Friday 5 July 2013

ပဲ့တင်သံ ဂျာနယ်နှင့် မေး-ဖြေ ခြင်း

၁။       ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ချင်စိတ်မရှိအောင် လုပ်ဖို့က တို့တတွေရဲ့ တာဝန်ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ အန်ကယ်ရေးသားခဲ့ဖူးတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို နိုင်ငံတော်ကနေ ဘယ်တော့မှ ခွဲမထွက်ဘူးဆိုတာ ပါလာတယ်။ ဒီတော့ အန်ကယ်တို့အနေနဲ့ ခွဲမထွက်ချင်လောက်အောင်  ဘယ်လို အခင်းအကျင်းတွေလိုမလဲ ပြောပြပေးပါ။
 
ဖြေ-     အဲဒီစကားကို ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ ရှိပါတယ်။  ဒါကိုပြန်ပြောရတာက "ပင်လုံစိတ်ဓာတ်" ကို မမေ့ကြဖို့ပါ။  အခုအခါ ပြည်ထောင်စုကိစ္စ ပြောကြရင် တော်တော်များများက ပင်လုံစိတ်ဓာတ်အခြေခံကို မေ့ထားတတ်ကြလို့ပါ။ ဘယ်တော့မှ ခွဲမထွက်ရ ဆိုတာကို ဝန်ခံလက်မှတ်ထိုး ခိုင်းတာတွေရှိတယ်။ ကိစ္စမရှိပါဘူး။ နကိုယ်ကလည်း ခွဲထွက်ဖို့မရှိတော့ လက်မှတ်ထိုးတာဟာ ပြဿနာ မဟုတ်ပါဘူး။ တစ်ခု စိတ်ထဲမကောင်းတာက နကိုယ်ထဲက ခွဲထွက်ဖို့ မရှိခဲ့ဘူး။ ပြည်ထောင်စုကြီးထဲ ပေါင်းဝင်ခဲ့လို့ ခုလိုပြည်ထောင်စုကြီး ဖြစ်လာခဲ့တယ်။ ဟော နောက်ကြတော့မှ ခွဲထွက်မဲ့အန္တရာယ်ကြောင့် အာဏာသိမ်းရတယ်ဆိုပြီး ပြောတယ်။ တစ်လျှောက်လုံးမှာလည်း နိုင်ငံသားအားလုံးက တကယ်ထင် သွားအောင် လိမ်ခဲ့တယ်။ အခုအခါမှာတော့ ဒါမဟုတ်ဘူးဆိုတာ နိုင်ငံရေးသမားလောကမှာ အားလုံးက သိသွားကြပြီ။  လွှတ်တော်ဥက္ကဌ ကိုယ်တိုင်လည်း  ဖယ်ဒရယ်ပြည်ထောင်စုကိုဘဲ တည်ဆောက်သင့်တယ်၊ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ခြင်းမဟုတ်ဘူးလို့ အမေရိကမှာ ပြောနေပြီ။

          အဲဒီတော့ ဘယ်တော့မှ ခွဲမထွက်ပါဘူးဆိုတာကို လက်မှတ်ထိုးဝန်ခံနေရတာကိုက ကျနော့်စိတ်ထဲမှာ အရင်တစ်ချိန်တုန်းက အမှန်တကယ် ခွဲထွက်ဖို့ ကြိုးစားခဲ့လို့ အခုခါမှာ နောင်တရပြီး မလုပ်တော့ပါဘူးလို့ ဝန်ခံကတိပြု လက်မှတ်ထိုးရသလို ခံစားရတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။  လက်မှတ်ထိုးရတာကလည်း တစ်ဖက်ထဲက ဝန်ခံထိုးရတာဗျ ။ တစ်ခြားတစ်ဖက်က ခွဲမထွက်ချင်အောင် ကျနော်တို့ ဘာတွေ ဘာတွေ လုပ်ထားပါတယ်ဆိုတဲ့ အပြန်အလှန် ကတိကဝတ်မျိုးက လုံးဝမရှိဘူး။  နှစ်ဦးနှစ်ဖက် သဘောတူညီမှုဆိုရင် နှစ်ဖက်စလုံးက တာဝန်ယူမှုဆိုတာ ရှိကိုရှိရပါမယ်။ တစ်ဖက်ထဲကို ဝန်ခံထိုးခိုင်းနေတာကတော့ သိပ်မဟန်လှဘူးလို့ ထင်တယ်။ ဒါတွေက အင်မတန်မှ သိမ်မွေ့တဲ့ သတိထားရမယ့် အချက်တွေပေါ့။

