ်မစောင့်စည်းဘဲ "အဲဒီ ခွဲထွက်ခွင့်ဆိုတာ အဲဒီတုန်းက ပြည်ထောင်စု  အခြေခံဥပဒေ အခန်း(၁၀)မှာ ဖေါ်ပြထားတဲ့ ပုဒ်မ မဟုတ်လား " ဟု လွှတ်ကနဲ ပြန်ပြောလိုက်မိရာ ထိုဝါရင့်ပုဂ္ဂိုလ်ကြီးမှာ ကျနော့်အား နှုတ်မဆက်တော့ဘဲ ချာကနဲလှည့်ထွက်သွားပါသည်။ ကျနော်က ဟုတ်ကဲ့ပါ ဟု တစ်ခွန်းထဲ ရှင်းရှင်းလင်းလင်း မပြောခြင်း အပေါ် သူစိတ်ပျက်သွားပုံ ရပါသည်။ လွှတ်ကနဲ အရဲစွန့် ပြောလိုက်ရသော ကျနော့်မှာလည်း ထိုပုဂ္ဂိုလ်၏ အပြုအမူကြောင့် မလုံမလဲဖြစ်ကာ ကြောက်သလိုလို ရွံ့သလိုလို ဖြစ်သွားရပါသည်။  ထိုပုဂ္ဂိုလ်သည် ကျနော့်အား ဒုက္ခပေးနိုင်သော အခွင့် အာဏာရှိသူ မဟုတ်ပေမင့် အရိုးစွဲနေသောကြောင့်လား မသိ ။ ကျနော်စိုးရိမ်သွားပါမိပါသည်။ ထူးဆန်းလှပါသည် ။ ကျနော်သူ့ရဲ့ စေတနာကို ကောင်းစွာ နားလည်ပါသည်။ သူ့ကို ငြင်းပယ်ခြင်းလည်း မဟုတ်ပါ။ ငယ်ရွယ်သူက ကိုယ့်ထက် အသက်ကြီးသူကို အထွန့်တက်ကြည့်ခြင်းသာ ဖြစ်ပါသည်။  အခုတော့ ဘယ်နေရာတွင် မှားယွင်းနေသည်ကို ကျနော် မသိနိုင်တော့ပါ။

ကျနော်သိရသလောက်ကတော့ ခွဲထွက်ရေးကို ကျင့်သုံးကြမည်ဟု စွပ်စွဲခံရသော ပုဂ္ဂိုလ်များသည် ဟို- ၁၉၄၇ ခုနှစ် ကာလတုန်းဆီက တောင်တန်းဒေသ နှင့် ပြည်မတို့ ပူးပေါင်းရေး (ပြည်ထောင်စု ထူထောင်ရေး) အတွက် ပင်လုံစာချုပ်ကြီး ဖြစ်မြောက်အောင် အားကြိုးမာန်တက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် တစ်အုပ်စုထဲ တစ်သိုက်ထဲဟု ကျနော်သိထားပါသည်။ ပြည်ထောင်စုမှာ ပူးပေါင်းအောင် ဆောင်ရွက်ခဲ့သူများက ချက်ချင်းစိတ်ပြောင်း သွားသည်ဟုဆိုလျှင် မှန်နိုင်ပါမည်လား ၊ ဘာများ မှားနေတာလည်း ၊ ဘာကြောင့်များလည်းဟု ကျနော်တွေးကြည့်နေမိ ပါသည်။ စာဖတ်သူ မိတ်ဆွေကကော ဘယ်လိုများ သုံးသပ်မိပါသလဲ ။

