ယခုကျင်းပလျက်ရှိတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အပစ်ရပ်စဲထားကြသော ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တော်များ၊ ဆွေးနွေးပွဲသို့ တက်ရောက်လေ့လာကြသော လူကြီးမင်းများ အားလုံးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေကြောင်း ရှေးဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အဖွဲ့အစည်းအသီးသီး အနေနဲ့ အခုဆွေးနွေးပွဲမှာ လာရောက်တွေ့ဆုံ
ခင်မင်ရင်းနှီးကြပြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အတွေ့အကြုံခြင်း၊
သဘောထားအမြင်ခြင်း နှီးနှောဖလှယ်ခွင့်ရခြင်းဟာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီး
တစ်ခုဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ အဲဒီအခွင့်အရေးကြီးကို အသုံးချပြီး
ကျွန်တော်တို့တတွေရဲ့ ရှမ်းပြည်နယ်/ကယားပြည်နယ်အတွက် အကျိုးရှိရာ ရှိကြောင်း၊
ငြိမ်းချမ်းရေး အဓွန့်ရှည်ရာ ရှည်ကြောင်း၊ ပြည်ထောင်စုကြီးအတွက် အထောက်အကူ ဖြစ်ရာ ဖြစ်ကြောင်းများကို
အကျိုးရှိရှိ ဆွေးနွေးနိုင်ကြလိမ့်မယ်လို့ ကျွန်တော်တို့က များစွာမျှော်လင့်ထားတယ်
ဆိုတာကို ပြောကြားလိုပါတယ်။
ကျွန်တော်တို့ ပြည်နယ်တွေအတွက် အခြေခံအကျဆုံးနဲ့
အလိုအပ်ဆုံးအရာကတော့ ငြိမ်းချမ်းရေး ပဲဖြစ်ပါတယ်။ အဓွန့်ရှည်ကြာတဲ့ ငြိမ်းချမ်းရေးပဲ
ဖြစ်ပါတယ်။ တနည်းအားဖြင့် ထာဝရ ငြိမ်းချမ်းရေးဆိုလည်း မမှားပါဘူး။ အဲဒီ
ငြိမ်းချမ်းရေးမျိုးကို တည်ဆောက်နိုင်ဖို့အတွက် ကျွန်တော်တို့ ပြည်နယ်အတွင်းက
အဖွဲ့အစည်း အချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စုတစ်ဝှမ်းလုံးက အခြားလူမျိုး
၊ အခြားအဖွဲ့အစည်းအတွင်းမှာပဲဖြစ်ဖြစ်၊ နားလည်မှုရှိရှိ တစ်ဦးကိုတစ်ဦး
သဘောပေါက်ယုံတင်မကဘဲ ယုံကြည်မှု ရှိဖို့ဆိုတာ အလွန်ကို အရေးကြီးပါကြောင်း
တင်ပြလိုပါတယ်။ တစ်ဦးနဲ့ တစ်ဦး မယုံမကြည်နိုင် သံသယတွေဝင်နေမှတော့
ဘယ်လိုလုပ်ပြီး မိတ်ဆွေဖွဲ့ နိုင်ပါတော့မလဲ။
ယုံကြည်မှု မရှိရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးလည်း ဘယ်လိုမှ မရနိုင်တော့ပါဘူး။
ငြိမ်းချမ်းရေး မတည်မြဲရင် ကျွန်တော်တို့ ပြည်ထောင်စုကြီးလည်း
တိုးတက်ဖွံ့ဖြိုးဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင် ပြန်ပါဘူး။ ကျွန်တော်တို့
ပြည်ထောင်စုကြီးကိုကြည့်လိုက်ပါ။ လွတ်လပ်ရေးရပြီးကတည်းက စလို့ ဒီကနေ့အထိ
ရရှိခဲ့တဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်တွေကနေ ဘာတွေဖြစ်ခဲ့ပြီလဲဆိုတာက
သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
သာမန်အားဖြင့် ငြိမ်းချမ်းရေးမလိုချင်ဘူးလားလို့ မေးလိုက်ရင်
လူတိုင်းက လိုချင်တယ်လို့ပြောတတ်ကြ ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ရအောင်