          ကျနော်တို့ ပြောနေတဲ့ တန်းတူညီမျှရေးဆိုတာကလည်း ရှင်းရှင်းလေးပါ။ နိုင်ငံသားတိုင်း ရနေတဲ့ အခွင့်အရေးမျိုးကို လူတိုင်းတန်းတူ ရစေချင်တာပါ။ တိုင်းရင်းသားတွေက တောင်းနေလို့ တိုင်းရင်းသားတွေ ပိုရဖို့ မဟုတ်ပါဘူး။ ပိုလည်းမလိုချင်ပါဘူး။ ဒါပေမဲ့ လျှော့ပြီးတော့လည်း မလိုချင်ပါဘူး။  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာလည်း ရှမ်းပြည်တစ်ခုထဲ ရဖို့ မဟုတ်ပါဘူး။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအားလုံးကပါ ရကြရမှာပါ။  ဗဟိုချုပ်ကိုင်မှုတွေနဲ့ နှစ်ပေါင်းများစွာနေလာခဲ့ကြတယ်။ ဘာမှ တိုးတက်မှု မရှိခဲ့ဘူး။ ဒါကို ပြင်ဖို့လိုတယ်။ အရှေ့မှာ ကျနော်ပြောခဲ့တာရှိတယ်။ "ပင်လုံစိတ်ဓာတ်" ဆိုတာပြောခဲ့တယ်။ တကယ်တော့ ပင်လုံစိတ်ဓာတ်ဆိုတာ ပေါင်းစည်းရေးကို  မျက်ခြည်မပြတ်ဖို့ အမြဲနှလုံးသွင်းရမယ့် အချက်ပါ။ လွတ်လပ်ရေး ရပြီး နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။ မြန်မာပြည် မတိုးတက်ဘူး၊ ဆင်းရဲတယ်လို့ ပြောတယ်။ တကယ်ဆိုရင် ပြည်နယ်တွေမှာ ပိုပြီးဆင်းရဲတဲ့အပြင် ခေတ်တောင်နောက်ကျနေပါသေးတယ်။ မြို့ပေါ်ကိုဘဲ မကြည့်ပါနဲ့။ လူများစု နေထိုင်တဲ့ တောရွာတွေကို ကြည့်မှသိနိုင်မှာပါ။ ပြည်မမှာဆို စက်ရုံအလုပ်ရုံမှာ လုပ်ကိုင်တဲ့ အလုပ်သမား လူတန်းစားဆိုတာ ရှိပေမဲ့ ပြည်နယ်တွေမှာတော့ အလုပ်သမားလူတန်းစားဆိုတာ အတော့်ကို ရှားရှားပါးပါး ပါဘဲ။  ခင်ဗျားက ခွဲမထွက်ချင်အောင် ဘာလိုသလဲလို့မေးတယ်။  ကျနော်သိသလောက်ဆို ခွဲထွက်ဖို့ အခုမရှိဘူး၊ အရင်ကလည်း မရှိခဲ့ဘူး၊ ခွဲထွက်လို့လည်း မရနိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုထဲမှာဘဲ ဆက်ရှိနေမှာပါဘဲ။ အဲဒီလို ရှိနေတဲ့အချိန်မှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိဖို့ ၊ တန်းတူတဲ့ အခွင့်အရေးတွေရှိဖို့ဘဲ အဓိကအရေးကြီးပါတယ်။ ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ မတရားသဖြင့် သိမ်းပိုက်မှုတွေ၊ ရက်စက်မှုတွေ မရှိစေချင်ပါဘူး။

၂။       တိုင်းရင်းသားလူမျိုးစုတွေ လက်နက်ကိုင်အင်အားစုတွေ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတဲ့ အချက်တွေထဲမှာ ဘုံတူညီချက်အဖြစ် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်  ဖြစ်နေတာကိုတွေ့ရတယ်။အဲလို ဘုံသဘောတူညီချက်လည်း ရပြီဆိုတော့ အဲဒီဘုံသဘောတူညီချက် ပန်းတိုင်ရောက်ရေးအတွက် တိုင်းရင်းသားတွေရော လက်နက်ကိုင်အင်အားစုတွေရော ဘယ်လိုထိရောက်တဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်သွားမည်လဲ။

