Thursday 14 November 2013

ပြင် သစ် တဲ့လား

အခုတလော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးမလား ဒါမှမဟုတ် ပြင်ဆင်ရေးဆွဲမလား ဆိုပြီး အသံတွေ ဆူညံနေပါတယ်။ ကျွန်တော်ကိုယ်တိုင်က အစည်းအဝေးတွေ အတော်များများကို တက်ခဲ့ ပါတယ်။ အဲဒီ အသံတွေက ဘယ်ကနေ ဘယ်လို ပေါ်ပေါက်လာသလဲ ကျွန်တော်လည်း မစဉ်းစားနိုင်တော့ ပါဘူး။ အခုဆိုရင် မြန်မာ့နိုင်ငံရေးလောကကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမဲ့ အဖွဲ့နဲ့ ပြင်ဆင်ဖြည့်စွက် နုတ်ပယ်မဲ့ အဖွဲ့ဆိုပြီး အကြိတ်အနယ် ပြောနေဆိုနေကြတယ်။ သတင်းဌာနတွေကလည်း အဲဒီအချက်ကိုဘဲ သည်းသည်းမည်းမည်း သတင်းတွေမှာ ဖေါ်ပြနေကြတယ်။ အဲဒါနဲ့ဘဲ ပြည်သူလူထုကြီးအတွင်းမှာလည်း ဒီကိစ္စကိုဘဲ အခြေအတင် ဆွေးနွေးနေတာတွေ ပေါ်ပေါက်လာခဲ့တယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးဆွဲမှာလား။ ဒါမှမဟုတ် ပြင်ဆင်ဖြည့်စွက်တာကိုဘဲ လုပ်မလားဆိုတာကို ပြည်သူတွေရဲ့ သဘောထားကို ရယူဖို့ မြို့နယ်စုံတွေမှာ အစည်းအဝေးတွေ တစ်နိုင်ငံလုံးမှာ ကျင်းပနေပါတယ်။ မနေ့တစ်နေ့က ဆိုရင် ရန်ကုန်တိုင်းမှာ လူထုသောင်းချီ တက်ရောက်တဲ့ သဘောထားကောက်ယူမှုပွဲတွေတောင် ကျင်းပနေခဲ့တာတွေ့ရပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ မှားတယ်လို့ တိုက်ရိုက် မပြောချင်ပါဘူး။ ဒါပေမဲ့ ဒီလောက်တောင် တစ်နိုင်ငံလုံးမှာ ငွေကုန်၊ အချိန်ကုန်ခံပြီး လုပ်နေတာကတော့ အင်အားတွေ ဆုံးရှုံးတယ်လို့ ထင်ပါတယ်။ ပါတီအနေနဲ့ တစ်ခြား ရည်ရွယ်ချက်တွေ ရှိနေရင်တော့ မပြောတတ်ဘူးပေါ့ဗျာ။ တစ်ခြားပါတီ အဖွဲ့အစည်းတွေကလည်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးတွဲကော်မတီကို မိမိတို့ ပြင်ဆင်ချင်တဲ့ အချက်တွေကို ပေးပို့နေတာတွေတောင်မှ ရှိနေပါတယ်။ အဲဒီ စိတ်ကူးစိတ်သန်းတွေကို ကျွန်တော်ကဘဲ လိုက်မမီတာလားမသိပါဘူး။ ကျွန်တော်တော့ လုံးဝသဘောမပေါက်ဘူးဗျ ။ ကျွန်တော် သဘောပေါက်နေတာကတော့ အဆင့်ကျော်နေတယ်လို့ဘဲ သဘောပေါက်ထားပါတယ်။

ကိုင်းဗျာ ..... ဆွေးနွေးကြည့်ရအောင်။ အသစ်ရေးမယ်ဆိုရင် ဘယ်မူတွေနဲ့ အသစ်ရေးမှာလဲ။ ကောင်းပါပြီ ။ ပြင်ဆင်မယ်ဗျာ . . . . . ဒါဆိုရင် ဘယ်မူနဲ့ ဘယ်သဘောထားကို ကိုင်ပြီး ပြင်ဆင်ဖြည့်စွက်မှာလဲ။ ကိုယ့်တစ်ဖွဲ့ထဲရဲ့ မူတွေနဲ့တော့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲဗျာ . . . ။ စဉ်းစားကြည့်ကြပါအုန်း။ အဲဒီလို ကိုယ့်တစ်ဖွဲ့ထဲရဲ့သဘောထားနဲ့ ရေးခဲ့ လုပ်ခဲ့လို့ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်ဘ၀ကို ရောက်ခဲ့လဲ ဆိုတာ သင်္ခန်းစာတွေ အများကြီးပါ။ အဲဒီ သင်္ခန်းစာကို မေ့ထားပြီး ကိုယ့်သဘောနဲ့ကိုယ် နောက်တစ်ကြိမ် ထပ် ရေးကြအုန်းမှာလားဗျာ။ မလုပ်ကြပါနဲ့တော့ ။ တော်ပါတော့လို့ မေတ္တာရပ်ခံချင်ပါတယ်။

ဒါဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီအတိုင်းထားလိုက်ကြတော့မှာလား။ ထားလို့တော့ ဘယ် ဖြစ်လိမ့်မလဲ။ အဖွဲ့အစည်းတစ်ခုရဲ့ သဘောထားကို အများပြည်သူရဲ့သဘောထားလိုလို ဟိုလိုလို ဒီလိုလို လုပ်ပြီး ကိုယ့်လိုဖတ်အတိုင်း ကိုယ်ရေးခဲ့တာကြီးကို ဘယ်လိုလုပ်ပြီး ဒီအတိုင်းထားလို့ ဖြစ်မလဲ ။ အခုကိုဘဲ အဲဒီအခြေခံဥပဒေကို မလိုတော့လို့ ပြင်မလား - အသစ်ရေးမှာလား ဖြစ်နေကြတာကို ကြည့်ရင် ဒီအတိုင်းက အလုပ်မဖြစ်တော့ဘူးဆိုတာ သိသာထင်ရှားနေပြီးသားပါ။ အခု ကျွန်တော် ဆွေးနွေးနေတာက အသစ်ရေးမှာလား နဲ့ ပြင်ဆင်ဖြည့်စွက် မှာလား ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီး အငြင်းပွါးနေကြတဲ့ကိစ္စကို ဆွေးနွေးနေခြင်းဘဲ ဖြစ်ပါတယ်။

အမှန်ကတော့ အဆင့်ကျော်နေတာပါ။ ကျွန်တော်တို့ ပထမဆုံးစဉ်းစားရမှာက တစ်နိုင်ငံလုံးက အဖွဲ့အစည်းတွေအားလုံးရဲ့ "နိုင်ငံရေး သဘောတူညီချက်" သာ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေး သဘောတူညီချက်ကသာ အဓိကဖြစ်ပါတယ်။ အဲဒီ နိုင်ငံရေး သဘောတူညီချက် မရှိဘဲ မဖြစ်ပေါ်ခဲ့ဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုကို ရေးဆွဲတာဘဲဖြစ်ဖြစ် ပြင်ဆင်တာဘဲဖြစ်ဖြစ် လုပ်လို့ကို မဖြစ်နိုင်ပါဘူး။ လုပ်နိုင်တယ်ဆိုပြီး လုပ်ခဲ့ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို ဇွတ်ထိုးလုပ်ခဲ့လို့လည်း ဒုက္ခ သုက္ခတွေ တွေ့ခဲ့ကြရပြီးပါပြီ။ ဒီနေ့ လုပ်ရမှာက တစ်ပြည်လုံး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ၊ တစ်နည်းအားဖြင့် တစ်ပြည်လုံးက အဖွဲ့ အစည်းတွေရဲ့ ဘုံသဘောတူညီချက် ဖြစ်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးသဘောတူညီမှုကြီး ရဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ၁၉၉၀ နောက်ပိုင်း သုံးပွင့်ဆိုင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြတာလည်း ဒီသဘော ဒီအဓိပ္ပါယ်မျိုးဘဲ ဖြစ်ပါတယ်။ နိုင်ငံရေး သဘောတူညီချက် မရသေးဘဲ ၊ မဖြစ်နိုင်သေးဘဲနဲ့ ရေးဆွဲမယ့် အခြေခံ ဥပဒေကတော့ အသစ်ဘဲရေးရေး ၊ ပြင်ဆင်တာဘဲ လုပ်လုပ် အဆင်မပြေနိုင်ပါဘူး။ အခုဟာက အဲဒီအဆင့်ကို ကျော်နေတယ်လို့ ကျွန်တော်တော့ ခံစားမိတယ်ဗျာ ..... ။

နိုင်ငံရေး သဘောတူညီချက်တွေရခဲ့ရင် အခုရင်ဆိုင်နေရတဲ့ ပြင်ဆင်ဖို့အတွက် ကမ္ဘာပေါ်မှာ အခက်ဆုံး ဖြစ်အောင်လုပ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကို အလွယ်တကူ ပြင်/သစ် နိုင်မှာဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီမှုက အင်မတန်မှ ရဖို့ ခက်တယ်လို့ စောဒက တက်ချင်တက်နိုင်ပါတယ်။ ရေရှည်ကောင်းဖို့ဆိုတာကတော့ ဒီနည်းလမ်းက အခိုင်မာဆုံးနဲ့ အကောင်းဆုံးဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာရှိပြီးသားမို့ (သို့မဟုတ်) တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များလည်း လွှတ်တော်ထဲမှာ ရှိပြီးသားမို့ အခြေခံဥပဒေ နဲ့ ပတ်သက်လို့ ပြင်တာဘဲလုပ်လုပ် ၊ အသစ်ရေးတာဘဲ လုပ်လုပ် အလွန်ကို လွယ်တဲ့ကိစ္စတစ်ခုဖြစ်သွားပါပြီ။ အခုလို အသစ်ရေးမှာလား ၊ ပြင်ဆင်မှာလားဆိုတာကို အချိန်ကုန် ငွေကုန်ခံပြီး လိုက်မေးနေစရာ မလိုတော့ပါ ဘူး။

အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲကြီး တစ်ရပ်ကို ကျင်းပပြီး သဘောတူညီချက်ရယူဖို့ဆိုတာ အတော်ကို ခက်ပါတယ်။ ဒါလက်တွေ့ မကျဘူးလို့ ဘယ်လိုဘဲ ပြောပြော ကျွန်တော်တို့ကတော့ ရှောင်လွဲထွက်သွားလို့ လုံးဝမရပါဘူး။ လုံးဝ မသင့်ပါဘူး။ ကြည့်ပါလေ။ အခုဆိုရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ကိစ္စမှာ နိုင်ငံတော်အစိုးရ ကတောင် သဘောတူနေပါပြီ။ မငြင်းတော့ပါဘူး။ ကျွန်တော်ပြောချင်တာက နီးစပ်မှု ရှိတဲ့ အကြောင်းကို ပြောချင်တာ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးသဘောတူချက်ဆိုတာကတော့ လိုကိုလိုသလို ၊ ရှိကိုရှိရမယ့် အချက်သာ ဖြစ်ပါတယ်။

ကဲဗျာ . . . . . ။ ဘုံသဘောတူထားတဲ့ ဘုံနိုင်ငံရေး သဘောတူညီချက် မရှိသေးဘဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲတာဖြစ်ဖြစ် ၊ အသစ်ရေးတာဘဲ ဖြစ်ဖြစ် မဖြစ်နိုင်သေးပါဘူး။ နိုင်ငံရေး သဘောတူညီမှု ဆိုတဲ့ သဘောတူညီချက်ကသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်ရေးမှာလား ၊ ပြင်ဆင်တာကိုဘဲ လုပ်မှာလားဆိုတာကို ဆုံးဖြတ်ချက်ပေးမှာ ဖြစ်ပါတယ်။ ပြည်သူတွေက တိုက်ရိုက်ဆုံးဖြတ်ချက်ချလို့ မဖြစ်နိုင်ပါဘူး။ ဒီနေ့ အခြေအနေကို ကြည့်လိုက်ရင် နိုင်ငံတော် အစိုးရကိုယ်တိုင်က တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို ကြိုးစားနေပြီး အဲဒီနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာအောင် ကြိုးစားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ ရှောင်ဖယ်ဖို့ မသင့်ပါဘူး။ စစ်မှန်တဲ့၊ တရားနည်းလမ်းကျတဲ့၊ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ဖို့ဘဲ လိုအပ်တယ်လို့ ယူဆပါတယ်။

နောက်ဆုံးပြောချင်တာကတော့ အသစ်ရေးမှာလား ၊ ပြင်ဆင်မှာလား ဆိုတဲ့ (မလိုအပ်သေးတဲ့) ကိစ္စမှာ အချိန်မဖြုန်းသင့်ဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကိစ္စရပ် ဖြစ်ပေါ်လာစေဖို့ကိုသာ အားသွန်ခွန်စိုက် ဆက်လက်ဆွေးနွေး အကောင်အထည် ဖေါ်သွားသင့်ကြောင်းပါ ဗျာ .... ။

Thursday 24 October 2013

Interview with Messenger

၂၀၁၃ အောက်တိုဘာ (၇) ရက်နေ့ထုတ် (Vol.4 No.20) Messenger ဂျာနယ်နှင့် တွေ့ဆုံမေးဖြေခန်းကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

မေး- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တချို့ကလည်း မပြင်ဘူး။ တချို့ကလည်း ပြင်မယ်။ တချို့ကလည်း အသစ်ရေးဆွဲ မယ်ပေါ့။ ဦးစိုင်းညွန့်လွင်တို့ ပါတီအနေနဲ့ရော ဘယ်လို သဘောထားရှိလဲ။

ဖြေ- ကျွန်တော်တို့သဘောထားကို ဆုံးဖြတ်ထားတာရှိပါတယ်။ SNLD ရဲ့သဘောထားပါဘဲ။ SNLD ရဲ့သဘောထား ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ တန်းတူညီမျှမှု ရှိမယ်။ အဲဒီအချက် တွေကို ဦးတည်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ အဓိက ဦးတည်တယ်။ ပြင်ချင်လည်း ပြင်ပေါ့။ အဲဒီကို ရောက်ဖို့ပဲ လိုပါတယ်။ ပြင်လို့ မှ မရလည်း အသစ်ပြန်ရေးဆွဲပေါ့။ ဒါ ကျွန်တော်တို့ပါတီရဲ့ သဘောထားပါဘဲ။ အဓိက ကတော့ ကျွန်တော်တို့ ရည်မှန်း ချက်ဖြစ်တဲ့ ပန်းတိုင်ကိုပေါ့ဗျာ။ ပင်လုံစာချုပ်မှာ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ အတိုင်းပေါ့။ Federated Shan State နဲ့ ပြည်မ ဖြစ်တဲ့ Burma Proper တို့ပေါင်းစည်းတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြည်ထောင်စုပေါ့ဗျာ ။ တရားဥပဒေ ဘောင် အတွင်းက နိုင်ငံရေးနည်းလမ်းနဲ့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတယ်။


မေး- ၂၀၁၅ မတိုင်ခင် ပင်လုံစာချုပ်အတိုင်း ဦးစိုင်းညွန့်လွင်တို့ ပြင်ချင်တဲ့ ဖက်ဒရယ်က ဖြစ်နိုင်ပါ့မလား။

ဖြေ- ၁၉၅၈-၆၀ လောက်ကတည်းက ကြိုးစားလာကြတာပါ။ ဒီအမှန်တရားကို တည်ဆောက်လာကြတာ။ ၂၀၁၅ မမီ လည်း ကျန်တဲ့လူတွေက ဆက်သွားမှာဘဲ။ ကျွန်တော်တို့ လက်ထက်မှာ မပြီးလည်း နောက်လက်ထက်မှာ ဆက်သွားမှာ ပါဘဲ။ ၂၀၁၅ လို့ ပုံသေသတ်မှတ်လို့ မရပါဘူး။


မေး- လက်နက်ကိုင် အဖွဲ့အစည်းတွေကကော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ- ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ တညီတညွတ်ထဲ ရှိတာကတော့ ၂၀၀၈ က သုံးလို့မရဘူးလို့ တညီ တညွတ်ထဲ ပြောကြတယ်။ ကွဲပြားတာကတော့ တချို့ကပြင်ချင်တယ်။ တချို့ကလည်း အသစ်ရေးဆွဲချင်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျေညာထားတယ်။ အများဆုံးက အသစ်ပြန်ရေးဆွဲချင်တာ များပါတယ်။ သို့သော် လည်း ကျွန်တော်တို့က ရှင်းအောင် မလုပ်ခဲ့ဘူး။ ဒီပွဲမှာ ဘယ်နှယောက်က ပြင်ချင်တယ်။ ဘယ်နှယောက်က အသစ်ရေး ဆွဲချင်လည်းဆိုတာ သိအောင်မလုပ်ခဲ့ဘူး။ မဲခွဲတဲ့ စနစ်မျိုးကို မလုပ်ခဲ့ဘူး။ မလုပ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ စိတ်ဝမ်းကွဲမှာ စိုးလို့။ ဒီအချိန်မှာ ကိုယ့်အဖွဲ့အစည်းရဲ့ သဘောထား သီးခြားလွတ်လပ်ခွင့် မထူထောင်သင့်သေးဘူး။ အ ငြင်းပွါးမှု မလိုသေးဘူး။ တောင်ကြီးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ထဲမှာ အသစ်ပြန်ရေးချင်ရေးမယ် (သို့မဟုတ်) ပြင်ချင်လည်း ပြင်လို့ ရတယ်။


မေး- တိုင်းရင်းသားတွေ အခွင့်အရေး ရဖို့ဆိုရင် အသစ်ပြန်ရေးဆွဲတာ ဖြစ်မလား။ ပြင်ဆင်တာဟာ ဘယ်ဟာပို ကောင်းမလဲ။ ဘယ်ဟာက တန်းတူ အခွင့်အရေး ရမလဲ။

ဖြေ- တိုင်းရင်းသားတွေ အခွင့်အရေး ဆိုတဲ့ ဒီစကားလုံးကို ကျွန်တော်တို့အနေနဲ့ သိပ်မကြိုက်ပါဘူး။ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ဘယ်လိုသက်ရောက်သလဲဆိုရင် တိုင်းရင်းသားတွေမှ အခွင့်အရေးရချင်တယ် ဆိုတဲ့ သဘောဖြစ်နေတယ်။ တိုင်းရင်းသားထဲမှာ ဗမာလည်းပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ လူမျိုးစုတွေလည်း တန်းတူအခွင့်အရေးဘဲ ဖြစ် ချင်ပါတယ်။ ပိုလည်း မလိုချင်ဘူး။ ပိုလိုချင်လည်း မကြိုက်ပါဘူး။ သို့သော်လည်း လျှော့ပြီးရတာလည်း မကြိုက်ဘူး။ အားလုံးဟာ တစ်ပြေးညီတည်း ရရမှာ။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆိုတာ သိပ်မပြောတာ ပိုကောင်း မလားမသိဘူး။ လျှော့လိုက်ရင် ကောင်းမလားမသိဘူး။ တိုင်းရင်းသားတွေက အခွင့်အရေးလိုချင်တယ်လို့ ထင်လားမသိ ဘူး။ တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရေးဆိုပြီး လုပ်ကြတယ်။ ကျွန်တော့သဘောကတော့ ဒါသိပ်မလိုဘူးလို့ထင် ပါတယ်။ နိုင်ငံသားတိုင်း ဥပဒေအရမှာရော ၊ တာဝန်အရာမှာရော ရယူခွင့်ရှိသလို တာဝန်အရာမှာလည်း တာဝန်ရှိပါတယ်။ အခုအခြေအနေကတော့ ရပိုင်ခွင့် မရှိဘူး။ တာဝန်ပဲ ရှိနေတယ်။


မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်းက ဒေါ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောထား သလဲ။ အသစ်ရေးမှာလား။ ပြင်မှာလားဆိုတာ ဘယ်ဟာကို အရေးသာ သလဲ။

ဖြေ- သူတို့လည်း မဆုံးဖြတ်တတ်ဘူး။ မဲလည်း မခွဲချင်ဘူး။ ဒါ မဲခွဲရမယ့် ကိစ္စလည်း မဟုတ်ဘူး။ ဒါကြောင့် လူထုဆီကို သွားဖို့ စလုပ်နေပြီ။ NLD က ဘာပဲဖြစ်ဖြစ်၊ တစ်ပြည်လုံးကို ခြုံမိသွားတာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ရှိတာ ပေါ့။ သူတို့ကောက်ခံတဲ့ စစ်တမ်းက လူထုဆန္ဒပဲ ဖြစ်ပါတယ်။ လူထုစစ်တမ်းက ဘယ်လိုဖြစ်မလဲ မသိဘူး။


မေး- ပါတီက ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းထားတာဆိုတော့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာဆန်းစစ်ရေး ကော်မတီမှာပါတဲ့ ၁၀၉ ဦးထဲမှာလည်း မပါဘူး။ ဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါမှာ ပါတီအနေနဲ့ ပြင်ဆင်ချင်တဲ့အရာတွေ ပါပါ့မလား။

