Thursday, 13 September 2012

မြန်မာ့ ငြိမ်းချမ်းရေး

မြန်မာ့ငြိမ်းချမ်းရေးဟာ အမှန်တကယ်ရရှိဖို့ လိုအပ်တယ်လို့ဆိုရင် ဘယ်သူကမှ အငြင်းမပွါး လောက်ဘူးလို့ ထင်ပါတယ်။ တကယ့်ငြိမ်းချမ်းရေးကို လည်း အမှန်တကယ် လိုလားနေကြမယ် ဆိုရင်လည်း ငြင်းမယ့်လူ ရှိမယ် မထင်ပါဘူး။ လူတိုင်းက လိုလားနေပါတယ်ဆိုတဲ့ ငြိမ်းချမ်းရေးကြီးဟာ ဘာကြောင့် အခုထိ မရသေးတာလဲဆိုတာ ပြန်လည်ပြီး သုံးသပ်ဆန်းစစ်ဖို့ လိုနေပြီလို့ ထင်ပါတယ်။ 

ပြည်မမှာနေကြတဲ့ ကျွန်တော့်မိတ်ဆွေ တော်တော်များများကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့  မေးမြန်းဆွေးနွေးကြည့်ပါတယ်။ နားလည်သူ အတော်ရှား ပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲက မိတ်ဆွေတွေတောင် မသိနားမလည်သူတွေ အတော်များပါတယ်။  ယောင်တောင်ပေါင်တောင်တွေ များပါတယ်။ ဒါပေမဲ့ အားလုံးတူညီကြတဲ့ ဆန္ဒတစ်ခုကတော့ ငြိမ်းချမ်းရေးကို လိုလားကြတာဘဲ ဖြစ်ပါတယ်။ 

အခုကာလမှာ ငြိမ်းချမ်းရေးကိစ္စကို အစိုးရက ဦးဆောင်ပြီးဖော်ဆောင်နေတာမို့ ပိုပြီး စိတ်ဝင်စားစရာ အချိန်ကာလလည် ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ် ခြောက်ဆယ်လောက်အထိ တိုက်ခိုက်လာခဲ့ကြလို့ အခုကာလမှာ ရပ်ဖို့သင့်ပြီဆိုတာ အားလုံးက လက်ခံထားတဲ့အချက်ဖြစ်ပါတယ်။ ရပ်သွား အောင်၊ ပြီးငြိမ်းသွားအောင် လုပ်နေတာလည်း အကြိမ်ပေါင်း အတော်များခဲ့ပါပြီ။ အကြိမ်ကြိမ် အခါခါ ရှိခဲ့ပါပြီ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး အခြေအနေမျိုးကို ခုထိ မတည်ဆောက်နိုင်ကြသေးပါဘူး။


ပြီးခဲ့တဲ့၊ မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကိုတော့ အပြစ်မတင်လိုပါဘူး။ သူတို့ဆီက သင်္ခန်းစာ ကိုသာ ရယူရမှာပါ။ ဒါတွေကို လက်ရှိ အခြေအနေ၊ အနေအထား၊ အယူအဆတွေနဲ့ ယှဉ်တွဲသုံးသပ်  စိစစ်ပြီး သင်္ခန်းစာယူ ဆောင်ရွက်ရမှာပါ။ လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုမှာ ပြန်ပြီးအသုံးချရမှာပါ။


ဒီနေ့ ဖြစ်ပေါ်နေတဲ့ ဥပဒေပြုအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဆိုတဲ့ မဏ္ဍိုင်သုံးရပ် ငြင်းခုံပြောဆိုနေကြတာတွေ အားလုံးကို သတ္တုချကြည့် လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဖေါ်ပြချက်တွေဟာ အားနည်းချက်တွေ ရှိနေတယ် ဆိုတာ တွေ့ရမှာပါ။ ဥပဒေဆိုတာ ကိုယ့်အယူအဆနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ဆိုနေလို့ မရပါဘူး။ တိကျသေချာတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်မျိုးတည်း ရှိနေရ မှာပါ။ ဘယ်လို စွပ်စွဲပြစ်တင်မှုတွေ၊ စာချွန်တော်တွေ လုပ်ကြ ပါစေ။ နောက်ဆုံးမှာတော့ အားနည်းချက်ရှိနေတဲ့ အခြေခံဥပဒေကို ဖြည့်စွက် ပြင်ဆင်ရမယ့် အခြေအနေကနေ မကျော်လွှားနိုင်ပါဘူး။ အဲဒီအခြေအနေမှာဘဲ အဆုံးသတ်ရမှာပါ။

