Friday 21 December 2012

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း


         ယုံကြည်မှု တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး ပညာရှင်အသီးသီးက ဆိုထားတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကတော့  ရှမ်းပြည်နယ်/ရှမ်းလူမျိုးတွေ လက်တွေ့ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်/အခြေအနေတွေအပေါ်မှာ သုံးသပ်ပြီး နိုင်ငံရေးရှုထောင့်ကနေ တင်ပြသွားမှာ ဖြစ်ပါတယ်။
 
          ကျွန်တော်တို့ ရှမ်းပြည်နယ်အပါအ၀င် ဒီနေ့ပြည်နယ်တွေရဲ့ အခြေအနေကို ကြည့်လိုက်ရင် အများစုက အေးချမ်းသာယာမှု ကင်းမဲ့ နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဘာကြောင့် ဖြစ်နေရတာလဲ။ ဘာကြောင့် ယမ်းခိုးတဝေေ၀ ဖြစ်နေရ တာလဲ။ သာယာလှပတဲ့ တောင်းတန်းတွေမှာ ပန်းရနံ့တွေ ဝေနေရမယ့်အစား ယမ်းနံ့တွေ ဝေနေရတာ ဘာကြောင့်ပါလဲ။ အဲဒီ ဒေသခံလူမျိုးတွေ အတိဒုက္ခရောက်နေကြတာ ဆယ်စုနှစ်ပေါင်းချီပြီး အတော်ကို ကြာခဲ့ပါပြီ။ ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်အမြောက်အမြားကို ရင်ဆိုင်ခဲ့ကြရတယ်။ ရင်ဆိုင်နေရဆဲလည်း ဖြစ်ပါတယ်။ ဒီအခြေအနေဆိုးကြီးကို ဘာကြောင့် မဖယ်ရှားနိုင်သေးတာလဲ။ အေးချမ်းသာယာမှုကို ဘာကြောင့် မတည်ဆောက်နိုင်ကြတာလဲ။ မေးခွန်းတွေ ရှိပါတယ်။ အဖြေတွေ အများကြီးထဲက တစ်ခုကတော့ ယုံကြည်မှု မရှိတာ၊ ယုံကြည်မှု မတည်ဆောက်နိုင်တာပါလို့ ပြောနိုင်ပါတယ်။

          ပြည်ထောင်စုကြီးကို တည်ဆောက်တယ်ဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ယုံကြည်မှု မရှိဘဲနဲ့ ပြည်ထောင်စုလည်း မဖြစ်နိုင်သလို ငြိမ်းချမ်းရေးလဲ တည်ဆောက်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မယုံမကြည် ဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်နိုင်မှာလဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်နိုင်မှာလဲ။ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ယုံကြည်မှု ရအောင် အရင်ဆုံး တည်ဆောက်ရမှာ ဖြစ်ပါတယ်။

          ဒါဆို တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့  ဘာကြောင့် မယုံကြည်နိုင်အောင် ဖြစ်နေရတာလဲ ? 

          တန်းတူ ညီမျှမှု မရှိတာတွေ၊  ဗိုလ်ကျစိုးမိုး အနိုင်ကျင့်တာတွေ၊  လူ့အခွင့်အရေး ချိုးဖေါက်တာတွေ၊ ကတိမတည် လိမ်လည်လှည့်ဖျားတာတွေ ၊ နိုင်ငံရေး လွတ်လပ်ခွင့်ကို ချုပ်ချယ်တာတွေ အစရှိတာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လူတစ်စုက တစ်ခြားလူတစ်စုကို မယုံကြည်နိုင်လို့ အဲဒီအပြုအမူတွေကို လုပ်ဆောင်တာ ဖြစ်တတ်ပြီး ခံရတဲ့လူတစ်စုကလည်း ပြုလုပ်သူ လူတစ်စုကို တစ်ဖန်ပြန်ပြီး မယုံကြည်နိုင်တော့ပါဘူး။ အဲဒီကနေစပြီး ငြိမ်းချမ်းမှုတွေပျောက်  ပဋိပက္ခတွေ ရောက်လာတော့တာပါဘဲ။

          ယုံကြည်မှုကို တစ်ဖက်တည်းက တည်ဆောက်လို့လဲ မရပါဘူး။ နှစ်ဖက် သို့မဟုတ် သုံးဖက် ပါဝင်သူအားလုံးက ပါဝင်တည်ဆောက်မှ ဖြစ်နိုင်တာပါ။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် နားလည်မှု နဲ့ လုပ်ပြကိုင်ပြ ဆောင်ရွက်ပြတာတွေကသာ ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေးစိတ်ဓါတ် ဆိုတာ မကောင်းသလို ကျန်တစ်ဖက်က ကျဉ်းမြောင်းတဲ့ လူမျိုးကြီးဝါဒ ဆိုတာလည်း မကောင်းပါဘူး။ ကျွန်တော်တိုက်တွန်းချင်တာကတော့ အဲဒီ လွဲမှားမှုတွေကို အားလုံးက ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဖျောက်ဖျက် ပြစ်ဖို့ လိုပါတယ်။ ဒါမှ ယုံကြည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

          ဥပမာ အခု အပစ်ရပ်စဲရေး စာချုပ်တွေမှာ လက်မှတ်ထိုးကြတော့ "ပြည်ထောင်စုထဲက ခွဲမထွက်ပါဘူး" ဆိုပြီးလက်မှတ် ထိုးရပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာတစ်ဖက်ထဲအပေါ်ထားတဲ့ စည်းကမ်းချက်မျိုးပါ။ တစ်ခြားတစ်ဖက်ကလည်း "ပြည်ထောင်စုကြီးထဲက မခွဲထွက်ချင်အောင် ကျွန်တော်တို့ ဘာတွေလုပ်ထားပါတယ် " ဆိုတာမျိုးကြတော့ မပါပါဘူး။ အဲဒီတော့ ယုံကြည်မှုတည်ဆောက်ရာမှာ အခက်အခဲဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က မခွဲထွက်ချင်အောင် ဘာတွေဘာတွေ လုပ်ထားပါတယ်။ ခင်ဗျားတို့ဘက်ကလဲ ခွဲမထွက်ပါနဲ့  ဆိုတာမျိုး နှစ်ဖက်စလုံးက ကတိတွေပေးမှ တရားမျှတတဲ့၊  နားလည်မှုရှိတဲ့ ယုံကြည်မှုတည်ဆောက်တာ ဖြစ်ပါလိမ့်မယ်။

          ခွဲထွက်ရေး ဆိုတာကို အကြောင်းပြပြီး လှည့်စားခဲ့တဲ့  အတိတ်ကအရိပ်မည်းကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပါတယ်။

          အမှန်တကယ် မရှိခဲ့တဲ့ ခွဲထွက်ရေးကို အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့လို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီးဟာ ဘာမှအပြစ်မရှိဘဲ ထောင်ထဲမှာ ကွယ်လွန်ခဲ့ရတယ်။ သူ့သားတစ်ယောက်လည်း အကြောင်းမဲ့ ကျဆုံးခဲ့ရတယ်။ သီပေါစော်ဘွား ကြီးလည်း အဖမ်းခံရပြီး ပျောက်ဆုံးခဲ့ရတဲ့ သမိုင်းအမည်းစက်ကြီး တစ်ခု ဖြစ်ခဲ့ရပါတယ်။ ဘယ်လိုလုပ်ပြီး ယုံကြည်နိုင်ကြပါမလဲ။ ရှမ်းတွေဘက်က မယုံကြည်နိုင်မှုဟာ တရားမျှတမှု ရှိပါတယ်လို့ ပြောချင်ပါတယ်။  ၁၉၆၁-ခုနှစ် တောင်ကြီးမှာပြုလုပ်တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံက ချမှတ်ခဲ့တဲ့ ပြည်ထောင်စုမူဟာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ တင်သွင်းတဲ့စာတမ်းသာ ဖြစ်ပါတယ်။ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ဥပဒေလမ်းကြောင်းထဲက မူဖြစ်ပါတယ်။ နောင်အခါမှာတော့ အခြေခံဥပဒေနဲ့ အညီအညွတ်လုပ်ထားတဲ့မူကနေ အတင်းအကြပ်စွပ်စွဲပြီး ခွဲထွက်ရေးမူ အဖြစ်ကင်ပွန်းတပ်ခံခဲ့ရတာကို ၀မ်းနည်းဖွယ် တွေ့ကြရမှာပါ။  တစ်ဦးနဲ့တစ်ဦး ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေ ပျက်ပြားသွားခဲ့ရပြီး သွေးခွဲအုပ်ချုပ်ခြင်းကို ခံလိုက်ကြရတာဘဲ အဖတ်တင် ကျန်ရစ်ပါတော့တယ်။

          ဒီနေ့ ဒီအခြေအနေမှာတော့ သမိုင်းတစ်ခေတ်ကို အစပြုလာပါပြီ။ သမိုင်းရေးရာ အမှန်တရားတွေကို ဖေါ်ထုတ်လာနိုင် ကြပါပြီ။ ဖယ်ဒရယ်စနစ်ဟာ ခွဲထွက်ရေးမဟုတ်ဘူးဆိုတာ အများစုက လက်ခံလာကြပါပြီ။ ဖယ်ဒရယ်ဆိုတာ ပေါင်းစည်းရေး ဆိုတာကို လက်ခံလာကြပါပြီ။ နိုင်ငံရေးသမားတွေပြောတဲ့ စကားလုံးတွေထဲမှာ ဖယ်ဒရယ်စနစ်ဆိုတဲ့စကားလုံး မပါမဖြစ် ပြောဆို နေကြပါပြီ။ တောက်လျှောက်ပြောလာခဲ့တဲ့ ကျွန်တော်တို့တွေထက်တောင်မှ အသုံးပြုတာ များနေပါပြီ။ မဟုတ်မမှန် ဓါးစာခံ လုပ်ခံခဲ့ရတဲ့  "ခွဲထွက်ရေး"  အိပ်မက်ဆိုးကြီးကနေ  နိုးထလာကြပြီလို့ ပြောလိုပါတယ်။ အခုဆိုရင် ဖယ်ဒရယ်စနစ်ဆိုတာ ခွဲထွက်ရေးမဟုတ် ၊ ပူးပေါင်းရေး တနည်းအားဖြင့် ပြည်ထောင်စု စစ်စစ်မူသာဖြစ်ကြောင်း သိလာကြပါပြီ။

          ကျွန်တော်တို့အနေနဲ့ တိုက်တွန်းချင်တာကတော့ ဒီနေ့ကာလလို သမိုင်းအမှန်ပေါ်လာတဲ့ကာလမှာ ကျွန်တော်တို့ရဲ့ သံသယတွေကို လျှော့ချကြပါ။ နားလည်မှု ပေးကြပါ။ ပြည်ထောင်စုကြီးရဲ့ အနာဂတ်ကို မျှော်တွေးကြပါ။ ယုံကြည်မှု တည်ဆောက်ဖို့ လမ်းဖွင့်ကြပါ။ ကိုယ်ကိုယ်တိုင်လည်း ယုံကြည်မှုတည်ဆောက်ပါ။ အခွင့်ကောင်းယူကြပါ။ လက်လွှတ် မခံဖို့ တိုက်တွန်းလိုပါတယ်။ ယုံကြည်မှု တည်ဆောက်မှု လမ်းကို ဖွင့်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ဟာ ပြည်ထောင်စုကြီးရဲ့ အမာခံအဖွဲ့ဝင် ဖြစ်ကြောင်း "ပင်လုံစာချုပ်" ကတည်းက သက်သေပြ ထားခဲ့တာကို မမေ့ကြပါနဲ့။ ဒါ့အပြင် ကျွန်တော်တို့ စဉ်းစားတွေးတောသလို တစ်ဖက်ကလည်း မှန်မှန်ကန်ကန်လိုက်ပြီး စဉ်းစားဖို့ တွေးတောဖို့တိုက်တွန်း လိုပါတယ်။

          ယုံကြည်မှုနဲ့ တည်ဆောက်တဲ့ ငြိမ်းချမ်းရေးကို မျှော်မှန်းကြပါ။ ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက်  တန်းတူညီမျှမှု ရှိဖို့ လိုပါတယ်။ ကတိတည် ဖြောင့်မတ်ဖို့ လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖေက်မှုတွေအစား ကူညီရိုင်းပင်းမှုတွေ လိုပါတယ်။ ဗိုလ်ကျ စိုးမိုးမှုတွေအစား ကာကွယ်စောင့်ရှောက်မှုတွေ လိုပါတယ်။ ပင်လုံစာချုပ်ဆိုတာ တောင်တန်းဒေသနဲ့ ပြည်မ တန်းတူညီမျှ ပူးပေါင်းရေးစာချုပ်ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ် အနှစ်သာရကို မမေ့သင့် မဖျောက်ဖျက်သင့်ပါဘူး။ အမြဲလိုက်နာ နေသင့်ပါတယ်။

          အခုပြောနေကြတဲ့ ရှစ်ပြည်နယ်မူဆိုတာဟာ အစစ်အမှန်ကိုပြောရရင် "ရှစ်ယူနစ်" ကို ပြောခြင်း ဖြစ်ပါတယ်။ ခင်ဗျား တစ်ယူနစ်ဆိုရင် ကျွန်တော်တစ်ယူနစ်၊ မင်း တစ်ယူနစ်ဆိုရင် ငါ တစ်ယူနစ်ကို ပြောခြင်း ဖြစ်ပါတယ်။  အားလုံးတန်း တူညီမျှတာကို ပြောတာပါ။ တန်းတူညီမျှခြင်းဆိုတာ တစ်ဖက်သားရဲ့ အိတ်ကပ်ထဲကပစ္စည်းကို နှိုက်ယူတာ မဟုတ်ပါဘူး။ ဖယောင်းတိုင် မီးကူးယူသလိုပါဘဲ။ မူလ ဖယောင်းတိုင်မီးဆီက ဘာမှလျှော့သွားတာ မရှိပါဘူး။ ကိုယ့်မှာ ရှိသလို သူ့မှာလည်း ရှိပါစေ ဆိုတဲ့ စေတနာမျိုးထားနိုင်ရင်ဘဲ အလုပ်ဖြစ်နိုင်ပါပြီ။ အားလုံးတန်းတူညီမျှ ကိုယ်ပိုင်ပြဌာန်းခွင့် ကျင့်သုံးနိုင်ဖို့ ပြောနေခြင်းသာ ဖြစ်ပါတယ်။
 
          ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံးဟာ ဘယ်လိုနည်းနဲ့မှ ခွဲခွါပြီး မနေနိုင်ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ အတူတကွ ယှဉ်တွဲနေထိုင်တတ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတူတကွ ယှဉ်တွဲနေထိုင်ကြရင်  အရင်ဆုံးလိုအပ်တာက ယုံကြည်မှုဘဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မယုံမကြည် ဖြစ်လို့ မရပါဘူး။  ယုံကြည်မှု တည်ဆောက်ကြဖို့ ဘယ်လို တန်းတူညီမျှ မှုတွေ လုပ်ထားသလဲ။ ဘယ်လို ပြဌာန်းခွင့်တွေ ပေးမှာလဲ။  ခွဲမထွက်ရဆိုတဲ့ သံသယစကား မပြောဘဲနဲ့ ခွဲမထွက်ချင်အောင် ဘာတွေလုပ်ပြထားသလဲ။  မေးခွန်းတွေ ပေါ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်စုနဲ့တစ်စု ဘယ်လို harmony ဖြစ်အောင် နေကြမလဲဆိုတာ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့တိုင်းပြည်ကို state of peace ဖြစ်ဖို့ ကြိုးစားကြရပါမယ်။

          ကျွန်တော်တို့တတွေဟာ ပြည်ထောင်စု မပီသတဲ့ ပြည်ထောင်စုမျိုး၊ ဆိုရှယ်လစ်မပီသတဲ့ ဆိုရှယ်လစ်မျိုးတွေနဲ့ ကြုံတွေ့ ခဲ့ကြဖူးပါပြီ။ ဒါတွေကို သင်ခန်းစာအဖြစ်ယူကြပြီး နောက်တစ်ကြိမ် ထပ်မကြုံမတွေ့ရလေအောင် တားဆီးကြရပါမယ်။ ဆိုရှယ်လစ်အတု၊ ပြည်ထောင်စုအတုတွေလိုဘဲ "ဖယ်ဒရယ်အတု" ကိုလည်း ကျွန်တော်တို့ တားဆီးရှောင်ကျဉ်ကြရပါမယ်။ ဖယ်ဒရယ်မျက်နှာဖုံးတပ်ထားတဲ့ ဖယ်ဒရယ်အတုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ အတုတွေနဲ့ ယုံကြည်မှု မတည်ဆောက် နိုင်ပါဘူး။ အတုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရင်လဲ အမှားကြီးမှားပါလိမ့်မယ် ဆိုတာ တင်ပြလိုပါတယ်။

          တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟာ ကိစ္စရပ်အားလုံးမှာ မတူနိုင်ကြပါဘူး။ ကွဲပြားမှုတွေ ရှိနေမှာပါဘဲ။ ဘယ်လိုဘဲ ကွဲပြားပါစေ မတူကွဲပြားမှု ပဋိပက္ခ တွေကို     တွေ့ဆုံဆွေးနွေး ညှိနှိုင်းယူကြတာဟာ အကောင်းဆုံးနည်းလမ်းဘဲ ဖြစ်ပါတယ်။  လက်နက်ကိုင်ကိစ္စကို စဉ်းစားကြည့်လိုက်ရင် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ နေရသူတွေအဖို့ လက်နက်ကိုင်စရာ မလိုပါဘူး။ လက်နက်ကိုင်ဖို့လည်း စိတ်ကူးရှိမှာ မဟုတ်ပါဘူး။ လုံခြုံစိတ်ချရမှု ရှိဖို့ဘဲလိုအပ်ပါတယ်။ ဒါကြောင့် တရားမျှတမှု ၊ ဥပဒေ စိုးမိုးမှု၊ လုံခြုံစိတ်ချရမှု ၊ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လင်းမှု ၊ နိုင်ငံရေး လွတ်လပ်မှုတွေကို ဖန်တီးကြမှသာလျှင် ယုံကြည်မှု တည်ဆောက်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

          ငြိမ်းချမ်းရေးဆိုတာ   စစ်ပွဲတွေ မရှိဘဲ အေးချမ်းသာယာနေတာ ၊  စားဝတ်နေရေး ဖူလုံမှု ရှိနေတာ ၊  လူထုရဲ့ စိတ်သဘောတွေ တည်ငြိမ်နေတာ ၊  အခြားသူတွေနဲ့ အတူတကွ  harmony ဖြစ်အောင်ယှဉ်တွဲနေနိုင်တာ  ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆို ကြပါတယ်။  ပြည်ထောင်စုကြီးတစ်ခုထဲမှာ ငြိမ်းချမ်းစွာ အတူတကွ ယုံကြည်မှုတည်ဆောက်သွားဖို့ ၊ ရေရှည်တည်မြဲမဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားဖို့ ဆိုရင် တိုင်းပြည်ကို state of harmony ဖြစ်အောင် တည်ဆောက်ဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။  

          State of harmony ဆိုတာကတော့  လွတ်လပ်မှု၊  တရားမျှတမှု၊  တန်းတူညီမျှမှု၊  သွေးစည်း ညီညွတ်မှု၊  ရေရှည် ဖွံ့ဖြိုးတိုးတက်မှု၊  တွေ့ဆုံ ဆွေးနွေးမှုနဲ့ အခြေခံ လူသားလိုအပ်ချက်များကို  ဖြည့်ဆည်းပေးနိုင်မှု စတာတွေကို ဆောင်ရွက်ထားနိုင်တာ ကို ပြောကြခြင်း ဖြစ်ပါတယ်။   နှစ်ဦးနှစ်ဖက် အပေးအယူ မျှမျှတတ ရှိအောင် ကြိုးစားဖို့လိုပါတယ်။ တစ် ဖက်က အသာစီးရနေပြီး အခြားတစ်ဖက်က နစ်နာဆုံးရှုံးနေရတာမျိုးကို ရှောင်ကြဉ်ကြရပါတော့မယ်။ အတိတ်က သင်ခန်းစာတွေကို ဓမ္မဓိဌာန်ကျကျ စဉ်းစားပြီး အမှားတွေကို ဖေါ်ထုတ် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

          နိဂုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးကို   state of harmony   ဖြစ်အောင် ၀ိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Trust building for peace forum (26-28 November 2012) တော်ဝင်နှင်းဆီ ခန်းမ၊ ရန်ကုန်မြို့တွင် ဖတ်ကြားခဲ့သော စာတမ်း ဖြစ်ပါသည်။



Wednesday 5 December 2012

မေတ္တာကြေး

ကျွန်တော်သိသလောက် မေတ္တာဆိုတာ အလွန်ကိုမွန်မြတ်တဲ့စေတနာပါ။ အင်မတန် သိမ်မွေ့နှက်နဲ ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်ပြောချင်နေတဲ့ မေတ္တာကြေးကတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ​ကျွန်တော်ပြောချင်တာကကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် မေတ္တာရှိဖို့ ပေးရတဲ့ ငွေကြေးကို ဆိုလိုချင် တာပါ။

၀န်ဆောင်မှုပေးနေတဲ့ အစိုးရဌာန တစ်ခုခုဆီကို ကိစ္စတစ်ခုခုနဲ့ ခင်ဗျားရောက်သွားပြီဆိုပါစို့။ သူ့တာဝန်အရ သူ့ဖာသာသူ ဆက်တိုက်လုပ်သွားတဲ့နေရာတွေဆိုတာ တကယ်ရှိပါတယ်။ ဒါပေမဲ့ အတော် ကြီးကို နည်းလှပါတယ်။ လုပ်ပြန်ရင်လည်း စာတစ်မျက်နှာကို တစ်နာရီလောက် အေးအေးဆေးဆေးကြီးကို ရေးနေပါလိမ့်မယ်။ တစ်ချို့ မိန်းကလေးတွေဆိုရင် သူ့ဘေးက အဖေါ်တွေနဲ့ ရယ်လားမောလား ပြောကြ ဆိုကြရင်း နဲ့ အေးအေးဆေးဆေးကြီးကို လုပ်နေပါလိမ့်မယ်။ ကြုံဖူးကြမှာပါ။ အဲဒါ ဘာလို့ ဖြစ်ရတာလဲလို့ မေးရင် အဖြေကတော့ မေတ္တာကြေး မပေးလို့ပါဘဲ။

သူတို့က မတောင်းဆိုပေမဲ့ မေတ္တာ စေတနာ ရှေ့ထားပြီး မုန့်ဖိုး ပဲဖိုး လက်ဖက်ရည်ဖိုး များပေးလိုက်ရင် ခုနက တစ်မျက်နှာ တစ်နာရီနှုန်းနဲ့ ရေးနေတဲ့ စာမျက်နှာဟာဆိုရင် တစ်ဆယ့်ငါးမီနစ်အတွင်း ကောင်းကောင်း မွန်မွန်ကြီး ပြီးသွားပါလိမ့်မယ်။ သူတို့က ကိုယ့်ကို မေတ္တာရှိသွားကြလို့ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်ကြီး ပြီးသွားတာပါ။ ဟုတ်တော့ ဟုတ်ပါတယ်။ မေတ္တာ စေတနာသာ မရှိရင် အပင်ပန်းခံပြီး ဘယ်လုပ် ပေးလိမ့်မလဲ။ စားပွဲတစ်ခုကနေ နောက်စားပွဲတစ်ခု နောက်စားပွဲတစ်ခု ကိုယ့်စာရွက်စာတမ်းတွေကို ကိုယ်ကိုင်ပြီး ကိုယ်တိုင်လိုက်တင်ပေးရတဲ့ ရုံးတွေရှိနေတာ ကိုယ်တိုင်ကြုံဖူးတဲ့လူတွေ အများကြီး ရှိပါတယ်။ ကိုယ့်ကိစ္စလေး မပြီးမှာ ကြောက်လို့ ခန္ဓီစသည်းခံခြင်းတရားရှေ့ထားပြီး လုပ်ခဲ့ရတဲ့ လူတွေလည်း အများကြီး ပါဘဲ။ တစ်ခါတစ်လေများဆိုရင် ဟိန်းလားဟောက်လားတောင် ရှိတတ်ပါတယ်။ သူတို့ စိတ်ထဲမှာ သူတို့လုပ်ပေးနေတဲ့ စာရွက်စာတမ်းတွေကြောင့် ရလာနိုင်တဲ့ အကျိုးအမြတ်တွေကို တွက်ဆနေသလား မသိတော့ပါဘူး။ ငါတို့လည်း လုပ်ပေးနေရတာဘဲ သူတို့ရရင် ငါတို့လည်း ရသင့်တယ်လို့များ တွက်ထားသလား မသိတော့ပါဘူး။

ဟိုအရင် အစိုးရလက်ထက်တုန်းက ၀န်ကြီးတစ်ပါးက သူ့ဝန်ကြီးဌာနက ၀န်ထမ်းတွေကို အမှာစကား ချွေ နည်းပေးလမ်းပြလုပ်ထားဖူးတာကို ကြားဖူးခဲ့ပါတယ်။ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်လုပ်ကြပါ။ ဘယ်သူ့ဆီကမှ လက်ဖက်ရည်ဖိုး မတောင်းပါနဲ့။ အဲ သူတို့စေတနာရှိလို့ ပေးရင်တော့ ယူပါ။ ဒါပေမဲ့ ငွေမရလို့ လုပ်မပေးတာမျိုးလည်း မရှိစေနဲ့။ ကိုယ့်တာဝန်ကိုယ်ကြေပွန်ပါစေ လို့ မှာတမ်းချွေတယ်လို့ ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့ အဲဒီဝန်ကြီးဌာနကလူတွေ ပိုသိမှာပါ။ သာမန်အားဖြင့် ကြည့်လိုက်ရင် အင်မတန်မှကို တရား မျှတပါတယ်။ ကောင်းမွန်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ အဲဒီလူကြီးမင်း မေ့နေတာက သူ့ဝန်ထမ်းတွေရဲ့ စီးပွါးရေးအခြေအနေ၊ သူတို့ လုပ်နေရတဲ့ လုပ်ငန်းရဲ့ အကျိုးအမြတ်တွေကို ထည့်တွက်မိပုံ မရပါဘူး။

တာဝန်ကို ကြေအောင်လုပ်ပါလိမ့်မယ်။ လိပ်နှုန်းနဲ့လေ။ တစ်မျက်နှာကို တစ်နာရီလောက်လုပ်ပါ လိမ့်မယ်။ ကိုယ့်အပေါ် စေတနာတွေ မေတ္တာတွေ မရှိ ရှိချင်စိတ်တွေပေါ်လာအောင် လုပ်ပါလိမ့်မယ်။ တစ်ဦး မေတ္တာ တစ်ဦးမှာ ဆိုသလို သူမေတ္တာရှိမှ ကိုယ်လည်းမေတ္တာ ရှိမယ်ဆိုတဲ့ သဘောပေါ့။ အဲဒီတော့ လာစောင့် တဲ့ပုဂ္ဂိုလ်က စဉ်းစားရပါပြီ။ ကိုယ့်ကို မေတ္တာစေတနာရှိအောင် ကိုယ့်မှာ မေတ္တာစေတနာတကယ်ရှိရှိ မရှိရှိ ပေး တာကမ်းတာတွေ လုပ်ရပါတော့တယ်။ ကိုယ့်မှာကလည်း တစ်ခြားလုပ်စရာကိုင်စရာများရှိနေရင် ပိုလို့တောင် မှ လျင်လျင်မြန်မြန်နဲ့ ပေးကမ်းရပါလိမ့်မယ်။ ကဲ မခက်ဘူးလားဗျာ။

တကယ်ကတော့ ပေးတာ မပေးတာ တစ်ပိုင်းပေါ့။ မြန်မြန်ကောင်းကောင်းလုပ်ပေးလိုက်ရင် သူကပေး သွားမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ပေးနေတဲ့ အဆင့်မျိုးမှာတောင် စေတနာ မှန်တယ်လို့ မဆိုနိုင်ပါဘူး။ ဘာကိုမှ မမျှော်လင့်ဘဲ စေတနာမေတ္တာထား လုပ်ပေးတာကတော့ အကောင်းဆုံးပါဘဲ။

ကျွန်တော်က ဒီလို အဆိုတွေတင်လိုက်တော့ ၀န်ထမ်းတစ်ချို့ကတော့ ကြိုက်မှာ မဟုတ်ပါဘူး။ ရနေကြ လုပ်နေကြ မေတ္တာကြေး ကိစ္စကို ရိုးသားတဲ့အလုပ်တစ်ခုလို မြင်နေကြပါပြီ။ အများစုက လုပ်နေကိုင်နေတဲ့ လုပ်ငန်းတစ်ခုလို လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ ဒါတွေက သိပ်တော့အရေးမကြီးဘူးလို့ ထင်ရပေမဲ့ ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ခံယူချက် နဲ့ တကယ့် မေတ္တာစေတနာတွေကို ထိခိုက် စေတာကတော့ မငြင်းနိုင်လောက်ပါဘူး။ ခင်ဗျားက ဒါတွေလာပြောနေတယ်။ အရင်လုပ်ရမှာက Corruption ရပ်ဖို့ အရင်မဟုတ်လားလို့ မေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ကျွန်တော့ စေတနာက Corruption ကိုတိုက်ရင် အဲဒီ Corruption က ဘယ်ကိုပြောင်းသွားမလဲဆိုတာက ခုပြောနေတဲ့ မေတ္တာကြေးကိစ္စကို ပြောင်းသွားမှာမို့ပါ။ ဒါအလွန်သတိထားသင့်တယ်လို့ ထင်လို့ပါ။

အခုဆို လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ရှေ့တန်းတင် ပြောလာကြရတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော် စိတ်ပူတာက အင်မတန်ခက်ပါတယ်ဆိုတဲ့ လာဘ်ပေးလာဘ်ယူကိစ္စကို ရှင်းချင်ရှင်းနိုင်ပါလိမ့်မယ်။ မေတ္တာကြေး ကိစ္စကတော့ အတော့်ကို မလွယ်တဲ့ကိစ္စ ဖြစ်နေပါတယ်။ စာရေးဝန်ထမ်းတစ်ယောက်က စာတစ်ရွက်ကို ပုံမှန် ထက်နှေးနှေးကွေးကွေး ရေးနေတာကို ဘယ်လိုလုပ်ပြီး မြန်အောင်သွားပြောလို့ ရမလဲ။ အလုပ်အပေါ်မှာ နစ်နစ် ကာကာစေတနာထားပြီး လုပ်ကိုင်လာအောင် ဘယ်လိုလုပ်ကြပါမလဲ။

အစိုးရပိုင်းကတော့ လုပ်နေတယ်လို့ ပြောပါတယ်။ နောင်တစ်ချိန်မှာ ဌာနဆိုင်ရာ လုပ်ငန်းတွေ နည်း သွားတော့မှာမို့ ဒီကိစ္စကို သိပ်မပူဖို့ ပြောကြတာလည်း ရှိပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ အစိုးရ၀န်ကြီးဌာန အနေနဲ့ မရှိမဖြစ် ကျန်နေအုန်းမယ့် ဌာနတွေကလည်း ရှိနေကြအုန်းမှာပါဘဲ။ ဥပမာ အားဖြင့် လူဝင်မှု ကြီးကြပ် ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန လိုမျိုးပေါ့။ ဧည့်နိုင်ငံသား၊ နိုင်ငံသား၊ တိုင်းရင်းသား လက်မှတ်တွေကို အဲဒီဌာနက တာဝန်ယူစိစစ်လုပ်ကိုင် ထုတ်ပေးရတာပါ။ နောင်လာမယ့်နှစ်တွေမှာဆိုရင် နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်း ကောက်ပါတော့မယ်။ နိုင်ငံရဲ့ လူဦးရေစာရင်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်နဲ့ သက်ဆိုင်ပါတယ်။ မှန်ကန်တဲ့ စာရင်းတွေရှိနေမှ မှန်ကန်တဲ့ စီမံကိန်းတွေ၊ တွက်ချက်မှုတွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ မှန်ကန်တဲ့ စာရင်းဇယားတွေ ရရှိအောင်လည်း အားလုံးက ၀ိုင်းဝန်းကူညီ ပါဝင်သင့် ပါတယ်။

မြို့နဲ့ ဝေးရာဒေသတွေမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ များသောအားဖြင့် အမျိုးသားမှတ်ပုံတင် သက်သေခံလက်မှတ်တွေ မရှိကြပါဘူး။ သူတို့က ဘယ်မှမသွားတဲ့ဥစ္စာ မလိုပါဘူးလို့ ဆင်ခြေပေးကြတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲမဲဆွယ်တဲ့အခါတွေမှာ သိသိသာသာကြီးကို တွေ့နေ ရတယ်။ တကယ်တမ်းကျတော့ အဲဒီအကြောင်းပြချက်က မမှန်ပါဘူး။ တကယ့်အကြောင်းရင်းက ငွေမရှိလို့ပါ။ မတတ်နိုင်ကြလို့ပါ။ ကိုယ့်ရွာမှာ ကိုယ်နေတာ ဘယ်ကိုမှ မသွားတော့ မလိုဘူးလို့ ခပ်လွယ်လွယ်ဆင်ခြေပေးကြ ပါတယ်။ စစ်တဲ့ဆေးတဲ့လူလည်း မရောက်နိုင်လို့ သူတို့အတွက် သိပ်ပြဿနာမရှိပါဘူး။ မဲထည့်ဖို့လည်း စိတ်ကူးမရှိပါဘူး။ မှတ်ပုံတင်လုပ်ရင် အသက်အတွက် သူတို့မှာ မွေးစာရင်းမရှိဘူး။ မြို့ကိုသွားဖို့ ငွေမရှိဘူး။ မှတ်ပုံတင်စာရင်းတွေကြည့်ပြီး လုပ်အားပေးခေါ်တာ၊ ခိုင်းတာတွေကို ကြောက်ခဲ့ရဖူးတဲ့ စိတ်ဒဏ်ရာတွေရှိနေ သေးတယ်။