ဖြေ- ကျွန်တော်တို့ ပါတီ ဖြစ်စေချင်တာက တိုင်းရင်းသားလူမျိုးစု တစ်စုတည်းကိုပဲ မဟုတ်ဘူး။ လူနှစ်စု အတွက်လည်း မဟုတ်ဘူး။ တစ်ပြည်လုံးအပေါ်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ဖြစ်စေချင်တာပါ။ ကိုယ်တဖွဲ့ထဲ တစ်စုတည်းအတွက် ရချင်တာ မဟုတ်ပါဘူး။ ကိုယ်တစ်ဦးထဲရဲ့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်တာ မဟုတ်ဘူး။ အားလုံးအေးအေးချမ်းချမ်း မျှမျှတတ ဖြစ်စေချင်တယ်။ ဒီစေတနာအပေါ်မှာ အခြေခံပြီး လုပ်တာ မမှားဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်နေရာဘဲ ရောက်ရောက် လုပ်မှာဘဲ။ လွှတ်တော်ထဲရောက်မှ ပြင်ရတာ မဟုတ်ပါဘူး။ လွှတ်တော်ကို ဘယ်သူတွေက ဖွဲ့စည်းထားတာလဲ။ ပြည်သူလူထုက ဖွဲ့စည်းထားတာပါ။ ၂၀၁၀ မှာ ဘယ်လိုနည်းနဲ့ ရွေးခဲ့တယ်ဆိုတာတော့ မပြောတော့ဘူး။ ဒါက တစ်ပိုင်း။ ဒီလွှတ်တော်ကို ဖွဲ့စည်းတာက ပြည်သူလူထုက ဖွဲ့စည်းတာပါ။ လွှတ်တော်မှာလည်း ပြောနေတာဘဲ။ ပြည်သူ့အသံ လွှတ်တော်အသံ ၊ ပြည်သူ့ သဘောထား လွှတ်တော်သဘောထား ဆိုပြီး ပြောနေကြတာဘဲ။ ဆိုလိုတာက လွှတ်တော်အတွင်း လွှတ်တော်ပြင်ပကပဲဖြစ်ဖြစ် ၊ ခေါင်းထဲမှာလည်း မရှိပါဘူး။ စိတ်လည်း မပူဘူး။ ဘာပဲလုပ်လုပ် ၊ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် ၊ လွှတ်တော်ပြင်ပမှာ ရှိတဲ့ ပြည်သူတွေရဲ့ သဘောထားကိုတော့ မလွန်ဆန်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ မကြိုက်တာကို လူသိရှင်ကြား ပြောပြီးသွားပြီ။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လျှို့ဝှက်ဆွေးနွေးတာလည်း မရှိဘူး။ သူတို့ရေးလိုက်တဲ့ စည်းကမ်းတွေပဲ ရှိတယ်။ လျှို့ဝှက်ဆွေးနွေးမယ်၊ ဒါတွေ ကျွန်တော်တို့ မကြိုက်ဘူး။ အခြေခံဥပဒေက တစ်ပြည်လုံးနဲ့ ဆိုင်တာ။ ရန်သူနဲ့ တိုက်နေရတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း မလျှို့ဝှက်ဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ ပြောင်ပြောရမှာပါ။ အရိုးသားဆုံးက ပွင့်ပွင့်လင်းလင်း ပြောတာက အရိုးဆုံးပါဘဲ။ နောက်တစ်ချက်က မဲခွဲဆုံးဖြတ်မယ်ဆိုတာလည်း ကျွန်တော်တို့ မကြိုက်ပါဘူး။ ဘယ်လို စနစ်နဲ့ မဲခွဲမှာလဲ။ ဒါ မဲခွဲ ရမယ့် ကိစ္စ မဟုတ်ပါဘူး။ အခြေခံဥပဒေ ပြင်ရမှာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စဉ်းစားရမယ်။ ဒါက ပိုပြီးအရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တာချည်း ဖြစ်သွားမယ် ဗျာ။ ပြည်နယ်တွေမှာ ဖြစ်ချင်တာ ဖြစ်ပစေ ဗျာ ။ ဒါဆို မရပါဘူး။ ဒီစိတ်က ကောင်းတဲ့စိတ်ဓါတ် မဟုတ်ဘူး။ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမယ်။ လွှတ်တော်ထဲ မရောက်တဲ့ လက်နက်ကိုင် အဖွဲ့တွေ အများကြီးရှိနေတယ်။ သူတို့ ကလည်း ငြိမ်းချမ်းရေးမလုပ်ဘဲ တိုက်ပွဲတွေဘဲ လုပ်ဦးမှာဘဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အများကြီးကွာသွား မယ်။ ဒါ gap က ဟပြီးရင်း ဟသွားလိမ့်မယ်။ ၆၂ ခုနှစ်က အာဏာသိမ်းတုန်းက အရှေ့တောင်အာရှမှာ ကျွန်တော်တို့ နိုင်ငံက အချမ်းသာဆုံး၊ အခု ၂၀၁၀ မှာ အရပ်သား အစိုးရကို အာဏာလွဲတဲ့အချိန်မှာ အဆင်းရဲဆုံးဖြစ်သွားတယ်။ ဒါ ဘာကြောင့်လည်း စဉ်းစားရမယ်။ ဒါကို ထည့်မတွက်သေးဘူးဆိုရင် ကျွန်တော်တို့လောက် မိုက်မဲတဲ့လူ ရှိတော့မှာ မဟုတ်ဘူး။ နောက်မျိုးဆက်တွေ ဘာဆက်လုပ်ကြမလဲ။


မေး- တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မှ ဖြစ်မှာလား။ ဒါကို ပြင်လိုက်ရင် ငြိမ်းချမ်းရေးက တကယ်ရမှာလား။

ဖြေ- ၂၀၀၈ က ဘာမှလုပ်လို့ မရဘူး။ လက်ရှိ အစိုးရ အနေနဲ့ ဆက်သွားဖို့ မလွယ်ဘူး။ ဘယ်လိုပြင်မလဲဆိုတာက နည်းနည်းပဲ ပြင်မှာလား။ အားလုံး ကြိုက်တာကို ပြင်မှာလား။ ဒါ ရွေးချယ်မှုပဲ။ တကယ်လို့ တိုင်းပြည်နဲ့လူမျိုး အားလုံး အတွက် လုပ်မယ်ဆိုရင် ပြင်ကိုပြင်ရမယ်။


မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ စေဖို့ဆိုရင် ဘယ်လိုအချက်တွေကို ပြင်ဆင်ရမလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လေး ပြောပေးပါ။

ဖြေ- အချက်အလက် အကုန်ပြောရရင် မိုးလင်းသွားလိမ့်မယ်။ ကျွန်တော်ပြောပြမယ်။ အဓိက နံပါတ်တစ် အလိုအပ်ဆုံးနဲ့ လက်ငင်းအရေးအကြီးဆုံးက အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့အတွက် နိုင်ငံရေးသဘောတူညီ ချက် ရဖို့လိုတယ်။ ဒီကိစ္စက အမြင့်ဆုံးဘဲ။ နိုင်ငံရေး သဘောတူညီချက် မရလို့ ဒီလိုဖြစ်နေတာ။ နိုင်ငံရေးသဘောတူညီ ချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးပြီးတော့ တကယ်သုံးကြည့် အဆင်မပြေဘူး။ ဒီဟာကို လက်မခံတဲ့သူ အများကြီး ရှိတယ်။ နည်းနည်းနှောနှော မဟုတ်ဘူး။ တကယ်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ရမှာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးသဘောတူညီချက်ရရင် ဘာမှပြောစရာ မလိုဘူး။ နိုင်ငံရေးသဘောတူညီချက်ဆိုတာ အပစ်ရပ်နေတဲ့ အဖွဲ့အစည်းတွေလည်းပါမယ်။ တပ်မတော်လည်း ပါရမယ်။ နိုင်ငံရေးပါတီတွေလည်း ပါမယ်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တယ်ဆိုရင် မရရအောင် ကြိုးစားရမယ်။ နိုင်ငံရေးသဘောတူညီချက်တွေရအောင် လုပ်ရမယ်။ မရလို့ မဖြစ်ပါဘူး။ ခက်တာတော့ ခက်တယ်။ ခင်ဗျားက ကျွန်တော့်ကို ပြောမှာဘဲ။ မရနိုင်ဘူး။ စိတ်ကူးယဉ်တာဘဲ ၊ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါကြောင့် နောက်ဆုတ်သွားလို့ မရဘူး။ ရအောင်လုပ်ဖို့ စိတ်ကောင်းစေတနာကောင်း နှစ်ဖက်စလုံး ရှိဖို့ လိုတယ်။ အားလုံးက စိတ်ကောင်းစေတနာ ကောင်း ရှိရင် ဖြစ်နိုင်ပါတယ်။ ရသင့်ပါတယ်။ ရှိပြီဆိုရင် ကြံ့ခိုင်ရေးနဲ့ NLD ပူးပေါင်းသဘောတူတယ်။ တပ်မတော်က လည်းသဘောတူလို့ နိုင်ငံရေးသဘောတူညီချက်ရရင် လွှတ်တော်ထဲမှာ သူတို့လူတွေဘဲ။ ဘာပြင်ချင်သလဲ ။ လွှတ် တော်ထဲ မသွားဘဲ ပြင်နိုင်ပါတယ်။ သူတို့ပါတီက ညွှန်ကြားချက်ပေးရုံပါဘဲ။ ပါတီညွှန်ကြားချက်ကို ဒီလွှတ်တော်ကိုယ် စားလှယ်က လက်မခံရင် လွှတ်တော်ကိုယ်စားလှယ်ကို ပါတီက ထုတ်ပေါ့။ ဒါ ရှင်းရှင်းလေးဘဲ။ ဒါကို ဘယ်လိုတွေးကြ လဲ မသိဘူး။ ကျွန်တော်ကတော့ အငြင်းမသန်ဘူး။


မေး- တစည ပါတီက ထုတ်ပြန်ထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တဲ့အခါမှာ တစ်ဦးတစ်ယောက်ထဲ အတွက် ရည်ရွယ်ပြီး ပြင်တာလည်း မဖြစ်သင့်ဘူးလို့ ထုတ်ပြန်တယ်။ ဒါကို ဘယ်လို သဘောထားပါသလဲ။

ဖြေ- မှန်ပါတယ်။ ပုဂ္ဂိုလ် တစ်ယောက်အတွက် ပြင်ဆင်ပေးတာ မမှန်ပါဘူး။ လူပုဂ္ဂိုလ် တစ်ယောက်ထဲအတွက် တား ဆီးထားတာလည်း မမှန်ပါဘူး။ ပါတီတစ်ရပ်အနေနဲ့ လူပုဂ္ဂိုလ်တစ်ယောက်အတွက် မပြင်ချင်ဘူး။ လူပုဂ္ဂိုလ် တစ်ယောက်အတွက် အခြေခံဥပဒေက တားထားတာလည်း မမှန်ဘူး။ ဒါကို နှစ်ဖက်တွေးဖို့ သင့်ပါတယ်။ တစ်ဖက်ထဲ တွေးရင် တိုက်တာ ခိုက်တာ ဖြစ်သွားမှာပေါ့။


မေး- အခြေခံဥပဒေ ပြင်ဖို့ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍ ပါဝင်လာတယ်။ နိုင်ငံရေး လေ့လာသူတွေပြောတာ ကတော့ တပ်မတော်ကို ပါဝင်လာအောင် စည်းရုံးဖို့လိုတယ်။ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာလည်း တပ်မတော်ကို ဘယ်လောက်ပြင်ဆင်သင့်သလဲပေါ့။ တစ်ခုက ၂၅% နဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် သတင်းတွေ ဖြစ်ပေါ်နေတော့လေ။

ဖြေ- တပ်မတော်က ၀င်ပါနေတာ ကျွန်တော်ထင်တာဆိုရင် စိတ်မချသေးလို့ ဖြစ်နိုင်ပါတယ်။ တပ်မတော်ကို ဒုက္ခမပေးနိုင်အောင် စိတ်ချရတဲ့ အနေအထားအထိ ဒုက္ခမပေးနိုင်တဲ့ အနေအထားအထိ ဖန်တီးမယ်ဆိုရင် သူတို့လက်ခံ မှာပေါ့။ သူတို့တာဝန်က နိုင်ငံကို ကာကွယ်ဖို့လေ။ မျိုးချစ်စိတ်ဓါတ်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လို့ပြောတယ်လေ။ နိုင်ငံတော် ကောင်းစားရေးနဲ့ဆိုရင် မငြင်းလောက်ဘူးလို့ ထင်ပါတယ်။ အသက်တောင် စွန့်လွှတ်ရဲကြတာဘဲ။ ရာထူး မ စွန့်လွှတ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ရာထူးလောက်ဆိုတာ အသေးအဖွဲပါ။ အသက်တောင် စွန့်လွှတ်ရဲသေးတာဘဲ။ ပြည်ပရန် မရှိဘဲ ပြည်တွင်းစစ်က ကိုယ့်အချင်းချင်း ဆော်နေကြတယ်။ အားလုံး ပြီးဆုံးသင့်ပြီ ။ တပ်မတော်ဖက်ကလည်း နားလည်မှု ရှိသင့်ပြီ။ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း နားလည်မှု ရှိသင့်ပြီ။ ကျွန်တော်က အဲဒီမူနဲ့ သွားနေတာ။ တကယ်တမ်းကြတော့ ကျွန်တော်တို့နယ်က လူတွေ အများကြီးခံရတာ။ ပြီးစေချင်ပြီ ။ တစ်ဦးချင်း လုပ်နေ တဲ့ကိစ္စလည်း ပြီးဖို့သင့်ပြီ။


မေး- လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ တပ်မတော် ပါဝင်သင့်သလား။ ပြည်ပရန်က မရှိပေမဲ့ ပြည်တွင်းစစ်က ဖြစ် နေတာ၊ တပ်မတော်က မြန်မာ့နိုင်ငံရေးကြားမှာ ပါဝင်သင့်သေးလား။

ဖြေ- အခုတော့ ပါဝင်ဆဲပေါ့။ နောင်ကာလမှာ ဒီမိုကရက်တစ်တိုင်းပြည်မျိုး ဖြစ်လာရင် လက်နက်ကိုင်အဖွဲ့အစည်း တွေလည်း နည်းလာရင် တပ်မတော်အနေနဲ့ နိုင်ငံရေးထဲမှာ မပါသင့်ဘူး။ ဘယ်နိုင်ငံမှလည်း ဒါမျိုး မရှိဘူး။


မေး- ကာချုပ်က KNU ဥက္ကဌ မူတူးစေးဖေါ နဲ့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း နိုင်ငံရေးအရလည်း ဆွေးနွေး တယ်။ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ဘယ်လိုအခန်းကဏ္ဍက ပါဝင်သင့်သလဲ။ ငြိမ်း ချမ်းရေးဆွေးနွေးရင် တပ်မတော်က ဦးဆောင်ပြီး ဆွေးနွေးရင် မဖြစ်နိုင်ဘူးလား။

ဖြေ- ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်မူတူးစေးဖေါ တွေ့တဲ့ကိစ္စဟာ အင်မတန်ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ အရင် တုန်းက အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ အဖွဲ့တွေ ပေါင်းဆုံတွေ့တာ ကြိုဆိုရမှာပါ။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တိုက်တာခိုက်တာမှ မဟုတ်တာ လက်ခံရမှာပေါ့။ တပ်အပိုင်းအနေနဲ့ကတော့ ထိပ်တိုက်ထိတွေ့မှု မရှိအောင် ဆွေးနွေး တာပိုပြီး လက်တွေ့ကျပါတယ်။ အဆုံးသတ်ကတော့ နိုင်ငံရေးကိစ္စဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီချက် ရတဲ့ အထဲမှာ တပ်မတော်ပါဝင်သင့်တယ်။ နိုင်ငံရေးသဘောတူညီချက်ရရင် တပ်မတော်က ကာကွယ်ရေးမှာဘဲ နေသင့် ပါတယ်။ လတ်တလော မြန်မာ့နိုင်ငံရေးမှာ အပစ်ရပ်တဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ သူတို့နဲ့ ဆွေးနွေးရင် တပ်မတော်အပိုင်းက ခေါင်းဆောင်တွေပါသင့်တယ်။ ဒါမှလည်း အလုပ်ဖြစ်မှာပေါ့။ ဒါရဲ့ နောက်ပိုင်းကြရင် တပ်မတော် က အေးအေးနေလို့ ရတယ်။


မေး- UNFC အဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိမလဲ။

ဖြေ- UNFC က အသစ်ရေးပဲ။ ဆုံးဖြတ်ချက် ကျနေတာကတော့ အသစ်ရေးမလား၊ ပြင်ဆင်ရေးမလားပေါ့။ နှစ်ချက် ပေါ့။ သိပ်ပြဿနာ မဖြစ်အောင် အားလုံးဝိုင်းပြီးထိန်းထိန်းသိမ်းသိမ်း ပြင်ဆင်ရေး(သို့) အသစ်ရေးပေါ့။ ရှစ်လေးလုံး ငွေရတုသဘင်မှာလည်း ဒီသဘောဘဲ ပြောတာဘဲ။ ကျွန်တော်တို့ တောင်ကြီးမှာ လုပ်တော့လည်း ဒီသဘောပဲ ပြတယ်။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက မွန်ကွန်ဂရက်မှာလည်း ဒီသဘောပဲ ပြတယ်။ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ် နေကြတာပါ။  


မေး
- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ ဖက်ဒရယ်ကို တကယ်ရရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း မှာရော ၊ ခိုင်မာတဲ့ ဥပဒေရော၊ သဘောတူချက်တွေရော ရှိလား။ ချက်ချင်းဖက်ဒရယ်ပေးလိုက်ရင် သူတို့အချင်းချင်း ပြဿနာတက်နိုင်မယ်ဆိုပြီး နိုင်ငံရေးလောကမှာလည်း တချို့ သုံးသပ်ကြတာ ရှိတယ်။

ဖြေ- ဒါက ပြည်နယ်တွေကို ပြောတာပေါ့။ တချို့ ရန်ကုန်နိုင်ငံရေးသမားတွေက ဒါကို အမြဲထောက်တယ်။ တချို့က မပေးချင်ဘူး။ တချို့ဆိုရင် ဘယ်လောက်တောင်ပြောသလဲဆိုရင် ဗမာမုန်းတီးရေးအတွက် လုပ်တယ်လို့တောင် ပြောကြ တယ်။ ဒါတွေက တော်တော်ခက်တယ်။ စည်းလုံးညီညွတ်ရေးအတွက် ဖက်ဒရယ်ယုံကြည်မှု ထူထောင်ဖို့ ပြောဖို့ ခက်တယ်။ ဒီအချိန်မှာ ဒါတွေကို ရှေ့တန်းမတင်သင့်ဘူး။ ပြည်နယ်တွေမှာ အဆင်သင့်ရှိလား မရှိလားဆိုတာ သူ့အဖွဲ့ အစည်းရဲ့သဘောထားရှိတယ်။ ဒါတွေက တူချင်မှတူမယ်။ တူနေဖို့ကတော့ သိပ်မလွယ်ဘူး။ တစ်ထပ်တည်းကျဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဖန်တီးပေးရမယ်။ တွေ့ဆုံဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရမယ်။ တောင်ကြီးမှာ လုပ်တဲ့ပွဲဆိုရင် ခွင့်တောင်းရတယ်။ ၁၅-ရက် ၂၀ ကြိုပြီးခွင့်တောင်းရတယ်။ ဒါတွေက ခက်ခက်ခဲခဲ မဖြစ်သင့်ဘူး။ အခု ကျွန်တော်တို့တွေ့ချင်ရင် တယ်လီဖုန်းနဲ့ကောက်ချိန်းလို့ရတယ်။ ရသင့်တယ်။ ဆွေးနွေး ပွဲလုပ်ဖို့ ဒါကိုခွင့်တောင်းနေရမယ်ဆိုရင် ဒီလို အတားအဆီးက မမှန်ဘူး။ သဘောထားကွဲပြားတယ်ဆိုတာ ညှိနှိုင်းခွင့်ရ ဖို့လိုတယ်။ ညှိနှိုင်းဆွေးနွေးလို့ ရရင် သဘောထားကွဲလွဲတာတွေက ပြေပျောက်သွားနိုင်တယ်။ ဒါကို ဒီအတိုင်းထားမယ် ဆိုရင် ဒီအတိုင်းပဲ ဖြစ်နေမှာဘဲ။


မေး- ဒေါ်အောင်ဆန်းစုကြည် ကပြောတယ်။ NLD ကတော့ ပြင်မလား၊ အသစ်ရေးဆွဲမယ်ဆိုတာကို သူတို့တွေက မဆုံးဖြတ်ဘူး။ ပြည်သူအသံတွေကိုသာ ကောက်ယူပြီးတော့ လွှတ်တော်ကို ပို့မယ်လို့ပြောတယ်။ NLD ဒီလို လုပ်ဆောင်နေတာဟာ ထိရောက်မှု ရှိပါ့မလား။

ဖြေ- သူ့ပါတီကတော့ လူထုတွေထဲမှာ ဘာတွေရှိမယ်ဆိုတာကို စစ်တမ်းကောက်မယ်။ ကျွန်တော်တို့ တားလို့ရတာ မဟုတ်ဘူး။ တားဖို့လည်း မသင့်ဘူး။ SNLD ကလည်း ကောက်ချင်ကောက်မှာပဲလေ။ ဒီကိစ္စက ပါတီရဲ့သဘောထား ဘဲဖြစ်ပါတယ်။ သူ့ပါတီ သဘောထားနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကို ညှိရမှာပေါ့။ တိုင်းရင်းသားတွေနဲ့ မညှိဘဲ နဲ့လည်း သူတို့ပါတီက ၁၀၉ ဦးကော်မတီကို ပို့ချင်လည်းပို့မှာပေါ့။ ဒါကတော့ သူ့သဘောပါဘဲ။ မှန်တယ် ၊ မမှန်ဘူးဆို တာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရဘူး။ မမှန်ဘူးလို့ ပြောလို့မှ မရတာ။