ကျွန်တော်ပြောချင်တာက တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြစ်တင်စကားတွေနဲ့ ဘာတွေဘဲ လုပ်နေလုပ်နေ ပြောနေပြောနေ နောက်ဆုံး တစ်နေ့ မှာတော့ ဘယ်သူမှ မကျော်လွှားနိုင်တဲ့ ဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်းကိုဘဲ သွားရမှာမို့  အဲဒီကို တစ်ခါတည်းသွားလိုက်ရင် ပိုမကောင်းဘူးလားလို့ တွေးမိလို့ ဖြစ်ပါတယ်။

ကိုယ့်တစ်နိုင်ငံတည်းသား အချင်းချင်းဖြစ်ကြတာမို့ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထွက် ပေါက်မရှိအောင် ပိတ်ဆို့တိုက်ခိုက်တာမျိုးဆိုရင် မကောင်းပါဘူး။ တစ်ဖက်ကိုလည်း ထွက်ပေါက် ပေးလုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ အမြင်ကျယ်ပြီး ရေရှည်ကိုတွေးတတ်ဖို့ လိုပါတယ်။ မဲဆန္ဒရှင်တွေက ယုံကြည်လို့ နိုင်ငံအတွက် အရေးကြီးလှတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ဆီမှာ တာဝန် ပေးအပ်ခံခဲ့ရတာပါ။   ပိုပြီး သတိထားဆောင်ရွက်သင့် ပါတယ်။

အခုဖြစ်နေကြတဲ့ ကိစ္စကို ပဋိပက္ခ တစ်ခုလိုရှုမြင်နိုင်ပါတယ်။ တစ်ခြားအရေးကြီး လုပ်စရာတွေ ကျန်နေချိန်မှာ အကြောင်းမဲ့ အချိန်ကုန်နေတာမျိုး မဖြစ်သင့် ပါဘူး။ အကူးအပြောင်းကာလ ဖြစ်နေတဲ့ တိုင်းပြည်တစ်ပြည်ရဲ့ အနေအထားဟာ တိမ်းစောင်းမသွားဖို့ကို အထူးဂရုပြုရပါမယ်။ အားလုံးက ၀ိုင်းဝန်းဖေးကူကြဖို့လိုပါတယ်။ နိုင်ငံရေးလောကမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတစ်ခုအပေါ် ပြည်တွင်း ငြိမ်းချမ်းရေးတစ်ခုလို သဘောထားသင့်တယ်လို့ ယူဆလို့ပါ။

ဒီလို  အတိမ်းအစောင်းမခံနိုင်တဲ့ ကိစ္စတွေထဲမှာ အလွန်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့  ပြည်တွင်းတိုက်ပွဲတွေကနေ စစ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စဖြစ်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပါဘဲ။ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း ကိုယ့်တစ်နိုင်ငံထဲသား အချင်းချင်းဘဲ ဖြစ်တယ်ဆိုတာ အသေအချာ လက်ခံထားရပါလိမ့်မယ်။ တစ်ယောက်ကို တစ်ယောက် ချောင်ပိတ်စေမယ့် ကိစ္စမျိုးကို ရှောင်သင့်ပါတယ်။ အခုကိစ္စမှာ ပြည်ပရန် မပါပါဘူး။ ကိုယ့်ပြည်တွင်းရေး ပြဿနာသာဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပြည်ပရန် မရှိတော့တဲ့ အချိန်ကာလရှည်ကြီး တစ်ခုမှာ ကိုယ့်ပြည်တွင်းတိုက်ပွဲတွေနဲ့ ကြာရှည်နေတာ တကယ့်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။