ဖြေ-     တိုင်းရင်းသားလူမျိုးစုတွေကတော့ ဘဝတူတွေမို့ သဘောထားတူအောင် ညှိနှိုင်းရတာ လွယ်ပါတယ်။ ပြည်မဖြစ်တဲ့ တိုင်းဒေသကြီးတွေက နိုင်ငံရေးသမားတွေနဲ့ အုပ်ချုပ်သူ လူတန်းစားတွေကို ရှင်းပြရတာ အတော်ကို လက်ဝင်ပါတယ်။ ရေဒီယိုတိုက်ရိုက်ဆွေးနွေးခန်းတစ်ခုမှာ ဦးသုဝေ က ဗမာမုန်းတီးရေးတွေလုပ်နေတယ် လို့တောင် စွပ်စွဲတာကြားရတယ်။ နှစ်ပေါင်းများစွာ မျက်စိပိတ်နားပိတ်ပြီး သမိုင်းအမှားကြီးကို အမှန်လုပ်ထားခဲ့တဲ့ ဒဏ်က ခုထိ မပျောက်သေးပါဘူး။ အတော်များများကတော့ အခုအချိန်မှာ သဘောပေါက်လက်ခံ လာကြပါတယ်။ ထောက်ခံမှုတွေလည်း စိတ်စေတနာ အမှန်နဲ့ ပေးနေကြပါတယ်။ ခင်ဗျားပြောတဲ့ ထိရောက်တဲ့ လုပ်ဆောင်မှု ဆိုတာတော့ သေသေချာချာ မပြောတတ်ဘူး။ ကျနော့် အမြင်ကတော့ မြန်မာ့နိုင်ငံရေးလောကမှာ ပြည်ထောင်စုတစ်ဝှမ်းလုံး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိဖို့လိုတယ် ဆိုတာကို နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ နားလည် သဘောပေါက် လက်ခံလာအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ထင်ပါတယ်။  အကျိုးသင့် အကြောင်းသင့် ရှိတဲ့အကြောင်း၊ အဓိပ္ပာယ် ရှိတဲ့အကြောင်း  နားလည်အောင် ရှင်းပြဖို့လိုပါတယ်။  တစ်ချို့က ရှင်းပြတာကို နားမထောင်ဘူး။ သူတို့ သိတာ တတ်တာကိုဘဲ ပြောနေတယ်။ သူတို့ထင်တာကိုဘဲ ပြောနေတယ်။ "ပင်လုံစိတ်ဓာတ်" ဆိုတာကို မေ့ထားလိုက်ကြတယ်။ ဘာဘဲဖြစ်ဖြစ် တဖြည်းဖြည်းနဲ့တော့ ကြိုးပမ်းသွားရ မှာပေါ့လေ။

၃။       ၂၀၀၈ ဖွဲ့စည်းပုံမှာကတော့  ပြည်နယ်တွေကို သတ်မှတ်အာဏာပေးထားပြီး ကြွင်းကျန်အာဏာကို ပြည်ထောင်စုအစိုးရက ရယူထား၍  ပြောင်းပြန်ဖြစ်နေတယ်လို့ ဆိုကြတယ်။ အဲဒီတော့ အာဏာခွဲဝေမှု ဟန်ချက်ညီအောင် ၂၀၀၈ ဥပဒေကို ပြည်မတောင်တန်း တန်းတူညီမှု ရှိအောင် ဘယ်လိုအချက်တွေကို အဓိက ပြင်ချင်တာလဲ ဆိုတာလေးပြောပြပေးပါ။

ဖြေ-     တန်းတူတဲ့ ပြည်ထောင်စု၊ တနည်းအားဖြင့် စစ်မှန်တဲ့ ပြည်ထောင်စုဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ သူ့အခြေခံဥပဒေနဲ့သူ ရှိနေရပါမယ်။ ကြွင်းကျန်အာဏာကိုလည်း ကျင့်သုံးနိုင်ခွင့်ရှိ ရပါမယ်။ အားလုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုအစိုးရမှာတော့ သတ်မှတ်အာဏာကို ကျင့်သုံးရပါမယ်။ ဥပမာ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊  စာတိုက်ကြေးနန်း၊ တပ်မတော် စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အားလုံးနဲ့ ဆိုင်တဲ့ ဘုံအလုပ်တွေကို ပြည်ထောင်စုအစိုးရက တာဝန်ယူဆောင်ရွက်သွားတယ်။ တစ်ချို့ကတော့ ခင်ဗျားတို့ ဒါတွေချည်းပြောနေရင် ခက်မယ်။ မဖြစ်နိုင်ဘူးလို့ ဆိုတာရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည်မှာ အရေးတကြီး လိုအပ်ချက်တွေထဲမှာ "အမျိုးသားပြန်လည်သင့်မြတ်ရေး" ဆိုတာကလည်း အဓိကလိုအပ်ချက် ဖြစ်နေတယ်။ အေးချမ်းသာယာတဲ့ ပြည်ထောင်စု၊ ငြိမ်းချမ်းမှုနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စု၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု၊ ဒါတွေကို မျှော်လင့် ထားရင်တော့ အားလုံးနဲ့ သဘောတူမှု မရ ရအောင်တော့ ညှိနှိုင်းသွားရမှာ ဖြစ်ပါတယ်။