ထိုကိစ္စအား ရှင်းလင်းခွင့် မပေးဘဲ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူဖြစ်တယ်ဟု ထပ်ခါတလဲလဲ ပြောသံရေးသံ ယုံကြည်သံတွေကို ကျနော်ငယ်စဉ် မှ ကြီးသည်အထိ ကြားနာခဲ့ရပါသည်။ စင်စစ် ရှင်းပြခွင့်တော့ ရှိသင့်ပါသည်။ တာဝန်ရှိ သူတွေက ရှင်းပြတာကို ကျနော်တို့ ဖတ်ချင်သိချင်ခဲ့ပါသည်။ ကျနော် ငယ်စဉ်က ရေနံဆီ မီးခွက်ဖြင့် စာကြည့်ရပါသည်။ ကျနော့်မိဘများက  ကျနော်မီးခွက်ကို ကိုင်ပြီး ဟိုရွေ့ဒီရွှေ့ လုပ်လျှင် လုံးဝ မကြိုက်ပါ။ တားပါသည် ။ မကိုင်ရ - ဟုပြော တာကို ကျနော်ကလည်း လက်မခံနိုင်ပါ ။ ထို့ကြောင့် အဖေက "မင်းလက်က ယိုတယ်။ မင်းကိုင်လို့ ရေနံဆီ မီးခွက်မှောက်ကျသွားရင် တစ်အိမ်လုံး မီးလောင်လိမ့် " ဟု ရှင်းပြပါသည်။ ကျနော် နားလည်သွားပြီး ချက်ချင်းလိုက် နာပါသည်။  နားလည်အောင် ရှင်းလင်းပြခြင်း အကျိုးကို ဆိုလိုချင်တာ ဖြစ်ပါသည်။

အမျိုးသား ညီလာခံသို့ တက်ရောက်ခွင့်ရသော နိုင်ငံရေးပါတီ အရေအတွက်မှာ တစ်ဆယ်ပါတီ ဖြစ်ပါသည်။ ထို တစ်ဆယ်ပါတီတွင် ပါတီနှစ်ခုမှလွဲ၍ ကျန်ရှစ်ပါတီမှာ ရှမ်းပြည်နယ်တွင် စည်းရုံးရေးနယ်မြေ ဖွင့်လှစ်ထားသော ပါတီများ ဖြစ်ကြပါသည်။ ရှမ်းပြည်နယ် အခြေစိုက်သော ပါတီမှာ ခြောက်ပါတီ ဖြစ်ပါသည်။ အခြား မွန်ပြည်နယ် ၊ ချင်းပြည်နယ် ၊ စသည့်ပြည်နယ်များတွင် အခြေစိုက်သောပါတီများ တက်ရောက်ခွင့် မရကြပါ ။ ထိုကာလတွင်မှာဘဲ ပုံနှိပ်ဖေါ်ပြထားသော ဆောင်းပါးတစ်ပုဒ်တွင် " အထက်လွှတ်တော်လို့ ခေါ်တဲ့ လူမျိုးစုလွှတ်တော်မှာ ပြည်နယ်တွေက ကိုယ်စားလှယ်အရေ အတွက် အညီအမျှဘဲ စေလွှတ်ခွင့် ရကြမယ်ဆိုရင် ဗမာတွေကလည်း ကိုယ်စားလှယ် တစ်ချိုးသာ ရမှာမို့ လူနည်းစုဖြစ်တဲ့ လူမျိုးတွေက ပေါင်းပြီးတော့ လူများစုဖြစ်တဲ့ ဗမာကိုယ်စားလှယ်တွေကို  အနိုင်ယူနေရင် ဘယ်လိုလုပ်မလဲ " ဟူသော အဓိပ္ပါယ်မျိုးရသည့် အရေးအသားမျိုးကို ရေးသားလာတာ တွေ့ရပါသည်။ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်ကြ မလဲ ဆိုသောမေးခွန်းကို ဖြေကြားရန် သင်ဘယ်လို စိတ်ကူးပါမည်လဲ ။ သင့်ဖြေကြားချက်သည် ကျနော်တို့ ချစ်မြတ်နိုး သော ပြည်ထောင်စုကြီးအတွက် ဘယ်လောက်အထိ အကျိုးပြုမည်ကို  သင်စဉ်းစားရန် ကျနော်က တိုက်တွန်းလိုပါသည်။