စစ်ပွဲတွေဖြစ်ပြီး ဥပဒေကင်းလွတ်နေတတ်တဲ့ ဒေသတွေမှာ နေနေကြတဲ့ ပြည်သူတွေဟာ လက်နက်ကိုင်သူ ဘယ်သူ့ကိုမဆို ကြောက်ရတာ ဓမ္မတာလို ဖြစ်နေပါပြီ။  ပြည်တွင်းက ရန်ကို ငြိမ်းသင့်ပါပြီ။ ပြည်ပရန်ကိုသာ ကာကွယ်ဖို့ ကြိုးစားသင့်ပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေး ရမှသာ ပြည်ပရန်အတွက် ပြင်ဆင်နိုင်မှာပါ။ ကိုယ့်အချင်းချင်း တိုက်လို့ခိုက်လို့ ရတဲ့ သူရဲကောင်းဆုတံဆိပ် တွေအတွက် ဂုဏ်မယူသင့်ပါဘူး။

ဒီနေ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထားဟာ အလွန်ကို အရေးကြီးပါတယ်။


ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင် သာမန်အားဖြင့် မြန်မာနိုင်ငံမှာ မဏ္ဍိုင်ကြီးသုံးရပ် ရှိပြီး လုပ်ပိုင်ခွင့်ကိုအတတ်နိုင်ဆုံး ပိုင်းခြားကျင့်သုံးကြတယ်။ တပြိုင်နက်မှာဘဲ တစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းညှိကြတယ်လို့ ဆိုပါတယ်။  တကယ့်လက်တွေ့ မှာတော့ တပ်မတော်ဆိုတဲ့ မဏ္ဍိုင်ကြီးတစ်ခုဟာ စတုတ္ထမြောက် မဏ္ဍိုင်ကြီးအဖြစ် တည်ရှိနေတာပါ။ တပ်မတော်ဟာ အခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ ရာခိုင်နှုန်းအလိုက် အချိုးကျ အလိုအလျောက် ပါဝင်ခွင့်ရထားတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ထားသူတွေ သိကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထားဟာ အလွန်ကို အရေးကြီး တယ်လို့ဆိုချင်တာပါ။


(၂၀၀၈) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၁) "နိုင်ငံတော် အခြေခံမူများ" ဆိုတဲ့အခန်း၊ ပုဒ်မ (၂၀) အပိုဒ် (ခ) မှာ ဒီလိုဖေါ်ပြထားပါတယ်။
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက် ပိုင်ခွင့်ရှိသည်။


အဲဒီလို လုပ်ပိုင်ခွင့်ပေးထားလို့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ တပ်မတော်ကိုယ်တိုင် ပူးပေါင်းပါဝင်နေမှ အဆင်ပြေနိုင်ပါတယ်။ တပ်မတော်က ခေါင်းဆောင်ပြီး အပစ်အခတ်ရပ်စဲရေးကို  ဆောင်ရွက်တာ အကောင်းဆုံးပါဘဲ။  ထာဝရ ငြိမ်းချမ်းရေးလို့ဆိုနိုင်လောက်တဲ့ ငြိမ်းချမ်းရေး၊ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် အရင်ပြီးခဲ့တဲ့ သင်္ခန်းစာတွေနဲ့ ထည့်စဉ်းစားကြည့်လိုက်တဲ့အခါ ပထမဦးဆုံး တပ်မတော်ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို အဦးဆုံးဆောင်ရွက်ပြီးမှသာ ထာဝရငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေးကိစ္စတွေကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အဖွဲ့အစည်းတွေက ဆက်လက်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ကြရမှာပါ။ နိုင်ငံရေးအမြင် မတူညီမှုတွေ၊ ကွဲလွဲမှုတွေ၊ အယူအဆတွေကို တတ်နိုင်သလောက်တူညီအောင် ညှိနှိုင်းကြရမှာပါ။  နိုင်ငံရေး ပြဿနာ ပြေလည်အောင် ဖြေရှင်းကြရမှာပါ။


