အမှတ်(၃၉) ၂၇ မတ် ၂၀၁၄
နိုင်ငံရေးပါတီအနေနဲ့ မရပ်တည်ဘဲ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်မယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ အဲဒီလိုရပ်တည်တဲ့အတွက် လူထုကို ဘယ်လိုအကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါသလဲ။
( ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းညွန့်လွင် နှင့် တွေ့ဆုံခြင်း )
မတ် ၂၅
SNLD နှင့် SNDP တို့ ပူးပေါင်းမည်ဆိုသည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကိုပါ မကြာမီဆုံးဖြတ်တော့မည်ဟု သတင်းများပေါ်ထွက်နေသဖြင့် SNLD မှ စိုင်းညွန့်လွင် နှင့် ပဲ့တင်သံက မေးမြန်းခဲ့သည်များအနက် အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြပါသည်။
မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲဟာ အနာဂတ်မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်ထိ အရေးကြီးပါသလဲ။ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်း ကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို သုံးသပ်ပေးပါ။
ဖြေ။ ။ ၂၀၁၅ ကို ကျွန်တော်တို့ကတော့ ပုံမှန်ပဲ မြင်တယ်။ ၂၀၁၀ မှာ ပွဲလုပ်တဲ့အတွက် ၂၀၁၅ မှာ ပုံမှန်လုပ်ရတဲ့ပွဲလို့ပဲ မြင်တယ်။ အရေးကြီးတယ်လို့တော့ ယတိပြတ်ပြောလို့ မရဘူးပေါ့။ သို့ပေမဲ့ ဘာနဲ့ လာငြိနေသလဲဆိုတော့ အခြေခံဥပဒေ လူထုကို ကျိုးမပြုနိုင်ဘူးဆိုတာ သိလာပြီဆိုတဲ့အခါကျတော့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နောက်တစ်ခုက ပြည်တွင်းငြိမ်းချမ်းရေးရအောင် လက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ ငြိမ်းချမ်းရေးစကားပြော အပစ်ခတ်ရပ်စဲမယ်ပေါ့နော်။ ဆိုတော့ကာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လာပြီးအံဝင်ခွင်ကျဖြစ်နေပြီ။ ရွေးကောက်ပွဲက သာမန်တော့မဟုတ်ဘူးပေါ့။ အရေးပါသင့်သလောက် ပါပါတယ်။
မေး။ ။ အပစ်အခတ်ရပ်စဲရေးဆိုတာနဲ့ဆက်စပ်ပြီး မိုးအကုန်ကျရင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတော့မယ်လို့ ဆိုတယ်။ နိုင်ငံရေးဆွေးနွေးပွဲကအဖြေတွေကို အစိုးရအနေနဲ့ အာမခံချက်ရှိအောင် ဘာတွေလုပ်ပေးဖို့ လိုမလဲ။
ဖြေ။ ။ ပြောဖို့ စောသေးတယ်။ အဆင့်တွေ အများကြီးကျန်သေးတယ်။ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးနိုင်တဲ့အဆင့် သွားရမယ်။ ပြီးမှ Political Dialogue Framework ပေါ့။ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လိုပုံစံနဲ့သွားမလဲ ပြောကြည့်ရမယ်။ ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲ စမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဘယ်လိုအာမခံချက်တွေရှိမလဲဆိုတာ ပြောရမှာပေါ့။ များသောအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ နိုင်ငံရေးသဘောတူညီချက်ဆိုတာရဖို့က ခက်တယ်။ ဘယ်လောက်ကြာမယ်ဆိုတာ မသိဘူး။ စိတ်ရှည်လက်ရှည် လုပ်ကြမယ်။ နောက်နှစ်ဖက်ကလည်း တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ဦးစားပေးမယ်။ ကိုယ်ကျိုးစီးပွားကို ဦးစားမပေးနဲ့ပေါ့။ တိုင်းရင်းသားပြည်သူတွေကို ဦးစားပေးမယ်ဟေ့ဆိုရင်တော့ အစည်းအဝေးက ပြီးသွားနိုင်ပါတယ်။ အစည်းအဝေးက ရတဲ့သဘောတူညီချက်တွေက အခြေခံဥပဒေ ဖြစ်လာမှာပဲလေ။
မေး။ ။ ရှမ်းအပြင် အခြားတိုင်းရင်းသားတွေကိုရော SNLD အနေနဲ့ ဘယ်လို ကိုယ်စားပြုပေးနိုင်မလဲ။
ဖြေ။ ။ ကျွန်တော်တို့က အခုပြောင်းလိုက်ပြီး မျိုးဆက်သစ်တွေနဲ့ NGO တွေနဲ့ ဆွေးနွေးကြတယ်။ ကိုယ့်လူမျိုးပေါ် အခြေခံတဲ့ Nationality Based ကနေမှ အခု State Based ပြောင်းလိုက်ပြီ။ ရှမ်းလူမျိုးတစ်ခုတည်းအတွက် မလုပ်တော့ဘူး။ ရှမ်းပြည်နယ်သားတွေ အတွက်ပေါ့။ ရှမ်းပြည်သားဆိုတာ ရှမ်းပြည်နယ်မှာရှိတဲ့ ဘယ်လူမျိုးဖြစ်ဖြစ်ပေါ့။
မေး။ ။ ရှမ်းပြည်နယ်သားတွေအတွက်ဆိုပြီး ပြည်နယ်အခြေခံထားတယ်။ သို့ပေမဲ့ ရှမ်းလူမျိုးပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ အခြားပြည်နယ်နဲ့တိုင်းက ရှမ်းတွေအတွက်ကိုကော ဘယ်လိုပြင်ဆင်ထားလဲ၊ သူတို့အတွက်ကော ဘာတွေ ဆောင်ရွက်ပေးမှာလဲ။
ဖြေ။ ။ အရင်တုန်းက၊ အရင်တုန်းကပေါ့နော်။ ရှမ်းပြည်နယ်အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တွေအထိ လက်လှမ်းမီတယ်လေ။ အခုက ကျွန်တော်တို့က ရွေးကောက်ပွဲပြီးတဲ့အခါကျမှ ဖွဲ့တဲ့အခါကျတော့ ကျားဖြူပါတီ SNDP ရဲ့ နောက်ကို လိုက်နေရတာ။ လိုက်နေရတဲ့အတွက်ကြောင့် ဟိုဘက်ကို မရောက်ဘူးဖြစ်နေတယ်။
မေး။ ။ ကျားဖြူပါတီနောက်ကိုပဲ လိုက်နေရတယ်လို့ဆိုလို့လေ။ ပါတီနှစ်ခုပူးပေါင်းဖို့ ဆွေးနွေးနေတာကရော ဘယ်အဆင့်ထိ ရောက်ပြီလဲ။
ဖြေ။ ။ အခု နောက်ဆုံးတွေ့ဖို့အတွက်ကို ပြောကြတာ။ ကျားဖြူပါတီ SNDP က နောက်ဆုံးပေးတဲ့ရက်စွဲက မေလအကုန် ဇွန်ပထမအပတ်တဲ့။
မေး။ ။ ပါတီ ၂ ခုက အခြေခံ Rules & Regulations တွေမတူညီတဲ့အခါ ပူးပေါင်းဖို့ဆိုတာ စဉ်းစားဖို့လိုတယ်။ ခက်လည်း ခက်ခဲတယ်၊ သို့ပေမဲ့ လိုအပ်တယ်လို့ ပြောခဲ့တော့ မတူညီတဲ့ Background နှစ်ခုမှာ ပူးပေါင်းဖို့ အခြေခံတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ။