မေး- ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာဘဲဖြစ်ဖြစ် ၊ အသစ်ရေးတာဘဲ ဖြစ်ဖြစ် ပြီးသွားတဲ့အချိန်ကြတော့ တိုင်းရင်းသားတွေ လိုချင်တာတွေ မပြည့်စုံရင် ဦးစိုင်းညွန့်လွင်တို့ ပါတီအနေနဲ့ ၂၀၁၅ ကျရင်ဘယ်လိုလုပ်မလဲ။

ဖြေ- ဆက်ပြီးတော့ ပြင်အောင်လုပ်ရမယ်။ နှစ်ပေါင်းများစွာထဲက စောင့်လာရတာလေ။ အဓိက ကတော့ ရည်မှန်း ချက် ယုံကြည်ချက်ကိုဘဲ လုပ်ဆောင်မယ်။ ကျွန်တော်တို့ ယုံကြည်တာက ပင်လုံစိတ်ဓါတ်နဲ့ ပေါင်းလာတဲ့ တန်းတူညီမျှ တဲ့ ပြည်ထောင်စုတစ်ခု ဖြစ်ဖို့ ရည်မှန်းတယ်။ ဒါပေမဲ့ တစ်ဖက်က ဖေါက်ဖျက်နေတယ်။ လက်ခံတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာတဲ့အထိ ကျွန်တော်တို့ ကြိုးစားရမယ်။ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ်လာရင် အားလုံး ပြေပြေလည်လည် အေးအေး ဆေးဆေး ဖြစ်သွားမှာပါ။


မေး- ဆရာတို့ပါတီအနေနဲ့ရော အခြေခံဥပဒေပြင်ဆင်ဖို့အတွက် statement ထုတ်ရုံဘဲလား။ ဒါမှမဟုတ် ၁၀၉ ဦး ကော်မတီကို ပေးပို့ဖို့ ဆောင်ရွက်တာမျိုးကော ရှိလား။

ဖြေ- ကျွန်တော်တို့တွေက ကော်မတီနဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့တွေကလည်း ဆက်သွယ်လာတာ မရှိဘူး။ သွားတွေ့ဖို့လည်း သူတို့တွေက လက်ခံချင်မှလက်ခံမယ်။ လက်ခံမလား လက်မခံဘူးလား ဆိုတာလည်း မသိဘူး။


မေး- ကော်မတီအနေနဲ့ကတော့ တခြားတိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ လက်နက်ကိုင်အဖွဲ့အစည်း တွေ၊ ပြင်ဆင်ချင်တဲ့အချက်တွေ ပေးပို့လာတယ်ဆိုရင် ကော်မတီအနေနဲ့ တောင်းခံသင့်သလား။

ဖြေ- ကော်မတီရဲ့ သဘောထားပါဘဲ။ အဓိက ကတော့ သူတို့ပြည်သူကို ဘယ်လောက်ချစ်သလဲ အပေါ်မူတည် ပါတယ်။ တိုင်းပြည်နဲ့ လူထုကို ချစ်တယ်ဆိုရင် တကယ့်ငြိမ်းချမ်းရေးကို လိုလားရင် သူတို့ကိုယ်တိုင် အဖွဲ့အစည်းတွေဆီ က တောင်းယူရမယ်။ သူတို့ဟာသူတို့ လုပ်ချင်တိုင်းလုပ်နေလို့ မရဘူး။ မလုပ်သင့်ဘူး။


မေး- ပြည်ခိုင်ဖြိုးပါတီဟာ ပါတီထဲမှာ အင်အားအကြီးဆုံးပါတီတစ်ခုပါ။ မဲစနစ်နဲ့ သွားရင် အဲဒီပါတီက သာတယ်။ လူလည်းများတယ်လေ။ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက စိုးရိမ်မှု ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေ တယ်။ အဲဒီ အခြေအနေကိုဘာများ ပြောချင်သလဲ။

ဖြေ- ရိုးရိုးလေးပြောရရင် လူများတာ၊ လူနည်းတာကို စိတ်ထဲမှာ မရှိဘူး။ အမှန်တရားကိုဘဲ စိတ်ထဲမှာ ရှိတယ်။ လူနည်းလည်း အမှန်တရားဘက်က ရပ်တည်နေမှာဘဲ။ အမှန်တရားနဲ့ မမှန်တရားမှာ နည်းတာများတာ မဆိုင်ဘူး။ အယူအဆပဲ လိုပါတယ်။ မှန်တယ်ဆိုရင် တစ်ယောက်ထဲကျန်ခဲ့လည်း ဆက်လုပ်နေမှာဘဲ။ လူများနေတာဟာ အမှန်တ ရားမလာခင်အထိလောက်ဘဲ အကျုံးဝင်တာပါ။ ဇါတ်ကားမပြီးခင်တော့ ရွှေဘက ခဏတော့ ခံနေရမှာဘဲ။ ဇာတ်ကား ပြီးရင် မင်းသားပြန်နိုင်မှာလေ။ လူများတဲ့အတွက်နဲ့ အမှန်တရားကို အကြာကြီးဖုံးထားလို့ မရပါဘူး။ ဒီလိုသာဆိုရင် တရုပ်ပြည်ကို အမြဲရှုံးနေမှာဘဲ။ လုံခြုံရေးကောင်စီမှာဆိုရင် တရုပ်လည်း တစ်မဲဘဲ။ အင်္ဂလန်တို့ အမေရိကန်တို့လည်း တစ်မဲဘဲ။ ဘယ်အင်အားကြီး နိုင်ငံဘဲဖြစ်ဖြစ် တစ်မဲဘဲ။ လူများတိုင်း ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုရင် အဲဒီစနစ်က မကောင်းပါဘူး။


မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မှဘဲ ထာဝရငြိမ်းချမ်းရေးရမယ်လို့ သုံးသပ်ကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ ကော ဥပဒေဖြစ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေကကော ဘယ်အတိုင်းအတာအထိ ယုံကြည်မှု ရှိမယ်ထင် ပါသလဲ။

ဖြေ- ဒီကိစ္စနဲ့ ပတ်သက်ပြီး မဝေဖန်ချင်ဘူး။ ဒါပေမဲ့ ဆန္ဒပြုချင်တာ တစ်ခုရှိတယ်။ နိုင်ငံရေးပါတီတွေ အစိုးရဘက်က အောက်ခြေကစပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စသင့်နေပြီ။ အစိုးရဘက်ကလည်း ဒါတွေကို အားပေးသင့်တယ်။ ဖြစ်နိုင်ရင် အစိုးရဘက်က လမ်းကြောင်းတွေ ဖွင့်ပေးရမယ်။ အစိုးရက ကမကထပြုလုပ်သည်ဖြစ်စေ၊ အစိုးရက ကော်မတီဖွဲ့ပေးသည်ဖြစ်စေ ညီလာခံတစ်ခုကို ကောက်လုပ်ချင်တိုင်းကောက်လုပ်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ တစ်ကြိမ်တက်ခဲ့ပြီးပြီ။ ၉၃ အမျိုးသားညီလာခံတုန်းက တက်ခဲ့တယ်။ ကောက်ခါငင်ခါ ကောက်လုပ်တယ်။ မအောင်မြင် ဘူး။ ဒီအဆင့်ကို အောင်မြင်ချင်ရင်၊ ဒီအဆင့်ကို ရောက်ချင်ရင် အောက်ခြေကစပြီး ဆွေးနွေးပွဲတွေ လုပ်ရပါမယ်။ ဒီလို ဆွေးနွေးလို့လည်း အုပ်စုဖွဲ့တယ်ဆိုပြီး အထင်မမှားစေချင်ဘူး။ နီးစပ်ရာတော့ ဆွေးနွေးရမှာဘဲ။ အဖွဲ့တွေကလည်း သူတို့သန်ရာသန်ရာကို ဆွေးနွေးမှာဘဲလေ။ တစ်ယောက်ကို တစ်ယောက်မသိဘဲနဲ့ အယူအဆချင်းမတူတာ ဆွေးနွေး လို့ ဘယ်ဖြစ်မလဲ။ ပါလီမန်ခေတ်တုန်းကလည်း အကွဲအပြဲတွေ ဖြစ်ခဲ့ဖူးပြီ။ အကွဲအပြဲတွေကို သင်္ခန်းစာ ယူရပါမယ်။ အောက်ခြေအဆင့်တွေကနေ တဖြည်းဖြည်း မြင့်တက်လာသင့်တယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာ ခံတစ်ခု ဖြစ်အောင် တဖြည်းဖြည်းနဲ့ ကြိုးစားသွားရပါမယ်။ ဒဏ်ရာဒဏ်ချက်တွေက အများကြီး။ ဒါတွေကို အခု စလုပ်သင့်နေပါပြီ။


မေး- ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီးတော့ကော ဦးစိုင်းညွန့်လွင် ဘာပြောချင်သလဲ။

ဖြေ- ခုနကပြောသလို အားလုံးက စေတနာကောင်းတွေရှိမယ်။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လိုလားမယ်။ ပြည်ထောင်စု စိတ်ဓါတ်ဖြစ်တဲ့ ပင်လုံစိတ်ဓါတ်ကို ဆက်ပြီး သယ်ဆောင်မယ်ဆိုရင် ဖြစ်လာမယ့် ပြည်နယ်တွေက ကိုယ် ပိုင်ပြဌာန်းခွင့် တောင်းတယ်ဆိုရင် မြေပြန့်ကလူတွေက မြင်နေတာက ပြည်နယ်တွေကိုဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်လို့ ထင်နေတာ အမှန်ကတော့ ဒီလိုမဟုတ်ပါဘူး။ တော်တော်ကို လွဲနေတဲ့အချက်ပါ။ ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့် ရရင် ရန်ကုန်လည်း ရမှာဘဲ။ နိုင်ငံသားအားလုံးက တစ်ပြေးညီ ရကြမှာဘဲ။ ရှမ်းပြည်နယ်သာ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ် ဆိုရင် ရန်ကုန်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် ရမှာပါဘဲ။ မန္တလေးလည်း ကိုယ်ပိုင်ပြဌာန်းခွင့် ရမှာဘဲ။ မကွေးလည်း ရမှာဘဲ။ အဲဒီလို ရှုထောင့်နဲ့ ကြည့်သင့်ပါတယ်။ ဒီက နိုင်ငံရေးသမားတွေကလည်း ဒီအချက်ကို ပြောရင် အခုပြောတဲ့ ရှုထောင့်က နေကြည့်မြင်သင့်ပါတယ်။


မေး- NLD က ပြင်ဆင်တဲ့ အချက်ကို ဆရာတို့ ပြင်ချင်တဲ့အချက်တွေမှာ မဖြစ်နိုင်တာတို့ ၊ မတူတာတို့ သဘောထား ကွဲတာတို့ ရှိပါသလား။

ဖြေ- လောလောဆယ်တော့ အငြင်းမပွါးသေးဘူး။ မဆွေးနွေးသေးဘူး။ ဘယ်အချိန် ဆွေးနွေးမယ်ဆိုတာလည်း မသိ သေးဘူး။ သူတို့တွေကလည်း ဘာမှ မပြောသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှ မပြောသေးဘူး။

Interview with Venus News Weekly

၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ ထုတ် vol.-5 , No.11 Venus News Weekly. မှ ၀င်းဇော်နိုင် နှင့် တွေ့ဆုံ မေးမြန်းဖြေကြားချက်များကို ပြန်လည်တင်ပြလိုက်ပါတယ်။

မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ ဆွေးနွေးမှုများ အကောင်အထည်ဖေါ်မှုများအပေါ် အားရကျေနပ်မှု ရှိပါသလား ခင်ဗျား။

ဖြေ- တစ်စိတ်တစ်ပိုင်းကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကတော့ အများကြီး ရှိနေသေး တယ်လေ။ မပြီးနိုင်သေးဘူး။ အများကြီး ဆက်လုပ်ရအုန်းမှာပါ။


မေး- နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေမှာ တစ်ဘက်နဲ့တစ်ဘက် ဘာတွေများ အခက်အခဲဖြစ်နေတာလဲ။

ဖြေ- ကတိက၀တ်တွေပေါ့ဗျာ။ နောက်ပြီးတော့ တပ်နေရာချထားရေးတွေ ပေါ့။ သူက အပစ်ရပ်တာလုပ်ပြီး ပြီဆိုရင် ဖြစ်နိုင်သလောက် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးပွဲစဖို့ လိုတယ်လေ။ ပြည်ထောင်စု အဆင့်လောက်ထိ လုပ်ပြီးပြီ ဆိုပေမဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲက မစနိုင်သေးဘူး။ မစနိုင်သေးတဲ့အခါကြတော့ အောက်ခြေမှာ ထိတွေ့မှုတွေက မကြာခဏ ဖြစ်ကြတယ်။ အဓိက ကတော့ တပ်နေရာချထားရေးပေါ့။ အပြီး မညှိနိုင်သေးဘူး။ တိတိကျကျ နှစ်ဘက်လုံး ညှိနှိုင်းပြီးတော့ နှစ်ဘက်စလုံးက လိုက်နာတယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။


မေး- နိုင်ငံရေးဆွေးနွေးပွဲ ကြန့်ကြာနေတာက အစိုးရဘက်ကလား။ တိုင်းရင်းသားတွေဘက်ကလား သိချင်ပါတယ်။

ဖြေ- အစိုးရဘက်က အစီအစဉ်က အပစ်ရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးချင်တာကိုး။ ဥပမာ KIO ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို အရင်စချင်တာ။ အဲဒီမှာ ပြောင်းပြန်တွေဖြစ်နေတာ။ အဖွဲ့တွေ အများကြီးထဲမှာမှ တစ်ပြိုင်နက် အပစ်ရပ်ဖို့ဆိုတာ သိပ်လွယ်တာ မဟုတ်ဘူးလေ။ တစ်ဖွဲ့ရပ်တယ်။ တစ်ဖွဲ့ကဆက်သွားနေတယ်။ တစ်ဖြည်းဖြည်းနဲ့တော့ စုံသွားနိုင်ပါတယ်။ စုံသွားရင်လည်း ကောင်းသွားပါပြီ။


မေး- အလုံးစုံ ငြိမ်းချမ်းရေးဆိုတာကို တိုင်းရင်းသားတွေက ဘယ်လိုသတ်မှတ်တာလဲ သိချင်ပါတယ်။

ဖြေ- အလုံးစုံ ငြိမ်းချမ်းရေးဆိုတာကတော့ အရင်ဆုံးအပစ်ရပ်တယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲစမယ်။ နိုင်ငံရေး ဆွေးနွေးပွဲစပြီးတော့ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲတွေက သဘောတူညီချက်တွေ ရအောင်လုပ်ရမယ်။ အဲဒီအထိပေါ့နော်။ ရထားတဲ့ သဘောတူညီချက်ကို နှစ်ဘက်လိုက်နာပြီဆိုရင်တော့ အလုံးစုံငြိမ်းချမ်းရေး ကို မျှော်လင့်လို့ ရပြီလို့ အောင်းမေ့ပါတယ်။


မေး- အစိုးရဘက်ကရော တိုင်းရင်းသားတွေ အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုတွေဟာ အလုံးစုံငြိမ်း ချမ်းရေးအတွက် နောက်ဘယ်နှစ်လောက်မှ ရနိုင်မလဲ ခင်ဗျ။

ဖြေ- မြန်မာနိုင်ငံက သိပ်ပြီးတော့ နောက်မကျဘူးဗျ ။ ဒါပေမဲ့လည်း မြန်တယ်လို့လည်း ပြောလို့မရပြန်ဘူး။ မြန်မာ့နိုင်ငံရေးရဲ့ ပြဿနာက တစ်ခြားနိုင်ငံတွေနဲ့စာရင် ပိုကြာနေတယ်။ နှစ်ပေါင်းများစွာ ပိုကြာတော့ ချက် ချင်းလုပ် ချက်ချင်ပြီးသွားဖို့ဆိုတာကတော့ သိပ်မျှော်လင့်လို့ မရဘူးပေါ့။ ပြဿနာတွေက အမျိုးမျိုးဖြစ်နေတာ ကိုး။ ဒီလိုဘဲ မရမချင်း လုပ်သွားရမှာဘဲလေ။ အချိန် ခန့်မှန်းဖို့ကတော့ မလွယ်ပါဘူး။


မေး- တိုင်းရင်းသားတွေက ဖက်ဒရယ်ကို အဓိကထားပြောနေတယ်ခင်ဗျ ။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်က ဘယ်လိုပုံစံကို ပြောတာလဲ။

ဖြေ- ဖက်ဒရယ်ဆိုတာ ခြုံပြီးပြောရရင်တော့ တန်းတူညီမျှရေးပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးပေါ့။ နောက် စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပြည်ထောင်စုစစ်စစ်မူကို ဆိုတာပါ။ ဒီဟာက ဘယ်ကို အခြေခံသင့်သလဲ ဆိုရင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဆိုတာ Burma Proper နဲ့ Federated Shan State ပေါင်းခဲ့ကြတာကိုး။ အဲဒီစာချုပ်ထဲမှာ ပါတဲ့ ကတိက၀တ်တွေ၊ စာချုပ်ထဲမှာပါတဲ့ လူကြီးတွေက ပြောခဲ့ကြတာတွေ၊ အဲဒါတွေအားလုံးကို လိုက်နာသင့်တာပေါ့။ ဒါတွေက မေ့ထားလို့ မရသင့်တဲ့ အချက်တွေပါ။


မေး- ဖက်ဒရယ်စနစ် ကျင့်သုံးခဲ့ရင် မြန်မာနိုင်ငံမှာ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာနိုင်တယ်ထင်ပါသလဲ။

ဖြေ- ဖက်ဒရယ်စနစ် ကျင့်သုံးမယ်ဆိုရင် ဆိုးကျိုးက နည်းမှာပါ။ ကောင်းကျိုးက ပိုများမှာပါ။ အခုပြည်တွင်း စစ်တွေရပ်သွားမယ်။ ဆိုးကျိုးလေးတွေတော့ ရှိကောင်းရှိမှာပေါ့လေ။ ဒါပေမဲ့ အခုလက်ရှိ ဖြစ်ပျက်နေတာတွေနဲ့စာရင်တော့ နည်းသွားမှာပေါ့။ ဒီလို ကိစ္စတွေ မရတဲ့အတွက်လည်း အခုလို ပြဿနာတွေက အများကြီးကျန်နေတာကိုး။


မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲမယ်ဆိုရင် ဘယ်သူတွေ ပါဝင်သင့်သလဲ။

ဖြေ- ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲမယ်ဆိုရင် အားလုံးပါဝင်သင့်ပါတယ်။ အဖွဲ့အစည်းတွေ အားလုံးပါဝင်သင့်ပါတယ်။


မေး- ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်အလက်တွေ၊ ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုအချက်တွေကို အဓိကထားပြီး ပြင်စေချင်တာလဲ။

ဖြေ- ပြင်မယ်ဆိုရင်တော့ တန်းတူညီမျှရေး၊ နောက် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖြစ်အောင် ပြင်ရမှာပေါ့။


မေး- ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားအများစု ပြောနေတဲ့ အချက်အလက်တွေ ပြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါသလား။

ဖြေ- အားလုံးတော့ ပြင်ပြီးမယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ပြောလို့မရပါဘူး။ ဒါ နိုင်ငံရေး သဘောတူညီ ချက်တွေအပေါ်မှာ မူတည်ပါတယ်။ နှစ်ဘက်ဆွေးနွေးတဲ့အခါမှာ ညှိနှိုင်းတဲ့အခါမှာ အားလုံးပြေပြေလည်လည် နဲ့ သဘောတူညီချက် မြန်မြန်ရသွားရင် မြန်မြန်ပြီးသွားမှာပေါ့။ သဘောတူညီချက် မရဘဲ ကြန့်ကြာနေမယ်ဆို ရင်လည်း ကြန့်ကြာသလောက်ကြန့်ကြာနေဦးမှာဘဲ။


မေး- နိုင်ငံတစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။

ဖြေ- အရေးကြီးတာပေါ့။ အစိုးရ နဲ့ ပြည်သူလူထု နဲ့ ဘယ်လိုအုပ်ချုပ်ရမလဲ ဆိုတဲ့ ကတိက၀တ်က အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာဘဲ ရှိတယ်။ ဒါကို ပြည်သူလူထုကလည်း လိုက်နာရမယ်။ အစိုးရကလည်း လိုက်နာရမယ်။ ပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့အစိုးရတို့ နှစ်ဖက်ထားကြတဲ့ ကတိက၀တ် တွေပါဘဲ။


မေး- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသားများ လက်ခံနိုင်တဲ့ အချက်အလက်တွေ ရှိပါသလား။

ဖြေ- လက်ခံနိုင်တာလား။ လက်မခံ နိုင်တာလား။ အခုထိတော့ လက်ခံနိုင်တာတော့ ကျွန်တော်မတွေ့ သေးဘူး။ လက်မခံနိုင်လို့ စကားများနေရတာပေါ့။ လက်တွေ့ကျင့်သုံးတဲ့အခါမှာလည်း အတော်ခက်ပါတယ်။


မေး- ငြိမ်းချမ်းရေး လုပ်ဆောင်မှုများအပါအ၀င်ပေါ့ လက်ရှိ အစိုးရ လုပ်ဆောင်မှုတွေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ဘယ်လောက်ညီနေပြီလဲ ခင်ဗျ ။

ဖြေ- သူက အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ညီအောင်လုပ်နေတာဘဲ။ ဒါပေမဲ့ ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ အခြေခံဥပဒေမှာ ဘယ်လောက်ဘဲ ရေးထားရေးထား ပြည်သူလူထုက လိုက်နာဖို့လို တယ်လေ။ ပြည်သူတွေက လိုက်နာတယ်ဘဲထားအုန်း ၊ အုပ်ချုပ်တဲ့သူတွေကလည်း ဥပဒေနဲ့ အညီ မအုပ်ချုပ် ရင်လည်း မဖြစ်ပြန်ဘူး ဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာက စာရွက်ပေါ်မှာ ရေးထားရုံနဲ့လည်း မဖြစ်နိုင်ဘူး။ လူထုကိုယ်တိုင်ကလည်း ကျင့်သုံးဖို့လိုသလို အစိုးရ ဘက်ကလည်း ကျင့်သုံးဖို့ လိုပါတယ်။ တစ်ဖက်ဖက်က မလိုက်နာ မကျင့်သုံးရင်လည်း မအောင်မြင်နိုင်ပါဘူး။ လူထုက မကျင့်သုံးရင်လည်း ဘယ်အစိုးရကမှ မတတ်နိုင်ပါဘူး။


မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ငြိမ်းချမ်းရေး ၊ ဖက်ဒရယ်ကိစ္စ များနဲ့ ပတ်သက်ပြီး ပြောစရာရှိသေးရင်ပြော ပေးပါ။

ဖြေ- မရှိတော့ပါဘူး။ အဲဒီလောက်ဘဲ ကောင်းပါတယ်။

၁၄ - ပြည် နယ် တဲ့ လား ?