အခုဆိုရင် သမ္မတရုံးဝန်ကြီးတွေ တိုးခန့်ထားတဲ့အပြင် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ရုံးခန်းတွေတောင် ဖွင့်လှစ်ထားပြီဆိုတော့ အားတက်စရာတွေ ဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေကို ပိုပြီးဆောင်ရွက်မယ့်သဘောမို့ ကြိုဆိုသင့်ပါတယ်။ အခုဆို ပြည်ပရောက်အတိုက်အခံ အဖွဲ့တွေတောင် ပြန်လာနေကြပြီး နိုင်ငံရေးလောကသားတွေနဲ့ ဆွေးနွေးနေတာဆိုတော့  ဒါဟာလည်း ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းတစ်ခုလို့ ပြောနိုင်ပါတယ်။ 

ပြည်ပမှာ သွားနေနေကြတဲ့ နိုင်ငံရေးအတိုက်အခံတွေကိုတောင် ပြည်တွင်းပြန်ခွင့်ပေးပြီး နိုင်ငံရေးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ရင် အပစ်အခတ် ရပ်စဲထားကြတဲ့ အဖွဲ့အစည်းတွေနဲ့  နိုင်ငံရေးကိစ္စ မဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ အလွန်များတဲ့ အဖွဲ့အစည်းတွေနဲ့ အလွန်များလှတဲ့ ကိစ္စရပ်တွေကို ပြေလည်အောင်ဆွေးနွေးနိုင်ဖို့ဆိုတာ အလွန်ကိုဇွဲသန်ဖို့ လိုပါတယ်။ စိတ်ရှည်ဖို့လိုပါတယ်။ အမြော်အမြင်ကြီးဖို့ လိုပါတယ်။ စိတ်ကောင်းစေတနာကောင်းရှိဖို့ လိုပါတယ်။ တည်တံ့ခိုင်မြဲတဲ့ ကတိက၀တ်တွေ ရှိကြဖို့လိုပါတယ်။ ပြောမယ်ဆိုရင် လိုအပ်တာက အများကြီးပါ။ ဒါပေမဲ့ ရှောင်လွဲမရနိုင်တဲ့၊ မလွဲမသွေ ရင်ဆိုင်ဖြတ်သန်းကြရမယ့် ကိစ္စမို့ ဇွဲရှိရှိ ဖြတ်သန်းကြရမှာပါဘဲ။


ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုထဲမှာဘဲ စာရင်းအကြမ်းကောက်ယူကြည့်လိုက်တော့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ ခြောက်ဆယ်လောက်ရှိနေတာ တွေ့ရပါတယ်။ ကိုယ်ကျိုးစီးပွါး အတွက် ဟန်ဆောင်ပန်ဆောင်လက်နက်ကိုင်ထားသူတွေလည်း အများအပြားပါဘဲ။  ပြည်တွင်းစစ် ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ အဲဒီအချက်တွေက သက်သေပြ နေပါတယ်။ ငြိမ်းချမ်းရေးရမှသာ ဟန်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေ ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။ အဓိက ကတော့ အခုပြောပြောနေတဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတဲ့စကားရပ်ကို အတတ်နိုင်ဆုံး နီးစပ်အောင် ဆောင်ရွက်ကြဖို့ပါဘဲ။ အဲဒါကလည်း နှစ်ဦးနှစ်ဖက် နိုင်ငံရေးဆွေးနွေးပွဲ တွေကနေပြီး နိုင်ငံရေးအရ နှစ်ဖက်စလုံး ကျေနပ် သဘော တူညီမှုတွေ ရမှ အောင်မြင်တယ်လို့ ဆိုနိုင်မှာပါ။ ဘယ်လောက်ဘဲ ခက်ခဲခက်ခဲ မဖြစ်မနေ မရမနေ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ကြောင်းပါ။




                                                                             စိုင်းညွန့်လွင်
                                                                   ၂၀၁၂ ခုနှစ် စက်တင်လာလ (၇) ရက်။



                                                                            UNITY ဂျာနယ်

                                                                            အတွဲ ၁၊ အမှတ် ၂၅
                                                                            စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၂၊ စနေနေ့။

No comments:

Post a comment