ဘာတွေ ဖြစ်နေကြတာလဲ
၂ဝ၁၈- ဇန်နဝါရီလ ၄- ရက် လွတ်လပ်ရေးနေ့ဆိုတော့
ထောင်ထဲမှာ နေခဲ့ရတဲ့ နေ့တွေကို ပြန်အမှတ်ရ နေမိတယ်။ အဲဒီလို နေ့ထူးနေမြတ် (အထူးသဖြင့် လွတ်လပ်ရေးနေ့)
ဆိုတာ အကျဉ်းထောင်တွေထဲမှာ ရှိနေကြတဲ့ အကျဉ်းသား မှန်သမျှရဲ့ မျှော်လင့်ချက်ကြီးတွေနဲ့
နားစွင့်ခဲ့ကြရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့တွေမှာ နိုင်ငံတော်သမ္မတကြီးတွေက
လွတ်ငြိမ်းချမ်းသာခွင့် (သို့မဟုတ်) အကျဉ်းကျနေ့ရက်တွေကို လျော့ချ ပေးတဲ့ အလေ့အထ နဲ့
အစဉ်အလာတွေ ရှိခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။
ထောင်ထဲမှာ အကျဉ်းသားဘဝ ရောက်ဖူးခဲ့သူတိုင်း
ဒီခံစားချက်ကို သိကြပါတယ်။ ကိုယ်မလွတ်တာတောင်မှ တစ်ခြားလူတွေ လွတ်သွားတာကို မြင်ရတဲ့အခါ
အားရဝမ်းသာနဲ့ အစိုးရမင်းများကို ဝိုင်းပြီးကျေးဇူးတင်ကြရတာ အမော ပါ။ ကိုယ်နဲ့ အတိုက်အခံဖြစ်နေတဲ့
အစိုးရကိုတောင် အဲ့ဒီလို အခါသမယတွေမှာ အကျဉ်းသားလွတ်ငြိမ်းခွင့် ပေးခဲ့တဲ့ အတွက် ချီးကျူးထောပနာ
ပြုပေးကြစမြဲ ဖြစ်ပါတယ်။
အဲဒီလိုရက်တွေဟာ ဘယ်လိုအကျဉ်းသားဘဲဖြစ်ဖြစ်
အကျဉ်းသားအားလုံးရဲ့ မျှော်လင့်ချက်ဘဲ ဖြစ်ပါတယ်။
အဲဒီနေ့ရက်တွေနား နီးကပ်လာရင် အကျဉ်းထောင်အမှုထမ်းတွေဆီကို ဘာများထူးခြားမှု ရှိနေပါသလဲ
ဆိုပြီး စုံစမ်း မေးမြန်းကြရတာ အကျဉ်းသားတိုင်းရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။ သေဒဏ်ကျခံထားရသူက
သေဒဏ်က အသက် လွတ်သွားနိုင်သလို နှစ်ကြီးထောင်ဒဏ်သမားတွေလဲ နှစ်တွေလျော့ကျသွားနိုင်ပါတယ်။ လွတ်နီးတွေဆိုရင်လဲ အချိန် မရွေး ချက်ချင်းလက်ငင်း
လွတ်မြောက်သွားနိုင်တာမို့ အားလုံးက မျှော်နေကြတဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။
ဒါပေမဲ့ အခု ဆောင်းပါးရေးနေချိန်
(ဇန်နဝါရီ ၅-ရက်)အထိ အကျဉ်းထောင်တွေဆီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ဆိုလို့
တစ်ယောက်မှ သတင်းမကြားရသေးပါဘူး။ အေအေပီပီကို
မေးကြည့်တော့လဲ သူတို့ဘာမှ မကြားသေးဘူးလို့ အကြောင်းပြန်ပါတယ်။ ထောင်ထဲမှာ ရှိနေကြတဲ့ အကျဉ်းသားအပေါင်းတို့ကို
ကျွန်တော် ကိုယ်ချင်းစာကြည့်လိုက်မိပါတယ်။ သူတို့ခမြာ ထုံးစံအတိုင်း သေချာပေါက် မျှော်လင့်နေကြမှာဆိုတာ
အလွန်ကို သေချာပါတယ်။ မျှော်လင့်သလို ဖြစ်မလာတော့ရင် အလွန်ကိုဘဲ စိတ်ထိခိုက်မှု ဖြစ်ကြရမှာပါ။ အထူးသဖြင့် ထောင်ထဲက အကျဉ်းသားတွေအတွက် ကတော့ မျှော်လင့်နိုင်တာ
အဲဒီနေ့ရက်လေးတွေဘဲ ရှိခဲ့လို့ ဖြစ်ပါတယ်။
အစိုးရအဖွဲ့ရဲ့ နှစ်သစ်ကူး ဆွမ်းလောင်းလှူပွဲကြီး
ချိမ့်ချိမ့်သဲသဲကျင်းပနေတာတွေ ၊ လူပရိသတ်တစ်သိန်းကျော် တဲ့ တရားဓမ္မပွဲတွေ ကျင်းပနေတာတွေ့ရတော့
အကျဉ်းသားတွေအတွက်လဲ ထည့်စဉ်းစားလိမ့်မယ်လို့ ကျွန်တော်မျှော် လင့်ပေးခဲ့မိတာဟာ မမှားလောက်ဘူးလို့