၁၄- ပြည်နယ်တဲ့လား ဆိုပြီး မကြာခဏ လာလာမေးနေကြလို့ တစ်ယောက်ချင်း ဖြေနေရတာ အတော်ကို အာပေါက်နေပါပြီ။ နောက်ဆုံးမတော့ မရေးဖို့ ဆုံးဖြတ်ထားတဲ့ အဲဒီအကြောင်းကို မဖြစ်မနေ ရေးလိုက်ရပါပြီ။

ကျွန်တော်တို့ ရှမ်းပြည်နယ်သားတွေ၊ ရှမ်းအမျိုးသားတွေ နိုင်ငံရေးနယ်ပယ်ကို ၀င်ခဲ့ကြတာ အတော်ကို များပါပြီ။ အမျိုးသားနိုင်ငံရေးကို ဦးစားပေးလုပ်ကိုင်ကြတဲ့ သူတွေကတော့ အားလုံးလောက်နီးနီးဟာ ၁၉၄၇ ကနေ ၁၉၆၂ နှစ်လောက်အထိ ရှမ်းခေါင်းဆောင်တွေ လျှောက်ခဲ့ကြတဲ့ လမ်းစဉ်ကိုဘဲ ဆက်လျှောက်ခဲ့ကြတယ်။ အဲဒီ ခေါင်းဆောင် တွေ ချမှတ်ခဲ့ကြတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုဘဲ ဦးတည်ခဲ့ကြတယ်။ အဲဒီ ခေါင်းဆောင်တွေ ဖြစ်စေချင်ခဲ့တာကိုဘဲ အမျိုး သားရေးတာဝန်တစ်ခု အနေနဲ့ ဆက်လက်ထမ်းဆောင်ခဲ့ကြတယ်။ အဲဒီ လမ်းစဉ်ကိုဘဲ ဆက်လက်ကျင့်သုံးနိုင်အောင် တိုက်ပွဲဝင်ခဲ့ကြတယ်။ တစ်ချို့ဆိုရင် နိုင်ငံရေးနည်းလမ်းနဲ့ အဲဒီပန်းတိုင်ကို မရောက်နိုင်ဘူးလို့ ယူဆခဲ့ပြီး လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ခိုက်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အမြောက်အမြားရှိခဲ့ကြတယ်။ တစ်ချို့ဆိုရင် အခုအထိကိုဘဲ လက်နက်စွဲကိုင်ထားနေဆဲ ဆိုတာ မျက်ဝါးထင်ထင်ပါဘဲ။

အဲဒီ ဦးတည်ချက်တွေရဲ့ အချုပ်ကို ပြန်ကြည့်လိုက်ရင် ၁၉၄၇ - ခုနှစ်တုန်းက ပြည်ထောင်စုကြီး ထူထေါင်ဖို့ ၊ ဖွဲ့ စည်းဖို့ ၊ အတူတူလွတ်လပ်ရေးယူကြဖို့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ အဲဒီတုန်းက Federated shan state နှင့် Burma proper တန်းတူရည်တူ ပူးပေါင်းခဲ့ကြတာ ဖြစ်တယ်။ အဲဒီအချက်ဟာ အင်မတန်မှ အရေးကြီးပါတယ်။ လုံးဝမေ့လိုက်လို့ မရပါဘူး။ ပင်လုံ စိတ်ဓါတ်အနေနဲ့လည်း အများက လေးစားတန်ဘိုးထားခဲ့ကြတယ်။

ဆိုခဲ့တဲ့ အဲဒီ အချက်တွေကို မကြိုက်လို့ စစ်အာဏာရှင် အစိုးရ အဆက်ဆက်က ဖိနှိပ်ချုပ်ခြယ်ခဲ့တယ်။ အဲဒီ ကိစ္စ ကိုပြောရင်တောင် ပြည်ထောင်စုထဲက ခွဲထွက်တာဆိုပြီး တစ်တိုင်းပြည်လုံးနဲ့ သွေးခွဲခဲ့တယ်။ အဲဒီကိစ္စကို ဘယ်သူမှ မပြောရဲ ကြတော့ဘူး။ ဒါပေမဲ့ ရပ်ဆိုင်းသွားသလား။ မရပ်သွားခဲ့ပါဘူး။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ဆက်လက် တိုက်ပွဲ ၀င်ခဲ့ကြတယ်။ အကျအဆုံးတွေ များပေမဲ့ အဲဒီ ရည်မှန်းချက်က ဆက်လက် ရှင်သန်ရပ်တည်နေခဲ့တယ်။ ၁၉၆၂ - ခုနှစ်ရဲ့ နောက်ပိုင်းကာလတွေမှာဆို အဆိုးဆုံး အခြေအနေထိ ဖြစ်သွားခဲ့တယ်။ သို့ပေမဲ့လည်း ဘယ်သူမှ မူမပြောင်းခဲ့ကြပါဘူး။ ရည်မှန်းချက်ကို ပြင်လိုက်ကြတာ မရှိခဲ့ပါဘူး။ ယုံကြည်ချက်ကို အသစ်ပြန်ရေးခဲ့တယ်ဆိုတာမျိုးလည်း လုံးဝကို မရှိခဲ့ပါ ဘူး။ အဲဒီလို ဇွဲသန်သန်နဲ့ ဒုက္ခအပေါင်းကို ရင်ဆိုင်ကျော်လွှားခဲ့ကြပါတယ်။ အထူးသဖြင့် အဲဒီ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက် လာရင် ရှမ်းတွေက ပိုပြီးခံခဲ့ရတယ်။ ကျွန်တော်တို့ ဆိုရင် နိုင်ငံရေးသမားမှန်းသိလို့ မတွေ့လိုက်နဲ့ ၊ တွေ့လိုက်တာနဲ့တင် ခင်ဗျားတို့ ပြည်ထောင်စုထဲက ခွဲမထွက်ကြပါနဲ့လို့ အမြဲလိုလို အပြောခံရပါတယ်။

ဘယ်တုန်းကမှလည်း ခွဲထွက်ရေး မပြောခဲ့ကြပါဘူး။ တန်းတူညီမျှရေးနဲ့ ကိုယ်တိုင်ပြဌာန်းခွင့်ကိုဘဲ တောက် လျှောက်ပြောလာခဲ့ကြတာပါ။ တကယ်လည်းဘဲ အဲဒီတုန်းက ပြည်ထောင်စုဟာ တန်းတူညီမျှမှု မရှိခဲ့တာ အမှန်ပါ။ ဒါကို တရားဥပဒေနဲ့အညီ နည်းလမ်းတကျ (ဒီမိုကရေစီနည်းလမ်းတကျ) ဆောင်ရွက်ပြောဆိုခဲ့ကြတာပါ။ အဲဒီလို ကြိုးစားခဲ့ လို့လည်း နှစ်ဖက်သဘောတူမှုတွေ ရနိုင်တဲ့ အလားအလာတွေတောင် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းက အာဏာ သိမ်းခဲ့တယ်။ တိုင်းပြည် ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ ကယ်တင်ခဲ့တယ်လို့ မှတ်တမ်းတင်တယ်။ တကယ်တမ်းမှာတော့ တိုင်းပြည်ကောင်းစားဖို့ လက်တစ်လုံးအလိုမှာ အာဏာသိမ်းလိုက်တာ သာဖြစ်ပါတယ်။ အဲဒီတုန်းက အာဏာမသိမ်း ခဲ့ရင် ကျွန်တော်တို့ တိုင်းပြည် ဒီနေ့ ဘယ်လိုအခြေအနေမှာ ဖြစ်နေမယ် ဆိုတာ သမိုင်းက သက်သေပြနေပါပြီ။ အာဏာမက်ပြီး ရာထူးမက်ပြီး ငွေကြေးမက်ပြီး ထင်ရာကြဲခဲ့ကြလို့ အခု ဘာဖြစ် ကုန်ပြီလဲ ဆိုတာ အများအသိပါဗျာ။

ရှမ်းတွေကို သမိုင်းတရားခံဘ၀ ရောက်အောင်တွန်းပို့ပေမဲ့ ကြာကြာ မစွပ်စွဲနိုင်ပါဘူးဗျာ။ ရှမ်းတွေက စခဲ့တဲ့ ဖက်ဒရယ်မူဆိုတာ အခု ပစ္စက္ခတ် အခြေအနေမှာ မပြောမဖြစ်တဲ့ ပြည်ထောင်စုပေါင်းစည်းရေး လမ်းစဉ် ဖြစ်နေပါပြီ။ နိုင်ငံရဲ့ အကြီးအမှူးတွေကိုယ်တိုင်က ပြောနေကြလို့ အစဉ်အဆက်ပြောလာကြတဲ့ ကျွန်တော်တို့တောင် ပြောစရာ မရှိတော့သလို ဖြစ်နေရပါပြီ။ ဒီနေ့မှာတော့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ဆိုတာ အငြင်းမပွါးတော့တဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ။ ပြည်နယ်တိုင်းက လူမျိုးစုတိုင်းက ဖက်ဒရယ်ကို ထောက်ခံနေပါပြီ။ ဖက်ဒရယ်စနစ်ကို ဆန့်ကျင်သူတွေဟာ ဒီ နေ့မှာတော့ ဘေးကို ရောက်ကုန်ရပါပြီ။

ကိုင်းဗျာ .... နှစ်ပေါင်းငါးဆယ်ကျော် ဒုက္ခအပေါင်းကြားက တောင့်ခံလာလိုက်ကြတာ ဒီကနေ့မှာတော့ အမှန်တရားရဲ့ အလင်းရောင်က ထွန်းပြောင်လာရပြန်ပေါ့ လို့ ပြောနိုင်ပါတယ်။ အခုလို ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်တော့မယ်ဆိုတဲ့ အချိန်မျိုးမှာ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အလွန်ကို ရေးပန်းစားနေပြန်ပြီပေါ့။ ဒါဆို ဖက်ဒရယ် ပြည်ထောင်စု ထူထေါင်ရေးဆိုတဲ့ လမ်းစဉ် စနစ်ဟာ မှားတယ်လို့ မပြောနိုင်တာ သေချာနေပါတယ်။ မမှားရင် မှန်လို့ပေါ့ ။ မှန်နေတယ်ဆိုရင် ဘာအကြောင်းပြချက်နဲ့မှ ပြင်စရာ မလိုဘူးလို့ မှတ်ယူရမှာပါ။

ပါတီတွေ ၊ အဖွဲ့အစည်းတွေက မိမိတို့ ကြိုက်တဲ့ ပုံစံ၊ စနစ်၊ တွေကို ပြောကြဆိုကြတဲ့အထဲမှာ ၁၄-ပြည်နယ်နဲ့ ဖွဲ့ စည်းတာကို လက်ခံတယ်ဆိုတဲ့ အဖွဲ့တွေလည်း ပေါ်လာကြတယ်။ အဲဒီ အဖွဲ့တွေထဲမှာမှ အထင်ကရ ရှမ်းအဖွဲ့အစည်း တစ်ခုကလည်း ထိပ်တန်းက ပါနေတယ်။ ဘယ်သူကမှ ဈေးမဆစ်ရခင်မှာ လျှော့ဈေးနဲ့ ချရောင်းသလိုမျိုး ဖြစ်နေပြီလို့ ဝေဖန်နေကြပါတယ်။ သူ့အမြင် ကိုယ့်အမြင်ကို ကျွန်တော်လေးစားပါတယ်။ မဝေဖန်ချင်လို့ မဝေဖန်ဘဲ နဲ့ကို နေနေတာပါ။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်းလိုလို တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အခြားပါတီ အဖွဲ့အစည်းတွေ၊ မိတ်ဆွေ တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေက လာလာမေးနေကြတယ်။ ဝေဖန်ကြတယ်။ မေးခွန်းတွေ ထုတ်ကြတယ်။ အမှန်ကတော့ ဖြေရမှာက ကျွန်တော်မဟုတ်ပါဘူး။ ဒါပေမဲ့ မရပါဘူး။ မေးနေကြလွန်းလို့ အခု စာစုကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

မေးနေတဲ့ လူတွေထဲက မကျေမနပ်ဖြစ်နေကြတာက ရှမ်းအဖွဲ့အစည်းက အဲဒီလို ၁၄-ပြည်နယ်ကို စပြီး ပြောလိုက်တာကိုပါ တဲ့။ တခြားလူမျိုးစုတွေ ပြောရင်တော့ ထားလိုက်ပါတော့။ ရှမ်းတွေကိုယ်တိုင်က နှစ်ပေါင်းများစွာ ရပ်ခံ လာခဲ့ကြပြီးတော့မှ အခုလို အချိန်ကြမှ ရှမ်းတွေကိုယ်တိုင်က လမ်းကြောင်းပြောင်းလိုက်တာ မသင့်ဘူးလို့ ဝေဖန်နေတာ ပါ။ ၁၄-ပြည်နယ်နဲ့ ဖွဲ့စည်းတာ ဖက်ဒရယ် မဖြစ်နိုင်ဘူးလား။ မဖြစ်နိုင်ပါဘူး။ တိတိကျကျ ပြောရရင် မဖြစ်နိုင်ပါဘူး။ ၁၄- ပြည်နယ်လို့ ဆိုလိုက်တော့ ပင်လုံစိတ်ဓါတ်ကိုပါ မေ့လိုက်သလို ဖြစ်သွားတာပေါ့။ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ဖွဲ့စည်းဖို့ ကြိုးပမ်း ပါဝင်ခဲ့ကြတဲ့ သမိုင်းဝင် ရှမ်းခေါင်းဆောင်တွေရဲ့ လမ်းစဉ်ကို ကျောခိုင်းလိုက်တာဘဲပေါ့။

နှစ်ပေါင်းများစွာ ဒုက္ခခံ ၊ ဆင်းရဲခံ တိုက်ပွဲဝင်ခဲ့ကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကို မထောက်ထားတဲ့သဘော သက်ရောက်သွားတာပေါ့။ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတဲ့ လူတွေ မင်းတို့မှားနေတယ်လို့ ပြောလိုက်သလို ဖြစ်ကုန်တာပေါ့။ တိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေရဲ့ အသက်သွေးချွေးတွေကို လမ်းခင်းလိုက်ကြတာဘဲပေါ့။ ပြောလိုက်ကြတာများ ...... အောင်မလေး လေး ကျွန်တော် ဘာမှ မပြောနိုင်တော့ပါဘူး။ ကြောက်စရာကြီးတွေပါဗျာ။

ကျွန်တော်ပြောနိုင်တာတော့ ရှိပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် ဖက်ဒရယ်ပြည်ထောင်စုကို မနှစ်သက်တဲ့လူတွေ ၊ ရှမ်းထဲမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူတွေက အာဏာအပ်နှင်းခံရတဲ့ ရှမ်းတွေဖြစ်နေတာပါဘဲ။ ဒါပေမဲ့ အဲ့သည်လူတွေဟာ အရင်တုန်းက ရှမ်းခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့ လမ်းကြောင်း ၊ ဖက်ဒရယ်စနစ်ကို ပြင်ပြီး တစ်ခြားစနစ်ကို ပြောင်းမပစ်လိုက်ဘူးဗျ ။ မကြိုက်တာကတော့ မကြိုက်တာပါဘဲ။ ဒါပေမဲ့ တစ်ခြားစနစ် တစ်ခုနဲ့ အစားထိုး လိုက်တာမျိုး ဘယ်သူမှ မလုပ်ခဲ့ကြဘူးလေ။ အခုဟာက လူတိုင်းဖက်ဒရယ်စနစ်ကို သွားကြမယ်လို့ ပြောနေတဲ့ကာလကြမှ ဘယ့်နှယ် စနစ်ပြောင်းလိုက်မှန်း မသိတော့ပါဘူး။

ကျွန်တော်နဲ့ ရင်းနှီးတဲ့လူတွေကို မေးကြည့်ပါတယ်။ ဘာကြောင့် အဲဒီလို ဆုံးဖြတ်ပြီး ကြေညာလိုက်တာလဲ လို့ပေါ့ ။ သူတို့ပြောတာကတော့ " ဖြစ်နိုင်ခြေ ရှိတာကို လုပ်တာပါ " တဲ့။ ဒါကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး ။ ဖြစ်နိုင်ခြေရှိတာကို လုပ်ချင်မှတော့ ဘာမှ လုပ်စရာ မလိုတော့ပါဘူး။ သူ့ဖာသာသူ ဖြစ်လာမှာမို့ပါ ။ အခုလည်း ၁၄- ပြည်နယ်ဆိုတာ ဖြစ်နေပြီးသားပါ။ ဖြစ်နိုင်ခြေ မဟုတ်ပါဘူး။ ဒါကို နိုင်ငံရေးနားလည်သူတိုင်း ကောင်းကောင်း သိကြပါတယ်။ ဗဟို ချုပ်ကိုင်မှု အာဏာ လျှော့ချပေးလိုက်တာလေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ပါဘူး။ အားလုံးပြေလည်သွားပြီလို့ ဘယ်သူတွေက ပြောနိုင်မှလဲ။ အဲဒီလို မဆိုနိုင်ပါဘူး။

ဖြစ်နိုင်ခြေရှိတာကိုဘဲ လုပ်ရင် " ဖြစ်သင့် ဖြစ်ထိုက်တာ " ကို ဘယ်လို သွားလုပ်မလဲ။ မလုပ်တော့ဘူးလား။ အစဉ်အဆက်လမ်းစဉ်က ရှေးရိုးလမ်းစဉ် (conservatives) တွေလို့ ပြောလို့မရပါဘူး။ ရှေးရိုးစွဲဆိုရင် အခုခေတ်မှာ ဘယ်သူမှ ဆက်ပြီး ထောက်ခံကျင့်သုံးချင်ကြမှာ မဟုတ်ပါဘူး။ ဒီနေ့ဒီကာလမှာ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်တော့ပါဘူး။ ပူးပေါင်းရေးဆိုတာ နိုင်ငံရေးသမားတွေအားလုံး လက်ခံထားနေကြပါပြီ။ အခုလို အားလုံး နှစ်သက်နေတဲ့အချိန်မှာမှ ကိုယ့်အပေါ်မှာ ကျရောက်လာတဲ့တာဝန်ကို ရှောင်ဖယ်လို့ မရစကောင်းပါဘူး။ ၀န်ကြီးချုပ် ဖြစ်ဖို့ ၊ ပြည်ထောင်စု ၀န်ကြီး ဖြစ်ဖို့ လုပ်တာ မျိုးဆိုရင်တော့လည်း ကိုယ့်သမိုင်းကိုယ်ရေးတယ်လို့ဘဲ ပြောရတော့မှာပေါ့။ ကိုယ့်သမိုင်း ကိုယ်ရေးတဲ့ကိစ္စမှာ ပြည်သူတွေက ဒီအတိုင်းထိုင်ကြည့်နေမယ်လို့ တွက်ဆရင် အမှားကြီးမှားသွားမှာပါ။

ဝမ်းနည်းစရာကောင်းတာက ကိုယ့်ကို မဲပေးခဲ့တဲ့ ပြည်သူကို မတိုင်ပင်တာပါဘဲ။ မမေးမြန်းတဲ့အပြင် မသိမပေးတာပါဘဲ။ လျစ်လျူရှု ထားလိုက်တာပါဘဲ။ ဒါခေါင်းဆောင်မှု လမ်းလွဲနေတယ်လို့ စွပ်စွဲခဲ့ရင် ဘယ်လိုလုပ် ဖြေရှင်းကြမလဲ။ ဒီလမ်းစဉ်မှားနေတယ်လို့ ၀ိုင်းဝေဖန်ကြရင် ဘယ်လိုဖြေရှင်းကြမလဲ။ သမိုင်းအစဉ်အလာကို ပြုပြင်ပြောင်းလဲပြီး လမ်းစဉ်သစ်ကို တီထွင်တယ်ဆိုတာ အကြောင်းပြချက် ခိုင်လုံဖို့ လိုပါတယ်။ လမ်းကြောင်း အဟောင်းထက် ပိုကောင်းတဲ့အကြောင်း ရှင်းလင်းဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ ဘ၀တွေကို ပြဌာန်းနိုင်တဲ့ အကြောင်းတွေမို့ ကိုယ်ဖာသာကိုယ် ဆုံးဖြတ်ချင်သလို ဆုံးဖြတ်လို့ မရပါဘူး။ နောက်တစ်ခုက ကိုယ့်လမ်းစဉ်ကို ကိုယ်ဘယ်လောက် အာမခံ သလဲဆိုတဲ့ ကိစ္စပါ။ ဘယ်လောက် ယုံကြည်သလဲ ဆိုတဲ့ ကိစ္စပါ။ ဘယ်လောက်တာဝန်ယူနိုင်သလဲ ဆိုတဲ့ကိစ္စပါ။ ကိုယ့်အဖွဲ့အစည်းထဲက ဘယ်လောက် ထောက်ခံသလဲ၊ ဘယ်လောက် ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိသလဲ ဆိုတဲ့ကိစ္စပါ။ ဒါက ကလေးတွေလို အပျော်ကစားနေကြတာ မဟုတ်ပါဘူး။ ဒါဟာ ပြည်သူအားလုံးရဲ့ ဘ၀ ဖြစ်ပါတယ်။