ဘယ်လိုလုပ်ကြမလဲ။ ဘာတွေ လိုအပ်သလဲ ဆိုပြီး ထပ်မေးလိုက်ရင်တော့ လူတိုင်းက
မဖြေနိုင်ကြပါဘူး။ ဒါကြောင့် အခု လက်တွေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘာတွေကို
ဘယ်လို ဆောင်ရွက်နေကြတာကို လေ့လာကြည့်သင့်ပါတယ်။
အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး
ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့
အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေကြပါတယ်။ အခု ဆိုရင်ဘဲ
အားလုံးနီးပါးက အပစ်အခတ် ရပ်စဲနေပြီလို့ အစိုးဘက်က ပြောပါတယ်။ ဒါပေမဲ့ တစ်ချို့ဒေသ တစ်ချို့နေရာတွေမှာ ထိတွေ့မှုတွေက
ပြောက်ကျားပြောက်ကျား ဖြစ်နေတာလဲ ရှိနေပါသေးတယ်။
မကြာမီ ရက်ပိုင်း အတွင်းကတော့ တရုတ်ပြည် ရွှေလီမြို့မှာ
နိုင်ငံရေးဆွေးနွေးပွဲ စနိုင်ဖို့ စတင်ဆွေးနွေးနေတာလည်း တွေ့ရမှာပါ။ ဘာဘဲပြောပြော ဒီအခြေအနေကို ကြိုဆိုရမှာ
ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ခြားတစ်ဖက်မှာတော့ အပစ်အခတ် ရပ်ထားတဲ့ဒေသတွေထဲကို
အစိုးရတပ်တွေက နေရာယူ တိုးချဲ့လာနေတဲ့ သတင်းတွေကိုလည်း စိတ်ပူစရာ ကြားသိနေရပြန်ပါတယ်။
တစ်ချို့ကတော့ အစိုးရအနေနဲ့ ရေမှုတ်တစ်ဖက်၊ မီးစတစ်ဖက် လုပ်နေတယ်လို့
စွပ်စွဲသံတွေလည်း ကြားနေရပါတယ်။
ကျွန်တော်တို့ကတော့
ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ၊ တည်ငြိမ်အေးချမ်းမှု ကို ပျက်ပြားစေမဲ့
ကိစ္စမှန်သမျှကို မပြုစေချင်ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် စစ်မှန်တဲ့ စေတနာ၊
ကောင်းမြတ်တဲ့ စိတ်ထားတွေကိုဘဲ ထားစေချင်ပါတယ်။
နိုင်ငံရေး မျက်နှာစာကို ကြည့်လိုက်ပြန်ရင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့
ကြားဖြတ်ရွေး ကောက်ပွဲဝင်ပြီးကတည်းက နိုင်ငံတော်ရဲ့ အခြေအနေတွေက ပြောင်းလာပါတယ်။
ပါတီတွေအပေါ် ဖိနှိပ်ချုပ်ခြယ် ဖမ်းဆီးမှုတွေ ပျောက်သွားပြီး နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးတာ၊ စာပေရေးသားမှုတွေ ဖြေလျှော့ပေးတာတွေဟာ ဒီမိုကရေစီခေတ်ကာလဆီကို
အသွင်ပြောင်းနေတဲ့သဘောလို့ ယေဘူယျအားဖြင့်လက်ခံနိုင်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတွေ၊
လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့
လက်ခံတွေ့ဆုံလာတာတွေဟာ ကောင်းသောလက္ခဏာတွေဘဲ ဖြစ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကလည်း
ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလာကြပြီး ငွေကြေးထောက်ပံ့မှုတွေကိုတောင် ပေးလာကြပါတယ်။
ဒီလိုကောင်းသော လက္ခဏာတွေနဲ့ တဖြည်းဖြည်းချင်း
တိုးတက်လာစေချင်တာ ကျွန်တော်တို့အားလုံးရဲ့ ဆန္ဒဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီအသွင်ကူးပြောင်းရေးဆိုတဲ့ ကိစ္စကြီးဟာ
