''မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက
အမျိုးသားရင်ကြားစေ့ရေး နဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကိုမေ့ထား လို့မရပါဘူး''
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် တွေ့ဆုံခြင်း
ဝေမာသိမ့် တွေ့ဆုံမေးမြန်းသည်
မြန်မာ့နိုင်ငံရေး၏ လက်ရှိအခြေအနေတွင် နိုင်ငံရေးပါတီများအကြား ဖွဲ့စည်းပုံပြင်ဆင်ရေး စိုင်းပြင်းနေသကဲ့သို့ ရွေးကောက်ပွဲစနစ်ပြင်ဆင်နိုင်ရေးအပေါ်လည်း အမြင်မတူ အငြင်းပွားလျှက်ရှိကြသည်။ တစ်ဖက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို ဦးတည်နေပြီး စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်ရန်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၏ အသံများကိုလည်း ကျယ်ကျယ်လောင်လောင်ကြားလာရသည်။ လက်ရှိတွင်လည်း နိုင်ငံရေးပါတီအဖြစ်ရပ်တည်ကာ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နီးစပ်ထိတွေ့မှုရှိနေပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်များ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ညီလာခံများ ဦးဆောင်ကျင်းပပေးလျှက်ရှိသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆက်စပ်မှုများ၊ ညီလာခံ၏ရလဒ်များနှင့်တိုင်းရင်းသားလက်နက်ကိုင်များ၏ ဘုံတူညီသောဆန္ဒသဘောထားများ၊ ဖွဲ့စည်းပုံဘယ်လိုပြင်ဆင်မလဲစသည့်အကြောင်းများကိုတွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။ (အယ်ဒီတာ)
မေး။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုတွေရှိမလဲရှင့်။ ဖွဲ့စည်းပုံကို ပြင်ရမယ်ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ ဘယ်လိုအချက်တွေကို ပြင်ဆင်စေချင်လဲ။
ဖြေ။ ။ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်နိုင်သလောက်တော့ ပြင်ရမှာပဲ။ အခုလောလောဆယ် ကျွန်တော်တို့က နံပါတ်-၁ ပင်လုံစိတ်ဓာတ်၊ နံပါတ်-၂ က တန်းတူရေး၊ နံပါတ်-၃ က ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့။ ဒီအခြေခံ(၃)ချက်ချထားတယ်။ ပင်လုံစိတ်ဓါတ်ကို ဘာကြောင့်ပြောရတာလဲဆိုတော့ ၁၉၄၇ခုနှစ်မှာ ပြည်ထောင်စုပေါ်ပေါက်ဖို့အတွက် ရှမ်းပြည်နယ်က ဆုံးဖြတ်ချက်ချခဲ့တယ်။ ပင်လုံစိတ်ဓာတ်ပေါ်လာခဲ့တယ်။ ဒါကြောင့် ပြည်ထောင်စုပေါ်လာတယ်။ အဲ့ဒီမှာ ကတိကဝတ်တွေရှိခဲ့တယ်။ တန်းတူရည်တူပူးပေါင်းမယ်လို့ ဆိုခဲ့တယ်။ ဒါကိုလည်း ဗိုလ်ချုပ်အောင်ဆန်းသိတယ်။ အခြေခံဥပဒေမှာလည်း ၁ဝနှစ်ပြည့်ရင် ခွဲထွက်ပိုင်ခွင့်ရှိတယ်လို့ ရှမ်းနဲ့ကယားကို ပေးထားခဲ့တယ်။ အဲ့ဒီကတိကဝတ်တွေက ယုံကြည်မှုရှိအောင် တမင်ထည့်ထားတာဖြစ်တယ်။ အကြောင်းမဲ့ ဘယ်သူမှ ထည့်မထားပါဘူး။ ဒါဟာ သမိုင်းကြောင်းပဲဖြစ်ဖြစ်၊ ကတိကဝတ်ပဲဖြစ်ဖြစ် ဒါဟာပင်လုံရဲ့အခြေခံ ဖြစ်တဲ့အတွက် အဓိကထားရမှာဖြစ်တယ်။ တန်းတူရေးဆိုတာကတော့ ရှင်းပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်မှာ အခုက ခေတ်ပြောင်းသွားပြီ။ ပြည်နယ်တွေချည်းပဲ မဟုတ်တော့ဘူး။ ပြည်နယ်တွေမှာလည်း ရှမ်းပြည်နယ် တစ်ခုတည်းတောင်းလို့ မရတော့ဘူး။ အားလုံးရမှရမယ်။ ပြည်နယ်တွေ အကုန်လုံး ရဖို့လိုသလို၊ တိုင်းဒေသကြီးတွေလည်း ရဖို့လိုတယ်။ အခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ထောက်ပြလို့ရတာက အခုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော်ရှိတယ်၊ အမျိုးသားလွှတ်တော်ရှိတယ်၊ ပြည်သူ့လွှတ်တော်ရှိတယ်။ အခုဟာ Tricameral ဖြစ်နေတယ်။ တကယ်ဖြစ်သင့်တာက Bicameral ဖြစ်သင့်တယ်။ တကယ်တော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဆိုပြီးပဲ လုပ်ရမှာဖြစ်တယ်။ ပြည်သူ့လွှတ်တော်ဆိုတာက လူဦးရေပေါ်မှာ အခြေခံထားတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ ဗမာက အများစုပဲ။ ဒါက ငြင်းလို့မရဘူး။ ဆိုတော့ လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ၊ ထိခိုက်လာမယ့် ကိစ္စတွေကို ဘယ်လွှတ်တော်က အကာအကွယ်ပေးမလဲ။ အခုတော့ အမျိုးသားလွှတ်တော်၊ အရင်က လူမျိုးစုလွှတ်တော်၊ ၇၄အခြေခံဥပဒေမှာတော့ နိုင်ငံရေးကောင်စီ၊ အဲ့ဒီနေရာမှာလည်း တိုင်းခုနစ်တိုင်းအရေအတွက်က ပြည်နယ်တွေနဲ့အညီဖြစ်နေတော့ အပြန်အလှန် မထိန်းကြောင်းနိုင်ဘူး ဖြစ်နေတယ်။ အခု အမျိုးသားလွှတ်တော်ထားလည်း ပြည်သူ့လွှတ်တော်ကို ဘာမှမထိန်းကြောင်းနိုင်ဘူး။ Balance လုပ်လို့ မရဘူး ဖြစ်နေတယ်။ ပိုဆိုးတာက ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ရင် ပြည်သူ့လွှတ်တော်ကပဲနိုင်မှာပဲ။ ပိုက်ဆံတွေအကုန်ခံပြီး ဘာကြောင့်ထားမှာလဲ။ ဒါကြောင့် ကျွန်တော်တို့က မကြိုက်ပါဘူး။ ဒါကြောင့် ဗမာပြည်နယ်ဖွဲ့စည်းရေးကို မပြောတော့ဘူး။ တိုင်းခုနစ်တိုင်းဟာ အမျိုးသားလွှတ်တော် မှာ One Unit ပဲယူသင့်တယ်။ အဲဒီသဘောထားကို တင်ပြနေတာ ဖြစ်ပါတယ်။