ကိုယ့်ပြိုင်ဘက်ကို ကျောဖို့ ၊ နိုင်ဖို့ လောက် တိမ်တိမ်လေးတွေးတယ်ဆိုရင်လည်း မသင့်တော်ပါဘူး။ ဘေးအန္တရာယ် တစ်ခုခုအတွက် ပြောင်းရတာပါဆိုရင်လည်း ပြောင်းတာနဲ့စာရင် ဘေးထွက်ထိုင်တာက ပိုကောင်းပါတယ်။ အခုကိစ္စက ရည်တိုကိစ္စ မဟုတ်ပါဘူး။ အလွန်ကို ရှည်လျားတဲ့ တကယ့်ရေရှည်ကိစ္စပါ။ နောက်ပြီးတော့ အလွန်သတိထား သင့်တဲ့အချက်က အခုကိစ္စဟာ ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်ပါဘူး။ လူပေါင်းများစွာရဲ့ ဘ၀ ဖြစ်ပါတယ်။ ကိုယ်လုပ်ချင် သလိုလုပ်လို့ မသင့်တော်ပါဘူး။ ကိုယ်က ကောင်းစားသွားပြီး အများပြည်သူကတော့ ဒုက္ခရောက်နေရတယ်ဆိုရင် ဘယ်လိုလုပ် သင့်တော်ပါ့မလဲဗျာ။

ကျွန်တော်ကတော့ လာဆွေးနွေးတဲ့ လူတွေကို အဲဒီအတိုင်း ပြန်ဆွေးနွေးလိုက်တာပါဘဲ။ ဒါပေမဲ့ ကာယကံရှင် တွေကိုတော့ ကျွန်တော် မပြောရဲပါဘူး။ ပြောခွင့်လည်း ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ မှန်တယ်ထင်လို့ အခု လိုဆွေးနွေးလိုက်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ တစ်ဦးတစ်ယောက်က သဘောမတူဘူးဆိုရင်လည်း ပြန်ဆွေးနွေးတာကို ကျွန်တော်လက်ခံမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်က ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ နိုင်ငံရေး ယုံကြည်ချက်ကို ဆွေးနွေးနေခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူဖြစ်ဖြစ် သဘောထားကွဲနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ယုံကြည်ချက် ၊ ကိုယ့်လုပ် ဆောင်ချက်ကို ကိုယ်တာဝန်ယူရမှာဘဲ ဖြစ်ပါတယ်။ ဒါ ရှောင်လွဲလို့ မရနိုင်ပါဘူး။

ထောက်ခံတဲ့လူတွေ ဖြစ်ကြတဲ့ အဖွဲ့အစည်းဝင်တွေ ၊ ပါတီဝင်တွေမှာလည်းဘဲ ကန့်ကွက်ထားမှု မရှိခဲ့ရင် ထောက်ခံတဲ့ သဘောသက်ရောက်တာမို့ တစ်နည်းတစ်ဖုံ တာဝန်ရှိတာပါဘဲ။ ဒီမိုကရေစီ ပါတီ၊ အဖွဲ့အစည်းတွေမှာ ပါဝင်နေရင် အနည်းဆုံး အမှားအမှန်ကို ခွဲခြားတတ်ဖို့ လိုပါတယ်။ မျက်စိမှိတ် ခေါင်းညိတ့်နေလို့ မရပါဘူး။ ဘာပြောပြော ခေါင်းညိတ့်နေရ တဲ့ဘ၀ ထဲက ရုန်းထွက်ရပါလိမ့်မယ်။ အဖွဲ့အစည်း အကြီးအကဲတွေကလည်း ဝေဖန်ပြောကြားခွင့်တွေ ပေးထားရပါမယ်။ ပိတ်ပင်ထားလို့ မရပါဘူး။ ကိုယ့်လမ်းစဉ်ကို ကိုယ်ယုံကြည်တယ်ဆိုရင် ဝေဖန်ခွင့် ၊ ဆွေးနွေးခွင့် ပေးကို ပေးရမှာ ဖြစ်ပါတယ်။ ကိုယ့်လမ်းစဉ်ကိုမှ ကိုယ်မယုံကြည်ရင် ဘယ်လိုလုပ်ပြီး အဝေဖန်ခံရဲတော့မှာလဲ။ ဝေဖန်ခွင့် ပိတ်ထားခဲ့တဲ့ သာဓကတွေ အများကြီးပါ။ လွန်ခဲ့တဲ့ နှစ်တွေလောက်ကိုဘဲ ပြန်ကြည့်ရင် တွေ့နိုင်ပါသေးတယ်။

အမှန်ကတော့ အများပြည်သူနဲ့ဆိုင်တဲ့ နိုင်ငံရေးကိစ္စမို့ ပြောနေရတာပါ။ မေးနေကြတဲ့သူတွေကိုလည်း ရှင်းမပြဘဲ မထားနိုင်လို့ ရှင်းပြနေရတာပါ။ တကယ်ဆိုရင် ကျွန်တော့်မှာ ဖြေဖို့ ဘာတာဝန်မှ မရှိပါဘူး။ အခုလို ဝေဖန်သုံးသပ်ပေးတာနဲ့တင် တာဝန်တစ်ခုလောက် ပြီးသွားပြီလို့ ယူဆမိပါတယ်။ ကာယကံရှင်တွေကိုလည်း မမေးရဲတဲ့လူတွေ ၊ ကိုင်းဗျာ ...... မေးချင်ကြတဲ့လူတွေ လူကိုယ်တိုင် ကျွန်တော့်ဆီ လာမမေးကြပါနဲ့တော့ ။ ဒီစာစုလေးကိုဘဲ ဖတ်ပြီး ကိုယ့်ဖာသာ ဆက်လက် ဝေဖန်ပိုင်းခြားပြီး ဘယ်ဟာအမှန်လဲ ဘာလုပ်ကြမလဲဆိုတာ ဆုံးဖြတ်ကြပါတော့ဗျာ . . . . . ။ 


စိုင်းညွန့်လွင်

Friday 5 July 2013

ပဲ့တင်သံ ဂျာနယ်နှင့် မေး-ဖြေ ခြင်း

၁။       ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ချင်စိတ်မရှိအောင် လုပ်ဖို့က တို့တတွေရဲ့ တာဝန်ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ အန်ကယ်ရေးသားခဲ့ဖူးတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို နိုင်ငံတော်ကနေ ဘယ်တော့မှ ခွဲမထွက်ဘူးဆိုတာ ပါလာတယ်။ ဒီတော့ အန်ကယ်တို့အနေနဲ့ ခွဲမထွက်ချင်လောက်အောင်  ဘယ်လို အခင်းအကျင်းတွေလိုမလဲ ပြောပြပေးပါ။
 
ဖြေ-     အဲဒီစကားကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ရှိပါတယ်။  ဒါကိုပြန်ပြောရတာက "ပင်လုံစိတ်ဓာတ်" ကို မမေ့ကြဖို့ပါ။  အခုအခါ ပြည်ထောင်စုကိစ္စ ပြောကြရင် တော်တော်များများက ပင်လုံစိတ်ဓာတ်အခြေခံကို မေ့ထားတတ်ကြလို့ပါ။ ဘယ်တော့မှ ခွဲမထွက်ရ ဆိုတာကို ဝန်ခံလက်မှတ်ထိုး ခိုင်းတာတွေရှိတယ်။ ကိစ္စမရှိပါဘူး။ နကိုယ်ကလည်း ခွဲထွက်ဖို့မရှိတော့ လက်မှတ်ထိုးတာဟာ ပြဿနာ မဟုတ်ပါဘူး။ တစ်ခု စိတ်ထဲမကောင်းတာက နကိုယ်ထဲက ခွဲထွက်ဖို့ မရှိခဲ့ဘူး။ ပြည်ထောင်စုကြီးထဲ ပေါင်းဝင်ခဲ့လို့ ခုလိုပြည်ထောင်စုကြီး ဖြစ်လာခဲ့တယ်။ ဟော နောက်ကြတော့မှ ခွဲထွက်မဲ့အန္တရာယ်ကြောင့် အာဏာသိမ်းရတယ်ဆိုပြီး ပြောတယ်။ တစ်လျှောက်လုံးမှာလည်း နိုင်ငံသားအားလုံးက တကယ်ထင် သွားအောင် လိမ်ခဲ့တယ်။ အခုအခါမှာတော့ ဒါမဟုတ်ဘူးဆိုတာ နိုင်ငံရေးသမားလောကမှာ အားလုံးက သိသွားကြပြီ။  လွှတ်တော်ဥက္ကဌ ကိုယ်တိုင်လည်း  ဖယ်ဒရယ်ပြည်ထောင်စုကိုဘဲ တည်ဆောက်သင့်တယ်၊ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ခြင်းမဟုတ်ဘူးလို့ အမေရိကမှာ ပြောနေပြီ။

          အဲဒီတော့ ဘယ်တော့မှ ခွဲမထွက်ပါဘူးဆိုတာကို လက်မှတ်ထိုးဝန်ခံနေရတာကိုက ကျနော့်စိတ်ထဲမှာ အရင်တစ်ချိန်တုန်းက အမှန်တကယ် ခွဲထွက်ဖို့ ကြိုးစားခဲ့လို့ အခုခါမှာ နောင်တရပြီး မလုပ်တော့ပါဘူးလို့ ဝန်ခံကတိပြု လက်မှတ်ထိုးရသလို ခံစားရတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။  လက်မှတ်ထိုးရတာကလည်း တစ်ဖက်ထဲက ဝန်ခံထိုးရတာဗျ ။ တစ်ခြားတစ်ဖက်က ခွဲမထွက်ချင်အောင် ကျနော်တို့ ဘာတွေ ဘာတွေ လုပ်ထားပါတယ်ဆိုတဲ့ အပြန်အလှန် ကတိကဝတ်မျိုးက လုံးဝမရှိဘူး။  နှစ်ဦးနှစ်ဖက် သဘောတူညီမှုဆိုရင် နှစ်ဖက်စလုံးက တာဝန်ယူမှုဆိုတာ ရှိကိုရှိရပါမယ်။ တစ်ဖက်ထဲကို ဝန်ခံထိုးခိုင်းနေတာကတော့ သိပ်မဟန်လှဘူးလို့ ထင်တယ်။ ဒါတွေက အင်မတန်မှ သိမ်မွေ့တဲ့ သတိထားရမယ့် အချက်တွေပေါ့။

          ကျနော်တို့ ပြောနေတဲ့ တန်းတူညီမျှရေးဆိုတာကလည်း ရှင်းရှင်းလေးပါ။ နိုင်ငံသားတိုင်း ရနေတဲ့ အခွင့်အရေးမျိုးကို လူတိုင်းတန်းတူ ရစေချင်တာပါ။ တိုင်းရင်းသားတွေက တောင်းနေလို့ တိုင်းရင်းသားတွေ ပိုရဖို့ မဟုတ်ပါဘူး။ ပိုလည်းမလိုချင်ပါဘူး။ ဒါပေမဲ့ လျှော့ပြီးတော့လည်း မလိုချင်ပါဘူး။  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာလည်း ရှမ်းပြည်တစ်ခုထဲ ရဖို့ မဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအားလုံးကပါ ရကြရမှာပါ။  ဗဟိုချုပ်ကိုင်မှုတွေနဲ့ နှစ်ပေါင်းများစွာနေလာခဲ့ကြတယ်။ ဘာမှ တိုးတက်မှု မရှိခဲ့ဘူး။ ဒါကို ပြင်ဖို့လိုတယ်။ အရှေ့မှာ ကျနော်ပြောခဲ့တာရှိတယ်။ "ပင်လုံစိတ်ဓာတ်" ဆိုတာပြောခဲ့တယ်။ တကယ်တော့ ပင်လုံစိတ်ဓာတ်ဆိုတာ ပေါင်းစည်းရေးကို  မျက်ခြည်မပြတ်ဖို့ အမြဲနှလုံးသွင်းရမယ့် အချက်ပါ။ လွတ်လပ်ရေး ရပြီး နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။ မြန်မာပြည် မတိုးတက်ဘူး၊ ဆင်းရဲတယ်လို့ ပြောတယ်။ တကယ်ဆိုရင် ပြည်နယ်တွေမှာ ပိုပြီးဆင်းရဲတဲ့အပြင် ခေတ်တောင်နောက်ကျနေပါသေးတယ်။ မြို့ပေါ်ကိုဘဲ မကြည့်ပါနဲ့။ လူများစု နေထိုင်တဲ့ တောရွာတွေကို ကြည့်မှသိနိုင်မှာပါ။ ပြည်မမှာဆို စက်ရုံအလုပ်ရုံမှာ လုပ်ကိုင်တဲ့ အလုပ်သမား လူတန်းစားဆိုတာ ရှိပေမဲ့ ပြည်နယ်တွေမှာတော့ အလုပ်သမားလူတန်းစားဆိုတာ အတော့်ကို ရှားရှားပါးပါး ပါဘဲ။  ခင်ဗျားက ခွဲမထွက်ချင်အောင် ဘာလိုသလဲလို့မေးတယ်။  ကျနော်သိသလောက်ဆို ခွဲထွက်ဖို့ အခုမရှိဘူး၊ အရင်ကလည်း မရှိခဲ့ဘူး၊ ခွဲထွက်လို့လည်း မရနိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုထဲမှာဘဲ ဆက်ရှိနေမှာပါဘဲ။ အဲဒီလို ရှိနေတဲ့အချိန်မှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိဖို့ ၊ တန်းတူတဲ့ အခွင့်အရေးတွေရှိဖို့ဘဲ အဓိကအရေးကြီးပါတယ်။ ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရားသဖြင့် သိမ်းပိုက်မှုတွေ၊ ရက်စက်မှုတွေ မရှိစေချင်ပါဘူး။

၂။       တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင်အင်အားစုတွေ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတဲ့ အချက်တွေထဲမှာ ဘုံတူညီချက်အဖြစ် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်  ဖြစ်နေတာကိုတွေ့ရတယ်။အဲလို ဘုံသဘောတူညီချက်လည်း ရပြီဆိုတော့ အဲဒီဘုံသဘောတူညီချက် ပန်းတိုင်ရောက်ရေးအတွက် တိုင်းရင်းသားတွေရော လက်နက်ကိုင်အင်အားစုတွေရော ဘယ်လိုထိရောက်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်သွားမည်လဲ။

ဖြေ-     တိုင်းရင်းသားလူမျိုးစုတွေကတော့ ဘဝတူတွေမို့ သဘောထားတူအောင် ညှိနှိုင်းရတာ လွယ်ပါတယ်။ ပြည်မဖြစ်တဲ့ တိုင်းဒေသကြီးတွေက နိုင်ငံရေးသမားတွေနဲ့ အုပ်ချုပ်သူ လူတန်းစားတွေကို ရှင်းပြရတာ အတော်ကို လက်ဝင်ပါတယ်။ ရေဒီယိုတိုက်ရိုက်ဆွေးနွေးခန်းတစ်ခုမှာ ဦးသုဝေ က ဗမာမုန်းတီးရေးတွေလုပ်နေတယ် လို့တောင် စွပ်စွဲတာကြားရတယ်။ နှစ်ပေါင်းများစွာ မျက်စိပိတ်နားပိတ်ပြီး သမိုင်းအမှားကြီးကို အမှန်လုပ်ထားခဲ့တဲ့ ဒဏ်က ခုထိ မပျောက်သေးပါဘူး။ အတော်များများကတော့ အခုအချိန်မှာ သဘောပေါက်လက်ခံ လာကြပါတယ်။ ထောက်ခံမှုတွေလည်း စိတ်စေတနာ အမှန်နဲ့ ပေးနေကြပါတယ်။ ခင်ဗျားပြောတဲ့ ထိရောက်တဲ့ လုပ်ဆောင်မှု ဆိုတာတော့ သေသေချာချာ မပြောတတ်ဘူး။ ကျနော့် အမြင်ကတော့ မြန်မာ့နိုင်ငံရေးလောကမှာ ပြည်ထောင်စုတစ်ဝှမ်းလုံး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့လိုတယ် ဆိုတာကို နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ နားလည် သဘောပေါက် လက်ခံလာအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ထင်ပါတယ်။  အကျိုးသင့် အကြောင်းသင့် ရှိတဲ့အကြောင်း၊ အဓိပ္ပာယ် ရှိတဲ့အကြောင်း  နားလည်အောင် ရှင်းပြဖို့လိုပါတယ်။  တစ်ချို့က ရှင်းပြတာကို နားမထောင်ဘူး။ သူတို့ သိတာ တတ်တာကိုဘဲ ပြောနေတယ်။ သူတို့ထင်တာကိုဘဲ ပြောနေတယ်။ "ပင်လုံစိတ်ဓာတ်" ဆိုတာကို မေ့ထားလိုက်ကြတယ်။ ဘာဘဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့တော့ ကြိုးပမ်းသွားရ မှာပေါ့လေ။

၃။       ၂၀၀၈ ဖွဲ့စည်းပုံမှာကတော့  ပြည်နယ်တွေကို သတ်မှတ်အာဏာပေးထားပြီး ကြွင်းကျန်အာဏာကို ပြည်ထောင်စုအစိုးရက ရယူထား၍  ပြောင်းပြန်ဖြစ်နေတယ်လို့ ဆိုကြတယ်။ အဲဒီတော့ အာဏာခွဲဝေမှု ဟန်ချက်ညီအောင် ၂၀၀၈ ဥပဒေကို ပြည်မတောင်တန်း တန်းတူညီမှု ရှိအောင် ဘယ်လိုအချက်တွေကို အဓိက ပြင်ချင်တာလဲ ဆိုတာလေးပြောပြပေးပါ။

ဖြေ-     တန်းတူတဲ့ ပြည်ထောင်စု၊ တနည်းအားဖြင့် စစ်မှန်တဲ့ ပြည်ထောင်စုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သူ့အခြေခံဥပဒေနဲ့သူ ရှိနေရပါမယ်။ ကြွင်းကျန်အာဏာကိုလည်း ကျင့်သုံးနိုင်ခွင့်ရှိ ရပါမယ်။ အားလုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုအစိုးရမှာတော့ သတ်မှတ်အာဏာကို ကျင့်သုံးရပါမယ်။ ဥပမာ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊  စာတိုက်ကြေးနန်း၊ တပ်မတော် စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အားလုံးနဲ့ ဆိုင်တဲ့ ဘုံအလုပ်တွေကို ပြည်ထောင်စုအစိုးရက တာဝန်ယူဆောင်ရွက်သွားတယ်။ တစ်ချို့ကတော့ ခင်ဗျားတို့ ဒါတွေချည်းပြောနေရင် ခက်မယ်။ မဖြစ်နိုင်ဘူးလို့ ဆိုတာရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်မှာ အရေးတကြီး လိုအပ်ချက်တွေထဲမှာ "အမျိုးသားပြန်လည်သင့်မြတ်ရေး" ဆိုတာကလည်း အဓိကလိုအပ်ချက် ဖြစ်နေတယ်။ အေးချမ်းသာယာတဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းမှုနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စု၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု၊ ဒါတွေကို မျှော်လင့် ထားရင်တော့ အားလုံးနဲ့ သဘောတူမှု မရ ရအောင်တော့ ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။

၎။       ဒီမိုကရေစီအရေး ကြိုးပမ်းနေစဉ်မှာ ဖယ်ဒရယ်ဝင်လာရင်  နှောင့်နှေးမှာစိုးတယ်။ ခွဲထွက်မှာစိုးတယ် ဆိုတဲ့ထင်မြင်ယူဆချက်တွေအပေါ်မှာ အန်ကယ်ပြောလိုတဲ့ စကားလေးသိပါရစေ။

ဖြေ-     ခက်တော့ ခက်ကုန်ပြီ။ မေးတဲ့ မေးခွန်းတိုင်းမှာကိုက ခွဲထွက်တဲ့ကိစ္စက မပြီးနိုင်သေးဘူး။ ရှမ်းနိုင်ငံရေးသမားလို့ ဆိုလိုက်တာနဲ့ ခွဲထွက်တာကို တွဲပြီး တန်းမြင်လိုက်ကြတာဘဲ ဖြစ်နေတယ်။ ခွဲထွက်မှာ စိုးတယ် ဆိုတာကိုတော့  ကျနော် ရှင်းပြခဲ့ ပြီးပါပြီ။ ဖယ်ဒရယ်ကြောင့် ဒီမိုကရေစီအရေး မထိခိုက်နိုင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ရာ ဖယ်ဒရယ်ပြည်ထောင်စုဟာလည်း လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ လူကြီးတွေကတော့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးဟာ  ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလိုဘဲ တွဲနေတယ်လို့ ပြောကြတယ်။ နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို တစ်ပြိုက်နက်တည်း ကြိုးပမ်းသွားမယ်လို့ ပြောထားကြပါတယ်။ တစ်ခုပြီးမှ နောက်တစ်ခုဆောင်ရွက်တာဟာ နည်းလမ်းမမှန်ဘူးလို့ သူတို့ ခံယူထားကြတယ်။