အမှန်တကယ် ဖြစ်မြောက်နေပြီလား ဆိုပြီး မေးခဲ့ရင်တော့ မှန်ပါတယ်လို့ ဖြေဆိုဖို့
ခက်နေပါသေးတယ်။
ကျွန်တော်တို့ လေ့လာမိသလောက်ကို တင်ပြရမယ်ဆိုရင် ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကိစ္စဟာ စတင် နေတယ်ဆိုတာတော့ မငြင်းချင်ပါဘူး။ ဒါပေမဲ့ စခါစ
ကလေးဘဲလို့ ပြောရပါမယ်။ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်သလို
ကံမကောင်းအကြောင်းမလှစွာနဲ့ အချိန်မရွေးလည်း နစ်မြှုပ်သွားနိုင်ပါတယ်။
ကျွန်တော်တို့ အားလုံးဟာ အင်မတန်ကို သတိကြီးကြီးထား ဆောင်ရွက်လုပ်ကိုင်ကြဖို့
အထူးလိုအပ်ပါတယ်။
ကျွန်တော်တို့ အမြဲပြောနေတဲ့ တန်းတူညီမျှသော ပြည်ထေင်စုကြီး
ဖြစ်ဖို့ ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်ထောင်စုကြီး ဖြစ်ဖို့၊
ပင်လုံစာချုပ် သဘောတူညီချက်တွေနဲ့ ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်ဖို့
စတာတွေကိုတော့ အားလုံးသိကြပြီး ဖြစ်မှာပါ။ အဲဒီအချက်တွေကို ပြောနေဆိုနေ
ဆွေးနွေးနေတယ်ဆိုတာ ကျွန်တော်တို့ တစ်ဖွဲ့ထဲ တစ်မျိုးထဲ အတွက်ပြောနေတာ
မဟုတ်ပါဘူး။ အခု
ကျင်းပနေတဲ့ဆွေးနွေးပွဲဟာလည်း ကျွန်တော်တို့ တစ်ဖွဲ့တစ်စု တစ်ပြည်နယ်ထဲအတွက်
ဆွေးနွေးနေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ ပြည်ထောင်စုကြီးအတွက်
လုပ်ကိုင်နေကြခြင်းသာ ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ မိမိတစ်ဦးတည်းအတွက် တောင်းဆို
လုပ်ကိုင်နေရမယ့် အချိန်မျိုး မဟုတ်ပါဘူး။ အဲဒီလိုလည်း မလုပ်ဆောင်သင့်ပါဘူး။
လုပ်ဆောင်ခဲ့ရင်လည်း အောင်မြင်မှု လုံးဝ မရနိုင်ပါဘူး။ ဒီနေ့ ဒီအချိန်ဟာ အားလုံးအတွက်
တစ်ပြည်လုံးအတွက် ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် ပြောဆိုလုပ်ကိုင်
ဆွေးနွေးကြရမယ့် အချိန်အခါသာ ဖြစ်ပါတယ်။ ဒီနေ့ ဒီနေရာမှာ ကျွန်တော်တို့
ဆွေးနွေးတင်ပြနေတာဟာ လူမျိုးစွဲ၊ ပါတီစွဲနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ရှမ်းပြည်သား
စိတ်ဓါတ်နဲ့ ပြောနေသလို တစ်ချိန်ထဲမှာဘဲ
ပြည်ထောင်စုသား စိတ်ဓါတ်နဲ့ ပြောဆိုဆွေးနွေးနေခြင်းသာ ဖြစ်ပါတယ်။
အထက်မှာ ကျွန်တော်တို့ တင်ပြခဲ့သလို အသွင်ကူးပြောင်းရေးကာလ
အခြေအနေကို လေ့လာကြည့် ကြရအောင်ပါ။ မကြာခင်က သတင်းတွေမှာ ပြောကြတာက
နိုင်ငံတော်သမ္မတကြီးက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို လုပ်ပိုင်ခွင့်
ပိုပေးတော့မယ်။ ဒါဆိုခင်ဗျားတို့ လိုချင်နေတဲ့ တန်းတူရေးဆိုတာနဲ့ နီးစပ်လာတာ
မဟုတ်ဘူးလား စသဖြင့်မေးကြပါတယ်။ ဆိုင်ရာ တိုင်းရင်းသား စာပေတွေကိုလည်း
သင်ကြားခွင့်ပေးတော့မယ်လို့ ပြောပါတယ်။ သေချာစဉ်းစားကြည့်လိုက်ရင် သမ္မတကြီးက