ဖြေ။ ။ အမှန်ကတော့ ပြောရမယ်ဆိုရင် ရှမ်းပြည်နယ်ကောင်းစားရေးကို အခြေပြုရမှာပဲလေ။ Democracy နဲ့ Federal ဆိုတာမှာပဲ အခြေပြုရမှာပဲလေ။ သို့ပေမဲ့ ဘာလို့ အဲလိုဖြစ်သွားလဲဆိုတာ ကျွန်တော်လည်း မသိဘူး။ ကျားဖြူပါတီကို ကျွုန်တော်တို့ ထောင်ထဲကနေ ထူထောင်တယ်။ ပိုက်ဆံတွေအများကြီးအကုန်ခံပြီး လုပ်ခဲ့တယ်။ ၅၀ ကျော် ၆၀ လောက်နိုင်တယ်။ နိုင်လည်း နိုင်ရော ခေါင်းဆောင်တွေ ကောင်စီထဲဝင်သွားတော့ မတတ်နိုင်ဘူးလေ။ အဲ့တော့ အရင်ပါတီကို ပြန်ကောက်လုပ်ရတာပေါ့။ ပေါ်လစီက စထူထောင်တုန်းက ဘာမှမကွဲပြားဘူး။ နောက်ကျမှ Rules & Regulations တွေ ပြောင်းလဲသွားသလားပဲ။ သူတို့ဟာ သူတို့ပြောင်းတာတော့ မတတ်နိုင်ဘူးပေါ့နော်။ နောက်တစ်ခုက Party Charter တွေကို ကျွန်တော်တို့ပဲ ရေးခဲ့တာဆိုတော့ ကွဲပြားမှုက သိပ်မရှိဘူး။ သို့ပေမဲ့ ဘာကြောင့် အဲ့လိုကွဲသွားလဲတော့ မသိဘူး။ အရင်တုန်းက သူငယ်ချင်းတွေပဲ၊ မိတ်ဆွေတွေပဲ အခုက ခပ်ကင်းကင်းပုံစံမျိုးဖြစ်သွားပြီ။ ကျွန်တော်တို့က အလိုလိုနေရင်း တော်လှန်ရေးသမားတွေ ဖြစ်နေတယ်။ အမှန်ကတော့ သေချာညှိရမှာ၊ နိုင်ငံရေးရေချိန် မမြင့်တာတွေလည်း ပါတယ်။ မရင့်ကျက်ဘူးပေါ့။
မေး။ ။ အစတည်းက အခြေခံတူညီချက်တွေ ရှိခဲ့တယ်။ အခုလည်း နှစ်ပါတီ ပူးပေါင်းရေးအတွက် ဆွေးနွေးနေကြတယ်။ သို့ပေမဲ့ အပြန်အလှန် ထိန်းကျောင်းတဲ့ Democracy ယဉ်ကျေးမှုအရကော ဘယ်လို မြင်မိလဲ။
ဖြေ။ ။ အမှန်ကတော့ ပရိသတ်တွေက၊ ရှမ်းပြည်နယ်လူထုက တိုက်တွန်းလို့ပါ။ ကျွန်တော်တို့ဆို တစ်ပါတီမကြိုက်လို့ တိုက်လာတာပဲ။ ၂ ပါတီရှိတာ ဘာဖြစ်လဲ။ ဘာမှဖြစ်စရာ မရှိဘူး။ ကျွန်တော် တစ်ယောက်တည်းသဘောပြောတာပါ။ အကောင်းပြိုင်မှာပေါ့၊ ကောင်းအောင် လုပ်လေ Check & Balance ရှိနေရင် သူက မမှားနိုင်ဘူး။
မေး။ ။ ၂ ပါတီအနေနဲ့ လွှတ်တော်မှာသွားပြီး ကိုယ်စားပြုတဲ့အခါ ရှမ်းတိုင်းရင်းသားတွေကို ကိုယ်စားပြုမှုက အားနည်းမသွားနိုင်ဘူးလား။
ဖြေ။ ။ ၂ ပါတီဆို အားနည်းတာပေါ့။ ခုဟာက ရှမ်းတွေချည်းလည်း မဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးရဲ့ဘဝလို့ပဲ ပြောရမလား။ ပြန်ပေါင်းနိုင်တာ ရခိုင်တွေတစ်ခုပဲ ရှိတယ်လေ။ သို့တိုင်အောင် သိပ်မငြိမ်ဘူး။ တစ်ခုတည်းတော့ ဖြစ်သွားပြီ။ သို့ပေမဲ့ ဇာတ်လမ်းတွေ အများကြီးကျန်သေးတယ်။
မေး။ ။ ရှမ်းပြည်နယ်အတွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ ရှိနေသလို တိုင်းရင်းသားမျိုးနွယ်စု အများအပြားလည်း ရှိနေတာမို့ ရှမ်းနိုင်ငံရေးပါတီအနေနဲ့ ရှမ်းတိုင်းရင်းသားအရေးကိုသာမက ကျန်တဲ့တိုင်းရင်းသားတွေအရေးကိုပါ ကြည့်မှပဲ အဆင်ပြေမယ်လို့ ယူဆပါသလား။ ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း ရှမ်းပြည်နယ်လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေမှာ ပါဝင်ခွင့်ရခဲ့ရင် ရှမ်းပြည်နယ်အရေးကို ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်သွားမယ်လို့ တွေးထားပါသလဲ။