လ-၀-က ဌာနက ကျပ်ဆယ်ဂဏန်းလောက်နဲ့ လုပ်ပေးနေတယ်လို့ ပြောပေမဲ့ လမ်းစရိတ်တော့ ဘယ်ပေးနိုင်မလဲ။ ဓါတ်ပုံဖိုးဘယ်ရှိမလဲ။ လိုက်ပြီးပို့ပေးမယ့် စာတတ်ပေတတ် တစ်ယောက်လောက်ကလည်း လိုပါတယ်။ သူကြီးထောက်ခံစာ လိုပါတယ်။ ဘယ်နှစ်ရက်လောက်နေရမယ်မှန်း မသိနိုင်ဘူး။ တစ်မျက်နှာကို တစ်နာရီလောက်ရေးတဲ့ လူနဲ့တွေ့ရင် ပိုပြီးကြာပေလိမ့်မယ်။ မေတ္တာကြေး ပေးစရာ သူတို့မှာ မရှိဘူး။

လ-၀-က မှူးတွေ ကျေးရွာတွေ အထိ ဆင်းပြီး မှတ်ပုံတင်လုပ်ပေးကြတာ သတင်းတွေထဲမှာ ဖတ် ရတော့ ၀မ်းသာရပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်ရင် အများကြီး ကျန်နေသေးတယ်။ လုပ်ရည်ကိုင်ရည် လည်းရှိ စေတနာလည်းရှိတဲ့ လူကြီးတစ်ဦးရှိတဲ့ ကျေးရွာအုပ်စု တစ်ခုကို စိတ်ထဲမှန်းကြည့်လိုက်ပါ။ လ-၀-က မှူးတွေကို သွားခေါ်ပါပြီတဲ့။ အဲဒီဝန်ထမ်းတွေကို အစိုးရက ပေးထားတဲ့ နေ့တွက်စရိတ်၊ ခရီးစရိတ်တွေက အမှန်တကယ် ကုန်ကျစရိတ်တွေနဲ့ လားလားမှ မဆိုင်အောင်ပိုကုန်နေပါတယ်။ သူတို့လည်း ဘယ်လိုလုပ်ပြီး အိတ်စိုက် နိုင်ပါ့မလဲ။ အဲဒီတော့ သူကြီးတာဝန်ဖြစ်လာပါပြီ။ လမ်းစရိတ်၊ စားစရိတ် ကောက်ရပါပြီ။ ငွေမတတ်နိုင်တဲ့ လူတွေက ငွေထည့်ဖို့ ဖြစ်လာရပြန်ပြီ။ ဝေးလံတဲ့ဒေသတွေဆိုရင် အသွားအပြန် နှစ်ရက်နဲ့ ပြီးရင် အလွန်ကို ကံကောင်းနေပါပြီ။

ကျွန်တော်ကတော့ ဗျာ။ အဲဒီ ဝေးလံဒေသ ကျေးရွာကလူတွေအတွက် စိတ်ပူနေမိတော့တာပါဘဲ။ မေတ္တာကြေး မတတ်နိုင်တဲ့ သူတို့တတွေ ဘယ်လိုများလုပ်ကြပါမလဲ။ တိုင်းရင်းသားမဟုတ်တဲ့ သူတွေကတော့ မှတ်ပုံတင်ဟာ သူတို့အတွက် အမှန်တကယ်အရေးကြီးကြောင်းသိနေတာမို့ ငွေဘယ်လောက်ကုန်ကုန် ထုတ် သုံးကြမှာပါဘဲ။ အဲဒီတော့ တိုင်းရင်းသားအစစ်အမှန်တွေက မှတ်ပုံတင်မရှိကြတော့ဘဲ သူစိမ်းတွေဆီမှာတော့ မှတ်ပုံတင်တွေရှိနေကြမှာပါ။ လ-၀-က ဌာန တွေမှာ ရေးထားတဲ့ စာတမ်းတစ်ခုရှိပါတယ်။ - မြေမြိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်- ဆိုတဲ့ စာတမ်းကို မျက်စိထဲ မြင်နေမိတယ်။

မသိနားမလည်သေးတဲ့သူ၊ သဘောမပေါက်သေးတဲ့သူ၊ မေတ္တာကြေး မရှိသေးတဲ့သူ၊ ဝေးလံခေါင်ဖျား မှာနေတဲ့သူ စတဲ့ မှတ်ပုံတင်မရှိတဲ့ ကိုယ့်တိုင်းရင်းသားစစ်စစ်တွေကို မှတ်ပုံတင် ရှိလာအောင် ၀ိုင်းကူပေးကြ ဖို့ တော့ လိုနေပါပြီ။ ဒါ အမျိုးသားရေး တာဝန်တစ်ခုပါ။ ကျွန်တော်တို့ နိုင်ငံမှာ အားကစားပွဲတွေကို သွားကစား တာကအစ.... ကြက်ဆူပင်စိုက်တာအဆုံး... အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ သတ်မှတ်ပြီးတောင် လုပ်ခဲ့ကြသေးတာဘဲ မဟုတ်လား။ ကိုယ့်တိုင်းရင်းသားတွေအားလုံး လူမျိုမခံရလေအောင် သက်သေခံမှတ်ပုံတင်လက်မှတ် ကိုယ်စီရကြဖို့ဆိုတဲ့ အရေးဟာ အမျိုးသားရေးတာဝန်တစ်ရပ်လို့ ကျွန်တော်ပြောတာကတော့ မလွန်လောက်ပါဘူးဗျာ။

စိုင်းညွန့်လွင်
၂၀၁၂ သြဂုတ်လ (၂၆) ရက်

Tuesday 6 November 2012

အလံတော် အမှတ်တရ

       အခုတလော သတင်းတွေမှာ ခေတ်စားနေတာကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညီလာခံဖွင့်ပွဲ အစ ကပွဲမှာ ထောင်ထားတဲ့ နိုင်ငံတော်အလံ ပြောင်းပြန်စောက်ထိုးဖြစ်နေတဲ့ အကြောင်းပါ။ သတင်း ဓါတ်ပုံတွေနဲ့မို့ ငြင်းရခက်တဲ့ ကိစ္စပါ။ အလံက အ၀ါ အစိမ်း အနီ အပေါ်ကနေအောက်ကို အစီအစဉ်အတိုင်းသွားရမှာကို အမှတ်တမဲ့ အနီ အစိမ်း အ၀ါ ဆိုပြီးတိုင်မှာ တပ်လွှင့်လိုက်တော့ ပြောင်းပြန်ကြီး ဖြစ်သွားရတာပေါ့။ မှတ်ချက်တွေ အမျိုးမျိုးပေးနေကြပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့ သဘာဝကို ပြန်တွေးကြည့်ရင်း ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အလံတော် ပြောင်းပြန်ဖြစ်မှုတွေကို ပြန်လည်သတိရနေမိပါတယ်။

       အခု ရှမ်းပြည်နယ်ရဲ့ အလံတော်ဟာ အခု ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံလိုဘဲ အပေါ်ကနေအောက်ကို အ၀ါ အစိမ်း အနီ အလျားလိုက်အညီအမျှ ခြယ်ထားတာပါ။ ကွဲပြားတာကတော့ ရှမ်းပြည်နယ်အလံက အလယ်ခေါင်မှာ အဖြူရောင် "လ" အ၀ိုင်း ဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အလံတော်ကတော့ အလယ်ခေါင်မှာ အဖြူရောင် "ကြယ်" ခပ်ကြီးကြီး တစ်လုံး ဆိုပြီးခြားနားတာဘဲ ရှိပါတယ်။

       အဲဒီ အလယ်ခေါင်မှာ လပြည့်ဝန်းနဲ့ ရှမ်းပြည်နယ်အလံဟာ ၁၉၄၇ ခုနှစ် ပြည်မနဲ့ တောင်တန်း ဒေသတွေ ပြည်ထောင်စု ဖွဲ့စည်းကြဖို့ ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲတွေမှာ ရှမ်းစော်ဘွားတွေက ပြည်မနဲ့ ပူးတွဲပြီး အင်္ဂလိပ်အစိုးရဆီကနေ လွတ်လပ်ရေးရယူပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြည်ထောင်စုကြီးကို ပူးပေါင်းထူထောင်ဖို့ ရှမ်းစော်ဘွားတွေ ဆုံးဖြတ်ခဲ့ကြတဲ့နေ့ကတော့ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ဖြစ်ပါတယ်။ အဲဒီနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စော်ဘွားတွေက အဲဒီနေ့ကို "ရှမ်းအမျိုးသားနေ့" ဆိုပြီး သတ်မှတ်ခဲ့ကြတယ်။ အဲဒီနေ့မှာဘဲ ''ရှမ်းအမျိုးသားသီချင်း" နဲ့ "ရှမ်းအမျိုးသားအလံ" ကို သတ်မှတ်ခဲ့ တယ်။ ရှမ်းအမျိုးသားအလံကတော့ ပြောခဲ့သလို အ၀ါ အစိမ်း အနီ ကန့်လန့်ဖြတ်သုံးရောင်ခြယ်မှာ အလယ်ခေါင်က အဖြူရောင် လပြည့်ဝန်းကြီးကို ထည့်သွင်းထားတာပါ။

       ရှမ်း အမျိုးသားအမျိုးသမီးတွေက ရှမ်းအမျိုးသားအလံကို အမြတ်တနိုးရှိကြပါတယ်။ ထားကြပါတယ်။ ရှမ်းအမျိုးသားနေ့ကိုလည်း နှစ်စဉ် တခုတ်တရ ပွဲကြီးတွေ ကျင်းပခဲ့ကြပါတယ်။ ပြည်ထောင်စုကြီး ပေါ်ပေါက်စေခဲ့တဲ့နေ့ ဆိုပြီးတော့ပေါ့။ နောင်အခါကြမှ အကြောင်းအမျိုးမျိုးကြောင့် ရှမ်းအမျိုးသားနေ့ ရှမ်းအမျိုးသားအလံတွေကို ရှမ်းပြည်နယ်နေ့ ၊ ရှမ်းပြည်နယ်အလံ ဆိုပြီး ပြောင်းလဲခဲ့ကြတာပါ။ သိပ်မကြာလှသေးတဲ့ သမိုင်းကြောင်းကလေးတစ်ခုပေါ့ဗျာ။

       နှစ်ကိုတော့ မမှတ်မိတော့ပါဘူး။ ၁၉၇၀ စောစောပိုင်းလောက်ကလို့ ထင်မိတယ်။ အဲဒီတုန်းက ရန်ကုန်မြို့ အောင်ဆန်းဘောလုံးကွင်းမှာ တိုင်းနဲ့ပြည်နယ် ဘောလုံးပြိုင်ပွဲတွေကို နှစ်စဉ်ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့အချိန်ပေါ့။ လူပျိုပေါက် ကျွန်တော်တို့တွေကလည်း တစ်ပွဲမှ အလွတ်မပေး အားပေးခဲ့ကြ တာပေါ့။ ညနေ ၄-နာရီကစားမယ့်ပွဲကို နေ့လယ် တစ်နာရီလောက် ကွင်းထဲကြိုဝင် နေပူခံစောင့်ကြည့် ခဲ့ရတာပါ။ အဲဒီလို နှစ်စဉ်ထဲက တစ်ခုသော ဖွင့်ပွဲမှာတော့ အသင်းလိုက်တန်းစီ ချီတက်အလေးပြုကြရာမှာ ရှမ်းပြည်နယ်အသင်းရဲ့ ဆိုင်းဘုတ်ကိုင်ပျိုဖြူရှေ့ကနေ လွှင့်ထူလာတဲ့ ရှမ်းပြည်နယ်အလံကြီးဟာ ပြောင်းပြန်စောက်ထိုးကြီး ဖြစ်နေခဲ့ပါတယ်။ အပေါ်အောက် အနီ အစိမ်း အ၀ါ ဖြစ်နေတာပေါ့။ တခြားဘယ်သူမှ မရိပ်မိပေမဲ့ အဲဒီနေ့က တက္ကသိုလ်လာတက်တဲ့ ရှမ်းပြည်နယ်က ကျောင်းသားတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ရှိနေတော့ ၀ိုင်းအော်ကြတာပေါ့။ ဒါပေမဲ့ တန်းစီပြီး ချီတက်လာကြတာမို့ ဘယ်လိုမှ ပြန်မပြင်နိုင်တော့ပါဘူး။ သိသိကြီးနဲ့ ပြီးသည်အထိ ဆက်လျှောက်သွားရပါတယ်။ အဲဒီကိစ္စမှာ အရေးယူမှု ရှိ-မရှိ ကျွန်တော် မသိလိုက်ရပါဘူး။

       ၈၈၈၈ အရေးတော်ပုံမှာ နိုင်ငံတော်အလံတော်ကို ပြောင်းပြန်ထူပြီး ဆန္ဒပြတဲ့လူတွေ အရေးယူ ခံရတယ်လို့တော့ ကြားဖူးတယ်။ ဒါပေမဲ့ ဘယ်လောက်ပြစ်ဒဏ်ပေးခံရတယ် ဆိုတာ မသိခဲ့ပါဘူး။ မှန်-မမှန်ဆိုတာတောင် အတည်ပြုဖို့ မတတ်နိုင်ခဲ့ပါဘူး။

       နောက်တစ်ကြိမ် ကြုံရတာလည်း ရှမ်းပြည်နယ်အလံပဲ ဖြစ်ပါတယ်။ နေရာကတော့ အမျိုးသား ညီလာခံမှာ ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို စစ်အစိုးရက ကျင်းပပါတယ်။ ကျွန်တော်တို့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။ အမျိုးသားညီလာခံ အစုအဖွဲ့ အစည်းအဝေးတွေကိုတော့ ကျိုက္ကဆံကွင်းက အစည်းအဝေးခန်းကလေးတွေမှာ ခွဲပြီးကျင်းပတာပါ။ ပြီးတော့မှ အဲဒီအစုအဖွဲ့ အစည်းအဝေးလေးတွေက စာတမ်းတွေကို စိစစ်ပြီးမှ စုံညီ ညီလာခံမှာ တစ်ခါပြန်ပြီး တင်သွင်းရတာပါ။ အဲဒီစုံညီ ညီလာခံကိုတော့ သမ္မတ အိမ်တော်ဝင်းထဲက ခန်းမမှာ ကျင်းပပါတယ်။ လွှတ်တော် ကျင်းပတဲ့ခန်းမ မဟုတ်ပါဘူး။ မဆလ ပါတီ ညီလာခံတွေ လုပ်လေ့ရှိတဲ့ ခန်းမလို့ ရောက်ခဲ့ဖူးသူတွေ ကတော့ ပြောပြပါတယ်။ အဲဒီ ခန်းမရှေ့မှာ ပြည်နယ်နဲ့တိုင်း အသီးသီးရဲ့ အလံတော်တွေကို တန်းစီပြီး လွှင့်ထူထားပါတယ်။

       တစ်ခုသော စုံညီ ညီလာခံမှာတော့ ကျွန်တော်တို့ SNLD ပါတီ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါ်မေသန်းလွင်က သူ့အတွက် ဓါတ်ပုံရိုက်ပေးဖို့ ကျွန်တော့်ကို ပြောပါတယ်။ ကင်မရာဆွဲပြီး ခန်းမရှေ့ အလံတိုင်တွေရှေ့တည့်တည့်မှာ သူကရပ်ပါတယ်။ ပြီးတော့ ရှမ်းပြည်နယ်အလံ ပါအောင် ရိုက်ပေးဖို့ ပြောပါတယ်။ ကျွန်တော်လည်း နောက်ဆုတ်ပြီး အလံတော်နောက်ခံနဲ့ ဒေါ်မေသန်းလွင်ပုံကို ရိုက်ပေးလိုက်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုတော့မှားနေတယ်လို့ ခံစားမိတာနဲ့ နောက်တစ်ပုံ ထပ်ရိုက်မယ်ပြောပြီး ချိန်လိုက်ပါတယ်။ လားလား အလံက ပြောင်းပြန်ကြီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရိုက်ဖြစ်အောင်တော့ ရိုက်လိုက်ပါတယ်။ ပြီးတော့မှ ဒေါ်မေသန်းလွင်နားကပ်ပြီး အန်တီ ရှမ်းပြည်နယ်အလံကြီးက စောက်ထိုးကြီးဖြစ်နေတယ်လို့ တိုးတိုးပြောလိုက်တယ်။