အမျိုးသားညီလာခံ ကာလမှာပင် နိုင်ငံရေးပါတီကြီးတစ်ခု၏ ညီလာခံကိုယ်စားလှယ်များနှင့် ကျနော်သည် လူပုဂ္ဂိုလ်ရေးအားဖြင့် အတော်ပင် ရင်းနှီးခင်မင်ခဲ့ပါသည်။ တန်းတူညီမျှသော ပြည်ထောင်စု ဖွဲ့စည်းရေးကိစ္စကို စကားစပ် ရင်း ဆွေးနွေးကြသောအခါ ပြည်နယ်နှင့်တိုင်း ကိစ္စရောက်လာပါသည်။ ယခင်က တိုင်းနှင့်ပြည်နယ် ဟူသောအသုံးအနှုံးကို ယခုအခါ ပြည်နယ်နှင့်တိုင်းဟု သုံးနှုံးကြောင်း ၊ ပြည်နယ်တွေကို ဦးစားပေးသည့် အနေဖြင့် တိုင်းဆိုတာကို နောက်တွင် ထားပြီး ပြည်နယ်ကိုရှေ့ထားပြီး သုံးစွဲကြောင်း ပြောဆိုပါသည်။ ထိုသို့ ဦးစားပေးခြင်း ခံရသည်ကို ပြည်နယ်ရှိ ပုဂ္ဂိုလ်များအနေဖြင့် မည်သို့သဘောထားရှိသည်ကို သိလိုကြောင်း ကျနော့်အားမေးပါသည်။ ကျနော်ခေါင်းခါလိုက်ပါသည်။ ပြီးတော့ ကျနော်က တိုင်းတွေ အများကြီးနဲ့ ပြည်ထောင်စု ဖွဲ့စည်းတာကို နားမလည်ကြောင်း ၊ ယခင် ပြည်ထောင်စု မဖွဲ့မီ ကတော့ ပြည်မဆိုတာ ဗမာပြည်ဖြစ်ကြောင်း ၊ ယခု ဗမာပြည်နယ် ဘယ်မှာလဲဟု ပြန်မေးသောအခါ ဘာမှမပြောတော့ဘဲ ကျနော့်အား ခပ်စိမ်းစိမ်းကြီး စိုက်ကြည့်တာကို ခံလိုက်ရပါသည်။ လွှတ်ကနဲ ပြောလိုက်မိပြန်ပြီးမှာ ကျနော့်မှာ ဘာကြောင့်မှန်းမသိ ထုံးစံအတိုင်း ကြောက်စိတ် ကလေးတစ်ခုက စိတ်ထဲကို ရိပ်ကနဲ ဖြတ်သွားတာ ခံလိုက်ရပြန် သေးသည်။

ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ပြောစဉ်ကရော ၊ လွပ်လပ်ရေး ရယူခဲ့စဉ်ကရော ကျနော်မပါဝင်ခဲ့သော်လည်း  ယနေ့ မပြီးဆုံးသေးသော ပြည်ထောင်စုတည်ဆောက်ရေးကာလမှာမှ လူလားမြောက်လာရသည့် အခြေအနေကြောင့် ကျနော်တို့မှာ ဒီလောကထဲက ရှောင်ထွက်သွားဖို့ မစွမ်းသာပါ ။ ယခုဆိုလျှင် ပြည်ထောင်စုကြီးကို တည်ထောင်ခဲ့သည်မှာ နှစ် ငါးဆယ် ကျော်ခဲ့ပြီး ဖြစ်ပါသည်။ ရာစုနှစ် တစ်ဝက်ပင် ကျော်ခဲ့ပါပြီ ။ ကိုယ့်နောက်က တိုင်းပြည်များက ကိုယ့်ကို ကျော်တက်ကုန် ကြပါပြီ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ထောင်သောနေ့ ဖြစ်သည့် လွတ်လပ်ရေးရသောနေ့က ကြွေးကြော်ခဲ့ကြသော သစ္စာအဓိဌာန်များကို ယခု ဖတ်ရသောအခါ ကြက်သီးမွှေးညှင်းများ ထလာရပါသည်။ အရင်က လူကြီးတွေ တကယ့်ကို ပြော ခဲ့ကြပါလားဟု တွေးမိပါသည်။

လူကြီးတွေရဲ့ပြည်ထောင်စုအမွေကို နောက်လူတွေက ဆက်လက်အကောင်အထည် ဖေါ်ကြရမည်ဟု ကျနော် နားလည်ပါသည်။  ကျနော်တို့ တိုင်းပြည်မှာ တက်ညီလက်ညီ လက်တွဲလုပ်ကိုင်နိုင်ဖို့ရာမှာ တန်းတူညီမျှသော ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် အဓိက အကြောင်းတရားကြီး ဖြစ်သည်ဟု ကျနော်က လေးလေးနက်နက် ယုံကြည်ထားပါသည်။ အားလုံးလည်း တစ်ဖြည်းဖြည်းနားလည်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ အမှန်တရားသည် တာရှည်ဖုံးကွယ်မရ ။ တစ်နေ့တွင် ပြန်လည်ပေါ်ထွန်းလာပါလိမ့်မည်။

