Friday, 6 June 2014

ဒီလှိုင်း စာစောင် အတွဲ (၃)၊ အမှတ် (၁၄ - ၁၅) အင်တာဗျူး

ဒီလှိုင်း စာစောင်
အတွဲ (၃)၊ အမှတ် (၁၄) တနင်္လာနေ့၊ ၇ - ၄ - ၂၀၁၄

SNLD စိုင်းညွန့်လွင် ပြောတဲ့ နိုင်ငံရေးသဘောတူညီချက်


ငြိမ်းချမ်းသာယာသော ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ထွန်းရေးအတွက်
တိုင်းရင်းသားပါတီအဖွဲ့အစည်းများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအား တွေ့ဆုံမေးမြန်းမှုများ
ပြုလုပ်ရန် ဒီလှိုင်းက ရည်မှန်းထားသည်။ ထို့ကြောင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)  အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် နှင့် ပထမဆုံး ဆက်သွယ် မေးမြန်းဖြစ်ခဲ့သည်။

+ + +

မေး။    ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဆရာတို့ မဝင်ခဲ့ဘူး။ ခုကျင်းပမယ့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဝင်မယ်လို့ ကြားသိရပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ အကြား ဘယ်လိုခြားနားမှုတွေအပေါ် ဆရာတို့ သုံးသပ်ဆုံးဖြတ်ခဲ့ပါသလဲ။ ဘယ်အတိုင်းအတာထိ ဝင်ရောက် အရွေးခံသွားနိုင်မလဲ။

ဖြေ။    ။ ၂၀၁၀ တုန်းက ရွေးကောက်ပွဲမဝင်တာ အကြောင်းနှစ်ချက်ရှိတယ်။ ပထမအချက်က ဆရာတို့လို ရှမ်းခေါင်းဆောင်တွေ ထောင်ထဲမှာရှိနေတယ်။ နောက်တစ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ အဲဒီ့နှစ်ချက်ကြောင့် ရွေးကောက်ပွဲ မဝင်ခဲ့ဘူး။ နောက်ပိုင်းတော့ ခေါင်းဆောင်တွေ ပြန်လွတ်လာတယ်။ ပါတီလည်း ပြန်မှတ်ပုံတင်ဖြစ်တယ်။ ခု ၂၀၁၄ မတိုင်ခင်ကတည်းက မြို့နယ်ပေါင်းစုံ ပါဝင်တဲ့ ပါတီညီလာခံ လုပ်ပါတယ်။ အဲဒီညီလာခံမှာ အသေးစိတ်ဆွေးနွေးတော့ ကိုယ်စားလှယ်အများစုရဲ့ သဘောထားက ရွေးကောက်ပွဲဝင်ဖို့ သဘောတူတယ်။ ဟိုတုန်းက မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ပယ်လိုက်ပြီပေါ့။
    ၂၀၁၅ ရွေးကောက်ပွဲကျင်းပတဲ့အချိန် နိုင်ငံရေးအခြေအနေနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေချိန်ထိုးလိုက်လို့ရှိရင် ၂၀၁၅ မှာ တစ်ပြည်လုံး ရွေးကောက်ပွဲဝင်မယ်၊ ဘာမယ် လျှောက်ပြောရင် မှားမယ်လို့ ထင်တယ်။ အဲဒီ့အချိန်ကျမှ ကျွန်တော်တို့နယ်မြေတွေမှာရှိတဲ့ ပြည်သူလူထုရဲ့ တုံ့ပြန်မှု၊ တောင်းဆိုမှု၊ လိုအပ်မှုတွေ ကြည့်ရမယ်။ ဒါပေမဲ့ ၂၀၁၅ မှာ ဘယ်လိုမှမရှောင်လွဲနိုင်တဲ့အချက် တစ်ချက် ရှိတယ်။ အနည်းဆုံး (၃)နေရာဝင်ရမယ့်ကိစ္စပါ။ ပါတီအသက်ရှင်ရေးအရ ကြည့်မယ်ဆိုရင် ဝင်ရမယ်။ ယုံချက်ချက်အရ မဝင်ဘူးဆိုရင် ပါတီမှတ်ပုံတင်ပျက်သွားမယ်။ အဲဒီလို ဖြစ်သွားခဲ့ပြီးပြီ။ နောက်ထပ် မဖြစ်စေချင်တော့ဘူး။ အဲဒီလို ဖြစ်မှာစိုးတဲ့အတွက် ကျားဖြူပါတီလည်း ကျွန်တော်တို့မွေးခဲ့ပြီးပြီ။ ခု အခြေခံဥပဒေပြင်ဖို့ အားလုံးပြောနေကြပြီ။ မပြင်ဘူးလို့ မပြောတဲ့သူက မရှိဘူး။ ရွေးကောက်ပွဲမဝင်ဘဲ နေတဲ့ပါတီဆိုလို့ ကျွန်တော်တို့ တစ်ပါတီပဲ ကျန်တော့တယ်။ ဒါကြောင့် ပါတီညီလာခံမှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ ဆုံးဖြတ်ချက်က ကျသွားတယ်။
    ခုကြားဖြတ်ရွေးကောက်ပွဲမှာတော့ သိထားချက်အရဆိုရင် ကျွန်တော်တို့ ပြည်နယ်မှာ (၄)နေရာ လွတ်ပါတယ်။ ပြည်သူ့လွှတ်တော် (၁)နေရာ၊ ပြည်နယ်လွှတ်တော် (၃)နေရာပါ။ နယ်မြေမှာရှိတဲ့ အဖွဲ့အစည်းတွေကို သဘောထား မေးထားပါတယ်။ အဲဒီမှာ ဝင်ချင်သလား၊ မဝင်ချင်ဘူးလား။ ဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့ သွားဆောင်ရွက်ပေးပါမယ်။ ဝင်မယ်ဆို လူရှိပြီလား၊ ငွေရေးကြေးရေးအစ ကျွန်တော်တို့ မေးထားပါတယ်။ ကြားဖြတ်ကို ကျွန်တော်တို့ အဓိက မထားပါဘူး။ ခြေစမ်းပွဲလို့ပဲ သဘောထားပါတယ်။

