ကတိသစ္စာ တည်သောခါဝယ်
“အောင်စေသတည်း”
ဥဒါန်းကျူးမှုနဲ့ အစပြုခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေး ကြေညာစာတမ်းကို ပြန်ပြီး ဖတ်ကြည့်
မိတယ်။ ပြီးတော့ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေနဲ့ပြန်ပြီး နှိုင်းယှဉ်ကြည့်လိုက်မိတော့
ဟာ- တော်တော်ကြီး လွဲနေပါပကောလို့ဆိုပြီး တော်တော်ကြီးကို ထိတ်ထိတ်လန့်လန့် ဖြစ်သွားမိတယ်။
ငယ်ငယ်တုန်းကတော့
အဲ့ဒီကြေညာစာတမ်းကို ဖတ်ချင်ရင် ရန်ကုန်မြို့လယ်က လွတ်လပ်ရေးကျောက်တိုင် ရဲ့အခြေ ဘေးပတ်ပတ်လည်မှာ ရေးထားတာကို သွားဖတ်ရတယ်။ မဆလ အစိုးရခေတ်ရောက်တော့ ကျောက်တိုင် ခြေရင်းကို မသွားနိုင်အောင်
မြက်ခင်းတွေမွေးထားပြီး မြက်ခင်းပေါ် မနင်းရဆိုတဲ့စာတမ်းနဲ့ သွားဖတ်လို့မရအောင် လုပ်ထားခဲ့တယ်။ အခုတော့ အချိန်မရွေးပြန်ဖတ်နိုင်လို့ သွားဖတ်ကြည့်ကြစေချင်ပါတယ်။
လွတ်လပ်ရေး ရတဲ့အခါ အဲ့ဒီလွတ်လပ်တဲ့ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်မယ်ဆိုတာကို အတိအလင်း
ကြေညာခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်း ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီလို ကြွေး ကြော်ခဲ့တဲ့အတိုင်း
ဖြစ်နေရဲ့လားဆိုတာ ပြန်တွေးကြည့်နိုင်ဖို့ ပြောချင်တာ ဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး
နှစ်(၇ဝ) အတွင်းမှာ ကျနော်တို့ရဲ့ တိုးတက်မှု ၊ ဆုတ်ယုတ်မှုတွေကို ပြန်ဆန်းစစ်ကြည့် သင့်တယ်လို့
ယူဆမိပါတယ်။ စံချိန်တင် ပြည်တွင်းစစ်တွေ ၊
တစ်ဖြည်းဖြည်းကျဆင်းသွားတဲ့ စီးပွါးရေးတွေ ၊ ပျက်ယွင်း လျော့နည်းလာနေတဲ့ သဘာဝ အရင်းအမြစ်တွေ
၊ ဆင်းရဲချမ်းသာ အချိုးမညီမှုတွေ ၊ ပညာရေး ကျန်းမာရေး ပျိုးထောင် စောင့်ရှောက်မှုတွေကို
ပြန်ကြည့်လိုက်ရင် အားရစရာ မရှိပါဘူး။ ဒါတွေကို
ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းတရားတွေ ကတော့ အမျိုးမျိုးအဖုံဖုံ ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီလို
အမျိုးမျိုးအဖုံဖုံတွေ အထဲက တွေးမိသလောက် စိတ်ပူစရာ အကောင်းဆုံးတစ်ခု ကတော့ “ကတိသစ္စာ
မတည်မမြဲ ” ဖြစ်တတ်ကြတဲ့ အလေ့အကျင့်တစ်ခုကို
သတိပြုမိပါတယ်။
လွတ်လပ်တဲ့ ပြည်ထောင်စုတစ်ခုကို
