Sunday 16 November 2014

ပြည်-ထောင်-စု အမွေ

( ဤ စာစုကလေးသည် ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ကနေ ၂ဝဝဝ -ပြည့်နှစ် (၅၃) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ဝေသော စာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်အရ ရှမ်းပါတီကိုယ်စားပြုလျက် ရေးသားပေးပို့သော စာစုကလေး ဖြစ်ပါသည်။ ထို စာစုကလေးကို အခြေအနေ ကြပ်တည်းမှု ကြောင့် စောင်ရေ အနည်းငယ်သာ ထုတ်ဝေခဲ့ပါသည်။ မှတ်မှတ်ရရ ထိုစာမူကို ပေးပို့စဉ်က ထိုစာမူပါ စာလုံးပေါင်း သတ်ပုံများကို ပြင်ဆင်ခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်ဟု ကျနော်ရေးထားခဲ့ရာ ဥက္ကဌကြီး ဦးအောင်ရွှေက စာမူပါ သတ်ပုံများကို လုံးဝမပြင်ပါဟု ခပ်ငေါ့ငေါ့ရေးပြီး စာတိုကလေးဖြင့် ပြန်ကြားဖူးပါသည်။ ကျနော်က သတ်ပုံအမှန်ဖြစ်သည့် ကျွန်တော် အစား ကျနော်ဟု ရေးသားထားသည်ကို မပြင်စေလို၍ ထိုသို့မှတ်ချက် ရေးခဲ့ရခြင်းဖြစ်ပါသည်။ printer copy အနည်းငယ် (၂၀၀) ခန့်သာ ထုတ်ဝေခဲ့၍ ဖတ်ရှုရသူ အနည်းငယ်သာ ရှိမည် ဖြစ်သောကြောင့် ယခု ပြန်လည်ဖေါ်ပြ လိုက်ပါသည် )

ပြည်-ထောင်-စု အမွေ

လွန်ခဲ့သော နှစ် အစိတ် ၊ နှစ်သုံးဆယ်ကျော်ခန့်က ပြည်ထောင်စုနေ့ ရောက်ခါနီးတိုင်း ကျနော်တို့သည် တစ်လနီးပါးခန့် ကြိုတင်၍ နေပူစပ်ခါးထဲတွင် ပြည်ထောင်စုအလံတော် သယ်ယူရေးအတွက် အဖွဲ့လိုက် လေ့ကျင့်ရပါသည်။ ရှမ်းအမျိုးသား တူညီဝတ်စုံ ချုပ်ရန်အတွက် ရံပုံငွေ ရှာဖွေရပါသည်။ ကျနော်တို့ တစ်ဖွဲ့လျှင် တစ်ဆယ့် ငါးယောက်စီ ရှိကြသော ရှမ်းအမျိုးသား အမျိုးသမီး အဖွဲ့နှစ်ဖွဲ့သည် ပြည်ထောင်စုအလံတော်ကို ကိုက်တစ်ရာမျှသောခရီး (ပြေးချိန် အချိန်အားဖြင့် တစ်မီနစ်ပင် မပြည့်) အတွက် ညီညီ ညာညာ လှလှပပ သယ်ယူနိုင်ရေးအတွက် တစ်လမျှ အချိန်ယူကာ လေ့ကျင့်ကြခြင်း ဖြစ်သည်။ တစ်နှစ်ထဲမဟုတ်  နှစ်စဉ် ဖြစ်ပါသည်။

ပြည်ထောင်စုနေ့ မတိုင်မီနှင့် တိုင်ပြီးသည်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဌာနပေါင်းစုံက ပြခန်းများ ပြည်နယ်နှင့်တိုင်းအလိုက် ပြခန်းများဖြင့် ကျိတ်ကျိတ်တိုးစည်ကားသော ပွဲတော်ကြီးကို ကျင်းပပေးမြဲ ဖြစ်ပါသည်။  အလွန် များပြားလှသော ငွေကြေးကို နိုင်ငံတော်က ကျခံသုံးစွဲ၍ ကျင်းပပေးပါသည်။ ပြည်ထောင်စုနေ့ကို အလေးအမြတ်ထားခြင်း ဟု ကျနော်နားလည်မိပါသည်။

ပြည်ထောင်စုနေ့၏ အရေးပါပုံကို ထိုစဉ်က မှုံဝါးဝါးသာ သိခဲ့ပါသည်။ သမိုင်းကြောင်းအရ  နိုင်ငံရေးအရ အလွန်အရေးကြီးသောနေ့ အဖြစ်လောက်သာ သိရှိခဲ့ပါသည်။ ပြည်ထောင်စုနေ့၏အကျိုး ၊ အသီးအပွင့်အဖြစ် လွတ်လပ်ရေး ရခဲ့သည်ဟုလည်း သိခဲ့ပါသည်။ ထိုစဉ်က မဟာဗန္ဓုလပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်တွင် လွတ်လပ်ရေးနေ့ သစ္စာအဓိဌာန်များကို ကျောက်သားပေါ်တွင် ထွင်းထုရေးသားထားကြောင်း လူကြီးများ ပြောသံကြား၍ ကျနော်သွားရောက် ကြည့်ရှုသောအခါ ကျောက်တိုင်ပတ်ပတ်လည်တွင် စိမ်းလန်းသော မြက်ခင်းပြင်များက ဝန်းရံထား ကြပြီး " မြက်ခင်းပေါ် မနင်းရ " ဟူသော စာသားကြောင့် ကျနော်မဖတ်ခဲ့ရပါ။  ထိုအချိန်က ကျနော်မရောက်ဖူးသေးသော ရှမ်းပြည်နယ်တွင် တိုက်ပွဲတွေ ဖြစ်နေကြသည်ဟု သတင်းကြားရပါသည်။ ဗ-က-ပ တွေလည်းပါသည်။  ရှမ်းတွေလည်း ပါသည်ဟု ကြားသိရပါသည်။  ဘာကြောင့်မှန်းတော့ ကျနော်သေသေချာချာ မသိခဲ့ပါ။  ပြည်ထောင်စုနေ့ကိုတော့ ကျနော် နေထိုင်ရာ ရန်ကုန်မြို့တွင် တစ်ခန်းတစ်နား ကျင်းပပေးနေပါလျက်နဲ့ ဖြစ်မှဖြစ်ရလေခြင်းဟုသာ ရေရွတ်ခဲ့ပါသည်။

ယင်းကာလက သတင်းစာများတွင် လူထုအားကစားလ သတင်းများကို ဖေါ်ပြရာ၌  ဆိုက်ကားဆရာများက ဆိုက်ကားပေါ်တွင် ထိုင်လျက်အနေအထားဖြင့် ကိုယ်လက်လှုပ်ရှား အားကစားနေကြပုံများကို ကျနော်တွေ့ရပါသည်။ နွေရာသီကာလများတွင် အသုံးလုံးကြေ စာတတ်မြောက်ရေးသင်တန်းများတွင် ယက္ကန်းယက် မပျက် ယက္ကန်းယက်ရင်း စာ သင်နေကြသောပုံများကိုလည်း ကျနော်တွေ့ဖူးပါသည်။ စိတ်ထဲတွင် ထူးဆန်းလှသည်ဟု ထိုမျှလောက်သာ ထိုစဉ်က ခံစားမိခဲ့ပါသည်။

သည်ဖက်ပိုင်း အသက်အရွယ်တွင် ကျနော်သည် ရှမ်းပြည်ဒေသ အတော်များများကို ရောက်ခဲ့ပါသည်။ ဒေသခံလူထု၏ မွန်းကြပ်လှသော ဘဝများကို တွေ့လာရပါသည်။  သူတို့အတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီး ရရှိနိုင်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲဟု စဉ်းစားတတ်လာခဲ့သည်။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဟုလည်း တွေးတောတတ်လာခဲ့သည်။ ဘယ်သူ တစ်ဦးတစ်ယောက်က တိုက်တွန်းစည်းရုံးခြင်းကြောင့်လည်း မဟုတ် ၊ ဝါဒ တစ်ခုအတွက်ကြောင့်လည်း မဟုတ်ဘဲ ဖြစ်ပေါ်နေသော အခြေအနေများကြောင့်သာလျှင် မမျှော်လင့်ဘဲ နိုင်ငံရေးလောက ထဲကို ကျနော်ရောက်ရှိလာရခြင်း ဖြစ်ပါသည်။  ကျနော်သည် ရန်ကုန်တွင် မွေး၍ ရန်ကုန်တွင် ကြီးပြင်းခဲ့သော ရှမ်းအမျိုးသားတစ် ယောက်ဖြစ်ပါသည်။ ဗမာလူမျိုးများ အကြားတွင် ကြီးပြင်းခဲ့သူလည်း ဖြစ်ပါသည်။ ဗမာစကားပြောလျှင် ရှမ်းသံဝဲပြီး ရှမ်းစကားပြောလျှင် ဗမာသံဝဲသောသူ ဖြစ်ပါသည်။  ရှမ်းပြည်နယ်ရှိ လူထုများ၏ ဘဝကို ကိုယ်ချင်း စာနာစွာဖြင့် ကူညီချင်သည့်ဆန္ဒသည် သူ့အလိုလို ပေါ်လာရခြင်း ဖြစ်ပါသည်။ ထိုမှ တဆင့်တက်လျက် ပြည်ထောင်စု သားများ အားလုံးအတွက်  ဆောင်ရွက်ပေးလိုခြင်း ဘဝကို ရောက်ရှိလာခြင်း ဖြစ်ပါသည်။ နိုင်ငံရေး လောကထဲသို့ ကျနော်ကဲ့သို့ မအူမလည်ဖြင့် ရောက်လာသူများ အများအပြားရှိနေလိမ့်မည်ဟု ကျနော်ထင်ပါသည်။

ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံများ လွတ်လပ်ရေး ရရှိလာပုံများကို စာအုပ်များတွင်သာ ဖတ်ဖူးခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်က ကျနော်မမွေးသေးပါ။ နယ်ချဲ့အင်္ဂလိပ်ကိုလည်း ကျနော် မမြင်ဖူးလိုက်ပါ။ ဖက်ဆစ်ဂျပန် ဆိုတာကိုလည်း ဖတ်ဖူးရုံ ကြားဖူးရုံဘဲ ရှိပါသည်။ ယနေ့တိုင်အောင်လည်း နိုင်ငံခြားသား မိတ်ဆွေ တစ်ယောက်မျှ မရှိသေး ပါ။ ကျနော်သည် လွတ်လပ်သော နိုင်ငံသားတစ်ယောက်အဖြစ် မွေးဖွါးခဲ့သည်ဟု ကျနော်၏ အစ်ကို အစ်မ များရှေ့တွင် ကျနော်မိဘများက အမြဲပြောပြတတ်ပါသည်။ ကျနော့်မိဘများကို သတိရသော အခါတိုင်း ထိုစကားကိုလည်း အမြဲတမ်း ပြန်လည်ကြားယောင်နေမြဲ ဖြစ်ပါသည်။ လက်ရှိ ကျနော့်ဘဝ အခြေအနေနှင့်လည်း ဆက်စပ်တွေးတောကြည့်မြဲ ဖြစ်ပါသည်။ ပြီးတော့ လက်ရှိ ကျနော့်ဇနီးအပါအဝင်  ဘယ်သူ့ကိုမှ  ကျနော်ဘယ်တော့မှ မပြောရန် ဆုံးဖြတ်ထားသော တိုင်တည်စကားများကို ဘုရားရှိခိုးတိုင်း ကျနော့်မိဘများထံ ကျနော်အမြဲ တိုင်ကြားလေ့ရှိပါသည်။

သည်ကနေ့ စစ်မှန်သော ပြည်ထောင်စုကို တည်ဆောက်ကြရန် ကျနော်တို့ ကြိုးစားကြသောအခါ ပြည်ထောင်စု၏ သဘောသဘာဝကို ပြန်စဉ်းစားကြည့်ပါသည်။ ပြည်ထောင်များကို စုစည်းခြင်း ဖြစ်သည့်အတွက်  တစ်ခုတည်းဖြင့် လုပ်မရ ဖွဲ့မရ အများကို စုစည်းရမည်သာ ဖြစ်ပါသည်။ သမိုင်းကြောင်းအရ သီးခြားစီ ဖြစ်ခဲ့သည်များကို စုစည်းခြင်းသာ ဖြစ်ပါသည်။ ထိုစုစည်းခြင်းတွင် ချစ်ကြည်ရေး ၊ တန်းတူညီမျှရေး ၊ အပြန်အလှန် လေးစားရေးများဖြင့် တည်ဆောက်ရမည် ဖြစ်ပါသည်။ ချစ်ကြည်ရေးကို တစ်ဦးတည်း  တစ်ယောက်ထဲက မလုပ်နိုင်ပေ။  အနည်းဆုံး နှစ်ဦးရှိမှ ချစ်ကြည်ရေးကို လုပ်နိုင်ပေမည်။ ထို့အတူ တန်းတူညီမျှရေး နှင့် အပြန်အလှန်လေးစားရေးသည်လည်း မတူညီကြသော အခြေအနေများကို စုစည်းရာ၌ မရှိမဖြစ် ကျင့်သုံးကြရမည်သာ ဖြစ်ပါသည်။

၁၉၉၃ - အမျိုးသား ညီလာခံကာလက ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် နေထိုင်သော နိုင်ငံရေးသမားကြီး တစ်ဦးက ကျနော့်အား " မင်းတို့တတွေ ခွဲထွက်ခွင့်ကိစ္စ မပြောကြနဲ့နော် " ဟု စိုးရိမ်စိတ်ကြီးစွာဖြင့် သတိပေးပါသည်။ " ဟိုတုန်းက မင်းတို့လူကြီးတွေ စကားပြောမှားခဲ့လို့ ပွဲပျက်ခဲ့ရဖူး ပြီးပြီ ။ ဒီတစ်ခါတော့ ရှောင်ပါကွာ " ဟု ချော့မော့ပြောပါသည်။  ကျနော်လည်း ရုတ်တရက် နှုတ်မစောင့်စည်းဘဲ "အဲဒီ ခွဲထွက်ခွင့်ဆိုတာ အဲဒီတုန်းက ပြည်ထောင်စု  အခြေခံဥပဒေ အခန်း(၁၀)မှာ ဖေါ်ပြထားတဲ့ ပုဒ်မ မဟုတ်လား " ဟု လွှတ်ကနဲ ပြန်ပြောလိုက်မိရာ ထိုဝါရင့်ပုဂ္ဂိုလ်ကြီးမှာ ကျနော့်အား နှုတ်မဆက်တော့ဘဲ ချာကနဲလှည့်ထွက်သွားပါသည်။ ကျနော်က ဟုတ်ကဲ့ပါ ဟု တစ်ခွန်းထဲ ရှင်းရှင်းလင်းလင်း မပြောခြင်း အပေါ် သူစိတ်ပျက်သွားပုံ ရပါသည်။ လွှတ်ကနဲ အရဲစွန့် ပြောလိုက်ရသော ကျနော့်မှာလည်း ထိုပုဂ္ဂိုလ်၏ အပြုအမူကြောင့် မလုံမလဲဖြစ်ကာ ကြောက်သလိုလို ရွံ့သလိုလို ဖြစ်သွားရပါသည်။  ထိုပုဂ္ဂိုလ်သည် ကျနော့်အား ဒုက္ခပေးနိုင်သော အခွင့် အာဏာရှိသူ မဟုတ်ပေမင့် အရိုးစွဲနေသောကြောင့်လား မသိ ။ ကျနော်စိုးရိမ်သွားပါမိပါသည်။ ထူးဆန်းလှပါသည် ။ ကျနော်သူ့ရဲ့ စေတနာကို ကောင်းစွာ နားလည်ပါသည်။ သူ့ကို ငြင်းပယ်ခြင်းလည်း မဟုတ်ပါ။ ငယ်ရွယ်သူက ကိုယ့်ထက် အသက်ကြီးသူကို အထွန့်တက်ကြည့်ခြင်းသာ ဖြစ်ပါသည်။  အခုတော့ ဘယ်နေရာတွင် မှားယွင်းနေသည်ကို ကျနော် မသိနိုင်တော့ပါ။

ကျနော်သိရသလောက်ကတော့ ခွဲထွက်ရေးကို ကျင့်သုံးကြမည်ဟု စွပ်စွဲခံရသော ပုဂ္ဂိုလ်များသည် ဟို- ၁၉၄၇ ခုနှစ် ကာလတုန်းဆီက တောင်တန်းဒေသ နှင့် ပြည်မတို့ ပူးပေါင်းရေး (ပြည်ထောင်စု ထူထောင်ရေး) အတွက် ပင်လုံစာချုပ်ကြီး ဖြစ်မြောက်အောင် အားကြိုးမာန်တက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များနှင့် တစ်အုပ်စုထဲ တစ်သိုက်ထဲဟု ကျနော်သိထားပါသည်။ ပြည်ထောင်စုမှာ ပူးပေါင်းအောင် ဆောင်ရွက်ခဲ့သူများက ချက်ချင်းစိတ်ပြောင်း သွားသည်ဟုဆိုလျှင် မှန်နိုင်ပါမည်လား ၊ ဘာများ မှားနေတာလည်း ၊ ဘာကြောင့်များလည်းဟု ကျနော်တွေးကြည့်နေမိ ပါသည်။ စာဖတ်သူ မိတ်ဆွေကကော ဘယ်လိုများ သုံးသပ်မိပါသလဲ ။

ထိုကိစ္စအား ရှင်းလင်းခွင့် မပေးဘဲ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူဖြစ်တယ်ဟု ထပ်ခါတလဲလဲ ပြောသံရေးသံ ယုံကြည်သံတွေကို ကျနော်ငယ်စဉ် မှ ကြီးသည်အထိ ကြားနာခဲ့ရပါသည်။ စင်စစ် ရှင်းပြခွင့်တော့ ရှိသင့်ပါသည်။ တာဝန်ရှိ သူတွေက ရှင်းပြတာကို ကျနော်တို့ ဖတ်ချင်သိချင်ခဲ့ပါသည်။ ကျနော် ငယ်စဉ်က ရေနံဆီ မီးခွက်ဖြင့် စာကြည့်ရပါသည်။ ကျနော့်မိဘများက  ကျနော်မီးခွက်ကို ကိုင်ပြီး ဟိုရွေ့ဒီရွှေ့ လုပ်လျှင် လုံးဝ မကြိုက်ပါ။ တားပါသည် ။ မကိုင်ရ - ဟုပြော တာကို ကျနော်ကလည်း လက်မခံနိုင်ပါ ။ ထို့ကြောင့် အဖေက "မင်းလက်က ယိုတယ်။ မင်းကိုင်လို့ ရေနံဆီ မီးခွက်မှောက်ကျသွားရင် တစ်အိမ်လုံး မီးလောင်လိမ့် " ဟု ရှင်းပြပါသည်။ ကျနော် နားလည်သွားပြီး ချက်ချင်းလိုက် နာပါသည်။  နားလည်အောင် ရှင်းလင်းပြခြင်း အကျိုးကို ဆိုလိုချင်တာ ဖြစ်ပါသည်။

အမျိုးသား ညီလာခံသို့ တက်ရောက်ခွင့်ရသော နိုင်ငံရေးပါတီ အရေအတွက်မှာ တစ်ဆယ်ပါတီ ဖြစ်ပါသည်။ ထို တစ်ဆယ်ပါတီတွင် ပါတီနှစ်ခုမှလွဲ၍ ကျန်ရှစ်ပါတီမှာ ရှမ်းပြည်နယ်တွင် စည်းရုံးရေးနယ်မြေ ဖွင့်လှစ်ထားသော ပါတီများ ဖြစ်ကြပါသည်။ ရှမ်းပြည်နယ် အခြေစိုက်သော ပါတီမှာ ခြောက်ပါတီ ဖြစ်ပါသည်။ အခြား မွန်ပြည်နယ် ၊ ချင်းပြည်နယ် ၊ စသည့်ပြည်နယ်များတွင် အခြေစိုက်သောပါတီများ တက်ရောက်ခွင့် မရကြပါ ။ ထိုကာလတွင်မှာဘဲ ပုံနှိပ်ဖေါ်ပြထားသော ဆောင်းပါးတစ်ပုဒ်တွင် " အထက်လွှတ်တော်လို့ ခေါ်တဲ့ လူမျိုးစုလွှတ်တော်မှာ ပြည်နယ်တွေက ကိုယ်စားလှယ်အရေ အတွက် အညီအမျှဘဲ စေလွှတ်ခွင့် ရကြမယ်ဆိုရင် ဗမာတွေကလည်း ကိုယ်စားလှယ် တစ်ချိုးသာ ရမှာမို့ လူနည်းစုဖြစ်တဲ့ လူမျိုးတွေက ပေါင်းပြီးတော့ လူများစုဖြစ်တဲ့ ဗမာကိုယ်စားလှယ်တွေကို  အနိုင်ယူနေရင် ဘယ်လိုလုပ်မလဲ " ဟူသော အဓိပ္ပါယ်မျိုးရသည့် အရေးအသားမျိုးကို ရေးသားလာတာ တွေ့ရပါသည်။ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်ကြ မလဲ ဆိုသောမေးခွန်းကို ဖြေကြားရန် သင်ဘယ်လို စိတ်ကူးပါမည်လဲ ။ သင့်ဖြေကြားချက်သည် ကျနော်တို့ ချစ်မြတ်နိုး သော ပြည်ထောင်စုကြီးအတွက် ဘယ်လောက်အထိ အကျိုးပြုမည်ကို  သင်စဉ်းစားရန် ကျနော်က တိုက်တွန်းလိုပါသည်။

အမျိုးသားညီလာခံ ကာလမှာပင် နိုင်ငံရေးပါတီကြီးတစ်ခု၏ ညီလာခံကိုယ်စားလှယ်များနှင့် ကျနော်သည် လူပုဂ္ဂိုလ်ရေးအားဖြင့် အတော်ပင် ရင်းနှီးခင်မင်ခဲ့ပါသည်။ တန်းတူညီမျှသော ပြည်ထောင်စု ဖွဲ့စည်းရေးကိစ္စကို စကားစပ် ရင်း ဆွေးနွေးကြသောအခါ ပြည်နယ်နှင့်တိုင်း ကိစ္စရောက်လာပါသည်။ ယခင်က တိုင်းနှင့်ပြည်နယ် ဟူသောအသုံးအနှုံးကို ယခုအခါ ပြည်နယ်နှင့်တိုင်းဟု သုံးနှုံးကြောင်း ၊ ပြည်နယ်တွေကို ဦးစားပေးသည့် အနေဖြင့် တိုင်းဆိုတာကို နောက်တွင် ထားပြီး ပြည်နယ်ကိုရှေ့ထားပြီး သုံးစွဲကြောင်း ပြောဆိုပါသည်။ ထိုသို့ ဦးစားပေးခြင်း ခံရသည်ကို ပြည်နယ်ရှိ ပုဂ္ဂိုလ်များအနေဖြင့် မည်သို့သဘောထားရှိသည်ကို သိလိုကြောင်း ကျနော့်အားမေးပါသည်။ ကျနော်ခေါင်းခါလိုက်ပါသည်။ ပြီးတော့ ကျနော်က တိုင်းတွေ အများကြီးနဲ့ ပြည်ထောင်စု ဖွဲ့စည်းတာကို နားမလည်ကြောင်း ၊ ယခင် ပြည်ထောင်စု မဖွဲ့မီ ကတော့ ပြည်မဆိုတာ ဗမာပြည်ဖြစ်ကြောင်း ၊ ယခု ဗမာပြည်နယ် ဘယ်မှာလဲဟု ပြန်မေးသောအခါ ဘာမှမပြောတော့ဘဲ ကျနော့်အား ခပ်စိမ်းစိမ်းကြီး စိုက်ကြည့်တာကို ခံလိုက်ရပါသည်။ လွှတ်ကနဲ ပြောလိုက်မိပြန်ပြီးမှာ ကျနော့်မှာ ဘာကြောင့်မှန်းမသိ ထုံးစံအတိုင်း ကြောက်စိတ် ကလေးတစ်ခုက စိတ်ထဲကို ရိပ်ကနဲ ဖြတ်သွားတာ ခံလိုက်ရပြန် သေးသည်။

ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ပြောစဉ်ကရော ၊ လွပ်လပ်ရေး ရယူခဲ့စဉ်ကရော ကျနော်မပါဝင်ခဲ့သော်လည်း  ယနေ့ မပြီးဆုံးသေးသော ပြည်ထောင်စုတည်ဆောက်ရေးကာလမှာမှ လူလားမြောက်လာရသည့် အခြေအနေကြောင့် ကျနော်တို့မှာ ဒီလောကထဲက ရှောင်ထွက်သွားဖို့ မစွမ်းသာပါ ။ ယခုဆိုလျှင် ပြည်ထောင်စုကြီးကို တည်ထောင်ခဲ့သည်မှာ နှစ် ငါးဆယ် ကျော်ခဲ့ပြီး ဖြစ်ပါသည်။ ရာစုနှစ် တစ်ဝက်ပင် ကျော်ခဲ့ပါပြီ ။ ကိုယ့်နောက်က တိုင်းပြည်များက ကိုယ့်ကို ကျော်တက်ကုန် ကြပါပြီ ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ထောင်သောနေ့ ဖြစ်သည့် လွတ်လပ်ရေးရသောနေ့က ကြွေးကြော်ခဲ့ကြသော သစ္စာအဓိဌာန်များကို ယခု ဖတ်ရသောအခါ ကြက်သီးမွှေးညှင်းများ ထလာရပါသည်။ အရင်က လူကြီးတွေ တကယ့်ကို ပြော ခဲ့ကြပါလားဟု တွေးမိပါသည်။

လူကြီးတွေရဲ့ပြည်ထောင်စုအမွေကို နောက်လူတွေက ဆက်လက်အကောင်အထည် ဖေါ်ကြရမည်ဟု ကျနော် နားလည်ပါသည်။  ကျနော်တို့ တိုင်းပြည်မှာ တက်ညီလက်ညီ လက်တွဲလုပ်ကိုင်နိုင်ဖို့ရာမှာ တန်းတူညီမျှသော ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးသည် အဓိက အကြောင်းတရားကြီး ဖြစ်သည်ဟု ကျနော်က လေးလေးနက်နက် ယုံကြည်ထားပါသည်။ အားလုံးလည်း တစ်ဖြည်းဖြည်းနားလည်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ အမှန်တရားသည် တာရှည်ဖုံးကွယ်မရ ။ တစ်နေ့တွင် ပြန်လည်ပေါ်ထွန်းလာပါလိမ့်မည်။

နံနက်စောစော ကျနော် ရေဒီယိုဖွင့်လျှင် မြန်မာ့အသံက ပထမဆုံးထုတ်လွှင့်ပေးသော သီချင်းကို မရိုးနိုင်အောင် ကျနော် နားထောင်နေတတ်ပါသည်။
" တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ... တို့ပြည် .... တို့မြေ
များလူခပ်သိမ်း   ငြိမ်းချမ်းစေဖို့   ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် ..... တို့ပြည် ....  တို့မြေ
ပြည်ထောင်စု အမွေ  အမြဲတည်တံ့စေ အဓိဌာန်ပြုမလေ ....  ထိန်းသိမ်းစို့လေ
ကမ္ဘာမကြေ    ဗမာပြည်  တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့  တို့ကာကွယ်မလေ ......................."

ထိုသီချင်းကို ကျနော်လေးလေးနက်နက်နားထောင်ပါသည်။ လက်ရှိ အခြေအနေနဲ့လည်း ဆက်စပ်ကြည့်ပါသည်။ ကျနော်တို့ အိမ်နီးနားခြင်း နိုင်ငံတစ်ခုမှာ နံနက်စောစောတွင် သူတို့၏ နိုင်ငံတော်သီချင်းကို အသံချဲ့စက်ဖြင့် ဖွင့်ပေးသည်။ သီချင်းသံကြားသည်နှင့် သူတို့နိုင်ငံသားများသည် ရောက်ရာအရပ်မှာ ငြိမ်သက်စွာရပ်လိုက်ကြပြီး  အလေးပြုနားထောင် သည်ကို ကိုယ်တွေ့ကြုံဖူးပါသည်။ ကျနော်တို့ နိုင်ငံတွင်လည်း ဤမျှ အဓိပ္ပါယ်လေးနက်လှသော နိုင်ငံတော်သီချင်းကို အလေးအနက်ထားကြရပါမည်။ ကျနော်တို့ အချင်းချင်းလည်း ချစ်ကြည်လေးစား ကြရပါမည်။ အပြန်အလှန် အကျိုးပြုကြ ရပါမည်။

ရှမ်းအမျိုးသား ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသော လူတစ်ယောက်က စည်းနဲ့ဝါးကို လက်တွင်ကိုင်တီးလျက် အလွန်ခက်ခဲ (မြန်မာတိုင်းပင် မဆိုတတ်သော) မြန်မာသီချင်းကြီး တစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင်သီဆိုနေခြင်းကို မြန်မာ့ ရုပ်မြင်သံကြားမှာ  မြင်လိုက်ရတော့ ကျနော်အလွန်ကို အံ့သြသွားပြီး " တယ်ဟုတ်ပါလား " ဟု ပြောမိပါသည်။ ပြီးတော့ ကျနော့်စိတ်ထဲမှာ ဗမာအမျိုးသား ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသူတစ်ယောက်က ရှမ်းရိုးရာ ရှေးသီချင်းတစ်ပုဒ်အား ပိုင်ပိုင်နိုင်နိုင်ကြီး သီဆိုနေတာကို မြင်ရရင်ဖြင့် ကောင်းမှာဘဲဟု တွေးမိလိုက်ပါသည်။

ဤ ဆောင်းပါးရေးနေရင်းက ဤနေရာအရောက်တွင် ဘာကြောင့်မှန်းမသိ ၊ ကျနော့်မှာ ကတုန်ကရင် နှင့် ရင်တုံ ပန်းတုံ ဖြစ်လာသောကြောင့် လူမသိအောင် ဣနြေ္ဒဆယ်ကာ ရေးလက်စ စာရွက်ကို ကမန်းကတန်းခေါက်လိုက်ပြီး စာမူလာယူသူ မိတ်ဆွေထံသို့ အမြန်လှမ်းပေးလိုက်ပါသည်။

စိုင်းညွန့်လွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
12th february  2000.