       ဒေါ်မေသန်းလွင်လည်း မော့ကြည့်လိုက်ပြီး ပါးစပ်ကို ရွဲ့ ၊ ပခုံးကို တွန့်ပြပါတယ်။ ကျွန်တော်က ဘယ်လိုလုပ်မလဲ လို့မေးတော့ တိုးတိုးတိတ်တိတ် လုပ်ပါ လို့ပြောပါတယ်။ ဟုတ်ပါတယ်။ တစ်စုံတစ်ယောက်ကို ဒုက္ခရောက်စေဖို့ကို ကျွန်တော်တို့ မကြိုက်ပါဘူး။ မဖြစ်စေချင်ပါဘူး။ ဒီသတင်းကတော့ ကျွန်တော်တို့ SNLD ထဲမှာတော့ ပြန့်နှံ့သွားပါပြီ။ လူကြီးတွေကလည်း အကျယ်အကျယ်မဖြစ်ဖို့ ပြောပါတယ်။ အဲဒီအချိန်က မြန်မာ့နိုင်ငံရေးကိစ္စ အပြင် ကျွန်တော်တို့က တန်းတူညီမျှတဲ့ ပြည်ထောင်စုကြီး ဘယ်လိုတည်ဆောက်သင့်တယ်ဆိုတာ တင်ပြနေတဲ့ အချိန်အခါပါ။ စဉ်းစားကြည့်ပေါ့။ အဲဒီ အချက်ကို ထောက်ပြပြီး ဆွေးနွေးမယ်ဆိုရင် ဘယ်လောက် မျက်နှာပျက်စရာတွေ ဖြစ်မလဲ ဆိုတာ။ ဒါပေမဲ့ အားလုံးက အဲဒီလို မလုပ်ချင်ကြပါဘူး။ အဲဒီအပေါ် အမြတ်ထုတ်တာမျိုး မဖြစ်ချင်ကြပါဘူး။ ဒါနဲ့ဘဲ ကျွန်တော်က လူကြီးတွေ ကြွလာမယ့် စင်္ကြန်လမ်းမှာ သွားစောင့်ပါတယ်။ အမျိုးသား ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဗိုလ်မှူးသန်းထွန်း (ထောက်လှမ်းရေး) ကိုတွေ့တော့ သူကလည်း ကျွန်တော့်မျက်လုံးမြင်တာနဲ့ တစ်ခုခု ဖြစ်မှန်းသိပုံရပါတယ်။ ကျွန်တော့ဆီ တန်းလျှောက်လာပြီး ဘာလဲ လို့မေးပါတယ်။ ကျွန်တော်လည်း အကျိုးအကြောင်းကို တိုးတိုးဘဲ ပြောပြလိုက်ပါတယ်။ သူက ကျေးဇူးပါဘဲ၊ ချက်ချင်းပြင်လိုက်ပါမယ် လို့ ပြောပြီး ထွက်သွားပါတယ်။

       ညီလာခံပြန်စတော့ ပြင်လိုက်တယ် ထင်ပါတယ်။ ညီလာခံ ပြန်နားလို့ သွားကြည့်တော့ အမှန်အကန်ပြန်ဖြစ်နေပါပြီ။ ဒါပေမဲ့ မျက်စိစူးရှလှတဲ့ NLD အဖွဲ့တွေက ဗိုလ်မှူးသန်းထွန်းကို ဘာသွားပြောတာလဲဆိုပြီး အတင်းဝိုင်းမေးနေတာကိုတော့ ကျွန်တော့်မှာ မဖြေလည်း အခက် ၊ ဖြေလည်းအခက် ဖြစ်ခဲ့ရပါတော့တယ်။

စိုင်းညွန့်လွင်
၃၁-အောက်တိုဘာ ၂၀၁၂

Sunday 21 October 2012

ငြိမ်းချမ်းရေး နိုဘယ်ဆု အမှတ်တရ

အခုတစ်လောဖတ်ရတဲ့ ဂျာနယ်တွေမှာ ကျွန်တော်တို့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ စာရင်းတင်သွင်းကြတယ်ဆိုတဲ့ သတင်းပါလာပါတယ်။ ၀မ်းသာစရာ သတင်းကောင်းပေါ့ဗျာ။ သမ္မတကြီးသာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရရင် ကျွန်တော်တို့ ပြည်ထောင်စု တစ်ဝှမ်းလုံး နိုင်ငံသားအားလုံးက ၀မ်းသာပျော်ရွှင်ကြမှာ မလွဲပါဘူး။ ဂုဏ်ယူလို့ မဆုံးဖြစ်နေကြမှာပါ။ မြန်မာနိုင်ငံအဖို့လည်းဘဲ အာစီယံနိုင်ငံတွေထဲမှာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နှစ်ဦးရှိနေတဲ့ နိုင်ငံအဖြစ်နဲ့ ဂုဏ်ယူဝင့်ကြွားစရာ သိပ်ကိုကောင်းမှာပါ။ အခုဆိုရင် ဒီသတင်းကို ကြားကြတဲ့ ပြည်သူတွေကလည်း ဆုချီးမြှင့် ခံရဖို့ကို ၀ိုင်းဆုတောင်းနေကြမှာ မလွဲပါဘူး။

အဲဒီအကြောင်းတွေကို စဉ်းစားမိတော့ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ပတ် သက်ပြီး ကြုံခဲ့ဆုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးကို ပြန်သတိရမိသွားပါတယ်။

၁၉၉၁ ခုနှစ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဖြစ်ရွေးချယ်ကြောင်း ကြေညာပြီး တစ်ပတ်လောက်မှာ ထင်ပါတယ်။ ရက်စွဲကတော့ မမှတ်မိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိတဲ့အကြောင်း တစ်ပြည်လုံး အုံးအုံး​​ကြွက်ကြွက် ဝေဖန်ပြောဆိုနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖိတ်စာတစ်စောင်ရောက်လာပါတယ်။ ပန်းပဲတန်းမြို့နယ် ပြည်သူ့ကောင်စီရုံး (အဟောင်း) နေရာကို နေ့လယ် ၁၂ နာရီ အရောက်ကြွခဲ့ဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပါတီတွေထဲမှာ အချင်းချင်းပြောဆို နောက်ပြောင်နေကြတာရှိပါတယ်။ ဖိတ်စာ ရပြီလားဟေ့ ဆိုရင် ဒါ ခေါ်ပြီး ဆူတော့မယ် ပူတော့မယ် ဆိုတဲ့ သဘောကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဒီလိုမျိုး နောက်ပြောင်နေကြ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ဖိတ်စာရပြီပေါ့။ ဒါပေမဲ့ ဘာအတွက် ဖိတ်တာလည်း အကြောင်းအရာကိုတော့ မသိကြ ပါဘူး။ ခေါ်ရင်တော့ ရှောင်နေလို့လည်း မဖြစ်ပါဘူး။ အတိအကျကို သွားရပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ ကျွန်တော်နဲ့ အတူသွားကြတာက ကျွန်တော်တို့ပါတီ ဥက္ကဌ ခွန်ထွန်းဦး ဖြစ်ပါတယ်။ ပထမ ကတော့ ကျွန်တော်တို့ တစ်ဖွဲ့ထဲကို ခေါ်ထားတယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ကျွန်တော်တို့ရောက်သွားတော့ ပါတီတွေ အတော်များများ ရောက်နေတာတွေ့ ရပါတယ်။ ဘာအကြောင်းအရာနဲ့ ခေါ်ထားသလဲ ဆိုတာ မသိကြခင်မှာဘဲ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဒေါ်အောင်ဆန်းစုကြည် ရတဲ့အကြောင်းကို ၀ိုင်းပြီး ပြောနေကြတာပါ။ ဝေဖန်နေကြတာပါ။ ရှုထောင့် အမျိုးမျိုးကနေပြီး ပြောနေကြတာပါ။ မကြာပါဘူး ပန်းပဲတန်းမြို့နယ် ပြည်သူ့ကောင်စီရုံးအဟောင်းရဲ့ အပေါ်ထပ်မှာ စားပွဲတစ်ခုစီမှာ တပ်ကြပ်ကြီးစာရေးတစ်ယောက်စီဟာ ဖိုင်တွဲတစ်ခုကို ရှေ့ချထားပြီး ပါတီတွေရဲ့ အမည်ကို ခေါ်ပြီးတွေ့ပါတယ်။

အဲဒီမှာ ပြဿနာက စတော့တာပါဘဲ။ စားပွဲလေးငါးလုံး ခွဲပြီးချထားပါတယ်။ စားပွဲတစ်လုံးကို ဘယ်ပါတီဆိုပြီး တာဝန်ခွဲဝေထားကြပုံ ရပါတယ်။ တစ်ဖွဲ့ချင်းကို ခေါ်ပြီး ပြောပါတယ်။ အခု မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာဟာ မြန်မာ့နိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ၀င်ရောက်နှောက်ယှက်တာ ဖြစ်ကြောင်း၊ ပြည်တွင်းရေးကို ရှုပ်ထွေးအောင်လုပ်တာဖြစ်ကြောင်း။ ဒါကြောင့် ဒီလိုဆုချီးမြှင့်ခံရတာကို လက်မခံနိုင်ကြောင်း၊ သဘောမတူကြောင်း လက်မှတ်ထိုးပေးပါ ဆိုပြီး တောင်းဆိုပါ တော့တယ်။ ကျွန်တော်တို့က ပြောပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ ပါတီနဲ့ မသက်ဆိုင်ကြောင်း၊ ဒါကြောင့် ဘာမှ သဘောထားမှတ်ချက်မပေးလိုကြောင်း ပြောပါတယ်။ အဲဒီမှာ အခြေအတင်တွေဖြစ်ပြီး အတော်ကြာနေပါတော့တယ်။ တစ်ခြားစားပွဲက ပါတီတွေကတော့ ဘယ်လိုဖြေရှင်း သွားကြသလဲတော့ မသိပါဘူး။ ပြောကြဆိုကြပြီး အသီးသီး ပြန်သွားကြပါတော့တယ်။ ညနေစောင်းမှာတော့ ကျွန်တော်တို့ ပါတီနဲ့ ဆရာကြီး ဦးစောမြအောင်နဲ့ ဦးအေးသာအောင်တို့ ခေါင်းဆောင် တဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် တို့ဘဲ ကျန်နေပါတော့တယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ ထိုင်နေတဲ့ စားပွဲရှေ့ကို ဖြတ်ပြီး ဗိုလ်မှူး ရာထူးတံဆိပ်တပ်ထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်က ခြေသံပြင်းပြင်းနဲ့ ခေါက်တုန့်ခေါက်ပြန် လျှောက်နေပါတယ်။ ပါးစပ်ကလည်း တောက်တစ်ခေါက်ခေါက်နဲ့ အတော့်ကို ဒေါသထွက်နေပုံ ရပါတယ်။ ခင်းထားတာက ပျဉ်ကြမ်းခင်းဆိုတော့ သူ့စစ်ဖိနပ်ခြေသံက အတော့်ကို ကျယ်လောင်ပါတယ်။ သူ့ပခုံးပေါ်မှာ တင်ထားတဲ့ ရာထူးတံဆိပ်တွေက ရွှေရောင်တောက်နေသလို သူ့ဘယ်ရင်အုံပေါ်က တံဆိပ်ရောင်စုံတွေဆီက ရောင်ပြန်ဟပ်လို့လားမသိပါဘူး သူ့မျက်နှာက နီမြန်းနေပါတယ်။ ခါးမှာလည်း သေနတ်နဲ့ စကားပြောစက်တွေနဲ့ တစ်ခြားကျွန်တော်မသိတဲ့ဟာတွေ ချိတ်ထားတာလည်း အပြည့်ပါဘဲ။ အဆိုးဆုံးကတော့ တင်းမာခက်ထန်နေတဲ့ သူ့မျက်နှာနဲ့ သူ့ရဲ့ ပါးစပ်က ထောက်ခေါက်သံ၊ ဆောင့်နင်းနေတဲ့ သူ့ရဲ့ ခြေသံတွေပါဘဲ။ တစ်ခါတစ်ခါမှာတော့ အလကားကောင်တွေ ကိုယ့်တိုင်းပြည်ကို ကိုယ်မချစ်တဲ့ကောင်တွေ ဆိုပြီး ရေရွတ်နေပါသေးတယ်။ ကျွန်တော်တို့ကိုတော့ ဘာမှမပြောပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နားကနေ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့ ကျွန်တော်တို့နဲ့ အခြေအတင်ပြောနေတဲ့ တပ်ကြပ်ကြီးလည်း ဘယ်မှာ မျက်နှာကောင်းနိုင်ပါတော့မလဲ။ စဉ်းစားကြည့်ပေါ့။ နောင်အခါမှာတော့ ထောက်လှမ်းရေး -၁၄ က တပ်မှူး လို့ ပြောကြပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျွန်တော်ကတော့ အဲဒီလောက်အမူအရာတွေနဲ့ အတင်းအကြပ် လုပ်နေတာကို အံ့လည်းအံ့သြတယ်။ စိတ်လည်း အတော်ပျက်မိတယ်။

ကျွန်တော်တို့က ရှင်းပြတယ်။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရတာ လူပုဂ္ဂိုလ် တစ်ယောက်ချင်းအနေနဲ့ ကျွန်တော်တို့ကတော့ ဂုဏ်ယူတယ်။ ဒါပေမဲ့ ဒါဟာ NLD ရဲ့ အထွေထွေအတွင်းရေးမှူးကို ပေးတာ မဟုတ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးကို ဆုပေးတာဖြစ်လို့ ကျွန်တော်တို့ ပါတီထဲမှာတော့ ဒီကိစ္စကို ထည့်ဆွေးနွေးတာ မရှိခဲ့ဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပေးတာဆိုရင်တော့ ဆွေးနွေးကောင်း ဆွေးနွေးပါမယ်။ လူပုဂ္ဂိုလ် တစ်ယောက်အကြောင်းကတော့ ပါတီထဲမှာ ဆွေးနွေးတာ မရှိဘူး။ ဒါကြောင့် ငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ ပတ်သက်ပြီး ဘာသဘောထားမှ မရှိပါဘူး။ ဒါကြောင့် ပါတီအနေနဲ့ ဘယ်လိုလုပ်ပြီးမှ လက်မှတ်ထိုးစရာ မရှိဘူး။ ဆုံးဖြတ်ချက် မရှိတဲ့ အကြောင်းအရာကို လက်မှတ်မထိုးနိုင်ဘူး ဆိုပြီး ငြင်းနေခဲ့တာပါ။

အတော်ကြာလာတော့ ဆရာကြီး ဦးစောမြအောင်နဲ့ ဦးအေးသာအောင်တို့ အဖွဲ့က ထပြန်သွားပါတယ်။ '' ဒါဘဲနော် နက်ဖြန်နေ့လယ် ၁၂ နာရီအထိ ကျုပ်တို့ ဒီမှာ စောင့်နေမယ်။ လာဖြစ်အောင် ပြန်လာရမယ် " လို့ အသံမာမာနဲ့ လှမ်းပြီး ပြောလိုက်သံကြားရပါတယ်။ ဟော ကျွန်တော်တို့ တစ်ဖွဲ့ဘဲ တစ်နည်း ကျွန်တော်တို့ နှစ်ယောက်ဘဲ ကျန်တော့ တာပေါ့။ ဘယ်လို လုပ်ရမလဲ။

ကျွန်တော် ကြိုးစားပြီး ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်တာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ၀င်စွက်ဖက်တယ်။ ပြည်တွင်းရေးကို စွက်ဖက်ခြင်းဖြစ်တယ် ဆိုတာ ကျွန်တော် တို့ ပါတီမှာ ဆုံးဖြတ်ဆွေးနွေးထားတာ မရှိလို့ လက်မှတ်မထိုးနိုင်တာ ဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းပြပေမဲ့ မရပါဘူး။ ဒါဟာ ကျွန်တော်တို့ ပြည်တွင်းရေးကို ရှုပ်အောင် ၀င်ရောက်စွက်ဖက်တာဖြစ်လို့ လက်မခံနိုင်ကြောင်း လက်မှတ်ထိုး ဖို့ချည်း ပြောနေပါတော့တယ်။ နေကလည်း အတော်စောင်းလာပါပြီ။ ခြေသံတွေကလည်း ပိုပြင်းလာပြီး ပါးစပ်က တောက်ခေါက် သံတွေလည်း ခပ်စိပ်စိပ် ဖြစ်လာနေပါပြီ။