ထူထောင်ဖို့ နာမည်ကျော် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ ဒါပေမဲ့ ကတိကဝတ်ြ ပု မျှော်မှန်းခဲ့တဲ့
ပြည်ထောင်စုမျိုးကို အခုထိ မတည်ဆောက်နိုင်သေးပါဘူး။ နှစ်ဖက်ထားခဲ့ကြတဲ့ ပင်လုံစိတ်ဓါတ်
၊ ပင်လုံ ကတိကဝတ်တွေကို မတည်ဆောက်နိုင်သေးပါဘူး။ စစ်ပွဲတွေကိုသာ မွေးဖွါးစေခဲ့ကြတယ်။ အဆိုးဆုံးကတော့ ၁၉၆၂ မှာ အာဏာသိမ်းပြီး ကတိကဝတ်တွေကို
ထပ်ဖျက်လိုက်တာက သမိုင်းဝင်အောင် ရုပ်ဆိုး ခဲ့ပါတယ်။ ရှေ့လူတွေရဲ့ ကတိကဝတ်ကို ငါတို့
နောက်လူတွေက စောင့်စည်းဖို့ မလိုဘူးဆိုတဲ့ (အလွန်မှားယွင်းတဲ့) စိတ်ဓါတ်တွေ ကိန်းအောင်းလာခဲ့တာဟာ
တိုင်းပြည်အတွက် အရမ်းကိုကံဆိုးစေခဲ့တယ်။ တိုင်းပြည်ကောင်းစားဖို့
လက်နှစ်လုံးအလိုမှာ ပထမဆုံးအကြိမ် တိုင်းပြည်ချောက်ထဲ ကျခဲ့ရတယ်လို့ ပြောစမှတ် ဖြစ်ရတယ်။
၁၉၇၄- အခြေခံဥပဒေ
ရေးဆွဲတော့လဲ လွတ်လပ်ရေးရယူခဲ့တုန်းက ပင်လုံကတိကဝတ်တွေကို လုံးဝထည့် မတွက်ခဲ့ပါဘူး။
တိုင်းပြည်တာဝန်ကို ယူလိုက်တာဟာ အရင်က ကတိကဝတ်တွေကို တာဝန်မယူ မလိုက်နာချင်လို့ ဆိုရင်တော့
အဲ့ဒီစိတ်ဓါတ်တွေကြောင့် ကျနော်တို့ တိုင်းပြည်ငြိမ်းချမ်းဖို့ လွယ်မှာ မဟုတ်ပါဘူး။
အဲ့ဒီကာလတုန်းက “ဖက်ဒရယ်” လို့ ပြောလိုက်တာနဲ့ တိုင်းပြည်သစ္စာဖေါက်တစ်ယောက်လို စွပ်စွဲခံရတဲ့
အခြေအနေပါ။ ဒီနေ့လိုလူတိုင်းက ဖက်ဒရယ်ပြောနေသလို
ပြောလို့ မရခဲ့ပါဘူး။
မဆလ ခေတ်ကာလတုန်းက
လွတ်လပ်ရေးနေ့ ၊ ပြည်ထောင်စုနေ့ ၊ တောင်သူလယ်သမားနေ့ စတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့နေ့တွေဆိုရင်
ဦးဆောင်ပါတီက “နိုင်ငံရေး ဦးတည်ချက်” ဆိုပြီး နိုင်ငံရေးနဲ့ ဆိုင်တဲ့အချက်အလက်တွေကို
ဟိုအရေး ဒီအရေး ကြွေကြော်သံတွေ ထုတ်ပြန်တတ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အဲ့ဒီ နိုင်ငံရေး ဦးတည်ချက် ဆိုတာကြီးကို ဘယ်သူကမှ
အလေးမထားကြပါဘူး။ ထုတ်ပြန်တဲ့ အစိုးရကိုယ်တိုင်ကလဲ လိုက်လုပ်တာ မတွေ့ရ ဘဲကိုး။ ထုတ်ပြန်တာဘဲ
ရှိခဲ့တယ်။ ဘယ်သူမှ မလိုက်နာကြပါဘူး။ ကိုယ်ပြောခဲ့တဲ့
“ကတိကဝတ်” ကို ကိုယ်တိုင်က မလိုက်နာခဲ့တာပါ။ အဲ့ဒီလို ကတိကဝတ်ကို အလေးမထား မလိုက်နာတဲ့
အလေ့အကျင့်တွေက အခုဆိုရင် ကျနော်တို့ နိုင်ငံထဲမှာ ရောဂါတစ်ခုလို လူတွေကိုအတော် စွဲကပ်ကုန်ပြီလို့
ယူဆမိပါတယ်။