မေး။ ။ အန်ကယ်တို့ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပါတီနဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေ ပါဝင်ပြီး ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆွေးနွေးပွဲတွေ လုပ်လာတာတွေ့ရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးလည်း ပြောပါဦးရှင့်။
ဖြေ။ ။ ကျွန်တော်တို့ မကြာခင်က ဆွေးနွေးပွဲနှစ်ကြိမ် လုပ်ခဲ့တာကနေပြီး မကြာခင်မှာ review ပြန်လုပ်မယ်။Trust Building အတွက် မှတ်တမ်းတွေ ရိုက်နေတယ်။ ပြီးရင် ဖြန့်ဝေမယ်။ ပြီးရင် လူထုထဲဆင်းပြီး လူထုတွေရဲ့အသံကို ပြန်နားထောင်မယ်။ အခု ကိစ္စမှာ ရှမ်းပြည်နယ်တစ်ခုလုံးရယ်၊ ကယားပြည်နယ် တစ်ခုလုံးရယ်၊ လက်နက်ကိုင်အားလုံး၊ နိုင်ငံရေးပါတီ အားလုံးပါပါတယ်။
မေး။ ။ အန်ကယ်တို့ ဦးဆောင်ကျင်းပတဲ့ ညီလာခံက ယုံကြည်မှုတည်ဆောက်ခြင်းတစ်ခုတည်းကို ဦးတည်ပြီး လုပ်ဆောင်ခဲ့တာပေါ့။ ကျန်တဲ့ အမျိုးသားသင့်မြတ်ရေးတို့၊ ဖွဲ့စည်းပုံ ပြင်ရေးတို့ကို မသွားသေးဘူးပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ခုတည်းကို ပဲသွားနေသေးတယ်။ ဘာလို့လဲဆိုတော့ လွယ်လွယ်ကတိပေး လွယ်လွယ်လုပ် ဆိုတာမျိုးတွေဖြစ်ပြီး တကယ့်လက်တွေ့မှာ ပါမလာတာမျိုးတွေကို မကြိုက်ဘူး။ ဒါကြောင့် လုပ်မယ်ဟေ့ဆိုရင် စိတ်ရောကိုယ်ရော လက်ခံတာမျိုးဖြစ်ဖို့ပဲ ဒီတစ်ခုကို အရင်ဆုံးလုပ်ဆောင်နေတာပါ။
မေး။ ။ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီတွေရော ဘုံတူညီတဲ့ လိုအပ်ချက်က ဘာများဖြစ်မလဲရှင့်။
ဖြေ။ ။ လက်နက်ကိုင်အားလုံးကတော့ မဆိုးဘူး။ အားလုံးအတူတူပဲ သဘောတူကြတယ်။ ဘာလဲဆိုတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲ။
မေး။ ။ရှမ်းပြည်နယ်မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တွေ၊ မျိုးနွယ်စုတွေလည်းရှိတော့ အခုဆိုရင် ''ဝ''ကပြည်နယ်အဖြစ် တောင်းလာတာမျိုးတွေရှိတော့ ရှမ်းပြည်နယ်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ပေးလာတဲ့အခါမှာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်လား။
ဖြေ။ ။ မရှိလောက်ဘူးလို့ ထင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်က အားလုံးပြဌာန်းခွင့်ရမှာပဲလေ။ အားလုံးဟာ ရှမ်းပြည်သားပါပဲ။ နစ်နာမလားလို့ စိတ်ပူကြပေမယ့် အခုထက်ပိုပြီးတော့ မနစ်နာပါဘူး။ အကယ်၍ ကိုယ်ပိုင်ပြဌာန်းခွင့်ရရင်လည်း Bi-cameral နဲ့ပဲ ရှမ်းပြည်နယ်ကိုသွားရမယ်။ လူနည်းစုတွေကို သူတို့ အခွင့်အရေးမထိခိုက်ရအောင်တော့ နောက်လွှတ်တော်တစ်ရပ်ထားပေးရမယ်။ ဒါကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့်လိုတယ်လို့ ပြောတာပါ။ ပြည်နယ်တိုင်း ပြည်နယ်တိုင်းမှာ သီးခြားဖွဲ့စည်းပုံရှိဖို့ လိုတယ်။