နည်းလမ်းရှာတဲ့အနေနဲ့ တပ်ကြပ်ကြီးကို စာသားနည်းနည်း ပြောင်းလို့ မရဘူးလားလို့ မေးလိုက်ပါတယ်။ ဆရာကြီးကလည်း ချက်ချင်းဘဲ သူ့အရာရှိဆီကို ထသွားပြီး တင်ပြပါတယ်။ နောက် ပြန်လာပြီး စာရွက်လွတ် တစ်ရွက်ထိုး ပေးပြီး ဘယ်လိုပြင်ချင်လည်း ရေးပါ လို့ပြောပါတယ်။ ကျွန်တော်လည်း မတတ်သာတဲ့အဆုံးမို့ စာရွက်ပေါ်မှာ ဒေါ်အောင် ဆန်းစုကြည်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တာဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ဖြစ်စေတယ်လို့ ဆိုခဲ့ရင် ကျွန်တော်တို့ မထောက်ခံပါဘူး လို့ ရေးပေးလိုက်ပါတယ်။ ပြဿနာ ပြီးသွားခဲ့ပါတယ်။

အခုနေ ပြန်တွေးကြည့်လိုက်တော့..... တကယ်ဆိုရင် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အခိုင်အမာ ဆက်လက်ရပ်တည်နေရမှာပါ။ အမှန်ကို ၀န်ခံရရင် အဲဒီတုန်းက နိုင်ငံရေးပါး မ၀သေးပါဘူး။ ရပ်တည်ချက်ကလည်း မခိုင်မာသေးဘူးလို့ဘဲ ၀န်ခံရတော့မှာပါ။ မိုးကလည်းချုပ်တော့မယ်။ သူတို့ဖက်ကလည်း အလျှော့ပေးမယ့်ပုံလည်းမရှိပါ ဘူး၊ စိတ်ဓါတ်ကျတယ်ဆိုတာထက် အတော်ကို စိတ်ပျက်နေလှပါပြီ။ ဗိုလ်မှူးရဲ့ တောက်ခေါက်သံ ခြေပြင်းပြင်းနင်းနေသံ တွေကိုလည်း အတော်စိတ်ပျက်နေမိပါပြီ။ မြန်မြန်ပြီးဖို့ဘဲ စိတ်ကူးရှိနေပါတော့တယ်။ ဒါနဲ့ဘဲ "ဆိုခဲ့ရင်" ဆိုတဲ့ စကားလုံး အသုံးအနှုံးလေးကို သုံးပြီး နှစ်ဖက်အတွက် ထွက်ပေါက်ရှာလိုက်ရတာပါ။

အဲဒီအဖြစ်အပျက်က နှစ်နှစ်ဆယ်ကျော်ခဲ့ပါပြီ။

အခု ကြားနေရတဲ့ သတင်းတွေအရ သမ္မတကြီးကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထား စာရင်းမှာ ပါတယ်ဆိုတော့ လွန်ခဲ့တာတွေကို ပြန်သတိရမိပြီး ရေးလိုက်တာပါ။ တစ်ဆက်ထဲမှာဘဲ အကယ်၍သာ သမ္မတကြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့ရင် ခြေသံပြင်းပြင်းနင်းနေတဲ့ ဗိုလ်မှူးရဲ့ မျက်နှာ ဘယ်လိုနေမှာပါလိမ့်။ နောက်ထပ်တစ်ဖန် ဒေါသ ထွက်နေအုန်းမလား။ ထောက်ခေါက်သံတွေ ညံနေအုန်းမလား။ နှစ်ဖက် ပြေလည်ရာ ပြေလည်ကြောင်း "ဆိုခဲ့ရင်" ဆိုတဲ့ စကားလုံးလေးတွေများ ထပ်ပြီး ရှာရလေအုန်းမလား။ စိတ်ကူးကြည့်မိပါတယ်။

ကဲ ခင်ဗျားတို့ကကော ဘယ်လို တွေးမိပြီး ဘယ်လိုထင်ပါသလဲ ?

အခုတော့လည်း တွေးစရာ မလိုတော့ဘူးပေါ့။ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဥရောပ သမဂ္ဂ အဖွဲ့ ကို ချီးမြှင့်လိုက်လို့ပါ။ ဟိုးအရင်က လူပုဂ္ဂိုလ် တစ်ချို့ တွေးထင်ခဲ့သလို မြန်မာ့ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ၀င်ရောက်စွက်ဖက်တာ (ဆိုခဲ့ရင်) ဆိုတာတွေလည်း စဉ်းစားစရာ မလိုတော့ဘူးပေါ့။ မြန်မာ့ဂုဏ်သိက္ခာ ထပ်တက်ရမယ့် အခြေအနေကတော့ လွဲသွားတာပေါ့လေ။ ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ။

မြန်မာ့ ဒီမိုကရေစီရေး ချီတက်မှုကြီး အနှောက်အယှက် ကင်းကင်းနဲ့ ချီတက်နိုင်ပါစေဗျာ။


စိုင်းညွန့်လွင်
၂၀၁၂ အောက်တိုဘာ (၁၈) ရက်။






Saturday 6 October 2012

လက်ရှိ မြန်မာ့နိုင်ငံရေးအား သုံးသပ်ခြင်း

         ယနေ့ မြန်မာ့နိုင်ငံရေးလောကကို ပြန်လည်ဆန်းစစ်သုံးသပ်ကြည့်ကြရအောင်ပါ။ မြန်မာနိုင်ငံ ကြီးပြောင်းလဲနေပြီလို့ တစ်ချို့ကတော့ ပြောကြပါတယ်။ တစ်ချို့ကတော့ ဘာမှထူးမလာပါဘူးလို့ ဘူး ခံပြီး ငြင်းဆိုနေကြတယ်။ တစ်ချို့က မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို စီးပွါးရေး ရေချိန်နဲ့ တွက်ချက် တာလည်း တွေ့ဖူးခဲ့ပါတယ်။ တစ်ချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ် ပြီး လွှတ်တော်ထဲရောက်သွားတာကို ကြည့်ပြီး ပြောင်းနေပြီလို့ပြောကြပါတယ်။ ပြောကြတာကတော့ အမျိုးမျိုးအဖုံဖုံပါဘဲ။ ကျွန်တော်တို့ လက်တွေ့နယ်ပယ်မှာ ရှိနေလုပ်နေသူတွေတောင်မှ ဘာပြောရမှန်း မသိလောက်အောင် ဝေဖန်နေကြတာပါ။ ဒီလို စိတ်ဝင်တစားနဲ့ သုံးသပ်ဝေဖန်လာကြတာဟာ တကယ်တော့ အားတက်စရာ ဖြစ်ရပ်တွေပါ။ အရင်ကဆိုရင် ဝေဖန်သုံးသပ်ဖို့ မပြောနဲ့။ အကြောင်းအ ရာလောက်ကိုတောင် တိုးတိုးတိတ်တိတ်ပြောကြရတာပါ။
 
         မြန်မာ့နိုင်ငံရေးမှာ အချုပ်ကို စိစစ်ကြည့်လိုက်ရင် ဒီကနေ့ အဓိကလိုအပ်ချက်ကတော့ "အမျိုး သားပြန်လည် သင့်မြတ်ရေး" နဲ့ " ငြိမ်းချမ်းရေး ရရှိရေး " တို့ဘဲ ဖြစ်ပါတယ်။

         ငြိမ်းချမ်းရေး ရရှိဖို့ကိုတော့ အစိုးရက ဆောင်ရွက်နေတာ ထင်သာမြင်သာပါတယ်။ အစိုးရ အဆိုအရဆိုရင် လက်နက်ကိုင်အဖွဲ့အစည်း တစ်ဆယ့်တစ်ဖွဲ့ ရှိတာမှာ အခုဆို KIO တစ်ဖွဲ့ဘဲ အပစ် အခတ်ရပ်စဲဖို့ လိုတော့တယ်လို့ ပြောပါတယ်။ ထူးဆန်းတာက ဒီလောက်အဖွဲ့တွေအများကြီးကို အပစ် ရပ်ဖို့ဆွေးနွေးရာမှာ တစ်ဖွဲ့စီ သီးခြားစီ ခွဲပြီး တွေ့ဆုံဆွေးနွေးအပစ်ရပ် စာချုပ်ချုပ်ဆိုကြတာပါဘဲ။ အများကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကျေညာပြီး ဆွေးနွေးလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

         အားလုံးလောက်နီးပါး အဆင်ပြေခဲ့ပြီးမှ KIO နဲ့ကြတော့ ထစ်နေရပါတယ်။ KIO က ၁၇ နှစ် အပစ်ရပ်စဲခဲ့ပြီးပြီမို့ နိုင်ငံရေးကိစ္စကိုဘဲ စဆွေးနွေးမယ်ပြောပါတယ်။ အစိုးရကတော့ အပစ်ရပ်စဲကြပြီး တော့မှ နိုင်ငံရေးကိစ္စဆွေးနွေးမယ်ဆိုပြီး ကွဲပြားနေကြပါတယ်။

         အစိုးရဖက်က ပြည်နယ်အဆင့် မူဝါဒလုပ်ငန်းတာဝန် (၅) ရပ်နဲ့ ပြည်ထောင်စုအဆင့် မူဝါဒ လုပ်ငန်းတာဝန် (၈) ရပ်ဆိုပြီးချမှတ်ထားပါတယ်။ အဲဒီမှာ ပြည်နယ်အဆင့်မူဝါဒကို ချန်ထားပြီး ပြည် ထောင်စုအဆင့် မူဝါဒ လုပ်ငန်းတာဝန် (၈) ရပ်ကိုတော့ ဆန်းစစ်နိုင်ဖို့ ဖေါ်ပြလိုက်ပါတယ်။

(၁)     ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး (ခွဲမထွက်ရေး)
(၂)     ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို သဘောတူရေး (ဒို့တာဝန်အရေးသုံးပါးကို လက်ခံရေး)
(၃)     စီးပွါးရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေနဲ့အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင် ဆောင်ရွက်ရေး။
(၄)     မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်ရေးအား ပူးပေါင်းဆောင် ရွက်ရေး။
(၅)     ပါတီ ထူထောင်၍ ရွေးကောက်ပွဲဝင်ရေး။
(၆)     ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံရန်နှင့် ပြင်ဆင်လိုသည့် ကိစ္စများရှိပါက လွှတ်တော် အတွင်း၌ အများသဘောတူဆန္ဒနဲ့အညီ ဆောင်ရွက်ရေး။
(၇)     ထာဝရငြိမ်းချမ်းရေးအတွက် ဥပဒေဘောင်အတွင်းသို့ အပြီးအပိုင်ဝင်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ တန်းတူ နေထိုင်၊  သွားလာ၊ လုပ်ကိုင်၊ စားသောက်ရေး။
(၈)     ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းရေးကို ညှိနှိုင်းဆောင်ရွက်ရေး။

အထက်ပါ အချက်တွေကို ကျေညာလိုက်ပြီးတဲ့နောက်မှာတော့ အတော်များများက ဝေဖန်ကြပါတယ်။ နိုင်ငံရေးလောက ကရော၊ ဝေဖန်ဆန်းစစ်သူတွေကရော ဝေဖန်ကြတာပါ။ နံပါတ်စဉ် လေးအထိ ကတော့ ဆွေးနွေးစရာသိပ်မရှိပေမဲ့ နံပါတ်ငါးအဆင့်က စပြီးတော့ ပြောကြဆိုကြရလိမ့်မယ်လို့ ပြော နေကြပါတယ်။ ၂၀၁၅  ခုနှစ် မတိုင်မီမှာ တိုင်းရင်းသားပေါင်းစုံပါဝင်သော အစည်းအဝေးကြီးတစ်ရပ် ကို နေပြည်တော်တွင် ကျင်းပသွားမည်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။  All inclusive အားလုံးပါဝင်ကြရမယ်လို့ ပြောပါတယ်။ 

         သာမန်အားဖြင့်တော့ အလွန်အားတက်စရာ ဖြစ်ပါတယ်။ သို့သော် လက်တွေ့စဉ်းစားကြည့် လိုက်တဲ့အခါ ကျွန်တော့်မျက်စိထဲမှာ ၁၉၉၃ ခုနှစ်က ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကြီးကိုဘဲ မျက်စိထဲပြန်မြင်နေမိပါတယ်။ အဲဒီလို ညီလာခံမျိုးဆိုရင်တော့ " အမျိုးသားပြန်လည် ရင်ကြားစေ့ရေး" ဆိုတာ အတော်ခက်ခဲနေပါလိမ့်မယ်။ All inclusive  ဆိုပြီး တွေ့သမျှကို ခေါ်ပြီးလုပ်တဲ့ အစည်းအဝေး ညီလာခံမျိုးဆိုတာ လက်တွေ့မှာ အဖြေမှန်ရဖို့ အလွန်တရာခက်ခဲလှပါတယ်။ အဲဒီအစည်းအဝေးကြီး မျိုးမတိုင်မီမှာ အစည်းအဝေးကလေးပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုပေါင်းများစွာကို ကျော်ဖြတ်ဖို့ လိုနေပါသေးတယ်။ အဲဒီအဆင့်ကို ကျော်လွှားသွားလို့မရပါဘူး။ အားလုံးပါဝင်တဲ့ အဆင့်ကို ရောက်ဖို့ ရာ ကြားထဲမှာ လှေခါးထစ်ပေါင်းများစွာကို နင်းကျော်ဖြတ်သန်းရပါအုန်းမယ်။ အဲဒီလို လှေခါးထစ် ပေါင်းများစွာကို ကျော်ဖြတ်နိုင်ပြီးမှသာ အားလုံးပါဝင်သော အစည်းအဝေးကြီးမှာ အများသဘောတူညီ တဲ့ အခြေခံမူများကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော် တင်ပြနေတာက လက်တွေ့သဘောနဲ့ပါ။

         လောလောဆယ် နိုင်ငံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ဆန်းစစ်ကြည့်လိုက်ရင် မြန်မာနိုင်ငံ တစ်ဝှမ်း ပြည်တွင်းပြည်ပ လက်နက်ကိုင်အဖွဲ့အစည်း အကြီးအသေး အားလုံးပေါင်း နှစ်ဆယ့်တစ်ဖွဲ့ လို့ သိရပါတယ်။ စက်တင်ဘာလ ၁၄-၁၆ အထိ ဇင်းမယ်မြို့မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ညီလာခံ ဆိုတဲ့အစည်းအဝေး ဖိတ်ကြားသူစာရင်းမှာ တွေ့မိပါတယ်။ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးအဖွဲ့အ စည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေလည်း အများကြီးရှိပါတယ်။ ပြည်တွင်းမှာကတော့ နိုင်ငံရေး ပါတီတွေ မှတ်ပုံတင်ထားကြတာမို့ ရှင်းရှင်းလင်းလင်း ရှိပါတယ်။ ပါတီပေါင်း ခြောက်ဆယ်လောက် ရှိနေပါတယ်။  ၈၈ မျိုးဆက် အဖွဲ့တို့ ၊ Myanmar Egress  တို့ ဆိုတာလည်း နိုင်ငံရေးပါတီအဖြစ် မှတ် ပုံတင်မထားပေမဲ့ မြန်မာ့နိုင်ငံရေးလောကထဲမှာ နှက်နှက်ရှိုင်းရှိုင်း နေရာယူထားကြပါတယ်။ လူထုအခြေပြုအဖွဲ့အစည်း တစ်ချို့ကလည်း နိုင်ငံရေးနဲ့ ပတ်သက်နေကြတာ ရှိနေပါတယ်။

         စာရင်းပြုစုကြည့်ရုံနဲ့တင် ခေါင်းမူးသွားနိုင်ပါတယ်။ ဟုတ်ပါတယ်။ All inclusive  ဆိုတဲ့မူကို အခြေခံပြီး မျှမျှတတ စဉ်းစားကြည့်ခြင်း ဖြစ်ပါတယ်။ အခုဟာက အဖွဲ့အစည်း အမည်တွေဘဲ ရှိပါသေးတယ်။ သဘောထားတွေက အမျိုးမျိုး ရှိနေပါသေးတယ်။  ဇင်းမယ်မှာ ကျင်းပသွားခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံ ဆိုတဲ့အစည်းအဝေးကနေ အဆင့်(၆)ဆင့်ပါတဲ့ ငြိမ်းချမ်းရေး စီမံချက်နဲ့ လမ်းပြမြေပုံ ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။

         သူတို့ပြောတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကြည့်လိုက်ရင် -

         တိုင်းရင်းသားဒေသတွေမှာ အစိုးရရဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ပေးပြီး နှစ်ဖက်တပ်များ လိုက်နာရမယ့် ကျင့်ဝတ် (Military code of conduct) ကို ပြဌာန်းဖို့။ အပစ်အခတ် ရပ်စဲထားတဲ့ကာလမှာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးအတွက် အာမခံချက်ပေးဖို့။ လွှတ်တော်ပြင်ပမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖြေရှင်းဖို့  အာမခံချက်ပါတဲ့ သဘောတူညီ ချက်ရှိရမယ်။  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ပါဝင် စောင့်ကြည့်မှုကို ခွင့်ပြုရမယ်။ မြေယာအပါအ၀င် သဘာဝအရင်းမြစ်တွေကို အသုံးပြုပြီး လုပ်ဆောင်နေတဲ့ မဟာဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေကို ရပ်တန့်တားမြစ်မှု လုပ်ရမယ် စတဲ့ ပဏာမ ဆွေးနွေးရေး၊ ပဏာမ ဘုံသဘောတူချက်တွေကို အကောင်အထည်ဖေါ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရေး အဆင့်တွေ ဆိုပြီး ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

တိုင်းရင်းသားလူမျိုးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် (၆) ချက်  မှာတော့ .......