Friday 6 June 2014

ဒီလှိုင်း စာစောင် အတွဲ (၃)၊ အမှတ် (၁၄ - ၁၅) အင်တာဗျူး

ဒီလှိုင်း စာစောင်
အတွဲ (၃)၊ အမှတ် (၁၄) တနင်္လာနေ့၊ ၇ - ၄ - ၂၀၁၄

SNLD စိုင်းညွန့်လွင် ပြောတဲ့ နိုင်ငံရေးသဘောတူညီချက်


ငြိမ်းချမ်းသာယာသော ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ထွန်းရေးအတွက်
တိုင်းရင်းသားပါတီအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံမေးမြန်းမှုများ
ပြုလုပ်ရန် ဒီလှိုင်းက ရည်မှန်းထားသည်။ ထို့ကြောင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)  အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် နှင့် ပထမဆုံး ဆက်သွယ် မေးမြန်းဖြစ်ခဲ့သည်။

+ + +

မေး။    ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဆရာတို့ မဝင်ခဲ့ဘူး။ ခုကျင်းပမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဝင်မယ်လို့ ကြားသိရပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ အကြား ဘယ်လိုခြားနားမှုတွေအပေါ် ဆရာတို့ သုံးသပ်ဆုံးဖြတ်ခဲ့ပါသလဲ။ ဘယ်အတိုင်းအတာထိ ဝင်ရောက် အရွေးခံသွားနိုင်မလဲ။

ဖြေ။    ။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲမဝင်တာ အကြောင်းနှစ်ချက်ရှိတယ်။ ပထမအချက်က ဆရာတို့လို ရှမ်းခေါင်းဆောင်တွေ ထောင်ထဲမှာရှိနေတယ်။ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ အဲဒီ့နှစ်ချက်ကြောင့် ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ နောက်ပိုင်းတော့ ခေါင်းဆောင်တွေ ပြန်လွတ်လာတယ်။ ပါတီလည်း ပြန်မှတ်ပုံတင်ဖြစ်တယ်။ ခု ၂၀၁၄ မတိုင်ခင်ကတည်းက မြို့နယ်ပေါင်းစုံ ပါဝင်တဲ့ ပါတီညီလာခံ လုပ်ပါတယ်။ အဲဒီညီလာခံမှာ အသေးစိတ်ဆွေးနွေးတော့ ကိုယ်စားလှယ်အများစုရဲ့ သဘောထားက ရွေးကောက်ပွဲဝင်ဖို့ သဘောတူတယ်။ ဟိုတုန်းက မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ပယ်လိုက်ပြီပေါ့။
    ၂၀၁၅ ရွေးကောက်ပွဲကျင်းပတဲ့အချိန် နိုင်ငံရေးအခြေအနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေချိန်ထိုးလိုက်လို့ရှိရင် ၂၀၁၅ မှာ တစ်ပြည်လုံး ရွေးကောက်ပွဲဝင်မယ်၊ ဘာမယ် လျှောက်ပြောရင် မှားမယ်လို့ ထင်တယ်။ အဲဒီ့အချိန်ကျမှ ကျွန်တော်တို့နယ်မြေတွေမှာရှိတဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှု၊ တောင်းဆိုမှု၊ လိုအပ်မှုတွေ ကြည့်ရမယ်။ ဒါပေမဲ့ ၂၀၁၅ မှာ ဘယ်လိုမှမရှောင်လွဲနိုင်တဲ့အချက် တစ်ချက် ရှိတယ်။ အနည်းဆုံး (၃)နေရာဝင်ရမယ့်ကိစ္စပါ။ ပါတီအသက်ရှင်ရေးအရ ကြည့်မယ်ဆိုရင် ဝင်ရမယ်။ ယုံချက်ချက်အရ မဝင်ဘူးဆိုရင် ပါတီမှတ်ပုံတင်ပျက်သွားမယ်။ အဲဒီလို ဖြစ်သွားခဲ့ပြီးပြီ။ နောက်ထပ် မဖြစ်စေချင်တော့ဘူး။ အဲဒီလို ဖြစ်မှာစိုးတဲ့အတွက် ကျားဖြူပါတီလည်း ကျွန်တော်တို့မွေးခဲ့ပြီးပြီ။ ခု အခြေခံဥပဒေပြင်ဖို့ အားလုံးပြောနေကြပြီ။ မပြင်ဘူးလို့ မပြောတဲ့သူက မရှိဘူး။ ရွေးကောက်ပွဲမဝင်ဘဲ နေတဲ့ပါတီဆိုလို့ ကျွန်တော်တို့ တစ်ပါတီပဲ ကျန်တော့တယ်။ ဒါကြောင့် ပါတီညီလာခံမှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ ဆုံးဖြတ်ချက်က ကျသွားတယ်။
    ခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ သိထားချက်အရဆိုရင် ကျွန်တော်တို့ ပြည်နယ်မှာ (၄)နေရာ လွတ်ပါတယ်။ ပြည်သူ့လွှတ်တော် (၁)နေရာ၊ ပြည်နယ်လွှတ်တော် (၃)နေရာပါ။ နယ်မြေမှာရှိတဲ့ အဖွဲ့အစည်းတွေကို သဘောထား မေးထားပါတယ်။ အဲဒီမှာ ဝင်ချင်သလား၊ မဝင်ချင်ဘူးလား။ ဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့ သွားဆောင်ရွက်ပေးပါမယ်။ ဝင်မယ်ဆို လူရှိပြီလား၊ ငွေရေးကြေးရေးအစ ကျွန်တော်တို့ မေးထားပါတယ်။ ကြားဖြတ်ကို ကျွန်တော်တို့ အဓိက မထားပါဘူး။ ခြေစမ်းပွဲလို့ပဲ သဘောထားပါတယ်။

မေး။    ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ အန်ကယ်လ် ၂၀၁၅ ဆိုတဲ့ ကာလယန္တရားကြီး ဆိုက်ရောက်လာမှာပဲ။ အဲဒီ့ ရွေးကောက်ပွဲမှာ Free and Fair ဖြစ်မယ်လို့ ဆရာထင်မိရဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတို့ SNLD ဆိုတာ တကယ့်ရှမ်းတိုင်းရင်းသားပါတီကြီးမို့  ဘယ်အတိုင်းအတာထိ ဝင်နိုင်မယ်လို့ တွက်ချက်မိပါသလဲ။ ၂၀၁၅ မှာဆို ပါတီကြီးတွေက တစ်နိုင်ငံလုံးပြိုင်မယ်ဆိုရင် ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေကို ဦးစားပေးသင့်တယ်၊ ညှိနှိုင်းသင့်တယ် စသဖြင့်ဆိုကြတယ်။ ဆရာ့ရဲ့ သဘောထားလေး သိပါရစေ။

ဖြေ။    ။    ၂၀၁၂ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ခဲ့တယ်။ ၂၀၁၄ မှာလည်း Free and Fair ဖြစ်နိုင်တယ်။ ၂၀၁၅ လို အထွေထွေရွေးကောက်ပွဲကြီးမှာတော့ Free and Fair ဖြစ်မယ်လို့ မထင်ဘူး။ သို့သော် ကျွန်တော်တို့ ဝင်ဖြစ်ရင် ရှမ်းပြည်နယ်ကိုပဲ အဓိကထားရမှာပါ။ ပြည်နယ်တွေမှာ ပါတီကြီးတွေအနေနဲ့ ဝင်မပြိုင်ဖို့ တောင်းဆိုတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒါကို သဘောမတူပါဘူး။ သူ့မှာ ဆန္ဒရှိရင် ဝင်ပြိုင်ပါ။ ကျွန်တော်တို့က ပြိုင်ဘက်အနေနဲ့ သဘောထားပါတယ်။ ကိုယ့်စည်းရုံးရေးနယ်မြေမှာ ကိုယ်ပိုင်ရင် ဝင်ပြိုင်ရမှာပေါ့။
    လောလောဆယ်တော့ ရွေးကောက်ပွဲဝင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကျွန်တော်တို့အဓိကထား လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲမဝင်ခဲ့တဲ့အတွက် လွှတ်တော်တွင်း ပြင်ဆင်ရေးကို ကျွန်တော်တို့ မသွားဘူး။ လွှတ်တော်ပြင်ပပြင်ဆင်ရေးကို ကျွန်တော်တို့သွားတယ်။ ကျွန်တော်တို့မြင်တာက ရွေးကောက်ပွဲတစ်ခုတည်းနဲ့ ဒီတိုင်းပြည်ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။ တကယ့်ပြဿနာအရင်းခံဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာလျှင် မြန်မာနိုင်ငံရဲ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာပါ။ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း ခုလိုလွှတ်တော်ထဲမှာ ကော်မတီလေးဖွဲ့ပြီး စဉ်းစားအကြံပြုရုံနဲ့ ပြီးသွားမယ်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ အားလုံးပါဝင်တဲ့ all inclusive ပေါ့ဗျာ။ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးကနေ နိုင်ငံရေးသဘောတူညီချက်ရဖို့ မျှော်လင့်တယ်။ တချို့က ဒါကို စိတ်ကူးယဉ်မဲ့အိပ်မက်လို့ ပြောချင် ပြောမယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက အားလုံးအဖို့ ချွေးထွက်ရော၊ သွေးထွက်ရော အနည်းဆုံးဖြစ်စေမယ်လို့ ယုံကြည်တယ်။ စစ်ပွဲထက်စာရင် ဆွေးနွေးပွဲက အကောင်းဆုံးပဲလေ။ ကျွန်တော်တို့ကတော့ အဲဒီ့နိုင်ငံရေးသဘောတူညီချက်ရရင် အဲဒီ့နိုင်ငံရေးသဘောတူညီချက်ဟာ အခြေခံဥပဒေပဲ ဖြစ်ပါတယ်။

မေး။    ဆရာပြောတဲ့ နိုင်ငံသဘောတူညီချက်ဆိုတာ ပင်လုံလို ပြည်ထောင်စုညီလာခံရဲ့သဘောတူညီချက်ကို ပြောတာလား။ ဘယ်လိုအဆင့်အတန်းမျိုးလဲ။

ဖြေ။    ။ ဟုတ်ပါတယ်။ အဲဒီ့ ပြည်ထောင်စုညီလာခံမျိုးက အားလုံးသဘောတူညီချက်ကို ဆိုလိုတာပါ။ ပင်လုံစာချုပ်ကို အစားထိုးဖို့ မဟုတ်ပါဘူး။ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ စာချုပ်ဖြစ်ပါတယ်။ ခုလည်း အားလုံးလိုလိုက အဲဒီ့လိုင်းကို သွားနေကြပါတယ်။ လွှတ်တော်က သွားဖို့တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က လွှတ်တော်ကို မပစ်ပယ်ပါဘူး။ လွှတ်တော်ပြင်ပဆွေးနွေးပွဲတွေမှာ လွှတ်တော်အမတ်လည်း ပါမယ်။ လွှတ်တော်အမတ်ရဲ့ မိခင်ပါတီလည်း ပါမယ်ဆိုရင် အားလုံးသဘောတူညီချက် ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင် ခုနက အခက်အခဲတွေအားလုံးကို မြန်မြန်ကျော်လွှားနိုင်မယ် ထင်ပါတယ်။ ဆရာကျော်ဝင်းကတော့ နိုင်ငံရေး မဟာဗျူဟာ ပဋိဥာဏ်လို့ စကားလုံးကြီးတွေနဲ့ပေါ့ဗျာ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင် နိုင်ငံရေးသဘောတူညီချက်ပဲပေါ့ဗျာ။ ဒီနိုင်ငံရေးသဘောတူညီချက်က အခြေခံဥပဒေဖြစ်တယ်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး ဖိတ်ကြားထားတယ်။ တစ်နည်းအားဖြင့် အဲဒါလည်း ဆရာပြောတဲ့ နိုင်ငံရေးသဘောတူညီချက်တွေအတွက်လို့ ဆိုရမှာပဲ။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူတွေရဲ့အသံ ဘဝဂ်ညံနေချိန်မှာ အစိုးရနဲ့စစ်တပ်ရဲ့ အနေအထားက အားရစရာ မရှိသလိုဘဲ။ အဲဒီ့အပေါ်ကော ဆရာ ဘယ်လိုမြင်မိပါသလဲ။

ဖြေ။    ။ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ခုနက လေးပွင့်ဆိုင်ဆွေးနွေးမှုက လိုပါတယ်။ ဒီလေးပွင့်ဆိုင်ဆွေးနွေးရေးကို ကျွန်တော်တို့လဲ ထောက်ခံပါတယ်။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းတော့ လိုတာပေါ့နော်။ တကယ်လို့ ပေါ်ပေါ်ထင်ထင်ဆွေးနွေးပွဲမဟုတ်လည်း၊ ဘာမှမထုတ်ပြန်လည်း ဆွေးနွေးပွဲလုပ်မယ် ဆိုရပါတယ်။ ဆွေးနွေးတာတော့ အကောင်းဆုံးပေါ့။ နည်းနည်းလေးစောင့်ကြည့်စရာတော့ ရှိပါတယ်။ ခုလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရာမှာ အစိုးရက (၃)ဦး၊ လွှတ်တော်က (၃)ဦး၊ တပ်မတော်က (၃)ဦး ပါလာတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ ဆက်လာမယ်။ အဲဒီ့နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း ၂၀၁၅ မှာ ဒီအစိုးရမဟုတ်ဘဲ အခြားအစိုးရဖြစ်လာရင် ဆက်လက် အကောင်အထည်ဖော်နိုင်အောင် လွှတ်တော်မှာ ဥပဒေအဖြစ် တည်ရှိနေသည်အထိ ဆောင်ရွက်ထားမယ်။ ဒါဆိုရင် အစိုးရတွေ ဘယ်လိုပြောင်းပြောင်း၊ လူတွေ ဘယ်လိုပြောင်းပြောင်း ငြိမ်းချမ်းရေးနိုင်ငံရေးလုပ်ငန်းစဉ်ဟာ ဆက်ဖြစ်သွားမယ်။ ခုဆို ဆွေးနွေးပွဲမှာ တပ်မတော်က ပါလာပြီ၊ လွှတ်တော်ကလည်း ပါလာပြီးဆိုတော့ ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ စောင့်ကြည့်ရမယ်။

မေး။    ။ အပစ်အခတ်ရပ်စဲရေးပတ်သတ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCCT) အနေနဲ့ လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်ပြီ။ ခု မူဘောင်တွေဆွဲတဲ့အခါမှာလည်း သူတို့ဆွဲပြီးပြီလို့ သိရပါတယ်။ သို့သော် MPC အပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ကြားနေရပါတယ်။ အဲဒီ့အပေါ် ဆရာ ဘယ်လိုနားလည်သုံးသပ်မိပါသလဲ။

ဖြေ။    ။ နားလည်မှုလွဲမှာစိုးလို့ ရှင်းပြရင် NCCT အနေနဲ့ အဆင်သင့်ဖြစ်ပြီဆိုတာက သူတို့အချင်းချင်းညှိလို့ရပြီလို့ ပြောတာပါ။ အဖွဲ့ဝင်အားလုံး သဘောတူညီချက်ရအောင် ညှိဖို့ဆိုတာ မလွယ်ပါဘူး။ ခု (၂၀၁၄ ဧပြီ ) ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ ဆွေးနွေးပြီး မူကြမ်းတစ်ခု ဆွဲခဲ့ပြီးပြီ။ ခု ဒါကို ကိုင်ပြီး အစိုးရနဲ့ ဆက်ဆွေးနွေးမယ်။ အစိုးရဘက်က မူကြမ်းဘယ်လိုရှိလည်း မသိဘူး။ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ သဘောတူညီမှုရဖို့ဆိုတာ ကိုယ့်အဖွဲ့အစည်းတစ်ခု အကျိုးအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားအတွက် ရည်ရွယ်မှ ဖြစ်တာပါ။
    MPC  စလုပ်တုန်းက ကျွန်တော်တို့နဲ့ ဦးအောင်မင်းတို့ တွေ့ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ ကိုယ်သူတို့ Neutral Institution ပေါ့။ ဘယ်ဘက်မှမပါတဲ့ ကြားနေပေါ့။ ဒါပေမဲ့ လုပ်ရင်း လုပ်ရင်း နဲ့ပါတီအားလုံး၊ လူတွေအားလုံးက သူတို့ဟာ အစိုးရရဲ့ Mechanism တစ်ခုလို့ မြင်ကုန်ကြတယ်။ သူတို့အတွက် နစ်နာတယ်။ သူတို့နစ်နာသလို သူတို့ရဲ့ရည်မှန်းချက်ကြီးကလည်း မအောင်မြင်နိုင်တော့ဘူးလေ။ ယုံကြည်မှု trust မရတော့ အကျိုးမရှိဘူး ဖြစ်နေတယ်။ သူတို့ကိုယ်တိုင်လည်း ဒီအပေါ်မှာ နစ်မျောနေသလား မသိဘူး။ ကျွန်တော်ကတော့ နစ်မျောတယ်လို့ ထင်တယ်။ အဲဒါကို ပြုပြင်သင့်တယ်။ ခုမှ ပြင်မယ်ဆိုလည်း နောက်တော့ ကျနေပြီ။ သူတို့က သမ္မတကိုပဲ အကြံပြုနိုင်တော့တယ်။ အခြားဘယ်သူကိုမှ မပြုနိုင်တော့ဘူး။ နောက်တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတာက သြဇာတိက္ကမကြီးတဲ့၊ ကြားနေတဲ့၊ နှစ်ဖက်စလုံး လေးစားတဲ့ ပုဂ္ဂိုလ်လိုအပ်နေတယ်ဗျ။ အဲဒီ့ပုဂ္ဂိုလ်က မရှိတော့ အဖွဲ့အစည်းတစ်ဖွဲ့လိုတယ်။ အဲဒီ့အဖွဲ့အစည်းကလည်း မတွေ့သေးဘူး။

ဆက်လက်ဖော်ပြပါမည်....။

မိုးထွန်း

+++++++

ဒီလှိုင်း စာစောင်
အတွဲ (၃) အမှတ် (၁၅) တနင်္လာနေ့၊ ၂၁ - ၄ - ၂၀၁၄

SNLD စိုင်းညွန့်လွင် ပြောတဲ့ နိုင်ငံရေးသဘောတူညီချက်

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌပဲ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းရမယ့်အစား မပါအောင်လုပ်ထားလားလို့တောင် ကျွန်တော်တွေးမိတယ်။

ဖြေ။    ။ အဲဒါပေါ့ ခုနက ကျွန်တော်ပြောတဲ့ဘက်တွေဆိုတာ။ ဘက်ကို တွက်နေတာကိုး။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ့တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကော်မတီမှာ ဥက္ကဋ္ဌလုပ်တယ်ဆိုတာ အဲဒီ့ အတွက် ကြိုးစားနေတာလို့ ကျွန်တော်ထင်တယ်။ အဲဒီ့မှာ ဖြစ်တဲ့ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရဘက်က၊ MPC ဘက်က ကြားလူလို့ ဘယ်လိုမှမမြင်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင်လို့ပဲ မြင်နေတာ ပြဿနာပဲ။ ခုလည်း လုပ်ရင် ဟိုဘက်က အရောင်အသွေးဖြစ်သွားတယ်။ ကိုယ့် အရောင်အသွေးကို ပြောင်းဖို့ဆိုတာ ခက်သားပဲ။

မေး။    ။ ဒါနဲ့ ဆရာတို့ SNLD နဲ့ SNDP ကျားဖြူရဲ့ပေါင်းစည်းရေးရော ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ သူတို့က နေပြည်တော် Unison ဆိုင်မှာ ဆွေးနွေးဖို့ချိန်းတယ်။ ရှမ်းပြည်က ကျန်တဲ့အဖွဲ့တွေ ရှမ်းပြည်မှာ ဆွေးနွေးစရာနေရာတွေ ဒီလောက်များတာ ဘာကြောင့် အဲဒီ့မှာလုပ်ရလဲလို့ complain တက်ကြတယ်။ ဒါကြောင့် သူတို့ဆီ အကြောင်းကြားလိုက်တယ်။ ဒီလိုချိန်းရင်း ချိန်းရင်းနဲ့ မေ ပထမပတ်မှ တွေ့ဖို့ရှိတယ်။ ဆွေးနွေးရင်တော့ ဘာတွေဖြစ်မလဲ မပြောတတ်ဘူး။

မေး။    ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆရာတို့လည်း အာရုံစိုက်လုပ်နေတယ်ပြောပါတယ်။ ဆရာတို့အနေနဲ့ရော ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။    ။ Low pofile အနေနဲ့ ကျွန်တော်တို့ စလုပ်နေပါတယ်။ အကြိုနိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ အတတ်နိုင်ဆုံး ကိုယ်နဲ့တူတဲ့သူတွေအထဲ ညှိစေချင်တယ်လေ။ မတူတဲ့သူတွေကို ရန်ဘက်လုပ်တာတော့ မဟုတ်ဘူး။ မတူတဲ့သူတွေနဲ့ညှိရင် မလိုအပ်ဘဲကြာနေမှာစိုးလို့ တူတဲ့သူတွေ အရင်ညှိ တာပါ။ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုတာ ကျွန်တော်ကြည့်ပဲ လုပ်လို့မရပါဘူး။ အစိုးရကိုယ်တိုင် ပါဝင် ကမကထလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ အားလုံးပါဝင်လာမှာပါ။
    ခုက တော်လှန်ရေးကာလ မဟုတ်ဘူးလေ။ တည်ဆောက်ရေးကာလ ပါ။ state building ကာလပါ။ တူတဲ့သူရော၊ မတူတဲ့သူရော ဆွေးနွေးရမယ်။ ငြင်းခုံတာတွေ ရှိပေမယ့် ငြင်းခုံတာ အန္တရာယ်မရှိပါ ဘူး။

မေး။    ။ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေးရဲ့ ခရီးရောက်မှုကို ဆရာတို့ ဘယ်လောက်မျှော်မှန်းမိသလဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအပါအဝင်ပေါ့။

ဖြေ။    ။ အခက်အခဲ အများကြီး ရှိပါတယ်။ အထူးသဖြင့် ၅၉(စ) ကို ပြင်ဖို့ ခက်ပါတယ်။ ကျွန်တော့်အမြင် ပြောရရင် ခုလိုကွက်တိကွက်ကျားလုပ်နေမယ့်အစား နိုင်ငံရေးသဘောတူညီချက်က ပိုမြန်မယ်လို့ ထင်တယ်။ စိတ်ကူးယဉ်ဆန်ပေမယ့် ဒီလိုင်းက ပိုမြန်မယ်လို့ ကျွန်တော်ထင်တယ်။ လွှတ်တော်ထဲ မှာ လုပ်ထားပုံက ပြင်ဆင်ရေးအတွက် ခရီးတွင်ဖို့ တော်တော်ကြီးခက်တယ်။ သမ္မတဖြစ်ဖို့ဆိုရင် ဒီလေးယောက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် တော်တော်အခြေအနေနည်းတယ်။ လူထုက ဆန္ဒရှိရဲ့သားနဲ့၊ ထောက်ခံရဲ့သားနဲ့ ဖွဲ့စည်းပုံက တားဆီးထားသလိုဖြစ်နေပါတယ်။ ၅၉(စ)က လူထုအနေနဲ့ ကြိုက်နှစ်သက်တဲ့ခေါင်းဆောင်ကို တင်မရအောင် လုပ်ထားတာပါ။

မေး။    ။ ဖယ်ဒရယ်ပြည်ထောင်စုကိုသွားဖို့ တိုင်းပြည်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့ကြပါတယ်။ ခုလည်း မျှော်မှန်းပြောဆိုနေကြပါတယ်။ အဲဒီ့ဖယ်ဒရယ်ပြည်ထောင်စုကိုသွားဖို့ အဓိက အခက်အခဲစိန်ခေါ်မှုတွေကိုလည်း သုံးသပ်ပြောပါဦး။

ဖြေ။    ။ အခက်အခဲတော့ အများကြီးရှိပါတယ်။ အခက်အခဲကိုကြောက်လို့ မလုပ်ဘဲတော့ မရပါဘူး။ ဖယ်ဒရယ်ပြည်ထောင်စုကို သွားဖို့ဆိုတာ နိုင်ငံရေးသဘောတူညီချက်အပေါ် တည်တာဗျ။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာ တိုင်းရင်းသားတွေအားလုံးက ပြောလာတယ်။ NLD ကလည်း ပြောတယ်။ ခုလို အင်အားကြီးတဲ့သူတွေပြောလာတော့ ကျွန်တော်တို့တောင် ပြောစရာမလိုတော့ဘူး။ အရင်တုန်းကတော့ အဲဒါ ပြောရင် အဖမ်းခံရတယ်။ ဖယ်ဒရယ်သွားဖို့ဆိုတာလည်း ခုနကပြောတဲ့ နိုင်ငံရေးသဘောတူညီချက်ဆီ ပြန် ရောက်လာတယ်။ အားလုံးက အဲဒီ့မှာ သွားပြီးဆုံမှတ်ဖြစ်နေတယ်။ ဒီတော့ ဆွေးနွေးရမှာပေါ့ဗျာ။ ဆွေးနွေးမှုတွေ မအောင်မြင်လို့ လက်နက်တော်လှန်မှုတွေ ပေါ်လာရတာပါ။
    ခုလက်နက်ကိုင်တော်လှန်မှုတွေကို ကြည့်လိုက်။ ဘာကြောင့် လူမျိုးစုတွေချည်းပဲဖြစ်နေလဲ။ ABSDF ကလွဲရင်ပေါ့လေ။ အဲဒါကိုက ကျွန်တော်တို့ စဉ်းစားသင့်တယ်။ မြန်မာပြည်မြေပုံကြီးကို ကြည့်လိုက်ရှိရင် မြင်းခွာပုံစံမျိုး ပြည်နယ်တွေက ကာကွယ်ထားတာဗျ။ ပြည်နယ်မှာရှိတဲ့လက်နက်တွေက ပြည်ပအိမ်းနီးချင်းနိုင်ငံတွေကို ချိန်ထားရမှာ။ ခုတော့ လက်တွေ့မှာ အဲဒီ့လက်နက်တွေက အတွင်းကို ပြန်ချိန်နေရတယ်။ ဒါကို ဒီအတိုင်းပဲ ထားရတာ သိပ်ကြာလာပြီ။ မကောင်းဘူးဗျာ။ ဖြေရှင်းသင့်ပြီ။

မေး။    ။ ပြည်တွင်းကို ပြန်ချိန်နေရတဲ့ အခြေခံအကြောင်းရင်းကိုရှင်းမှ အဖြေရနိုင်မှာမို့ အဲဒီ့အခြေခံအကြောင်းရင်းလေးကိုလဲ ပြောပြပေးပါလား။

ဖြေ။    ။ ခုလို မဖြစ်ဖို့ဆိုတာ ဖယ်ဒရယ်စစ်စစ်ဖြစ်ဖို့ လိုတယ်။ ဖယ်ဒရယ်ဖြစ်ဖို့ဆိုတာ တန်းတူညီမျှရှိဖို့လိုတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ တန်းတူညီမျှဖြစ်ဖို့လိုတယ်။ ကြည့်လေဗျ။ စစ်ပွဲတွေအကြောင်းပြပြီး ပြည်နယ်တွေမှာ စက်ရုံ၊ အလုပ်ရုံ မဆောက်လို့ ပြည်နယ်တွေမှာ စက်ရုံ၊ အလုပ်ရုံသမားမရှိသလောက်ဘဲ။ ကျွန်တော်တို့ ရှမ်းပြည်နယ်လောက်ကြီးတဲ့ပြည်နယ်မှာတောင် အင်္ဂလိပ်ခေတ်က လုပ်သွားတဲ့  နမ္မတူဘော်တွင်းလောက်ပဲ ရှိတာ။ ရှိသမျှနိုင်ငံပိုင်လုပ်ငန်းက ပြည်မမှာပဲရှိတော့ ပြည်နယ်တွေမဖွံ့ဖြိုးကြဘူးပေါ့။ လက်နက်ကိုင်ပဋိပက္ခပဲ ရှိပြီး တရားဥပဒေစိုးမိုးမှုလည်းမရှိတော့ ဥပဒေမလွတ်ကင်းတာတွေပဲ လုပ်ကိုင်စားသောက်ရတယ်ပေါ့။ ဒါတွေကို ကျွန်တော်ရှင်းပြရမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုရာမှာ ဒါအရေးကြီးတာပဲ။ ခုနက ကျွန်တော်ပြောတဲ့ပြဿနာက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကျွန်တော်တို့မထူထောင်နိုင်ခဲ့ဘူး။ လွှတ်တော်ထဲ တစ်ခုထဲမှာပဲ လုပ်နေတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လစ်လျူရှုသလို ဖြစ်နေ တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ဒီနိုင်ငံရဲ့လက်ငင်းနိုင်ငံရေးလိုအပ်ချက်မှာ တစ်ခုပါတယ်။ မလုပ်လို့ မရဘူး။

မေး။    ။ ကျွန်တော် စိုးရိမ်တာက ၆၂ စစ်တပ်က အာဏာသိမ်းတော့ တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုပြီး တိုင်းရင်းသားအရေးကို အကြောင်းပြဆင်ခြင်ပေးခဲ့တယ်။ တိုင်းရင်းသားအရေးတို့ကို စစ်တပ်က အကြောင်းပြဆင်ခြေပေး ကြီးစိုးတယ်။ အဲဒီတော့ ခုတိုင်းရင်းသားအရေးကို စစ်တပ်က ဘယ်လောက်ပြေလည်အောင် ဆောင်ရွက်သွားမလဲလို့ ဆရာ မျှော်လင့်မိပါသလဲ။

ဖြေ။    ။ ဒါကတော့ သူတို့ဘယ်လောက်မျိုးချစ်စိတ်ရှိသလဲ၊ တိုင်းပြည်ချစ်စိတ်ရှိသလဲဆိုတာအပေါ် မူတည် ပါတယ်။ ၆၂ အာဏာသိမ်းတော့ တိုင်းပြည်ချောက်ထဲကျဖို့ လက်တစ်လုံးအလိုလို့ ပြောတယ်။ တကယ်တော့ တိုင်းပြည်ကောင်းဖို့ လက်တစ်လုံးအလိုလေးမှာ ဖျက်ဆီးလိုက်တာပါ။ အဲဒီ့ ၆၂ ကစလို့ ကျွန်တော်တို့တိုင်းပြည် ဘာဖြစ်သွားလည်း စဉ်းစားဉာဏ်ရှိတိုင်း သိကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စီးပွားရေးကြည့်မလား၊ ပညာရေးကြည့်မလား၊ ကျန်းမာရေး ကြည့်မလား အဘက်ဘက်ကကျဆင်းနေပါတယ်။ တိုင်းပြည်ရဲ့အဆင့် အတန်းကြည့်ရင် အားလုံးသိကြပါတယ်။ ဒါကြောင့် မျိုးချစ်စိတ် တကယ်ရှိတယ်၊ တိုင်းပြည်အကျိုးတကယ်လိုလားတယ်ဆိုရင် ဒီအတိုင်းဆက်လျှောက်လို့မရဘူးဆိုတာ သိရပါမယ်။ ခုဆို အာဏာသိမ်းမှာ မကြောက်ပါဘူး။ သိမ်းမှာတာ သိမ်းတော့ လုပ်စရာရှိတာ လုပ်ရမှာပဲ။

မေး။    ။ ဆရာကပြောတဲ့အထဲမှာ နိုင်ငံရေးသဘောတူညီချက်ဆိုတာကို အလေးအနက်ထားပြောခဲ့ပါတယ်။ အဲဒီ့အတွက် အဓိကစိန်ခေါ်မှုတွေက ဘာတွေလည်းခင်ဗျာ။

ဖြေ။    ။ အဓိက အခက်အခဲစိန်ခေါ်မှုတွေကတော့ အစွဲတွေ၊ ဖြတ်သန်းခဲ့ရတဲ့ဝေဒနာတွေ၊ ခံစားခဲ့ရတဲ့ ဒုက္ခတွေပေါ့။ ဒါတွေကို ဒီနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေအတွက် ဦးစားပေး First Priority ထားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆေးကြောနိုင်ရမယ်။ ခုဟာက နိုင်ငံကိုချစ်တယ်၊ တိုင်းပြည်ချစ်တယ်ဆိုပေမယ့် ကိုယ့်အဖွဲ့အစည်းက ပထမဖြစ်ကုန်တယ်။ လက်ငင်းဖြေရှင်းရမယ့်အရေးက နိုင်ငံရေးသဘောတူညီချက်ပဲ။ အဲဒါကို မလုပ်နိုင်ရင်  ခုဆို တဖြည်းဖြည်းအကျဘက်ကို ရောက်လာတယ်။ အရပ်ဘက်အစိုးရ တက်လာချိန်မှာ စီးပွားရေး၊ လူမှုရေးအခက်အခဲက လွတ်ထွက်မယ်လို့ထင်ထားတာ ခု လွတ်မထွက်နိုင်ဘူး။ အရင်တုန်းကတော့ Sanction ရှိလို့ စီးပွားရေးအခက်အခဲဖြစ်တယ် ပြောတယ်။ တစ်ခုမှ မရှိတော့ကော ဘာလုပ်နိုင်သလဲ။ ဘာမှ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ကိုယ်ဘာသာကိုယ်မတ်တပ်မရပ်နိုင်ဘူးဆိုတာ ပေါ်နေတယ်။

မေး။    ။ နိုင်ငံရေးသဘောတူညီချက်ရဖို့ အစွဲတွေ၊ ဝေဒနာတွေ၊ ဒုက္ခတွေ လျှော့နည်းပြေပျောက်ရမယ်လို့ ဆရာပြောလိုက်တယ်။ ခု အကျဘက်ဆီ ရောက်နေတယ်ဆိုတော့ အဲဒီ့ အစွဲ၊ ဝေဒနာ၊ ဒုက္ခတွေ ပိုလာမှာပေါ့။ အဲဒီ့တော့ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။ တစ်စုံတစ်ရာပေါက်ကွဲမှုဆီ ဦးတည်သွားနိုင်သလား။

ဖြေ။    ။ အဲဒါတော့ ခက်တယ်။ ကျွန်တော်လည်း မပြောပြတတ်ဘူး။ တိုင်းပြည်ရဲ့ကံကြမ္မာပေါ်လည်း တည်တယ်။ ကျွန်တော်တို့ရဲ့ Obseve လုပ်နိုင်တဲ့အနေအထားက နိမ့်တယ်။ တိုင်းပြည်အစိုးရအနေနဲ့ အချက်အလက်တွေပိုပြီး ပြည့်ပြည့်စုံစုံရနိုင်တာဖြစ်တဲ့အတွက် ပိုလုပ်ဖို့ သတိထားဖို့ လိုမယ်။ ဆင်းရဲချမ်းသာက တစ်အားကွာဟလွန်းတယ်။ အဲဒါ အန္တရာယ်ကြီးတယ်။
    ခုနက ကျွန်တော်တို့ပြောတဲ့ နိုင်ငံရေးသဘောတူညီချက်တောင် ဝေးသလိုလိုဖြစ်နေတယ်။ ဒါကတော့ ကျွန်တော့်ဆန္ဒ၊ ကျွန်တော့်လမ်းကြောင်းပါ။ ချွေးထွက်နဲ့ သွေးထွက်အနည်းဆုံးပါ။ သို့သော် နိုင်ငံရေးကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း လုပ်လို့ရတာမဟုတ်ဘူး။
    ကျွန်တော်တို့က (၂)ချက်နဲ့ စောင့်ကြည့်ခဲ့ပါတယ်။ တစ်ချက် လွှတ်တော်မှာလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး။ နောက်တစ်ချက်ကတော့ ကချင်လိုင်ဇာတို့၊ ဘားအံတို့မှာလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးပေါ့ဗျာ။ နှစ်ခုစလုံးက မပြတ်ဘူး။

မေး။    ။ ၂၀၁၅ မှာ ဒီမိုကရေစီ မလိုလားတဲ့အင်အားစုတွေက ဘယ်လိုအန္တရာယ်မျိုးတွေ၊ ဘယ်လို ထောင် ချောက်တွေနဲ့ ထွက်ပြူလာနိုင်ပါသလဲ။

ဖြေ။    ။ ပြင်ဆင်ထားတဲ့ ထောင်ချောက်တွေက အများကြီးရှိတယ်။ ၈၈ ကတည်းက တကယ့် ဒူပေနာပေနဲ့ ဆောင်ရွက်လာသူတွေ၊ ဇွဲနဲ့ဆောင်ရွက်လာသူဘက်က တဖြည်းဖြည်းနဲ့ အားနည်းနေပြီ။ ပြန်စိစစ်လိုက်ရင် နည်းနေပြီ။ အရိပ်တွေ၊ ရွှေရည်စိမ်တွေ၊ အတုတွေ ရှိနေပြီ။ သူတို့က ရွေးကောက်ပွဲဝင်မှာပဲလေ။ မဝင်နဲ့လို့ မှပြောမရတာ။ သူတို့အခေါ် ဘက်ပေါင်းစုံထိုးစစ်ကြီးကို ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ ရင်ဆိုင်ရတော့မယ်။ ကျွန်တော်တို့ရဲ့ ရန်ဘက်လို့ မသုံးချင်ပါဘူး။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေက ဘက်ပေါင်းစုံက ထိုးနှက်တာကို ရင်ဆိုင်ရပါမယ်။ ရွှေရည်စိမ်ထားတဲ့ မီဒီယာတွေ၊ ပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့သူတွေက အောင်မှာပါ။


မိုးထွန်း

Tuesday 3 June 2014

ပဲ့တင်သံ ဂျာနယ် အမှတ်(၃၉) ၂၇ မတ် ၂၀၁၄ အင်တာဗျူး

ပဲ့တင်သံ ဂျာနယ်
အမှတ်(၃၉) ၂၇ မတ် ၂၀၁၄

နိုင်ငံရေးပါတီအနေနဲ့ မရပ်တည်ဘဲ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်မယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ အဲဒီလိုရပ်တည်တဲ့အတွက် လူထုကို ဘယ်လိုအကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါသလဲ။
( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းညွန့်လွင် နှင့် တွေ့ဆုံခြင်း )


မတ် ၂၅
SNLD နှင့် SNDP တို့ ပူးပေါင်းမည်ဆိုသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကိုပါ မကြာမီဆုံးဖြတ်တော့မည်ဟု သတင်းများပေါ်ထွက်နေသဖြင့် SNLD မှ စိုင်းညွန့်လွင် နှင့် ပဲ့တင်သံက မေးမြန်းခဲ့သည်များအနက် အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြပါသည်။

မေး။    ။ ၂၀၁၅ ရွေးကောက်ပွဲဟာ အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်ထိ အရေးကြီးပါသလဲ။ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်း ကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို သုံးသပ်ပေးပါ။

ဖြေ။    ။ ၂၀၁၅ ကို ကျွန်တော်တို့ကတော့ ပုံမှန်ပဲ မြင်တယ်။ ၂၀၁၀ မှာ ပွဲလုပ်တဲ့အတွက် ၂၀၁၅ မှာ ပုံမှန်လုပ်ရတဲ့ပွဲလို့ပဲ မြင်တယ်။ အရေးကြီးတယ်လို့တော့ ယတိပြတ်ပြောလို့ မရဘူးပေါ့။ သို့ပေမဲ့ ဘာနဲ့ လာငြိနေသလဲဆိုတော့ အခြေခံဥပဒေ လူထုကို ကျိုးမပြုနိုင်ဘူးဆိုတာ သိလာပြီဆိုတဲ့အခါကျတော့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တစ်ခုက ပြည်တွင်းငြိမ်းချမ်းရေးရအောင် လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ ငြိမ်းချမ်းရေးစကားပြော အပစ်ခတ်ရပ်စဲမယ်ပေါ့နော်။ ဆိုတော့ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လာပြီးအံဝင်ခွင်ကျဖြစ်နေပြီ။ ရွေးကောက်ပွဲက သာမန်တော့မဟုတ်ဘူးပေါ့။ အရေးပါသင့်သလောက် ပါပါတယ်။

မေး။    ။ အပစ်အခတ်ရပ်စဲရေးဆိုတာနဲ့ဆက်စပ်ပြီး မိုးအကုန်ကျရင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတော့မယ်လို့ ဆိုတယ်။ နိုင်ငံရေးဆွေးနွေးပွဲကအဖြေတွေကို အစိုးရအနေနဲ့ အာမခံချက်ရှိအောင် ဘာတွေလုပ်ပေးဖို့ လိုမလဲ။

ဖြေ။    ။ ပြောဖို့ စောသေးတယ်။ အဆင့်တွေ အများကြီးကျန်သေးတယ်။ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးနိုင်တဲ့အဆင့် သွားရမယ်။ ပြီးမှ Political Dialogue Framework ပေါ့။ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုပုံစံနဲ့သွားမလဲ ပြောကြည့်ရမယ်။ ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲ စမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဘယ်လိုအာမခံချက်တွေရှိမလဲဆိုတာ ပြောရမှာပေါ့။ များသောအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ နိုင်ငံရေးသဘောတူညီချက်ဆိုတာရဖို့က ခက်တယ်။ ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး။ စိတ်ရှည်လက်ရှည် လုပ်ကြမယ်။ နောက်နှစ်ဖက်ကလည်း တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ဦးစားပေးမယ်။ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးနဲ့ပေါ့။ တိုင်းရင်းသားပြည်သူတွေကို ဦးစားပေးမယ်ဟေ့ဆိုရင်တော့ အစည်းအဝေးက ပြီးသွားနိုင်ပါတယ်။ အစည်းအဝေးက ရတဲ့သဘောတူညီချက်တွေက အခြေခံဥပဒေ ဖြစ်လာမှာပဲလေ။

မေး။    ။ ရှမ်းအပြင် အခြားတိုင်းရင်းသားတွေကိုရော SNLD အနေနဲ့ ဘယ်လို ကိုယ်စားပြုပေးနိုင်မလဲ။

ဖြေ။    ။ ကျွန်တော်တို့က အခုပြောင်းလိုက်ပြီး မျိုးဆက်သစ်တွေနဲ့ NGO တွေနဲ့ ဆွေးနွေးကြတယ်။ ကိုယ့်လူမျိုးပေါ် အခြေခံတဲ့ Nationality Based ကနေမှ အခု State Based ပြောင်းလိုက်ပြီ။ ရှမ်းလူမျိုးတစ်ခုတည်းအတွက် မလုပ်တော့ဘူး။ ရှမ်းပြည်နယ်သားတွေ အတွက်ပေါ့။ ရှမ်းပြည်သားဆိုတာ ရှမ်းပြည်နယ်မှာရှိတဲ့ ဘယ်လူမျိုးဖြစ်ဖြစ်ပေါ့။

မေး။    ။ ရှမ်းပြည်နယ်သားတွေအတွက်ဆိုပြီး ပြည်နယ်အခြေခံထားတယ်။ သို့ပေမဲ့ ရှမ်းလူမျိုးပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ အခြားပြည်နယ်နဲ့တိုင်းက ရှမ်းတွေအတွက်ကိုကော ဘယ်လိုပြင်ဆင်ထားလဲ၊ သူတို့အတွက်ကော ဘာတွေ ဆောင်ရွက်ပေးမှာလဲ။

ဖြေ။    ။ အရင်တုန်းက၊ အရင်တုန်းကပေါ့နော်။ ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တွေအထိ လက်လှမ်းမီတယ်လေ။ အခုက ကျွန်တော်တို့က ရွေးကောက်ပွဲပြီးတဲ့အခါကျမှ ဖွဲ့တဲ့အခါကျတော့ ကျားဖြူပါတီ SNDP ရဲ့ နောက်ကို လိုက်နေရတာ။ လိုက်နေရတဲ့အတွက်ကြောင့် ဟိုဘက်ကို မရောက်ဘူးဖြစ်နေတယ်။

မေး။    ။ ကျားဖြူပါတီနောက်ကိုပဲ လိုက်နေရတယ်လို့ဆိုလို့လေ။ ပါတီနှစ်ခုပူးပေါင်းဖို့ ဆွေးနွေးနေတာကရော ဘယ်အဆင့်ထိ ရောက်ပြီလဲ။

ဖြေ။    ။ အခု နောက်ဆုံးတွေ့ဖို့အတွက်ကို ပြောကြတာ။ ကျားဖြူပါတီ SNDP က နောက်ဆုံးပေးတဲ့ရက်စွဲက မေလအကုန် ဇွန်ပထမအပတ်တဲ့။

မေး။    ။ ပါတီ ၂ ခုက အခြေခံ Rules & Regulations တွေမတူညီတဲ့အခါ ပူးပေါင်းဖို့ဆိုတာ စဉ်းစားဖို့လိုတယ်။ ခက်လည်း ခက်ခဲတယ်၊ သို့ပေမဲ့ လိုအပ်တယ်လို့ ပြောခဲ့တော့ မတူညီတဲ့ Background  နှစ်ခုမှာ ပူးပေါင်းဖို့ အခြေခံတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။

ဖြေ။    ။ အမှန်ကတော့ ပြောရမယ်ဆိုရင် ရှမ်းပြည်နယ်ကောင်းစားရေးကို အခြေပြုရမှာပဲလေ။ Democracy နဲ့ Federal ဆိုတာမှာပဲ အခြေပြုရမှာပဲလေ။ သို့ပေမဲ့ ဘာလို့ အဲလိုဖြစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျားဖြူပါတီကို ကျွုန်တော်တို့ ထောင်ထဲကနေ ထူထောင်တယ်။ ပိုက်ဆံတွေအများကြီးအကုန်ခံပြီး လုပ်ခဲ့တယ်။ ၅၀ ကျော် ၆၀ လောက်နိုင်တယ်။ နိုင်လည်း နိုင်ရော ခေါင်းဆောင်တွေ ကောင်စီထဲဝင်သွားတော့ မတတ်နိုင်ဘူးလေ။ အဲ့တော့ အရင်ပါတီကို ပြန်ကောက်လုပ်ရတာပေါ့။ ပေါ်လစီက စထူထောင်တုန်းက ဘာမှမကွဲပြားဘူး။ နောက်ကျမှ Rules & Regulations တွေ ပြောင်းလဲသွားသလားပဲ။ သူတို့ဟာ သူတို့ပြောင်းတာတော့ မတတ်နိုင်ဘူးပေါ့နော်။ နောက်တစ်ခုက Party Charter တွေကို ကျွန်တော်တို့ပဲ ရေးခဲ့တာဆိုတော့ ကွဲပြားမှုက သိပ်မရှိဘူး။ သို့ပေမဲ့ ဘာကြောင့် အဲ့လိုကွဲသွားလဲတော့ မသိဘူး။ အရင်တုန်းက သူငယ်ချင်းတွေပဲ၊ မိတ်ဆွေတွေပဲ အခုက ခပ်ကင်းကင်းပုံစံမျိုးဖြစ်သွားပြီ။ ကျွန်တော်တို့က အလိုလိုနေရင်း တော်လှန်ရေးသမားတွေ ဖြစ်နေတယ်။ အမှန်ကတော့ သေချာညှိရမှာ၊ နိုင်ငံရေးရေချိန် မမြင့်တာတွေလည်း ပါတယ်။ မရင့်ကျက်ဘူးပေါ့။

မေး။    ။ အစတည်းက အခြေခံတူညီချက်တွေ ရှိခဲ့တယ်။ အခုလည်း နှစ်ပါတီ ပူးပေါင်းရေးအတွက် ဆွေးနွေးနေကြတယ်။ သို့ပေမဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ Democracy ယဉ်ကျေးမှုအရကော ဘယ်လို မြင်မိလဲ။

ဖြေ။    ။ အမှန်ကတော့ ပရိသတ်တွေက၊ ရှမ်းပြည်နယ်လူထုက တိုက်တွန်းလို့ပါ။ ကျွန်တော်တို့ဆို တစ်ပါတီမကြိုက်လို့ တိုက်လာတာပဲ။ ၂ ပါတီရှိတာ ဘာဖြစ်လဲ။ ဘာမှဖြစ်စရာ မရှိဘူး။ ကျွန်တော် တစ်ယောက်တည်းသဘောပြောတာပါ။ အကောင်းပြိုင်မှာပေါ့၊ ကောင်းအောင် လုပ်လေ Check & Balance ရှိနေရင် သူက မမှားနိုင်ဘူး။

မေး။    ။ ၂ ပါတီအနေနဲ့ လွှတ်တော်မှာသွားပြီး ကိုယ်စားပြုတဲ့အခါ ရှမ်းတိုင်းရင်းသားတွေကို ကိုယ်စားပြုမှုက အားနည်းမသွားနိုင်ဘူးလား။

ဖြေ။    ။ ၂ ပါတီဆို အားနည်းတာပေါ့။ ခုဟာက  ရှမ်းတွေချည်းလည်း မဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးရဲ့ဘဝလို့ပဲ ပြောရမလား။ ပြန်ပေါင်းနိုင်တာ ရခိုင်တွေတစ်ခုပဲ ရှိတယ်လေ။ သို့တိုင်အောင်  သိပ်မငြိမ်ဘူး။ တစ်ခုတည်းတော့ ဖြစ်သွားပြီ။ သို့ပေမဲ့ ဇာတ်လမ်းတွေ အများကြီးကျန်သေးတယ်။

မေး။    ။ ရှမ်းပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ရှိနေသလို တိုင်းရင်းသားမျိုးနွယ်စု အများအပြားလည်း ရှိနေတာမို့ ရှမ်းနိုင်ငံရေးပါတီအနေနဲ့ ရှမ်းတိုင်းရင်းသားအရေးကိုသာမက ကျန်တဲ့တိုင်းရင်းသားတွေအရေးကိုပါ ကြည့်မှပဲ အဆင်ပြေမယ်လို့ ယူဆပါသလား။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ရှမ်းပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေမှာ ပါဝင်ခွင့်ရခဲ့ရင် ရှမ်းပြည်နယ်အရေးကို ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်သွားမယ်လို့ တွေးထားပါသလဲ။

ဖြေ။    ။ အခု လောလောဆယ်မှာ အရိုးသားဆုံးပြောရမယ်ဆိုရင် ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ကိုယ်က ဘာမှ မလုပ်ပေးနိုင်သေးဘူး။ အဲဒါက အမှန်ပဲ။ ကျွန်တော်တို့ မပြောနဲ့လေ အခု လက်ရှိ အစိုးရတောင်မှ ဘယ်လောက်လုပ်ပေးနိုင်သေးသလဲ။ အဲ့မှာ အခြေခံဥပဒေက အများကြီး အရေးပါတယ်။ အခြေခံဥပဒေ ပြင်ကြမယ် နောက်ပြီးတော့  အသစ်ရေးကြမယ်ဆိုပြီး စကားတွေ များနေကြတာ အဲလိုအကြောင်းတွေကြောင့်လဲ ပါတယ်။

မေး။    ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင်ဆင်ချင်လဲ။

ဖြေ။    ။ အရိုးသားဆုံးလည်း ပြောရမယ်။ ရှင်းအောင်လည်း ပြောရမယ်ဆိုရင် ကျွန်တော်တို့က အသစ်ကို ရေးချင်တာ။ ကျွန်တော်တို့ ထောင်ထဲရောက်တဲ့အထိကို တောင့်ခံခဲ့တာပဲ။ ဒီအခြေခံဥပဒေကို မကြိုက်ဘူး။ ပြည်ထောင်စုအတွက်ရော၊ မြန်မာပြည်အတွက်ရော ကောင်းဖို့၊ ဖွံ့ဖြိုးအောင် လုပ်ဖို့ ကျွန်တော်က ယုံကို မယုံဘူး။ တချို့ကလည်း ပြောတယ် ပါတီမှတ်ပုံတင်ပြန်တင်တယ်ဆိုတော့ ခင်ဗျားတို့ မယုံကြည်ဘဲနဲ့
အခြေခံဥပဒေအောက်မှာရှိတဲ့ဥပဒေမှာ ဘာလို့ပြန်ပြီးတော့ မှတ်ပုံတင်သလဲ။ သူတို့က နားမလည်တာ။ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောရမှာပဲ။ သို့ပေမဲ့ အခြေခံဥပဒေကို တစ်နိုင်ငံလုံးက ဥပဒေတစ်ရပ်အနေနဲ့ ကျင့်သုံးနေပြီဟေ့ဆိုရင် ကျွန်တော်တို့ကလည်း ကျင့်သုံးရမှာပဲ။ လိုက်နာတာနဲ့ မကြိုက်တာနဲ့ တခြားစီနော်။ အခြေခံဥပဒေကိုတော့ ကျွန်တော်တို့လိုက်နာရမှာပဲ၊ ရှိနေပြီကိုး။ မကြိုက်ခွင့်တော့ ရှိတယ်လေ၊ မလိုက်နာခွင့်တော့ မရှိဘူး။

မေး။    ။ လွှတ်တော်တွင်းကိုတော့ သိပ်သဘောမတွေ့လှဘူးပေါ့။ လွှတ်တော်ပြင်ပမှာကော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်နိုင်ပါလဲ။

ဖြေ။    ။ ကျွန်တော်တို့ တောက်လျှောက်အယူအဆကတော့ အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံအချို့ကလည်း ပင်လုံကဲ့သို့ ညီလာခံ၊ ဦးအောင်မင်းတို့ပြောတာက All Inclusive  ဖြစ်တဲ့ ညီလာခံပေါ့။ အမည်ပဲ ကွဲနေတာ သဘောတရားက တူတူပဲ၊ အဲ့လိုညီလာခံဖြစ်ဖို့ ပိုရည်သန်တယ်။

မေး။    ။ စိတ်ကူးထဲမှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုပေါ့။ သို့ပေမဲ့ လက်ရှိအချိန်မှာ လက်တွေ့ပိုကျတဲ့နည်းကော မရှိဘူးလား။

ဖြေ။    ။ စိတ်ဓာတ်တွေပြင်ဖို့ လိုမယ်။ ကိုယ်ကျိုးအတွက်ပဲ ၊ ကိုယ့်ပါတီတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ဦးစားပေးတဲ့စိတ်နဲ့ ပြင်ရမယ်။ အဲဒီနည်းက သွေးထွက်အနည်းဆုံးပဲ၊ ချွေးထွက်လည်း နည်းမယ်။ လွှတ်တော်မှာ ပြင်နေတယ်ဆိုရင် ကောင်းပါတယ်။ သို့ပေမဲ့ မပြီးဘူးလေ။

မေး။    ။ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးတာတွေကိုကော လွှတ်တော်က ဘယ်လိုအာမခံချက်ပေးသင့်လဲ။

ဖြေ။    ။ အစိုးရဘက်က လုပ်ကြတာတော့ ကမ္ဘာမှာ ထင်ရှားခဲ့တဲ့သူတွေရှေ့မှာ လက်မှတ်ထိုးမယ်။ အဲ့လိုထိုးပြီးရင် ထိုးတဲ့စာချုပ်ကို လွှတ်တော်တင်မှာ၊ စာချုပ်ကို ဥပဒေတစ်ရပ်ကဲ့သို့ အဆုံးဖြတ်ပေးမှာဆိုရင် စာချုပ်က ဥပဒေတစ်ရပ်ကဲ့သို့ ဖြစ်သွားမယ်။ ဒါကြောင့် ဒီ အစိုးရမရှိတော့ဘူးဆိုရင်လည်း သူက ဥပဒေဖြစ်နေတဲ့အတွက်ကြောင့် နောက်အစိုးရနဲ့ လွှတ်တော်က လိုက်နာရမယ်၊ ဆက်လက်ဆောင်ရွက်ရမယ်။ လွှတ်တော်မှာ ဥပဒေတစ်ရပ်ကဲ့သို့ သတ်မှတ်မှာဆိုရင်တော့ မဆိုးပါဘူး။ ပင်လုံစာချုပ်တောင် မလိုက်နာဘူးလေ။ သို့ပေမဲ့ ပင်လုံစာချုပ်က လွှတ်တော်မရောက်ဘူးလေ။

မေး။    ။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရတဲ့ ကိုယ်စားလှယ်အချို့ရဲ့စုဖွဲ့ထားတဲ့အဖွဲ့မှာလည်း ပူးပေါင်းပါဝင်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ မရပ်တည်ဘဲ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်မယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ အဲဒီလို ရပ်တည်တဲ့အတွက် လူထုကို ဘယ်လိုအကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါသလဲ။ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။

ဖြေ။    ။ ခု ကျွန်တော် လုပ်နေတာ ကျွန်တော့်ပါတီနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်း အကူအညီပေးနေတာပဲလေ။ လိုအပ်တဲ့နေရာမှာ လုပ်ရမှာပဲ၊ ကျရာနေရာပေါ့။ နိုင်ငံရေးသမားဆိုတော့ ပြောလို့မရဘူး။ လက်ပန်းတော့ ကျလာပြီ၊ အသက် ၆၀ ကျော်လာပြီ၊ ထားပါလေ။ ယုံကြည်ချက်ဆိုတာ ဘယ်လိုလျော့သွားလို့ ရမလဲ။ လူထုကို အကျိုးပြုဖို့ဆိုတာ တစ်ယောက်တည်းတော့ လုပ်လို့မရဘူး၊ အစုအဖွဲ့နဲ့လုပ်မှ ရမှာ။ ပါတီနဲ့လုပ်ရင်လုပ်၊ ပါတီနဲ့ ကွဲသွားရင်လဲ ကိုယ်ယုံကြည်တဲ့ အဖွဲ့အစည်းနဲ့ လုပ်ရင်လုပ်။

မေး။    ။ ရှမ်းပြည်နယ်မှာ မဖြစ်မနေလိုအပ်နေတဲ့ မူဝါဒတစ်ခု (သို့မဟုတ်) ပြောင်းလဲဖို့ လိုနေတဲ့ မူဝါဒတစ်ခုကို ပြောပြပေးပါ။

ဖြေ။    ။ ကျွန်တော် World Bank နဲ့ ပြောတယ်။ သူတို့ရှမ်းပြည်နယ်မှာ ထောက်ပံ့ရင် အရင်ဆုံးဘာလိုမလဲလို့ မေးတယ်။ ကျွန်တော် ပြောလိုက်တယ်။ ရှမ်းပြည်နယ်မှာ အရင်ဆုံးအကူအညီပေးရမှာ တောင်သူလယ်သမားပဲ။ သူတို့က အနိမ့်ပါးဆုံးဖြစ်နေတယ်။ အဲဒီမှာ လူမျိုး မပါတော့ဘူး။ ဖွံ့ဖြိုးရေးပဲ။။ ကျွန်တော့်စိတ်ထဲမှာတော့ တောင်သူလယ်သမားနဲ့ အောက်ခြေလူအများ၊ ဆင်းရဲပြီး အကျပ်အတည်း
ရောက်နေတဲ့သူတွေကို အရင်ဆုံးကူညီရမယ်။ ခရိုနီတွေဆီက ယူသင့်လည်း ယူရမယ်။ ကိုယ့်အတွက် ယူတာမဟုတ်ဘူးလေ။

၀၄၂




Friday 7 March 2014

အိုက်ပန်


အိုက်ပန်ဆိုတာ ဒီကနေ့ လူ့လောကကြီးထဲမှာ သက်ရှိထင်ရှား ရှိနေသေးတဲ့ လူသားတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကြီးက ထူးထူးခြားခြား ဖြစ်နေတာမို့ သူ့အကြောင်းကို တင်ပြချင်စိတ်က လေးလေး နက်နက် ဖြစ်နေတာနဲ့ဘဲ သူ့အကြောင်းကို ရေးဖြစ်ခဲ့ပါတယ်။

၂၀၁၁-ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ၊ နံနက်ပိုင်း (၁၀း၃၀)နာရီအချိန် စစ်တိုင်းမှူးဟာ သူ့ရဲ့လက်အောက် ခံတပ်ရင်းတပ်ဖွဲ့တွေကို စစ်ဆေးဖို့အသွား ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့အနီးမှာ စောင့်ကြိုမိုင်းထောင်တိုက်ခိုက်မှုကို ခံခဲ့ ရပါတယ်။ အဲဒီမှာ လုံခြုံရေးလိုက်ခဲ့တဲ့ စစ်သည်တစ်ဦးကျဆုံးခဲ့ရပြီး နှစ်ဦးဒါဏ်ရာ ရရှိခဲ့တယ်။

နယ်မြေရှင်းလင်းရေးကိုဆောင်ရွက်ခဲ့ရာမှာ ဖြစ်စဉ်ဖြစ်ပွါးခဲ့ပြီးတဲ့နောက် ၉- ရက်အကြာ (စက်တင်ဘာလ ၁၉-ရက်) မှာ စွပ်စွဲခံရသူ အိုက်ပန် ကို "ကုန်းမွတ်ရွာ" အနီးတွင် မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ပြီး တောင်ကြီးမြို့နယ် တရားရုံးမှာ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ-၁၇(၁) အရ တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုတဲ့နေ့ဟာ ၂၀၁၃-ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ဖြစ်တဲ့အတွက် အခင်းဖြစ်ပြီး လေးလအကြာမှာ တရားစွဲဆိုခဲ့ကြောင်း တရားစီရင်ချက်စာရွက်စာတမ်းများအရ သိရှိခဲ့ရပါတယ်။ အဲဒီအမှုမှာ အိုက်ပန်ဟာ သူ့အတွက် ရှေ့နေရှေ့ရပ် မရှိခဲ့ဘဲ ကိုယ်တိုင်ထုချေတယ်လို့ ဖေါ်ပြထား ပါတယ်။

အဲဒီအမှုမှာ နမ့်စန်မြို့နယ်၊ ဝမ်ပန်ကျေးရွာနေ (ဘ) ဦးလုံးဝန်း၏ သားဖြစ်သူ တရားခံအိုက်ပန် (အသက်-၂၂ နှစ်) သည် ၁၉၀၈ ခုနှစ် မတရားအသင်းများ အက်ဥပဒေ ပုဒ်မ-၁၇(၁)ကို ကျူးလွန်သဖြင့် အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် (နှစ်နှစ်) တိတိ ကျခံစေ။ ချုပ်ရက်ထုတ်နှုတ်ခံစားစေ။ ..... ..... ...... ဆိုပြီး စီရင်ချက်ချထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ မပြီးသေးပါဘူး။ တောင်ကြီးခရိုင်တရားရုံးတော် မှာ ၂၀၁၂ ခုနှစ် ပြစ်မှုကြီးမှု အမှတ် (၁၁၁/၁၁၃) ကို ဆက်လက်ပြီး ရင်ဆိုင်ရပြန်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၁၂၂(၁) နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ (၂)/ ၃၂၆ တို့ ကို ဆက်လက်ရင်ဆိုင် ဖြေရှင်းရပြန်ပါတယ်။ အဲဒီအမှုတွေမှာတော့ သေဒဏ်ကျခံရနိုင်တာမို့ ဥပဒေအရ တရားခံအတွက် အစိုးရက ရှေ့နေငှါးရမ်းပေးလို့ ဒေါ်မေခလာ (အထက်တန်းရှေ့နေ)က သူ့အတွက် ရှေ့နေလိုက်ပေးခဲ့ပါတယ်။

အမှုက စိတ်ဝင်စားစရာကောင်းတာမို့ တောင်ကြီးခရိုင်တရားရုံးက စီရင်ချက်ကို လေ့လာနိုင်ဖို့ဖေါ်ပြလိုက်ပါတယ်။

ရက်စွဲ။ ။ ၂၀၁၃ ခုနှစ် မေလ (၁၀) ရက်
အမှုမှာ (၁၀-၉-၂၀၁၁) ရက်နေ့ နံနက် (၀၉း၀၀) နာရီခန့်တွင် ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် ခိုလမ်မှ နမ့်စန်သို့ ယာဉ်တန်းဖြင့် ထွက်ခွါလာစဉ် (၁၀း၃၀) အချိန်ခန့် နမ့်စန်မြို့အနီး (ld ၆၉၄၂၁၂၄၉) အရောက်တွင် သောင်းကျန်းသူများမှ စောင့်ကြို မိုင်းထောင် တိုက်ခိုက်မှုကြောင့် စစ်သည်တစ်ဦးကျဆုံး ၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့၍ နယ်မြေခံ လကတ(၃၀၀၉) မှ နယ်မြေ ရှင်းလင်းဆောင်ရွက်ခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း နှစ်လုံးအား သိမ်းဆည်းရမိပြီး လှုပ်ရှားတပ်များဖြင့် စုံစမ်းထောက်လှမ်းစဉ် ( ၁၉-၉-၂၀၁၁ ) ရက်နေ့ (၁၀) နာရီ အချိန်ခန့်တွင် မသင်္ကာဖွယ် အိုက်ပန် ဆိုသူအား ဖမ်းဆီးရမိ၍ စစ်ကြောဖေါ်ထုတ်ခဲ့ရာ အိုက်ပန်သည် SSA (ရွက်ဆစ်) သောင်းကျန်းသူ အဖွဲ့မှ ဖြစ်ပြီး ၎င်းပါဝင် ကျူးလွန်ခဲ့ကြောင်း သက်သေခံပစ္စည်း လက်လုပ်မိုင်း နှစ်လုံးနှင့်အတူ ဥပဒေအရ အရေးယူပေးရန် လွဲအပ်ချက်အရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ( ၂၅-၁-၂၀၁၂ ) ရက်စွဲပါ စာအမှတ်- ပဆရ / ၂-၆ / ဦး ၄ ဖြင့် ခွင့်ပြုမိန့် ရရှိသဖြင့် အိုက်ပန်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၂၂ (၁) ဖြင့် တစ်မှု ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၀၂ နှင့် ၃၀၇ အရ တစ်မှု ၊ နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူးမှ လွိုင်ကော်ခရိုင် တရားရုံးတွင် တရားစွဲဆိုတင်ပို့ခဲ့ရာ လွိုင်ကော်ခရိုင် တရားရုံးမှ တောင်ကြီးခရိုင် တရားရုံးသို့ ရုံးပြောင်းရောက်ရှိလာသော အမှုများဖြစ်သည်။ ဤအမှုများမှာ အချင်းဖြစ် အကြောင်းအရာ တစ်ရပ်ထဲမှ ပေါ်ပေါက်သည့် အမှုများ ဖြစ်သည့် အပြင် ပြစ်မှုဆိုင်ရာ ဥပဒေတစ်ခုတည်းဖြင့် စွဲဆိုသောအမှုများဖြစ်၍ ဤစီရင်ချက်သည် အမှုနှစ်မှုလုံးနှင့် သက်ဆိုင်စေရမည်။

ဤ အမှုတွင် တရားလိုပြသက်သေ (၁၀)ဦး နှင့် တရားခံပြ သက်သေ (၅) ဦးကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

တရားလို ရဲအုပ်အောင်ဇင်က ပထမသတင်းပေးတိုင်ချက်ပါအတိုင်း ထွက်ဆိုပြီး အိုက်ပန်ကို တပ်မတော်မှ လွဲပြောင်းပေးအပ်၍ လက်လုပ်မိုင်း နှစ်လုံး ၊ အိုက်ပန်၏ တပ်မတော်အရာရှိထံ အစစ်ခံချက်တို့နှင့်အတူ လက်ခံရရှိ၍ အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပထမ သတင်းပေးတိုင်ချက်ကို သက်သေခံ (က) ၊ တရားစွဲဆို ခွင့်ပြုမိန့်ကို သက်သေခံ (ခ) ၊ မြေမြှုပ်မိုင်း နှစ်လုံးအား လက်ခံထုတ်ပေး/ လွဲပြောင်းပြေစာကို သက်သေခံ (ဂ) ၊ အိုက်ပန်၏ တပ်မတော် အရာရှိထံ ထွက်ဆိုခဲ့သည်ဆိုသည့် စစ်ကြောချက်မိတ္တူကို သက်သေခံ (ဃ/င) ၊ အခင်းဖြစ်ရပ် မှတ်တမ်းဓါတ်ပုံများအား သက်သေခံ (ဆ) မှ (ဆ-၄) ၊ အခင်းဖြစ်ရပ် မြေပုံကြမ်းကို သက်သေခံ (ဇ) အဖြစ် တင်သွင်းသည်။ လက်လုပ်မိုင်းနှစ်လုံးကို အိုက်ပန်ထံမှ သိမ်းဆည်းခြင်း မဟုတ်ဘဲ နယ်မြေရှင်းလင်းသည့် အဖွဲ့များမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

ဦးသိန်းအောင် လိုပြ (၂) က အိုက်ပန်ကို တပ်မတော်မှ စစ်ဆေးထားသည့် စစ်ကြောချက်မိတ္တူကို တပ်ကြပ်မောင်တိုး မှ ရှာဖွေပုံစံဖြင့် အပ်ပေး၍ စခန်းမှူးက သိမ်းဆည်းစဉ်က ရှာဖွေသက်သေအဖြစ် မိမိနှင့် ဦးကျော်သူတို့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မှတ်တမ်းဓါတ်ပုံများနှင့် အခင်းဖြစ်ရပ် မြေပုံကြမ်း ရိုက်ယူရေးဆွဲရာ၌လည်း မိမိတို့မှ သက်သေအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုသည်။

လိုပြ (၃) ဗိုလ်ကြီးငြိမ်းထက်က အချင်းဖြစ် (၁၀-၉-၂၀၁၁) ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ယာဉ်တန်းအား သောင်းကျန်းသူများမှ စောင့်ကြိုမိုင်းထောင် ဖေါက်ခွဲရာ ပွိုင့်ကားအား ထိမှန်ပြီး စစ်သည်တစ်ဦးကျဆုံး နှစ်ဦးဒဏ်ရာ ရခဲ့ကြောင်း ၊ အခင်းဖြစ်နေရာ အနီးအနားရှိ ပတ်ဝန်းကျင်ဒေသများ၏ လမ်းလုံခြုံရေးကို မိမိဦးဆောင်သည့် စစ်သည် (၁၉) ဦးက အဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ရာ မိမိနှင့် တပ်မတော်သား သုံးဦးတို့က တာဆိုင်းလမ်းဆုံကို အခြေပြုဆောင်ရွက်နေစဉ် ကုန်းပိုရွာလမ်းဆုံ၌ အခြေချဆောင်ရွက်သည့် အဖွဲ့မှ တပ်ကြပ်မြခိုင် ရောက်ရှိလာပြီး ကုန်းပိုရွာ လမ်းဆုံတွင် မသင်္ကာဖွယ်တစ်ဦးအား ဖမ်းဆီးထားကြောင်း သတင်းပို့၍ လိုက်သွားရာ ဖမ်းဆီးထားသူကို တွေ့ရှိရကြောင်း ၊ အမှတ် (၃၀၀၉) လေကြောင်း ရန်ကာကွယ်ရေးတပ်ရင်းမှူးထံ ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပြီး ထိုသူအား နမ့်စန်တပ်ရင်းမှူးရုံး အပ်နှံခဲ့ကြောင်း ၊ ထိုသူမှာ ရွက်ဆစ်အဖွဲ့မှ ဖြစ်သည် ဟု သိရကြောင်း၊ မိမိတို့အဖွဲ့ လမ်းရှင်းလင်းရေးဆောင်ရွက်စဉ် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ထွက်ဆိုသည်။

ဦးအိုက်လူ လိုပြ (၄) က မိမိမှာ နမ့်စန်မြို့နယ် မက်မွန်ကုန်းကျေးရွာအုပ်စု ကုန်းပိုရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ် ကျော်ခန့်က မိမိတို့ရွာသို့ နမ့်စန်ရှိ ခမရ (၅၁၆) တပ်နှင့် အခြားတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ မိမိတို့ရွာတွင် အိုက်ပန် ဆိုသူရှိသလားဟု မေးကြောင်း ၊ ၎င်း တို့မလာမီ ရက်အနည်းငယ်ခန့်က တိုင်းမှူးယာဉ်တန်းအား မိုင်းထောင်ဖေါက်ခွဲခြင်းနှင့် ပတ်သက်၍ လာရောက်ရှာဖွေသည်ဟုပြောသဖြင့် အိုက်ပန်ဆိုသူ သော်လည်းကောင်း ၊ နာမည်တူသော်လည်းကောင်း ၊ မိမိတို့ရွာတွင် မရှိဟု ပြောပြခဲ့ကြောင်း၊ အဆိုပါသူမှာ ဒီတီ ဆိုင်ကယ်နှင့် စီးလာခြင်း ရှိ မရှိ မေးမြန်းရာတွင်လည်း မိမိတို့ရွာတွင် တရုတ်မိန်းမစီး ဆိုင်ကယ်သာရှိပြီး အခြားဆိုင်ကယ်မရှိဟု ပြောပြခဲ့ကြောင်း၊ တပ်မတော်မှ ရွာထဲတွင်လည်း ရှာဖွေခဲ့ သေးကြောင်း ၊ ထိုနောက် ရွာတွင်းသို့ သောင်းကျန်းသူများ ဝင်ထွက်သွားလာမှု ရှိပါက သတင်းပို့ရန်မှာကြားခဲ့ကြောင်း ၊ မိမိတို့ ကုန်းပိုရွာမှာ ဝမ်ပန်ရွာ နှင့် အတော်ဝေးကြောင်း ထွက်ဆိုသည်။ ဦးလုံချန် (ကုန်းမွတ်ကျေးရွာ လူကြီး) လိုပြ (၅) ကလည်း (လိုပြ-၄ )နှင့် အလားတူ ထွက်ဆိုသည်။

ဦးလှသိန်း လိုပြ(၆) က (၂၂-၁၁-၂၀၁၁) နေ့က ခိုလမ်မြို့ရှိ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်လင်းက ၎င်းတို့ဖမ်းဆီးရမိထားသော အိုက်ပန်ဆိုသူကို လွဲပြောင်းပေးအပ်ရာတွင် မောင်ပုဆိုသူနှင့်အတူ အသိသက်သေအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း ၊ လက်လုပ်မိုင်းနှစ်လုံး ပေးအပ်ရာတွင်လည်း သက်သေအဖြစ် ဆောင်ရွက်ခဲ့ရကြောင်း ထွက်ဆိုသည်။

လိုပြ (၇) ဦးသိန်းမြင့်အောင် နမ့်စန်မြို့တပ်မတော်စစ်ဆေးရုံမှ အထက်တန်းသူနာပြု-၂ က(၁၀-၉-၂၀၁၁) ရက်နေ့ နေ့လယ် အချိန်တွင် ဒဏ်ရာရ စစ်သည်သုံးဦး မိမိတို့ စစ်ဆေးရုံသို့ရောက်ရှိလာပါကြောင်း၊ ၎င်းတို့မှာ ရှမ်းပြည်နယ် တိုင်းမှူး၏ ခိုလမ်း-နမ့်စန် ခရီးစဉ်တွင် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ရသူများ ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်တွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု သိရကြောင်း၊ ၎င်းတို့ သုံးဦးအနက် စစ်သည်နိုင်လင်းအောင် နှင့် ထွန်းအောင်တို့မှာ ဝဲဖက်လက် ကျည်ဖေါက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး တပ်သားဝင်းဆန်းမှာ ယာလက်ဖျံတွင် ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒုတပ်ကြပ် နိုင်လင်းအောင်နှင့် တပ်သားထွန်းကျော်တို့မှာ ဒဏ်ရာပြင်းထန်၍ အောင်ပန်းမြို့ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း ၊ ဒုတပ်ကြပ် နိုင်လင်းအောင် အောင်ပန်း မရောက်မီ လမ်းတွင်ပင် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ထွက်ဆိုသည်။