မေး။ ။ အစိုးရအဆက်ဆက်ကလည်း ဖဒရယ်ဆိုရင် ခွဲထွက်ရေးလို့ ပြောကြတယ်။ အခုတိုင်းရင်းသားတွေ ဘက်ကလည်း ခွဲထွက်မှာ မဟုတ်ဘူးလို့ ဆိုကြတော့ အန်ကယ်တို့သွားလိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဆိုတာက ဘယ်လိုမျိုးလဲရှင့်။
ဖြေ။ ။ ခွဲထွက်ဖို့အကြောင်း ဘာမှမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ပြည်နယ် ကိုယ့်ဖွဲ့စည်းပုံနဲ့ဆိုတော့ အလုပ်တွေရှုပ်နေမှာပဲ။ ခွဲထွက်ချင်တဲ့ဆန္ဒ ရှိဦးတော့ ခွဲထွက်လို့မရပါဘူး။ လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေ၊ လက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေ အရရော၊ စီးပွားရေးအခြေအနေအရရော ခွဲထွက်လို့ လုံးဝမရပါဘူး။ ခွဲထွက်တဲ့သူက ဘယ်သူနဲ့သွားပေါင်းမလဲ။ တကယ်တော့ ခွဲထွက်ရေးဆိုတာက နိုင်ငံရေးသမားတွေ နိုင်ငံရေးစကားပြောပြီး နိုင်ငံရေးကစားတဲ့ သဘောပါ။ ခွဲထွက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ခွဲထွက်ခွင့်ပေးရင်တောင် ထွက်သွားတဲ့သူက တော်တော်လေး ဒုက္ခရောက်လိမ့်မယ်။ အရင် ၁၉၄၇ခုနှစ်တုန်းက အခြေအနေကတော့ တစ်မျိုးပေါ့။ အခုက တစ်မျိုးပြောင်းသွားပြီလေ။ ခွဲထွက်ရေးဆိုတာ အမွေဆိုးကြီးအဖြစ် ကျန်နေတာ။ တကယ်တမ်းကျရင် မဖြစ်နိုင်တော့တဲ့ စကားလုံးကြီးပါ။ တကယ့်တကယ်လည်း ဘယ်တုန်းကမှ မကြံစည်ခဲ့ကြပါဘူး။ စကားလုံး သက်သက်သာ ဖြစ်ပါတယ်။
မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြားငြိမ်းချမ်းရေးစကား ပြောတဲ့အခါမှာလည်း လက်ရှိမှာရော ခွဲမထွက်ဖို့ ကတိကဝတ်တွေ တောင်းတာမျိုးတွေ ရှိသေးလား။
ဖြေ။ ။ အခုလည်း တိုင်းရင်းသားလက်နက်ကိုင်တွေကို ခွဲမထွက်ပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းတာတွေရှိတယ်။ တစ်ဖက်ကိုတော့ ခွဲမထွက်ပါဘူး ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ တစ်ဘက်မှာတော့ ခွဲမထွက်ဖို့ ကျွန်တော်တို့ဘက်က ဘာတွေတော့ လုပ်ပေးပါမယ်ဆိုတာမျိုးတွေမရှိဘူး။ ဥပမာ-မဖိနှိပ်ဘူး ဆိုတာမျိုးပေါ့။ အခုတော့ တဘက်သက်ကြီးဖြစ်လွန်းတယ်။ နှစ်ဖက်သဘောတူညီမှုဆိုတာ နှစ်ဖက်စလုံးက တာဝန်ယူမှုတွေ ရှိသင့်တာဘဲ။ တစ်ဖက်ကိုတော့ တာဝန်ယူခိုင်းပြီး ကျန်တစ်ဖက်ကတော့ ဘာမှ တာဝန်မရှိသလိုမျိုးကတော့ မဖြစ်သင့်ပါဘူး။