နိုင်ငံတော်က ထုတ်ဝေထားတဲ့
၊ တနည်းအားဖြင့် တာဝန်ခံထားတဲ့ ငွေစက္ကူတွေကို တရားမဝင်ငွေစက္ကူတွေ အဖြစ် အကြိမ်ကြိမ်ထုတ်ပြန်
ကြေညာပြီး ပယ်ဖျက်ခဲ့တာလဲ - အစိုးရက ပြည်သူလူထုအပေါ် တာဝန်ခံထားတဲ့ “ကတိကဝတ်” ကို ပြောင်ပြောင်တင်းတင်း
ချိုးဖေါက်လိုက်တာ ဖြစ်ပါတယ်။ မင်းမှာ ကတိ
၊ လူမှာ သစ္စာ ဆိုတာ အစိုးရမင်းကိုယ်တိုင်က ကတိတည်မှ တိုင်းသူပြည်သားတွေကလဲ သစ္စာစောင့်သိကြမှာ
ဖြစ်ပါတယ်။ ပြည်သူအပေါ် ကတိသစ္စာ ပျက်ယွင်းခဲ့လို့
တိုင်းပြည်ဟာ ကမ္ဘာမှာ အဆင်းရဲဆုံးစာရင်းဝင်သွားရတဲ့အထိ ထိုးကျသွားခဲ့ရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ နိုင်ငံတော် သီချင်းကို ခြေဆင်းကနေ စလို့ အစ-အဆုံး
ဆိုကြည့်လိုက်တိုင်း ဒီနေ့ ကျနော်တို့ လက်တွေ့ ဖြစ်နေပျက်နေတာတွေနဲ့ တစ်လွဲကြီးဖြစ်နေတာကို
မြင်ရပြီး အမြဲတမ်း စိတ်မချမ်းမသာ ဖြစ်ရပါတယ်။
မြန်မာ့သမိုင်း
တစ်လျှောက်မှာ ကတိသစ္စာ တည်ခဲ့တဲ့ မင်းကောင်းမင်းမြတ်တွေ ၊ သူရဲကောင်းတွေ အကြောင်း အများကြီး
ဖတ်ဖူးကြမှာ ဖြစ်ပါတယ်။ ဒီအစဉ်အလာက ဘယ်ရောက်ကုန်ပြီလဲ ၊ မေးစရာ ဖြစ်ရပါပြီ ။ စစ်တိုက်ကြတာ
တောင်မှ စစ်တပ်မှာ ကတိသစ္စာပြုထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တိုက်ကြရတာ ဖြစ်ပါတယ်။ ဖေါက်ဖျက်လို့
မရပါဘူး။ ဖေါက်ဖျက်ရင် အရေးယူရပါတယ်။ ဝန်ထမ်းတွေဆိုရင်လဲ အလုပ်မဝင်ခင် စည်းမျဉ်းစည်းကမ်းကို
လိုက်နာပါမယ်လို့ ကတိကဝတ်ထားခဲ့ကြရသူတွေဘဲ ဖြစ်ပါတယ်။ မေ့ထားလိုက်လို့ မရပါဘူး။ အခုတော့ အတော်များများက မေ့နေကြပြီ လို့ ကျနော်တော့
ယူဆမိပါတယ်။ တော်တော်လေးကို အလေးထားပြီး ပြန်ပြုပြင်ရမဲ့ ကိစ္စ ဖြစ်ပါတယ်။
တရားသူကြီးတွေ ထားရတဲ့
ကတိကဝတ် သစ္စာတွေဟာ ဘယ်လောက် တည်ကြည်ဖြောင့်မတ်ရလဲဆိုတာ ပြန်ဖတ်ကြည့်ပြီး လက်ရှိအခြေအနေနဲ့
နှိုင်းယှဉ်ကြည့်ရင် စိတ်ထဲမှာ ခံစားချက်တစ်ခုခု ဖြစ်လာမှာ သေချာပါတယ်။ မနေ့တစ်နေ့က
သတင်းတစ်ခုမှာ တရားရုံးထံ သက်သေခံ ထွက်ဆိုပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပထမ ထွက်ဆိုချက်နဲ့
နောက်တစ်ကြိမ် ထွက်ဆိုချက် မတူဘဲ နောက်တစ်မျိုး ထွက်ဆိုခဲ့တယ်။ လူတစ်ယောက်ထဲက တစ်ခါမှာ
တစ်မျိုးပြောနေတော့ တစ်ခုက လိမ်ပြောတာဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ဒါတောင် အမှန်အတိုင်း