ထင်ခဲ့ရပေမဲ့ တကယ့်လက်တွေ့မှာတော့ မှားသွားခဲ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားဘဝကို လုံးဝမရောက်ဖူးခဲ့တဲ့
အစိုးရမင်းများ လက်ထက်တုန်းကတောင်မှ နှစ်စဉ်နှစ် တိုင်းလိုလို လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပါတယ်။
လျော့ရက်တွေပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော် မတီ တစ်ခုကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့
ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်မှုတွေ လုပ်ပြီး လွတ် မြောက်ဖို့ လိုအပ်သူတွေကို
လွတ်မြောက်စေခဲ့ဖူးပါတယ်။ အဲဒီနည်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား လွတ်မြောက်ခဲ့တဲ့
သာဓကတွေ ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီဆိုရင်လဲ သာမန်အကျဉ်းသားတွေလဲ သတ်မှတ်ချက်အတိုင်း
လိုက်ပါလွတ်မြောက်ကြတာ အလေ့အထတစ်ခုလို ဖြစ်လာခဲ့ပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားဘဝနဲ့
နေခဲ့ဖူးတဲ့ နိုင်ငံရေးပါတီကြီးရဲ့ အစိုးရအဖွဲ့ လက်ထက်မှာဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား
လက်ကျန်တွေကိုလဲ မလွဲမသွေ လွတ်ပေးလိမ့်မယ်လို့ ကျွန်တော့်ဖက်က မျှော်လင့်ခဲ့မိပါတယ်။
ကျွန်တော့်မျှော်လင့်ချက်က မှားနေဆဲပါ။ နိုင်ငံရေးအကျဉ်းသား
စိစစ်မှုတွေတောင် လုပ်တယ် မကြားရတော့ပါဘူး။ AAPP တို့လို နိုင်/ကျဉ်းအဖွဲ့တို့လို အဖွဲ့အစည်းတွေရဲ့ စာရင်းအရ
နိုင်ငံရေးအကျဉ်းသားတစ်ရာနီးနီး အကျဉ်းထောင် တွေထဲမှာ ကျန်နေဆဲလို့ သိရပါတယ်။ AAPP
ကလုပ်တဲ့ နိုင်/ကျဉ်းစာရင်းတွေဆိုရင် မူလအမှုတွဲတွေ အထိကို သေသေ ချာချာ လေ့လာပြီးမှ
နိုင်ငံရေးအကျဉ်းသားစာရင်းထဲကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက စိစစ်မှုတွေအရ
ဆိုရင် တကယ့်လက်တွေ့ ဖြစ်ရပ်နဲ့ တရားစွဲခံရတဲ့ ပုဒ်မတွေ တစ်ခြားစီဖြစ်နေတာ အများအပြားတွေ့ခဲ့ရပါတယ်။
ထောင်ချဖို့ သက်သက်ဘဲမို့ အကျဉ်းသားတွေရဲ့ တရားစွဲတဲ့ ပုဒ်မတွေကို ကြည့်ပြီးသူတို့ကို
လူဆိုးလူကောင်း အလွယ်တကူ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သေသေချာချာ စိစစ်ထားခဲ့တဲ့ စာရင်းတွေ
ဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်ထဲမှာဆိုရင်
နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၂ဝ- လောက်ရှိတယ်ဆိုတဲ့
သတင်းတွေလဲ ကြားနေရပါတယ်။ ကိုယ်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဘဝ ရောက်ခဲ့ဖူးတဲ့လူမှန်သမျှဟာ
လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ချင်းစာစိတ်ရှိနေ မှာကတော့
သံသယ ရှိစရာ မလိုလောက်အောင် ယုံကြည်ရပါတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့နဲ့ ဘဝတူတွေကို