အခြေခံဥပဒေကို ကျော်ပြီး မလုပ်နိုင်ပါဘူး။ အဲဒီတော့ လုပ်ပိုင်ခွင့် ပိုပေးမယ်ဆိုတာ
အခြေခံဥပဒေက ခွင့်ပြုသလောက်ဘဲ ရမှာပါ။
ဒီ့ထက်ပိုချင်ရင်တော့ အခြေခံဥပဒေကို ပြင်မှ ရနိုင်မှာပါ။ အခု အခြေခံဥပဒေမှာ
ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပညာရေးနဲ့ ကျန်းမာရေး
မပါပါဘူး။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဆရာတစ်ယောက်ကို မခန့်နိုင်ပါဘူး။ ဆရာဝန်တစ်ယောက်ကိုလည်း
မခန့်နိုင်ပါဘူး။ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းဒေသကြီးတွေရဲ့
ဝန်ကြီးချုပ်ကို ကိုယ်ကိုတိုင်ခန့်အပ်ခွင့် မရှိသလိုဘဲဖြစ်ပါတယ်။ ဒါတွေက
အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ့် အချက်တွေထဲက ထင်းရှားတာလေးကို ရွေးပြီး
ပြောလိုက်ခြင်းသာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စကတော့ မကြာခင် အချိန်မှာဘဲ ကြေကြေလည်လည်
ဆွေးနွေးကြရတော့မယ့် ဘာသာရပ်တစ်ခု ဖြစ်လာတော့မှာပါ။ ဒီကိစ္စဟာ ဘယ်လိုမှ
မရှောင်လွဲနိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့က လေးလေးနက်နက်
လက်ခံယုံကြည်ထားပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တစ်ခုပေါ်ပေါက်လာဖို့
ဆောင်ရွက်ကြရာမှာ ပြည်နယ်တစ်ပြည်နယ်ချင်းအလိုက်ရော
တိုင်းဒေသကြီးတစ်ခုချင်းအလိုက်ရော အဲဒီမှာရှိနေကြတဲ့ အဖွဲ့အစည်းတွေအားလုံး
ညှိနှိုင်းထားကြပြီး လက်ချင်းခိုင်ခိုင် ချိတ်ဆွဲထားကြဖို့ လိုပါတယ်။
ဘာလို့လည်းဆိုရင် ကျွန်တော်တို့ ဆွေးနွေးကြရမယ့် ဘာသာရပ်တွေက အတော်ကို
များနေလို့ဖြစ်ပါတယ်။
တရားဥပဒေအတိုင်း ကျင့်သုံးဖို့ တနည်းအားဖြင့် တရားဥပဒေ
စိုးမိုးရေးရှိဖို့ကိစ္စ၊ နိုင်ငံရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စ၊ ဆင်းရဲ ချမ်းသာကွာဟ နေမှုကိစ္စ၊ ပညာရေးကိစ္စ၊
ကျန်းမာရေးကိစ္စ၊ အခွန်အကောက်တွေကိစ္စ၊ စ သဖြင့် ဘာသာရပ်ပေါင်းများစွာကို
ကျွန်တော်တို့ ပြောကြဆိုကြရမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ကိုင်းကကျွန်းကို
မှီခိုရသလို ကျွန်းကလည်း ကိုင်းကိုပြန်ပြီး မှီခိုရတဲ့သဘောလိုမျိုး ပြည်ထောင်စုကြီး သာယာဝပြောမှ ပြည်နယ်နဲ့တိုင်း သာယာဝပြောမှာဖြစ်သလို
ပြည်နယ်နဲ့တိုင်း သာယာဝပြောမှလည်း ပြည်ထောင်စုကြီးလည်း သာယာဝပြောမှာ ဖြစ်ပါတယ်။
ဒါကြောင့် အခြေခံ အကျဆုံးဖြစ်တဲ့ ကျွန်တော်တို့ ပြည်နယ်တွေမှာ ညီညွတ်မှုရအောင်၊
တစ်ဦးနဲ့ တစ်ဦး ယုံကြည်အောင်၊ လေးစားအောင်၊ သဘောပေါက်လာအောင်၊
လက်တွဲဆောင်ရွက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ဖို့ မသင့်ပေဘူးလားဗျာ။
ကျွန်တော်တို့ကတော့ ဒါ မဖြစ်မနေ ကြိုးစားဆောင်ရွက်ထားကြရမယ့် ကိစ္စတစ်ခု
အဖြစ်သဘောထားကြောင်း တင်ပြလိုပါတယ်။