၅။       ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အသံတွေ ကျယ်ကျယ်လောင်လောင်နဲ့ လွှတ်တော်တွင်းမှာရော  ပြင်ပမှာပါ ကြားနေရပါပြီ။ အဲလို ပြင်ဆင်ဖို့လည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးကို ကြေကြေလည်လည် ဆွေးနွေးဖို့ ဘယ်တော့လောက် စတင်ဆွေးနွေးဖြစ်မလဲ။

ဖြေ-     ဟုတ်ပါတယ်။ အားလုံးလောက်နီးနီးက ပြင်ဖို့ ပြောနေကြပါပြီ။ တဖြည်းဖြည်းနဲ့ များလာပါပြီ။ အရင်က ပြင်ဖို့ဆို လုံးဝလက်မခံတဲ့လူတွေတောင် အခုဆို ပြင်ဖို့ပြောလာကြပါပြီ။ အခက်အခဲက လွှတ်တော်တွင်းမှာ ပြင်ဖို့ အတော့်ကိုခက်တဲ့ကိစ္စပါ။  အခြေခံဥပဒေ ကိစ္စကို ဆွေးနွေးတာကတော့ နိုင်ငံရေးစလုပ်တဲ့အချိန်ကတည်းက ဆွေးနွေးတာပါ။ အခုအခြေခံဥပဒေကို မရေးရသေးတဲ့အချိန်ကတည်းက ဆွေးနွေးခဲ့တာပါ။ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးတယ်ဆိုတာကလည်း အခု ချက်ချင်းလက်ငင်း ကောက်လုပ်လို့ မရနိုင်ပါဘူး။ ကျနော်တို့ ဖြစ်ချင်တဲ့ အခြေခံဥပဒေက အားလုံးနှစ်သက်လက်ခံတဲ့ အခြေခံဥပဒေမျိုးကို လိုချင်တာပါ။ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့လောက်က သူတို့လိုချင်သလို ရေးသွားတာမျိုးကို လက်မခံနိုင်ပါဘူး။ အားလုံးညှိနှိုင်းပြီး အားလုံးလောက်က လက်ခံတဲ့ အခြေခံဥပဒေမျိုးကို လိုတာပါ။

၆။       ၂၀၀၈ အခြေခံဥပဒေကို  ပြင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဖို့လိုအပ်တယ်။ ဒါကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အမြန်ဆုံး အကောင်အထည်ဖေါ် သွားမလဲ။

ဖြေ-     ခင်ဗျားက ၂၀၁၅ မတိုင်မီ ပြင်ဖို့လိုတယ်လို့ ဘာကြောင့် ပြောတာပါလဲ။ အခုဆို တစ်ချို့က ပြောနေပြီ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ သမ္မတဖြစ်ဖို့ အခြေခံဥပဒေကို ပြင်ပေးတာမျိုးကတော့ မဖြစ်နိုင်ဘူးဆိုတာမျိုးတွေ ပြောနေတာ ကြားနေရတယ်။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးအကြီးဆုံးကတော့ "နိုင်ငံရေးသဘောတူညီမှု" တွေ ရဖို့လိုတာပါဘဲ။ ပါတီတွေ၊  တပ်မတော် စတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီး ရလာတဲ့ သဘောတူညီမှုကသာလျှင်  အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အလွယ်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးဖြစ်မှာပါ။ အဲဒီ သဘောတူညီမှုမျိုးကတော့ လွယ်လွယ်နဲ့ ဘယ်ရနိုင်ပါ့မလဲ။ ဒါပေမဲ့ အဲဒီ လမ်းကတော့ အကောင်းဆုံးဘဲလို့ ကျနော်ယူဆတယ်။ အဓိက ကတော့ "နိုင်ငံရေးသဘောတူညီမှု" ရဖို့ဘဲ ဖြစ်ပါတယ်။ သဘောတူကြရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အလွန်ချောမွေ့တဲ့လမ်းကနေ ဆက်သွား နိုင်ပါလိမ့်မယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း အတော်ကို လှပနေပါလိမ့်မယ်။  ခင်ဗျား ပြောသလို ၂၀၁၅ ခုနှစ်ဆိုတဲ့  အချိန်ကာလကတော့ ကျနော် ကံသေကံမ  မပြောတတ်ပါဘူး။

၇။       ဦးခွန်ထွန်းဦးက လက်နက်ကိုင်တွေ လက်နက်စွန့် လွှတ်တော်ထဲဝင်ပြီးမှ အခြေခံဥပဒေပြင်ဖို့ဆိုတာ မလွယ်ဘူးလို့ ပြောခဲ့တယ်။ အဲဒါအပေါ်မှာ အန်ကယ့်ရဲ့ အမြင်လေးကို ပြောပြပေးပါ။

ဖြေ-     လွှတ်တော်ထဲဝင်ဖို့ဆိုတာ ဒီအတိုင်းလမ်းလျှောက်ပြီး ဝင်သွားလို့ရတာမှ မဟုတ်တာ။ ရွေးကောက်ပွဲ ဝင်ရအုန်းမှာ။ ရွေးကောက်ပွဲဝင်ပေမဲ့  နိုင်လည်းနိုင်ဖို့ လိုပါသေးတယ်။ မနိုင်ရင်လည်း ဘယ်လိုလုပ် လွှတ်တော်ထဲ ဝင်နိုင်မလဲ။ နောက်လက်နက်စွန့်ဖို့က လွှတ်တော်ထဲဝင်ဖို့ သက်သက်နဲ့တော့ လက်နက်စွန့်နိုင်မယ်လို့ ကျနော်မထင်ဘူး။ လက်နက်စွန့်ဖို့ ဆိုတာက နိုင်ငံရေးပြေလည်မှု ရဖို့ ၊ နိုင်ငံရေး သဘောတူညီမှုတွေ ရဖို့ လိုတယ်လေ။ ဒါမှ လက်နက်စွန့်ခိုင်းလို့ ရမှာပေါ့။  သူတို့တတွေလည်း နားလည်ကြပါတယ်။ အခုဆို ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲရောက်နေပြီ။ အခြေခံဥပဒေ ပြင်ဖို့ဆိုတာ ဘာမှကို မလုပ်နိုင်သေးဘူး။ သူတို့ဆိုရင် ပိုဆိုးမယ်ဆိုတာ သူတို့ သိတာပေါ့။ မဖြစ်နိုင်တဲ့ လမ်းစဉ်ကို ချပြနေတော့ သူတို့အနေနဲ့ လိုက်သွားဖို့ အတော်ကို ခက်မှာပါ။ ဒါကတော့ မပြေလည်နိုင်တဲ့ အချက်တွေကို သက်ဆိုးရှည်နေစေမှာပေါ့။  လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်နိုင်တာကတော့ တပ်မတော်ရဲ့ သဘောတူညီမှုကို USDP ပါတီက ရယူနိုင်မယ်ဆိုရင်တော့ တစ်ချို့ဥပဒေတွေ ပြင်နိုင်ပါတယ်။ ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ခင်ဗျားပြင်ချင်တဲ့ အတိုင်း ပြင်ပေးနိုင်အောင် USDP  နဲ့ တပ်မတော်ကို ဘယ်လို စည်းရုံးမလဲ။

၈။       တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဘဲ လက်မှတ်ထိုးခိုင်းတာ ပြောင်းပြန်ဖြစ်နေတယ်လို့ ဦးစိုင်းလိတ် ပြောထားပါတယ်။ အဲဒါအပေါ်မှာရော ဘယ်လိုမြင်မိလဲ။ အကယ်လို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဘယ်အဆင့်တွေ ကျော်လွန်ဖို့ လိုအပ်ပါသလဲ။

ဖြေ-     တကယ်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့က အဓိက အချက်ဖြစ်ပါတယ်။ တစ်ချို့ အဖွဲ့အစည်းတွေကတော့ နိုင်ငံရေးပြေလည်မှုရမှာ အပစ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုတဲ့ အယူအဆရှိ ပါတယ်။ ဘယ်သူမှန်သလဲ ဆိုတာတော့ ပြောလို့မတတ်ပါဘူး။ ဘယ်သူမှလည်း အတွေ့အကြုံ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံအတွက် တကယ့်ကို သေရေးရှင်ရေးကိစ္စ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာ နိုင်ငံရေးသဘောတူမှုတွေ ရဖို့လိုပါတယ်။ နိုင်ငံရေးသဘောတူညီမှုတွေ ရဖို့ဆိုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ မရှိလို့ မရနိုင်ပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ သဘောတူညီမှု ရဖို့ အလွန်ဘဲခက်ခဲနိုင်သလို တစ်ဖက်ကလည်း အလွန်ကို လိုအပ်ပါတယ်။ မဖြစ်မနေ စိတ်ရှည်လက်ရှည် ဇွဲနဲ့ ကြိုးစားရမှာ ဖြစ်ပါတယ်။

၉။       တရားဥပဒေ စိုးမိုးရေး ရှိဖို့ကိစ္စ၊ နိုင်ငံရေးကိစ္စ၊ အုပ်ချုပ်ရေး ကိစ္စ၊ ဆင်းရဲ ချမ်းသာကွာဟ နေမှုကိစ္စ၊ ပညာရေး ကိစ္စ၊ ကျန်းမာရေး ကိစ္စ၊ အခွန်အကောက် ကိစ္စ၊ တွေကို အဖြေထုတ်ဖို့ ဘယ်လိုနည်းလမ်းတွေများ စဉ်းစားထားပြီး ဘယ်လိုမျိုး အချက်တွေကို အစိုးရဘက်ကနေ လိုက်လျော လုပ်ဆောင်ပေးစေလိုပါသလဲ။

ဖြေ-     မေးတဲ့ "ကိစ္စ" တွေက အတော်ကိုများတာဘဲ။ ခေါင်းစဉ်တွေ အားလုံးပေါင်းလိုက်ရင် နိုင်ငံတစ်နိုင်ငံ လောက်ကို ဖြစ်နေပြီ။ အဖြေထုတ်ပေးဖို့ဆိုတာ မရှင်းပါဘူး။ ဘာကို အဖြေထုတ်ပေးရမလဲ။ လက်တလောကတော့ ကျနော်က သာမန် နိုင်ငံရေးသမားတစ်ယောက်သာ ဖြစ်နေတယ်။ အသေးစိတ် ကျနော်နားမလည်ဘူးဆိုတာကို ဝန်ခံရမှာဘဲ။ တစ်ချို့ကိစ္စတွေက ပညာရှင်ကသာ ဖြေရှင်းပေးနိုင်ပါတယ်။ ဘယ်သူမှ ကိုယ်တစ်ယောက်ထဲ မစွမ်းဆောင်နိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ ဘက်ပေါင်းစုံက ပညာရှင်ပေါင်းစုံလိုအပ်တယ် ဆိုတာ လက်ခံထားရပါမယ်။ အဲဒီလို လက်မခံခဲ့လို့ ဒီနေ့ ကျနော်တို့ ဘာဖြစ်နေသလဲ။ အားလုံးအသိဘဲ။

၁၀။     လတ်တလော ရေပန်းစားနေတဲ့ PR  စနစ်ခေါ် အချိုးအစားအလိုက် ကိုယ်စားပြုမှု စနစ်ကို ဆရာ့အနေနဲ့ သဘောတူညီမှု မရှိဘူးလို့ ဖြေထားတာတွေ တွေ့ရတယ်။ ဘာကြောင့်သဘောမတူရတာလဲ။

ဖြေ-     ဟုတ်ပါတယ်။ သဘောမတူပါဘူး။ ပြည်နယ်တွေမှာရှိတဲ့ ပြည်သူတွေအဖို့ သဘောပေါက်ဖို့ မလွယ်ပါဘူး။ အမှားမှား အယွင်းယွင်း ဖြစ်နိုင်ပါတယ်။ ကဲဗျာ ...... PR စနစ်ကို ပြောင်းချင်တယ်။ အခုသုံးနေတဲ့ စနစ်က သုံးလို့မဖြစ်တဲ့ အခြေအနေမှာ ဖြစ်နေသလား။ အဲလိုလည်း မဟုတ်ပြန်ဘူး။ ကျနော်ထင်တာကို ပြောရရင် ရွေးကောက်ပွဲမှာ မနိုင်ဖူးတဲ့လူနဲ့ များများနိုင်ချင်တဲ့လူတွေ ပေါင်းလုပ်တယ်လို့ ထင်တာဘဲ။ လုပ်ချင်လည်း လုပ်ပေါ့ လုပ်ခွင့်ရှိတာဘဲ။ ပြောခွင့်ရှိတာဘဲ။  အခြေခံဥပဒေနဲ့လည်း ကိုက်ညီမှု ရှိ-မရှိ ပြန်စစ်ဖို့ လိုပါတယ်။ ကျနော်တို့ ပြည်နယ်တွေကတော့ ကိုယ့်နယ်က ကိုယ်တိုင်ရွေးကောက်တင်မြှောက်ထားတဲ့ သူတို့ ကိုယ်စားလှယ်တွေ ပျောက်သွားရင် ဘယ်သူ့ကို သွားအားကိုးရမလဲဆိုပြီး အားကိုးရာမဲ့သွားမှာကို စိတ်ပူနေကြပါတယ်။

၁၁။     ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအစား ကျနော်တို့အားလုံးလိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံနဲ့ အစားထိုးဖို့ လိုအပ်ပါတယ် - လို့ ဗိုလ်ချုပ်ကြီးဆေထဲန်ကပြောခဲ့ပါတယ်။ ဒါဆိုရင် ၂၀၀၈ ဥပဒေကို ပြောင်းလဲရုံမဟုတ်ဘဲ အစားထိုးပြင်ဆင်ဖို့ လိုအပ်တယ်လို့ သဘောသက်ရောက်နေပါတယ်။ အန်ကယ့်အနေနဲ့ အစားထိုးခြင်း၊ ပြန်လည်ရေးဆွဲခြင်း၊ ပြုပြင်ခြင်းတွေထဲက ဘယ်ဟာက အသင့်တော်ဆုံးလို့ မြင်မိပါသလဲ။ တိုင်းရင်းသားခေါင်းဆောင် အများစုကရော ဘယ်အချက်ကို ပိုလိုလား ပါသလဲ။

ဖြေ-     အဓိက ကတော့ ရည်မှန်းချက်ကို ရောက်ဖို့ပါဘဲ။ အစားထိုးလို့ ပြီးမယ်ဆိုရင်လည်း အစားထိုးပေါ့။ ပြုပြင်တာ လုပ်လို့ အဆင်ပြေပြည့်စုံမယ်ဆိုလည်း ပြုပြင်တာလုပ်ပေါ့။ ဒါမှမဟုတ် အစားထိုးဖို့ လိုတယ်ဆိုလည်း အစားထိုးပေါ့။ ဒါက ချက်ချင်းပြောလို့ မရနိုင်ပါဘူး။ ဆွေးနွေးပွဲကရတဲ့ သဘောတူညီမှုတွေ အပေါ်မှာ မူတည်ပါတယ်။  နိုင်ငံရေးသဘောတူညီမှုအပေါ်မှာ မူတည်ပါတယ်။

၁၂။     ဖယ်ဒရယ်စနစ်ဆိုတာကို အန်ကယ် ဘယ်လိုယုံကြည်လက်ခံမိလဲဆိုတာလေး ပြည်သူလူထုနားလည် အောင် မျှဝေပေးပါ။

ဖြေ-     အဲဒီစနစ်ကို ပြောရရင် အချက်ကြီး သုံးချက်ကို မူတည်ပြီး ပြောရပါမယ်။ တစ်က- ပင်လုံစိတ်ဓာတ်ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို ပေါ်ထွန်းစေခဲ့တာ ပင်လုံစိတ်ဓာတ်ပါ။ အပြန်အလှန် လေးစားမှုနဲ့ ကတိကဝတ် တွေထားခဲ့တာ ပင်လုံးစိတ်ဓာတ်ပါ။ ဒါတွေကို မေ့ထားလို့ မရပါဘူး။ ကတိကဝတ်ကို ဖျက်ချင်စိတ်ရှိတဲ့လူတွေကတော့ ဒါကိုမေ့ထားချင်ကြတယ်။ ဒါပေမဲ့ သမိုင်းကြောင်းဆိုတာ မမေ့သင့်ပါဘူး။  နှစ်က- တန်းတူညီမျှရေးပါ။ အားလုံး တစ်နိုင်ငံလုံး နိုင်ငံရေးအရ ၊ စီးပွါးရေးအရ၊ လူမှုရေးအရ၊ ပညာရေး ကျန်းမာရေးအရ စသဖြင့်  တန်းတူညီမျှမှု ရှိဖို့လိုပါတယ်။ သုံးက- အားလုံး တစ်နိုင်ငံလုံး နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသဖြင့် အားလုံးကို ပြည်သူတွေကိုယ်တိုင်က ကိုယ်ဖာသာ ပြဌာန်းနိုင်ခွင့် ရှိကြရပါမယ်။ ဒီအချက်သုံးချက်ကို ကျင့်သုံးရာမှာ လူနည်းစုလူမျိုးတွေကို ကာကွယ်ဖို့ အပြန်အလှန်ထိန်းညှိတဲ့ စနစ်တစ်ရပ်လည်း ရှိထားရပါမယ်။ ကျနော်တော့ ဒီလို ယုံကြည်ပါတယ်။

၁၃။     ဖယ်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရှိသင့်တယ်လို့ ယူဆသလား။ အဲဒီ ကိစ္စကို ဘယ်လိုဆောင်ရွက်သင့်လဲ။

ဖြေ-     ဟုတ်ကဲ့။ ရှိရပါမယ်။ အားလုံးညှိနှိုင်းပြီး ရေးယူရမှာပေါ့။

၁၄။     အခု တလော မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ - ၁၇ (၁) ဖျက်သိမ်းဖို့ ကြိုးစားတာဟာ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ-     ၁၇ (၁) ကို ဖျက်သိမ်းဖို့ ဆိုရင် လွှတ်တော်မှာ အခြေအတင် ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။ မတရားသင်းအဖြစ် ကျေညာထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ကျေညာထားတဲ့ စာရင်းထဲကနေ ပယ်ဖျက်လိုက်ရင် ၁၇(၁) နဲ့  ငြိစွမ်းဖို့ မရှိတော့ပါဘူး။ မတရားအသင်း မရှိတော့ရင် ၁၇(၁) ကိုလည်း ကျင့်သုံးဖို့ မလိုတော့ပါဘူး။ ရှေ့မှာပြောခဲ့သလို ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့  နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ ရပါမယ်။ အဲဒီမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တပါးတည်းဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ အဲဒီလို ဆွေးနွေးပွဲတွေက ပုံစံအမျိုးမျိုးနဲ့ အများအပြား လုပ်ကြရမှာပါ။  အဲဒီအခါမှာ မတရားသင်းကျေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ အတားအဆီးဖြစ်နေတာက ၁၇(၁) ပါ။ အဲဒါ  မရှိတော့ရင် ဆွေးနွေးပွဲ တံခါးကိုဖွင့်လိုက်တာနဲ့ အတူတူပါဘဲ။  ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဖို့ကိစ္စ ဆွေးနွေးပွဲတွေ ကျင်းပနိုင်တော့မှာမို့ အတော်ကို အကျိုးသက်ရောက်မှု ရှိမှာသေချာပါတယ်။

(၂၀၁၃ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ ပထမဆုံးထုတ်ဝေသည့် "ပဲ့တင်သံ" ဂျာနယ်တွင် ဖေါ်ပြပါသည်။ ထိုသို့ ဖေါ်ပြရာတွင် ချန်လှပ်ထားသည်များလည်း ရှိခဲ့ပါသည်။ ယခု စာမျက်နှာများသည် မူလ မေး-ဖြေချက်များ ဖြစ်ပါကြောင်း)

Saturday 29 June 2013

ရန်ကုန်တိုင်း(မ်) နေ့စဉ် သတင်းစာနှင့် တွေ့ဆုံခြင်း

''မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက
အမျိုးသားရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကိုမေ့ထား လို့မရပါဘူး''
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် တွေ့ဆုံခြင်း
ဝေမာသိမ့် တွေ့ဆုံမေးမြန်းသည်

မြန်မာ့နိုင်ငံရေး၏ လက်ရှိအခြေအနေတွင် နိုင်ငံရေးပါတီများအကြား ဖွဲ့စည်းပုံပြင်ဆင်ရေး စိုင်းပြင်းနေသကဲ့သို့ ရွေးကောက်ပွဲစနစ်ပြင်ဆင်နိုင်ရေးအပေါ်လည်း အမြင်မတူ အငြင်းပွားလျှက်ရှိကြသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ဦးတည်နေပြီး စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ရန်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ အသံများကိုလည်း ကျယ်ကျယ်လောင်လောင်ကြားလာရသည်။ လက်ရှိတွင်လည်း နိုင်ငံရေးပါတီအဖြစ်ရပ်တည်ကာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်ထိတွေ့မှုရှိနေပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်များ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ညီလာခံများ ဦးဆောင်ကျင်းပပေးလျှက်ရှိသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆက်စပ်မှုများ၊ ညီလာခံ၏ရလဒ်များနှင့်တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘုံတူညီသောဆန္ဒသဘောထားများ၊ ဖွဲ့စည်းပုံဘယ်လိုပြင်ဆင်မလဲစသည့်အကြောင်းများကိုတွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။ (အယ်ဒီတာ) 

မေး။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေရှိမလဲရှင့်။ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုအချက်တွေကို ပြင်ဆင်စေချင်လဲ။