ထွက်ဆိုပါ့မယ်ဆိုပြီး ကျမ်းကျိန်ပြီးမှ ထွက်ဆိုတာပါ။ ကိုင်းဗျာ- လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က
တရားရုံးမှာ ကျမ်းကျိန်ပြီးတော့တောင် လိမ်ဝံ့ နေပြီဆိုတော့ ဘယ်လိုလုပ်ကြတော့မလဲဗျာ
။ အစိုးရအဖွဲ့ ဝန်ကြီးတွေဖြစ်ဖြစ် ၊ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖြစ် ၊ တာဝန်ယူကြရတော့မယ်ဆိုရင်
ကျမ်းကျိန်ကြရပါတယ်။ ဒါက ကတိကဝတ်ပြု သစ္စာဆိုတာ ဖြစ်ပါတယ်။ အဲ့ဒီ ကတိကဝတ်ကို လိုက်နာ
ကြပါသလားဆိုတာ ဆန်းစစ်မှုတွေ ပြုဖို့ လိုမယ်ထင်ပါတယ်။
၁၉၉ဝ- တုန်းကဆိုရင်
ရွေးကောက်ပွဲတွေ အမြန်ဆုံးလုပ်ပေးပါ့မယ်ဆိုပြီး ပြည်သူလူထုကို ငြိမ်သက်အောင် ချွေးသိပ်ခဲ့တယ်။ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေကို အာရုံပြောင်းခဲ့တယ်။
ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ အဖြေက ကိုယ်လို ချင်တဲ့အဖြေ မဟုတ်တဲ့အခါကြတော့ အရွေးခံရတဲ့
ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်မပေးဘဲ ပြောင် ပြောင်တင်းတင်း ကတိသစ္စာကို ဖျက်လိုက်ကြတယ်။
နည်းအမျိုးမျိးနဲ့ အကြောင်းရှာ ဖမ်းဆီးခဲ့တယ်။ နိုင်ငံတော်တာဝန် ကို ယူထားတဲ့ “မင်းအစိုးရ”
ဖြစ်ပါလျက်နဲ့ ကတိသစ္စာဖေါက်ဖျက်ခဲ့တယ်။ တိုင်းပြည်ကောင်းဖို့
လက်နှစ်လုံးအလိုမှာ တိုင်းပြည်ဟာ ဒုတိယအကြိမ် ချောက်ထဲကျခဲ့ရတယ်။
ကျနော်တို့ နိုင်ငံရဲ့
ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လဲ ငြိမ်းချမ်းရေး အပစ်ရပ်ဖို့
လက်မှတ်ရေးထိုးလိုက်ကြပေမဲ့ စစ်ပွဲတွေက လုံးဝရပ်စဲသွားတယ်လို့ မပြောနိုင်ပါဘူး။ ဒါတွေကလဲ
ကတိကဝတ် လိုက်နာမှုအပေါ်မှာ မူတည်ပါတယ်။ စာချုပ်ပါ အချက်အလက်တွေကဘဲ မရှင်းလင်း မပြည့်စုံတာလားတော့
မသိပါဘူး။ ဒါပေမဲ့ သဘောတူစာချုပ်တွေအပေါ် အလေးမထားတဲ့ အခြေအနေမျိုးကို ရောက်သွားခဲ့ရင်တော့
ကျနော်တို့ သိပ်ကို ခက်ခဲတဲ့ အခြေအနေမျိုးကို
ရင်ဆိုင်ရနိုင်ပါတယ်။ ယုံကြည်မှု တည်ဆောက်ရတာ အတော်ကို မလွယ်ဘူးဆိုတာ အားလုံးလဲ သိထားပြီး
ဖြစ်ပါတယ်။
ဒီလိုပါဘဲ ။ နိုင်ငံရေးပါတီတွေကရော
ကတိကဝတ်အတိုင်း လုပ်ကြပါသလား။ ရွေးကောက်ပွဲ ဝင်တုန်းက လူထုကို ပြောခဲ့ပေးခဲ့တဲ့ ကတိကဝတ်တွေကို