ခုထိ ဆွဲမထုတ်နိုင်သေးတာလဲ။ ဘာကြောင့် ကြိုးပမ်းအားထုတ်မှု ဝါယမစိုက်တာတွေ မတွေ့ရသေးတာလဲ။
မေးစရာပါဘဲ။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် အတိုက်အခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ လွတ်လပ်ရေး အောင်ပွဲ အခမ်းအနားကို ကျွန်တော်တက်ရောက်တော့
ပေးလာတဲ့ရင်ထိုးနောက်မှာ နိုင်ငံရေးအကျဉ်းသားတစ် ယောက်ရဲ့ နာမည်တွေ ပါလာပါတယ်။ မေးကြည့်တော့
အဲဒီ အကျဉ်းသားရဲ့ လိုအပ်ချက်တွေကို အကူအညီပေးရ အောင် (ပေးနိုင်အောင်) နာမည်တွေကို
မဲဖေါက်ထားတာတဲ့။ ကျွန်တော်ရတဲ့ ကဒ်နောက်ကျောက နာမည်က “မခင်ထား” ထားဝယ်ထောင် လို့ ရေးထားပါတယ်။
ဒါပေမဲ့ မကြာမီမှာဘဲ ကျွန်တော်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသား ဘဝကို ရောက်သွားလို့
အဲဒီတစ်ယောက်ကို မကူညီနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ကျွန်တော်ထောင်ထဲ ရောက်ပြီး
နှစ်နှစ်လောက်ကြာတော့ အဲဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မဲ ပေါက်လို့ ဆိုပြီး
ကျွန်တော့်မိသားစုဆီ အကူအညီပေးဖို့ တစ်ယောက်ရောက်လာပါတယ်။ နာမည်က ဒေါ်စပယ် တဲ့။ နိုင်/ကျဉ်း ကျွန်တော့်ကို ဘာများကူညီရမလဲဆိုပြီး
မိသားစုဆီလာမေးပါတယ်။ နောက်ပိုင်းမှာ မိသားစုနဲ့
ညှိနှိုင်းပြီး တော့ ကျွန်တော်ဖတ်ဖို့ စာအုပ်တွေ ပို့ပေးခဲ့တယ်။ အဲဒီအကူအညီမျိုးဟာ ထောင်ထဲမှာ
နေနေတဲ့ လူတစ်ယောက် အတွက် အလွန်ကိုဘဲ ခွန်အားဖြစ်တယ်။ မျှော်လင့်ချက် အားမာန်တွေကို
မွေးဖွါးပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့
အဲဒီ ဒေါ်စပယ်ဟာ ကျွန်တော့်သားနဲ့ ချွေးမတို့ရဲ့ ဆရာမ အရင်းကြီးဖြစ်နေလို့ ကျွန်တော်တို့မိတ်ဆွေဘဝက
ပိုပြီးတော့ တောင်မှ မိသားစုဆန်တဲ့ အနေအထားကို ရောက်ခဲ့ရတယ်။
အတိုက်အခံဘဝတုန်းက ရှိခဲ့တဲ့ ကူညီဖေးမမှုတွေဟာ
ကိုယ်တိုင်အစိုးရဖြစ်လာခဲ့တဲ့အခါမှာ ဘာဆိုဘာမှ
မတွေ့ရတော့ စိတ်ထဲမှာ ဝမ်းနည်းနေမိပါတယ်။ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေး
နိုင်တဲ့ လုပ်ပိုင်ခွင့်တွေဟာ အစိုးရမှာ အပြည့်အဝရှိတယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။
ဘယ်သူကမှ ဝင်ရောက် တားဆီး ပိတ်ပင်တာမျိုးလဲ မလုပ်နိုင်ဘူးလို့လဲ ခိုင်ခိုင်မာမာ ယူဆမိပါတယ်။ ဘာကြောင့် ဖြစ်မလာတာလဲ ဆိုတာ စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး
ကျွန်တော် စဉ်းစားမရတော့ပါဘူး။ စဉ်းစားကြည့်လေ။
နိုင်/ကျဉ်းဟောင်း ၁၂ဝ က လက်ရှိ နိုင်/ကျဉ်း ၁ဝဝ- အောက်ကို မကယ်နိုင်တာဟာ သမိုင်းကြောင်းမှာ
ရေးရရင် အလွန်ကိုဘဲ အကျည်းတန် လှပါပြီ။
ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ ကိုင်း ….. ဝိုင်းပြီး ဖြေပေးကြပါအုန်း။
No comments:
Post a Comment