(၁)     တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးနှင့် လူငယ်ထုအပါအ၀င် Civil Societies တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး "နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် "(Framework for Political Dialogue) တွင် ပါဝင်မည့် အချက်အလက်များကို သဘောတူ ချမှတ်ရန်။

(၂)     ပြည်ထောင်စုအစိုးရ ကိုယ်စားလှယ်များနှင့် လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများ၏ စုစည်းထားသော ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေး၍ "တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင်သဘောထား" ( The Framework of Political Dialogue) သဘောတူညီချက်ရရှိရန်။
         ထိုသို့ ပြုလုပ်ရာတွင် -
         (က)   ဘက်နှစ်ဘက်မှ လက်ခံနိုင်သောနေရာတွင် ဆွေးနွေးရန်။
(ခ)     ဆွေးနွေးစဉ် နှင့် သဘောတူညီချက်များကို အကောင်အထည်ဖေါ်ရာတွင် ဘက်မ လိုက်သော နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိရန် နှင့် သဘော တူညီချက်များကို အများပြည်သူသိရှိအောင် လွတ်လပ်သော မီဒီယာများမှ တဆင့် ပူးတွဲထုတ်ပြန်ရန်။

(၃)     ပြည်ထောင်စုအစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအကြား တွေ့ဆုံဆွေးနွေးပွဲမှ "တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ မူဘောင်သဘောထား" ( The Framework of Political Dialogue) သဘောတူညီချက် ရရှိပြီးမှ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းအလိုက်သော်လည်း ကောင်း၊ လူမျိုးအလိုက်သော်လည်းကောင်း၊ တိုင်းရင်းသားတို့၏ ညီလာခံများကျင်းပပြီး ရှင်းလင်းညှိနှိုင်း သဘောထား ရယူသွားရန်။

(၄)     တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့ အစည်း များအပါအ၀င် civil societies အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော တိုင်းရင်းသားလူမျိုးစုံ ညီလာခံတစ်ခုကို ခေါ်ယူကျင်းပသွားရန်။

(၅)     တိုင်းရင်းသားအင်အားစုများ၏ ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်းအရ လှုပ်ရှားနေကြသော နိုင်ငံရေးအင်အားစုများ၏ ကိုယ်စားလှယ်များ၊ အစိုးရ ကိုယ်စားလှယ်များ အချိုးညီပါဝင်ပြီး အင်အားစု သုံးခုစလုံး လက်ခံနိုင်သောပုံစံဖြင့် ပင်လုံစိတ်ဓါတ်ကို အခြေခံသော  ပြည်ထောင်စုညီလာခံကြီး တစ်ရပ် ကျင်းပသွားရန်၊ ထို ညီလာခံကြီးမှ ချမှတ်သော သဘောတူညီချက်များကို     "တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘောတူညီချက်" (Union Accord) အဖြစ် သဘောတူ လက်မှတ်ရေး ထိုးရန်။

(၆)     သဘောတူညီချက်များကို "တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စု သဘော တူညီချက်" (Union Accord)     ကို အချိန်အတိအကျ သတ်မှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက် သွားရန်။
ဆိုပြီး  အင်တာနက်ထဲမှာ ဖတ်လိုက်ရပါတယ်။

         တစ်ဖက်ကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ပုံစံကို လေ့လာကြည့်လိုက်တဲ့အခါ မဏ္ဍိုင်ကြီး ခြောက်ရပ်ကို တွေ့ရပါလမ့်မယ်။
-       ဥပဒေပြု မဏ္ဍိုင်         (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်)
-       တရားစီရင်ရေး မဏ္ဍိုင် (တရားလွှတ်တော် အဆင့်ဆင့်)
-       အုပ်ချုပ်ရေး မဏ္ဍိုင်     (သမ္မတများနဲ့ အစိုးရအဖွဲ့ အဆင့်ဆင့် )
-       သတင်းနဲ့ စာနယ်ဇင်း မဏ္ဍိုင်  (စတုတ္ထ မဏ္ဍိုင် ဟုဆိုကြသည်)
-       ပြည်သူလူထု မဏ္ဍိုင်
-       တပ်မတော် မဏ္ဍိုင်                        ဆိုပြီးတွေ့ရမှာပါ။


         ဒီနေရာမှာ တပ်မတော် မဏ္ဍိုင်ဆိုပြီး သုံးနှုန်းလိုက်တာကို တွေ့ရတော့ အံ့သြနေပါလိမ့်မယ်။ အမှန်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာလိုက်ရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက သိပ်ကို ကြီးနေတာတွေ့ရပါလိမ့်မယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်ဟာ မိမိတပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို မိမိဖာသာ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခွင့် ပေးထားပါတယ်။  အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အဆင့်ဆင့်တွေမှာ ရွေးကောက်ပွဲ ၀င်ရွေးစရာမလိုဘဲ ကိုယ်စားလှယ်တွေ အချိုးကျ ပါဝင်ခွင့် ရထားပါတယ်။ အဲဒီ အဖွဲ့အစည်းအဆင့်ဆင့်မှာ ပါဝင်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို လိုအပ်တဲ့အချိန်မှာလိုအပ်သလို ပြန်ခေါ်ပြီး လိုအပ်တဲ့သူနဲ့ အစားထိုးခွင့်လည်း ရှိနေတာကို သတင်းစာတွေမှာ မြင်နေကြရမှာပါ။ အဲဒီလို အခွင့်အရေးမျိုးကို အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာတောင် အခွင့်အရေးမရှိပါဘူး။ တစ်ခြားနေရာ တွေမှာလည်း ပြောရင် အများကြီး ရှိပါတယ်။ ပြောချင်တာကတော့ တပ်မတော်ရဲ့ အရေးပါမှုကို ပြောချင်တာပါ။ ဒါကြောင့် လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့ အဓိက မဏ္ဍိုင်ကြီးတွေထဲမှာ ထည့်မထားလို့ မရနိုင်ကြောင်း ပြောလိုတာပါ။
         ဇူလိုင်လ(၃)ရက်နေ့မှာ အစိုးရအနေနဲ့ ထိပ်ဆုံးက အစိုးရခေါင်းဆောင်တွေကိုယ်တိုင်  ပါဝင်တဲ့ " ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ" ဆိုတာကို ဖွဲ့စည်းလိုက်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်က ဥက္ကဌ အဖြစ်ပါဝင်ပြီး အဖွဲ့ဝင် အားလုံး (၁၁) ဦးပါဝင်ပါတယ်။ သမ္မတ ၊ ဒုတိယသမ္မတ နှစ်ဦး ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော် ဥက္ကဌ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ ပြည်ထဲရေး ၀န်ကြီး ၊ ကာကွယ်ရေး ၀န်ကြီး ၊ နယ်စပ်ရေးရာ ၀န်ကြီး ၊ ပြည်ထောင်စု ရှေ့နေချုပ် ၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် တို့ပါဝင်ပါတယ်။  အဲဒီ ဗဟိုကော်မတီထဲမှာ "အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ " ၀င် (၁၁) ဦးထဲက အဓိကကျသူ (၉) ဦးပါဝင်နေပါတယ်။  " ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ" ဟာ "အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ "  နဲ့ သိပ်ခြားနားမှု မရှိဘူးလို့ ပြောနိုင်ပါတယ်။ သဘောကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိစ္စတွေကို နိုင်ငံတော်ရဲ့ အမြင့်ဆုံး အဖွဲ့အစည်းတစ်ခုကနေ တိုက်ရိုက်ကိုင်တွယ်တဲ့ သဘောမျိုး မှတ်ယူနိုင်ပါတယ်။  ကျွန်တော် ဆိုချင်တာက ကြားမှာနေပေးတဲ့ အဖွဲ့အစည်းမျိုး မဟုတ်တော့ဘဲ အစိုးရရဲ့ ကိုယ်စားလှယ် သဘောမျိုး ဖြစ်နေပါတယ်။  အစိုးရဘက်က ဆွေးနွေးမဲ့အဖွဲ့အစည်း ဖြစ်နေပါတယ်။
         ဒါဆိုရင် အဲဒီ အုပ်စုကြီးတွေရဲ့ကြားကို ကြားဝင်စေ့စပ်ပေးသူ ( facilitator )  လုပ်ပေးမယ့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်မျိုး ရှိဖို့ လိုအပ်တယ်လို့ ယူဆရပါတယ်။ ကမ္ဘာ့ ပဋိပက္ခတ် တွေမှာ မှတ်သားဖူးတာကတော့ ကြားဝင်ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တွေ ပါဝင်တာက ဝေဒနာ ပွန်းတီးမှု နည်းတယ်လို့ မှတ်သားဖူးပါတယ်။
         စေ့စပ်ဆွေနွေးတဲ့ ကိစ္စမျိုးဟာ သိပ်မြန်လို့ မဖြစ်ပါဘူး။ နှေးနေလို့လည်း မဖြစ်ပါဘူး။ အခြေ အနေ၊ အချိန်အခါ နဲ့အညီ ဘယ်ဘက်ကိုမှ မျက်နှာမလိုက်ဘဲ တစ်ထစ်ခြင်း၊ တစ်ဆင့်ခြင်း၊ တစ်လှမ်း ခြင်း သွားရမှာ ဖြစ်ပါတယ်။
         တစ်ဖက်ကလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံး အင်နဲ့အားနဲ့ ပြည်သူတွေက ၀ိုင်းဝန်းအားပေးထား ခြင်းခံရတဲ့ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း မေ့ချန်ထားလို့ မရပါဘူး။ တိုင်းရင်း သားလူမျိုးစုပါတီတစ်ချို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို ပင်လုံ ကဲ့သို့သော ဒုတိယ ပင်လုံညီလာခံ ခေါ်ယူကျင်းပနိုင်ဖို့ တာဝန်ပေးအပ်ကြောင်း ကြေညာပြီး တာဝန် ပေးအပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံယူခဲ့တယ်။ ဒါပေမဲ့ ဒီတာဝန်က ကြီးလေး လွန်းလို့ ကျန်လူတွေကလည်း ၀ိုင်းဝန်းကူညီပေးဖို့ ပြောခဲ့တယ်။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး  အရွေးချယ်ခံရ ၊ လွှတ်တော်ထဲ ရောက်နေကြပါပြီ။ အလုပ်အကိုင်များနေလို့များလား မသိ။ ပင်လုံကဲ့သို့သော ညီလာခံကြီးဆိုတာကတော့ ခုထိ ပြန်ပေါ် မလာသေးဘူး။ လေသံလည်း မကြားရပါဘူး။ ပြီးသွားတာတော့ ဟုတ်ဟန်မတူပါဘူး။
         ၈၈ မျိုးဆက်အဖွဲ့ကတော့ အခုလောလောဆယ်ဆယ်မှာ ငြိမ်းချမ်းရေး အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွေမှာ တတ်နိုင်သလောက် ၀င်ရောက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကောင်းပါ တယ်။  မကြာမီ တစ်ချိန်ချိန်မှာ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးကြတော့မယ်ဆိုရင် သူတို့ကို ဘယ်လို အနေအထား ဘယ်လိုပုံစံနဲ့ မြင်ရမလဲ ဆိုတာ စဉ်းစားစရာ တစ်ခုပါဘဲ။ Myanmar egress ကတော့ အခုကိုဘဲ ငြိမ်းချမ်းရေး အကျိုးဆောင် ဆိုပြီး အစိုးရအဖွဲ့ထဲကို ရောက်နေတာတွေ့ရပါတယ်။ သူတို့ကို အစိုးရအဖွဲ့တစ်ခုထဲက ယုံကြည်နေတာမျိုးထက် ကျန်တဲ့ အဖွဲ့အစည်းတွေကလည်း ယုံကြည်မယ်ဆိုရင် သူတို့တွေဟာ ကြားဝင်အကျိုးဆောင်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုချိန် အထိတော့ အားလုံးက သူတို့ကို အစိုးရအကျိုးဆောင်အနေနဲ့ အစိုးရလူတွေ အဖြစ်မြင်နေတယ်လို့ ပြောဆိုဆွေးနွေးနေတာ ကြားနေရပါတယ်။  နိုင်ငံရေးလောကမှာ အထင်ခံရတာမျိုး အတော်ကို သတိထားကြရပါတယ်။ လေသေနတ်နဲ့ အပစ်ခံရတာလို့ တင်စားပြကြပါတယ်။ ဖြေရှင်းဖို့ အတော်ကို ခက်တတ်ပါတယ်။
         ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာ Peace Center ဆိုပြီး ရုံးတစ်ခုကို ပြင်ဆင်ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ သူတို့ လုပ်ငန်းစဉ်တွေကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ဘယ်သူတွေ ပါဝင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နိုင်ငံခြားသား အတော်များများ ပါဝင်တယ်လို့တော့ ကြားနေရပါတယ်။  မြန်မာ့ငြိမ်းချမ်းရေး ကိစ္စကို လုပ်မယ်ကိုင်မယ် ၀င်ကူညီကြမယ်ဆိုရင် ပွင့်လင်းမြင်သာမှု ၊ ထင်သာမြင်သာရှိမှုက အလွန်အရေးကြီးပါတယ်။
         အခုဆိုရင် စကားဝိုင်းတွေမှာ မေးနေကြတဲ့ မေးခွန်းတစ်ချို့ကို ကျွန်တော် မဖြေနိုင်ဘူးဖြစ်နေ ပါတယ်။ သူတို့မေးခွန်းက မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စက ပြီးသွားပြီလား ? ဆိုတာဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိစ္စကတော့ မပြီးသေးတာ သေချာပါတယ်။ နိုင်ငံရေးအင်အားစုတွေကြားထဲမှာတော့ မပြောနိုင်ပါဘူး။ အားလုံးက ရောနှောသွား ကြတာကိုး။ ပြီးသွားပြီလား ။ မပြီးသေးဘူးလား အဖြေရခက်ပါတယ်။  အားလုံးဟာ တစ်ခုထဲ ဖြစ်သွားပြီဆိုရင်တော့ ၀မ်းသာစရာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးကိစ္စ အောင်မြင်သွားပြီလို့ ဆိုနိုင်ပါ လိမ့်မယ်။   အဲဒီလို မေးခွန်းတွေက ကျွန်တော့်ကို အခက်အခဲဖြစ်စေခဲ့ပါတယ်။ မဖြေတတ်ဘူးလေ။­­
         ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သက်လာရင် ခေါင်းမူးစရာတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုထဲမှာဘဲ လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့ပေါင်း ခြောက်ဆယ်လောက်ရှိနေပါတယ်။ သူတို့တတွေက အစိုးရနဲ့ အပစ်ရပ်ပြီး ပြည်သူ့စစ်လုပ်နေတာမို့ အပစ်ရပ် ငြိမ်းချမ်းရေးကိစ္စတော့ ပြော စရာမရှိပါဘူး။ ဒါပေမဲ့ နိုင်ငံရေးကိစ္စတွေ စကားပြောကြမယ် ဆိုတဲ့အခါ သူတို့တတွေကို ပါဝင်ခွင့် မပေးခဲ့ရင်တောင် သူတို့ကိစ္စက မဖြစ်မနေဆွေးနွေးရမယ့် ကိစ္စ ဖြစ်နေပြန်ပါတယ်။
         ဒေသတစ်ခုမှာ လက်နက်ကိုင်ဆိုလို့ တပ်မတော်ကလွဲပြီး ရဲတပ်ဖွဲ့တစ်ခုတည်းသာ ရှိနေတာ အကောင်းဆုံးလို့ ထင်ပါတယ်။ ဒါကြောင့်  ငြိမ်းချမ်းရေးကိစ္စ စဉ်းစားရင် ကျွန်တော်တို့ အတော်ကြီးကို ကြိုးစားအားထုတ်ဖို့ လိုနေသေးကြောင်း ပြောချင်ပါတယ်။ လုပ်ရမယ့် အလုပ်တွေ အတော်ကြီးကို ကျန်နေပါသေးတယ်။
         အခုအခြေအနေက အပစ်ရပ်ရုံ ရပ်ထားကြတဲ့ အခြေအနေပါ။ တွေ့ဆုံစကားပြောဖို့ ပြင်ဆင် နေကြတဲ့အချိန်ပါ။ တွေ့ဆုံဆွေးနွေးဖို့အတွက် တံခါးစဖွင့်တဲ့ ကာလတစ်ခုပါ။ ဘက်တွေအားလုံးက စိတ်ကောင်းစေတနာကောင်းထားကြပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြမှ ငြိမ်းချမ်းရေးရနိုင်မှာပါ။ အမျိုးသားချင်း ပြန်လည်ရင်ကြားစေ့ သင့်မြတ်နိုင်မှာပါ။
         တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင် ၊ ခံယူချက် ၊ ယုံကြည်ချက်တွေ မတူ ကွဲပြားကြတာဟာ အဆန်းတော့ မဟုတ်ပါဘူး။ ဘယ်လိုလုပ် စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး နိုင်ငံတော် အတွက် ကောင်းကျိုးဖြစ်မယ့် အဖြေထုတ်နိုင်ကြဖို့ကသာ အဓိက လိုရင်းဖြစ်ကြောင်းပါ။