ဖြေ။ ။ အခု လောလောဆယ်မှာ အရိုးသားဆုံးပြောရမယ်ဆိုရင် ရှမ်းပြည်နယ်မှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ကိုယ်က ဘာမှ မလုပ်ပေးနိုင်သေးဘူး။ အဲဒါက အမှန်ပဲ။ ကျွန်တော်တို့ မပြောနဲ့လေ အခု လက်ရှိ အစိုးရတောင်မှ ဘယ်လောက်လုပ်ပေးနိုင်သေးသလဲ။ အဲ့မှာ အခြေခံဥပဒေက အများကြီး အရေးပါတယ်။ အခြေခံဥပဒေ ပြင်ကြမယ် နောက်ပြီးတော့ အသစ်ရေးကြမယ်ဆိုပြီး စကားတွေ များနေကြတာ အဲလိုအကြောင်းတွေကြောင့်လဲ ပါတယ်။
မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုပြင်ဆင်ချင်လဲ။
ဖြေ။ ။ အရိုးသားဆုံးလည်း ပြောရမယ်။ ရှင်းအောင်လည်း ပြောရမယ်ဆိုရင် ကျွန်တော်တို့က အသစ်ကို ရေးချင်တာ။ ကျွန်တော်တို့ ထောင်ထဲရောက်တဲ့အထိကို တောင့်ခံခဲ့တာပဲ။ ဒီအခြေခံဥပဒေကို မကြိုက်ဘူး။ ပြည်ထောင်စုအတွက်ရော၊ မြန်မာပြည်အတွက်ရော ကောင်းဖို့၊ ဖွံ့ဖြိုးအောင် လုပ်ဖို့ ကျွန်တော်က ယုံကို မယုံဘူး။ တချို့ကလည်း ပြောတယ် ပါတီမှတ်ပုံတင်ပြန်တင်တယ်ဆိုတော့ ခင်ဗျားတို့ မယုံကြည်ဘဲနဲ့
အခြေခံဥပဒေအောက်မှာရှိတဲ့ဥပဒေမှာ ဘာလို့ပြန်ပြီးတော့ မှတ်ပုံတင်သလဲ။ သူတို့က နားမလည်တာ။ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောရမှာပဲ။ သို့ပေမဲ့ အခြေခံဥပဒေကို တစ်နိုင်ငံလုံးက ဥပဒေတစ်ရပ်အနေနဲ့ ကျင့်သုံးနေပြီဟေ့ဆိုရင် ကျွန်တော်တို့ကလည်း ကျင့်သုံးရမှာပဲ။ လိုက်နာတာနဲ့ မကြိုက်တာနဲ့ တခြားစီနော်။ အခြေခံဥပဒေကိုတော့ ကျွန်တော်တို့လိုက်နာရမှာပဲ၊ ရှိနေပြီကိုး။ မကြိုက်ခွင့်တော့ ရှိတယ်လေ၊ မလိုက်နာခွင့်တော့ မရှိဘူး။
မေး။ ။ လွှတ်တော်တွင်းကိုတော့ သိပ်သဘောမတွေ့လှဘူးပေါ့။ လွှတ်တော်ပြင်ပမှာကော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်နိုင်ပါလဲ။
ဖြေ။ ။ ကျွန်တော်တို့ တောက်လျှောက်အယူအဆကတော့ အားလုံးပါဝင်တဲ့ အမျိုးသားညီလာခံအချို့ကလည်း ပင်လုံကဲ့သို့ ညီလာခံ၊ ဦးအောင်မင်းတို့ပြောတာက All Inclusive ဖြစ်တဲ့ ညီလာခံပေါ့။ အမည်ပဲ ကွဲနေတာ သဘောတရားက တူတူပဲ၊ အဲ့လိုညီလာခံဖြစ်ဖို့ ပိုရည်သန်တယ်။
မေး။ ။ စိတ်ကူးထဲမှာတော့ အကောင်းဆုံးနည်းလမ်းတစ်ခုပေါ့။ သို့ပေမဲ့ လက်ရှိအချိန်မှာ လက်တွေ့ပိုကျတဲ့နည်းကော မရှိဘူးလား။
ဖြေ။ ။ စိတ်ဓာတ်တွေပြင်ဖို့ လိုမယ်။ ကိုယ်ကျိုးအတွက်ပဲ ၊ ကိုယ့်ပါတီတစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ဦးစားပေးတဲ့စိတ်နဲ့ ပြင်ရမယ်။ အဲဒီနည်းက သွေးထွက်အနည်းဆုံးပဲ၊ ချွေးထွက်လည်း နည်းမယ်။ လွှတ်တော်မှာ ပြင်နေတယ်ဆိုရင် ကောင်းပါတယ်။ သို့ပေမဲ့ မပြီးဘူးလေ။
