Friday 15 March 2013

အတို့အထောင် မေးခွန်းများ



မေး-    ရှမ်းပြည်နယ်က ကျယ်ပြန့်တယ်။ ရှမ်းပြည်နယ်မှာ ရှမ်းတစ်မျိုးတည်းနေတာ မဟုတ်ဘူး။ ပလောင်၊ ပအိုဝ်းတွေရော အခြား တိုင်းရင်းသား တွေရော ပေါင်းစုံနေ နေကြတော့ အန်ကယ်တို့က ဖယ်ဒရယ်ကို တောင်းဆိုနေကြတော့ တကယ်လို့ ရခဲ့မယ်ဆိုရင် တခြား တိုင်းရင်းသားတွေအတွက်ရော စဉ်းစားတာရှိပါသလား။
ဖြေ -    ဖယ်ဒရယ် ရခဲ့ရင် ရှမ်းတစ်မျိုးထဲ ရမှာ မဟုတ်ပါဘူး။ ပြည်ထောင်စု တစ်ခုလုံး ရမှာပါ။ ကိုယ့်တစ်မျိုးထဲအတွက် သီးသန့် တောင်းဆိုတယ် ဆိုတာမျိုးက မရှိပါဘူး။ ရှိလည်း မရှိသင့်ပါဘူး။ ရှိခဲ့ရင်လည်း သဘာဝမကျပါဘူး။ ရလည်း မရနိုင်ပါဘူး။ အားလုံးဟာ တန်းတူညီမျှ ဖြစ်ရ မှာပါ။ အခွင့်အရေးတွေ အကုန် ထပ်တူထပ်မျှ တူရမှာပါ။
          ခုဆိုရင်  ကျနော်တို့ Trust building  ဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီတောင် ဖွဲ့ ပြီးပါပြီ။ ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေ အကုန်ဖိတ်ပါမယ်။ အပစ်အခတ် ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကိုလည်း ဖိတ်ပါမယ်။ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နှစ်ပြည်နယ် ပေါင်းပြီးလုပ်ကြမှာပါ။

မေး-    ကျနော်တို့ ဗမာတွေက တိုင်းရင်းသားတွေကို ဖိနှိပ်တယ်လို့ ပြောကြတယ်။ ရှမ်းပြည်နယ်မှာရော ရှမ်းတိုင်းရင်းသားတွေက တခြား တိုင်းရင်းသားတွေကို ဖိနှိပ်တယ်လို့ ပြောသံတွေ ထွက်လာပါတယ်။ အဲဒီအပေါ်ရော ဘယ်လိုမြင်ပါသလဲ။
ဖြေ-     သွေးထိုးတဲ့ စကားတွေပါဗျာ။ ရှမ်းတွေက တခြားကိုသွားဖိနှိပ်ဖို့ နေနေသာသာ ကိုယ့်ကိုကိုယ်တောင်မှ လုံအောင် မကာကွယ်နိုင်ဘူး ဖြစ်နေတာ။ ဘယ်လိုလုပ်ပြီး သူများကို ဒုက္ခပေးနိုင်မလဲ။  ခွဲခြားထားမှ သွေးကွဲနေမှ အင်အားယုတ်လျှော့နေမှာလေ။ ကျနော်တို့ ရှမ်းပြည်နယ်ထဲမှာ တပ်တွေသိပ်များနေတယ်ဗျာ။ တပ်တွေသိပ်များနေရင် ပြဿနာပိုဖြစ်တတ်တယ်လေ။ ကျနော်တို့ကတော့ တပ်တွေကို လျှော့ချစေချင်တာဘဲ။

မေး-    အခု ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေ အများကြီး ရှိတယ်။  အခု အချိန်မှာ အန်ကယ်တို့က ဖယ်ဒရယ်ကို တွန်းတွန်းတိုက်တိုက် လုပ်နေတာဆိုတော့ လွယ်ကူပါ့မလား။
ဖြေ-     လက်နက်ကိုင် သိပ်မများပါဘူး။ ငါးဖွဲ့လောက်ဘဲ ရှိပါတယ်။ ပြဿနာကတော့ ရှိနေတယ်။ စားပွဲဝိုင်းပေါ်မှာဘဲ ပြောဆိုကြရမှာပါ။ တန်းတူတဲ့ ပြည်ထောင်စု ဖြစ်လာရင် လက်နက်ကိုင်တာတွေလည်း လျှော့သွားမယ်လို့ မျှော်လင့်ရတာပါဘဲ။ လက်နက်ကိုင်တပ်တွေများတယ်ဆိုပေမဲ့ သူတို့နဲ့ စားပွဲဝိုင်းမှာ စကားပြောကြည့်ရင် ဖယ်ဒရယ်ကိစ္စမှာ သူတို့ဟာ အတားအဆီး မဟုတ်ဘူးဆိုတာ တွေ့ကြရမှာပါ။