(လူထုက ရွေးချယ်ပေးလိုက်တဲ့ နောက်ပိုင်း) အမှန်တကယ်ရော လုပ်ကိုင် ဆောင်ရွက်ပေးပါရဲ့လား။ နေရာမရခင် ပြောတုန်းက တစ်မျိုး ။ နေရာလဲ ရပြီးရော
အလုပ်ကတစ်မျိုး ။ ပါတီတွေရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေနဲ့ ယနေ့လုပ်ရပ်တွေကို
ပြန်တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ရင် အမှန်အမှား ကွဲကွဲပြားပြား သိလာနိုင်ပါလိမ့်မယ်။
မဆလ ခေတ်တစ်ခေတ်လုံးရဲ့ အဓိကလက်ကိုင် သဘောတရား အယူဝါဒ ဖြစ်တဲ့
“အညမည သဘောတရား” ကို အောက်ခြေရှိ တစ်ချို့ပါတီဝင်တွေက ယုံယုံကြည်ကြည်နဲ့ သဲသဲမဲမဲ ကိုင်တွယ်ကျင့်သုံးခဲ့ပေမဲ့
ခေါင်းဆောင်ကြီး တွေကတော့ သဘောတရားနဲ့ မဆိုင်တာတွေကိုဘဲ လုပ်နေခဲ့တဲ့ ဥပမာတွေက အများအပြားပါ။
ခေါင်းဆောင်တွေရဲ့ အပြောတစ်မျိုး အလုပ်တစ်မျိုးကို ပြောချင်တာပါ။ ကျနော်တို့ ထောင်ထဲမှာရှိတုန်း
ဖတ်ခဲ့ရတဲ့ ရွှေဂုံတိုင် ကြေညာချက် ဆိုရင် ဖတ်ပြီးတာနဲ့တင် ထောင်ထဲမှာ ခံစားနေရတဲ့ ဒုက္ခတစ်ဝက်လောက်
ပျောက်သွားလောက်အောင် အားတက် ခဲ့ရတယ်။ ကျနော်တို့ ထောင်က ထွက်လာပြီး မကြာပါဘူး ကြားဖြတ်ရွေးကောက်ပွဲဝင်သွားတော့
ကျနော်တို့ ဘာလုပ်လို့ ဘာပြောရမှန်း မသိကြတော့ပါဘူး။ အထူးသဖြင့် နိုင်ငံရေးပါတီတစ်ရပ်ဟာ
ကိုယ်တိုင်ထုတ်ပြန် ထားတဲ့ ထုတ်ပြန်ကြေညာချက်ကို သွေဖည်ကျောခိုင်းလိုက်တာမျိုးဟာ ကိုယ်ပေးထားတဲ့
ကတိကဝတ်ကို ကိုယ်တိုင်က ချိုးဖေါက် လိုက်တာဘဲ
ဖြစ်တယ်။
အမေရိကန်မှာ ကျောင်းဝင်းထဲအထိ
သေနတ်နဲ့ ဝင်ပစ်တဲ့ကိစ္စမှာ သမ္မတက ကျောင်းသားတွေကို ကာကွယ်ဖို့ အတွက် ဆရာတွေ သေနတ်ကိုင်သင့်တယ်လို့
ပြောပါတယ်။ ဒါက တော်တော်ကို ဆိုးသွားပါပြီ ။ “ နိုင်ငံရေး ကျင့်ဝတ် သီလ ” ပျက်ယွင်းနေပြီိဆိုရင်
မှားမယ်မထင်ပါဘူး ။ သူ့တာဝန်ကိုတောင် သူမသိလောက်အောင် ချို့ယွင်း သွားခဲ့တာ ဖြစ်ပါတယ်။
ကျင့်ဝတ်အရ ကိုယ့်တာဝန်ကို ကိုယ်မမေ့သင့်ပါဘူး။
ဒီနေ့ နိုင်ငံတကာမှာ
ကတိကဝတ်ကို အလွန်တန်ဖိုးထားကြတာ တွေ့ကြမှာပါ။
မိသားစု တစ်ခုမှာ ဖခင်က သမီးကို ကတိပြုပါတယ်လို့ ပြောလိုက်ရုံနဲ့ သမီးက မကျေမနပ်ဖြစ်ရာကနေ
ချက်ချင်းလက်ခံသွားတတ်တာဟာ ကတိကဝတ်ကို ယုံကြည်တန်ဖိုးထားလို့ ဖြစ်ပါတယ်။ ကတိကဝတ်ကို
စောင့်ထိန်းရမယ်ဆိုတာ (လောကသား) လူသား တွေရဲ့ ကျင့်ဝတ်ဘဲ ဖြစ်ပါတယ်။ ကျနော်တို့မှာ