မေး။ ။ အခုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံ လေ့လာရေးအတွက် ကော်မတီဖွဲ့ဖို့ လုပ်လာပြီ။အန်ကယ်တို့ပါတီဆိုလည်း လွှတ်တော်ထဲမှာ တစ်ယောက်မှမရှိဘူး ဆိုတော့ လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးမှာတော့ အန်ကယ်တို့ ပါဝင်လို့မရတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဘယ်လိုကြိုးစား သွားမလဲ။
ဖြေ။ ။ အခု လွှတ်တော်တွင်းမှာ ပြင်ဆင်ဖို့ကြိုးစားတယ် ဆိုတဲ့နေရာမှာလည်း ပြည်ခိုင်ဖြိုးပါတီက အခုပြင်ဖို့ (၂၁) ချက် ရှိတယ်လို့ သိရတော့ လွှတ်တော်မှာလည်း ပြည်ခိုင်ဖြိုးအင်အားက ပိုများတော့ အခုပြင်မယ်ဆိုလည်း အစိုးရအတွက် လုပ်ကိုင်ဖို့ အဟန့်အတားဖြစ်နေတဲ့ ဥပဒေပုဒ်မတွေကိုပဲ ပြင်မယ်လို့ ထင်ပါတယ်။ မှားချင်လည်း မှားနိုင်ပေမယ့် အဲ့ဒါဖြစ်ဖို့များတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံး ညီညွှတ်အောင်တော့ ပြင်ဆင်မယ်လို့မထင်ဘူး။ အားလုံးက လွှတ်တော်ကိုပဲမြင်နေကြတယ်။ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ လက်ရှိသမ္မတရဲ့ ငြိမ်းချမ်းရေးအတွက် Rode-map (၈)ချက် ကလည်း လက်တွေ့ အကောင်အထည်ဖော်ရေးမှာ မဖြစ်နိုင်ဘူး။ UNFC မှာလုပ်တဲ့ WGEC ဆိုတဲ့အဖွဲ့က Framework တစ်ခုလုပ်နေတယ်။ အဲ့ဒီမှာ နိုင်ငံရေးပါတီတွေပါတယ်၊ လက်နက်ကိုင်အဖွဲ့တွေ ပါတယ်၊ အစိုးရပါပြီး ဆွေးနွေးကြမယ်။ အဲ့ဒီကနေ နိုင်ငံရေးသဘောတူညီမှုတွေ ထွက်လာပြီးရင် ဆက်လုပ်ဖို့ လွယ်မယ်ပေါ့။ ကျွန်တော်တို့ အမြင်က အခြေခံဥပဒေကို လွှတ်တော်ထဲမှာသွားပြီး အရင်ပြင်ဖို့ မလိုဘူး။ နိုင်ငံရေးပြဿနာကို အရင်ရှင်းဖို့လိုတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်ဖို့လိုတယ်။ နိုင်ငံရေး သဘောတူညီမှုတွေ ရခဲ့ရင် အမျိုးသားရင်ကြားစေ့ရေးအတွက်လည်း ပြေလည်သွားနိုင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးလည်း သိပ်ပြီး အခက်အခဲ ရှိတော့မှာ မဟုတ်ပါဘူး။ နိုင်ငံရေး သဘောတူညီမှု မရသေးဘဲ ဖွဲ့စည်းပုံကို ပြင်နေရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ပါဘူး။
မေး။ ။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အလားအလာတွေ ရှိနေပြီလား။
ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ သမ္မတကြီးကို တင်ပြတော့ သူ့အနေနဲ့လည်း ဒီလိုသဘောမျိုး ရှိတယ်လို့ ပြောပါတယ်။ အခုကေအိုင်အိုနဲ့ လက်မှတ်ထိုးနိုင်ပြီးရင် လက်နက်ကိုင်တွေ အားလုံးနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်တစ်ခါထပ်ထိုးမယ်။ တစ်ပြည်လုံး အပစ်ရပ်မယ်လို့ ကြေညာမယ်။ ဒါနဲ့ တစ်ပြိုင်တည်း မတရားအသင်း ကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စာရင်းထဲကနေ ပယ်ဖျက်ပေးပြီးရင် နိုင်ငံရေးတံခါး ပွင့်လာပြီ။ အဲ့ဒီအခါကြရင် အားလုံးဆွေးနွေးလို့ပြီ။ အဲ့ဒီအခါကြရင် နိုင်ငံရေးဆွေးနွေးပွဲအတွက် စပြီး လုပ်ဆောင်လို့ရပြီ။ နိုင်ငံရေးဆွေးနွေးတယ်ဆိုတာက လူကြီးချင်းတွေ့နေရုံနဲ့မပြီးဘူး။ အောက်ခြေအဆင့်တွေမှာလည်း အဆင့်ဆင့်ဆွေးနွေးညှိုနှိုင်းဖို့ လိုသေးတယ်။ အဲ့ဒီအချိန်ကြရင် အားလုံးပါဝင်ပြီး ဆွေးနွေးကြမယ်။ အဲ့ဒီအချိန်ကြမှ နိုင်ငံရေးဆွေးနွေးပွဲတွေက စမှာဖြစ်တယ်။ ကျွန်တော်တို့ သဘောထားကတော့ ပါတီစုံပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်သင့်တယ်။ သဘောတူညီမှုရအောင်တော့ အတော်ကိုခက်ခက်ခဲခဲ ကြိုးပမ်းကြရပါလိမ့်မယ်။ အဲ့ဒီမှာ ဆွေးနွေးလို့ သဘောတူညီချက်ရရင် ကျန်တာက ဘာမှမခက်တော့ဘူး။ အဲ့ဒီလိုဆွေးနွေးတဲ့အခါမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တကယ်လိုလားတဲ့ စိတ်မျိုးတွေတော့ အမှန်တကယ်ရှိဖို့ လိုတယ်၊ ပင်လုံစိတ်ဓာတ်မျိုးဆိုတာလည်း လိုပါတယ်။ အဲ့ဒီအခါကြရင် ကိုယ့်ဘက်က ကိုယ်လိုချင်တာချည်းလည်း မရတော့ဘူး။ ပါတီတွေ အားလုံးကနေ နိုင်ငံရေးသဘောတူညီချက်ရပြီဆိုရင် လွှတ်တော်ထဲမှာ ပြင်ဖို့ဆိုတာ သိပ်မခက်လှတော့ဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ လိုလားတာကတော့ နိုင်ငံရေးသဘောတူညီချက်ကို အခြေခံပြီးတော့မှ အခြေခံဥပဒေကို ပြန်ရေးသင့်ရေး၊ ပြင်သင့်တာတွေပြင်ပေါ့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးသဘောတူညီချက်က ဘာတွေဖြစ်မလဲဆိုတာ ကြိုတင်ပြီး မသိတဲ့အတွက်ပါ။ လုပ်လို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ပါတီတွေက ဘယ်လောက်ထိ ကိုယ့်အတ္တတွေ လျှော့ချနိုင်မလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။
မေး။ ။ လက်ရှိပါတီတွေနဲ့ လက်နက်ကိုင်တွေ၊ အစိုးရဘက်နဲ့ တွေ့ဆုံ ပြောဆိုကြတဲ့ အနေအထားမျိုးမှာ ဘုံလက်ခံနိုင်မယ့် နိုင်ငံရေး သဘောတူညီချက်တွေ ရဖို့ရော ဖြစ်နိုင်ပါ့မလား။
ဖြေ။ ။ ဖြစ်နိုင်အောင် ညှိရမှာဘဲ။ တစ်ခြားနည်းလမ်း မရှိပါဘူး။ အရင်ရွေးခဲ့ကြတဲ့ တစ်ခြားနည်းလမ်းတွေက အဆိုးအပျက်တွေဘဲ ဖြစ်ခဲ့တာ သင်ခန်းစာ ရှိပါတယ်။ အခု ဦးယွက်ဆစ်နဲ့ သမ္မတတွေ့တဲ့အခါမှာ သမ္မတဘက်ကပြောတာ နည်းနည်းထူးဆန်းတယ်။ အခြေခံပြင်ရေးတို့၊ နိုင်ငံရေး ဆွေးနွေးရေးတို့ကို ပြောတဲ့အခါမှာ ပြည်သူတွေရွေးကောက်တင်မြောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါတဲ့ လွှတ်တော်က အဖွဲ့တွေနဲ့ ဆွေးနွေးပါလို့ ပြောတယ်။ ဒီကိစ္စဟာ အတော်ကို ထူးဆန်းတယ်။