ဗိုလ်ကြီးကျော်ကျော်လင်း လိုပြ (၈) က မိမိမှာ ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးတပ်တွင် တာဝန်ထမ်းဆောင်ရကြောင်း ၊ အခင်းဖြစ်ပွါးပြီး (၁၀) ရက်ခန့်အကြာတွင် ဗိုလ်ကြီးငြိမ်းထက်တို့အဖွဲ့မှ မပေါက်ကွဲသေးသည့် မိုင်းနှစ်လုံးကို လာဖေါ်စဉ် တရားခံအား အချင်းဖြစ်နေရာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိ၍ မိမိတို့ထံ ဖမ်းဆီးပို့အပ်ခဲ့ကြောင်း ၊ တရားခံအား ခိုလမ်တွင် တစ်ကြိမ် ၊ နမ့်စန်တွင် တစ်ကြိမ် နှစ်ကြိမ်စစ်ဆေးခဲ့ကြောင်း ၊ မိမိမှ ဦးစီးစစ်ဆေးသော်လည်း တပ်ကြပ်မောင်တိုးမှ မေးမြန်းခဲ့ကြောင်း ၊ သက်သေခံ (ဃ/ဂ) မှာ ပဏာမ စစ်ကြောချက်များကို ရေးမှတ်ရယူခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု အမှုနှင့် ပတ်သက်၍ လက်လုပ်မိုင်းနှစ်လုံးအား တရားခံနှင့်အတူ ရဲအုပ်အောင်ဇင်သို့ လွဲပြောင်းပေးအပ်ခဲ့ကြောင်း ထွက်ဆိုသည်။ ရဲအုပ်ဇော်မင်း လိုပြ (၉) က အမှုစစ်အဖြစ် ဆောင်ရွက်ခဲ့သည်များကို ထွက်ဆိုသည်။

တပ်ကြပ်မောင်တိုး လိုပြ (၁၀) က အချင်းဖြစ် ကိစ္စနှင့် ပတ်သက်၍ မသင်္ကာတရားခံ အိုက်ပန်အား နကတ (၃၀၀၉) မှ ဖမ်းဆီးပေးပို့ခဲ့၍ ဗိုလ်ကြီးကျော်ကျော်လင်းမှ ကြီးကြပ်ပြီး မိမိနှင့်တပည့်တစ်ဦးက စစ်ဆေးခဲ့ကြောင်း ၊ စစ်မေးစဉ်က စကားပြန်နှင့် စစ်မေးခဲ့ကြောင်း ၊ စစ်မေးရာတွင် အိုက်ပန်သည် ရွက်ဆစ်အဖွဲ့တွင် ပါဝင်ခြင်း ရှိ မရှိ ၊ တိုင်းမှူး၏ ယာဉ်တန်းတွင် မိုင်းဖေါက်ခွဲမှုကို ကိုယ်တိုင်လုပ်ဆောင်ခဲ့ခြင်း ရှိ မရှိ ၊ စစ်ဆေးရာ အိုက်ပန် က အဆိုပါအဖွဲ့တွင် ပါဝင်ကြောင်း ၊ ယာဉ်တန်းအား မိုင်းထောင်ဖေါက်ခွဲခဲ့သည်မှာ မှန်ကန်သည်ဟု ထွက်ဆိုခဲ့ကြောင်း ထွက်ဆိုသည်။

တရားလိုဖက် သက်သေခံချက်များအရ ... တရားခံ အိုက်ပန်အား ပြစ်မှုကြီးမှု အမှတ် (၁၁၁/၂၀၁၁) တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၁၂၂(၁) ဖြင့်လည်းကောင်း ၊ ပြစ်မှုကြီးမှု အမှတ် (၁၁၃/၂၀၁၁)တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၃၀၂ (၂) ၊ ၃၂၆ တို့အရ စွဲချက်တင်၍ စွဲချက်ကို ရှင်းပြမေးမြန်းရာ ရွက်ဆစ်အဖွဲ့က မိုင်းထောင်သည့်ကိစ္စကို မသိကြောင်း ၊ ၎င်းအဖွဲ့တွင် ပါဝင်ခြင်း မရှိကြောင်း ၊ ဖခင်ဖြစ်သူ နေထိုင်သည့် ကုန်းပိုရွာသို့ အလည်သွားစဉ် စစ်သားများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိမှ ကျူးလွန်ခဲ့ခြင်း မရှိ၍ အပြစ်မရှိကြောင်း ထုချေသည်။

အိုက်ပန်က သက်သေအဖြစ် အစစ်ခံရာတွင် နမ့်စန်မြို့နယ် ဝမ်ပန်ကျေးရွာတွင် မိခင်နှင့်အတူ နေထိုင်ပြီး တောင်ယာလုပ်ကိုင်ကြောင်း ၊ ကျောင်းနေဖူးခြင်း မရှိ၍ စာမတတ်ကြောင်း ၊ အချင်းဖြစ်နေ့က ကုန်းပိုရွာရှိ ဦးလေးထံ အလည်သွားရင်း အပြန်တွင် ဖခင်ဖြစ်သူအိမ်သို့အသွား လမ်းတွင် စစ်သားသုံးယောက်တွေ့ပြီး အဖမ်းခံရကြောင်း ၊ စစ်သားများက မိုင်းမြှုပ်ထားသည်ဆိုသည့် နေရာများသို့ ခေါ်သွားပြီး မိုင်းကြောင့် ဖမ်းသည်ဟုပြော၍ မိမိ မလုပ်ကြောင်း ပြောခဲ့သော်လည်း မိုင်းထောင်သည့်ကိစ္စ လုပ်သည်ဟု လက်မှတ်ထိုးခိုင်းကြောင်း ၊ အက်စ်အက်စ်အေအဖွဲ့ဆိုသည်ကိုလည်း မိမိမသိကြောင်း ၊ ၎င်းအဖွဲ့တွင်လည်း ပါဝင်ခြင်း မရှိကြောင်း ၊ မိမိတစ်စုံတစ်ရာ ကျူးလွန်ရခြင်း မရှိဘဲ ဖခင်ထံလည်ရန် သွားစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်။

စိုင်းဆိုင်နွံ (ခ) လုံးငဲ (ခံပြ-၂) က အိုက်ပန်နှင့် တစ်ရွာတည်းဖြစ်၍ သိကြောင်း ၊ မိမိမှာ ဝမ်ပန်ကျေးရွာတွင် အတွင်းရေးမှူးဖြစ်ကြောင်း ၊ လွန်ခဲ့ သည့်တစ်နှစ်ခန့်က မိမိဝမ်ပန်ရွာသို့ စရောက်ချိန်ထဲက အိုက်ပန်ကို သိခြင်းဖြစ်ကြောင်း၊ အိုက်ပန် အိမ်နှင့် မိမိအိမ်မှာ နှစ်လမ်းခြားဖြစ်ကြောင်း ၊ ကုန်းပုတ်ရွာရှိ အိုက်ပန်၏ ဖခင်က အိုက်ပန်အဖမ်းခံရကြောင်း ၎င်း၏မိခင်ထံ အကြောင်းကြားမှ အိုက်ပန်အဖမ်းခံရသည်ဟု သိရကြောင်း ၊ အိုက်ပန်မှာ နေ့စားလုပ်ကိုင်ပြီး ရွာထဲတွင် နေ့စဉ်သွားလာနေသည်ကို တွေ့ရကြောင်း ၊ မိမိတို့ရွာ အနီးတွင် စစ်တပ်မှ တပ်စွဲထား၍ မိမိတို့ရွာမှ မည်သူမျှ ရွက်ဆစ်အဖွဲ့နှင့် ပတ်သက်နိုင်ခြင်း မရှိကြောင်း ၊ ရုံးရှေ့ရှိ အိုက်ပန်ဆိုသူကို ဦးနှောက်မပြည့်ဟု သိထားကြ၍ ရွာကလူများက အိုက်ကော ဟုသာခေါ်ကြကြောင်း ၊ ဖမ်းဆီးခြင်း မခံရမီ အချိန်အထိ အိုက်ပန်မှာ ရွာမှ ထွက်သွားခြင်းမျိုး မရှိခဲ့ဖူးကြောင်း ထွက်ဆိုသည်။

ဦးလုံးခေါင် (ခံပြ-၃) မှာ ဝမ်ပါရွာ အုပ်ချုပ်ရေးမှူး ဖြစ်သည်။ ၎င်းမှ အိုက်ပန်မှာ နည်းနည်းကြောင်သူဖြစ်ကြောင်း ၊ အိုက်ပန်မှာ မိခင်နှင့် အတူ နေပြီး တောင်ယာအငှါးလိုက်သည့် အလုပ်ကိုသာ လုပ်ကြောင်း ၊ အလုပ်ကိုလည်း စိတ်ပါမှ သွားလေ့ရှိကြောင်း ၊ လွန်ခဲ့သည့် နှစ်ပေါင်း (၂၀)က မိမိရွာသို့ အိုက်ပန်တို့ သားအမိ ရောက်လာကတည်းက သိခြင်းဖြစ်ကြောင်း ၊ အိုက်ပန်မှာ ရွာမှ ပျောက်သွားခြင်းမျိုး မရှိကြောင်း ၊ ၎င်းဖခင်ရှိရာ ကုန်းပုတ်ရွာသို့သာ တစ်ခါတစ်ရံ သွားတတ်ကြောင်း ၊ အချင်းဖြစ် ယာဉ်တန်းဗုံးကွဲသည်ဟု သိရှိစဉ်က အိုက်ပန်မှာ မိခင်အိမ်တွင်ပင် ရှိနေခဲ့ကြောင်း ထွက်ဆိုသည်။

ဦးလုံးထွန်း (ခံပြ-၄) က ရုံးရှေ့ရှိ အိုက်ပန်ဆိုသူမှာ ခပ်ကြောင်ကြောင်ဖြစ်၍ ရွာတွင် အိုက်ကော ဟုသာခေါ်ကြောင်း ၊ အိုက်ကောမှာ မိခင်နှင့်အတူလိုက်၍ အလုပ်လုပ်ချင်သည့်အခါလုပ်ပြီး မလုပ်ချင်လျှင်လည်း မလုပ်ဘဲနေတတ်ကြောင်း ၊ ၎င်းမှာ ရွက်ဆစ်အဖွဲ့နှင့် ပတ်သက်သည်ဟု မကြားဖူးကြောင်း ထွက်ဆိုသည်။

 ဒေါ်ပါဦး (ခံပြ-၅) မှာ အိုက်ပန်၏ မိခင်ဖြစ်သည်။ ၎င်းက သားဖြစ်သူမှာ ၎င်းနှင့်အတူ နေထိုင်ပြီး အိုက်ပန်၏ ဖခင်ဖြစ်သူမှာ ကုန်းပုတ်ရွာနှင့် ကုန်းလမ်းရွာကြားအစပ်တွင် နေထိုင်ကြောင်း ၊ ခုနှစ်မမှတ်မိ (၁၀)လပိုင်း လကွယ်ရက်တွင် အိုက်ပန်အိမ်မှ ထွက်သွားရာ မိမိကိုခေါ်သော်လည်း အလုပ်ရှိ၍ လိုက်မသွားခဲ့ကြောင်း ၊ မည်သည့်နေရာသွားမည်ဟုတော့ မပြောကြောင်း ၊ ထွက်သွားပြီး (၅) ရက်ခန့် အကြာတွင်မှ အိုက်ပန်၏ ဖခင်ဖြစ်သူလာပြော၍ အိုက်ပန် အဖမ်းခံရသည်ဟု သိရကြောင်း ၊ အိုက်ပန်မှာ စိတ်မနှံ့သူဖြစ်၍ ရွက်ဆစ်အဖွဲ့နှင့် ပတ်သက်ခြင်း မရှိကြောင်း ထွက်ဆိုသည်။

တရားခံ အကျိုးဆောင်က အမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲရာတွင် တရားလိုနှင့် တရားလိုပြ သက်သေထွက်ဆိုချက်များအရ အိုက်ပန်ကို မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခြင်းသာ ဖြစ်သည်ဟု ပေါ်ပေါက်ကြောင်း ၊ ယာဉ်တန်းအား စောင့်ကြိုမိုင်းထောင် တိုက်ခိုက်သည်ဆိုသည့် သောင်းကျန်းသူများတွင် ပါဝင်သည်ဆိုသော်လည်း ထိုအချက်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်မှု မရှိကြောင်း ၊ အိုက်ပန်ကို အချင်း ဖြစ်ပြီး (၉) ရက်ကြာမှ ကုန်းပုတ်ရွာအနီးတွင်သာ တွေ့၍ မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ခြင်းသာဖြစ်ပြီး ၊ အခင်းဖြစ်သည့်နေရာအနီးတွင် တွေ့ရှိခြင်း မဟုတ်ဟု လည်းပေါ်ပေါက်ကြောင်း ၊ တရားခံအား စစ်ကြောမေးမြန်းချက် သက်သေခံ (ဃ) အရ တရားခံသည် အက်စ်အက်စ်အေ ရွက်ဆစ်အဖွဲ့ဝင် ဖြစ်ကြောင်း စသည့်အချက်များမှာလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ - ၁၆၂ (၁) အရ နှင့် သက်သေခံ ဥပဒေပုဒ်မ -၂၅ ၊ ၂၆ တို့အရ သက်သေခံအဖြစ် အသုံးပြု နိုင်မည် မဟုတ်ကြောင်း ၊ ထိုအချက်များအတွက် သီးခြားကင်းလွတ်သည့် သက်သေခံအထောက်အထား တစ်စုံတစ်ရာမျှ မရှိကြောင်း ၊ တရားခံက ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း သက်သေပြရန် တာဝန်မရှိဘဲ တရားလိုဘက်ကသာ တရားခံဖြစ်သူ ကျူးလွန်ကြောင်း သံသယကင်းရှင်းစွာဖြင့် သက်သေထင်ရှားပြရန် တာဝန်ရှိကြောင်း ၊ ယခုအမှုတွင် တရားခံပြစ်မှု ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်ခြင်း မရှိ၍ တရားခံ အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၅၈ (၁) အရ အပြီးအပြတ် လွှတ်သင့်ကြောင်း၊ မောင်တိုးလူ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၊ စိန်လှ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ မောင်ကြီးမောင် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ၊ စီရင်ထုံးများ ကိုးကားလျှောက်လဲသည်။

တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သော ဥပဒေအရာရှိက တရားခံမှ အပြစ်မရှိကြောင်း ခံပြသက်သေများဖြင့် တင်ပြထွက်ဆိုထားသော်လည်း စစ်ကြောချက်အရ ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန် နမ့်စန်မြို့အနီးတွင် သောင်းကျန်းသူများ၏ စောင့်ကြိုမိုင်းထောင်တိုက်ခိုက်မှုကြောင့် စစ်သည်တစ်ဦးကျဆုံးပြီး နှစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ နယ်မြေခံ လကက (၃၀၀၉) မှ နယ်မြေရှင်းလင်းရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံး သိမ်းဆည်းရမိပြီး ၊ လှုပ်ရှားတပ်များဖြင့် စုံစမ်းထောက်လှမ်းစဉ် (၁၉-၉-၂၀၁၁) ရက်နေ့ (၁၀း၀၀) နာရီအချိန် အိုက်ပန်အား ဖမ်းဆီးရမိ၍ စစ်ဆေးရာ အိုက်ပန်သည် အက်စ်အက်စ်အေ (ရွက်ဆစ်) အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ဖြစ်ပြီး ၎င်းကိုယ်တိုင် ပါဝင်ကျူးလွန်ကြောင်း စစ်ကြောချက် ရရှိ၍ အိုက်ပန်အား စွဲချက်တင်ထားသည့် ပြစ်မှုဆိုင်ဥပဒေ ပုဒ်မ-၁၂၂(၁) ၊ ၃၀၂ ၊ ၃၂၆ အရ ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ပေး ရန် လျှောက်လဲသည်။

ယခုအမှုတွင် တရားခံအိုက်ပန်သည် အချင်းဖြစ် စောင့်ကြိုမိုင်းထောင်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဆိုသည့် အချက်နှင့် ပတ်သက်၍ တစ်ခုတည်းသော ငြိစွန်းချက်မှာ တပ်ကြပ်မောင်တိုးက အိုက်ပန်အား စစ်ကြောခဲ့သည်ဆိုသည့် စစ်ကြောချက် မိတ္တူ သက်သေခံ "ဂ" တစ်ခုတည်းဖြစ်သည်ကို တွေ့ရသည်။ အိုက်ပန်သည် အက်စ်အက်စ်အေ ရွက်ဆစ် သောင်းကျန်းသူအဖွဲ့တွင် ပါဝင်ကြောင်း သီးခြားကင်းလွတ်သည့် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရပေ။

ဦးအိုက်လူ (လိုပြ-၄) နှင့် ဦးလုံချန် (လိုပြ-၅) တို့၏ ထွက်ချက်များအရ အချင်းဖြစ်ကိစ္စအတွက် ယခုအမှုမှ တရားခံအိုက်ပန်ကို ဖမ်းဆီးခြင်း မပြုမီကပင် အိုက်ပန်အမည်နှင့် ဒီတီဆိုင်ကယ်နှင့် လူကို တပ်မတော်မှ လိုက်လံရှာဖွေခဲ့ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ အိုက်ပန်ဆိုသူမှာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု တပ်မတော်မှ ဦးစွာသတင်းရထား၍သာ အိုက်ပန်ဆိုသူကို လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်မည်ဟု သုံးသပ်သည်။ တရားခံ သက်သေထွက်ချက်များအရ ယခုအမှုမှ တရားခံကို ခပ်ကြောင်ကြောင် ဖြစ်၍ ရွာတွင် အိုက်ကော ဟုသာခေါ်ဆိုကြကြောင်းတွေ့ရသည်။ ထိုပြင် ယခုအမှုမှ တရားခံတွင် မှတ်ပုံတင်မရှိ၍ ၎င်း၏အမည်မှာ အိုက်ပန် ဖြစ်သည် သို့မဟုတ် အိုက်ကော ဖြစ်သည်ဆိုသည့် အချက်ကို ကွဲပြားသိမြင်နိုင်ခြင်း မရှိပေ။

သို့ရာတွင် တရားခံကိုယ်တိုင်က တပ်ကြပ်မောင်တိုးထံတွင် ပေးခဲ့သည်ဆိုသည့် စစ်ကြောချက်မိတ္တူ .... သက်သေခံ " ဂ " အရ တရားခံမှာ အက်စ်အက်စ်အေ ရွက်ဆစ် သောင်းကျန်းသူအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး အချင်းဖြစ် စောင့်ကြိုမိုင်းထောင် ဗုံးခွဲသည့် ကိစ္စတွင် ကိုယ်တိုင်ပါဝင်ခဲ့ ကြောင်း ပေါ်ပေါက်သည်။

တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တို့ ရှေ့တွင် အစစ်ခံချက် (စစ်ကြောချက်) သည် သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကတိပြုခြင်း တို့ကြောင့် ပြုလုပ်ကြောင်း မထင်ရှားလျှင် ယင်းစစ်ကြောချက်ကို သက်သေခံအဖြစ် လက်ခံရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ နှင့် ရဲနောင် ပါ-၂ ၊ စီရင်ထုံးတွင် လမ်းညွှန်ချက်အရ သက်သေခံ (ဃ/င) စစ်ကြောချက်အရ တရားခံအား စွဲချက်တင်ထားသည့် ပုဒ်မများဖြင့် အပြစ်ပေးရန်သာရှိသည်။


၁။ ၁၉၈၀ - ခုနှစ် ၊ မတစ ၊ စာ- ၇
၂။ ၁၉၅၁ - ခုနှစ် ၊ မတစ ၊ တရားလွှတ်တော် ၊ စာ- ၂၈၉
၃။ ၁၉၆၈ - ခုနှစ် ၊ မတစ ၊ စာ- ၅၂
၎။ ၁၉၉၁ - ခုနှစ် ၊ မတစ ၊ စာ- ၆၃


အမိန့်

နမ်စန်မြို့နယ် ၊ ဝမ်ပန် ကျေးရွာနေ (ဘ) ဦးလုံးဝန်း ၏သား အသက် (၂၅) နှစ်ရှိ တရားခံ အိုက်ပန်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၁၂၂(၁) အရ အပြစ်ရှိ၍ တစ်သက်တစ်ကျွန်းဒဏ် ကျခံစေ ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၀၂ (၂) အရ အပြစ်ရှိ၍ တစ်သက်တစ်ကျွန်း ဒဏ်ကျခံစေ ၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၂၆ အရ အပြစ်ရှိ၍ အလုပ်နှင့် ထောင်ဒဏ် (၅-နှစ်) ကျခံစေ ၊ ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေ ။ ထောင်ဒဏ်မှ ချုပ်ရက်များကို ထုတ်နှုတ်ခံစားစေ ။

သက်သေခံ ပစ္စည်းများအား သက်ဆိုင်ရာသို့ ပို့အပ်စေ ။

ဒါကတော့ တောင်ကြီးခရိုင်တရားရုံးတရားသူကြီးက (၁၀-၅-၂၀၁၃) ရက်စွဲနဲ့ လက်မှတ်ထိုး ချမှတ်ခဲ့တဲ့ အမိန့် ဖြစ်ပါတယ်။ အမှန်ကတော့ ဒီလိုတိုက်ရိုက်ကြီး ကူးထည့်လိုက်ရတာကတော့ သိပ်တော့မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ ဒီထက်မက ပိုမိုတိကျအောင်ကလည်း မရေးနိုင်တော့တာမို့ပါ။ မရေးတတ်တော့လို့ပါ။ ကိုင်းဗျာ .... အဲဒီအမှုမှာ တရားခံ ရှေ့နေဖြစ်တဲ့ ဒေါ်မေခလာရဲ့ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၂၂(၁) အရ စွဲဆိုမှုအပေါ် စွဲချက်လျှောက်လဲချက်ကိုလည်း ဖတ်ကြည့်မှ ပြည့်စုံမှာမို့ ဖတ်ကြည့်စေချင်ပါတယ်။

အထက်ပါအမှုတွင် တရားခံ၏ ရှေ့နေက လေးစားစွာဖြင့်
စွဲချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း လျှောက်ထား
အပ်ပါသည်။

အမှုမှာ ( ၁၀ - ၉ -၂၀၁၁ ) ရက်နေ့ ( ၉း၀၀ ) နာရီ အချိန်ခန့်တွင် (ရ-လ-ခ) တပ်မှူးသည် လက်အောက်ခံတပ်များအား စစ်ဆေးရန်အတွက် ခိုလမ်မှ နမ့်စန်သို့ ယာဉ်တန်းဖြင့် ထွက်ခွါလာစဉ် (၁၀း၃၀) အချိန်ခန့် ၊ နမ့်စန်မြို့အနီး (ld ၆၉၄၂၁၂၄၉) အရောက်တွင် သောင်းကျန်းသူများမှ စောင့်ကြို မိုင်းထောင်တိုက်ခိုက်မှုကြောင့် စစ်သည်တစ်ဦး ကျဆုံး နှစ်ဦးဒဏ်ရာရခဲ့၍ နယ်မြေခံ (လ.က.သ) (၃၀၀၉) မှ နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း (၂)လုံးအား သိမ်းဆည်းရမိပြီး လှုပ်ရှားတပ်များဖြင့် စုံစမ်းထောက်လှမ်းစဉ် (၁၉-၉-၂၀၁၁) ရက်နေ့ (၁၀း၀၀) အချိန်ခန့် တွင် ဖေါက်ခွဲရာတွင် ပါဝင်သော မသင်္ကာဖွယ် အိုက်ပန်အား နမ့်စန်မြို့နယ် ကုန်းမုတ့် ကျေးရွာအနီးတွင် ဖမ်းဆီးရမိ၍ ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းရာမှ ပေါ်ပေါက်လာသော အမှု ဖြစ်ပါသည်။

အမှုတွင် တရားလို ၊ တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များအရ အိုက်ပန်ကို မသင်္ကာ၍ ဖမ်းဆီး စစ်ဆေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပေါ်ပေါက်လျက် ရှိပါသည်။ ယာဉ်တန်းအား စောင့်ကြို မိုင်းထောင်တိုက်ခိုက်သည်ဆိုသည့် သောင်းကျန်းသူများတွင် ပါဝင်သည်ဟု အထောက်အထား တစ်စုံတစ်ရာ ပေါ်ပေါက်မှု မရှိပါ။

အိုက်ပန်ကို အခင်းဖြစ်သည့် နေရာအနီးတွင် တွေ့ရှိရခြင်း မဟုတ်ကြောင်းလည်း ပေါ်ပေါက်ပြီး ၎င်းအား ဖမ်းဆီးသည်မှာလည်း အချင်းဖြစ်ပြီး (၉) ရက်ကြာမှ ကုန်းမုတ်ရွာ အနီးတွင် တွေ့၍ မသင်္ကာသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်လျက်ရှိပါသည်။

တရားလိုဘက်က စွပ်စွဲလျှင် တာဝန်ကျေပြီးဆုံးပြီ ၊ စွပ်စွဲခံရသူဘက်က မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာဝန် ပခုံးပြောင်း၍ မရချေ ။ ပြည့်စုံစွာ စုံစမ်း၍ ခိုင်လုံစွာ သက်သေထူရန်မှာ ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေသည်ဟု "မောင်ကြီးမောင် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၆၈ မတစ ၊ စာ- ၅၂ ) " တွင် လမ်းညွှန်ထုံးဖွဲ့ထားပါသည်။

ထိုသို့ အိုက်ပန်အပေါ် စွဲချက်တင်နိုင်ရန် ခိုင်လုံသော သက်သေအထောက်အထားတင်ပြရန် တာဝန်မှာ တရားလိုတို့၏ တာဝန်သာ ဖြစ်ပါလျက် တရားလိုတို့မှ တိကျခိုင်လုံသော သက်သေအထောက်အထားများဖြင့် တင်ပြနိုင်ခြင်း မရှိသည့် အနေအထားတွင် အိုက်ပန်အပေါ် စွဲဆိုထားသည့် ပုဒ်မ -၁၂၂(၁) အရ စွဲချက် မတင်သင့်ပါကြောင်း လေးစားစွာဖြင့် လျှောက်ထားတင်ပြ အပ်ပါသည်။

ထိုကဲ့သို့ စွဲချက်မတင်မီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၂၅၃(၁) အရ လွှတ်ပေးပါရန် လျှောက်ထားခဲ့ပါသည်။

သူ၏ အပြီးသတ်လျှောက်လဲချက်မိတ္တူကို မရခဲ့ပါ။ ၃၀၂ လူသတ်မှုအတွက် လျှောက်ထားချက်မိတ္တူများကိုလည်း မရရှိ ခဲ့လို့ မတင်ပြနိုင်ပါ။ ပုဒ်မ-၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုကြီးကို ဘယ်ပုံဘယ်နည်း ချေပလျှောက်ထားခဲ့တယ် ဆိုတာကိုလည်း အမှုတွဲများ မရရှိတဲ့အတွက် မဖေါ်ပြနိုင်ပါဘူး။ ဒါပေမဲ့လည်း အဲ့ဒီတရားရုံးရဲ့စာနှစ်စောင်ကိုကြည့်ရုံနဲ့တင် အဲဒီအမှုအပေါ် ထင်မြင်ချက်များ ပေးနိုင်လောက်ပါပြီလို့ ယူဆမိပါတယ်။ ခရိုင်တရားရုံးမှာ စွဲခဲ့တဲ့ ပုဒ်မတွေဟာ အင်မတန်မှ ကြီးလေးတဲ့ပြစ်မှုမျိုးကိုမှ စွဲဆိုလေ့ရှိတဲ့ ပုဒ်မမျိုးပါ။ ပြစ်ဒဏ်ကျတော့လည်း သေဒဏ်အထိအပြစ်ပေးနိုင် ပါတယ်။ အခုအမှုနှစ်မှုအတွက်ကတော့ တစ်သက်တစ်ကျွန်း နှစ်ကြိမ်တိုင်အောင် ချမှတ်ခံလိုက်ရတာပါ။

အချင်းဖြစ်တဲ့အချိန်ဟာ လက်ရှိအစိုးရ လက်ထက်မှာ ဖြစ်ပါတယ်။ ဒါက ထူးခြားချက်တစ်ခုပါ။

ယာဉ်တန်းတိုက်ခိုက်ခံရတဲ့အချိန်တုန်းက အဲဒီဒေသတစ်ဝိုက်မှာ ဖမ်းဆီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒေသခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့အဆိုအရဆိုရင် လူပေါင်း ၇၄ ယောက် အဖမ်းခံရတယ်လို့ သိရပါတယ်။ ဒါကလည်း အလွန်ကို သဘာဝကျပါတယ်။ အဲဒီအမှု ဖြစ်ပြီးနောက်မှာ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကနေပြီး အဖြစ်အပျက်များကို သတင်းပေးပါတယ်။ ဒါကို နိုင်/ကျဉ်း အဖွဲ့က လူလွှတ်ပြီး တောင်လေးလုံးအကျဉ်းထောင် မှာ စုံစမ်းတော့ အိုက်ပန်ဆိုတာ အမှန်ရှိနေကြောင်း သိခဲ့ရတယ်။

အဲဒီ အိုက်ပန် ကိစ္စကို လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ အမှုတွဲကိုတောင်းလိုက်တော့ ဖေါ်ပြခဲ့တဲ့ အမှုတွဲနှစ်ခုကို အစိုးရဖက်က ရှာဖွေပေးပါတယ်။ အမှုတွေက နိုင်ငံရေးပြစ်မှုတွေ ဖြစ်နေပါတယ်။ ၁၇ (၁) နဲ့ ၁၂၂ (၁) ဆိုတာ တကယ့်နိုင်ငံရေး ပြစ်မှုတွေဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့တာမို့ ကျနော်က တာဝန်ယူစိစစ်ပေးခဲ့ ပါတယ်။ စိစစ်ပြီးတဲ့နောက် သိရသလောက် အဖြစ်မှန်ကို အစည်းအဝေးမှာ တင်ပြပေးခဲ့ပါတယ်။

၃၁-၁၂-၂၀၁၃ နေ့မှာ တစ်နိုင်ငံလုံး နိုင်ငံရေးအကျဉ်းသား ငါးဦးလွှတ်တဲ့အထဲမှာ အိုက်ပန် ပါလာပါတယ်။ SB ရဲသတင်းတပ်ဖွဲ့က ထောင်ကနေတောင်ကြီးမြို့ကို ပို့ပေးပါတယ်။ သူလွှတ်တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် တောင်ကြီးမှာ ရှိနေလို့ အိုက်ပန်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ အမှန်ဘဲ အိုက်ပန်ဟာ ဘာမှ နားလည်ဟန်မတူပါဘူး။ ကယန်းလူမျိုးနဲ့ ရှမ်းလူမျိုး ကပြားဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်နှစ်ခွဲလောက်နေခဲ့လို့ ဗမာစကားနည်းနည်း နားလည်လာပုံရပါတယ်။ သူ့ကို ဂရုဏာသက်ပြီး မုန့်ဖိုးတွေ ဝိုင်းပေးကြပါတယ်။ SNLD တောင်ကြီး ဥက္ကဌကိုယ်တိုင် ဝမ်ပန်ရွာ အရောက် ရပ်မိရပ်ဖတွေ ရှေ့ သူ့အဖေနဲ့အမေဆီ အပ်နှံပေးခဲ့ပါတယ်။

ဘာဘဲဖြစ်ဖြစ် အိုက်ပန်ဟာ သူစွပ်စွဲခံရတဲ့ ပြစ်မှုမျိုးကို ကျူးလွန်နိုင်လောက်တဲ့ အရည်အသွေး မရှိတာတော့ သေချာတယ်လို့ ကျနော်တော့ ယုံကြည်မိတယ်။ အိုက်ပန်မှာ အမျိုးသားမှတ်ပုံတင်လည်း မရှိပါဘူး။ ရွာကလူတွေရဲ့ အဆိုအရ သူဟာ စာလည်းမတတ်ပါဘူး။ ဗမာစကားလည်း မတတ်ပါဘူး။ ဒါပေမဲ့ ၁၇(၁) အမှုရဲ့ စွဲချက်တွေကို ရှေ့နေမပါဘဲ ကိုယ်တိုင်ထုချေတယ်ဆိုတော့ ဘယ်လိုများ ထုချေပါလိမ့်လို့ ကျနော်အတော်ကို စိတ်ဝင်စားမိတယ်။ သူနဲ့စကားပြောခွင့်ရတော့လည်း မေးဖြစ်အောင်မေးကြည့်ပါသေးတယ်။ ကျနော်မေးတာကိုတောင် သူရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ တရားရုံးမှာ သူဘယ်လို ထုချေခဲ့တယ်ဆိုတာကတော့ ကျနော့်ကို ဘယ်လိုလုပ်ရှင်းပြ နိုင်တော့မလဲဗျာ....။ နောက်ဆုံးတော့ အိုက်ပန်ဟာ နိုင်ငံရေးအကျဉ်းသား တစ်ဦးအဖြစ်နဲ့ ပြန်လည်လွတ်မြောက်ခဲ့တယ်။ ဒါပေမဲ့ အိုက်ပန်ဟာ နိုင်ငံရေးသမားတစ်ယောက်လည်း မဟုတ်ပြန်ဘူး။ သို့ပေမဲ့ သူ့ကို စွပ်စွဲ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ပုဒ်မကြီးတွေက နိုင်ငံရေးပုဒ်မကြီးတွေ ဖြစ်နေပြန်တယ်။ အိုက်ပန်အဖို့ ပထမပိုင်းမှာ အဲဒီပြစ်မှုကြီးတွေနဲ့ ချမှတ်ခံရတာ အလွန်ထိတ်လန့်စရာ ဖြစ်ခဲ့မှာပါ။ သို့သော်လည်း အဲဒီ ပုဒ်မကြီးတွေကြောင့်ဘဲ အိုက်ပန်ဟာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ပြန်လွှတ်ခဲ့ရတာမို့ သူ့ကိုတဖန် ပြန်ကယ်တင်သွားခဲ့တာလို့ ပြောနိုင်ပါတယ်။