                                                                                 စိုင်းညွန့််လွင်  
                                                                        (၂၀၁၂ စက်တင်ဘာ-၂၅)
Myanmar Independent Journal
အတွဲ(၂၁) ၂၀၁၂ အောက်တိုဘာ (၄) ရက်နေ့ထုတ်
တွင် ဖေါ်ပြပါသည်။

Thursday 13 September 2012

မြန်မာ့ ငြိမ်းချမ်းရေး

မြန်မာ့ငြိမ်းချမ်းရေးဟာ အမှန်တကယ်ရရှိဖို့ လိုအပ်တယ်လို့ဆိုရင် ဘယ်သူကမှ အငြင်းမပွါး လောက်ဘူးလို့ ထင်ပါတယ်။ တကယ့်ငြိမ်းချမ်းရေးကို လည်း အမှန်တကယ် လိုလားနေကြမယ် ဆိုရင်လည်း ငြင်းမယ့်လူ ရှိမယ် မထင်ပါဘူး။ လူတိုင်းက လိုလားနေပါတယ်ဆိုတဲ့ ငြိမ်းချမ်းရေးကြီးဟာ ဘာကြောင့် အခုထိ မရသေးတာလဲဆိုတာ ပြန်လည်ပြီး သုံးသပ်ဆန်းစစ်ဖို့ လိုနေပြီလို့ ထင်ပါတယ်။ 

ပြည်မမှာနေကြတဲ့ ကျွန်တော့်မိတ်ဆွေ တော်တော်များများကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့  မေးမြန်းဆွေးနွေးကြည့်ပါတယ်။ နားလည်သူ အတော်ရှား ပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲက မိတ်ဆွေတွေတောင် မသိနားမလည်သူတွေ အတော်များပါတယ်။  ယောင်တောင်ပေါင်တောင်တွေ များပါတယ်။ ဒါပေမဲ့ အားလုံးတူညီကြတဲ့ ဆန္ဒတစ်ခုကတော့ ငြိမ်းချမ်းရေးကို လိုလားကြတာဘဲ ဖြစ်ပါတယ်။ 

အခုကာလမှာ ငြိမ်းချမ်းရေးကိစ္စကို အစိုးရက ဦးဆောင်ပြီးဖော်ဆောင်နေတာမို့ ပိုပြီး စိတ်ဝင်စားစရာ အချိန်ကာလလည် ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ် ခြောက်ဆယ်လောက်အထိ တိုက်ခိုက်လာခဲ့ကြလို့ အခုကာလမှာ ရပ်ဖို့သင့်ပြီဆိုတာ အားလုံးက လက်ခံထားတဲ့အချက်ဖြစ်ပါတယ်။ ရပ်သွား အောင်၊ ပြီးငြိမ်းသွားအောင် လုပ်နေတာလည်း အကြိမ်ပေါင်း အတော်များခဲ့ပါပြီ။ အကြိမ်ကြိမ် အခါခါ ရှိခဲ့ပါပြီ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အခြေအနေမျိုးကို ခုထိ မတည်ဆောက်နိုင်ကြသေးပါဘူး။


ပြီးခဲ့တဲ့၊ မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကိုတော့ အပြစ်မတင်လိုပါဘူး။ သူတို့ဆီက သင်္ခန်းစာ ကိုသာ ရယူရမှာပါ။ ဒါတွေကို လက်ရှိ အခြေအနေ၊ အနေအထား၊ အယူအဆတွေနဲ့ ယှဉ်တွဲသုံးသပ်  စိစစ်ပြီး သင်္ခန်းစာယူ ဆောင်ရွက်ရမှာပါ။ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ ပြန်ပြီးအသုံးချရမှာပါ။


ဒီနေ့ ဖြစ်ပေါ်နေတဲ့ ဥပဒေပြုအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဆိုတဲ့ မဏ္ဍိုင်သုံးရပ် ငြင်းခုံပြောဆိုနေကြတာတွေ အားလုံးကို သတ္တုချကြည့် လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဖေါ်ပြချက်တွေဟာ အားနည်းချက်တွေ ရှိနေတယ် ဆိုတာ တွေ့ရမှာပါ။ ဥပဒေဆိုတာ ကိုယ့်အယူအဆနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ဆိုနေလို့ မရပါဘူး။ တိကျသေချာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်မျိုးတည်း ရှိနေရ မှာပါ။ ဘယ်လို စွပ်စွဲပြစ်တင်မှုတွေ၊ စာချွန်တော်တွေ လုပ်ကြ ပါစေ။ နောက်ဆုံးမှာတော့ အားနည်းချက်ရှိနေတဲ့ အခြေခံဥပဒေကို ဖြည့်စွက် ပြင်ဆင်ရမယ့် အခြေအနေကနေ မကျော်လွှားနိုင်ပါဘူး။ အဲဒီအခြေအနေမှာဘဲ အဆုံးသတ်ရမှာပါ။

ကျွန်တော်ပြောချင်တာက တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြစ်တင်စကားတွေနဲ့ ဘာတွေဘဲ လုပ်နေလုပ်နေ ပြောနေပြောနေ နောက်ဆုံး တစ်နေ့ မှာတော့ ဘယ်သူမှ မကျော်လွှားနိုင်တဲ့ ဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်းကိုဘဲ သွားရမှာမို့  အဲဒီကို တစ်ခါတည်းသွားလိုက်ရင် ပိုမကောင်းဘူးလားလို့ တွေးမိလို့ ဖြစ်ပါတယ်။

ကိုယ့်တစ်နိုင်ငံတည်းသား အချင်းချင်းဖြစ်ကြတာမို့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထွက် ပေါက်မရှိအောင် ပိတ်ဆို့တိုက်ခိုက်တာမျိုးဆိုရင် မကောင်းပါဘူး။ တစ်ဖက်ကိုလည်း ထွက်ပေါက် ပေးလုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ အမြင်ကျယ်ပြီး ရေရှည်ကိုတွေးတတ်ဖို့ လိုပါတယ်။ မဲဆန္ဒရှင်တွေက ယုံကြည်လို့ နိုင်ငံအတွက် အရေးကြီးလှတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ဆီမှာ တာဝန် ပေးအပ်ခံခဲ့ရတာပါ။   ပိုပြီး သတိထားဆောင်ရွက်သင့် ပါတယ်။

အခုဖြစ်နေကြတဲ့ ကိစ္စကို ပဋိပက္ခ တစ်ခုလိုရှုမြင်နိုင်ပါတယ်။ တစ်ခြားအရေးကြီး လုပ်စရာတွေ ကျန်နေချိန်မှာ အကြောင်းမဲ့ အချိန်ကုန်နေတာမျိုး မဖြစ်သင့် ပါဘူး။ အကူးအပြောင်းကာလ ဖြစ်နေတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အနေအထားဟာ တိမ်းစောင်းမသွားဖို့ကို အထူးဂရုပြုရပါမယ်။ အားလုံးက ၀ိုင်းဝန်းဖေးကူကြဖို့လိုပါတယ်။ နိုင်ငံရေးလောကမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတစ်ခုအပေါ် ပြည်တွင်း ငြိမ်းချမ်းရေးတစ်ခုလို သဘောထားသင့်တယ်လို့ ယူဆလို့ပါ။

ဒီလို  အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စတွေထဲမှာ အလွန်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့  ပြည်တွင်းတိုက်ပွဲတွေကနေ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပါဘဲ။ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း ကိုယ့်တစ်နိုင်ငံထဲသား အချင်းချင်းဘဲ ဖြစ်တယ်ဆိုတာ အသေအချာ လက်ခံထားရပါလိမ့်မယ်။ တစ်ယောက်ကို တစ်ယောက် ချောင်ပိတ်စေမယ့် ကိစ္စမျိုးကို ရှောင်သင့်ပါတယ်။ အခုကိစ္စမှာ ပြည်ပရန် မပါပါဘူး။ ကိုယ့်ပြည်တွင်းရေး ပြဿနာသာဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပြည်ပရန် မရှိတော့တဲ့ အချိန်ကာလရှည်ကြီး တစ်ခုမှာ ကိုယ့်ပြည်တွင်းတိုက်ပွဲတွေနဲ့ ကြာရှည်နေတာ တကယ့်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။

စစ်ပွဲတွေဖြစ်ပြီး ဥပဒေကင်းလွတ်နေတတ်တဲ့ ဒေသတွေမှာ နေနေကြတဲ့ ပြည်သူတွေဟာ လက်နက်ကိုင်သူ ဘယ်သူ့ကိုမဆို ကြောက်ရတာ ဓမ္မတာလို ဖြစ်နေပါပြီ။  ပြည်တွင်းက ရန်ကို ငြိမ်းသင့်ပါပြီ။ ပြည်ပရန်ကိုသာ ကာကွယ်ဖို့ ကြိုးစားသင့်ပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေး ရမှသာ ပြည်ပရန်အတွက် ပြင်ဆင်နိုင်မှာပါ။ ကိုယ့်အချင်းချင်း တိုက်လို့ခိုက်လို့ ရတဲ့ သူရဲကောင်းဆုတံဆိပ် တွေအတွက် ဂုဏ်မယူသင့်ပါဘူး။

ဒီနေ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထားဟာ အလွန်ကို အရေးကြီးပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင် သာမန်အားဖြင့် မြန်မာနိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိပြီး လုပ်ပိုင်ခွင့်ကိုအတတ်နိုင်ဆုံး ပိုင်းခြားကျင့်သုံးကြတယ်။ တပြိုင်နက်မှာဘဲ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းညှိကြတယ်လို့ ဆိုပါတယ်။  တကယ့်လက်တွေ့ မှာတော့ တပ်မတော်ဆိုတဲ့ မဏ္ဍိုင်ကြီးတစ်ခုဟာ စတုတ္ထမြောက် မဏ္ဍိုင်ကြီးအဖြစ် တည်ရှိနေတာပါ။ တပ်မတော်ဟာ အခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ ရာခိုင်နှုန်းအလိုက် အချိုးကျ အလိုအလျောက် ပါဝင်ခွင့်ရထားတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ထားသူတွေ သိကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထားဟာ အလွန်ကို အရေးကြီး တယ်လို့ဆိုချင်တာပါ။


(၂၀၀၈) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၁) "နိုင်ငံတော် အခြေခံမူများ" ဆိုတဲ့အခန်း၊ ပုဒ်မ (၂၀) အပိုဒ် (ခ) မှာ ဒီလိုဖေါ်ပြထားပါတယ်။
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက် ပိုင်ခွင့်ရှိသည်။


အဲဒီလို လုပ်ပိုင်ခွင့်ပေးထားလို့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ တပ်မတော်ကိုယ်တိုင် ပူးပေါင်းပါဝင်နေမှ အဆင်ပြေနိုင်ပါတယ်။ တပ်မတော်က ခေါင်းဆောင်ပြီး အပစ်အခတ်ရပ်စဲရေးကို  ဆောင်ရွက်တာ အကောင်းဆုံးပါဘဲ။  ထာဝရ ငြိမ်းချမ်းရေးလို့ဆိုနိုင်လောက်တဲ့ ငြိမ်းချမ်းရေး၊ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် အရင်ပြီးခဲ့တဲ့ သင်္ခန်းစာတွေနဲ့ ထည့်စဉ်းစားကြည့်လိုက်တဲ့အခါ ပထမဦးဆုံး တပ်မတော်ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို အဦးဆုံးဆောင်ရွက်ပြီးမှသာ ထာဝရငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေးကိစ္စတွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အဖွဲ့အစည်းတွေက ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရမှာပါ။ နိုင်ငံရေးအမြင် မတူညီမှုတွေ၊ ကွဲလွဲမှုတွေ၊ အယူအဆတွေကို တတ်နိုင်သလောက်တူညီအောင် ညှိနှိုင်းကြရမှာပါ။  နိုင်ငံရေး ပြဿနာ ပြေလည်အောင် ဖြေရှင်းကြရမှာပါ။


အခုဆိုရင် သမ္မတရုံးဝန်ကြီးတွေ တိုးခန့်ထားတဲ့အပြင် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ရုံးခန်းတွေတောင် ဖွင့်လှစ်ထားပြီဆိုတော့ အားတက်စရာတွေ ဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေကို ပိုပြီးဆောင်ရွက်မယ့်သဘောမို့ ကြိုဆိုသင့်ပါတယ်။ အခုဆို ပြည်ပရောက်အတိုက်အခံ အဖွဲ့တွေတောင် ပြန်လာနေကြပြီး နိုင်ငံရေးလောကသားတွေနဲ့ ဆွေးနွေးနေတာဆိုတော့  ဒါဟာလည်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းတစ်ခုလို့ ပြောနိုင်ပါတယ်။ 

ပြည်ပမှာ သွားနေနေကြတဲ့ နိုင်ငံရေးအတိုက်အခံတွေကိုတောင် ပြည်တွင်းပြန်ခွင့်ပေးပြီး နိုင်ငံရေးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ရင် အပစ်အခတ် ရပ်စဲထားကြတဲ့ အဖွဲ့အစည်းတွေနဲ့  နိုင်ငံရေးကိစ္စ မဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ အလွန်များတဲ့ အဖွဲ့အစည်းတွေနဲ့ အလွန်များလှတဲ့ ကိစ္စရပ်တွေကို ပြေလည်အောင်ဆွေးနွေးနိုင်ဖို့ဆိုတာ အလွန်ကိုဇွဲသန်ဖို့ လိုပါတယ်။ စိတ်ရှည်ဖို့လိုပါတယ်။ အမြော်အမြင်ကြီးဖို့ လိုပါတယ်။ စိတ်ကောင်းစေတနာကောင်းရှိဖို့ လိုပါတယ်။ တည်တံ့ခိုင်မြဲတဲ့ ကတိက၀တ်တွေ ရှိကြဖို့လိုပါတယ်။ ပြောမယ်ဆိုရင် လိုအပ်တာက အများကြီးပါ။ ဒါပေမဲ့ ရှောင်လွဲမရနိုင်တဲ့၊ မလွဲမသွေ ရင်ဆိုင်ဖြတ်သန်းကြရမယ့် ကိစ္စမို့ ဇွဲရှိရှိ ဖြတ်သန်းကြရမှာပါဘဲ။


ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုထဲမှာဘဲ စာရင်းအကြမ်းကောက်ယူကြည့်လိုက်တော့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ ခြောက်ဆယ်လောက်ရှိနေတာ တွေ့ရပါတယ်။ ကိုယ်ကျိုးစီးပွါး အတွက် ဟန်ဆောင်ပန်ဆောင်လက်နက်ကိုင်ထားသူတွေလည်း အများအပြားပါဘဲ။  ပြည်တွင်းစစ် ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ အဲဒီအချက်တွေက သက်သေပြ နေပါတယ်။ ငြိမ်းချမ်းရေးရမှသာ ဟန်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေ ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။ အဓိက ကတော့ အခုပြောပြောနေတဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတဲ့စကားရပ်ကို အတတ်နိုင်ဆုံး နီးစပ်အောင် ဆောင်ရွက်ကြဖို့ပါဘဲ။ အဲဒါကလည်း နှစ်ဦးနှစ်ဖက် နိုင်ငံရေးဆွေးနွေးပွဲ တွေကနေပြီး နိုင်ငံရေးအရ နှစ်ဖက်စလုံး ကျေနပ် သဘော တူညီမှုတွေ ရမှ အောင်မြင်တယ်လို့ ဆိုနိုင်မှာပါ။ ဘယ်လောက်ဘဲ ခက်ခဲခက်ခဲ မဖြစ်မနေ မရမနေ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ကြောင်းပါ။




                                                                             စိုင်းညွန့်လွင်
                                                                   ၂၀၁၂ ခုနှစ် စက်တင်လာလ (၇) ရက်။



                                                                            UNITY ဂျာနယ်

                                                                            အတွဲ ၁၊ အမှတ် ၂၅
                                                                            စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂၊ စနေနေ့။

Wednesday 5 September 2012

ငရဲပြည်မှာ သူဌေး လုပ်ကြမလား ? နတ်ပြည်မှာ ဆင်းရဲသား လုပ်ကြမလား ?