မေး။ ။ လက်နက်ကိုင်တွေအနေနဲ့ရော၊ လွှတ်တော်ပြင်ပမှာ ရှိတဲ့နိုင်ငံရေးပါတီတွေ အနေနဲ့ရော လွှတ်တော်ထဲမှာဆွေးနွေးသွားဖို့ကိစ္စ လက်ခံဖို့ ဖြစ်နိုင်လား။
ဖြေ။ ။ မဖြစ်နိုင်ဘူးဆိုတာ အခုအပစ်ရပ်စဲရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေကို လွှတ်တော်က ဘာမှမှ မပြောတာ။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ဘတ်ဂျက်လည်း မရှိဘူး။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြောတယ်။ သူတို့တအားလုပ်ချင်တယ်။ ဒါပေမယ့် သူတို့မလုပ်နိုင်ဘူး။ လွှတ်တော်ဟာ ဥပဒေပြုရေးကိုပဲ လုပ်ခွင့်ရှိတာဆိုတော့ Excutive Power မရှိဘူး။ ဒါကြောင့် မလုပ်နိုင်တာ။ ဒါပေမယ့် ကျွန်တော်မေးကြည့်တယ်။ တစ်ချိန်မှာ အခုလို ငြိမ်းချမ်းရေးကိစ္စတွေကို လွှတ်တော်က ကန့်ကွက်လာရင်ရောလို့မေးတော့ သူတို့မှာ ကတိကဝတ် ကော်မတီမှာ တင်ထားတဲ့ မှတ်တမ်းတွေတော့ရှိတယ် လို့ပြောတယ်။
မေး။ ။ အန်ကယ်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ကြည့်တဲ့အခါ အစိုးရအပေါ်သဘောထား ဘယ်လိုရှိလဲ။
ဖြေ။ ။ သူတို့က သိပ်ပြီးမတင်းမာပါဘူး။ နိုင်ငံရေး အရ မတင်းမာပါဘူး။ ကျွန်တော် နောက်ပိုင်းမှာ သူတို့နဲ့ တော်တော်လေးနီးနီးစပ်စပ် ရှိတယ်။ သူတို့နဲ့ ငြိမ်းချမ်းရေးဆီသွားဖို့ မခက်လောက်ဘူး။ ခက်တာက သူတို့နှစ်ဘက် ပြေလည်ပြီဆိုရင် အစိုးရတပ်တွေ လျော့ဖို့လိုတယ်။ အဲ့ဒီအတွက်တော့ ခက်မယ်ထင်တယ်။ အခု တပ်တွေက အစိုးရအောက်မှာ မရှိသလိုဖြစ်နေတယ်။ တပ်တွေလျော့လိုက်ရင်တော့ တော်တော်လေး အဆင်ပြေသွားမယ်။ အခုဟာက အပြန်ပြန်အလှန်လှန်တွေ ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာ သူပုန်မထနဲ့၊ သူပုန်မထရင်အေးချမ်းသွားပြီ။ အဲသလိုပြောကြတာ ရှိတယ်။ ဒါပေမဲ့ခက်တာက အဲ့ဒီသူပုန်တွေ မွေးဖွားလာတာက ဖိနှိပ်မှုတွေ၊ မတရားမှုတွေကြောင့် ပေါ်လာတာ။ တပ်တွေလျော့ချသွားမယ် ဟိုလူတွေလည်းမလုပ်နဲ့တော့ အဲ့ဒါဆိုရင် အားလုံး အဆင်ပြေသွားမယ်။ ရှမ်းပြည်နယ်မှာက လက်နက်ကိုင်အများဆုံးပဲ။ လက်နက်ကိုင်တွေများလေ ဒုက္ခရောက်လေပဲ။