မေး-    ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ အထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ မပါတော့ လွယ်ကူပါ့မလား။
ဖြေ-     မဖြစ်ပါဘူး။ အခုက point of view ကို ကြည့်ရမှာလေ။  အခု ငြိမ်းချမ်းရေးလုပ်နေတာက အပစ်အခတ် ရပ်စဲကြတဲ့ အဆင့်ဘဲရှိသေးတာပါ။  တိုင်းရင်းသားခေါင်းဆောင်တွေက ဟိုဘက်ပါရင်လည်း ၁၇(၁)  နဲ့ ငြိမယ်။ နောက်တစ်ဖက်က ပါရင်လည်း ၀ိုင်းအပြစ်တင်ကြလိမ့်မယ်။ ဒါက စစ်ရေးကိစ္စတွေ ဖြစ်ပါတယ်။ ဟိုတပ်ကို ဒီရွေ့ပါ။ ဒီတပ်ကို ဟိုရွေ့ပါ ဆိုပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ပြောလို့မရဘူး။ သိလည်း မသိကြပါဘူး။ လုပ်ပိုင်ခွင့်လည်း မရှိကြပါဘူး။  တစ်ခုတော့ ရှိတယ်။ စားပွဲဝိုင်းဆွေးနွေးပွဲတွေ လုပ်ကြရင်တော့ ပါ လာရတော့မယ်လို့ ထင်ရတာပါဘဲ။

မေး-    အန်ကယ်တို့ ၂၀၁၅ မှာ ရွေးကောက်ပွဲ ၀င်ဖို့ရော အစီအစဉ် ရှိပါသလား။
ဖြေ-     ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခုထိ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ အခု အခြေခံဥပဒေကို ကျနော်တို့က မကြိုက်ဘူးဗျာ။ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်အရတော့ လိုက်နာရတာပေါ့။ ကျနော်တို့ ဦးတည်ချက်ကတော့ အခု အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးပါဘဲ။

မေး-    အန်ကယ်တို့ ကျားခေါင်းပါတီကို ရှစ်ပြည်ထောင်မူဝါဒ ကိုင်စွဲထားတဲ့ ခေါင်းမာတဲ့အုပ်စုလို့ ပြောနေကြတယ်။ အန်ကယ့် အမြင်ကရော။
ဖြေ-     ရှစ်ပြည်နယ်မူ ဆိုတာ ကျနော်တို့ မူမဟုတ်ပါဘူး။ ကျနော်တို့ လုပ်ခဲ့တဲ့ မူလည်းမဟုတ်ပါဘူး။ ၁၉၆၁ ခုနှစ် တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ပေါင်းစုံပါဝင်တဲ့  ညီလာခံကြီးကနေ အကြေအလည်ဆွေးနွေးခဲ့ကြပြီး သဘောတူထားခဲ့ကြတဲ့ မူသာဖြစ်ပါတယ်။ ကျနော်တို့က အဲဒီမူကို အမွေခံခဲ့ရတာပါ။ လူကြီးတွေ လုပ်သွားတဲ့ မပြီးသေးတဲ့ အလုပ်တစ်ခုကို ဆက်လုပ်နေကြတာပါ။ ကောင်းတာ မကောင်းတာကတော့ တစ်ပိုင်းပေါ့။  အခု ပြောနေတာက  ကျနော်တို့ရဲ့ တောင်းဆိုမှုဘဲ။ ကမ်းလှမ်းချက်ဘဲ။  ဆွေးတောင် မဆွေးနွေးရသေးဘူး။ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို လိုက်ပြောင်းနေရင် ဘယ်လိုလုပ် ဆက်ဆွေးနွေးကြမလဲ။  သေသေချာချာလေ့လာပြီးမှ ဝေဖန်ရင် အမှန်ကို မြင်မှာပါ။ ကျနော်တို့ လုပ်တာက  ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်ပါ။ ကိုယ့်တစ်ခုတည်း အတွက် မဟုတ်ပါဘူး။  ဒီ့ထက် တန်းတူညီမျှတဲ့  တရားမျှတတဲ့ မူတွေရှိနေရင် ကျနော်တို့ကို ပြောပါလို့ ပြောထားပါတယ်။ အကျိုးအကြောင်းတော့ ဆီလျော်ဖို့ လိုတာပေါ့။  ကျနော်တို့က အာဏာကိစ္စ ပြောနေတာမဟုတ်ဘူး။ အခြေခံဥပဒေ မှန်ကန်ဖို့ ၊ ပြီးရင် အားလုံးက လိုက်နာဖို့ လုပ်နေတာ။ ဖွဲ့စည်းပုံ ကောင်းရင် ဘယ်သူလုပ်လုပ်ပါ။ အရေးမကြီးပါဘူး။ ဘာပြဿနာမှ မရှိပါဘူး။ အခု ဖွဲ့စည်းပုံအတိုင်းဆိုရင် ဦးခွန်ထွန်းဦး ၀န်ကြီးဝင်လုပ်မယ်ဆိုလည်း ကျနော်တို့ မကြိုက်ပါဘူး။ လုပ်မှာ မဟုတ်ပါဘူး။ ဒါတွေကို ခေါင်းမာတယ်လို့ ပြောရင် မှန်ပါ့မလား။ ဒါကိုမှ ခေါင်းမာတယ်ဆိုရင် ကျန်တာတွေက အညှာလွယ်တယ်လို့ ပြောရမလို ဖြစ်သွားမှာပေါ့။