၎။       ဒီမိုကရေစီအရေး ကြိုးပမ်းနေစဉ်မှာ ဖယ်ဒရယ်ဝင်လာရင်  နှောင့်နှေးမှာစိုးတယ်။ ခွဲထွက်မှာစိုးတယ် ဆိုတဲ့ထင်မြင်ယူဆချက်တွေအပေါ်မှာ အန်ကယ်ပြောလိုတဲ့ စကားလေးသိပါရစေ။

ဖြေ-     ခက်တော့ ခက်ကုန်ပြီ။ မေးတဲ့ မေးခွန်းတိုင်းမှာကိုက ခွဲထွက်တဲ့ကိစ္စက မပြီးနိုင်သေးဘူး။ ရှမ်းနိုင်ငံရေးသမားလို့ ဆိုလိုက်တာနဲ့ ခွဲထွက်တာကို တွဲပြီး တန်းမြင်လိုက်ကြတာဘဲ ဖြစ်နေတယ်။ ခွဲထွက်မှာ စိုးတယ် ဆိုတာကိုတော့  ကျနော် ရှင်းပြခဲ့ ပြီးပါပြီ။ ဖယ်ဒရယ်ကြောင့် ဒီမိုကရေစီအရေး မထိခိုက်နိုင်ပါဘူး။ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ဖို့ရာ ဖယ်ဒရယ်ပြည်ထောင်စုဟာလည်း လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ လူကြီးတွေကတော့ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးဟာ  ဒင်္ဂါးတစ်ပြားရဲ့ ခေါင်းနဲ့ပန်းလိုဘဲ တွဲနေတယ်လို့ ပြောကြတယ်။ နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို တစ်ပြိုက်နက်တည်း ကြိုးပမ်းသွားမယ်လို့ ပြောထားကြပါတယ်။ တစ်ခုပြီးမှ နောက်တစ်ခုဆောင်ရွက်တာဟာ နည်းလမ်းမမှန်ဘူးလို့ သူတို့ ခံယူထားကြတယ်။

၅။       ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အသံတွေ ကျယ်ကျယ်လောင်လောင်နဲ့ လွှတ်တော်တွင်းမှာရော  ပြင်ပမှာပါ ကြားနေရပါပြီ။ အဲလို ပြင်ဆင်ဖို့လည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ အရေးကို ကြေကြေလည်လည် ဆွေးနွေးဖို့ ဘယ်တော့လောက် စတင်ဆွေးနွေးဖြစ်မလဲ။

ဖြေ-     ဟုတ်ပါတယ်။ အားလုံးလောက်နီးနီးက ပြင်ဖို့ ပြောနေကြပါပြီ။ တဖြည်းဖြည်းနဲ့ များလာပါပြီ။ အရင်က ပြင်ဖို့ဆို လုံးဝလက်မခံတဲ့လူတွေတောင် အခုဆို ပြင်ဖို့ပြောလာကြပါပြီ။ အခက်အခဲက လွှတ်တော်တွင်းမှာ ပြင်ဖို့ အတော့်ကိုခက်တဲ့ကိစ္စပါ။  အခြေခံဥပဒေ ကိစ္စကို ဆွေးနွေးတာကတော့ နိုင်ငံရေးစလုပ်တဲ့အချိန်ကတည်းက ဆွေးနွေးတာပါ။ အခုအခြေခံဥပဒေကို မရေးရသေးတဲ့အချိန်ကတည်းက ဆွေးနွေးခဲ့တာပါ။ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ဆွေးနွေးတယ်ဆိုတာကလည်း အခု ချက်ချင်းလက်ငင်း ကောက်လုပ်လို့ မရနိုင်ပါဘူး။ ကျနော်တို့ ဖြစ်ချင်တဲ့ အခြေခံဥပဒေက အားလုံးနှစ်သက်လက်ခံတဲ့ အခြေခံဥပဒေမျိုးကို လိုချင်တာပါ။ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့လောက်က သူတို့လိုချင်သလို ရေးသွားတာမျိုးကို လက်မခံနိုင်ပါဘူး။ အားလုံးညှိနှိုင်းပြီး အားလုံးလောက်က လက်ခံတဲ့ အခြေခံဥပဒေမျိုးကို လိုတာပါ။

၆။       ၂၀၀၈ အခြေခံဥပဒေကို  ပြင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဖို့လိုအပ်တယ်။ ဒါကြောင့် ဘယ်လိုနည်းလမ်းတွေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို အမြန်ဆုံး အကောင်အထည်ဖေါ် သွားမလဲ။