မေး။    ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ အန်ကယ်လ် ၂၀၁၅ ဆိုတဲ့ ကာလယန္တရားကြီး ဆိုက်ရောက်လာမှာပဲ။ အဲဒီ့ ရွေးကောက်ပွဲမှာ Free and Fair ဖြစ်မယ်လို့ ဆရာထင်မိရဲ့လား။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတို့ SNLD ဆိုတာ တကယ့်ရှမ်းတိုင်းရင်းသားပါတီကြီးမို့  ဘယ်အတိုင်းအတာထိ ဝင်နိုင်မယ်လို့ တွက်ချက်မိပါသလဲ။ ၂၀၁၅ မှာဆို ပါတီကြီးတွေက တစ်နိုင်ငံလုံးပြိုင်မယ်ဆိုရင် ပြည်နယ်တွေမှာတော့ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေကို ဦးစားပေးသင့်တယ်၊ ညှိနှိုင်းသင့်တယ် စသဖြင့်ဆိုကြတယ်။ ဆရာ့ရဲ့ သဘောထားလေး သိပါရစေ။

ဖြေ။    ။    ၂၀၁၂ ရွေးကောက်ပွဲဟာ Free and Fair ဖြစ်ခဲ့တယ်။ ၂၀၁၄ မှာလည်း Free and Fair ဖြစ်နိုင်တယ်။ ၂၀၁၅ လို အထွေထွေရွေးကောက်ပွဲကြီးမှာတော့ Free and Fair ဖြစ်မယ်လို့ မထင်ဘူး။ သို့သော် ကျွန်တော်တို့ ဝင်ဖြစ်ရင် ရှမ်းပြည်နယ်ကိုပဲ အဓိကထားရမှာပါ။ ပြည်နယ်တွေမှာ ပါတီကြီးတွေအနေနဲ့ ဝင်မပြိုင်ဖို့ တောင်းဆိုတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒါကို သဘောမတူပါဘူး။ သူ့မှာ ဆန္ဒရှိရင် ဝင်ပြိုင်ပါ။ ကျွန်တော်တို့က ပြိုင်ဘက်အနေနဲ့ သဘောထားပါတယ်။ ကိုယ့်စည်းရုံးရေးနယ်မြေမှာ ကိုယ်ပိုင်ရင် ဝင်ပြိုင်ရမှာပေါ့။
    လောလောဆယ်တော့ ရွေးကောက်ပွဲဝင်ရေးထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကျွန်တော်တို့အဓိကထား လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲမဝင်ခဲ့တဲ့အတွက် လွှတ်တော်တွင်း ပြင်ဆင်ရေးကို ကျွန်တော်တို့ မသွားဘူး။ လွှတ်တော်ပြင်ပပြင်ဆင်ရေးကို ကျွန်တော်တို့သွားတယ်။ ကျွန်တော်တို့မြင်တာက ရွေးကောက်ပွဲတစ်ခုတည်းနဲ့ ဒီတိုင်းပြည်ရဲ့ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။ တကယ့်ပြဿနာအရင်းခံဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသာလျှင် မြန်မာနိုင်ငံရဲ့ပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာပါ။ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း ခုလိုလွှတ်တော်ထဲမှာ ကော်မတီလေးဖွဲ့ပြီး စဉ်းစားအကြံပြုရုံနဲ့ ပြီးသွားမယ်လို့ ကျွန်တော်တို့ မယုံကြည်ဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာကတော့ အားလုံးပါဝင်တဲ့ all inclusive ပေါ့ဗျာ။ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးကနေ နိုင်ငံရေးသဘောတူညီချက်ရဖို့ မျှော်လင့်တယ်။ တချို့က ဒါကို စိတ်ကူးယဉ်မဲ့အိပ်မက်လို့ ပြောချင် ပြောမယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက အားလုံးအဖို့ ချွေးထွက်ရော၊ သွေးထွက်ရော အနည်းဆုံးဖြစ်စေမယ်လို့ ယုံကြည်တယ်။ စစ်ပွဲထက်စာရင် ဆွေးနွေးပွဲက အကောင်းဆုံးပဲလေ။ ကျွန်တော်တို့ကတော့ အဲဒီ့နိုင်ငံရေးသဘောတူညီချက်ရရင် အဲဒီ့နိုင်ငံရေးသဘောတူညီချက်ဟာ အခြေခံဥပဒေပဲ ဖြစ်ပါတယ်။

မေး။    ဆရာပြောတဲ့ နိုင်ငံသဘောတူညီချက်ဆိုတာ ပင်လုံလို ပြည်ထောင်စုညီလာခံရဲ့သဘောတူညီချက်ကို ပြောတာလား။ ဘယ်လိုအဆင့်အတန်းမျိုးလဲ။

ဖြေ။    ။ ဟုတ်ပါတယ်။ အဲဒီ့ ပြည်ထောင်စုညီလာခံမျိုးက အားလုံးသဘောတူညီချက်ကို ဆိုလိုတာပါ။ ပင်လုံစာချုပ်ကို အစားထိုးဖို့ မဟုတ်ပါဘူး။ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ စာချုပ်ဖြစ်ပါတယ်။ ခုလည်း အားလုံးလိုလိုက အဲဒီ့လိုင်းကို သွားနေကြပါတယ်။ လွှတ်တော်က သွားဖို့တွေလည်း ရှိပါတယ်။ ကျွန်တော်တို့က လွှတ်တော်ကို မပစ်ပယ်ပါဘူး။ လွှတ်တော်ပြင်ပဆွေးနွေးပွဲတွေမှာ လွှတ်တော်အမတ်လည်း ပါမယ်။ လွှတ်တော်အမတ်ရဲ့ မိခင်ပါတီလည်း ပါမယ်ဆိုရင် အားလုံးသဘောတူညီချက် ဖြစ်လာနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင် ခုနက အခက်အခဲတွေအားလုံးကို မြန်မြန်ကျော်လွှားနိုင်မယ် ထင်ပါတယ်။ ဆရာကျော်ဝင်းကတော့ နိုင်ငံရေး မဟာဗျူဟာ ပဋိဥာဏ်လို့ စကားလုံးကြီးတွေနဲ့ပေါ့ဗျာ။ ကျွန်တော်ကတော့ လူပြိန်းနားလည်အောင် နိုင်ငံရေးသဘောတူညီချက်ပဲပေါ့ဗျာ။ ဒီနိုင်ငံရေးသဘောတူညီချက်က အခြေခံဥပဒေဖြစ်တယ်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေး ဖိတ်ကြားထားတယ်။ တစ်နည်းအားဖြင့် အဲဒါလည်း ဆရာပြောတဲ့ နိုင်ငံရေးသဘောတူညီချက်တွေအတွက်လို့ ဆိုရမှာပဲ။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူတွေရဲ့အသံ ဘဝဂ်ညံနေချိန်မှာ အစိုးရနဲ့စစ်တပ်ရဲ့ အနေအထားက အားရစရာ မရှိသလိုဘဲ။ အဲဒီ့အပေါ်ကော ဆရာ ဘယ်လိုမြင်မိပါသလဲ။