ဘာဘဲဖြစ်ဖြစ် ဒီဖက်ခေတ်မှာတော့ ဒါတွေ ထပ်မဖြစ်ဖို့ကို ဝိုင်းဆုတောင်းပေးဖို့ ၊ ဝိုင်းကာကွယ်ပေးဖို့ လိုတယ်လို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံရေးသမား မဟုတ်တဲ့ အိုက်ပန်ကတော့ နိုင်ငံရေးအကျဉ်းသားခေါင်းစဉ်နဲ့ ပြန်လွှတ်လာခဲ့ပါပြီ။ နိုင်ငံရေးပုဒ်မနဲ့ တရားမစွဲခဲ့ဘဲ အခြားပုဒ်မတွေနဲ့ တရားစွဲခံရပြီးတော့ ပြစ်ဒဏ်ကျခံနေရတဲ့ တကယ့်နိုင်ငံရေး သမားတွေအတွက်တော့ ကျနော်တို့ အဖို့ အခုထိကို အိပ်မက်ဆိုးကြီးတစ်ခုလို ဖြစ်နေပါသေးတယ်။ စိတ်ထဲမှာ ပူပန်မှုတွေဖြစ်ပြီး အိပ်မပျော်နိုင်အောင် ဖြစ်ဆဲ ဖြစ်နေကြောင်းပါဗျာ ။

Sunday 2 March 2014

သစ္စာဖေါက် တဲ့ဗျာ

လွန်ခဲ့တာ ကြာလာပြီ ဖြစ်ပေမဲ့ တစ်ခါတစ်ခါမှာ ပြန်သတိရမိတာကြောင့် ဒီစာကို ရေးလိုက်တာပါ။

၂၀၀၃ -ခုနှစ်စ ဇန်နဝါရီလလောက်မှာ ဖြစ်ပါတယ်။ NLD က ဦးခင်ဝင်း ၊ အများက ဘိုးတော်ခင်ဝင်း လို့လူသိ များတဲ့ပုဂ္ဂိုလ်ဟာ ကျနော့်အိမ်ကို ရောက်လာပါတယ်။ ကျနော့်ဆီကို အရင်က သူနှစ်ကြိမ် သုံးကြိမ်လောက် ရောက်ဖူးနေ လို့ အတော်အတန် ရင်းနှီးပါတယ်။ ဒီလိုပါဘဲ ။ အဲဒီအချိန်တုန်းက ကျနော့်စီးပွါးရေးလုပ်ငန်းကလေးကလည်း အထိုက်အလျှောက်လေး ကောင်းနေတော့ လာသမျှ နိုင်ငံရေးဧည့်သည်တွေကို လက်ဖက်ရည်တိုက်၊ ထမင်းကျွေး၊ လမ်းစရိတ်ပေး ဆိုသလို တတ်နိုင်သမျှလေး ကူညီနေတဲ့ကာလမို့ နိုင်ငံရေးလောကက လူငယ်တွေ အတော်များများ လာကြပါတယ်။ အထူးသဖြင့် NLD လူငယ်တွေလာကြပါတယ်။ လူငယ်မိန်းကလေးတစ်စုဆိုရင် သူတို့နယ်မြို့ကိုလည်း မပြန်ရဲ ။ နေစရာကလည်း ဘုန်းကြီးကျောင်းမှာဘဲရှိ ၊ ဖြစ်ချင်တော့ သူတို့ကို လက်ခံနိုင်တဲ့ ဘုန်းကြီးကျောင်းကလည်း သန်လျင်မှာဖြစ်နေတယ်။ နေ့ခင်းဘက်တော့ NLD ရုံးမှာ အလုပ်လုပ်ကြတယ်။ ညတော့ သန်လျင်ပြန်အိပ်ကြတယ်။ အခက်အခဲက အသွားအပြန် လမ်းစရိတ်မရှိတာပါ လို့ပြောပြီး အကူအညီတောင်းတယ်။ အဲဒါတွေ ကူညီစီစဉ်ပေးရတာ မျိုးပေါ့။ လူမသိ သူမသိကူညီတာမျိုးပါ။ အဲဒီလိုဆိုတော့ အဝင်အထွက်တွေက အမြဲလိုလို ရှိနေတတ်ပါတယ်။

ဘိုးတော်ခင်ဝင်း လာတာလည်း တကယ်တော့ မဆန်းလှပါဘူး။ ဒါပေမဲ့ ဒီတစ်ခါ သူက ထူးထူးဆန်းဆန်း အကူ အညီတောင်းပါတယ်။ ကွန်ပျူတာနဲ့ စာတစ်စောင် ရိုက်ပေးဖို့ပါ။ တစ်ခြား ဘယ်မှာမှ ရိုက်လို့မရလို့ပါလို့လည်း ပြောပါ တယ်။ သူပြတဲ့စာကို ကြည့်လိုက်တော့ - ခေါင်းစဉ်က ကျောင်းသား-သံဃာ တပ်ပေါင်းစု သမဂ္ဂ လို့ မှတ်မိပါတယ်။ စာသား ကတော့ အခုအခါ အမေရိကန်တပ်များအနေနဲ့ အာဏာရှင် ဆတ်ဒမ်ဟူစိန်ရဲ့ အီရတ်နိုင်ငံကို ထိုးစစ်ဆင်ဖို့ပြင်နေတယ်။ အာဏာရှင်ကို ဖြုတ်ချဖို့ ဖြစ်တယ်။ ကိုယ်တို့ မြန်မာနိုင်ငံဟာလည်း အာဏာရှင်များရဲ့ ဖိနှိပ်မှုအောက်မှာမို့ အီရတ်ပြည်သူ တွေနဲ့ ဘဝတူတွေဖြစ်တယ်။ ဘဝတူ အီရတ်နိုင်ငံသားတွေ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ အမေရိကန်တပ် ဖွဲ့တွေ အီရတ်ကို စစ်ဆင်ရေးလုပ်မယ့်ကိစ္စကို ထောက်ခံလိုက်တယ် ဆိုတဲ့သဘောမျိုးပါတဲ့စာ ဖြစ်ပါတယ်။ ခပ်တိုတိုနဲ့ A-4 စာမျက်နှာ တစ်ဝက်လောက်ဘဲ ရှိပါတယ်။ ကျနော်က ဘိုးတော်ခင်ဝင်းကိုမေးပါတယ်။ ခင်ဗျားစာကို ရိုက်ပေးတာ မခက်ဘူး။ လုံခြုံရေးက ဘယ်လိုလဲလို့ မေးတော့ သူက လုံခြုံရေးကို သူတာဝန်ယူကြောင်း ဘယ်သူမှ အသိမပေးပါ ဆိုတဲ့ အကြောင်း အာမခံပါတယ်။

ကျနော်ကလည်း စာက မြန်မာနိုင်ငံနဲ့လည်း တိုက်ရိုက်မပတ်သက်တာကြောင့် ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး အလွယ်တကူဘဲ ကိုယ်တိုင်ရိုက်ပေးလိုက်ပါတယ်။ သူပြန်ခါနီးတော့ ကျနော့်လုံခြုံရေးကို ခင်ဗျားတာဝန်ယူတယ်နော် လို့ တောင်ထပ်ပြီး မေးလို့ သူက စိတ်ချစမ်းပါဗျာ လို့တောင် စိတ်မရှည်သလိုနဲ့ ပြောသွားပါသေးတယ်။

၂၀၀၃- ဖေဖေါ်ဝာရီလ (၇) ရက်နေ့ မှတ်မှတ်ရရ အဲဒီနေ့က ရှမ်းပြည်နယ်နေ့ ကျင်းပဖို့ ၉-မိုင် ရှမ်းဘုန်းကြီး ကျောင်းဝင်းထဲမှာ ပြင်ဆင်နေကြလို့ လူစည်ကားနေတဲ့နေ့ပါဘဲ။ မနက် ရှစ်နာရီလောက်မှာ ထောက်လှမ်းရေးတပ်အမှတ် (၆)က တပ်ရင်းမှူး ဗိုလ်မှူးစည်သူက ကျနော်ဆီ ထူးထူးခြားခြား ဖုန်းဆက်ပါတယ်။ အစ်ကို- ခင်ဗျား ကမ္ဘာအေး ဘုရားလမ်း ၁၀၆ မှတ်တိုင်နားက အမှတ်(၁၂) ထောက်လှမ်းရေးတပ်ကို သိသလား လို့မေးပါတယ်။ ကျနော်က သိပါတယ်လို့ပြောတော့ အဲဒီက တပ်မှူး ဗိုလ်မှူးနေစိုး ကို အစ်ကိုသွားတွေ့ပေးပါလား လို့ပြောပါတယ်။ ကျနော်က ဘယ်တော့လဲ လို့ ပြန်မေးတော့ သူက အခုချက်ချင်းပါဘဲ ဆိုတာနဲ့ ကျနော်က ဟုတ်ပါပြီဗျာ လို့ ပြောလိုက်ပါတယ်။ စိတ်ထဲကတော့ ထူးထူး ခြားခြား ဖြစ်လို့ တစ်မျိုးတော့ ဖြစ်မိသား။ ဒါပေမဲ့ ကျနော်ကလည်း နိုင်ငံရေးလောကထဲမှာသာ နေနေတာ ဘာကိုမှ ထူးထူး ခြားခြား သျှို့ဝှက်လုပ်ကိုင်တာမျိုး မရှိခဲ့တော့ ခပ်အေးအေးဘဲ ကျနော့် ပါပလစ်ကာ ကားလေး ကို မောင်းပြီး ထောက်လှမ်း ရေး(၁၂) ကိုသွားလိုက်ပါတယ်။

ဗိုလ်မှူးနေစိုးနဲ့တွေ့တော့ သူက SB တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူနာမည်ကို ကျနော် မမှတ်မိတော့ ပါဘူး။ နောက်တော့ စာတစ်စောင်ထုတ်ပြပြီး အဲဒီစာ အစ်ကို ရိုက်ပေးတာလား- လို့မေးပါတယ်။ ကျနော်ယူကြည့်လိုက် တော့ ကျနော်ရိုက်ပေးလိုက်တဲ့စာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျနော့်ကွန်ပျူတာထဲမှာ အဲဒီစာ မိတ္တူ မရှိတော့ပါဘူး။ စာက တိုတော့ ကျနော် save လုပ်မထားပါဘူး။ နောက်တစ်ချက်က ဘိုးတော်ခင်ဝင်းက ကျနော့်လုံခြုံရေးကို အာမခံထားတာကို ကျနော်က အဲဒီိအချိန်အထိ ယုံကြည်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မဟုတ်ကြောင်း ငြင်းလိုက်ပါတယ်။ နောက်တော့ သူက အထဲမှာရှိတဲ့ ဘိုးတော်ခင်ဝင်းကို ကျနော့်ဆီခေါ်လာပါတယ်။ ဘိုးတော်က အကုန်ပြောပြီးပြီ။ အစ်ကိုညာလည်း အပိုဘဲ ။ အခုကြည့် သူ့ကိုရိုက်ထားတာ၊ ညှင်းပန်းထားတာ ဘာမှ မရှိဘူး။ ကဲဗျာ ဦးခင်ဝင်း အခု ဒီစာကို ဘယ်သူရိုက် ပေးသလဲဆိုတာကို ပြောပြလိုက်ပါ လို့ တဆက်ထဲ ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ ခုနက မိတ်ဆက်ပေးတဲ့ SB က စား ပွဲအစွန်းကို သွားပြီး သူ့မျက်နှာကို စားပွဲကြမ်းပြင်နဲ့ တစ်ပြေးထဲထားပြီး ကျနော်မျက်နှာကို စူးစိုက်ကြည့်နေတယ်ဗျ။ မျက်နှာ အမူအရာကို အကဲခတ်တဲ့ သူတို့ရဲ့ နည်းနာတစ်ခု ဖြစ်မယ်ထင်ပါတယ်။

ကိုခင်ဝင်းကို ကျနော်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက ရီဝေနေပါတယ်။ ကျနော့်ကိုလည်း ဆွေးဆွေးမြေ့မြေ့ ကြီးကြည့်နေတာတွေ့ရတယ်။ ပြီးတော့မှ "အဲဒီစာကို ဦးညွန့်လွင် ရိုက်ပေးတာပါ " လို့ဖြေလိုက်တယ်။ ကဲ...အစ်ကို ဘာပြောအုန်းမလဲလို့ ဗိုလ်နေစိုးကပြောပါတယ်။ ကျနော်စိတ်ပျက်သွားပါတယ်။ ဒါပေမဲ့ မထူးတော့တဲ့အတူ ဆက် ငြင်းဆန်လိုက်ပါတယ်။ ဘိုးတော်ခင်ဝင်း ပြောတာကလွဲပြီး တစ်ခြားဘာသက်သေမှ မရှိဘူးဆိုပြီး အားတင်း လိုက်ရတာပေါ့။ အဲဒီမှာ ဗိုလ်မှူးနေစိုး အလုပ်ရှုပ်နေပါပြီ။ သူ့ ဆဲလ်ဖုန်းသေးသေးလေးကို ပါးစပ်နားကပ်ပြောလိုက် ၊ နောက်အပေါ်ဖက်ကို ဆပ်ကနဲရွေ့ပြီး နားနားကပ် နားထောင်လိုက်နဲ့ အတော်အလှုပ်ရှုပ်နေပါပြီ။ မကြာပါဘူး။ သူ့တပည့် တစ်ယောက်ရောက်လာပြီး ကျနော့်ကို ခေါ်သွားပါတယ်။ ပြီးတော့ သံမဏိတွေကာထားတဲ့ အချုပ်ခန်းထဲကို ထည့်လိုက်ပါ တော့တယ်။ အိပ်ရာနဲ့ ကုတင်လည်းရှိတယ်။ ကဲ မထူးတော့ပါဘူး ဆိုပြီး အဲဒီမှာဘဲ လဲအိပ်နေလိုက်တယ်။ ကျနော့်ကို ထားတဲ့အခန်းက သံမဏိထူထူကြီးနဲ့ ပတ်ပတ်လည်ကာထားတာဗျ ။ သံတိုင်ကာထားတဲ့ပြူတင်းပေါက်တစ်ခုရှိတယ်။ ဝင်/ထွက်ပေါက်တစ်ခု ရှိတယ်။ အပြင်ကနေ အထဲကို ချောင်းကြည့်နိုင်တဲ့ မှန်ကာအပေါက်တစ်ခု ရှိတယ်။ ကျန်တာက ဘေးပတ်ပတ်လည်နဲ့အပေါ်ကို သံမဏိပြားဆေးသုတ်ပြီးကာထားတာဗျ။ ကျနော့်မှာ ထူးခြားတာ တစ်ခုရှိ ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို ကျနော့်ကြောက်စိတ် မရှိတတ်ပါဘူး။ ခပ်အေးအေးနဲ့ ရင်ဆိုင်တတ်တာ ကျနော်အကျင့်ပါ။ ညနေကြတော့ ခြင်ထောင်နဲ့ ခေါင်းအုံးလာပေးပါတယ်။ ည သန်းခေါင်ကြတော့ အရပ်ဝတ်နဲ့ နှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်ကိုတော့ အမျိုးသားညီလာခံတုန်းက ကျနော်မျက်မှန်းတန်းမိထားတယ်။ သူကလည်း ကျနော့်ကို မြင်တော့ အတော်အားနာသွားတယ် ထင်ပါတယ်။ စကားတစ်ခွန်းမှ မပြောတော့ပါဘူး။

အကြီးအကဲ ဖြစ်ဟန်ရှိတဲ့ တစ်ယောက်က သူ့ နှစ်ထပ်လက်ဆွဲအိတ်ကြီးကို ဇစ်ဆွဲဖွင့်လိုက်၊ နောက်ပြန်ပိတ်လိုက်၊ နောက်တစ်ခါ ပြန်ဖွင့်လိုက်နဲ့ ဘာတွေ ရှုပ်နေမှန်းမသိတော့ပါဘူး။ စားပွဲတစ်လုံးရှေ့မှာ တစ်ဖက်စီ ထိုင်ပြီးတဲ့အခါ သူက စပြီးမေးပါတယ်။ ကျနော်က ဘာမှ မဖြေပါဘူး။ သူနှစ်ခွန်းသုံးခွန်းလောက် မေးပြီးတဲ့အခါမှာ ကျနော်က "ပထမဆုံး ကျနော့်ကို ခင်ဗျားတို့ဘယ်အဖွဲ့အစည်းကလဲ ဆိုတာ ပြောပြပါအုန်း" လို့လည်း ပြောလိုက်ရော အဲဒီလူ ဒေါသပုန်ထ ပါလေရောဗျာ။ ကျုပ်ကိုဘယ်တရားခံကမှ ဒီလိုမမေးဘူး၊ ကျုပ်ဘယ်သူဆိုတာလည်း ပြောစရာ မလိုဘူး။ စသဖြင့် ဒေါကန်ကန်နဲ့ ပြောတော့တာပါဘဲ။ ကျနော်ကလည်း ခင်ဗျားဘယ်သူမှန်း မသိဘဲ ကျနော်က ယုံယုံကြည်ကြည်နဲ့ ဘယ်လိုလုပ်ဖြေ နိုင်မှာလဲ လို့ပြန်ပြောတာပေါ့။ အဲဒီအချိန်တုန်းက သူသာကျနော့်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ရင် ကျနော်လည်းဘဲ ဘယ်လိုဖြစ်ဖြစ် ပြန်ပြီးတီးလိုက်မယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ။ အဲဒီလိုဆိုရင် ကိုယ်ဘဲ ခံရမယ်ဆိုတာလဲ သိထားပြီးသားပါ။ ကံကောင်းတာက အဲဒီလူ ကျနော့်ကို ဘာမှမလုပ်ဘဲ ဒေါပွပွနဲ့လျှောက်ပြောနေတာဘဲ ရှိခဲ့လို့ ရန်မပွါးခဲ့ရတာပါ။ ဒေါပွပွနဲ့ သူတို့ပြန်သွားပါတယ်။ ကျနော်လည်း စိတ်အေးလက်အေးနဲ့ အိပ်ပစ်လိုက်ပါတယ်။ အိမ်မှာတော့ ရှမ်းပြည်နယ်နေ့ မို့ လူတွေစည်ကားနေပြီး ကျနော်အဖမ်းခံရတဲ့ သတင်းလည်း ပြန့်နှံ့သွားတော့မှာကိုလည်း အလိုလိုသိလိုက်ပါတယ်။ 

နောက်နေ့မှာ ကျနော်ဝမ်းပျက်သွားပါတယ်။ အဲဒီတပ်က ကျနော်နာမည် မမှတ်မိတဲ့ တပ်ရေးဗိုလ်ကြီးက ကျနော့် ဆီလာပြီး ဆေးပေးပါတယ်။ စားချင်တာ ရှိရင် တစ်ဆယ်နာရီတစ်ကြိမ် ၊ ညနေ သုံးနာရီတစ်ကြိမ် လာမေးတဲ့ ရဲဘော်ကို ပြောပေးဖို့ ပြောပါတယ်။ သူတို့က ကုက္ကိုင်းလမ်းဆုံက မောဝ်ရွှေလီ စားသောက်ဆိုင်က ဝယ်ကျွေးတာပါလို့လည်း ပြောလိုက်ပါသေးတယ်။ ဝမ်းသွားချင်ရင်လည်း အစောင့်ကို အချိန်မရွေးခေါ်ဖို့ ပြောပါတယ်။ အလွန်ဆက်ဆံရေးကောင်းပါတယ်။ နောက်တော့ အဲဒီထောက်လှမ်းရေးတပ်က တပ်ကြပ်ကြီးတစ်ယောက်က ကျနော့်ကို လာပြီး မေးတယ်။ ဝန်ခံလိုက်ဖို့ လည်း တိုက်တွန်းပါတယ်။ ကျနော်လည်း သူ့ကို ယဉ်ယဉ်ကျေးကျေးဘဲ ငြင်းဆန်နေခဲ့ပါတယ်။ သူက ဗိုက်ဆာရင် စားဖို့ဆိုပြီး ဖီးကြမ်းငှက်ပျောသီးတစ်ဖီးကို ပြူတင်းသံတိုင်မှာ လာချိတ်ပေးထားပါတယ်။

အဲဒီနေ့ညဘက်မှာ တစ်ဖက်မျက်နှာချင်းဆိုင် အခန်းဆီက မိန်းမတစ်ယောက် ငိုသံကြားနေရပါတယ်။ လူသံတွေလည်း ကြားနေရပါတယ်။ ညကြီးပိုင်းကြတော့ မနေ့က ဒေါပွပြီး ပြန်သွားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ထဲ ပြန်လာပါတယ်။ ဒီတစ်ခါတော့ အေးအေးဆေးဆေးပါဘဲ။ သူက SB က ရဲအုပ်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ ကျနော်သာ အမှတ်မမှားရင်သူက ရဲအုပ်ကျော်ကျော်ထွန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော့်ဆီက သူလိုချင်တဲ့ အဖြေရမသွားပါဘူး။ ဒီလိုနဲ့ ညတိုင်းညတိုင်း မိန်းမငိုသံနဲ့ ညတွေကို ဖြတ်သန်းခဲ့ပါတယ်။ နောက် လေးရက်လောက်နေတော့ ကျနော့်ကို ရုံးထဲခေါ်လာပါတယ်။ ပြီးတော့ သီးသန့်ခန်းမှာ ကျနော့်ဇနီးနဲ့ တူတော်မောင်ကို ကျနော်နဲ့ ပေးတွေ့ပါတယ်။ အခန်းနားမှာ လာထိုင်တဲ့ ရဲဘော်တွေကိုလည်း မောင်းထုတ်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ အသံဖမ်းစက် ရှိပြီးသားလို့ ယူဆထားပါတယ်။ ဒါပေမဲ့ ကျနော့်မှာ သျှို့ဝှက်စရာက ဘာမှမရှိဘူးလေ။ ကျနော့်ဇနီးနဲ့ ကျနော့်တူအောင်မိုး တို့နဲ့တွေ့တော့မှ ကျနော်အိမ်မှာရှိတဲ့ ကျနော့် ကွန်ပျူတာကို လာဖွင့်ပြီး ရှာတဲ့အကြောင်း၊ အိမ်က ကလေးတစ်ယောက်ကို ခေါ်ထားတဲ့အကြောင်း၊ ကျနော့်အိမ်ကနေ လားရှိုးကို ခဏပြန်သွားတဲ့ အေထူး ဆိုတဲ့ လူငယ်ကိုလည်း လားရှိုးမှာ ဖမ်းထားတဲ့အကြောင်းတွေ သိလာရတယ်။ လားရှိုးက ကျနော်သူငယ်ချင်းတစ်ယောက်ရဲ့ ဇနီးလည်း ဈေးသွားတုန်း သေနတ်ပစ်ခံရလို့ ကွယ်လွန်တဲ့အကြောင်းတွေ သိခဲ့ရတယ်။ သတင်းတွေနဲ့အတူ ကျနော့်အတွက် အဝတ်အစားတွေ၊ ဆေးဝါးတွေလည်း ရခဲ့တယ်။ အဲဒီတပ်ကို ကျနော် ရောက်ကတည်းက ဒီအတိုင်းမထိမတို့ ရပ်ထားခဲ့တဲ့ ကျနော့် ပါပလေကာ ကားကိုလည်း အိမ်ကို ပြန်မောင်းယူဖို့ ကျနော့် ယောက်ဖ စိုင်းဝဏ္ဏကို ခေါ်နိုင်ခဲ့တယ်။

သူတို့ရဲ့ နည်းဗျူဟာ အောင်မြင်သွားပါတယ်။ အိမ်က ကလေးတွေကို ဖမ်းတယ်ဆိုတော့ ကျနော်စဉ်းစားရပါပြီ။ ကျနော်ဆက်ပြီး ငြင်းနေမယ်ဆိုရင် ကျနော့်ကလေးတွေကို သူတို့ အကြောင်းမဲ့ ပြဿနာရှာ နေတော့မယ်။ ဘာမဟုတ်တဲ့ စာတစ်ပိုင်းရဲ့ ပြဿနာက ဘာကြောင့် ဒီလောက်တောင် ကြီးထွားလာရတာလဲ။ ဒါနဲ့ဘဲ ကျနော့်ဆီ လာလာမေးနေတဲ့ တပ်ကြပ်ကြီးကို ကျနော်ကိုယ်တိုင်ရိုက်ပေးခဲ့တာ ဖြစ်ကြောင်း၊ ဘိုးတော်ခင်ဝင်း ပြောတဲ့အတိုင်း အမှန်ဖြစ်ကြောင်း ဝန်ခံချက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ပြီးမသွားဘူးဗျ။ ဘိုးတော်ခင်ဝင်းက ဘာကြောင့် ဒီလို စာလာရိုက်ခိုင်းပြီး ဘာကြောင့် ချက်ချင်းဖေါ်ပြောရတာလဲ။ ဒါကိုချည်းထပ်တလဲလဲ မေးတော့တာပါဘဲ။ တကယ်တော့ ကျနော်လည်း ဘယ်လိုလုပ်သိနိုင် မှာလဲဗျာ။ NLD နဲ့ နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိသလား။ မရှိပါ။ ဘိုးတော်ခင်ဝင်းနဲ့ ရန်ငြိုးရန်စ ရှိခဲ့သလား။ မရှိခဲ့ပါ။ ဘိုးတော်က ခင်ဗျားကို ထောင်ချချင်လို့ တမင်လုပ်တာဆိုရင် ဘယ်လိုဖြေမလဲ။ မသိပါ။ မေးခွန်းတွေက ပိုလို့တောင်မှ ဖြေရခက်နေ ပါတော့တယ်။ အမျိုးသားညီလာခံ ပြန်စတော့မယ်ဆိုတာ သိသလား။ မသိပါ။ ခင်ဗျားကိုယ်တိုင် ယခုတိုင် အမျိုးသားညီလာခံ ကိုယ်စားလှယ်တစ်ယောက် ဖြစ်နေသေးတယ် ဆိုတာ သိပါသလား။ ဟုတ် သိပါတယ်။ ခင်ဗျားကို ညီလာခံ ပြန်မတက်နိုင်အောင် တမင်လုပ်လိုက်တယ်လို့ရော မယူဆဘူးလား။ မသိပါ။ ပိုပြီးတော့ ဆိုးလာတော့တာပါဘဲဗျာ။ သူတို့ ဘာကိုများ အသဲအသန် သိချင်နေမှန်း ကျနော်လည်း မမှန်းဆနိုင်တော့ပါဘူး။ 

ပြည်ထောင်စုနေ့လို့ ထင်ပါတယ်။ ကိုးနာရီကျော်လောက်မှာ သူတို့အခေါ်အရတော့ ဗိုလ်ကြီးဆိုတဲ့ အရပ်ဝတ် တစ်ယောက် နဲ့ ကျနော့်ကို တွေ့ပေးပါတယ်။ အဲဒီ ဗိုလ်ကြီးရဲ့ စလွန်းကားရှေ့ခန်းကို တက်ခိုင်းပါတယ်။ မကြာပါဘူး။ နောက်ခန်းကို အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား တစ်ယောက်တက်လာပါတယ်။ လမ်းက ခပ်ရှင်းရှင်းဆိုတော့ အဲဒီဗိုလ်ကြီးဆိုတာ မောင်းတဲ့ ကားမောင်းနည်းမျိုး ကျနော့်တစ်သက် တစ်ခါမှ မတွေ့ဖူးပါဘူး။ မီးပွိုင့်ကို ရပ်ချင်မှ ရပ်ပါတယ်။ လက်တစ်ဖက်ကလည်း ကျွဲရိုင်းဗူးကို ကိုင်ထားပြီး တစ်ချက်တစ်ချက် မော့သောက်နေပါတယ်။ ဒီကြားထဲ ဖုန်းဝင်လာရင် လက်ကိုင်ဘီးကို လွတ်ထားပြီး စကားပြောပါသေးတယ်။ ဒီလိုနဲ့ မောင်းလာလိုက်တာ ဆူးလေဘုရားလမ်းနဲ့ ကမ်းနားလမ်း ဒေါင့်က မဆလ-ပါတီ ဌာနချုပ်ရုံးအဟောင်းမှာ ရှိတဲ့ တရားရုံးကို ရောက်လာပါတယ်။ ရုံးပိတ်ရက်ကြီး ဘယ်လိုလုပ် တရား ရုံးဖွင့်မယ် ထင်ပါသလဲ။ တရားသူကြီးမက သန်လျင်မှာနေပါတယ်တဲ့။ အဲဒါကို ဖုန်းဆက်ခေါ်ထားတယ်တဲ့။ ဘီးလစ်စာရေးမ ကတော့ရောက်နေပါပြီ။ တရားသူကြီးကို စောင့်နေရတုန်း အခွင့်အရေးပေါ်လာခိုက်မှာ ပါလာတဲ့ အမျိုးသားကို မေးကြည့်ပါတယ်။ သူက မင်္ဂလာဈေးက ဖြစ်ပြီး ငွေလွဲထုတ်ပေးလို့ ဖမ်းထားတာလို့ ပြောပါတယ်။ အမျိုးသမီးကတော့ မမေးခင်ကတည်းက ပြောချင်နေပါပြီ။ သူက ရွှေဂုံတိုင်မှာ မိတ္တူကူးစက်ဖွင့်ထားတာပါ တဲ့။ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေဆိုရင် ကူးပြီးတိုင်း အပိုတစ်စုံ အမြဲပိုကူးပြီး ထောက်လှမ်းရေးကို ပေးရပါသတဲ့။ အဲဒီလို အမြဲပေးနေပါလျက်နဲ့ အခုတစ်ခါတော့ ဖမ်းတဲ့အထဲ ပါလာတာပါတဲ့။ သူတို့ကိုလည်း ခိုးပေးရသေးတယ်။ သူတို့ကဘဲ ဖမ်းတယ်။ ကျေးဇူး မသိဘူး။ ကတိဖျက်တယ် စသဖြင့် ခရားရေသွန် ပြောတော့တာပါဘဲ။ သူမ လုပ်ငန်းက NLD ရုံးနားလည်း နီးတော့ အဲဒီက နိုင်ငံရေး စာရွက်စာတမ်းတွေကို ထောက်လှမ်းရေးက ရယူနေတာတွေပေါ့ဗျာ ။ ဒီလိုနဲ့ ဘယ်သူမှ မရှိတဲ့ တရားရုံးမှာ ဝန်ခံချက်ပေးခဲ့ရတယ်။ ပြည်ထောင်စုနေ့ကြီးမှာမို့ တရားဝင်/မဝင် ကျနော်လည်း မပြောတတ်တော့ပါဘူး ။

ဒီလိုနဲ့ အိပ်လိုက် / စားလိုက် ။ မေးခွန်းတွေမေးလိုက် မဖြေတတ်လိုက်နဲ့ နေလာလိုက်တာ ၁၇-ရက်နေ့ တစ်ခုသော မနက်မှာ တပ်ရေးဗိုလ်ကြီးဆိုတာက ကျနော့်ဆီရောက်လာပါတယ်။ ၇-မိုင်က နာမည်ကြီးလက်ဖက်ရည်ဆိုင် က ပေါက်စီတွေဝယ်လာပါတယ်။ အခုဘဲ ဗိုလ်ချုပ်နဲ့တွေ့ရတယ်။ ဗိုလ်ချုပ်က မှာလိုက်ပါတယ်။ အစ်ကိုကြီးကို အရေးမယူဘူးလို့ပြောလိုက်တယ်။ စိတ်အေးအေးထားပါ။ ဗိုလ်ချုပ်က ဒါအမျိုးသားညီလာခံကို တမင်ကြံရွယ် နှောက်ယှက်တာလို့ ယူဆထားပါတယ် လို့ပြောပါတယ်။ ကျနော်က ဘယ်ဗိုလ်ချုပ်လဲဗျ လို့မေးတော့ သူက ဘာမှမပြောတော့ပါဘူး။ အမှန်ကို ပြောရရင် အဲဒီအချိန်မှာ ကျနော်ဘာကိုမှ မစဉ်းစားတတ်တော့ပါဘူး။ အဲဒီ ကိစ္စထဲမှာ ကျနော်က စာတိုကလေးတစ်စောင် ရိုက်ပေးခဲ့တာဘဲ ရှိပါတယ်။ ဒါကလွဲပြီး ဘာဆိုဘာမှ မသိပါဘူး။ ကျနော်ရိပ်မိတာကတော့ ကျနော်ရိုက်ပေးတဲ့စာကို ဘိုးတော်ခင်ဝင်းတို့က ရွှေဂုံတိုင်မှာ သွားကူးတယ်။ မိတ္တူပွါးတယ်။ ထုံးစံအတိုင်း အမျိုးသမီးက ထောက်လှမ်းရေးကို အပိုတစ်စောင်ပေးတယ်။ ကျနော်သိတာ ရိပ်မိတာ ဒါဘဲ ရှိပါတယ်။

 ဖေဖေါ်ဝာရီလ ၁၈-ရက်နေ့ ညနေပိုင်းမှာတော့ အင်းစိန်ထောင်ကိုသွားမယ်ဆိုပြီး တပ်က တီ-တူးတောင်ဇင်ကား ရှေ့ခန်းမှာ တက်ခိုင်းပါတယ်။ နောက်တော့ အနောက်ဖက်မှာ လက်ထိပ်ခတ်ထားတဲ့ တရုတ်အဘိုးကြီးတစ်ယောက်ကို တင်ပါတယ်။ အင်းစိန် တွဲဘက်ထောင်ကို ရောက်တော့ မိုးချုပ်လုလုပါ။ ကျနော်နဲ့အတူပါလာတဲ့ တရုတ်အဘိုးကြီးက သူဘာမှ မစားရသေးဘူး လို့ပြောပါတယ်။ ဒါနဲ့ တပ်မိသားစုတွေ နှမ်းမနှဲထိုးလို့ ကျနော်အတွက် လာပေးထားတဲ့ နှမ်းမနှဲ ထုပ်ကို ပေးလိုက်ပါတယ်။ ကျနော်ကတော့ ဘာမှစားချင်စိတ် မရှိတော့ပါဘူး။ နာမည်မေးတော့ အဲဒီ အဘိုးကြီးက ကြယ်နီ (ခ) ဘိုးအေး လို့ဖြေတယ်။ အဲဒီမှာ သူ့နာမည်ကို သိလိုက်ရတယ်။

တွဲဘက်ထောင် တိုက်(၁) က အခန်းတစ်ခန်းမှာ နေရာချထားတယ်။ ကျနော် ဝင်လာတော့ ကျနော့်ကိုထားတဲ့ အခန်းရဲ့ ဘယ်ဖက်ခန်းမှာ ဘိုးတော်ခင်ဝင်းကို တွေ့လိုက်တယ်။ သူကလည်း ကျနော့်ကို ပြူးပြီးကြည့်နေတယ်။ ကျနော် သူ့ကို ဘာမှမပြောတော့ပါဘူး။ ညဘက်ရောက်တော့ ဘိုးတော်ခင်ဝင်းအခန်းဘက်ကနေ သီချင်းတွေဆိုတော့တာဘဲ။ သီချင်းက ဖျက်ပြီးဆိုတာပါ။ မှတ်မိသလောက် ယောင်္ကျားဆိုရင် မကြောက်ရကြောင်း ၊ သတ္တိ ရှိရမယ့်အကြောင်းတွေပါ။ သူ ဘာကို ရည်ရွယ်မှန်းကျနော်မသိပါ။ ကျနော့်မှာကတော့ ပါလာတဲ့ ပုဆိုးနှစ်ထည်နဲ့ မျက်နှာသုတ်ပုဝာတစ်ထည်ကို ခန္ဓာကိုယ် လုံခြုံရေးအတွက် ဘယ်လိုကာကွယ်ရမယ်ဆိုတာ အကြံထုတ်နေရတာမို့ သိပ်သတိမထားမိတော့ပါဘူး။