ဖြေ-     ခင်ဗျားက ၂၀၁၅ မတိုင်မီ ပြင်ဖို့လိုတယ်လို့ ဘာကြောင့် ပြောတာပါလဲ။ အခုဆို တစ်ချို့က ပြောနေပြီ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲ သမ္မတဖြစ်ဖို့ အခြေခံဥပဒေကို ပြင်ပေးတာမျိုးကတော့ မဖြစ်နိုင်ဘူးဆိုတာမျိုးတွေ ပြောနေတာ ကြားနေရတယ်။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အရေးအကြီးဆုံးကတော့ "နိုင်ငံရေးသဘောတူညီမှု" တွေ ရဖို့လိုတာပါဘဲ။ ပါတီတွေ၊  တပ်မတော် စတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီး ရလာတဲ့ သဘောတူညီမှုကသာလျှင်  အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အလွယ်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးဖြစ်မှာပါ။ အဲဒီ သဘောတူညီမှုမျိုးကတော့ လွယ်လွယ်နဲ့ ဘယ်ရနိုင်ပါ့မလဲ။ ဒါပေမဲ့ အဲဒီ လမ်းကတော့ အကောင်းဆုံးဘဲလို့ ကျနော်ယူဆတယ်။ အဓိက ကတော့ "နိုင်ငံရေးသဘောတူညီမှု" ရဖို့ဘဲ ဖြစ်ပါတယ်။ သဘောတူကြရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အလွန်ချောမွေ့တဲ့လမ်းကနေ ဆက်သွား နိုင်ပါလိမ့်မယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း အတော်ကို လှပနေပါလိမ့်မယ်။  ခင်ဗျား ပြောသလို ၂၀၁၅ ခုနှစ်ဆိုတဲ့  အချိန်ကာလကတော့ ကျနော် ကံသေကံမ  မပြောတတ်ပါဘူး။

၇။       ဦးခွန်ထွန်းဦးက လက်နက်ကိုင်တွေ လက်နက်စွန့် လွှတ်တော်ထဲဝင်ပြီးမှ အခြေခံဥပဒေပြင်ဖို့ဆိုတာ မလွယ်ဘူးလို့ ပြောခဲ့တယ်။ အဲဒါအပေါ်မှာ အန်ကယ့်ရဲ့ အမြင်လေးကို ပြောပြပေးပါ။

ဖြေ-     လွှတ်တော်ထဲဝင်ဖို့ဆိုတာ ဒီအတိုင်းလမ်းလျှောက်ပြီး ဝင်သွားလို့ရတာမှ မဟုတ်တာ။ ရွေးကောက်ပွဲ ဝင်ရအုန်းမှာ။ ရွေးကောက်ပွဲဝင်ပေမဲ့  နိုင်လည်းနိုင်ဖို့ လိုပါသေးတယ်။ မနိုင်ရင်လည်း ဘယ်လိုလုပ် လွှတ်တော်ထဲ ဝင်နိုင်မလဲ။ နောက်လက်နက်စွန့်ဖို့က လွှတ်တော်ထဲဝင်ဖို့ သက်သက်နဲ့တော့ လက်နက်စွန့်နိုင်မယ်လို့ ကျနော်မထင်ဘူး။ လက်နက်စွန့်ဖို့ ဆိုတာက နိုင်ငံရေးပြေလည်မှု ရဖို့ ၊ နိုင်ငံရေး သဘောတူညီမှုတွေ ရဖို့ လိုတယ်လေ။ ဒါမှ လက်နက်စွန့်ခိုင်းလို့ ရမှာပေါ့။  သူတို့တတွေလည်း နားလည်ကြပါတယ်။ အခုဆို ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲရောက်နေပြီ။ အခြေခံဥပဒေ ပြင်ဖို့ဆိုတာ ဘာမှကို မလုပ်နိုင်သေးဘူး။ သူတို့ဆိုရင် ပိုဆိုးမယ်ဆိုတာ သူတို့ သိတာပေါ့။ မဖြစ်နိုင်တဲ့ လမ်းစဉ်ကို ချပြနေတော့ သူတို့အနေနဲ့ လိုက်သွားဖို့ အတော်ကို ခက်မှာပါ။ ဒါကတော့ မပြေလည်နိုင်တဲ့ အချက်တွေကို သက်ဆိုးရှည်နေစေမှာပေါ့။  လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ပြင်နိုင်တာကတော့ တပ်မတော်ရဲ့ သဘောတူညီမှုကို USDP ပါတီက ရယူနိုင်မယ်ဆိုရင်တော့ တစ်ချို့ဥပဒေတွေ ပြင်နိုင်ပါတယ်။ ဒါက တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ခင်ဗျားပြင်ချင်တဲ့ အတိုင်း ပြင်ပေးနိုင်အောင် USDP  နဲ့ တပ်မတော်ကို ဘယ်လို စည်းရုံးမလဲ။