ကတိကဝတ်ကို လွယ်လွယ်ပေးတတ်ပြီး လွယ်လွယ်ပြန်ဖျက်တတ်တဲ့ အလေ့အကျင့်မျိုးတွေ မကိန်းအောင်းနေဖို့ဆိုတာ
အလွန်ကို အရေးကြီးလှပါတယ်။ ကတိသစ္စာ မတည်တဲ့ လူမျိုး ၊ ကတိသစ္စာ မမြဲတဲ့ အဖွဲ့အစည်းမျိုး
မဖြစ်ဖို့ အလွန်ကို အရေးကြီးလှပါတယ်။
တိုင်းပြည်တစ်ပြည်
မပြောပါနဲ့ ။ အိမ်ထောင်စု တစ်ခုမှာတောင် ကတိသစ္စာ မမြဲကြရင် ကြီးပွါးချမ်းသားဖို့ မဖြစ်
နိုင်သလို စည်းလုံးညီညွတ်မှုလဲ မရှိနိုင်ပါဘူး။
တစ်ယောက်ကို တစ်ယောက် သင်္ကာမကင်း အမြဲ ဖြစ်နေပြီး သံသယနဲ့ စောင့်ကြည့်- အတူနေနေကြရမှာမို့
ဘယ်လိုမှ စိတ်ချမ်းသာစရာ မရှိနိုင်ပါဘူး။ မိသားစုအတွင်းသာမက ပတ်ဝန်ကျင် အသိုင်းအဝိုင်းမှာလဲ
ဘယ်သူကမှ ယုံကြည်မှု မရှိလို့ အရေးအကြောင်းဆိုရင် အခက်အခဲတွေ့ရမှာ ဖြစ်ပါတယ်။
ကတိမတည်တဲ့လူမျိုးနဲ့
ဘယ်သူမှ အပေါင်းအသင်း မလုပ်ချင်ကြပါဘူး။ သစ္စာမဲ့တဲ့ လူမျိုးဆိုရင်လဲ အားလုံးက တစ်ဖြည်းဖြည်း
ခွါသွားကြမှာ ဖြစ်ပါတယ်။ သူတို့နဲ့ ပေါင်းသင်းနိုင်တဲ့ လူတွေကတော့ သူတို့နဲ့တူတဲ့ ကတိသစ္စာမဲ့သူ
အချင်းချင်းဘဲ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် အဲ့ဒီလူ့အဖွဲ့အစည်းက ဘယ်လိုလုပ် ကောင်းမွန်နိုင်ပါတော့မလဲ။ နိုင်ငံတော် အဆင့် အစိုးရတာဝန်ယူထားတဲ့ လူ ၊ အဖွဲ့အစည်း
ဆိုရင် ပိုလို့တောင်မှ အရေးကြီးပါတယ်။ နည်းနည်းလေးမှ အတိမ်း အစောင်းမခံနိုင်ဘူးလို့
ယူဆပါတယ်။ မကြာမတင်တုန်းက ကျောင်းသားတွေ ဆန္ဒထုတ်ဖေါ်
အရေးဆိုမှုတစ်ခုအတွက် ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးကြတော့
နှစ်ဖက်သဘောတူကြပြီး အေးအေး ချမ်းချမ်းပြီးစီးသွားခဲ့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်အတွင်းမှာဘဲ
တာဝန်ရှိသူတွေက သဘောတူထားတာတွေကို မလိုက်နာတော့တဲ့ အတွက် ကျောင်းသားနဲ့ အစိုးရ အကြား
ပဋိပက္ခတ်တွေ ကြီးမားခဲ့တယ်။ မိဘ နဲ့ သားသမီးလို
ဆက်ဆံနေတဲ့ ဆရာတပည့်တွေဟာ ကတိကဝတ် ပျက်ယွင်းမှုကြောင့် ဆက်ဆံရေးတွေ ဆိုးဝါးခဲ့ရတယ်။
ကျနော်တို့ နိုင်ငံဟာ
ရုပ်ဝတ္တု အားဖြင့် နိမ့်ပါးဆင်းရဲတယ်ဆိုရင်တောင် စိတ်ဓါတ်အားဖြင့် လူကြီးလူကောင်း
(Gentlemen) စိတ်ဓါတ်တွေ မွေးမြူနိုင်ဖို့ လိုပါတယ်။ တစ်ခြားနိုင်ငံတွေနဲ့ ရုပ်ဝတ္တုချင်း မယှဉ်နိုင်တောင်မှ