 ထောင်ကပေးတဲ့ စောင်အစုတ်ကို ခေါက်ပြီး ခေါင်းအုံးလုပ်။ ပုဆိုးနှစ်ထည်ကို ခြေထောက်ကနေ လည်ပင်းလုံ အောင်ခြုံ ၊ မျက်နှာပေါ်ကို မျက်နှာသုတ်ပုဝာ ခြုံ အိပ်တာပါ။ ဒါတောင် နည်းနည်းမှ မလှုပ်ရဲပါဘူး။ လှုပ်တာနဲ့ ခြင်က ပြေးဝင်လာတော့တာ။ အဲဒီလောက် လုံလုံခြုံခြုံ ခြုံထားတာတောင်မှ ကြမ်းပြင်နဲ့လွတ်နေတဲ့နေရာကနေ ခြင်တွေက လမ်းလျှောက်ဝင်လာသေးတာဗျ။ ဒီခြင်တွေကလည်း သူတို့အသက်မွေးဝမ်းကျောင်းအတွက် ပညာတွေ တတ်နေပြီလို့ ယူဆရ မှာပါ။ ဘယ်လိုဝင်ပြီး ကိုက်မယ်ဆိုတာ တခြားခြင်တွေကို မသိတာ ထောင်ထဲကခြင်တွေက ပိုသိတယ်လို့ ကျနော်ထင်မိပါတယ်။ အဲသလိုနဲ့ ဖြတ်သန်းရတဲ့ ညတာရှည်ကြီးတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကျနော့်ကိုယ်တော့ ကျနော်ကောင်းကောင်း ထိန်းကျောင်းနိုင်ပါတယ်။ ထူးထူးခြားခြား တုန်လှုပ်မှု မဖြစ်ခဲ့ပါဘူး။ နောက်တစ်နေ့မှာ ကျွေးတဲ့ ထမင်းကတော့ လတ်တလောဘယ်လိုမှ စားမဝင်ပါဘူး။ အတော်ကို ဆိုးဝားပါတယ်။ အသက်ဆက်နိုင်လောက်ရုံတော့ ကျနော်စားထားခဲ့ပါတယ်။ ရေချိုးချချိန်မှာတော့ အခန်းတွေရှေ့ကို ဖြတ်ရပါတယ်။ အဲဒီတော့မှ ကျနော် ကိုထွန်းရင်ကိုတွေ့ပါတယ်။ သူက ရခိုင် လူမျိုး ဒလဘက်ကမ်းမှာနေတယ်။ NLD အဖွဲ့ဝင် ဖြစ်တယ်။ သူက ကျနော့်ကိုတွေ့တော့ အတော့်ကို ဝမ်းသာနေပုံရ ပါတယ်။ သွားအဖြီးသားနဲ့ အားပေးပါတယ်။ သူ့ကို လက်မထောင်ပြလိုက်ပါတယ်။ အပြန်မှာတော့ မနေ့ညက ကျနော်နဲ့ ပါလာတဲ့ ဦးဘိုးအေးကိုတွေ့ပါတယ်။ နောက်ပြီးတော့ ကိုအောင်ထိုက် (စိတ်တိုင်းကျ လက်ဖက်ရည်) ကိုတွေ့ပါတယ်။ သူ့ကိုတွေ့တော့ ကျနော်အံ့သြသွားပါတယ်။ ဟို ငွေလွဲပေးလို့ ဆိုတဲ့ အမျိုးသားကြီးကိုတော့ ကျနော်မတွေ့မိဘူး။ အရိုးသားဆုံးဝန်ခံရရင် သူတို့တတွေဟာ ကျနော်နဲ့ အမှုတွဲတွေ ဖြစ်တယ်ဆိုတာ ကျနော်လုံးဝမသိသေးပါဘူး။ နောက် တစ်ဆယ်နှစ် နီးပါးကြာပြီး ပြန်တွေ့တော့မှ အမှုတွဲတွေဖြစ်မှန်း ကိုအောင်ထိုက်ပြောပြမှ သိရပါတယ်။ နောက်ဆယ်နှစ်ကျော်တော့မှ NLD (LA) က ကိုထွန်းအောင်ကျော်နဲ့ ဇင်းမယ်မှာတွေ့တော့မှ သူတို့က ဘိုးတော်တို့ဆီ ငွေလွဲပေးခဲ့တယ်ဆိုတာ သိရပါတယ်။ ဘာအတွက် လွဲပို့တာလဲဆိုတာတော့ ကျနော်လည်း မေးမနေတော့ပါဘူး။ အဲဒီတုန်းက ကိုထွန်းအောင်ကျော်ကတော့ ဘာမှမဆိုင်ဘဲ ခင်ဗျားကြားညှပ်သွားရတာ စိတ်မကောင်းတဲ့အကြောင်း ပြောနေပါသေးတယ်။

ဒုတိယညကြတော့ အတော်ကို အထာကျသွားလို့ အတော်လေးအိပ်ပျော်ခဲ့ပါတယ်။ နောက်တစ်နေ့ ဆယ်နာရီ လောက်မှာ ကျနော့်ကိုလာခေါ်ပါတယ်။ အလယ်က အဆောင်တစ်ခုမှ ထိုင်ခိုင်းထားပါတယ်။ အတော်ကိုကြာပါတယ်။ နောက်တော့ ကိုရိုလာ စလွန်းကားတစ်စီး ထောင်ထဲဝင်လာပါတယ်။ အဲဒီကားမောင်းလာတဲ့လူက ကျနော့်ကို လာနှုတ်ဆက်ပြီး သူ့ကိုယ်သူ ဒီထောင်က တာဝန်ခံ ထောက်လှမ်းရေးက ဗိုလ်ကြီးစိုးမောင်မောင် လို့ပြောပါတယ်။ နောက်တောာ့ ကျနော့်ကို သူ့ကားနဲ့တင်ခေါ်လာပြီး တွဲဘက်ထောင်ကနေ ထွက်လာခဲ့ပါတယ်။ မောင်းလာပြီး ဗဟိုထောင်ဗူးဝထဲကို ကား မောင်းဝင်လိုက်ပါတယ်။ ကားကို တောက်လျှောက်မောင်းလာပြီး ဗဟိုကင်းမျှော်စင်ရဲ့ ညာဘက်ကို ကွေ့ပြီး ရပ်လိုက်ပါ တယ်။ အင်းစိန်ထောင်ရဲ့ နာမည်ကြီး ဗဟိုကင်းမျှော်စင်ကို ကျနော် ပထမဆုံးစပြီး မြင်ဖူးတာ ဖြစ်ပါတယ်။ ခြံစည်းရိုးနောက်က တိုက်ပုလေးဆီခေါ်သွားပါတယ်။ အဲဒီမှာ အရပ်ပုပု ကုလားဆင်ရုပ်နဲ့ အရာခံဗိုလ် တစ်ယောက်ကို အပ်လိုက်ပါတယ်။ အရာခံဗိုလ်က ဘယ်လိုမှ မအောင်းမေ့ပါနဲ့ဆိုပြီး ကျနော့်ကို ခေါင်းစွပ်တစ်ခုနဲ့ ခေါင်းကို စွပ်လိုက်ပါတယ်။ သူခေါ်ရာကို လိုက်ခဲ့ရပါတယ်။ ရှစ်ပေသွပ်ပြားတွေနဲ့ ဒေါင်လိုက် ပတ်လည်ကာထားတဲ့ ခြံဝင်းအလယ်မှာ လေးပင်သုံးခန်း၊ သွပ်မိုး ၊ ပျဉ်ကာထားတဲ့ အိမ်တစ်လုံးဆီကို ခေါ်သွားပါတယ်။ အိမ်ဝင်းထဲရောက်မှ ခေါင်းစွပ်ကို ချွတ်ပေးပါတယ်။ အဲဒီအိမ်မှာ ဝန်ထမ်းအချို့နဲ့ အကျဉ်းသားတွေ သန့်ရှင်းရေး လုပ်နေကြတယ်။ မီးဆင်သူက မီးဆင်နေကြတယ်။ အဲဒီမှာ တိုးအောင် ဆိုတဲ့ မွန်လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးပြီး သူက ခင်ဗျားကို စောင့်ရှောက်လိမ့်မယ်။ လိုတာရှိရင် သူ့ကိုခိုင်းလို့လည်း ပြောပါတယ်။ ပြီးတော့ ခေါင်းစွပ်စွပ်ရတာကတော့ဗျာ ဟိုမှာ ချီးထုပ်ကြီးတစ်ကောင်ရှိနေလို့ပါ ၊ သူက အမြဲ ပြဿနာရှာတတ်တယ်လို့လည်း ပြောသွားပါတယ်။

 နေ့ခင်းဘက် ကျနော်နဲ့အတူနေပြီး လုပ်ကိုင်စရာရှိတာကို လုပ်ကိုင်ပေးတဲ့ တိုးအောင်ဆိုတာက မွန်ပြည်နယ် ကမာဝတ်နားက ရွာတစ်ရွာကပါ။ သူက NLD က ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ နှစ်အတော်ကြာကြာနေခဲ့တဲ့အကြောင်းပြောပြပါ တယ်။ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ငယ်နာမည်ကလည်း သူ့နဲ့အတူတူ တိုးအောင် ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။ ခုနက အရာခံဗိုလ်ပြောတဲ့ ချီးထုပ်ဆိုတာကတော့ NLD ကလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) ဦးကျော်ဆန်း လို့ပြောပါတယ်။ အခုနေတဲ့အိမ်က နံပါတ်ခုနစ်အိမ် ဖြစ်တယ်။ ဟိုး နံပါတ် တစ်နဲ့နှစ် မှာကတော့ ဦးနေဝင်း မိသားစု ဖြစ်တဲ့ ဦးအေးဇော်ဝင်းနဲ့ သူ့သားသုံးယောက် နေတဲ့အကြောင်း ပြောပြတယ်။ နောက်ပြီးတော့ ဒီအကြောင်း နှုတ်လုံရမယ်လို့ သင်ကြားပေးပါသေးတယ်။ ထောင်ထဲမှာ နှုတ်မလုံရင် မလွယ်ဘူးလို့ သင်ခန်းစာ ပေးလိုက်ပါသေးတယ်။

အဲဒီအိမ်က အမြင်သာကောင်းပြီး အိမ်ထဲမှာကတော့ ခြင်တွေက ဖွဲဆုပ်ကို ကြဲလိုက်သလိုပါဘဲ။ ပုဆိုးနဲ့ခြုံအိပ်လို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ထောင်က ခြင်ထောင်နဲ့ခေါင်းအုံး ပေးလို့ အိပ်လို့ အဆင်ပြေသွားပါတယ်။ အဲဒီအိမ်အကြောင်းကတော့ အင်မတန်စိတ်ဝင်စားစရာကောင်းတာမို့ သူ့အကြောင်း သတ်သတ်ရေးပါအုန်းမယ်။

အင်းစိန်ဗဟိုအကျဉ်းထောင် အထူးဆောင်ထဲကို ကျနော်ရောက်သွားတာက ဖေဖေါ်ဝာရီလ (၂၀) ရက်နေ့ ဖြစ်တယ်။ တကိုယ်တည်းနေတာမို့ အေးအေးချမ်းချမ်း ရှိတယ်။ စာဖတ်ခွင့် ရှိလို့ အတော် အဆင်ပြေပါတယ်။ ပတ်ဝန်းကျင် ငှက်တွေနဲ့ အင်းဆက်တွေကို အသေးစိတ်ထိုင်ကြည့်နိုင်ခဲ့တယ်။ မကြာခင်မှာ တိုးအောင်မပြောဘဲ ချန်ထားတဲ့ ကပ်လျက် အိမ်နံပါတ်(၆) မှာ နေတဲ့ "ကင်မင်ချူး" နဲ့လည်း ခင်မင်သွားကြတယ်။ အာဇာနည်ကုန်းမှာ ဗုံးခွဲခဲ့တဲ့ ကိုးရီယားစစ်ဗိုလ်ပါ။ သူ့မှာ ဘယ်လက်လား/ညာလက်လား ကျနော်မမှတ်မိတော့တဲ့လက်တစ်ဖက်ရဲ့ တံတောင်အောက်အထိ လက်တစ်ဖက် မရှိတော့ပါဘူး။ မြန်မာစကားကိုလည်း အတော်ကျွမ်းနေပြီ။ မနက်မနက် အသံချဲ့စက်က လွှင့်ပေးတဲ့ ဗုဒ္ဓတရားတော် တွေထဲက အချက်တွေကိုတောင် မေးမြန်းတာတွေ ရှိခဲ့တယ်။

မမှတ်မိတော့တဲ့ ရက်တစ်ရက်မှာ ကျနော့်ကို ရုံးထုတ်ပါတယ်။ တရားရုံးဆိုတာကလည်း အကျဉ်းထောင် က ဇာတ်ရုံထဲမှာ ဖွင့်ထားတဲ့ တရားရုံးပါ။ နောက်ထပ် နှစ်နှစ်အကြာမှာ အဲဒီနေရာမှာဘဲ အမှုတွေ ရင်ဆိုင်ရအုန်းမယ်ဆိုတာ အဲဒီတုန်းက ဘယ်သိနိုင်ခဲ့မှာလဲ။ တရားရုံးမှာ ကျနော့်ကို ထွက်ဆိုခိုင်းတာ နဲ့ ဝန်ခံခိုင်းတာ တစ်ခုဘဲ ရှိပါတယ်။ တရားရုံးရှေ့က စာတိုကလေးကို ကျနော်ကိုယ်တိုင် ရိုက်ပေးခဲ့ပါတယ် ဆိုတာ တစ်ခုတည်း ဖြစ်ပါတယ်။ တခြားကိစ္စတွေ မေးရင်လည်း ကျနော်မသိတာမို့ ဖြေစရာလည်း မရှိပါဘူး။ တစ်ခုတည်းသော ဝန်ခံချက်နဲ့ ဖြေကြားချက်ဖြစ်ပါတယ်။ ခဏကလေးပါဘဲ။ တရားရုံးမှာ အဲဒီတစ်ကြိမ်ဘဲ ဘိုးတော်ခင်ဝင်း ၊ ကိုထွန်းရင်(ဒလ) နဲ့ ဦးဘိုးအေး တို့ကိုတွေ့ခဲ့တယ်။ ကျန်သူတွေကိုတော့ တွေ့လိုက်ပေမဲ့ ကျနော်တစ်ယောက်မှ မသိပါဘူး။ ဦးဘိုးအေးလည်း အဲဒီကြမှ ကိုယ်နဲ့ အမှုတွဲ ဆိုတာသိရတော့ အံ့သြရပါသေးတယ်။ ကိုအောင်ထိုက်ကိုလည်း အဲဒီမှာ မတွေ့မိပါဘူး။ ဟို ငွေလွဲပေးတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကိုလည်း မတွေ့မိဘူး။ မိတ္တူကူးပေးတဲ့ အမျိုးသမီးကတော့ မပါတာသေချာပါတယ်။ နောက်ရုံးချိန်းတွေမှာတော့ ကျနော့်ဇနီးနဲ့တွေ့ရုံ၊ စားစရာယူရုံပါဘဲ။ စာအုပ်ယူရုံပါဘဲ။ တရားခွင်ထဲကို ပေးမသွားတော့ပါဘူး။

ကျနော်ကတော့ မိသားစုနဲ့တွေ့ရတော့ ရုံးချိန်းရက်ကိုဘဲ မျှော်ရတာပေါ့။ မမျှော်လင့်တဲ့ ရုံးချိန်းရက်တစ်ရက်မှာ ကျနော့်ကို ပြန်ခေါ်သက်သေအနေနဲ့ စစ်စရာရှိတယ်ဆိုပြီး တရားစွဲအရာရှိ SB ရဲမှူးရဲညွန့်က ပြောပြီး ရုံးရှေ့ကို ခေါ်သွားပါတယ်။ အဲဒီမှာ ပြန်လှန်မေးခွန်းမေးတဲ့ရှေ့နေက ဦးခင်မောင်ရှိန် ဖြစ်ပါတယ်။ ဦးခင်မောင်ရှိန်က NLD အထောက်အကူပြုအဖွဲ့က ရှေ့နေတစ်ယောက်ပါ။ သူက အမှုနဲ့ လုံးဝမဆိုင်တဲ့ မေးခွန်းတစ်ခုကို ကောက်မေးလိုက်တယ်။ "ခင်ဗျား အနေနဲ့ လုပ်တုန်းကတော့ အတူတူလုပ်ကိုင်ခဲ့ကြပြီးမှ အပြစ်ဒဏ်ကြီးကြီး ကျခံရတော့မယ်မှန်း သိလိုက်တဲ့ အတွက် လုပ်ဖေါ်ကိုင်ဖက်တွေကို ထားခဲ့ပြီး သစ္စာဖေါက်တာလား" လို့မေးချလိုက်ပါတယ်။ ကျနော် အကြီးအကျယ် ဒေါသထွက် သွားပါတော့တယ်။ စိတ်အေးအေးနေခဲ့တာတွေ ပျောက်သွားပါတယ်။ "ဘာကိုမှ အတူတူ မလုပ်ခဲ့ဘူး။ စာတစ်စောင်ဘဲ ရိုက်ပေးခဲ့တာရှိတယ်။ စာရိုက်တာကလွဲပြီး တစ်ခြားဘာမှ မသိခဲ့ဘူး။ တခြားလူကိုလွဲချရအောင်၊ ဒုက္ခရောက်အောင် လုပ်ရအောင် ဘာကိုမှမသိခဲ့ဘူး။ ထွက်ဆိုချက်ကို ပြန်ကြည့်ပါ။ ဘယ်သူ့ကိုမှလည်း သစ္စာ မဆိုခဲ့ဘူး။ သစ္စာဖေါက်စရာလည်း ဘာမှမရှိဘူး" ဒေါသထွက်ထွက်နဲ့ အတော်ကိုပြောလိုက်တယ်။ ဦးခင်မောင်ရှိန်လည်း မျက်နှာ မကောင်းပါဘူး။ ကျနော်ပြောတာကို သူဘာမှ ပြန်မပြောပါဘူး။ အဲဒါနဲ့ဘဲ ပြီးသွားခဲ့တယ်။ တမင်သက်သက် ပြန်ခေါ်သက်သေခေါ်ပြီး ကျနော့်ကို စော်ကားလိုက်တာ ဖြစ်တယ်။ ကျနော် ကိုယ်တိုင် အင်မတန်ညံ့ဖျင်းခဲ့တဲ့ အချက် ရှိခဲ့တယ်။ ကိုယ့်ကို အစိုးရသက်သေ အနေနဲ့ ရုံးတင်ထားတာကို ကိုယ့်ကိုကိုယ် မသိခဲ့ဘူး။ အနေအစား ပေါ့လျော့ တဲ့သဘောပါဘဲ။ ကျနော့်ဘဝမှာ အဲဒီအချိန်ကို ပြန်စဉ်းစားမိတိုင်း အကြီးအကျယ် စိတ်ပျက်ခဲ့ရတယ်။

အဲဒီနောက် တစ်နေ့သားမှာ ထမင်းစားနေတုန်း ဧည့်သည်လာလို့ ချက်ချင်းလာပါလို့ လာခေါ်ပါတယ်။ လက်ဆေး ပြီး ကျနော်ချက်ချင်းလိုက်သွားတယ်။ မိန်းဂျေးလ် နားက မှန်လုံအခန်းကလေးထဲကို ခေါ်သွားတယ်။ အဲဒီမှာ မမျော်လင့်ဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ ပီနှဲရိုး ကိုတွေ့ရတယ်။ သူနဲ့က အပြင်မှာလည်း တွေ့ဖူးနေလို့ သိနေကြတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူက အင်းစိန်ဦးအုန်းမောင်နဲ့ ပြောနေတယ်။ ဦးအုန်းမောင်က လည်ပင်းမှာ ကျီးပေါင်းသမားတွေ တပ်ရတဲ့ ဒေါက်ကြီးတပ်ထားတယ်။ အတော်ကြီးလည်း အားရပါးရပြောနေတာ တွေ့ရတယ်။ ကျနော်ကတော့ ထိုင်စောင့် နေရင်း ဧည့်သည်နဲ့အတူပါလာတဲ့ UNDP ပြန်ကြားရေးအရာရှိ ဦးအေးဝင်း နဲ့ စကား လက်ဆုံကျနေခဲ့တယ်။ နောက်တော့ ဦးအုန်းမောင်က မပြီးနိုင်လို့ ပီနှဲရိုးရဲ့ လက်ထောက်နဲ့ဘဲ သူတို့မေးတာ ဖြေခဲ့တယ်။ သူတို့က ဒေါက်တာသန်းညိန်းကို စောင့်နေတုန်း ကျနော်ပြန်ခဲ့တယ်။ မှတ်မှတ်ရရ နောက်ပိုင်း ထောင်ကနေ အိမ်ပြန်ရောက်တော့မှ အဲဒီတုန်းက ကျနော်ပြန်တဲ့အချိန် ဒေါက်တာသန်းညိန်း မရောက်မီအချိန် ၊ သူတို့ချည်း ရှိနေတဲ့အချိန် ၊ စားပွဲအောက်မှာ အသံဖမ်းစက် တွေ့လို့ ပြဿာနာဖြစ်တယ်ဆိုတာ သိရတယ်။ အဲဒီ ပြဿနာကြောင့် ဗိုလ်ကြီးစိုးမောင်မောင် နယ်ပြောင်းခံခဲ့ရတယ်လို့ လည်း နောက်ပိုင်းမှာ သိရတယ်။ ကျနော့်အတွက် အရာရာဟာ နောက်ကျမှ သိရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဒါမျိုးကို အထူးသတိပြုရမယ်ဆိုတာ သင်္ခန်းစာ ရခဲ့တယ်။

မေလ ၂၀-ရက်နေ့မှာ ရုံးချိန်းထုတ်တယ်။ ခါတိုင်းလိုဘဲ မိသားစုနဲ့ စကားပြောနေတယ်။ ကျနော့်ဆီကို ရှေ့နေ ဦးခင်မောင်ရှိန် ရောက်လာတယ်။ လက်ဆွဲပြီး နှုတ်ဆက်တယ်။ ပြီးတော့ ထွက်သွားတယ်။ လိုက်ပို့တဲ့ ဝန်ထမ်းက ဆရာ့ကို အပြီးလွတ်လိုက်ပြီ။ ဆရာပြန်နိုင်ပါပြီ။ ဟိုမှာကျန်ခဲ့တဲ့ ပစ္စည်းတွေတော့ ကျနော်ဘဲ ယူလိုက်တော့မယ် လို့ပြောတယ်။ ဟာ တိုးအောင်နဲ့ တစ်ယောက်တစ်ဝက်ခွဲယူကြဗျာ လို့ပြောလိုက်တယ်။ ကျနော့်အိမ်က ပါပလေကာ နဲ့ပြန်ခဲ့တယ်။ ဒါပေမဲ့ မပြီးသေးပါဘူး။ မပြန်ရသေးဘူးတဲ့။ ထောက်လှန်းရေး (၆) ကို သတင်းပို့ရအုန်းမယ်တဲ့။ ထောက်လှန်းရေး-၆ ရောက်တော့ ဗိုလ်မှူးစည်သူက ကျနော့်ကိုကြည့်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ။ အတော်ကြီးကို သိသာလွန်းတယ်။ အဲဒီတုန်းက ကျနော်ကလည်း နှုတ်ခမ်းမွေးတွေ ၊ မုတ်ဆိတ်မွေးတွေ မရိတ်ဘဲထားခဲ့တာကို သူကကြည့်ပြီး ပြုံးနေခဲ့တာပါ။ သူဘယ်လို အဓိပ္ပါယ်နဲ့ ပြုံးလည်းတော့ ကျနော်မသိပေမဲ့ ကျနော်ကတော့ ဒီလူတော့ဖြင့် မှတ်လောက်သားလောက်ပြီ ဆိုတဲ့ သဘောမျိုးပြုံးတယ် လို့ ထင်ခဲ့မိတယ်။ ပြီးတော့ လက်ဖက်ရည်တိုက်ပြီး ပြန်ခိုင်းလိုက်တာပါဘဲ။

မိခင်ပါတီမှာ ပြန်ပြီးတာဝန်ထမ်းဆောင်တော့ တစ်နေ့ NLD မှာလုပ်တဲ့ ပွဲတစ်ပွဲမှာ မမျှော်လင့်ဘဲ UN က ဦးအေးဝင်းနဲ့ ဘေးချင်းယှဉ်ထိုင်မိတယ်။ သူ့ကို နှုတ်ဆက်တော့ သူက အားရဝမ်းသာပြန်နှုတ်ဆက်တယ်။ ဒါပေမဲ့ ခဏအကြာမှာတော့ သူဘာကို တွေးမိသွားသလဲ မသိပါဘူး။ ကျနော့်ကို လုံးဝစကားမပြောတော့ဘဲ နေတာတွေ့ရတယ်။ လူအ ဖြစ်တဲ့ ကျနော်က ဘာမှနားမလည်ခဲ့ဘူး။ ကိုယ့်ကိုကိုယ်သံသယ လုံးဝမဖြစ်ခဲ့ပါဘူး။ နောက်တော့မှ အော်ငါ့ကို သစ္စာဖေါက်လို့ သူထင်နေတာကိုးလို့ မှန်းဆမိတယ်။ ဟုတ်-မဟုတ်ကတော့ သူ့မေးမှဘဲ သိနိုင်တော့မယ်။ ဒီဖက်နှစ်ပိုင်း တွေမှာ ဘိုးတော်ခင်ဝင်းနဲ့ ပွဲတစ်ခုမှာ ပြန်တွေ့လို့ ကျနော်သူ့ကို နှုတ်ဆက်တော့ သူက ခပ်အမ်းအမ်းဖြစ်နေတယ်။ ခပ်စိမ်းစိမ်း ဖြစ်နေတယ် ။ လူအ ကျနော် ကတော့ ကျနော့်အပေါ် သူသစ္စာဖေါက်တာကို မေ့လိုက်ဖို့ ကြိုးစားနေမိတယ်။ ဒါပေမဲ့ တကယ့်အခြေအနေမှာတော့ သူက ကျနော့်ကို သစ္စာဖေါက်တစ်ယောက်လို့ မြင်နေပုံရပါတယ်။ ဖြစ်ပုံများကတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ သစ္စာဖေါက်ဆိုပြီး ပြောသံဆိုသံတော့လည်း ကျနော်မကြားမိပါဘူး။

ကျနော်ပြန်လွတ်လာပြီးတဲ့နောက်.... အဆင်ပြေ အခြေအနေပေးတဲ့ တစ်နေ့မှာ ဦးခင်မောင်ရှိန်ကို မြေနီကုန်းက ဘီယာဆိုင်တစ်ဆိုင်မှာ ချိန်းတွေ့ တယ်။ သူခမြာ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။ ပြန်ခေါ်သက်သေ ပြန်ခေါ်ပြီး မေးခဲ့တဲ့မေးခွန်းနဲ့ ပတ်သက်ပြီး မေးကြည့်ပါတယ်။ ဘာကြောင့်များ အဲဒီလိုမေးလိုက်တာလဲပေါ့။ သူက တိုတိုဘဲ ပြောပါတယ်။ ခင်ဗျားဟာ ဒီအမှုနဲ့ ဘယ်လိုမှ မပတ်သက်တာ ကျနော်သိတယ်။ မေးခွန်းက အပေါ်က မေးခိုင်းလို့ မလွဲမရှောင်သာ မေးလိုက်ရတာပါ- လို့ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြပီး ရှင်းပြရှာတယ်။ ကျနော်လည်း ဘာမှ မပြောတတ်တော့ပါဘူး။ အဲဒီကတည်းက ဦးခင်မောင်ရှိန်နဲ့ ခင်မင်ခဲ့ကြတယ်။ NLD မှာ သူမြောက်ပိုင်းခရိုင်ဥက္ကဌ လုပ် ၊ အထင်လွဲခံရတော့ ကျနော့်ဖြစ်ရပ်ကို ပြန်သတိရမိသေးတယ်။ နိုင်ငံရေး သံဝေဂတွေ ၊ သင်္ခန်းစာတွေ တစ်ပုံကြီး ရလိုက်တယ်။

ကျနော့်အနေနဲ့ ဒီစာကိုရေးတာဟာ ကိုယ်ကိုကိုယ် ဖြေရှင်းချက်ပေးနေတာ မဟုတ်ပါဘူး။ ဒါက နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ကြုံတတ်တဲ့ ကိစ္စမျိုးပါ။ ကျနော့်ဘဝဖြတ်သန်းမှုကိုက အလွန်ရိုးရှင်းလှပါတယ်။ အကွေ့အကောက် သိပ်မရှိပါဘူး။ ဒီနေ့အထိလည်း ကျနော်ကိုယ်ပိုင်အိမ် မရှိပါဘူး။ မိဘတွေထားခဲ့တဲ့ အမွေဆိုင်အိမ်မှာဘဲ နေနေတာပါ။ အဲဒီလို ဖြစ်ပျက်ခဲ့လို့လည်း ဒီနေ့ ကျနော့်ရဲ့ နိုင်ငံရေးသမားဘဝမှာလည်း ထူးထူးခြားခြား ထိခိုက်တာ မရှိပါဘူး။ ကျနော့်အသိုင်းအဝိုင်းကတော့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို အကြောင်းမဲ့သွားကူညီမိတာ လုံးဝမှားကြောင်း ဝေဖန်ချက် ပေးခဲ့တာမျိုးလောက်ဘဲ ရှိခဲ့တယ်။ နောက်နောင် ခပ်ကင်းကင်းနေဖို့ကိုလည်း တိုက်တွန်းကြတယ်။ ဒါလောက်ပါဘဲ။ တကယ်တမ်းမှာလည်း ဘိုးတော်ခင်ဝင်းတို့ ကိုထွန်းရင်တို့ ဘာလုပ်ကြတယ်ဆိုတာ ဒီနေ့အထိ ကျနော်မသိပါဘူး။ သိလည်း မသိချင်ပါဘူး။ ကိုယ်မလုပ်နိုင်တဲ့အလုပ်၊ ကိုယ်နဲ့မဆိုင်တဲ့အလုပ် မှန်သမျှ ဘာကိုမှ မသိချင်ရဘူးဆိုတဲ့ စည်းကမ်းကို နိုင်ငံရေး မလုပ်ခင်ကတည်းက ကျနော်လိုက်နာကျင့်သုံးခဲ့တာပါ။

သုံးသပ်ကြည့်လိုက်တော့ ကိုယ်နဲ့မဆိုင်တာကို သွားကူညီမိတယ်။ လုံခြုံပါတယ်ဆိုတဲ့ ကတိစကားကို ယုံကြည်မိတယ်။ ထောက်လှန်းရေးက ဒါ ဘိုးတော်တို့ အကွက်ဆင်ခြင်းဖြစ်တယ်။ အမျိုးသားညီလာခံ ကိုယ်စားလှယ်တစ်ယောက်ကို ညီလာခံမတက်နိုင်အောင် ဂွင်သွင်းတာဖြစ်တယ်လို့ သုံးသပ်ပုံရပါတယ်။ အဲဒီလူ(ကျနော့်)ကို အရေးယူလိုက်ရင် သူတို့အကွက်ထဲရောက်သွားမယ်။ အရေးမယူဘူး။ ဒါပေမဲ့ ဒီလူကိုလည်း မှတ်လောက်သားလောက်အောင် လုပ်ရမယ်။ အစိုးရသက်သေအဖြစ် ရုံးတင်လိုက်ရင် သူ့နိုင်ငံရေးကို ထိန်းချုပ်နိုင်မယ်။ ဟိုဖက်က ပစ်ပယ်တဲ့တစ်နေ့မှာ ကိုယ့်လူ ဖြစ်အောင် သိမ်းသွင်းနိုင်မယ်။ ဖေဖေါ်ဝာရီ (၂၀)ရက်မှာ အင်းစိန်အထူးဆောင်ကို ရောက်ပြီး သုံးလတိတိပြည့်တဲ့ မေလ (၂၀) ရက်နေ့မှာ ပြန်လွတ်ပေးတယ်။ NLD လူကြီးတွေက ပြန်ခေါ်သက်သေခေါ်ပြီး မေးခွန်းမဟုတ်တဲ့မေးခွန်းနဲ့ စော်ကားလိုက်တော့ သူတို့လိုချင်တဲ့ ပုံစံထဲကို ကွက်တိဝင်သွားခဲ့တယ်။ ဘိုးတော်က ဖေါ်ပြောတယ်။ ဒါပေမဲ့ ကျနော်က သစ္စာဖေါက်ဖြစ်သွားတယ်။ အဲဒီဆင်ကွက်ထဲ ဝင်မှန်းမသိတဲ့ NLD လူကြီးတွေက ဦးခင်မောင်ရှိန်ကို မေးခွန်းမေးခိုင်းပြီး ရန်/ငါ စည်းခြားခဲ့ကြတယ်။

လက်တွေ့မှာတော့ တွက်ထားတဲ့အတိုင်း တကယ်ဖြစ်ခဲ့တယ်။ သို့သော်လည်း ရေရှည်မဖြစ်ခဲ့ဘူး။ တာရှည်မခံခဲ့ဘူး။ ဘာကြောင့်မှန်းမသိ တစ်ချို့တစ်ချို့ကလွဲပြီး အားလုံးပုံမှန် ပြန်ဖြစ်ခဲ့တယ်။ ဒါက ကံတရားလား။ ကျနော်လွတ်ပြီး နောက်ဆယ်ရက်တိတိ ကြာတဲ့ မေလ-၃၀ ရက်နေ့မှာ နာမည်ကျော် ဒီပဲယင်း အရေးအခင်းဖြစ်ခဲ့တယ်။ ကျနော်တို့ ကိစ္စတွေက အသေးအဖွဲ ပြန်ဖြစ်သွားတယ်။ လူမသိ သူမသိ ဖြစ်သွားခဲ့တယ်။

ချုပ်ပြီးပြောရမယ်ဆိုရင်တော့ သင်္ခန်းစာတွေ အများကြီး ရလိုက်တယ်။ ကိုယ့်အမှားကို ကိုယ်တွေ့ရတယ်။ ပညာသားပါပါနဲ့ ဖြိုခွင်းနည်းတွေကို တွေ့လိုက်ရတယ်။ တစ်ချို့လူတွေမှာတော့ ဒဏ်ရာဒဏ်ချက်တွေဟာ အမာရွတ် အဖြစ် ကျန်ခဲ့တယ်။ သမိုင်းမတွင်ပေမဲ့ သမိုင်းတစ်ခု ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။

Friday 31 January 2014

လက်ဖက်ရည်ကြမ်းဝိုင်း အဖွဲ့၏ ယနေ့ မြန်မာ့နိုင်ငံရေး ဆန်းစစ်ချက် (၂၀၁၄ ဇန္န၀ါရီလ)