ဒီနေ့ ကျွန်တော်တို့ ဆောင်ရွက်နေကြတဲ့ ဆွေးနွေးပွဲလိုမျိုးကို
လုပ်ပုံလုပ်နည်း မတူကြပေမဲ့ တစ်ခြား ပြည်နယ်တွေမှာလည်း
အသီးသီးညှိနှိုင်းဆောင်ရွက်နေကြတယ်ဆိုတာ သိထားရပါတယ်။ ပြည်နယ်တွေဖက်က ပြီးသွားခဲ့ရင်
ပြည်နယ်ပေါင်းစုံဆွေးနွေးပွဲမျိုးကိုလည်း မျှော်လင့်နိုင်ပါသေးတယ်။ တိုင်းဒေသကြီးတွေကလည်း
ပူးပေါင်း ပါဝင်ကောင်း ပါဝင်လာပါလိမ့်မယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ ပြည်နယ်ကို
အေးချမ်းစေချင်ပါတယ်။ ငြိမ်းချမ်းစေချင်ပါတယ်။ တခြားပြည်နယ်တွေကိုလည်း အလားတူ
ငြိမ်းချမ်းစေချင်ပါတယ်။ အခုကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပွဲ လုပ်နေတဲ့
အလုပ်တွေဟာ ပြည်ထောင်စုကြီးအတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မှု လုပ်ငန်းတွေအတွက်
အထောက်အကူဖြစ်အောင် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတစ်ရပ်
ပေါ်ပေါက်လာဖို့ ဆိုတာ နေ့ချင်းညချင်းဖိတ်ကြားပြီး ကျင်းပလိုက်ရုံနဲ့ လုံးဝမဖြစ်နိုင်ပါဘူး။
တစ်ဆင့်ပြီး တစ်ဆင့် တစ်ခုပြီးတစ်ခု ကြေကြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့
တစ်ဆင့်ချင်းသွားမှသာ ပြေလည်မှု အောင်မြင်မှု ရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အခု
ကျွန်တော်တို့တတွေရဲ့ ဆွေးနွေးနေကြခြင်းဟာ ပြည်ထောင်စုကြီး ငြိမ်းချမ်းစေဖို့ အထောက်အကူတစ်ခု လှေခါးထစ်တစ်ခုလို့ ဆိုရင်
မမှားနိုင်ပါဘူး။
အစိုးရအနေနဲ့
နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ အဆင့်တွေ ကျန်နေပါသေးတယ်။
အခု အပစ်အခတ် ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့လည်း
နိုင်ငံရေးဆွေးနွေးပွဲတွေ စတင် ကျင်းပသွားဖို့ ကျန်နေပါသေးတယ်။ အပစ်ရပ် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ
တွေ့ဆုံဆွေးနွေး နိုင်အောင် ဖန်တီးပေးဖို့ လုပ်ဆောင် ရပါလိမ့်မယ်။ အခု
အပစ်ရပ်အဖွဲ့အစည်းတွေရဲ့ အန္တိမရည်ရွယ်ချက်ဟာ နိုင်ငံရေးဘဲ ဖြစ်တယ်လို့
နားလည်ထားပါတယ်။ အဓိက ကတော့ နိုင်ငံရေးပြဿနာ
ပြေလည်မှုရဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးပြေလည်မှုရမှသာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးဆိုတာ အဓိပ္ပါယ် ရှိမှာဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ ရှိမှလည်း
အစိုးရက ပြောပြောနေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဆိုတာကို
တည်ဆောက်နိုင်မှာပါ။ ဘယ်လို အခြေအနေမျိုးမှာဘဲဖြစ်ဖြစ် တစ်ပြည်ထဲနေ တစ်ရေထဲသောက်
အချင်းချင်းတွေ ဖြစ်နေကြတာမို့ ဆွေးနွေးတဲ့အခါ -
ပထမဆုံးကတော့
ပွင့်လင်းမြင်သာမှု ရှိပြီး တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချမှု ရှိဖို့ ဖြစ်ပါတယ်။