စိတ်ဓါတ် အရာမှာ ယှဉ်နိုင်အောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။ အခုသတင်းတွေမှာ ရိုးသားတဲ့ ကြိုးစားတဲ့ လူပုဂ္ဂိုလ်တွေရဲ့
သတင်း တွေတွေ့နေရပါသေးတယ်။ ဒါပေမဲ့ တစ်ပြည်လုံး အတိုင်းအတာမှာရော အဲ့ဒီလိုမျိုး ဖြစ်နေသေးလားလို့
မေးစရာ ဖြစ်ပါ တယ်။ တစ်ခြားနိုင်ငံကလူတွေနဲ့
ကျနော်တို့ရဲ့ ပြုမူဆက်ဆံရေးတွေမှာ ရိုးသားမှု လိုအပ်သလို ကတိကဝတ်မြဲတဲ့ သစ္စာ ရှိသူတွေ
ဖြစ်ကြောင်း ပြသနိုင်ရင် ကျနော်တို့ လိုအပ်နေတဲ့ ရုပ်ဝတ္တု ၊ ငွေကြေး ၊ နည်းပညာ ၊ အရင်းအနှီးတွေ
ဆိုတာ ဖိတ်ခေါ်စရာ ၊ ဆွဲဆောင်စရာ မလိုဘဲ သူ့အလိုအလျှောက်
ရောက်လာကြမှာ ဖြစ်ပါတယ်။ ကတိသစ္စာရှိမှုရဲ့ ဂုဏ်သိက္ခာဆိုတာ အလွန်ကို ကြီးမြတ်ပါတယ်။ ကိုယ်ကျင့်တရားအရ ကျင့်ဝတ်သိက္ခာ ရှိမှု (Moral
Obligation) ဟာ အာဏာနဲ့လဲ ပယ်ဖျက်လို့ မရသလို ၊ လက်နက်နဲ့လဲ မချိန်းခြောက်နိုင်အောင်
၊ မလွှမ်းမိုးနိုင်အောင် အင်မတန်ကို တန်ဘိုးကြီးတယ် ဆိုတာ တစ်ကမ္ဘာလုံးက တစ်နေ့ တစ်ခြား
လက်ခံလာနေကြပါပြီ ။ ဝိုင်းဝန်းအားပေးလာနေကြပါပြီ ။
ဓနဥစ္စာ ဆင်းရဲတာ ပြန်ဖြည့်ဆည်းဖို့ သိပ်မခက်ပေမဲ့ စိတ်ဓါတ်အရာ ယိုယွင်းပျက်စီးလာတာဟာ ပြန်ပြုပြင်ဖို့ အတော်ကြီးကို လုပ်ကိုင်ယူရမှာ ဖြစ်ပါတယ်။
တစ်ဖြည်းဖြည်းနဲ့ ယိုယွင်းကျဆင်းလာနေတဲ့ စိတ်ဓါတ်တွေကို အချိန်မီ ပြင်ဆင်ကုစားကြဖို့
လိုပါတယ်။ Moral Obligation တည်ဆောက်နိုင်အောင်
ကြိုးစားကြရပါမယ်။
(ရှင်မဟာသီလဝံသ) ရေးတဲ့ စာတစ်ပုဒ်မှာ -
စကားသစ္စာ တည်သောခါဝယ်
သြဇာလေးနက် ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ …… လို့
ဆိုထားပါတယ်။
နာမည်ကျော် လင်္ကာတစ်ခု
ဖြစ်ပါတယ်။ ကတိစကားသစ္စာ တည်မြဲတဲ့အခါ လောကမှာ
သြဇာထက်မြက်ပြီး အမြဲတမ်း အထက်တန်းနေရာ ရတဲ့အပြင်
နွယ်မြက်သစ်ပင်တောင်မှ ဆေးဖက်ဝင်နိုင်တဲ့ အခြေအနေကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။
ရှေးပဝေသဏီ ကတည်းက ကျနော်တို့ကို ဆိုဆုံးမထားခဲ့တာပါ။ ဒီအဆုံးအမမျိုးကို မြန်မာတွေက အရင်ဆုံး ကြားသိခွင့်
ရခဲ့တာပါ။
တကယ်ဆို ကမ္ဘာမှာ မြန်မာဟာ ကတိသစ္စာ အတည်ဆုံး
နဲ့ ကိုယ်ကျင့်တရားအရ ကျင့်ဝတ်သိက္ခာရှိသူတွေ ဖြစ်သင့်တယ် မဟုတ်ပါလား။
No comments:
Post a Comment