         တစ်လောက ခရိုနီအကြောင်း ရေးလိုက်မိတော့ ခရိုနီနဲ့ ပတ်သက်ပြီး အတော်များများက လှမ်းပြီး ဆွေးနွေးကြ ပါတယ်။ ရေစကြိုမြို့က တစ်ဦးဆိုရင် ခရိုနီနဲ့ ပတ်သက်ပြီး သူတို့ဒေသတစ်ဝိုက်မှာ  အတော်ကြီးကို လုပ်ကိုင် စားသောက်နေတာကို ဖွင့်ပြောနေခဲ့တယ်။ သူ့အဆိုအရဆိုရင် ကျွန်တော် သုံးသပ်ခဲ့သလို ခရိုနီဆိုတာ ဟိုး ထိပ်ပိုင်း တွေမှာတင်မက နေရာအတော်များများမှာလည်း ရှိနေတာကို လက်ခံရပါတော့မယ်။ နယ်ဒေသတွေမှာ ရှိတဲ့ သစ်ကွက်မှန်သမျှ ဘယ်ကလာမှန်းမသိရတဲ့ သူတို့တွေချည်းဘဲ ခုတ်ခွင့်ရတယ်။ ဒေသမှာ နေသူတွေ အိမ်ဆောက်ဖို့ သူတို့ရွာနားက သစ်ပင်ခုတ်၊ လွှတိုက်လုပ်နေတုန်း အဆင်မပြေချင်တော့ အဖမ်းခံရပြီး ထောင်ထဲကို ရောက်လာတာ ကျွန်တော်ကိုယ်တိုင် ထောင်ထဲမှာ မေးမြန်းကရုဏာ သက်ခဲ့ရဖူးပါတယ်။  ဟုတ်တော့ ဟုတ်နေပါပြီ။
         ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့လူတွေ နိုင်ငံအနှံ့ အပြားမှာ ရှိနေတာကို ထည့်မတွက်လို့ မရ တော့ပါဘူး။ သစ်တောခုတ်ခွင့်ပါမစ်တွေ လက်ထဲကိုင်၊ သစ်ကွက်ကိုလာပြီးကြည့်တော့ သစ်ကတစ်ပင်မှ မရှိတော့ ဘူး။ ကိုယ့်ထက်လက်ဦးတဲ့သူက ခုတ်ယူသွားပြီးပါပြီ။ ကိုယ့်လက်ထဲက ပါမစ်ကလည်း ငွေပေးထားပြီးပြီဆိုတော့ မထူးတော့ပါဘူး၊ ကိုယ်လည်း ကိုယ့်ပါမစ်ထဲမပါတဲ့နေရာက တွေ့ရာသစ်တွေကို ခုတ်ပြီး ထုတ် သွားတာတွေကတော့ တောရွာဒေသက လူတွေအဖို့ ရိုးလွန်းလို့ပျင်းတောင် နေကြပါပြီ။ မြစ်ကမ်းချောင်းကမ်းတွေမှာ ရွှေရှာနေကြ တာကလည်း မျက်စိတစ်ဆုံးပါဘဲ။ မြစ်ချောင်းကြမ်းပြင်အတွင်းကို လှိုက်တူးကြသလို ဘေးက သောင်စပ် တွေကိုလည်း တူးနေကြလေရဲ့။  ငွေမရှိ၊ မများတဲ့လူ၊ အဆက်အသွယ်မရှိတဲ့လူ အဲဒီလူတွေကတော့ ပါမစ်ရထားတဲ့လူတွေကို တစ်ဆင့်ခံငွေပေးပြီး လုပ်ကိုင် ကြရတာ ပွဲကြီးလမ်းကြီး တစ်ခု လိုပါဘဲ။  အဲဒီလိုမျိုးပါပဲ။ လက်တူးရေနံတွင်းတွေဆိုတာကလည်း နေရာအတော်များများမှာပါ။ မှော်သစ်ပေါ်ပြီဟေ့ ဆိုရင် လူတွေတစ်ပြုံကြီး ရောက်လာကြတော့တာပါဘဲ။ ဒါပေမဲ့ သူတို့လည်း မကြာပါဘူး လုပ်ကိုင်ခွင့်ရထားတယ်ဆိုတဲ့ ကုမ္ပဏီဆီကို တွင်းတူးခွန်တွေ ပေးဆောင်ရပြန်ပါတယ်။ ရလာတဲ့ ရေနံစိမ်းတွေကိုလည်း အဲဒီကုမ္ပဏီဆီကိုပဲ လျှော့ဈေးနဲ့ ပြန်သွင်းကြရတယ်။ ဘာမှ မလုပ်မကိုင်ဘဲနဲ့ လုပ်ခွင့်ပါမစ်လက်ထဲကိုင်ထားရုံနဲ့ ရလိုက်တဲ့ငွေတွေက မက်လောက် စရာပါ။ လုပ်ကိုင်ခွင့်ပါမစ်တွေက ဒေသခံတွေရတာ မရှိသလောက်ပါ။ အားလုံးနီးပါးက အပေါ်က ဆင်းလာကြတာပါ။  သူတို့ဘယ်လို နည်းလမ်းတွေနဲ့ လိုင်စင်ရခဲ့ကြသလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အားလုံးကို အသိပေးပြီး လေလံ ဆွဲတယ်ဆိုတာမျိုးလည်း မကြားဖူးကြပါဘူး။  ဒါဆိုရင် ခရိုနီတွေကသာ လိုင်စင်ရနေကြတာလို့ အကြမ်းဖျင်း ပြောနိုင် လောက်ပါပြီ။  ဒါဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ခရိုနီတွေ အတော်ကို များနေပြီလို့ သုံးသပ်ရပါလိမ့်မယ်။
         ကမ္ဘာကျော် ဂန္ဓ၀င် ၀တ္တုကြီး တစ်ပုဒ်မှာ ရေးထားတာ ပြန်သတိရမိတယ်။ စီးပွါးရှာလို့ အကောင်းဆုံးအချိန် ကတော့ တိုင်းပြည်ပျက်နေတဲ့အချိန်၊ စပ်ကူးမတ်ကူး အပြောင်းအလဲတွေ ဖြစ်နေချိန်၊ တိုင်းပြည်ပြန်လည် တည်ဆောက် ထူထောင်နေတဲ့အချိန်၊ အဲဒီလိုအချိန်မျိုးက စီးပွါးရှာလို့အကောင်းဆုံးလို့ ရေးသားထားတာ သတိရမိပါ တယ်။  ဟုတ်မှာပါ။ မြန်မာတွေကတော့ အဲဒီအချိန်မျိုးမှာ သူဌေးဖြစ်သူတွေကို ခေတ်ပျက်သူဌေးလို့ ပြောကြတာ ကြားဖူးပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံက အကူးအပြောင်းကာလ မဟုတ်လား။ ကံမကောင်း အကြောင်းမလှတာက ကျွန်တော်တို့ အကူးအပြောင်းကာလဟာ ဆယ်စုနှစ်ပေါင်း နှစ်ခုကျော်လို့ ငွေရတုပွဲတောင် ဆင်ယင်ရတော့မယ့် ကာလရောက်လာပါပြီ။ ဒီလောက် နှစ်တွေကြာအောင် ကူးပြောင်းရေးကာလ ကြာခဲ့တော့လည်း ခရိုနီတွေရဲ့ လက်ချက်ကို ထင်ထားတာထက် အများကြီးခံလိုက် ကြရမှာပါ။
         လူငယ်တစ်စု နဲ့ အဲဒီ ခရိုနီအကြောင်းပြောကြတော့ သူတို့က ခရိုနီဆိုတာ နိုင်ငံတိုင်းမှာ ရှိတယ်။ ဘယ်လိုလုပ် ပြီး ပပျောက်အောင် လုပ်မလဲလို့ မေးလာပါတယ်။ ကျွန်တော်က နိုင်ငံတိုင်းမှာ ခရိုနီရှိတယ်လို့တော့ ကျွန်တော်မသိတဲ့ အကြောင်း၊ ဒါပေမဲ့ ဥပဒေပြဌာန်းချက်တွေကို လိုက်နာရင်တော့ ခရိုနီဆိုတာ မရှိနိုင်ကြောင်း ရှင်းပြပါတယ်။ ပြဌာန်း ဥပဒေကို မလိုက်နာဘူးဆိုတာက ခြစားမှု ကိုပြောကြောင်း ရှင်းပြရတယ်။ ဥပမာ သစ်ခုတ်ခွင့်ရသူတွေဟာ ဘယ်လို နည်းနဲ့ ရမှန်း ဘယ်သူမှ မသိပါဘူး။ ရခဲ့တဲ့ ပါမစ်ကို သစ်ထုတ်လုပ်ရေးဥပဒေနဲ့ ညီညွတ်အောင် ခုတ်တဲ့အဖွဲ့ ဆိုတာ မရှိလောက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါတွေက ခရိုနီနဲ့ ခြစားမှု (corruption) ဆက်စပ်မှုတွေ ဖြစ်ပါတယ်လို့ သူ တို့ကို ရှင်းပြပါတယ်။  သူတို့က အထွန့်တက်ပြန်ပါတယ်။ လူတိုင်းလူတိုင်းဟာ  ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်း ကြီးပွါးရာ ကြီးပွါးကြောင်း လုပ်ကိုင်နိုင်ကြတာဘဲ မဟုတ်လား ဆိုပြီး ထောက်ပြပါတယ်။ ဒါကိုတော့ ကျွန်တော် ထောက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကြီးပွါးရာ ကြီးပွါးကြောင်းက တိုင်းပြည်အတွက် အနှောက်အယှယ် ၀န်ထုပ် ၀န်ပိုး မဖြစ်ရပါဘူး။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ထုတ်သုံးရင် တိုင်းပြည်အတွက် ပြန်လည်ပြည့်ဖြိုးစေမဲ့ အခွန်အ တုတ်ကအစ၊ ပတ်ဝန်ကျင်ယိုယွင်းမှု မရှိစေဖိုက အလယ်၊  ပြန်လည်စိုက်ပျိုးတာ ထိန်းသိမ်းတာ အဆုံး  လုပ်ဖို့တာဝန် မရှိဘူးလား လို့ပြောရပါတယ်။
         သူတို့တွေ သိပ်သဘောမပေါက်ပါဘူး။ စီးပွါးရေးကို နိုင်ငံရေးနဲ့ တွက်တဲ့ သဘောမျိုးတွေလည်း ဆွေးနွေးကြပါ တယ်။ ကျွန်တော်ကတော့ ချမ်းသာတဲ့ လူတိုင်းကိုတော့ ခရိုနီလို့ မဆိုနိုင်ပါဘူးလို့ ယုံကြည်ကြောင်း၊ အာဏာရှိသူတွေ ကိုယ်တိုင် ဒါမှမဟုတ် လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပေါင်းပြီး ဘယ်သူမှ မရတဲ့ အခွင့်အရေး၊ လုပ်ပိုင်ခွင့်၊ စီးပွါးရေးလုပ်ငန်း တွေကို (နည်းလမ်းတကျ မဟုတ်ဘဲ) ရခဲ့ကြပြီး ကြီးပွါးချမ်းသာနေတဲ့လူမျိုးကိုသာ ခေါ်သည်ထင်ကြောင်း ပြောပါတယ်။
         ကြီးပွါးချမ်းသာအောင် လူတိုင်းကြိုးစားသင့်ပါတယ်။ ဒါပေမဲ့ နည်းလမ်းတကျ ဖြစ်ဖို့လိုပါတယ်။ တစ်ခြားလူတွေ ကိုလည်း ယှဉ်ပြိုင်လျှောက်ထားခွင့်၊ လုပ်ကိုင်နိုင်ခွင့် ပေးရပါမယ်။ ဘယ်သူမှ အသိမပေးဘဲ ကိုယ့်ဖာသာကြိတ်ပြီး ရလာတဲ့ လုပ်ပိုင်ခွင့် ပါမစ်တွေ ကိုင်ဆောင်သူတွေဟာ များသောအားဖြင့် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ကိုင် တတ်ကြပါတယ်။ ဘယ်သူ သေသေ ငတေမာရင်ပြီးရော ဆိုတာမျိုးပေါ့။
         ဒါမျိုး ဖြစ်နေတာ လေ့လာသူတိုင်း သိနိုင်ပါတယ်။ ဘယ်လောက်ဘဲ ရာထူးငယ်တဲ့ ၀န်ထမ်းဖြစ်နေပါစေ။ သူ့ နောက်ကွယ် အဆက်အသွယ်က လူကြီးမင်းတစ်ယောက်ဆိုရင် ဘယ်သူမှ မခိုင်းရဲတော့ပါဘူး။ မျက်နှာသာပေးနေ ရပါပြီ။ မပေးဘဲ နေကြည့်ပါ။ ဘာဖြစ်သွားမယ်ဆိုတာ လူတိုင်းက နားလည်နေကြတဲ့ အခြေအနေပါ။ အရာရာက အာ ဏာသာ လွှမ်းမိုးနေခဲ့တာပါ။  စည်းမျဉ်းစည်းကမ်းတို့ ဥပဒေ နည်းဥပဒေ တို့ဆိုတာ သိပ်ဂရုမစိုက်တော့ပါဘူး။ မဆလ ခေတ်တုန်းကတော့ ဥပဒေ ထက် စီမံချက်ကို ဦးစားပေးခဲ့ရတယ်။ မကြာခင်ကာလအထိ စည်းမျဉ်းစည်းကမ်းထက် အာဏာရ လူကြီးအဆက်အသွယ်ကို ပိုပြီး ဦးစားပေးခဲ့ရတယ်။
         အခုတော့ အစိုးရ အပြောင်းအလဲ ရှိခဲ့ပြီ။ ခြစားမှုတွေကို တိုက်ဖျက်မယ်လို့ပြောပါတယ်။ ဥပဒေ စိုးမိုးတဲ့ အစိုးရ ဖြစ်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါဆိုမှန်ပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိသရွေ့ ခြစားမှုတွေရှိ နေမှာဖြစ်ပါတယ်။ တစ်ဖက်တစ်လမ်းကလည်း ကိုယ်ဝမ်းပူဆာ မနေသာလို့ လုပ်နေရတာပါ ဆိုတဲ့လူတွေကိုလည်း သူ တို့ဝမ်းတွေ ပူမနေရအောင် ဆာမနေရအောင် လုပ်ပေးရပါလိမ့်မယ်။ ဂျာအေးသူ့အမေရိုက် ပတ်ချာလည် ပြဿနာကြီး ကို စနစ်တကျ ထိန်းချုပ်နိုင်မှ ရမှာပါ။
         ဘာဘဲဖြစ်ဖြစ် ချမ်းသာနေကြတာကို မနာလို မဖြစ်သင့်ပါဘူး။ တရားနည်းလမ်းကျကျ နဲ့ တိုင်းပြည်အတွက် လည်း ဖြစ်သင့်ဖြစ်ထိုက် ရသင့်ရထိုက်တာ ရဖို့ဘဲလိုပါတယ်။ တိုင်းပြည်ပိုက်ဆံဟာ ပြည်သူ့ပိုက်ဆံဘဲ မဟုတ်လားဗျ။ လူတိုင်း၊ ပြည်သူတိုင်း ချမ်းသာရင်ကော ပိုမကောင်း ပေဘူးလား။ အသံလွှင့်ဌာန တစ်ခုက ထုတ်လွှင့်သွားတဲ့ အစီအစဉ်တစ်ခုရဲ့ခေါင်းစဉ်က - အဆင်းရဲဆုံးတိုင်းပြည်က အချမ်းသာဆုံး ပုဂ္ဂိုလ်များအကြောင်း ဆိုတာမျိုးဆိုရင် ဘယ်လိုခံစားကြည့်ကြမလဲဗျာ။
         ကျွန်တော်နဲ့ စကားပြောတဲ့လူငယ်တွေကို ချက်ချင်းသဘောပေါက်အောင် ဘယ်လိုများ ရှင်းပြရင် ကောင်းမလဲ လို့ စဉ်းစားရင်း ဥပမာ တစ်ခုကို စဉ်းစားမိတာနဲ့ သူတို့ကို မေးရှင်းလေး ရှင်းပြလိုက်ပါတယ်။
         ခင်ဗျားတို့ လေးလေးနက်နက် စဉ်းစားကြစမ်းပါ။
         ငရဲပြည်မှာ သူဌေးလုပ်ကြမလား။
         နတ်ပြည်မှာ ဆင်းရဲသား လုပ်ကြမလား။
         ကျွန်တော်ကတော့ နတ်ပြည်က ဆင်းရဲသားဘဲ ဖြစ်ချင်ပါတယ်ဗျာ။



                                                                                          စိုင်းညွန့်လွင်
                                                                                 ၂၀၁၂  သြဂုတ်လ (၁၈) ရက်

ပြည်သူ့ခေတ် ဂျာနယ်
         ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၆) ရက်ထုတ်
         အတွဲ-၃ ၊ အမှတ်- ၁၁၀ တွင်ဖေါ်ပြပါသည်။