ဖြေ။ ။ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်နိုင်သလောက်တော့ ပြင်ရမှာပဲ။ အခုလောလောဆယ် ကျွန်တော်တို့က နံပါတ်-၁ ပင်လုံစိတ်ဓာတ်၊ နံပါတ်-၂ က တန်းတူရေး၊ နံပါတ်-၃ က ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့။ ဒီအခြေခံ(၃)ချက်ချထားတယ်။ ပင်လုံစိတ်ဓါတ်ကို ဘာကြောင့်ပြောရတာလဲဆိုတော့ ၁၉၄၇ခုနှစ်မှာ ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက် ရှမ်းပြည်နယ်က ဆုံးဖြတ်ချက်ချခဲ့တယ်။ ပင်လုံစိတ်ဓာတ်ပေါ်လာခဲ့တယ်။ ဒါကြောင့် ပြည်ထောင်စုပေါ်လာတယ်။ အဲ့ဒီမှာ ကတိကဝတ်တွေရှိခဲ့တယ်။ တန်းတူရည်တူပူးပေါင်းမယ်လို့ ဆိုခဲ့တယ်။ ဒါကိုလည်း ဗိုလ်ချုပ်အောင်ဆန်းသိတယ်။ အခြေခံဥပဒေမှာလည်း ၁ဝနှစ်ပြည့်ရင် ခွဲထွက်ပိုင်ခွင့်ရှိတယ်လို့ ရှမ်းနဲ့ကယားကို ပေးထားခဲ့တယ်။ အဲ့ဒီကတိကဝတ်တွေက ယုံကြည်မှုရှိအောင် တမင်ထည့်ထားတာဖြစ်တယ်။ အကြောင်းမဲ့ ဘယ်သူမှ ထည့်မထားပါဘူး။ ဒါဟာ သမိုင်းကြောင်းပဲဖြစ်ဖြစ်၊ ကတိကဝတ်ပဲဖြစ်ဖြစ် ဒါဟာပင်လုံရဲ့အခြေခံ ဖြစ်တဲ့အတွက် အဓိကထားရမှာဖြစ်တယ်။ တန်းတူရေးဆိုတာကတော့ ရှင်းပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်မှာ အခုက ခေတ်ပြောင်းသွားပြီ။ ပြည်နယ်တွေချည်းပဲ မဟုတ်တော့ဘူး။ ပြည်နယ်တွေမှာလည်း ရှမ်းပြည်နယ် တစ်ခုတည်းတောင်းလို့ မရတော့ဘူး။ အားလုံးရမှရမယ်။ ပြည်နယ်တွေ အကုန်လုံး ရဖို့လိုသလို၊ တိုင်းဒေသကြီးတွေလည်း ရဖို့လိုတယ်။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ထောက်ပြလို့ရတာက အခုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်ရှိတယ်၊ အမျိုးသားလွှတ်တော်ရှိတယ်၊ ပြည်သူ့လွှတ်တော်ရှိတယ်။ အခုဟာ Tricameral ဖြစ်နေတယ်။ တကယ်ဖြစ်သင့်တာက Bicameral ဖြစ်သင့်တယ်။ တကယ်တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆိုပြီးပဲ လုပ်ရမှာဖြစ်တယ်။ ပြည်သူ့လွှတ်တော်ဆိုတာက လူဦးရေပေါ်မှာ အခြေခံထားတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ ဗမာက အများစုပဲ။ ဒါက ငြင်းလို့မရဘူး။ ဆိုတော့ လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ၊ ထိခိုက်လာမယ့် ကိစ္စတွေကို ဘယ်လွှတ်တော်က အကာအကွယ်ပေးမလဲ။ အခုတော့ အမျိုးသားလွှတ်တော်၊ အရင်က လူမျိုးစုလွှတ်တော်၊ ၇၄အခြေခံဥပဒေမှာတော့ နိုင်ငံရေးကောင်စီ၊ အဲ့ဒီနေရာမှာလည်း တိုင်းခုနစ်တိုင်းအရေအတွက်က ပြည်နယ်တွေနဲ့အညီဖြစ်နေတော့ အပြန်အလှန် မထိန်းကြောင်းနိုင်ဘူး ဖြစ်နေတယ်။ အခု အမျိုးသားလွှတ်တော်ထားလည်း ပြည်သူ့လွှတ်တော်ကို ဘာမှမထိန်းကြောင်းနိုင်ဘူး။ Balance လုပ်လို့ မရဘူး ဖြစ်နေတယ်။ ပိုဆိုးတာက ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ရင် ပြည်သူ့လွှတ်တော်ကပဲနိုင်မှာပဲ။ ပိုက်ဆံတွေအကုန်ခံပြီး ဘာကြောင့်ထားမှာလဲ။ ဒါကြောင့် ကျွန်တော်တို့က မကြိုက်ပါဘူး။ ဒါကြောင့် ဗမာပြည်နယ်ဖွဲ့စည်းရေးကို မပြောတော့ဘူး။ တိုင်းခုနစ်တိုင်းဟာ အမျိုးသားလွှတ်တော် မှာ One Unit ပဲယူသင့်တယ်။ အဲဒီသဘောထားကို တင်ပြနေတာ ဖြစ်ပါတယ်။

မေး။ ။ အန်ကယ်တို့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပါတီနဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဝင်ပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆွေးနွေးပွဲတွေ လုပ်လာတာတွေ့ရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးလည်း ပြောပါဦးရှင့်။

ဖြေ။ ။ ကျွန်တော်တို့ မကြာခင်က ဆွေးနွေးပွဲနှစ်ကြိမ် လုပ်ခဲ့တာကနေပြီး မကြာခင်မှာ review ပြန်လုပ်မယ်။Trust Building အတွက် မှတ်တမ်းတွေ ရိုက်နေတယ်။ ပြီးရင် ဖြန့်ဝေမယ်။ ပြီးရင် လူထုထဲဆင်းပြီး လူထုတွေရဲ့အသံကို ပြန်နားထောင်မယ်။ အခု ကိစ္စမှာ ရှမ်းပြည်နယ်တစ်ခုလုံးရယ်၊ ကယားပြည်နယ် တစ်ခုလုံးရယ်၊ လက်နက်ကိုင်အားလုံး၊ နိုင်ငံရေးပါတီ အားလုံးပါပါတယ်။

မေး။ ။ အန်ကယ်တို့ ဦးဆောင်ကျင်းပတဲ့ ညီလာခံက ယုံကြည်မှုတည်ဆောက်ခြင်းတစ်ခုတည်းကို ဦးတည်ပြီး လုပ်ဆောင်ခဲ့တာပေါ့။ ကျန်တဲ့ အမျိုးသားသင့်မြတ်ရေးတို့၊ ဖွဲ့စည်းပုံ ပြင်ရေးတို့ကို မသွားသေးဘူးပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ခုတည်းကို ပဲသွားနေသေးတယ်။ ဘာလို့လဲဆိုတော့ လွယ်လွယ်ကတိပေး လွယ်လွယ်လုပ် ဆိုတာမျိုးတွေဖြစ်ပြီး တကယ့်လက်တွေ့မှာ ပါမလာတာမျိုးတွေကို မကြိုက်ဘူး။ ဒါကြောင့် လုပ်မယ်ဟေ့ဆိုရင် စိတ်ရောကိုယ်ရော လက်ခံတာမျိုးဖြစ်ဖို့ပဲ ဒီတစ်ခုကို အရင်ဆုံးလုပ်ဆောင်နေတာပါ။

မေး။ ။ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတွေရော ဘုံတူညီတဲ့ လိုအပ်ချက်က ဘာများဖြစ်မလဲရှင့်။

ဖြေ။ ။ လက်နက်ကိုင်အားလုံးကတော့ မဆိုးဘူး။ အားလုံးအတူတူပဲ သဘောတူကြတယ်။ ဘာလဲဆိုတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲ။

မေး။ ။ရှမ်းပြည်နယ်မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ၊ မျိုးနွယ်စုတွေလည်းရှိတော့ အခုဆိုရင် ''ဝ''ကပြည်နယ်အဖြစ် တောင်းလာတာမျိုးတွေရှိတော့ ရှမ်းပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပေးလာတဲ့အခါမှာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်လား။

ဖြေ။ ။ မရှိလောက်ဘူးလို့ ထင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်က အားလုံးပြဌာန်းခွင့်ရမှာပဲလေ။ အားလုံးဟာ ရှမ်းပြည်သားပါပဲ။ နစ်နာမလားလို့ စိတ်ပူကြပေမယ့် အခုထက်ပိုပြီးတော့ မနစ်နာပါဘူး။ အကယ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရရင်လည်း Bi-cameral နဲ့ပဲ ရှမ်းပြည်နယ်ကိုသွားရမယ်။ လူနည်းစုတွေကို သူတို့ အခွင့်အရေးမထိခိုက်ရအောင်တော့ နောက်လွှတ်တော်တစ်ရပ်ထားပေးရမယ်။ ဒါကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်လိုတယ်လို့ ပြောတာပါ။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ သီးခြားဖွဲ့စည်းပုံရှိဖို့ လိုတယ်။

မေး။ ။ အစိုးရအဆက်ဆက်ကလည်း ဖဒရယ်ဆိုရင် ခွဲထွက်ရေးလို့ ပြောကြတယ်။ အခုတိုင်းရင်းသားတွေ ဘက်ကလည်း ခွဲထွက်မှာ မဟုတ်ဘူးလို့ ဆိုကြတော့ အန်ကယ်တို့သွားလိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဆိုတာက ဘယ်လိုမျိုးလဲရှင့်။

ဖြေ။ ။ ခွဲထွက်ဖို့အကြောင်း ဘာမှမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ပြည်နယ် ကိုယ့်ဖွဲ့စည်းပုံနဲ့ဆိုတော့ အလုပ်တွေရှုပ်နေမှာပဲ။ ခွဲထွက်ချင်တဲ့ဆန္ဒ ရှိဦးတော့ ခွဲထွက်လို့မရပါဘူး။ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေ၊ လက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေ အရရော၊ စီးပွားရေးအခြေအနေအရရော ခွဲထွက်လို့ လုံးဝမရပါဘူး။ ခွဲထွက်တဲ့သူက ဘယ်သူနဲ့သွားပေါင်းမလဲ။ တကယ်တော့ ခွဲထွက်ရေးဆိုတာက နိုင်ငံရေးသမားတွေ နိုင်ငံရေးစကားပြောပြီး နိုင်ငံရေးကစားတဲ့ သဘောပါ။ ခွဲထွက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ခွဲထွက်ခွင့်ပေးရင်တောင် ထွက်သွားတဲ့သူက တော်တော်လေး ဒုက္ခရောက်လိမ့်မယ်။ အရင် ၁၉၄၇ခုနှစ်တုန်းက အခြေအနေကတော့ တစ်မျိုးပေါ့။ အခုက တစ်မျိုးပြောင်းသွားပြီလေ။ ခွဲထွက်ရေးဆိုတာ အမွေဆိုးကြီးအဖြစ် ကျန်နေတာ။ တကယ်တမ်းကျရင် မဖြစ်နိုင်တော့တဲ့ စကားလုံးကြီးပါ။ တကယ့်တကယ်လည်း ဘယ်တုန်းကမှ မကြံစည်ခဲ့ကြပါဘူး။ စကားလုံး သက်သက်သာ ဖြစ်ပါတယ်။

မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြားငြိမ်းချမ်းရေးစကား ပြောတဲ့အခါမှာလည်း လက်ရှိမှာရော ခွဲမထွက်ဖို့ ကတိကဝတ်တွေ တောင်းတာမျိုးတွေ ရှိသေးလား။

ဖြေ။ ။ အခုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ခွဲမထွက်ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတာတွေရှိတယ်။ တစ်ဖက်ကိုတော့ ခွဲမထွက်ပါဘူး ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ တစ်ဘက်မှာတော့ ခွဲမထွက်ဖို့ ကျွန်တော်တို့ဘက်က ဘာတွေတော့ လုပ်ပေးပါမယ်ဆိုတာမျိုးတွေမရှိဘူး။ ဥပမာ-မဖိနှိပ်ဘူး ဆိုတာမျိုးပေါ့။ အခုတော့ တဘက်သက်ကြီးဖြစ်လွန်းတယ်။ နှစ်ဖက်သဘောတူညီမှုဆိုတာ နှစ်ဖက်စလုံးက တာဝန်ယူမှုတွေ ရှိသင့်တာဘဲ။ တစ်ဖက်ကိုတော့ တာဝန်ယူခိုင်းပြီး ကျန်တစ်ဖက်ကတော့ ဘာမှ တာဝန်မရှိသလိုမျိုးကတော့ မဖြစ်သင့်ပါဘူး။

မေး။ ။ အခုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ လေ့လာရေးအတွက် ကော်မတီဖွဲ့ဖို့ လုပ်လာပြီ။အန်ကယ်တို့ပါတီဆိုလည်း လွှတ်တော်ထဲမှာ တစ်ယောက်မှမရှိဘူး ဆိုတော့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာတော့ အန်ကယ်တို့ ပါဝင်လို့မရတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဘယ်လိုကြိုးစား သွားမလဲ။

ဖြေ။ ။ အခု လွှတ်တော်တွင်းမှာ ပြင်ဆင်ဖို့ကြိုးစားတယ် ဆိုတဲ့နေရာမှာလည်း ပြည်ခိုင်ဖြိုးပါတီက အခုပြင်ဖို့ (၂၁) ချက် ရှိတယ်လို့ သိရတော့ လွှတ်တော်မှာလည်း ပြည်ခိုင်ဖြိုးအင်အားက ပိုများတော့ အခုပြင်မယ်ဆိုလည်း အစိုးရအတွက် လုပ်ကိုင်ဖို့ အဟန့်အတားဖြစ်နေတဲ့ ဥပဒေပုဒ်မတွေကိုပဲ ပြင်မယ်လို့ ထင်ပါတယ်။ မှားချင်လည်း မှားနိုင်ပေမယ့် အဲ့ဒါဖြစ်ဖို့များတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံး ညီညွှတ်အောင်တော့ ပြင်ဆင်မယ်လို့မထင်ဘူး။ အားလုံးက လွှတ်တော်ကိုပဲမြင်နေကြတယ်။ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ လက်ရှိသမ္မတရဲ့ ငြိမ်းချမ်းရေးအတွက် Rode-map (၈)ချက် ကလည်း လက်တွေ့ အကောင်အထည်ဖော်ရေးမှာ မဖြစ်နိုင်ဘူး။ UNFC မှာလုပ်တဲ့ WGEC ဆိုတဲ့အဖွဲ့က Framework တစ်ခုလုပ်နေတယ်။ အဲ့ဒီမှာ နိုင်ငံရေးပါတီတွေပါတယ်၊ လက်နက်ကိုင်အဖွဲ့တွေ ပါတယ်၊ အစိုးရပါပြီး ဆွေးနွေးကြမယ်။ အဲ့ဒီကနေ နိုင်ငံရေးသဘောတူညီမှုတွေ ထွက်လာပြီးရင် ဆက်လုပ်ဖို့ လွယ်မယ်ပေါ့။ ကျွန်တော်တို့ အမြင်က အခြေခံဥပဒေကို လွှတ်တော်ထဲမှာသွားပြီး အရင်ပြင်ဖို့ မလိုဘူး။ နိုင်ငံရေးပြဿနာကို အရင်ရှင်းဖို့လိုတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ဖို့လိုတယ်။ နိုင်ငံရေး သဘောတူညီမှုတွေ ရခဲ့ရင် အမျိုးသားရင်ကြားစေ့ရေးအတွက်လည်း ပြေလည်သွားနိုင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးလည်း သိပ်ပြီး အခက်အခဲ ရှိတော့မှာ မဟုတ်ပါဘူး။ နိုင်ငံရေး သဘောတူညီမှု မရသေးဘဲ ဖွဲ့စည်းပုံကို ပြင်နေရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ပါဘူး။

မေး။ ။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အလားအလာတွေ ရှိနေပြီလား။

ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ သမ္မတကြီးကို တင်ပြတော့ သူ့အနေနဲ့လည်း ဒီလိုသဘောမျိုး ရှိတယ်လို့ ပြောပါတယ်။ အခုကေအိုင်အိုနဲ့ လက်မှတ်ထိုးနိုင်ပြီးရင် လက်နက်ကိုင်တွေ အားလုံးနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်တစ်ခါထပ်ထိုးမယ်။ တစ်ပြည်လုံး အပစ်ရပ်မယ်လို့ ကြေညာမယ်။ ဒါနဲ့ တစ်ပြိုင်တည်း မတရားအသင်း ကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စာရင်းထဲကနေ ပယ်ဖျက်ပေးပြီးရင် နိုင်ငံရေးတံခါး ပွင့်လာပြီ။ အဲ့ဒီအခါကြရင် အားလုံးဆွေးနွေးလို့ပြီ။ အဲ့ဒီအခါကြရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် စပြီး လုပ်ဆောင်လို့ရပြီ။ နိုင်ငံရေးဆွေးနွေးတယ်ဆိုတာက လူကြီးချင်းတွေ့နေရုံနဲ့မပြီးဘူး။ အောက်ခြေအဆင့်တွေမှာလည်း အဆင့်ဆင့်ဆွေးနွေးညှိုနှိုင်းဖို့ လိုသေးတယ်။ အဲ့ဒီအချိန်ကြရင် အားလုံးပါဝင်ပြီး ဆွေးနွေးကြမယ်။ အဲ့ဒီအချိန်ကြမှ နိုင်ငံရေးဆွေးနွေးပွဲတွေက စမှာဖြစ်တယ်။ ကျွန်တော်တို့ သဘောထားကတော့ ပါတီစုံပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်သင့်တယ်။ သဘောတူညီမှုရအောင်တော့ အတော်ကိုခက်ခက်ခဲခဲ ကြိုးပမ်းကြရပါလိမ့်မယ်။ အဲ့ဒီမှာ ဆွေးနွေးလို့ သဘောတူညီချက်ရရင် ကျန်တာက ဘာမှမခက်တော့ဘူး။ အဲ့ဒီလိုဆွေးနွေးတဲ့အခါမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်လိုလားတဲ့ စိတ်မျိုးတွေတော့ အမှန်တကယ်ရှိဖို့ လိုတယ်၊ ပင်လုံစိတ်ဓာတ်မျိုးဆိုတာလည်း လိုပါတယ်။ အဲ့ဒီအခါကြရင် ကိုယ့်ဘက်က ကိုယ်လိုချင်တာချည်းလည်း မရတော့ဘူး။ ပါတီတွေ အားလုံးကနေ နိုင်ငံရေးသဘောတူညီချက်ရပြီဆိုရင် လွှတ်တော်ထဲမှာ ပြင်ဖို့ဆိုတာ သိပ်မခက်လှတော့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ လိုလားတာကတော့ နိုင်ငံရေးသဘောတူညီချက်ကို အခြေခံပြီးတော့မှ အခြေခံဥပဒေကို ပြန်ရေးသင့်ရေး၊ ပြင်သင့်တာတွေပြင်ပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးသဘောတူညီချက်က ဘာတွေဖြစ်မလဲဆိုတာ ကြိုတင်ပြီး မသိတဲ့အတွက်ပါ။ လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ပါတီတွေက ဘယ်လောက်ထိ ကိုယ့်အတ္တတွေ လျှော့ချနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။

မေး။ ။ လက်ရှိပါတီတွေနဲ့ လက်နက်ကိုင်တွေ၊ အစိုးရဘက်နဲ့ တွေ့ဆုံ ပြောဆိုကြတဲ့ အနေအထားမျိုးမှာ ဘုံလက်ခံနိုင်မယ့် နိုင်ငံရေး သဘောတူညီချက်တွေ ရဖို့ရော ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ ဖြစ်နိုင်အောင် ညှိရမှာဘဲ။ တစ်ခြားနည်းလမ်း မရှိပါဘူး။ အရင်ရွေးခဲ့ကြတဲ့ တစ်ခြားနည်းလမ်းတွေက အဆိုးအပျက်တွေဘဲ ဖြစ်ခဲ့တာ သင်ခန်းစာ ရှိပါတယ်။ အခု ဦးယွက်ဆစ်နဲ့ သမ္မတတွေ့တဲ့အခါမှာ သမ္မတဘက်ကပြောတာ နည်းနည်းထူးဆန်းတယ်။ အခြေခံပြင်ရေးတို့၊ နိုင်ငံရေး ဆွေးနွေးရေးတို့ကို ပြောတဲ့အခါမှာ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်က အဖွဲ့တွေနဲ့ ဆွေးနွေးပါလို့ ပြောတယ်။ ဒီကိစ္စဟာ အတော်ကို ထူးဆန်းတယ်။

မေး။ ။ လက်နက်ကိုင်တွေအနေနဲ့ရော၊ လွှတ်တော်ပြင်ပမှာ ရှိတဲ့နိုင်ငံရေးပါတီတွေ အနေနဲ့ရော လွှတ်တော်ထဲမှာဆွေးနွေးသွားဖို့ကိစ္စ လက်ခံဖို့ ဖြစ်နိုင်လား။

ဖြေ။ ။ မဖြစ်နိုင်ဘူးဆိုတာ အခုအပစ်ရပ်စဲရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေကို လွှတ်တော်က ဘာမှမှ မပြောတာ။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ဘတ်ဂျက်လည်း မရှိဘူး။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောတယ်။ သူတို့တအားလုပ်ချင်တယ်။ ဒါပေမယ့် သူတို့မလုပ်နိုင်ဘူး။ လွှတ်တော်ဟာ ဥပဒေပြုရေးကိုပဲ လုပ်ခွင့်ရှိတာဆိုတော့ Excutive Power မရှိဘူး။ ဒါကြောင့် မလုပ်နိုင်တာ။ ဒါပေမယ့် ကျွန်တော်မေးကြည့်တယ်။ တစ်ချိန်မှာ အခုလို ငြိမ်းချမ်းရေးကိစ္စတွေကို လွှတ်တော်က ကန့်ကွက်လာရင်ရောလို့မေးတော့ သူတို့မှာ ကတိကဝတ် ကော်မတီမှာ တင်ထားတဲ့ မှတ်တမ်းတွေတော့ရှိတယ် လို့ပြောတယ်။