ကျွန်တော်တို့ နိုင်ငံရေးပါတီဆီကို  စာတမ်းတွေ၊ သုတေသနပြုချက်တွေ၊ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေ၊ အကြံ ပေးတိုက်တွန်းချက်တွေ စသဖြင့် အများအပြား ရောက်ရှိတတ်ပါတယ်။ အဲဒီအထဲက လက်ဖက်ရည်ကြမ်းဝိုင်း အဖွဲ့ ဆိုတာ ရဲ့ သုံးသပ်ဆန်းစစ်ချက် (၂၀၁၄ ဇန္န၀ါရီလ) ဆိုတဲ့ ဆန်းစစ်ချက်က ထူးခြားနေတာနဲ့ ကျွန်တော့် blog  မှာ ဖေါ်ပြလိုက်ပါတယ်။
လက်ဖက်ရည်ကြမ်းဝိုင်း  အဖွဲ့၏  ယနေ့  မြန်မာ့နိုင်ငံရေး ဆန်းစစ်ချက် (၂၀၁၄ ဇန္န၀ါရီလ)
            ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ဆန်းစစ်ကြရာတွင် အားလုံးလိုလိုက ၂၀၁၄ ခုနှစ်သည် ခက်ခဲသော နှစ် တစ်နှစ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်း၏ သုံးသပ်ချက်အနေဖြင့်မူ ၂၀၁၄ ခုနှစ်သည် ထူးထူးခြားခြား အပြောင်းအလဲ မရှိနိုင်ဟု တော်ဝင်နှင်းဆီတွင် ကျင်းပသော စကားစစ်ထိုးပွဲတွင် ပြောကြားခဲ့သည်။ တွေးထင်ချက် အမျိုးမျိုး ရှိနေဆဲ ဖြစ်ပါသည်။

လက်ငင်း စောင့်ကြည့်ရမည့် အချက် (၃) ချက် -  
မည်သို့ပင် ဆိုကြစေကာမူ ၂၀၁၄ ခုနှစ်သည် မြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို အကဲခတ်ရမည် ဖြစ်သော အခြေခံနှစ် တစ်နှစ်ဆိုလျှင် မှားမည်တော့ မဟုတ်ပါ။  ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး မပြီးပြတ်သေးဘဲ ၂၀၁၄ ထဲအထိ ဆက်လက်သယ်ဆောင်သွားနေရသည့် ထင်ရှားသော ဖြစ်ရပ်များကို ကြည့်လျှင် (၁) ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီ ကို လွှတ်တော်ကိုယ်စားလှယ် ၁၀၉- ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူလူထု နှင့် အဖွဲ့အစည်းများထံသို့ အကြံညဏ်တောင်းခံစာများ တောင်းခံထားခဲ့ရာ အချက်အလက် သုံးသိန်းကျော် ရရှိ ထားသည်ဟု ထုတ်ပြန်ထားပါသည်။ ထိုအချက်များကို လေ့လာလျက် ဇန္န၀ါရီလကုန်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည် ဖြစ်ပါသည်။ (၂) အခြားထင်ရှားသော ဖြစ်ရပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် MPC (မြန်မာ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ) နှင့် တွဲပြီး လက်နက်ကိုင်အဖွဲ့အစည်းအားလုံး နှင့် တပ်မတော် တို့အကြား တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ ထိုကြိုးပမ်းမှု မှာလည်း မျှော်မှန်းထားသော ကာလထက် ပိုမိုကြာညောင်းနေပြီး မပြီးပြတ်နိုင်သေးဘဲ ရှိနေပါသည်။ အခြား အရေးကြီးသော ဖြစ်ရပ် (၃) အနေဖြင့်  ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် တို့အား အခြေခံဥပဒေ ကိစ္စနှင့် ပတ်သက်ပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုက်ခြင်းသည်လည်း ထူးခြားချက်တစ်ခု ဖြစ်ခဲ့ပါသည်။ တစ်ဖက်ပုဂ္ဂိုလ်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ကို ရတိပြတ် ငြင်းဆိုခြင်း မရှိသော်လည်း ယနေ့တိုင် ဆွေးနွေးပွဲ ဖြစ်နိုင်မည့် အလားအလာမှာ မှေးမှိန်နေဆဲ ဖြစ်ပါသည်။

            ထိုအချက်ကြီးများကို သုံးသပ်ကြည့်ပါလျှင် ပြည်ထောင်စုလွှတ်တော်ပူးပေါင်းလေ့လာရေး ၁၀၉-ဦး ကော်မတီ အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဟု ဆိုပါသည်။ ပြည်ထောင်စု လွှတ်တော်က သုံးသပ်ဆွေးနွေးမည်ဟု ဆိုပါသည်။ ပြီးလျှင် မည်သို့ ဆက်လုပ် မည်လဲ။ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်မည်လား။ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ လေ့လာသုံးသပ်ပြီးနောက် ပြင်စရာ ရှိတာကို အများဆန္ဒ အရဟု ဆိုပြီး ပြင်ဆင်လေမလား။ မရှင်းလင်းပေ။ ၁၀၉-ဦး ကော်မတီ၏ လေ့လာသုံးသပ်ချက်အား မဲခွဲဆုံးဖြတ်မည်ဟု လုပ်ထုံးလုပ်နည်းကို ကျေညာထားရာ လွှတ်တော်ပြင်ပရှိ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းလည်း သိရှိရပါ သည်။ အစိုးရ နှင့် ယင်းလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးပွဲ တစ်စုံတစ်ရာ မစတင်နိုင်မီ၊ (ဆုံးဖြတ် / သဘောတူညီမှု တစ်စုံတစ်ခု မရမီ) ပြည်ထောင်စု လွှတ်တော်၏ သဘောထားတစ်ခုထဲဖြင့် အခြေခံဥပဒေကို ပြင်ဆင်လိုက်လျှင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စတွင် မည်သို့ အကျိုးသက် ရောက်မှုများ ရှိလာမည်နည်း။  လွှတ်တော်၏ သုံးသပ်ချက်များကို လွှတ်တော်က မည်သို့အကောင်အထည်ဖေါ်မည်နည်း။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားများကို ညှိနှိုင်းခြင်း ပြု / မပြု မှာ အမှားမခံ အလွန်သတိပြုအပ်သော အချက်ဖြစ်ပါသည်။ စဉ်းစားသင့်သော အချက်များ ဖြစ်နေပါသည်။

            အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးနေခြင်းသည် လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်း တလျှောက်တွင် အထူးခြားဆုံးသော ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲများဟု ဆိုလျှင် တက်ကြွလှုပ်ရှားသူ အတော်များများက မကြိုက်ကြပေ။ သို့သော်လည်း ယခင် အစိုးရအဆက်ဆက် လက်ထက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြခဲ့ကြရာတွင် အများအားဖြင့် လက်နက် အရင်စွန့်လွှတ်ရေးကိုသာ ဦးစွာတောင်း ဆိုခဲ့ကြသည်။ အစိုးရဖက်မှ မိမိလိုချင်သော အချက်ကိုသာ လိုက်လျောရန် တောင်းဆိုခဲ့သည်။ တစ်ဖွဲ့ချင်းစီ ခွဲပြီးတွေ့ဆုံ စကားပြောခဲ့သည့် အစဉ်အလာသာ ရှိခဲ့သည်။ ယခု လက်ရှိ အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထူးခြားသော တွေ့ဆုံဆွေးနွေးပွဲ များအဖြစ် တစ်ဖွဲ့ချင်းလည်း တွေ့ခဲ့သည်။ အစုအဖွဲ့ အလိုက်လည်းတွေ့ဆုံပါသည်။ လက်နက်အရင် စွန့်လွှတ်ပြီးမှ နိုင်ငံရေးဆွေးနွေးမည်ဟုလည်း တောင်းဆိုခြင်းမျိုး မတွေ့ရချေ။ လက်နက်ကိုင် အဖွဲ့အစည်းများဖက်က တောင်းဆိုနေသော အပစ်ရပ်စဲပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံး ကျင်းပသွားရန် ဟူသော အချက်ကိုလည်း မငြင်းဆိုဘဲ အလွယ်တကူ သဘောတူထားခဲ့ပြီး ဖြစ်ပါသည်။  တရားမျှတစွာ သုံးသပ်ရမည်ဆိုလျှင် အစိုးရ ဖက်က ယခုစေ့စပ်ဆွေးနွေးခြင်းများသည်  အပြုသဘောဆောင်သည်ဟုသာ ဆိုရပါမည်။
ဘာကြောင့် အပြုသဘောဆောင်နေရပါသနည်း။ တိုင်းပြည်ကောင်းစေချင်သော စိတ်ကောင်း စေတနာကောင်း  အမှန်တကယ် ရှိနေ၍လည်း ဖြစ်နိုင်ပါသည်။  ဦးသိန်းစိန်အစိုးရ၏ အယူအဆတစ်ခုဖြစ်သော တိုင်းပြည်စီးပွါးကောင်းမွန်နေလျှင် လက်နက်ကိုင်တိုက်ခိုက်မှုများလည်း လျှော့သွားမည် ဆိုသော အချက်ကို အခြေပြုလျက် နိုင်ငံတကာတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှုများ ရောက်လာမည်။ ချေးငွေများ အကူအညီများ ပိုမိုရရှိလာမည်။ အလုပ်အကိုင် အခွင့်အလန်းများ ရရှိလာမည်ဆိုလျှင် လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေခြင်းများ ပြေလည်လျော့ပါးသွားမည်ဟု တွက်ဆထားကြောင်း သမ္မတ၏ မိန့်ခွန်းတစ်ချို့ကို ကိုးကားပြဆိုသူများ ရှိပါသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရ အနေဖြင့် ယနေ့ခေတ်စားလာနေသော win win policy ကို ကျင့်သုံးလျက်ရှိသည်ဟုလည်း သုံးသပ်နိုင်ပါသည်။ လက်ရှိ အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှု ရှိစေချင်သည်ထက် တစ်ြပည်လုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေးကို ပိုပြီးအာရုံစိုက်နေကြောင်း  လေ့လာကြည့်နိုင်ပါသည်။ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများတွင်လည်း အကြိမ်ကြိမ် ခဲမှန်ခံထားရဖူးသော စာသူငယ်ကဲ့သို့ လေးညှို့သံကို နားစွင့်မြဲ ဖြစ်သကဲ့သို့ အစိုးရအား စိတ်ချလက်ချ ယုံကြည်မှုထားရန် ခက်ခဲနေဆဲဖြစ်ကြောင်း တွေ့ရသည်။   အဆက်ဆက်သော အစိုးရများ၏ အမှားပြုမိခဲ့ခြင်းများမှ ဖြစ်ပေါ်ခဲ့ရသော သံသယများ ကြောင့်လည်း ခရီးမတွင်ဘဲ ဖြစ်နေရသည်။ တပ်ပေါင်းစု နှင့် တပ်ပေါင်းစုတွင် မပါသော သူများလည်း ရှိနေသောကြောင့် အားလုံး သဘောတူသော လက်မှတ်ရေးထိုးပွဲကိစ္စမှာ မျှော်မှန်းသလောက် မြန်ဆန်မှု မရှိသည်မှာလည်း သဘာဝကျပါသည်။ အဓိက အကျဆုံးကိစ္စမှာ နယက စစ်အစိုးရလက်ထက် ၁၇-နှစ်တိုင်တိုင် အပစ်ရပ်ထားစဉ်က ပေးခဲ့သော ကတိက၀တ်များကို အရပ်သား အစိုးရအဖြစ် မပြောင်းလဲမီကာလလေးတွင် စစ်အစိုးရက ဗြောင် ချိုးဖေါက်ခဲ့ပြီး လက်နက်ချခိုင်းခြင်း၊ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းစေခဲ့ခြင်း၊ ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းစေခြင်းများကို အတင်းအကြပ် ဆောင်ရွက်ခိုင်းခဲ့ခြင်းများကြောင့် အပစ်ရပ်မှုများ ပျက်ပြယ်ခဲ့ရသည်။ ထိုဖြစ်ရပ်များသည် မကြာသေးသော ကာလတွင်မှ ဖြစ်ပျက်ခဲ့သောကြောင့် ယခုဆောင်ရွက်နေသော တစ်နိုင်ငံလုံးအပစ်ရပ်ရေး ကိစ္စရပ်အပေါ် အကျိုးသက်ရောက်မှုများ ရှိနေခဲ့ ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မည်မျှ လိုက်လျှောမှုပြုစေကာမူ အခက်အခဲ ရှိနေမြဲ ဖြစ်ပါသည်။
            လိုင်ဇာ တွေ့ဆုံဆွေးနွေးပွဲအပြီး မြစ်ကြီးနားမြို့၌ အစိုးရကိုယ်စားလှယ်များနှင့် တွေ့သည့်ပွှဲတွင် အစိုးရဖက်မှ တင်ပြသော အချက်များသည် လိုင်ဇာဆွေးနွေးပွဲ ရလဒ် (၁၁) ချက်နှင့် ကွဲပြားခြားနားမှုများ ရှိနေပါသည်။ သို့သော်လည်း ဒီဇင်ဘာလလယ်လောက်တွင် အစိုးရဖက်က သူတို့ တင်သွင်းသော အချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး လိုင်ဇာဆွေးနွေးပွဲ၏ (၁၁) ချက်အပေါ်မူတည်ပြီး ပြန်လည်ဆွေးနွေးမည်ဟု ဆိုထားရာ အောင်မြင်မှု ရနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ထိုသို့ NCCT  နှင့် အစိုးရဖက်တို့ အပြန်အလှန် စာဖြင့်ပေးပို့ ညှိနှိုင်းမှုများသည် ယခု လောခီးလာ (ခ) လေးဝါး စခန်းဆွေးနွေးပွဲအထိ သယ်ဆောင်လာနိုင်ခဲ့ပါသည်။ နောက်ဆုံးသတင်းများအရ နောက်ဆုံး အစိုးရဖက်က ပေးပို့သော ညှိနှိုင်းချက်များသည် အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်ဥက္ကဌများ၏ သဘောထားများ ပါဝင်သည်ဟု ဆိုထားရာ အားတက်ဖွယ်ရာအဖြစ် သုံးသပ် နိုင်ပါသည်။ လောခီးလာ စခန်းဆွေးနွေးပွဲအား ကြေကြေလည်လည် ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်ရန် ဖားအံမြို့တွင် ကျင်းပမည့် အစိုးရနှင့် ဆွေးနွေးပွဲအား ဖေဖေါ်ဝါရီလ နှောင်းပိုင်းသို့ ပြောင်းရွေ့ခြင်းကို နှစ်ဖက်သဘောတူနိုင်ခဲ့ခြင်းသည်လည်း အကောင်းမြင်စရာ ကိစ္စတစ်ခုဟု ယူဆနိုင်ပါသည်။ အချို့သော ကိုယ်စားလှယ်များ၏ အဆိုအရ လေးဝါးဆွေးနွေးပွဲသည် အဆုံးသတ်နိုင်အုန်းမည်မဟုတ်ဘဲ တတိယဆွေးနွေးပွဲတစ်ခုကို ထပ်မံကျင်းပရအုန်းမည် ဟူ သော အပြောများလည်း ရှိနေပါသည်။ 
            လောခီးလာ(ခ)လေးဝါး စခန်းတွင် အကြိတ်အနယ်ဆွေးနွေးနေကြစဉ်  လွှတ်တော်သတင်းများအရ ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး MoU , MoA  လက်မှတ်ရေးထိုးထားသော ရေလှောင်တမံဆောက်လုပ်မည့် စာရင်းများ ထွက်ပေါ်လာသည်။  တည်ဆောက်မည့် ရေလှောင် တမံများ အားလုံးနီးပါးသည် ပြည်နယ်များတွင် ဖြစ်နေကြောင်းတွေ့ရပါသည်။ အကယ်၍ အပစ်ရပ်စဲ ငြိမ်းချမ်းရေးရရှိခဲ့ပါက လုပ်ငန်းများစတင်ရန် အဆင် သင့်ဟု သိရပါသည်။ အပစ်ရပ်ရေး၏ ရည်ရွယ်ချက်များထဲတွင် ထိုအကြောင်းတရားများကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်နိုင်ပါသည်။ သို့သော် ထို ဒေသများကို အခြေပြု လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြသော အဖွဲ့အစည်းများအနေဖြင့် ရေလှောင်တမံ တည်ဆောက်ခြင်းဖြင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ ပတ်ဝန်ကျင်ထိခိုက်မှုများ၊ ရေလွှမ်းဒေသ ပြောင်းရွေ့ပေးရမည့်ဒေသခံများ စသဖြင့် တွက်ချက်မှုများ ပြောဆိုမှုများ မကြားရပေ။ ဒေသခံများ အတွက် ဖွံ့ဖြိုးရေး၊ နစ်နာကြေးများအတွက် တောင်းဆိုဖို့လည်း စဉ်းစားမိကြဟန်လည်း မတွေ့ရသေးပေ။

            ဒေါ်အောင်ဆန်းစုကြည်၏ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကမ်းလှမ်းချက်မှာလည်း အောင်မြင်ခဲ့ပါက ကောင်းမွန်သော ရလဒ်များကို မျှော်လင့်နိုင်ပါသည်။ သို့သော်လည်း သမ္မတ အပြင်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ ရော၊ ကာကွယ်ရေး ဦးစီးချုပ် ကပါ အဆင်သင့်ဖြစ်ပုံ မရသေးပေ။ အလစ်အငိုက်မိသလို ဖြစ်သွားသည်ကို တွေ့နိုင်ပါသည်။ အမှန်စင်စစ် တွေ့ဆုံဆွေးနွေးရေးသည် ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်သော နိုင်ငံတိုင်း တွင် ငြင်းပယ်အပ်သော ကိစ္စမဟုတ်ပါချေ။ အထူးသဖြင့် ပြည်တွင်းမှ ပုဂ္ဂိုလ်များ အချင်းချင်း (တစ်နိုင်ငံတည်းသားအချင်းချင်း) ထိုဓလေ့ကို လိုက်နာကျင့်သုံးသင့်ပါသည်။ တစ်ဖက်မှ ပုဂ္ဂိုလ်သုံးဦးကလည်း ငြင်းပယ်သည့် သဘောမျိုးကို ဆိုမထားသည့်အတွက် တွေ့ဆုံဆွေးနွေးပွဲသည် ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ ဆွေးနွေးပွဲတစ်ခုတွင် စာရေးဆရာကျော်ဝင်းက ထိုသို့ဆွေးနွေးရန် ကမ်းလှမ်းချက်ကို လျှို့ဝှက်ကမ်းလှမ်းသင့်သည်ဟု သုံးသပ်ပြပြီး စာရေးဆရာဖေမြင့်ကမူ ယခုကဲ့သို့ ပေါ်ပေါ်တင်တင် ကမ်းလှမ်းခြင်းသည် မှန်သည်ဟု ထောက်ခံထားပါသည်။
 ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း အာရုံစိုက်နေရာမှ ယခု လွှတ်တော်ပြင်ပ ကိစ္စများကိုလည်း အာရုံစိုက်လာခြင်းသည် ပြည်သူလူထုအတွက် ကောင်းမွန်သော အချက်ဖြစ်ခဲ့သည်။ စစ်အစိုးရ တဖြစ်လဲ လက်ရှိအစိုးရအဖို့မူ သဘောတွေ့နိုင်လိမ့်မည် မဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း လွှတ်တော်တွင်း အာရုံစိုက်မှု များပြားနေစဉ်မှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များအတွင်း အားပေးထောက်ခံမှုများ အများအပြား ဆုံးရှုံးလိုက်ရခြင်းကို ပြန်လည် သတိပြုမိလိုက်ပုံ ရပါသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း ပူးပေါင်း ဆောင်ရွက်ချက်များသည် သူမ မျှော်မှန်းသလောက် အရာမရောက်ခဲ့ကြောင်း သိရှိလာခဲ့ပြီ ဖြစ်ပါသည်။  လွှတ်တော်တွင်း ရောက်ရှိစက တိုင်းရင်းသားပါတီများနှင့် လက်တွဲနိုင်လိမ့်မည်ဟူသော သူမ၏ထင်မြင်ချက်များသည်လည်း မှားယွင်းနေကြောင်း ရိပ်မိလာခဲ့သည်။  ထိုပါတီများမှာ သူမ လွှတ်တော်အတွင်း ရောက်ရှိလာချိန်၌ တစ်ဖက်အဖွဲ့က အကွက်စေ့စေ့ ပိုင်ပိုင်နိုင်နိုင် စည်းရုံးထားနိုင်ခဲ့ပြီး ဖြစ်သောကြောင့် သူမထင်မြင်ချက်များ လွဲသွားရခြင်း ဖြစ်ပါသည်။ ထိုတိုင်းရင်းသားပါတီများ၏ မူလဇစ်မြစ်ကို ထည့်မတွက်မိခဲ့ခြင်းသည် ပျော့ကွက်ဖြစ်ခဲ့သည်။ လွှတ်တော်တွင်း ပြန်လေ့လာကြည့်လျှင် NLD အနေဖြင့် တိုင်းရင်းသားပါတီများကို စည်းရုံးနိုင်ခဲ့ခြင်း မရှိကြောင်း ထင်ရှားစွာ တွေ့နိုင်ပါသည်။ ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် လွှတ်တော်အတွင်း NLD အနေဖြင့် မဟာမိတ် အနေအထားမျိုး လက်တွဲ ဆောင်ရွက်မည့် ပါတီဟူ၍ တိတိပပ မရှိကြောင်း တွေ့နိုင်ပါသည်။ အားလုံးလိုလိုက အခြား"တစ်ဖက်စည်း"ထဲမှာ ဖြစ်နေသောကြောင့် အခက်အခဲများ အမှန်ပင် ရှိခဲ့ပါသည်။ ဆန့်ကျင်တာမျိုး သိပ်မရှိ ပေမင့် ခပ်စိမ်းစိမ်း ခပ်ခွါခွါ  ရွံကြောက် ကြီးမျိုး ဆက်ဆံရေးသည် သူမအတွက် များစွာ ခက်ခဲစေခဲ့ဟန် ရှိပါသည်။
            ထိုအချက်များ၏ နောက်ဆက်တွဲ အခက်အခဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါသည်။ လွှတ်တော် အတွင်းမှနေ၍ မိမိလိုလား ချက်အတိုင်း ပြုပြင်ရန်မှာ မျှော်လင့်ချက်မရှိတော့သလောက် ဖြစ်သွားခဲ့ရကြောင်း တွေ့နိုင်ပါသည်။ ထူးဆန်းသည်မှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြောင်း ရှိသင့်ရှိထိုက် သည်ထက်ပိုမိုပြီး နှုတ်ဆိတ်နေခြင်း ဖြစ်ပါသည်။ ယခင် စစ်အစိုးရ လက်ထက် ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင် အဖွဲ့အစည်းများကိစ္စအပေါ် စိတ်ဝင်စားမှုမျိုး ယခုကာလတွင် ပြန်လည် မတွေ့ရှိရခြင်းသည် အံ့သြစရာ အချက်တစ်ချက် ဖြစ်ပါသည်။ သုတေသီ မင်းဇင်၏ သုံးသပ်ချက်ဖြစ်သော စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် pack ရှိနိုင်သလားဟူသော မေးခွန်းကို ယခုသူမ၏ ဆောင်ရွက်ချက်များက တဖြည်းဖြည်းချင်း ဖြေကြားနေသယောင် တွေ့မြင်နိုင်ပါသည်။
            ထိုအချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ပြင်ပ စည်းရုံးရေးကိစ္စများကို ပြန်လည် အသက်သွင်းလာသည်ဟု ဆိုနိုင် ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် လူထုစည်းဝေးပွဲများကို မိမိကျန်းမာရေးကိုပင် အမှုမထားဘဲ ကျင်းပနေခြင်းကို တွေ့နိုင်ပါသည်။ တိုတောင်း လှသော ကာလအတွင်း ချင်းပြည်နယ်၊  ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ တက်သုတ်ရိုက်သွားနေသည်မှာ သူမ၏ ပြည်နယ်များအပေါ် သြဇာသက် ရောက်မှုများ လျှော့ပါး မသွားရလေအောင် ကာကွယ်နေမှန်း ထင်ရှားသိသာပါသည်။  အောင်မြင်မှုများလည်း အထိုက်အလျှောက် ရခဲ့ပါသည်။

            အပစ်ရပ်ရေးကိစ္စ မပြီးသေးခြင်း၊ လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထား၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် မပြတ်သားသေးခြင်းများသည် ယနေ့မြန်မာ့နိုင်ငံရေးကို လေ့လာရာ၌ ချန်ထား၍ မရကြောင်း တွက်ဆနိုင်သလို အခြားလေ့လာသုံးသပ်အပ်သော ကိစ္စများလည်း ရှိနေပါသေးသည်။   သမ္မတ အနေဖြင့် သူကိုယ်တိုင် တရားဝင်ဖွဲ့စည်းထားသော နိုင်ငံရေး၊ စီးပွါးရေး အကြံပေးအဖွဲ့များကို ပွဲထုတ်လေ့ မရှိပေ။ နိုင်ငံရေးနှင့် သက်ဆိုင်သော အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးရေး စသည်များကို MPC  အကြံပေးများကသာလျှင် အကြံပေးဆောင်ရွက်နေသည်။ အကြံပေးအဖွဲ့  နှစ်ဆင့်ရှိနေခြင်းလား ဟူ၍ သံသယဖြင့် အဖွဲ့အစည်းများက ယူဆနေကြသည်။  MPC  တွင် မြန်မာနိုင်ငံဖွါး  ယခု နိုင်ငံခြားသားအဖြစ် ခံယူထားသူများဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံတကာစံနှုန်းဖြင့် လစာ ရနေသူများ ဟုဆိုပါသည်။ အချို့သော အဆိုများအရ ဗဟုအဖွဲ့ နှင့် မြန်မာ Egress  နှစ်ဖွဲ့ပေါင်းအမာခံ ပါဝင်ထားသည်ဟု ဆိုပါသည်။  အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် ယခုအစိုးရအား ယခင်အစိုးရများနှင့် ကွဲပြားသော သဘောထား၊ ဆက်ဆံရေးများကို လမ်းပြနိုင်ခဲ့ခြင်းအတွက် ကောင်းမွန်သော လုပ်ရပ်အဖြစ် မြင်ရမည် ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးပါတီအများစုနှင့် အဖွဲ့အစည်း များက MPC အား ကြားနေအဖွဲ့အစည်းအဖြစ် မမြင်ကြခြင်းမှာ အခက်အခဲ တစ်ခုဖြစ်ပါသည်။ အားလုံးက အစိုးရ၏ ကိုယ်စားလှယ်အဖြစ် မြင်နေကြ သည်။ အစိုးရနှင့် နီးစပ်လိုသော ပါတီအဖွဲ့အစည်းများ၊ အစိုးရနှင့် စေ့စပ်ဆွေးနွေးနေသော အဖွဲ့အစည်းများသာ ၀င်ထွက်သွားလာနေကြသည်။ MPC  ဦးဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အောင်မြင်မှု မည်မျှ ရမည်နည်း။  မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်ပါသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး -
မြန်မာ့နိုင်ငံရေးတွင် မဖြစ်မနေတည်ဆောက်ရမည့် လုပ်ငန်းမှာ တိုင်းရင်းသားစည်းရုံးညီညွတ်ရေး သို့မဟုတ် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းဖြစ်ပါသည်။ ပြည်တွင်းစစ်ပွဲ တိုက်ခိုက်နေမှုမှာ ရာစုနှစ်တစ်ဝက်ကျော်ကြာ လာသည့်တိုင်အောင် မပြီးဆုံးသေးပေ။ လက်ရှိ ဖြစ်နေသော တိုက်ပွဲများကို ဆန်းစစ်ကြည့်လိုက်ပါက ပြည်နယ်များတွင်သာ ဖြစ်ပွါးနေပြီး တိုင်းဒေသကြီးများတွင် ဖြစ်ပွါးမှု မရှိသလောက်ဖြစ်သည်။ ပြည်နယ်များဆိုရာ၌လည်း မြန်မာပြည် အရှေ့ဖက်ခြမ်း နယ်စပ်ဒေသနှင့်ထိတွေ့နေသော ပြည်နယ်များတွင်သာ ဖြစ်ပွါးနေကြောင်း တွေ့ရသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး တို့တွင် ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်များတွင် မဆိုစလောက်သာရှိခဲ့သည်။ စစ်ပွဲများသည် ဘာကြောင့် ပြည်နယ်များတွင်သာ ဖြစ်နေရပါသလဲ။  ဘာကြောင့် နှစ်ရှည်ကြာညောင်းနေရပါသလဲ။ နှစ်ရှည်သည်နှင့်အမျှ ဘာကြောင့် ငယ်ရွယ်သူ တိုက်ပွဲဝင် စစ်သည်များသည် တိုင်းရင်းသားအဖွဲ့အစည်းများအတွင်း ရှိနေဆဲ ဖြစ်ရပါသလဲ။  လေ့လာဆန်းစစ်သူများ၏ အဆိုအရ  ပြည်မခေါ် တိုင်းဒေသကြီးများတွင် မဖြစ်ပွါးသောကြောင့် (တနည်းအားဖြင့် တိုင်းဒေသ ကြီးများတွင် ငြိမ်းချမ်းနေသောကြောင့် ) ပြည်မ နိုင်ငံရေးသမားများအနေဖြင့် စိတ်ဝင်စားမှု နည်းခဲ့ကြောင်း၊ ၈၈ အရေးအခင်းနောက်ပိုင်း မြန်မာ တစ်နိုင်ငံလုံး စစ်အစိုးရ၏ ပြင်းထန်သောဖိနှိပ်မှုများ ကြုံတွေ့လာရသောအခါမှ သတိပြုမိလာခဲ့ကြကြောင်း၊ မြို့ပေါ်မှနေ၍ နယ်စပ်ဒေသများသို့ ခိုလှုံလာသော လူငယ်ကျောင်းသားများ၏ နယ်စပ်ဒေသ အခြေအနေ ကိုယ်တွေ့မျက်မြင်များကြောင့်လည်း တိုင်းဒေသကြီးများရှိ လူထုများ အမှန်အတိုင်း ပိုမိုသိမြင်လာခဲ့ကြောင်း၊ တပ်မတော်သည် မိမိ စစ်သည်ရဲမက်များအား လိုအပ်သော ချပ်ဝတ်တန်ဆာ၊ ရိက္ခာ၊ အသုံးအဆောင် လုံလောက်အောင် မဖြည့်ဆည်းနိုင်ဘဲ "လက်ထဲမှာ လက်နက်ရှိနေပြီး ထမင်းငတ်တာ 'အ' လို့ပေါ့ " ဆိုသော အချို့သောအရာရှိများ၏ အလွန်မှားယွင်းသည့် အဆုံးအမ များကြောင့် ပြည်သူများအပေါ် ဖိနှိပ်ရက်စက်မှုများ ရှိခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တက်ကြွစွာ ဆက်လက် ရှင်သန်နေရခြင်းသည် တပ်မတော်သားများ၏ စည်းရုံးရေး လုပ်ရမည့်အစား ဖိနှိပ်ရက်စက်မှုများကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများ ရှိပါသည်။

           
တိုင်းရင်းသား အဖွဲ့အစည်းများ -
တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများအား ပြန်လည်သုံးသပ်ကြည့်ပါက ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲဝင်ခဲ့သော တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများကို တွေ့ရမည်။ ထိုပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် နှစ်ကာလများစွာ လက်တွဲခဲ့ကြပြီး CRPP လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ၂၀၀၈- ခုနှစ် အခြေခံဥပဒေဖြင့်  ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။  အစီအစဉ်များ စနစ်တကျ ပြုလုပ်ကြံစည်ထားပြီး ဖြစ်သော ကြံ့ခိုင်ရေးပါတီအနေဖြင့် တစ်ပါတီတည်း ထီးထီး ပြိုင်ဆိုင်ရမည့် အခြေအနေ ဆိုက်ရောက်ခဲ့သည်။ ထိုအခြေအနေကို ကယ်ဆယ်နိုင်ရန်အလိုငှါ မြန်မာ egress အနေဖြင့်  နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်လိုသူများကို ရှာဖွေ၍ ငွေကြေးများ အလုံအလောက် ထောက်ပံ့ပေးခဲ့သည်။ နောင်အခါမှာ ငွေကြေးလက်ခံခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီ အများအပြား၏ အမည်များကို MPC  အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ထုတ်ဖေါ် ပြောပြ၀န်ခံခဲ့သည်။ ထိုသို့ ငွေရေးကြေးရေးကိစ္စများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပုဂ္ဂိုလ်အချို့ ခွဲထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် အမည်ဖြင့် ပါတီတစ်ခုခွဲထွက် ထူထောင်ခဲ့သည်မှာ ယနေ့တိုင် အထင်အရှားရှိနေဆဲ ဖြစ်သည်။ အချို့သော လေ့လာအကဲခတ်သူအချို့၏ အဆိုအရ လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေသူများနှင့် ပြည်ခိုင်ဖြိုးပါတီအကြီးအကဲများသည်  အဆိုပါ တိုင်းရင်းသားနိုင်ငံရေး ပါတီများကို ပြည်နယ်အစိုးရအဖွဲ့များတွင် ၀န်ကြီးနေရာများ ခန့်အပ်လိုက်ခြင်းဖြင့်  မြင်ကွင်းနောက်ကွယ် တဆင့်ခံ ကြိုးကိုင်နိုင်ခဲ့သည်ဟု ဆိုပါသည်။
            အတိုက်အခံ မရှိသော အစိုးရ နှင့် အတိုက်အခံ မရှိသော လွှတ်တော် ဖြစ်စေရမည်ဟု ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲအချို့၏ ထုတ်ဖေါ် ပြောဆိုချက်များအား လက်တွေ့ဘ၀အဖြစ် အမှန်တကယ် ဖေါ်ဆောင်နိုင်ခဲ့ကြောင်းကို အထက်ပါ ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းပုံများက သက်သေထူ ပြသနေပါသည်။ ထိုသို့ ပြည်နယ်အစိုးရအတွင်း ဖြည့်စွက်ထည့်သွင်း နေရာပေးဖွဲ့စည်းခဲ့သည်ကို လွှတ်တော်တွင်းရှိ တိုင်းရင်းသားနိုင်ငံရေး ပါတီများအနေဖြင့် ရောင့်ရဲတင်းတိမ်ခြင်း မရှိဘဲ ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း တိုင်းရင်းသား ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ပေးရန်တောင်းဆိုမှုများ ရှိခဲ့သည်။ နေရာရရှိရေးကိုသာ အဓိကဦးတည်ချက် ထားလာခဲ့ကြသည်။ မကြာမီက ရှမ်းပါတီထဲမှာ တစ်ဦးအား ပြည်ထောင်စုဒုတိယ၀န်ကြီးတစ်ဦး အဖြစ် ခန့်အပ် ပေးခဲ့ရသည်။
            စစ်အစိုးရ အနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဌာန်းခဲ့ပြီး ထိုဥပဒေ အရ ဖြစ်ပေါ်လာသော အစိုးရ အဒွန်းရှည်ကြာရေးကို ဆက်လက်လုပ်ဆောင်မည်မှာ အငြင်းပွါးစရာ မလိုသောအချက်ဖြစ် ပါသည်။  အစိုးရ သက်တမ်းရှည်ကြာရေး ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများအား စည်းရုံးထားနိုင်ရေးမှ အဓိကကျပြီး အလွန်အရေးကြီးသည့် မဟာဗျူဟာမြောက် လုပ်ငန်းဖြစ်သည်။  မိမိတို့အား အတိုက်အခံမပြုရန် နှင့် အနည်းဆုံး ကြားနေအဆင့်သို့ ရောက်နေအောင် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး တတ်နိုင်သမျှ မိမိတို့အား ထောက်ခံလာရန် (သို့) မိမိတို့ ဖြစ်စေချင်သော မူဝါဒများကို သွယ်ဝိုက်ပြီး အထောက်အပံ့ ပြုနေစေရန် ဆောင်ရွက် စည်းရုံးထားခြင်း  ဖြစ်ပါသည်။ ဒေါက်တာနေ၀င်းမောင် လက်ထက် Egress အဖွဲ့အနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ဒေသတွင်းအထိ သွားရောက်ပြီး ပါတီဝင်အများအပြားကို နိုင်ငံရေးသင်တန်းများ ပေးခဲ့သည်။ တိုင်းရင်းသားလူငယ်များကို အတွေးအခေါ် ပြောင်းသွားအောင် စည်းရုံး လှုံ့ဆော် ခဲ့သည်။ တိုင်းရင်းသားပါတီများကို ပထမဆုံး နိုင်ငံရေးသင်တန်းများ ပေးနိုင်ခဲ့၍ အကျိုးအမြတ် များစွာရရှိခဲ့သည်။
           