မေး-    ဒါဆို ဖွဲ့စည်းပုံ အခြေခံဥပဒေကို  လွှတ်တော်ထဲ မ၀င်ဘဲ ပြင်နိုင်ပါ့မလား။
ဖြေ-     အခု အခြေအနေက လွှတ်တော်ထဲမှာကို  မပြင်နိုင်တော့လို့ တခြားကို စဉ်းစားလာရတာပါ။  နောက်ပြီး အမျိုးသားပြန်လည် ရင်ကြား စေ့ရေးကိစ္စကိုလည်း မေ့ထားလို့ မရပါဘူး။  အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စက မဖြစ်မနေ ရှောင်လွဲလို့ မရတဲ့  လုပ်ကိုလုပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ချန်ထားလို့ မရနိုင်ပါဘူး။

မေး-    ၂၀၁၅ မှာ NLD က နိုင်ဖို့ များတယ်လေ။ သူတို့တွေ ရောက်သွားပြီဆိုရင် လွှတ်တော်ထဲမှာ လုပ်သွားနိုင်မယ်ဆိုရင်ကော။
ဖြေ-     သူတို့ရောက်သွားရင်တော့ လုပ်မှာပါ။ လုပ်နိုင် မလုပ်နိုင်၊ ဖြစ်နိုင် မဖြစ်နိုင် ဒါကိုတော့ စဉ်းစားရမှာပါ။

မေး-    လွှတ်တော်ထဲဝင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ပိုအားကောင်းမယ် ထင်တယ်လေ။ အဲဒါကရော ?
ဖြေ-     အဲဒီလို ထင်လို့ ဒေါ်စု လွှတ်တော်ထဲကို သွားတယ်လို့ ကျနော်ထင်တယ်။ စစ်တုရင်ကစားပွဲနဲ့ပြောရရင် သူက ဘုရင်မ ပါဘဲ။ ဘယ်အကွက်ကို ရွေ့ရွေ့  ရွေ့နိုင်ပါတယ်။ ဒါပေမဲ့ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းအပြည့် ရအောင်တော့ စည်းရုံးဖို့ မလွယ်လှပါဘူး။ ရတယ်ဘဲထား တပ်မတော်သား ကိုယ်စားလှယ်မပါဘဲလည်း မဖြစ်နိုင်ပြန်ဘူး။ နောက်ပြီး တပ်မတော်မှာ အခွင့်အရေးတစ်ခုရှိနေသေးတယ်။ ပြည်သူလူထုအနေနဲ့ ကိုယ်ရွေးထားတဲ့ ကိုယ်စားလှယ်ကို လွယ်လွယ်နဲ့ မပြောင်းနိုင်ပေမဲ့ တပ်မတော်သားကိုယ်စားလှယ်ကိုတော့ ကာကွယ်ရေးဦးစီးချုပ်က   အချိန်မရွေး အပြောင်းအလဲ လုပ်လို့ ရတယ်။ အဲဒီလို အခြေအနေမှာ ဘယ်လိုလုပ်ပြီး ကိုယ့်ဖက်ပါအောင် စည်းရုံးနိုင်မလဲ။ ကိုယ့်လူတွေကိုသာ တစ်ဖက်က စည်းရုံးသွားဖို့ များပါတယ်။
          လွှတ်တော်က အရေးမကြီးဘူးလို့ ကျနော် မပြောနိုင်ပါဘူး။ သူ့အပိုင်းမှာ လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ ဖွဲ့စည်းပုံ စည်းမျဉ်းကတော့ လွှတ်တော်ထဲမှာ ပြင်ဖို့ မလွယ်တာ အမှန်ပါဘဲ။  အခု မြန်မာ့နိုင်ငံရေးကို ကြည့်လိုက်ရင် ပြည်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုတာလည်း ရှောင်လွဲလို့ မရတဲ့ ၊ မဖြစ်ဖြစ်အောင် စေ့စပ်ဆွေးနွေးရမယ့် ကိစ္စ တစ်ခုဖြစ်ပါတယ်။ လုပ်ရမှာတွေတော့ အများကြီးပါ။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တစ်ခုပြီး တစ်ခု လုပ်သွားရမှာပါ။  အခုဆိုရင် ကျနော်တို့က အချင်းချင်းတွေ ငြိမ်းချမ်းရေးရအောင် ယုံကြည်မှု တည်ဆောက်ဖို့ နားလည်မှုရှိဖို့ လုပ်နေကြတာပါ။ ရှမ်းပြည်သား စိတ်ဓါတ်နဲ့ လုပ်နေကြသလို တစ်ပြိုင်နက်ထဲမှာလည်း ပြည်ထောင်စုသား စိတ်ဓါတ်နဲ့ ကျနော် တို့ အတတ်နိုင်ဆုံး လုပ်နေကြတာပါ။

( ၂၀၁၃ ခုနှစ် မတ်လ  Unity Journal . တွင် ဖေါ်ပြထားပါသည် )

No comments:

Post a Comment