၈။       တိုင်းရင်းသား လက်နက်ကိုင်တွေအတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ဘဲ လက်မှတ်ထိုးခိုင်းတာ ပြောင်းပြန်ဖြစ်နေတယ်လို့ ဦးစိုင်းလိတ် ပြောထားပါတယ်။ အဲဒါအပေါ်မှာရော ဘယ်လိုမြင်မိလဲ။ အကယ်လို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ဘယ်အဆင့်တွေ ကျော်လွန်ဖို့ လိုအပ်ပါသလဲ။

ဖြေ-     တကယ်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့က အဓိက အချက်ဖြစ်ပါတယ်။ တစ်ချို့ အဖွဲ့အစည်းတွေကတော့ နိုင်ငံရေးပြေလည်မှုရမှာ အပစ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆိုတဲ့ အယူအဆရှိ ပါတယ်။ ဘယ်သူမှန်သလဲ ဆိုတာတော့ ပြောလို့မတတ်ပါဘူး။ ဘယ်သူမှလည်း အတွေ့အကြုံ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံအတွက် တကယ့်ကို သေရေးရှင်ရေးကိစ္စ ဖြစ်ပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာ နိုင်ငံရေးသဘောတူမှုတွေ ရဖို့လိုပါတယ်။ နိုင်ငံရေးသဘောတူညီမှုတွေ ရဖို့ဆိုရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ မရှိလို့ မရနိုင်ပါဘူး။ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ သဘောတူညီမှု ရဖို့ အလွန်ဘဲခက်ခဲနိုင်သလို တစ်ဖက်ကလည်း အလွန်ကို လိုအပ်ပါတယ်။ မဖြစ်မနေ စိတ်ရှည်လက်ရှည် ဇွဲနဲ့ ကြိုးစားရမှာ ဖြစ်ပါတယ်။

၉။       တရားဥပဒေ စိုးမိုးရေး ရှိဖို့ကိစ္စ၊ နိုင်ငံရေးကိစ္စ၊ အုပ်ချုပ်ရေး ကိစ္စ၊ ဆင်းရဲ ချမ်းသာကွာဟ နေမှုကိစ္စ၊ ပညာရေး ကိစ္စ၊ ကျန်းမာရေး ကိစ္စ၊ အခွန်အကောက် ကိစ္စ၊ တွေကို အဖြေထုတ်ဖို့ ဘယ်လိုနည်းလမ်းတွေများ စဉ်းစားထားပြီး ဘယ်လိုမျိုး အချက်တွေကို အစိုးရဘက်ကနေ လိုက်လျော လုပ်ဆောင်ပေးစေလိုပါသလဲ။

ဖြေ-     မေးတဲ့ "ကိစ္စ" တွေက အတော်ကိုများတာဘဲ။ ခေါင်းစဉ်တွေ အားလုံးပေါင်းလိုက်ရင် နိုင်ငံတစ်နိုင်ငံ လောက်ကို ဖြစ်နေပြီ။ အဖြေထုတ်ပေးဖို့ဆိုတာ မရှင်းပါဘူး။ ဘာကို အဖြေထုတ်ပေးရမလဲ။ လက်တလောကတော့ ကျနော်က သာမန် နိုင်ငံရေးသမားတစ်ယောက်သာ ဖြစ်နေတယ်။ အသေးစိတ် ကျနော်နားမလည်ဘူးဆိုတာကို ဝန်ခံရမှာဘဲ။ တစ်ချို့ကိစ္စတွေက ပညာရှင်ကသာ ဖြေရှင်းပေးနိုင်ပါတယ်။ ဘယ်သူမှ ကိုယ်တစ်ယောက်ထဲ မစွမ်းဆောင်နိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာ ဘက်ပေါင်းစုံက ပညာရှင်ပေါင်းစုံလိုအပ်တယ် ဆိုတာ လက်ခံထားရပါမယ်။ အဲဒီလို လက်မခံခဲ့လို့ ဒီနေ့ ကျနော်တို့ ဘာဖြစ်နေသလဲ။ အားလုံးအသိဘဲ။

၁၀။     လတ်တလော ရေပန်းစားနေတဲ့ PR  စနစ်ခေါ် အချိုးအစားအလိုက် ကိုယ်စားပြုမှု စနစ်ကို ဆရာ့အနေနဲ့ သဘောတူညီမှု မရှိဘူးလို့ ဖြေထားတာတွေ တွေ့ရတယ်။ ဘာကြောင့်သဘောမတူရတာလဲ။