သို့သော်လည်း ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နည်းတူ နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ကြရာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများအတွင်း ပါတီနှစ်ခုကွဲနေခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကဲ့သို့ ကွဲနေခြင်း အပေါ် တိုင်းရင်းသားပြည်သူများအတွင်း စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့သည်။ မိမိတို့ မဲပေးရလျှင် မရွေးချယ်တတ်သည့် အခက်အခဲ မဖြစ်ပေါ်စေဖို့ ပါတီများကို တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် လိုလားခဲ့ကြပြီး မိမိတို့လူမျိုးဆိုင်ရာတိုင်းရင်းသားပါတီများကို ဖိအားပေးတိုက်တွန်းခဲ့သည်။
            တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း ပူးပေါင်းရန် ကြိုးပမ်းအားထုတ်ကြသည်ကို တွေ့ရပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ကြုံတွေ့ခဲ့ရသကဲ့သို့ တိုင်းရင်းသားပါတီဟောင်းများလည်း ကြုံတွေ့ရကြောင်း တွေ့ရသည်။ တစ်ဖက် အဖွဲ့အစည်းက စနစ်တကျ ပညာသားပါပါဖြင့် တိုင်းရင်းသားပါတီသစ်များကို စည်းရုံးခံရမှန်းမသိနိုင် လောက်အောင် စည်းရုံးထားနိုင်ခဲ့ပြီး ဖြစ်ကြောင်းတွေ့ရပါသည်။ အထူးသဖြင့် ပြည်နယ်ဝန်ကြီး ရာထူးပေးအပ်ခံရပြီး ရယူထားသူများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ရောက်ရှိနေသူများက အတိအကျ ငြင်းဆန်နေကြောင်း လေ့လာသူများက အထင်အရှားတွေ့လာရသည်။   လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် "ဗျာဒိတ်" ပေးမှုများလည်း ရှိနေကြောင်း နီးစပ်သူများ သိရှိကြပါသည်။ အထူးသဖြင့် ရခိုင်၊ မွန်၊ ချင်း နှင့် ရှမ်း တို့တွင်  ဒုတိယ သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စု ၀န်ကြီး နေရာများအတွက် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း သိရသည်။ ကမ်းလှမ်းခံရသူ အချို့၏ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောကြားချက်များအရ အတိအကျ သိရှိရခြင်း ဖြစ်သည်။  ထိုအချက်များက တိုင်းရင်းသားပါတီများ ပြန်လည်ပူးပေါင်းရေးအတွက် အဓိက အဟန့်အတား ဖြစ်စေခဲ့သည်။ အဟန့်အတား ဖြစ်စေသည့် ရည်ရွယ်ချက်များ အောင်မြင်သည်ဟု ဆိုရပါမည်။ ယခုနောက်ဆုံး ပူးပေါင်းဖွဲ့စည်းနိုင်ခဲ့သော ရခိုင်အမျိုးသားပါတီ မှလွဲ၍  အခြားလူမျိုးစု တိုင်းရင်းသားပါတီများမှာ ပေါင်းစည်းရေး သံသရာအတွင်း အကွဲအပြဲများဖြင့်  ဒဏ်ရာ အနာတရ ဖြစ်နေကြကြောင်း တွေ့နိုင်ပါသည်။
           
နောက်ထပ် အောင်မြင်မှု တစ်ခု -
မဟာဗျူဟာမြောက် လုပ်ဆောင်ချက် နောက်တစ်ခုမှာ -  တိုင်းရင်းသား ပါတီသစ်များအနေဖြင့် ယခင်အစဉ်အဆက် တောင်းဆိုလာခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပုံစံအစား ပုံစံသစ် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲ လက်ခံလာအောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့ခြင်းဖြစ်သည်။ အချို့က ထိုပုံစံသစ်ကို ဖက်ဒရယ်အတုဟု ပျက်ရယ်ပြုထားကြသည်။ စိတ်ကူးယဉ်မှုကို ဖယ်ပြီး လက်တွေ့ကျသော ဖက်ဒရယ်ကို ရယူပါဟု ပြောဆိုစည်းရုံး အယုံသွင်း ထားနိုင်ခဲ့ပါသည်။ Egress အနေဖြင့် တိုင်းရင်းသားပါတီများအတွင်း နိုင်ငံရေးသင်တန်းများ ပို့ချနိုင်ခဲ့ခြင်း၏ အကျိုးရလဒ်ဟုလည်း သုံးသပ်နိုင်ပါသည်။ တိုင်းရင်းသားများအတွင်း နှစ်ပေါင်းများစွာကာလ နိုင်ငံရေးအရ ထူးခြားသော အပြောင်းအလဲဖြစ်အောင် စည်းရုံးသိမ်းသွင်း ထားနိုင်ခဲ့ခြင်း ဖြစ်သည်။  တနည်းအားဖြင့် စစ်အာဏာရှင်တဖြစ်လဲ အစိုးရအနေဖြင့် မြင်ကွင်းပျောက် နိုင်ငံရေးနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သော အောင်မြင်မှုများဖြစ်သည်။  တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ထက်ဝက်ခြမ်းလောက်ကို စည်းရုံးထားနိုင်ခဲ့ခြင်းဖြင့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား အင်အားထိန်းညှိ ထားနိုင်ခြင်းဖြစ်သည့်အပြင် အခြား မြန်မာ့နိုင်ငံရေးအင်အားစုများကိုပါ တန်းညှိထားနိုင်ခြင်း ဖြစ်ပါသည်။ ထို့ပြင် တိုင်းရင်းသားအရေးကို အစဉ်တစိုက်တောင်းဆိုလာကြသော တိုင်းရင်းသားနိုင်ငံရေးပါတီကြီးများနှင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲလာခဲ့ကြသော လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း တန်းညှိရန် အဆင်သင့် ဖြစ်နေစေခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော ပဋိပက္ခကြီးများက ရခိုင်အမျိုးသားများ ညီညွတ်ရေးအတွက် မဖြစ်မနေ အလွန်ကြီးမားသော တွန်းအား ဖြစ်ခဲ့ခြင်းကြောင့် ပူးပေါင်းထားနိုင်ခဲ့သည့် ထို "ရခိုင်အမျိုးသားပါတီ" အတွင်းတွင်လည်း ပါတီတွင်း နိုင်ငံရေးအားပြိုင်မှုများကို ငြိမ်သက်အောင် နှစ်အတော်ကြာ ဆောင်ရွက်ရအုန်းမည် ဖြစ်ရာ ပြိုင်ဖက်များအတွက် အားသာချက် ဖြစ်စေခဲ့သည်။  ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်ပေါင်း ၁၇-မြို့နယ်တွင် ၁၄-မြို့နယ်မှာ ပုဒ်မ-၁၄၄ ထုတ်ထားသော မြို့နယ်များ ဖြစ်သည်ဟု သိရသည်။ လေ့လာသူများ၏ အဆိုအရ ရခိုင်ပြည်နယ်တွင်း  ရခိုင်လူမျိုးများ လူဦးရေ တစ်ဖြည်းဖြည်း လျှော့နည်းလာသောကြောင့် လယ်လုပ်ချိန် လယ်လုပ်သား ရှားပါးမှုများ စတင်ကြုံတွေ့လာရပြီ ဟုဆိုပါသည်။ ရခိုင်ပြည်နယ် တွင်းရှိ မြို့နယ်အချို့၏ ကျေးရွာများကို  ကုမ္ပဏီကြီးတစ်ခုက ဟူးကောင်းတောင်ကြားရှိ ၎င်းတို့၏ စီမံကိန်းများအတွက် အလုပ်အကိုင်ပေးရန် ရွာအလိုက် ပြောင်းရွေ့ခေါ်ဆောင်နေခြင်းသည်လည်း ရခိုင်လူဦးရေ ကို လျော့ကျ စေခဲ့သည်။ လက်တွေ့အားဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ရခိုင်လူမျိုးများ ယခင်နှင့်မတူအောင် ပိုမိုပြီးအများအပြား တွေ့မြင်နိုင်ပါသည်။
ကချင်ပြည်နယ်အတွင်း ကြည့်ပါက ယခင်က ကချင်လူမျိုးများတွင် ပါဝင်သည်ဟုဆိုသော လူမျိုးစု နှစ်စုကို တိုင်းရင်းသားရေးရာ ၀န်ကြီးများ အဖြစ် သတ်မှတ်ပြီး တာဝန်ပေးလိုက်သောအခါ ကချင်လူမျိုးများအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်စေခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီး နောက်ပိုင်း လူသိများသော ကချင်နိုင်ငံရေးသမားများက ပါတီထူထောင်ခွင့်များ တောင်းခံခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီနှင့်ပတ်သက်သော ပါတီများမှ လွဲ၍  ဖွဲ့စည်းခွင့် မရခဲ့ပေ။ သို့သော်လည်း မကြာမီကာလက လျှောက်ထားသမျှသော ကချင်နိုင်ငံရေးပါတီများကို ထူထောင်ခွင့် ချပေးခဲ့ရာ ကချင် ပြည်နယ်အတွင်း ကချင်နိုင်ငံရေးပါတီများ အများအပြားဖြစ်ပေါ်ခဲ့ပြီး စည်းရုံးပူးပေါင်းရန်ဆိုသော သံသရာတွင်း နစ်မြှုပ်ဖွယ်ရှိနေပါသည်။ ကချင် လွတ်လပ်ရေးတပ်မတော်၏ အားနည်းချက်များကို အခွင့်ကောင်းယူလျက် ကချင်ပြည်နယ်တွင်းရှိ ရှမ်းနီများကိုလည်း  အားပေးပြီး ကချင်လွတ်လပ်ရေး တပ်မတော်ကို ကန့်သတ်ထားနိုင်ခဲ့သည်။
ရှမ်းပြည်နယ်သည် ပြည်နယ်များထဲတွင် အကြီးဆုံးဖြစ်ပြီး လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးများ နှစ်ရှည်ကြာ အောင်ဖြစ်ပေါ်ခဲ့ / ဖြစ်ပေါ် နေဆဲ ပြည်နယ် ဖြစ်ပါသည်။ အစိုးရ၏ သုတေသန ပြုချက်များအရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင် အဖွဲ့အစည်း ကြီး/ငယ် ပေါင်း ၂၇၀ ခန့် ရှိသည်ဟု ဆိုပါသည်။ ထိုအထဲမှ အဖွဲ့အစည်းပေါင်း ၁၇၀ သည် ရှမ်းပြည်နယ်အတွင်း ရှိနေသည်ဟုဆိုပါသည်။ တပ်မတော် စစ်တိုင်းကြီး ၁၃-တိုင်းအနက် ရှမ်းပြည်နယ်တွင် ၄-တိုင်း ရှိနေပြီး ပြည်နယ်နှင့် မတန်တဆဖြစ်သော တပ်မတော် တပ်ရင်းပေါင်း နှစ်ရာကျော်တပ်စွဲထားသည်ဟု ဆိုပါသည်။ ရှမ်းပြည်အရှေ့ခြမ်းတွင် မည်သူမျှ ကိုင်ဆောင်ခွင့် မရှိသော လက်နက်ကိုင်ဆောင်ခွင့်ကို လူမျိုးစုတစ်ခုကို သီးသန့်ခွင့်ပြုထားခဲ့သည်။ မည်သည့် ပြည်နယ်တွင်မှ ခွင့်ပြုမထားသည့် လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု သီးသန့်ရှိပြီး ဥပဒေပြုခွင့် အာဏာတစ်ချို့ အထိ ခွင့်ပြုပေး ထားပါသည်။
" ၀ " ပြည်နယ်တောင်းဆိုမှုများကိုလည်း လျစ်လျူရှုထားခဲ့သည်။ "၀" တပ်ဖွဲ့များ ရှမ်းပြည်နယ်အရှေ့ခြမ်း၏ တောင်ပိုင်းတွင် လှုပ်ရှားသွားလာနေသော်လည်း တပ်မတော်နှင့် ထိတွေ့မှု မရှိသည်မှာလည်း ထူးခြားမှု ဖြစ်ပါသည်။ အခြားငြိမ်းချမ်းရေး အပစ်ရပ် လက်မှတ်ရေးထိုး ထားသော အဖွဲ့အစည်းများနှင့်မူ မကြာခဏ ထိတွေ့မှုများရှိခဲ့သည်။ ချုပ်၍ ဆိုရလျှင် ရှမ်းပြည်နယ်အား မလှုပ်နိုင်အောင် ခွဲခြမ်းထားသည်။ လိုသည်ထက်ပိုသော စစ်သည်အင်အား ချထားပါသည်။ နိုင်ငံရေးပါတီများ ပူးပေါင်းစည်းရုံးမှု မရှိနိုင်အောင် ရပိုင်ခွင့်များ ပေးထား၍ ကန့်လန့်ထား လိုက်သည်။ အလွန် ရိုးရှင်းသော်လည်း အလွန်ထိရောက်သော မဟာဗျူဟာများ ဖြစ်ပါသည်။
အဆိုးဆုံးမှာ ကရင်ပြည်နယ်တွင်း ဖြစ်သည်။ သံမဏိရှည်ကြာ တော်လှန်ရေး လုပ်ခဲ့သော ကရင်အမျိုးသား အစည်းအရုံးအား အစိပ်စိပ်အမွှာမွှာ ဖြစ်အောင် ခွဲခြမ်းလိုက်နိုင်ခြင်း ဖြစ်သည်။ နည်းလမ်းအမျိုးမျိုး ပရိယယ်အဖုံဖုံဖြင့် အုပ်စုကွဲများ အများအပြားဖြစ်သွားအောင် ခွဲခြမ်း ထားလိုက်နိုင်ခြင်းက စစ်အစိုးရ၏ အောင်ပွဲတစ်စိပ်တစ်ပိုင်းဖြစ်ခဲ့သည်။ ကရင့်တော်လှန်ရေးတပ်ဖွဲ့များသည် သီးခြားစီ ရပ်တည်နေကြရပြီး အချင်းချင်း ညီညွတ်မှုရအောင် မစွမ်းဆောင်နိုင်လောက်အောင် အခက်အခဲ ဖြစ်နေစေခဲ့သည်။ နိုင်ငံရေးပါတီများအနေဖြင့်လည်း အများအပြား ပေါ်ထွက်လာအောင် အားပေးထားလိုက်ခြင်းဖြင့် လူများပြီး ပွဲမစည်နိုင်အောင် ဆောင်ရွက်ထားနိုင်ခဲ့သည်။
မွန်ပြည်နယ် အပိုင်းကို လေ့လာကြည့်သောအခါ နိုင်ငံရေးပါတီနှစ်ခုကို ပေါင်းစည်းကြရန် ရဟန်းသံဃာ ဆရာတော်များက ဦးစီးဦးဆောင် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း နောက်ပေါ်သော မွန်ပါတီသစ်ထဲမှ နေရာရထားသော ခေါင်းဆောင်ပိုင်းအချို့က အပြင်းအထန်ကန့်ကွက်ကြ ကြောင်းမှတ်တမ်းများက ဖေါ်ပြနေသည်။  မွန်ပြည်နယ်တွင် ပြည်သူလူထုကို လွန်ဆန်ချင် လွန်ဆန်နိုင်မည် ဖြစ်သော်လည်း ရဟန်းသံဃာ ဆရာတော် ကြီးများကို လွန်ဆန်ဝံ့သူ အလွန်ရှားကြောင်း မွန်ပြည်နယ်အကြောင်း သိသူများသိကြပါသည်။ ထိုကဲ့သို့ ရဟန်းသံဃာ ဆရာတော်ကြီးများကို ဆန့်ကျင် နိုင်လောက်သော တွန်းအားများ မည်မျှကြီးနေမည်ကို သိရှိနိုင်ပါသည်။  နောက်ဆုံးသိရသည်မှာ အစဉ်အလာကြီးခဲ့သော မွန်ဒီမိုကရေစီပါတီ အား  ဖျက်သိမ်းပြီး မွန်အမျိုးသားပါတီ အဖြစ် နှစ်ဖက်အဖွဲ့ဝင်များဖြင့် ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းနေကြသည်။ သို့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့်မူ ခေါင်းဆောင်အချို့နှင့် အတူ ဆက်လက်တည်ရှိနေမည်ဟု ကြေညာထားရာ မွန်တစ်ပါတီတည်း ဖြစ်လာရန်မှာ ဝေးကွာ နေဆဲပင် ဖြစ်ပါသည်။ အစဉ်အလာရှိခဲ့သော မွန်ဒီမိုကရေစီပါတီ သည် ပူးပေါင်းမှုသံသရာတွင် နစ်မြှုပ်ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။
ရှမ်းနှစ်ပါတီ ပူးပေါင်းရေး တိုက်တွန်းချက်များကြောင့် ရှမ်းပါတီဟောင်းက ရှမ်းပါတီသစ်ထံသို့ ပူးပေါင်းရေးဆွေးနွေးရန် စာအားဖြင့် တောင်းဆို မှုများ ရှိခဲ့သည်။ နှစ်ပါတီစလုံး၏ ပါတီဝင်များနှင့် ပြည်သူလူထုများ အနေဖြင့် ပူးပေါင်းကြရန် တိုက်တွန်းတောင်းဆိုမှုများလည်း ရှိခဲ့သည်။ SNLD ရှမ်းပါတီဟောင်းအနေဖြင့် တိုင်းပြည် နှင့် လူမျိုး အကျိုးရှိမည်ဆိုလျှင် ပါတီဖျက်သိမ်းသည်အထိ လိုက်လျောမှုပြုမည်ဟု အလွတ်သဘော ကမ်းလှမ်း ခဲ့သည်။ သို့သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP  အနေဖြင့် မူဆယ်မြို့တွင် ကျင်းပသော ပါတီညီလာခံ၌ မိမိတို့ပါတီကို မည်သည့်နည်းနှင့်မျှ မဖျက်သိမ်းနိုင်ကြောင်း ဆုံးဖြတ်ခဲ့သောကြောင့် ပေါင်းစည်းရေး သံသရာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ခရီးဆက်နေရသည်။

မြန်မာ့ နိုင်ငံရေး သဘာဝ -
မြန်မာ့နိုင်ငံရေးသည် အခြားနိုင်ငံများနှင့် အချို့အချက်များတွင် အတော်ကွဲပြားပါသည်။ မြန်မာပြည်တွင်း နိုင်ငံရေး ပါတီများ အားလုံးလောက် နီးနီးသည် ရန်ကုန်မြို့တွင်သာ တည်ရှိလုပ်ကိုင်ကြသည်။  မန္တလေးတွင် မဆိုစလောက်သာရှိပြီး နေပြည်တော်တွင်အခြေစိုက်သည့်ပါတီဟူ၍ အစိုးရ နောက်ခံ ကြံ့ခိုင်ရေးပါတီမှလွဲပြီး အခြားပါတီများ မကြားသိရပေ။ စစ်အစိုးရသည် ရန်ကုန်မြို့အား စီးပွါးရေးမြို့ အဖြစ် နောက်ချန်ထားရစ်ခဲ့သော်လည်း နိုင်ငံရေးကိစ္စများကိုမူ နေပြည်တော်သို့ ပါအောင် မခေါ်ဆောင်နိုင်ခဲ့ချေ။ ရန်ကုန်မြို့နှင့် ကင်းလွတ်နေလျှင် မြန်မာ့နိုင်ငံရေးနှင့် ကင်းလွတ်နေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးကိစ္စ အားလုံးလောက်နီးနီးသည် ရန်ကုန်မြို့တွင်သာ ဖြစ်ပေါ်နေသည်မှာ ဘာကြောင့်မှန်း သုတေသနပြုထားသူ မရှိသော ကြောင့် ရှင်းမပြတတ်ပေ။ လက်တွေ့အနေဖြင့် နိုင်ငံရေးလောကသည် ရန်ကုန်တွင်သာ ဖြစ်ပေါ်နေသည်။
မြန်မာ့နိုင်ငံရေးလောကတွင် ပြောလေ့ပြောထ ရှိသော စကားပြောင်တစ်ခု ရှိပါသည်။ မြန်မာနှစ်ယောက်ရှိလျှင် ပါတီသုံးပါတီ ဖြစ်တတ် သည်ဟူ၍ အပြောင်အပျက်ပြောတတ်ကြသည်။ အကွဲအပြဲ အလွန်များသော သဘောကို ပြဆိုခြင်း ဖြစ်ပါသည်။ နိုင်ငံရေးသမိုင်းများကလည်း ထိုအချက်ကို ထောက်ခံနေပါသည်။ အမွေဆိုးဟု ခေါ်ဆိုနိုင်သော ညီညွတ်မှု တည်ဆောက်ရန် ခက်လှသော အလေ့အထသည် ယခု မြန်မာ့နိုင်ငံရေးတွင် ရှိနေဆဲဟု ပြောနိုင်ပါသည်။ ထို့ပြင် ပုဂ္ဂိုလ်ရေး ကိုးကွယ်အားပြုမှုလည်း အလွန်များပြားကြောင်း တွေ့နိုင်ပါသည်။ ထိပ်တန်းခေါင်းဆောင်ဆိုသူများကို လက်ချိုး ရေတွက်နိုင်ပါသည်။ လူ့ဘောင်သစ်ပါတီကို ပြန်လည်ဖွဲ့စည်းမှတ်ပုံတင်ရန်ကိစ္စမှာလည်း ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ABSDF  အဖွဲ့ပြည်တွင်း ၀င်ကာစ ကာလမှာပင် ကားပါမစ်ကိစ္စဖြင့် အကြီးအကျယ် ဝေဖန်ခံရသည်။ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ငွေရတုပွဲ ကျင်းပစဉ်ကလည်း အစိုးရအဖွဲ့အစည်းများကို ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး မကျေနပ်သူများက သပိတ်မှောက်ကာ မန္တလေးမြို့မှာ ကျင်းပသောပွဲသို့ ရှောင်ထွက်သွား ခဲ့ကြသည်ကို တွေ့နိုင်ပါသည်။ နိုင်ငံရေး အကျဉ်းသား ကူညီရေးကိစ္စနှင့် ပတ်သက်ပြီး အဖွဲ့အစည်း လေးဖွဲ့ ရှိနေခဲ့ရာ ပေါင်းစည်းရန် မလွယ်ပေ။  ယခုနောက်ပိုင်းတွင် တပ်ပေါင်းစု ညွန့်ပေါင်းများအဖြစ်ပါတီများ စုစည်းမှုများ ရှိခဲ့သော်လည်း နိုင်ငံရေးအဓိပ္ပါယ်ဆောင်သော လှုပ်ရှားမှုများ ထိထိရောက်ရောက် မရှိခဲ့ကြောင်း တွေ့နိုင်ပါသည်။
အာဏာရသူများအပိုင်းကို ကြည့်လိုက်လျှင်လည်း လှုပ်ရှားမှု နှစ်မျိုးကိုတွေ့ရသည်။ အစိုးရဖက်က တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ် ထိုးနိုင်ရန် ကြိုးစားနေကြပြီး ထိုမှတဆင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပနိုင်ရန် ကတိပေးဆောင်ရွက်နေပါသည်။ လွှတ်တော် ဖက်ပိုင်းတွင်လည်း အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး အခြေခံဥပဒေကိစ္စကို ဆောင်ရွက်နေသည်။ အထက်မှာ ဖေါ်ပြခဲ့သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရေးကို လွှတ်တော်သုံးရပ်က ပြည်သူများနှင့် အဖွဲ့အစည်းများ၏ အကြံပြုချက် သုံးသိန်းမှ ဟုဆိုကာ သူတို့ဖာသာပြင်ဆင်သွားမည့် လက္ခဏာများ ရှိနေသည်ဟု အချို့က ယူဆထားပါသည်။  လွှတ်တော်အနေဖြင့် မည်သို့ ဆက်လက် ဆောင်ရွက် သွားမည်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခြင်း မရှိပေ။  သုံးသပ်ချက်အနေဖြင့် ဥပဒေပြုအဖွဲ့အစည်းအနေဖြင့် မိမိဖာသာ တစ်လိုင်းသွား နေပြီး အုပ်ချုပ်ရေးအပိုင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲဟူ၍ မိမိဖာသာ တစ်လိုင်းသတ်သတ်သွားနေသည်ကို တွေ့နိုင်ပါသည်။ ထိုနှစ်လိုင်း မည်သို့မည်ပုံ ပေါင်းစည်းညှိနှိုင်းကြမည့်ကိစ္စမှာ အလွန် စိတ်ဝင်စားစရာ ဖြစ်နေပါသည်။ တစ်ပြည်လုံး တစ်မျိုးသားလုံး ပြန်လည်ရင်ကြားစေ့ရေး  တနည်းအားဖြင့်  နိုင်ငံရေး ပြေလည်မှု သဘောတူညီမှုများကို မည်သို့မည်ပုံ အကောင်အထည်ဖေါ်ကြမည်ကို စဉ်းစားကြည့်ရန် ဖြစ်ပါသည်။
            ဘာကြောင့်ပါလဲ။ လွှတ်တော်များနှင့် အစိုးရတို့သည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုပြီး သဘောထားကွဲလွဲမှုများရှိနေကြောင်း ဖြစ်ရပ်များစွာက ပြသနေသည်။ သမ္မတ နှင့် ပြည်ထောင်စုလွှတ်တော် နာယက တို့၏ ပြိုင်ဆိုင်မှုရှိနေကြောင်းကိုလည်း ထောက်ပြနေကြပါသည်။ အာဏာကြီးသုံးရပ်ကို သီးခြားစီ ကျင့်သုံးသည်ဟု ဆိုထားသော်လည်း လုပ်ကိုင်ဆောင်ရွက်ရာတွင် နယ်ကျူးမှုများကို တွေ့နိုင်ပါသည်။ အချို့ ဥပဒေများ ပေါ်ပေါက်လာရန်မှာလည်း လိုအပ်သည်ထက် ပိုမိုကြာညောင်းမှုများရှိနေသည်။  တရားရေး ဆိုင်ရာဖက်တွင် အရေးယူမှု မရှိသလောက်ဖြစ်နေပြီး မြန်မာ့သမိုင်း တလျှောက်တွင် နာမည်အဆိုးဆုံး အဖြစ် ဝေဖန်ခံနေရသည်။ အစိုးရဖက်ကလည်း အရေးယူသင့်သော ကိစ္စများ အထင်အရှား တွေ့နေရသော်လည်း အရေးမယူနိုင် / အရေးမယူဘဲ ဖြစ်နေခြင်းသည်လည်း တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေပါသည်။  တရားဥပဒေ စိုးမိုးရေးကို ယုံကြည်မှုနည်း လာသည်နှင့်အမျှ ဆင်းရဲသားများနှင့် အချောင်သမားများသည် မြေလွတ်များတွင် အတင်းဝင်ရောက် တဲထိုး ကျူးကျော်မှု များပင် ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်လာရသည်။ ဗျူရိုကရေစီ ယန္တယားသည် အထာမကျနိုင်ဘဲ နကိုယ်အတိုင်း ခက်မြဲခက်နေဆဲ ဖြစ်သည်။ အဓိက ပျက်စီးမှုမှာ ၀န်ထမ်းများအတွင်း စိတ်ဓါတ်ရေးရာ၊ စာရိတ္တယိုယွင်း အကျင့်ပျက်မှုများ နှင့် လူထုအတွင်းတွင် ဥပဒေများကို မလေးစားချင်လောက်သည့် ဓါတ်ခံများ ကိန်းအောင်းလာခြင်း ဖြစ်သည်။  ခေါင်က မိုးမလုံသည့် သဘောများကြောင့် ဖြစ်ပါသည်။
            အစိုးရ ယန္တယားများအတွင်း လည်ပတ်နေသော ဌာနအချို့တွင် ဥပဒေအရ အရေးယူရန် ဆောင်ရွက်လိုက်ပါက ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဆိုသလို အားလုံးပတ်ချာလည် အရေးယူရမည့်ကိန်းမျိုး ဆိုက်နေသည်ဟု အရာထမ်းဟောင်းတစ်ဦးက မှတ်ချက်ပြုပါသည်။  မှတ်ပုံတင်ပြီး ထူထောင်ဖွဲ့စည်းထားသော သမ၀ါယမအသင်းများကတော့ အောင်မြင်မှု နည်းလှပါသည်။ ဌာနများအတွင်း နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက် ခွဲတမ်းချ ပေးဝေမှုများမှာမူ အောင်မြင်မှုရသည်ဟု ဆိုရပါမည်။ တောရွာမှ မြို့ပေါ်သို့ ပြောင်းရွေ့မှုများ အလွန်များလာနေပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှုက လိုက်မမီနိုင်ဘဲ ရှိနေပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း ထင်သလောက် ရောက်မလာခဲ့ပေ။ ယခင်က နိုင်ငံခြားတိုင်းပြည်များ၏ စီးပွါးရေး ပိတ်ဆို့အရေးယူမှုများကြောင့်ဟု လွဲချပြောဆိုခဲ့သည်။ ယခု ပိတ်ဆို့အရေးယူမှုများ မရှိတော့သည်တိုင် ဘာ့ကြောင့် စီးပွါးရေးတိုးတက်မှု ၊ ရင်းနှီးမြှုပ်နှံမှု နည်းပါးနေရခြင်းကို ပြန်လည်သုံးသပ်ရမည် ဖြစ်ပါသည်။ IMF က မြန်မာ့စီးပွါးရေး တိုးတက်မှု GDB တက်လာမည်ဟု သုံးသပ်ထားသော်လည်း ငွေကြေးဖေါင်းပွမှုများလည်း ပိုမိုလာမည်ဟု ဖေါ်ပြထားပါသည်။ အရံငွေကြေးနည်းသောကြောင့် ကမ္ဘာ့စီးပွါးရေး အလှုပ်အရမ်း၏ ဒဏ်ကို မခံနိုင်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားပါသည်။
            မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုသည် အချို့ပညာရှင်များ၏ အဆိုအရ မြန်ဆန်လွန်းသည်ဟု ဆိုပါသည်။ စိတ်ပူပန်မှုများ ရှိသည်ဟု ဆိုပါသည်။ ဖိနှိပ်ခံဘ၀မှ ပြည်သူများကမူ ပြောင်းလဲမှုသည် နှေးလွန်းသည်ဟု ခံစားနေရသည်။ ခြုံ၍ သုံးသပ်ရလျှင် ရွေ့လျားမှုသည် အရှေ့နှင့် အနောက်၊ ဘယ်နှင့်ညာ အချိုးကျကျ ရွေ့လျားမှုမျိုး မဟုတ်ဘဲ ဒယိုင်းဒရိုင် ရွေ့လျားမှုမျိုး ဖြစ်နေသည်ဟု သုံးသပ်ရမည် ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချ တစ်နေရာချင်းအလိုက် ဖာထေးပြုပြင်နေရင်း အခြားတစ်နေရာတွင် ဖာထေးပြုပြင်စရာ ထပ်ပေါ်နေရာ ပြုပြင်ခြင်း သံသရာဝဲတွင်းမှ မထွက်နိုင်သေးချေ။
            ထိုကဲ့သို့ ကိန်းဂဏန်းအရ မြန်ဆန်နေသော်လည်း လက်တွေ့ဘ၀တွင် နှေးကွေးနေခြင်းကြောင့် ဆန္ဒထုတ်ဖေါ်မှုများကလည်း နေရာအနှံ့ ဖြစ် ပေါ်နေခဲ့သည်။ နိုင်ငံရေးတောင်ဆိုမှုများကို ဖြစ်သင့်သလောက်ဘဲတောင်းဆိုဖို့ သတိပေးစကားကို သမ္မတကြီးက မိန့်ဆိုလိုက်ရာ အချို့ပုဂ္ဂိုလ်များက တကယ်ဘဲ နောက်ကြောင်းပြန်တော့မလား ဟူ၍ စိုးရိမ်သူများ ရှိလာပါသည်။ သို့သော်လည်း နိုင်ငံရေးသုံးသပ်သူအချို့ကမူ နောက်ကြောင်းပြန် အာဏာသိမ်းမှုများသည် ဖြစ်နိုင်ရန် ခက်ခဲကြောင်း သုံးသပ်ကြပါသည်။ အကြောင်းပြချက်များရှိပါသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် သည် နိုင်ငံ၏ နိုင်ငံရေးအာဏာကြီးနှစ်ရပ်ကို ထိရောက်စွာ ၀င်ရောက်လုပ်ကိုင်နိုင်ပါသည်။ တနည်းအားဖြင့် နိုင်ငံရေးအာဏာ အမြောက်အမြား ရရှိထားပြီး ဖြစ်သည်။ အာဏာသိမ်းလျှင် ကိုယ့်ထံမှ အာဏာကို ကိုယ်ပြန်သိမ်းသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် အာဏာသိမ်းရုံဖြင့် လုပ်ငန်းပြီး သွားသည်မဟုတ်ပါ။ အချိန်အတိုင်းအတာတစ်ခုအထိ ပြည်သူကို စီမံအုပ်ချုပ်ထားဖို့လည်း လိုအပ်ပါသည်။ ယနေ့ ပြည်သူလူထု၏ အနေအထားအရ တပ်မတော်အနေဖြင့် အုပ်ချုပ်ရန် များစွာခက်ခဲမှု ရှိမည်ဖြစ်ကြောင်း တပ်မှူးကြီးများ နားလည်ကြပါသည်။ နိုင်ငံခြား ဆက်ဆံရေးများ ပျက်ပြားပြီး မြန်မာ့ စီးပွါးရေးလည်း များစွာထိခိုက်နိုင်ကြောင်း တွက်ဆနိုင်ခြင်းကြောင့် နောက်ကြောင်းပြန်ရန် ခက်ခဲကြောင်း ထောက်ပြကြပါသည်။