မေး။ ။ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးတာတွေကိုကော လွှတ်တော်က ဘယ်လိုအာမခံချက်ပေးသင့်လဲ။
ဖြေ။ ။ အစိုးရဘက်က လုပ်ကြတာတော့ ကမ္ဘာမှာ ထင်ရှားခဲ့တဲ့သူတွေရှေ့မှာ လက်မှတ်ထိုးမယ်။ အဲ့လိုထိုးပြီးရင် ထိုးတဲ့စာချုပ်ကို လွှတ်တော်တင်မှာ၊ စာချုပ်ကို ဥပဒေတစ်ရပ်ကဲ့သို့ အဆုံးဖြတ်ပေးမှာဆိုရင် စာချုပ်က ဥပဒေတစ်ရပ်ကဲ့သို့ ဖြစ်သွားမယ်။ ဒါကြောင့် ဒီ အစိုးရမရှိတော့ဘူးဆိုရင်လည်း သူက ဥပဒေဖြစ်နေတဲ့အတွက်ကြောင့် နောက်အစိုးရနဲ့ လွှတ်တော်က လိုက်နာရမယ်၊ ဆက်လက်ဆောင်ရွက်ရမယ်။ လွှတ်တော်မှာ ဥပဒေတစ်ရပ်ကဲ့သို့ သတ်မှတ်မှာဆိုရင်တော့ မဆိုးပါဘူး။ ပင်လုံစာချုပ်တောင် မလိုက်နာဘူးလေ။ သို့ပေမဲ့ ပင်လုံစာချုပ်က လွှတ်တော်မရောက်ဘူးလေ။
မေး။ ။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရတဲ့ ကိုယ်စားလှယ်အချို့ရဲ့စုဖွဲ့ထားတဲ့အဖွဲ့မှာလည်း ပူးပေါင်းပါဝင်နေတာကို တွေ့ရပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ မရပ်တည်ဘဲ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ရပ်တည်မယ်ဆိုတာ ဘာကို ဆိုလိုပါသလဲ။ အဲဒီလို ရပ်တည်တဲ့အတွက် လူထုကို ဘယ်လိုအကျိုးပြုနိုင်မယ်လို့ ယုံကြည်ပါသလဲ။ ဘာတွေ ဆက်လုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ခု ကျွန်တော် လုပ်နေတာ ကျွန်တော့်ပါတီနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်း အကူအညီပေးနေတာပဲလေ။ လိုအပ်တဲ့နေရာမှာ လုပ်ရမှာပဲ၊ ကျရာနေရာပေါ့။ နိုင်ငံရေးသမားဆိုတော့ ပြောလို့မရဘူး။ လက်ပန်းတော့ ကျလာပြီ၊ အသက် ၆၀ ကျော်လာပြီ၊ ထားပါလေ။ ယုံကြည်ချက်ဆိုတာ ဘယ်လိုလျော့သွားလို့ ရမလဲ။ လူထုကို အကျိုးပြုဖို့ဆိုတာ တစ်ယောက်တည်းတော့ လုပ်လို့မရဘူး၊ အစုအဖွဲ့နဲ့လုပ်မှ ရမှာ။ ပါတီနဲ့လုပ်ရင်လုပ်၊ ပါတီနဲ့ ကွဲသွားရင်လဲ ကိုယ်ယုံကြည်တဲ့ အဖွဲ့အစည်းနဲ့ လုပ်ရင်လုပ်။
မေး။ ။ ရှမ်းပြည်နယ်မှာ မဖြစ်မနေလိုအပ်နေတဲ့ မူဝါဒတစ်ခု (သို့မဟုတ်) ပြောင်းလဲဖို့ လိုနေတဲ့ မူဝါဒတစ်ခုကို ပြောပြပေးပါ။
ဖြေ။ ။ ကျွန်တော် World Bank နဲ့ ပြောတယ်။ သူတို့ရှမ်းပြည်နယ်မှာ ထောက်ပံ့ရင် အရင်ဆုံးဘာလိုမလဲလို့ မေးတယ်။ ကျွန်တော် ပြောလိုက်တယ်။ ရှမ်းပြည်နယ်မှာ အရင်ဆုံးအကူအညီပေးရမှာ တောင်သူလယ်သမားပဲ။ သူတို့က အနိမ့်ပါးဆုံးဖြစ်နေတယ်။ အဲဒီမှာ လူမျိုး မပါတော့ဘူး။ ဖွံ့ဖြိုးရေးပဲ။။ ကျွန်တော့်စိတ်ထဲမှာတော့ တောင်သူလယ်သမားနဲ့ အောက်ခြေလူအများ၊ ဆင်းရဲပြီး အကျပ်အတည်း
ရောက်နေတဲ့သူတွေကို အရင်ဆုံးကူညီရမယ်။ ခရိုနီတွေဆီက ယူသင့်လည်း ယူရမယ်။ ကိုယ့်အတွက် ယူတာမဟုတ်ဘူးလေ။
၀၄၂
No comments:
Post a Comment