နံနက်စောစော ကျနော် ရေဒီယိုဖွင့်လျှင် မြန်မာ့အသံက ပထမဆုံးထုတ်လွှင့်ပေးသော သီချင်းကို မရိုးနိုင်အောင် ကျနော် နားထောင်နေတတ်ပါသည်။
" တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ... တို့ပြည် .... တို့မြေ
များလူခပ်သိမ်း   ငြိမ်းချမ်းစေဖို့   ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ..... တို့ပြည် ....  တို့မြေ
ပြည်ထောင်စု အမွေ  အမြဲတည်တံ့စေ အဓိဌာန်ပြုမလေ ....  ထိန်းသိမ်းစို့လေ
ကမ္ဘာမကြေ    ဗမာပြည်  တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့  တို့ကာကွယ်မလေ ......................."

ထိုသီချင်းကို ကျနော်လေးလေးနက်နက်နားထောင်ပါသည်။ လက်ရှိ အခြေအနေနဲ့လည်း ဆက်စပ်ကြည့်ပါသည်။ ကျနော်တို့ အိမ်နီးနားခြင်း နိုင်ငံတစ်ခုမှာ နံနက်စောစောတွင် သူတို့၏ နိုင်ငံတော်သီချင်းကို အသံချဲ့စက်ဖြင့် ဖွင့်ပေးသည်။ သီချင်းသံကြားသည်နှင့် သူတို့နိုင်ငံသားများသည် ရောက်ရာအရပ်မှာ ငြိမ်သက်စွာရပ်လိုက်ကြပြီး  အလေးပြုနားထောင် သည်ကို ကိုယ်တွေ့ကြုံဖူးပါသည်။ ကျနော်တို့ နိုင်ငံတွင်လည်း ဤမျှ အဓိပ္ပါယ်လေးနက်လှသော နိုင်ငံတော်သီချင်းကို အလေးအနက်ထားကြရပါမည်။ ကျနော်တို့ အချင်းချင်းလည်း ချစ်ကြည်လေးစား ကြရပါမည်။ အပြန်အလှန် အကျိုးပြုကြ ရပါမည်။

ရှမ်းအမျိုးသား ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော လူတစ်ယောက်က စည်းနဲ့ဝါးကို လက်တွင်ကိုင်တီးလျက် အလွန်ခက်ခဲ (မြန်မာတိုင်းပင် မဆိုတတ်သော) မြန်မာသီချင်းကြီး တစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင်သီဆိုနေခြင်းကို မြန်မာ့ ရုပ်မြင်သံကြားမှာ  မြင်လိုက်ရတော့ ကျနော်အလွန်ကို အံ့သြသွားပြီး " တယ်ဟုတ်ပါလား " ဟု ပြောမိပါသည်။ ပြီးတော့ ကျနော့်စိတ်ထဲမှာ ဗမာအမျိုးသား ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသူတစ်ယောက်က ရှမ်းရိုးရာ ရှေးသီချင်းတစ်ပုဒ်အား ပိုင်ပိုင်နိုင်နိုင်ကြီး သီဆိုနေတာကို မြင်ရရင်ဖြင့် ကောင်းမှာဘဲဟု တွေးမိလိုက်ပါသည်။

ဤ ဆောင်းပါးရေးနေရင်းက ဤနေရာအရောက်တွင် ဘာကြောင့်မှန်းမသိ ၊ ကျနော့်မှာ ကတုန်ကရင် နှင့် ရင်တုံ ပန်းတုံ ဖြစ်လာသောကြောင့် လူမသိအောင် ဣနြေ္ဒဆယ်ကာ ရေးလက်စ စာရွက်ကို ကမန်းကတန်းခေါက်လိုက်ပြီး စာမူလာယူသူ မိတ်ဆွေထံသို့ အမြန်လှမ်းပေးလိုက်ပါသည်။

စိုင်းညွန့်လွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
12th february  2000.