မေး။ ။ အခုဆို နိုင်ငံရေးပါတီတွေက ၅၃-ခု တောင် ရှိနေပြီ။ ပါတီတွေကလည်း တော်တော်များလာတယ်။ နောက်ပြီး ရွေးကောက်ပွဲစနစ်ကိုလည်း ပြင်ဆင်ဖို့လည်း တာဆူနေကြပြီဆိုတော့ ရွေးကောက်ပွဲစနစ်ပြောင်းလဲလာရင် ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ။ ။ ပီအာ စနစ်သာကျင့်သုံးမယ်ဆိုရင် ပါတီတွေ ဒီ့ထက်ပိုများလာမယ်။ လူမျိုးစုတွေကလည်း သူတို့လူမျိုးစုတွေ အချိုးကျပါဝင်လာဖို့ လုပ်လာကြမယ်။ ပါတီမရှိတဲ့ လူမျိုးစုတွေက နစ်နာမှာပေါ့။ ထပ်ထောင်ကြမှာပေါ့။ လူမျိုးစုတွေဘက်ကတော့ ပြဿနာမရှိပါဘူး။ အခု အခြေအနေထိတော့ ရှမ်းတွေက ရှမ်းမဲပုံးပဲထည့်မှာပဲ။ ရခိုင်ဆိုလည်း ရခိုင်မဲပုံးထဲပဲထည့်မှာပဲ နည်းနည်းပါးပါးလောက်ပဲ အန်အယ်ဒီတို့၊ ကြံခိုင်ရေးတို့ရနိုင်မယ်။ အတင်းအကျပ်လုပ်ရင်တော့ မသိဘူးပေါ့။ ဒါပေမယ့် လာမယ့်ရွေးကောက်ပွဲတွေမှာ စောင့်ကြည့်ရေးအဖွဲ့တွေလည်း ဝင်လာမယ်ထင်တော့ အဲ့လိုတော့ မလုပ်လောက်တော့ဘူး။ ပါတီစုံကို ကျွန်တော်တို့ လက်ခံခဲ့ပြီဆိုတော့ အောင်မြင်တာ၊ မအောင်မြင်တာကို ကျွန်တော်တို့ ညှိရမှာပေါ့။ ကျွန်တော်တို့ပါတီက လုပ်နေတဲ့နိုင်ငံရေးက အာဏာရရှိရေးက အဓိကမဟုတ်ဘူး။ အခြေခံ ဥပဒေကောင်းဖို့ပဲ။ ကောင်းတဲ့ဥပဒေကို အားလုံးလိုက်နာဖို့ပဲ။ အဲ့လိုဆို ဥပဒေစိုးမိုးမှုရှိမယ်။ ဘယ်သူတွေဘဲရရ၊ နိုင်နိုင် ကျွန်တော်တို့ ဘာမှစိတ်မပူတော့ဘူး။ အရည်အချင်းရှိတဲ့သူတွေ ရဖို့ပဲလိုပါတယ်။ ကျွန်တော်တို့က လွှတ်တော်ထဲမသွားရလည်းကိစ္စ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအချိန်ကျရင် လွှတ်တော်ထဲသွားပြီး အခြေခံဥပဒေကိုလည်း ပြင်စရာမလိုတော့လို့ဘဲ။
မေး။ ။ အန်ကယ်ဆိုလိုတာက ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကို ဖွဲ့စည်းပုံဥပဒေက ပြင်ဆင်ပြီးသား ဖြစ်မယ်လို့ ဆိုတာလား။
ဖြေ။ ။ ကျွန်တော်ထင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ နိုင်ငံရေးပါတီတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော ပါဝင်တဲ့၊ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့၊ ညီလာခံကြီးတစ်ခု ၂ဝ၁၅ မတိုင်မီမှာ လုပ်နိုင်မယ်လို့ထင်တယ်။ အဲ့ဒီအတွက်လည်း ပြင်ဆင်နေကြတယ်။ အဲ့လို နိုင်ငံရေးဆွေးနွေးပွဲမျိုးက ဖြစ်လာမယ်လို့ထင်တယ်။ ဘယ်သူကမှ ကံသေကံမတော့ ပြောလို့မရဘူးပေါ့။ ဒီလို ဖြစ်လာအောင်တော့ ဝိုင်းပြီးကြိုးစားသွားဖို့ လိုတာပေါ့။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ရန်ကုန်တိုင်းမ် နေ့စဉ် အတွဲ(၁) အမှတ်(၅၁) သောကြာနေ့ ၊ ၂ဝ၁၃ ခုနှစ် ဇွန်-၂၈ ရက် နေ့ထုတ်တွင် ဖော်ပြထားသည်)
No comments:
Post a Comment