မေး။ ။ အန်ကယ်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ကြည့်တဲ့အခါ အစိုးရအပေါ်သဘောထား ဘယ်လိုရှိလဲ။

ဖြေ။ ။ သူတို့က သိပ်ပြီးမတင်းမာပါဘူး။ နိုင်ငံရေး အရ မတင်းမာပါဘူး။ ကျွန်တော် နောက်ပိုင်းမှာ သူတို့နဲ့ တော်တော်လေးနီးနီးစပ်စပ် ရှိတယ်။ သူတို့နဲ့ ငြိမ်းချမ်းရေးဆီသွားဖို့ မခက်လောက်ဘူး။ ခက်တာက သူတို့နှစ်ဘက် ပြေလည်ပြီဆိုရင် အစိုးရတပ်တွေ လျော့ဖို့လိုတယ်။ အဲ့ဒီအတွက်တော့ ခက်မယ်ထင်တယ်။ အခု တပ်တွေက အစိုးရအောက်မှာ မရှိသလိုဖြစ်နေတယ်။ တပ်တွေလျော့လိုက်ရင်တော့ တော်တော်လေး အဆင်ပြေသွားမယ်။ အခုဟာက အပြန်ပြန်အလှန်လှန်တွေ ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာ သူပုန်မထနဲ့၊ သူပုန်မထရင်အေးချမ်းသွားပြီ။ အဲသလိုပြောကြတာ ရှိတယ်။ ဒါပေမဲ့ခက်တာက အဲ့ဒီသူပုန်တွေ မွေးဖွားလာတာက ဖိနှိပ်မှုတွေ၊ မတရားမှုတွေကြောင့် ပေါ်လာတာ။ တပ်တွေလျော့ချသွားမယ် ဟိုလူတွေလည်းမလုပ်နဲ့တော့ အဲ့ဒါဆိုရင် အားလုံး အဆင်ပြေသွားမယ်။ ရှမ်းပြည်နယ်မှာက လက်နက်ကိုင်အများဆုံးပဲ။ လက်နက်ကိုင်တွေများလေ ဒုက္ခရောက်လေပဲ။

မေး။ ။ အခုဆို နိုင်ငံရေးပါတီတွေက ၅၃-ခု တောင် ရှိနေပြီ။ ပါတီတွေကလည်း တော်တော်များလာတယ်။ နောက်ပြီး ရွေးကောက်ပွဲစနစ်ကိုလည်း ပြင်ဆင်ဖို့လည်း တာဆူနေကြပြီဆိုတော့ ရွေးကောက်ပွဲစနစ်ပြောင်းလဲလာရင် ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ ပီအာ စနစ်သာကျင့်သုံးမယ်ဆိုရင် ပါတီတွေ ဒီ့ထက်ပိုများလာမယ်။ လူမျိုးစုတွေကလည်း သူတို့လူမျိုးစုတွေ အချိုးကျပါဝင်လာဖို့ လုပ်လာကြမယ်။ ပါတီမရှိတဲ့ လူမျိုးစုတွေက နစ်နာမှာပေါ့။ ထပ်ထောင်ကြမှာပေါ့။ လူမျိုးစုတွေဘက်ကတော့ ပြဿနာမရှိပါဘူး။ အခု အခြေအနေထိတော့ ရှမ်းတွေက ရှမ်းမဲပုံးပဲထည့်မှာပဲ။ ရခိုင်ဆိုလည်း ရခိုင်မဲပုံးထဲပဲထည့်မှာပဲ နည်းနည်းပါးပါးလောက်ပဲ အန်အယ်ဒီတို့၊ ကြံခိုင်ရေးတို့ရနိုင်မယ်။ အတင်းအကျပ်လုပ်ရင်တော့ မသိဘူးပေါ့။ ဒါပေမယ့် လာမယ့်ရွေးကောက်ပွဲတွေမှာ စောင့်ကြည့်ရေးအဖွဲ့တွေလည်း ဝင်လာမယ်ထင်တော့ အဲ့လိုတော့ မလုပ်လောက်တော့ဘူး။ ပါတီစုံကို ကျွန်တော်တို့ လက်ခံခဲ့ပြီဆိုတော့ အောင်မြင်တာ၊ မအောင်မြင်တာကို ကျွန်တော်တို့ ညှိရမှာပေါ့။ ကျွန်တော်တို့ပါတီက လုပ်နေတဲ့နိုင်ငံရေးက အာဏာရရှိရေးက အဓိကမဟုတ်ဘူး။ အခြေခံ ဥပဒေကောင်းဖို့ပဲ။ ကောင်းတဲ့ဥပဒေကို အားလုံးလိုက်နာဖို့ပဲ။ အဲ့လိုဆို ဥပဒေစိုးမိုးမှုရှိမယ်။ ဘယ်သူတွေဘဲရရ၊ နိုင်နိုင် ကျွန်တော်တို့ ဘာမှစိတ်မပူတော့ဘူး။ အရည်အချင်းရှိတဲ့သူတွေ ရဖို့ပဲလိုပါတယ်။ ကျွန်တော်တို့က လွှတ်တော်ထဲမသွားရလည်းကိစ္စ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်ကျရင် လွှတ်တော်ထဲသွားပြီး အခြေခံဥပဒေကိုလည်း ပြင်စရာမလိုတော့လို့ဘဲ။

မေး။ ။ အန်ကယ်ဆိုလိုတာက ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကို ဖွဲ့စည်းပုံဥပဒေက ပြင်ဆင်ပြီးသား ဖြစ်မယ်လို့ ဆိုတာလား။

ဖြေ။ ။ ကျွန်တော်ထင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ နိုင်ငံရေးပါတီတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ပါဝင်တဲ့၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့၊ ညီလာခံကြီးတစ်ခု ၂ဝ၁၅ မတိုင်မီမှာ လုပ်နိုင်မယ်လို့ထင်တယ်။ အဲ့ဒီအတွက်လည်း ပြင်ဆင်နေကြတယ်။ အဲ့လို နိုင်ငံရေးဆွေးနွေးပွဲမျိုးက ဖြစ်လာမယ်လို့ထင်တယ်။ ဘယ်သူကမှ ကံသေကံမတော့ ပြောလို့မရဘူးပေါ့။ ဒီလို ဖြစ်လာအောင်တော့ ဝိုင်းပြီးကြိုးစားသွားဖို့ လိုတာပေါ့။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(ရန်ကုန်တိုင်းမ် နေ့စဉ် အတွဲ(၁) အမှတ်(၅၁) သောကြာနေ့ ၊ ၂ဝ၁၃ ခုနှစ် ဇွန်-၂၈ ရက် နေ့ထုတ်တွင် ဖော်ပြထားသည်)

Saturday 8 June 2013

သတင်းကောင်းများ နှင့် မျက်စိလည်ခြင်း


အခုတလော သတင်းကောင်းတွေ ကြားနေရပါတယ်။ သတင်းကောင်းတွေဆိုတော့ မနေနိုင် မထိုင်နိုင် ဖြစ်လာလို့ အခုလို စာတစ်ပိုဒ်အဖြစ် ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ပထမဆုံးပြောချင်တာကတော့ နိုင်ငံတော် သမ္မတကြီးရဲ့ ပြည်သူတွေဆီကို ရေဒီယိုကနေပြောကြား လိုက်တဲ့ မိန့်ခွန်းနဲ့ ပတ်သက်လို့ပါ။ သမ္မတကြီးပြောသွားတဲ့အထဲမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ အကျဉ်းကျခံနေရသူတွေကို တစ်ယောက်မကျန် ပြန်လွှတ်ပေးမယ်ဆိုတဲ့အချက်က အကျဉ်းကျခံနေရတဲ့ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေကြားမှာ အတော်ကြီးကို ကျေနပ်အားရ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့သတင်းဖြစ်ခဲ့ပါတယ်။ တစ်ချို့ဆိုရင် ကျနော်ဆီကို ဖုန်းဆက်ပြီးမေးနေကြပါတယ်။  ပြန်လွှတ်ပေးပြီး ပုဒ်မ-၄၀၁ အရ ပြစ်ဒဏ် လက်ကျန်ကိုလည်း ဆက်ပြီး မသုံးတော့ပါဘူးဆိုတော့ ပိုပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြရပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေရသူတွေအဖို့ လွတ်ရက်ကို မျှော်ရတာ မကြာတော့ဘူးဆိုတော့ အားလုံးလည်း မျှော်လင့်ချက်တွေနဲ့ ဝမ်းသာနေကြမှာ ဖြစ်ပါတယ်။ သတင်းကောင်း တစ်ပုဒ် ပေါ့ဗျာ။

 နိုင်ငံရေးအသိုင်းအဝိုင်းထဲက မိတ်ဆွေတွေက ဖုန်းဆက်လာကြပါတယ်။ ယူနတီဂျာနယ် (ဇွန်လ-၁ ရက်နေ့ နဲ့ ဇွန်လ-၈ ရက်နေ့ထုတ်) ဖတ်ပြီးပြီလား ဖတ်ကြည့်ပါအုန်း။ ပြီးရင် ကျနော်တို့နဲ့ အမြင်ခြင်း ဖလှယ်ပါအုန်း ဆိုလို့ အသည်းအသန် ရှာဖတ်ရပါတယ်။ ဟုတ်တာဘဲ။ အတော်ကို ဝမ်းသာစရာသတင်းတွေကို တွေ့ရလို့ပါ။ မိတ်ဆွေတွေ ပြန်ဆက်လာတော့ ပြန်ပြောရတာပေါ့။ ရှင်းပြစရာနှစ်ချက်ဘဲ ရှိပါတယ်။ ဆောင်းပါးတစ်ပုဒ်မှာ အခြေခံဥပဒေကို မယုံလို့ ရွေးကောက်ပွဲကို မဝင်ခဲ့ဘဲနဲ့ နောက်မှပြန်မှတ်ပုံတင်ခဲ့တဲ့ပါတီတွေကို ရှေ့စကားနောက်စကား ညီသင့်တယ်ဆိုတဲ့သဘောမျိုး ဝေဖန်ထားတာပါ။ မယုံကြည်ဘူးပြောခဲ့ပြီး နောက်မှ မှတ်ပုံပြန်တင်တာ ဆိုတဲ့သဘောပေါ့ဗျာ။ အပြောနဲ့ လုပ်ရပ်နဲ့ မညီဘူးပေါ့။ အဲဒီသဘောမျိုးရေးပါတယ်။ ရှင်းပြချင်တာကတော့ မယုံကြည်တာနဲ့ မလိုက်နာတာက တစ်ခြားစီပါ။ ဥပဒေ ဖြစ်လာရင် လိုက်နာရမှာပါ။ ယုံကြည်ချင်မှ ယုံကြည်မှာပေါ့။ မယုံကြည်တာက တစ်ပိုင်းပါ။ သတ်သတ်စီပါ။ ဒါကို မြန်မာစာ တတ်သူတိုင်း ခွဲခြားနားလည်ပါတယ်။

 နိုင်ငံရေးလောကမှာ မကြာခဏ သုံးတတ်ကြတဲ့ စာသားတစ်ကြောင်း ရှိပါတယ်။ "အမြဲတမ်း မိတ်ဆွေ မရှိသလို အမြဲတမ်းရန်သူလည်း မရှိပါဘူး" ဆိုတာပါဘဲ။ အဲဒီစကားကို ပထမဆုံးပြောတဲ့သူက "နိုင်ငံရေးလောကမှာ" ဆိုတာကို ထည့်ထားပါတယ်။ အဲဒီစကားဟာ နိုင်ငံရေးလောကအတွက် သက်သက်ဖြစ်ပါတယ်။ အမြဲတမ်းရန်သူ မရှိ ၊ အမြဲတမ်းမိတ်ဆွေ မရှိ ။ ဆိုတာကို နိုင်ငံရေးလောက ပြင်ပ အခြားနေရာတွေမှာ မတော်တဆ သွားသုံးမိရင် ဒါမှမဟုတ် သွားကျင့်သုံးလိုက်မိရင်ဖြင့် ငါးပါးမှောက်ပြီသာ မှတ်ပေတော့။ နိုင်ငံရေး လောကမှာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်ပြည်သူရဲ့ အကျိုးစီးပွါးသာ ပထမဦးစားပေးလို့ ဆိုလိုတာပါ။ ဒါကြီးကို တစ်ခြားမှာ သွားသုံးရင်တော့ ........ စဉ်းစားသာ ကြည့်ပေတော့။ ဘယ်လောက် ကတိသစ္စာပျက်ယွင်းသူ ဖြစ်မလဲ။ ဘယ်လောက်ကိုယ်ကျိုးစီးပွါး ကြည့်သူဖြစ်နေမလဲ။ ကွန်မြူနစ်ခေါင်းဆောင်ကြီးတစ်ယောက်က - ကြောင်ဆိုတာ ဖြူရင်ဖြူ မည်းရင်မည်းပါစေ အရေးမကြီးဘူး။ အရေးကြီးတာ ကြွက်ဖမ်းတတ်ဖို့ဘဲ - ဆိုတာထက် ပိုဆိုးသွားမှာ ဖြစ်ပါတယ်။

ကဲ.......... ထားပါတော့။ ဝမ်းသာစရာ ဆက်ပြောကြတာပေါ့။

မကြာခင် တောင်ကြီးမြို့မှာ တိုင်းရင်းသားပါတီ ၁၃- ပါတီ တွေ့ဆုံကြပြီး "ဖယ်ဒရယ် ပြည်ထောင်စု ပါတီ" ဆိုတဲ့ပါတီကြီး တစ်ခုကို ဖွဲ့စည်းဖို့ တိုင်ပင်ကြမယ်ဆိုတာပါဘဲ။ ရည်မှန်းချက်ကတော့ တတိယအင်အားစုတစ်ခု အနေနဲ့ ရပ်တည်နိုင်အောင် တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပါတီကြီးတစ်ခုကို ထူထောင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ တော်ရုံအမျှော်အမြင်နဲ့ ဆောင်ရွက်တာ မဟုတ်နိုင်ပါဘူး။ တိုင်းရင်းသား ၁၃-ပါတီကနေပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံတို့ဟာ တစ်စည်းတစ်ရုံးထဲ တစ်ပါတီထဲ အဖြစ်ထူထောင်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။  တော်ရုံ စွန့်လွှတ်အနစ်နာခံမှု မဟုတ်ပါဘူး။ တော်ရုံသတ္တိလည်းမဟုတ် ပါဘူး။ အနစ်နာခံမှုလည်းမရှိဘူး .... နောက်ပြီးတော့ သတ္တိလည်း မရှိဘူးဆိုရင် အဲဒီလိုမျိုး ပါတီကြီးတစ်ခု ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော့်အနေနဲ့ကတော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်။ အနစ်နာခံနိုင်ခြင်းနဲ့ သတ္တိရှိခြင်းများကိုလည်း လေးလေးနက်နက် ချီးကျူးလိုက်ပါတယ်။

ပြီးတော့ အခုတလော ရေဒီယိုတွေမှာ လုပ်တဲ့အင်တာဗျူးတွေနဲ့ စာစောင်တွေထဲမှာ တိုင်းရင်းသား ပါတီအချို့ရဲ့ ပါတီဥက္ကဌတွေ ကိုယ်တိုင် ထုတ်ပြောလာတာ မြင်ရ ကြားရတာ အင်မတန်မှ အားရစရာ ကောင်းတာတွေလည်း ရှိလာပါတယ်။ သူတို့ဟာ အရင်တုန်းက ပြည်ထောင်စုဖွဲ့စည်းရာမှာ ၁၄-ပြည်နယ် ထူထောင်ဖို့ ပြောခဲ့ကြပါတယ်။ အဲဒါမှ လက်တွေ့ကျတယ်။ ဒါမှာသာလျှင် ဖြစ်နိုင်ချေရှိတယ် လို့ သူတို့ ယုံကြည်ခဲ့ကြတယ်။ အခုအခါမှာတော့ သူတို့ပြောနေကြတာက ရှစ်ပြည်နယ်ပြည်ထောင်စု ဆိုပြီး ပြောလာကြတယ်။ အဲဒီလို ရှစ်ပြည်နယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်မယ့် နည်းလမ်းတွေကို အခုလာမယ့် တောင်ကြီးမြို့မှာ ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ဘာဘဲဖြစ်ဖြစ်နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ပြောရရင်တော့ ကိုယ်ကိုယ်တိုင် နှစ်ပေါင်းများစွာ ဆက်ခံပြီး ဖေါ်ဆောင်နေတဲ့ အယူအဆမျိုးကို နားလည်လက်ခံ ဆွေးနွေးကြမှာကိုတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာဘဲ ဖြစ်ပါတယ်။ အားလုံးက သဘောထား တူညီစွာနဲ့ ပူးပေါင်းလက်ခံနိုင်ကြလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ ဒီအယူအဆတွေကြောင့်ဘဲ ကျနော်တို့ဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ကန့်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဘယ်သူမှ မထောက်ခံရဲကြပါဘူး။ ထောက်ခံရင်လည်း အဖမ်းခံရမှာ သေချာတယ်လို့ ထင်ခဲ့ကြတာပါ။ အခုတော့ ဘယ်လိုကနေ ဘယ်လိုဖြစ်ကြသလဲ မသိလိုက်ပါဘူး။ ကျနော်တို့ သွားချင်တဲ့လမ်းကို သူတို့လျှောက်လာကြပြီဆိုတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာဘဲ ဖြစ်ပါတယ်။ အောင်မြင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

PR ရွေးကောက်ပွဲ စနစ်ကို ဖတ်ကြည့်တော့ နည်းနည်းမျက်စိလည်ရတယ် ခင်ဗျာ့။ ဒီမိုကရေစီ မိတ်ဆွေ ၁၀-ပါတီက ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဆီကို လာမယ့်ရွေးကောက်ပွဲတွေမှာ PR စနစ်ကို  ပြောင်းလဲကျင့်သုံးဖို့ စာတင်ထားတယ်ဗျာ။ အခု တိုင်းရင်းသားပါတီ ဥက္ကဌတွေ ပြောနေတာက PR စနစ်ကို လက်မခံဘူး။ မကြိုက်ဘူး ပြောပါတယ်။ ဒါနဲ့ ဒီမိုကရေစီ မိတ်ဆွေများ ၁၀-ပါတီ ရဲ့ ဆုံးဖြတ်ချက်နဲ့ တင်ပြစာကို တောင်းကြည့်လိုက်တော့ အဲဒီတိုင်းရင်းသားပါတီတွေက ပါဝင်လက်မှတ်ရေးထိုးထားတာ တွေ့လိုက်ရပြန်တယ်။ ခုနကပြောသလို နည်းနည်း မျက်စိလည်သွားလို့ အဲဒီအစုထဲက ပါတီကြီးတစ်ခုရဲ့ ပါတီအလုပ်အမှုဆောင် တစ်ယောက်ကို မေးကြည့်တော့ "ဒါက အားလုံးကျေကျေလည်လည် ဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုးထားတာပါ" လို့ဖြေပြန်တယ်။ ပိုပြီး မျက်စိလည်သွားတာပေါ့ဗျာ။ ဒါပေမဲ့လည်း ဘာဘဲဖြစ်ဖြစ်ပါ။ PR စနစ်ကို မကြိုက်ဘူး၊ သဘောမတူဘူးဆိုမှတော့ ကျနော်တို့နဲ့ သဘောထားခြင်း တူသွားပြန်ပါလေရော။ သဘောထားခြင်း တူရင်တော့ ထောက်ခံကြိုဆိုရမှာဘဲ မဟုတ်လားဗျာ။

မျက်စိလည်တယ်ဆိုလို့ ပြောစရာက ရှိလာပြန်တယ်။ ဇွန်လ ၈-ရက်နေ့ထုတ် ယူနတီဂျာနယ် အချပ်ပို ကိုဖတ်လိုက်တော့ အင်တာဗျူးတစ်ခုတွေ့တယ်။ အဲဒီ အင်တာဗျူးခံသူကို အထွေထွေအတွင်းရေးမှူးနှင့်တွေ့ဆုံခြင်းလို့ ဖေါ်ပြထားတယ်ဗျ။ ကျနော်သိတဲ့ အထွေထွေအတွင်းရေးမှူး ကျနော့်သူငယ်ချင်းကြီး ဘာဖြစ်လို့ ဘယ်ရောက်သွားပါလိမ့်လို့ မျက်စိလည်သွားတာဗျ။ ဂျာနယ်တွေက မှားတတ်တယ်ဆိုတာကို သိကြပါတယ်။ ဒါပေမဲ့ အခု ရေးတဲ့ ယူနတီဂျာနယ်ဆိုတာ အဲဒီပါတီနဲ့က တစ်ရုံးထဲလို ဝင်ထွက် သွားလာနေကြတာ။ အဲဒီ အင်တာဗျူးခံသူ ကိုယ်တိုင်က အဲဒီဂျာနယ်မှာ အရေးကြီးနေရာကနေ ပါနေတာပါ။ တစ်ခြား ဂျာနယ်တွေသာ အဲဒီ ပါတီအကြောင်းမှားချင်မှားမယ်။ ယူနတီဂျာနယ်ကတော့ မှားစရာအကြောင်း လုံးဝမရှိလို့ ကျနော် အတော်ကို မျက်စိလည်နေတာ ခင်ဗျားတို့ နားလည်ပေးကြပါဗျာ။

စိုင်းညွန့်လွင်
၂၀၁၃ ခု ဇွန်လ - ၇ -ရက်