ဖြေ-     ဟုတ်ပါတယ်။ သဘောမတူပါဘူး။ ပြည်နယ်တွေမှာရှိတဲ့ ပြည်သူတွေအဖို့ သဘောပေါက်ဖို့ မလွယ်ပါဘူး။ အမှားမှား အယွင်းယွင်း ဖြစ်နိုင်ပါတယ်။ ကဲဗျာ ...... PR စနစ်ကို ပြောင်းချင်တယ်။ အခုသုံးနေတဲ့ စနစ်က သုံးလို့မဖြစ်တဲ့ အခြေအနေမှာ ဖြစ်နေသလား။ အဲလိုလည်း မဟုတ်ပြန်ဘူး။ ကျနော်ထင်တာကို ပြောရရင် ရွေးကောက်ပွဲမှာ မနိုင်ဖူးတဲ့လူနဲ့ များများနိုင်ချင်တဲ့လူတွေ ပေါင်းလုပ်တယ်လို့ ထင်တာဘဲ။ လုပ်ချင်လည်း လုပ်ပေါ့ လုပ်ခွင့်ရှိတာဘဲ။ ပြောခွင့်ရှိတာဘဲ။  အခြေခံဥပဒေနဲ့လည်း ကိုက်ညီမှု ရှိ-မရှိ ပြန်စစ်ဖို့ လိုပါတယ်။ ကျနော်တို့ ပြည်နယ်တွေကတော့ ကိုယ့်နယ်က ကိုယ်တိုင်ရွေးကောက်တင်မြှောက်ထားတဲ့ သူတို့ ကိုယ်စားလှယ်တွေ ပျောက်သွားရင် ဘယ်သူ့ကို သွားအားကိုးရမလဲဆိုပြီး အားကိုးရာမဲ့သွားမှာကို စိတ်ပူနေကြပါတယ်။

၁၁။     ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအစား ကျနော်တို့အားလုံးလိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံနဲ့ အစားထိုးဖို့ လိုအပ်ပါတယ် - လို့ ဗိုလ်ချုပ်ကြီးဆေထဲန်ကပြောခဲ့ပါတယ်။ ဒါဆိုရင် ၂၀၀၈ ဥပဒေကို ပြောင်းလဲရုံမဟုတ်ဘဲ အစားထိုးပြင်ဆင်ဖို့ လိုအပ်တယ်လို့ သဘောသက်ရောက်နေပါတယ်။ အန်ကယ့်အနေနဲ့ အစားထိုးခြင်း၊ ပြန်လည်ရေးဆွဲခြင်း၊ ပြုပြင်ခြင်းတွေထဲက ဘယ်ဟာက အသင့်တော်ဆုံးလို့ မြင်မိပါသလဲ။ တိုင်းရင်းသားခေါင်းဆောင် အများစုကရော ဘယ်အချက်ကို ပိုလိုလား ပါသလဲ။

ဖြေ-     အဓိက ကတော့ ရည်မှန်းချက်ကို ရောက်ဖို့ပါဘဲ။ အစားထိုးလို့ ပြီးမယ်ဆိုရင်လည်း အစားထိုးပေါ့။ ပြုပြင်တာ လုပ်လို့ အဆင်ပြေပြည့်စုံမယ်ဆိုလည်း ပြုပြင်တာလုပ်ပေါ့။ ဒါမှမဟုတ် အစားထိုးဖို့ လိုတယ်ဆိုလည်း အစားထိုးပေါ့။ ဒါက ချက်ချင်းပြောလို့ မရနိုင်ပါဘူး။ ဆွေးနွေးပွဲကရတဲ့ သဘောတူညီမှုတွေ အပေါ်မှာ မူတည်ပါတယ်။  နိုင်ငံရေးသဘောတူညီမှုအပေါ်မှာ မူတည်ပါတယ်။

၁၂။     ဖယ်ဒရယ်စနစ်ဆိုတာကို အန်ကယ် ဘယ်လိုယုံကြည်လက်ခံမိလဲဆိုတာလေး ပြည်သူလူထုနားလည် အောင် မျှဝေပေးပါ။