ဒုတိယကတော့ စိတ်ကောင်းစေတနာကောင်း ထားရှိဖို့ဖြစ်ပါတယ်။ တတိယကတော့ ရိုးသားဖြောင့်မတ်ဖို့
ဖြစ်ပါတယ်။ စတုတ္ထကတော့ ကတိတဝတ် တည်ဖို့
ဖြစ်ပါတယ်။
ဒီနေ့ ဒီအချိန်မျိုးမှာ
မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်နေလို့ မရပါဘူး။
ကိုယ်က တစ်မျိုးပြောပြီး ကိုယ့်အဖွဲ့ထဲကဘဲ နောက်တစ်ယောက်က
နောက်တစ်မျိုးပြောနေလို့ မဖြစ်ပါဘူး။ ကိုယ်ပြောသလို ကိုယ့်လုပ်ရပ် တွေကလည်း
ပြောတဲ့အတိုင်း လိုက်ဖြစ်နေဖို့ လိုပါတယ်။
တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆိုတာ အဲသလို ဆောင်ရွက်မှုတွေအပေါ်မှာ
မူတည်နေပါတယ်။
တစ်ဦးနဲ့တစ်ဦး
ယုံယုံကြည်ကြည်နဲ့ ခင်ခင်မင်မင် ဖြစ်ဖို့ဆိုတာ နတ်ရေကန်ထဲ ခုန်ဆင်းလိုက်သလို
ချက်ချင်းကြီး ဖြစ်မလာနိုင်ပါဘူး။ သစ်ပင်တစ်ပင်ကို ပျိုးထောင်ရသလို
ရေလောင်းပေါင်းသင် တစ်ဖြည်းဖြည်း
ချင်းပြုစု ယူမှ ဖြစ်နိုင်ပါတယ်။
ဒီဥပမာလိုပါဘဲ ကျွန်တော်တို့ ရှမ်းပြည်နယ်/ကယားပြည်နယ်က အဖွဲ့အစည်း
တွေအနေနဲ့လဲ ဒီတစ်ကြိမ်ထဲ တွေ့ဆုံဆွေးနွေးသွားရုံနဲ့တင် ပြီးဆုံးသွားပြီလို့ ယူဆ
မထားစေချင်ပါဘူး။ ကျွန်တော်တို့ဟာ တစ်ကြိမ်ပြီး တစ်ကြိမ်
တွေ့ဆုံဆွေးနွေးနေကြရအုံးမယ်ဆိုတာကိုတော့ လက်ခံထားကြ စေချင်ပါတယ်။ ဒီနေ့လို
တွေ့ဆုံမှုဟာ ကနဦးတွေ့ဆုံကြပြီး ခင်မင်ရင်းနှီးသွားကြရုံတင်မကဘဲ နောင် အခါတွေမှာ
တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝင်ထွက်သွားလာ တိုင်ပင်ဆွေးနွေးသွားကြမယ်ဆိုရင် ကျွန်တော်တို့
ပြည်နယ်တွေရဲ့ စည်းလုံးညီညွတ်မှုဟာ တစ်ဖြည်းဖြည်းပိုမိုခိုင်မာလာမှာ ဖြစ်ပါတယ်။
တစ်ဦးနဲ့ တစ်ဦးလည်း ပိုမို ယုံကြည်လာမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကြီးရဲ့ အကျိုးကိုလည်း ကျရာအခန်းကဏ္ဍ
ကနေပြီး ပါဝင် ကူညီဆောင်ရွက် သွားနိုင်မှာဖြစ်ပါတယ်။
ကိုယ်စားလှယ်တော်ကြီးများခင်ဗျား -
ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
အနေနဲ့ ရှမ်းပြည်နယ်/ကယားပြည်နယ် အတွင်း စည်းလုံးညီညွတ်မှုနဲ့
ယုံကြည်မှုတည်ဆောက်နိုင်ဖို့ရာ ယခုလို အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်ခဲ့ သလိုပဲ
နောင်ကာလတွေမှာလည်း အတတ်နိုင်ဆုံး ဆက်လက်ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားမယ်
ဆိုတာပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
၂၀၁၃ ခုနှစ် မတ်လ ၂၀
၊ ၂၁ ၊ ၂၂ ရက်နေ့များတွင် ရှမ်းပြည်နယ် ၊ လားရှိုးမြို့ ၊ လားရှိုးမိုတယ်တွင်
ကျင်းပသည့်
ငြိမ်းချမ်းရေးအတွက်
ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်းပြည်နယ်/ ကယားပြည်နယ်)
ဆွေးနွေးပွဲသို့
တင်သွင်းသော SNLD ၏ ဆွေးနွေးတင်ပြချက်
No comments:
Post a Comment