ဖြေ-     အဲဒီစနစ်ကို ပြောရရင် အချက်ကြီး သုံးချက်ကို မူတည်ပြီး ပြောရပါမယ်။ တစ်က- ပင်လုံစိတ်ဓာတ်ပါ။ ပြည်ထောင်စုမြန်မာနိုင်ငံကြီးကို ပေါ်ထွန်းစေခဲ့တာ ပင်လုံစိတ်ဓာတ်ပါ။ အပြန်အလှန် လေးစားမှုနဲ့ ကတိကဝတ် တွေထားခဲ့တာ ပင်လုံးစိတ်ဓာတ်ပါ။ ဒါတွေကို မေ့ထားလို့ မရပါဘူး။ ကတိကဝတ်ကို ဖျက်ချင်စိတ်ရှိတဲ့လူတွေကတော့ ဒါကိုမေ့ထားချင်ကြတယ်။ ဒါပေမဲ့ သမိုင်းကြောင်းဆိုတာ မမေ့သင့်ပါဘူး။  နှစ်က- တန်းတူညီမျှရေးပါ။ အားလုံး တစ်နိုင်ငံလုံး နိုင်ငံရေးအရ ၊ စီးပွါးရေးအရ၊ လူမှုရေးအရ၊ ပညာရေး ကျန်းမာရေးအရ စသဖြင့်  တန်းတူညီမျှမှု ရှိဖို့လိုပါတယ်။ သုံးက- အားလုံး တစ်နိုင်ငံလုံး နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စသဖြင့် အားလုံးကို ပြည်သူတွေကိုယ်တိုင်က ကိုယ်ဖာသာ ပြဌာန်းနိုင်ခွင့် ရှိကြရပါမယ်။ ဒီအချက်သုံးချက်ကို ကျင့်သုံးရာမှာ လူနည်းစုလူမျိုးတွေကို ကာကွယ်ဖို့ အပြန်အလှန်ထိန်းညှိတဲ့ စနစ်တစ်ရပ်လည်း ရှိထားရပါမယ်။ ကျနော်တော့ ဒီလို ယုံကြည်ပါတယ်။

၁၃။     ဖယ်ဒရယ်ပုံစံနဲ့ ဖွဲ့စည်းမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ ရှိသင့်တယ်လို့ ယူဆသလား။ အဲဒီ ကိစ္စကို ဘယ်လိုဆောင်ရွက်သင့်လဲ။

ဖြေ-     ဟုတ်ကဲ့။ ရှိရပါမယ်။ အားလုံးညှိနှိုင်းပြီး ရေးယူရမှာပေါ့။

၁၄။     အခု တလော မတရားအသင်းနဲ့ ဆက်သွယ်မှု ဥပဒေ ပုဒ်မ - ၁၇ (၁) ဖျက်သိမ်းဖို့ ကြိုးစားတာဟာ ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ-     ၁၇ (၁) ကို ဖျက်သိမ်းဖို့ ဆိုရင် လွှတ်တော်မှာ အခြေအတင် ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။ မတရားသင်းအဖြစ် ကျေညာထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ်ကျေညာထားတဲ့ စာရင်းထဲကနေ ပယ်ဖျက်လိုက်ရင် ၁၇(၁) နဲ့  ငြိစွမ်းဖို့ မရှိတော့ပါဘူး။ မတရားအသင်း မရှိတော့ရင် ၁၇(၁) ကိုလည်း ကျင့်သုံးဖို့ မလိုတော့ပါဘူး။ ရှေ့မှာပြောခဲ့သလို ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့  နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ ရပါမယ်။ အဲဒီမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တပါးတည်းဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ အဲဒီလို ဆွေးနွေးပွဲတွေက ပုံစံအမျိုးမျိုးနဲ့ အများအပြား လုပ်ကြရမှာပါ။  အဲဒီအခါမှာ မတရားသင်းကျေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ အတားအဆီးဖြစ်နေတာက ၁၇(၁) ပါ။ အဲဒါ  မရှိတော့ရင် ဆွေးနွေးပွဲ တံခါးကိုဖွင့်လိုက်တာနဲ့ အတူတူပါဘဲ။  ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းဖို့ကိစ္စ ဆွေးနွေးပွဲတွေ ကျင်းပနိုင်တော့မှာမို့ အတော်ကို အကျိုးသက်ရောက်မှု ရှိမှာသေချာပါတယ်။

(၂၀၁၃ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့ ပထမဆုံးထုတ်ဝေသည့် "ပဲ့တင်သံ" ဂျာနယ်တွင် ဖေါ်ပြပါသည်။ ထိုသို့ ဖေါ်ပြရာတွင် ချန်လှပ်ထားသည်များလည်း ရှိခဲ့ပါသည်။ ယခု စာမျက်နှာများသည် မူလ မေး-ဖြေချက်များ ဖြစ်ပါကြောင်း)

1 comment:

  1. ပဲ့တင်သံဂျာနယ်မှာ ၂ ပတ် ဆက်တိုက်ပါတာပါ။ ပထမအပတ်မှာ အကုန်မဖော်ပြထားပေမဲ့ နောက်အပတ်မှာ ဆက်လက်ဖော်ပြထားပါတယ်။

    ReplyDelete