ဖြေ။    ။ ထင်ရှားတဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ခုနက လေးပွင့်ဆိုင်ဆွေးနွေးမှုက လိုပါတယ်။ ဒီလေးပွင့်ဆိုင်ဆွေးနွေးရေးကို ကျွန်တော်တို့လဲ ထောက်ခံပါတယ်။ ဒါပေမဲ့ လုပ်ပုံလုပ်နည်းတော့ လိုတာပေါ့နော်။ တကယ်လို့ ပေါ်ပေါ်ထင်ထင်ဆွေးနွေးပွဲမဟုတ်လည်း၊ ဘာမှမထုတ်ပြန်လည်း ဆွေးနွေးပွဲလုပ်မယ် ဆိုရပါတယ်။ ဆွေးနွေးတာတော့ အကောင်းဆုံးပေါ့။ နည်းနည်းလေးစောင့်ကြည့်စရာတော့ ရှိပါတယ်။ ခုလက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရာမှာ အစိုးရက (၃)ဦး၊ လွှတ်တော်က (၃)ဦး၊ တပ်မတော်က (၃)ဦး ပါလာတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲ ဆက်လာမယ်။ အဲဒီ့နိုင်ငံရေးဆွေးနွေးပွဲတွေဟာလည်း ၂၀၁၅ မှာ ဒီအစိုးရမဟုတ်ဘဲ အခြားအစိုးရဖြစ်လာရင် ဆက်လက် အကောင်အထည်ဖော်နိုင်အောင် လွှတ်တော်မှာ ဥပဒေအဖြစ် တည်ရှိနေသည်အထိ ဆောင်ရွက်ထားမယ်။ ဒါဆိုရင် အစိုးရတွေ ဘယ်လိုပြောင်းပြောင်း၊ လူတွေ ဘယ်လိုပြောင်းပြောင်း ငြိမ်းချမ်းရေးနိုင်ငံရေးလုပ်ငန်းစဉ်ဟာ ဆက်ဖြစ်သွားမယ်။ ခုဆို ဆွေးနွေးပွဲမှာ တပ်မတော်က ပါလာပြီ၊ လွှတ်တော်ကလည်း ပါလာပြီးဆိုတော့ ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ စောင့်ကြည့်ရမယ်။

မေး။    ။ အပစ်အခတ်ရပ်စဲရေးပတ်သတ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCCT) အနေနဲ့ လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်ပြီ။ ခု မူဘောင်တွေဆွဲတဲ့အခါမှာလည်း သူတို့ဆွဲပြီးပြီလို့ သိရပါတယ်။ သို့သော် MPC အပေါ် ဝေဖန်ပြစ်တင်မှုတွေလည်း ကြားနေရပါတယ်။ အဲဒီ့အပေါ် ဆရာ ဘယ်လိုနားလည်သုံးသပ်မိပါသလဲ။

ဖြေ။    ။ နားလည်မှုလွဲမှာစိုးလို့ ရှင်းပြရင် NCCT အနေနဲ့ အဆင်သင့်ဖြစ်ပြီဆိုတာက သူတို့အချင်းချင်းညှိလို့ရပြီလို့ ပြောတာပါ။ အဖွဲ့ဝင်အားလုံး သဘောတူညီချက်ရအောင် ညှိဖို့ဆိုတာ မလွယ်ပါဘူး။ ခု (၂၀၁၄ ဧပြီ ) ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ ဆွေးနွေးပြီး မူကြမ်းတစ်ခု ဆွဲခဲ့ပြီးပြီ။ ခု ဒါကို ကိုင်ပြီး အစိုးရနဲ့ ဆက်ဆွေးနွေးမယ်။ အစိုးရဘက်က မူကြမ်းဘယ်လိုရှိလည်း မသိဘူး။ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ သဘောတူညီမှုရဖို့ဆိုတာ ကိုယ့်အဖွဲ့အစည်းတစ်ခု အကျိုးအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားအတွက် ရည်ရွယ်မှ ဖြစ်တာပါ။
    MPC  စလုပ်တုန်းက ကျွန်တော်တို့နဲ့ ဦးအောင်မင်းတို့ တွေ့ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ ကိုယ်သူတို့ Neutral Institution ပေါ့။ ဘယ်ဘက်မှမပါတဲ့ ကြားနေပေါ့။ ဒါပေမဲ့ လုပ်ရင်း လုပ်ရင်း နဲ့ပါတီအားလုံး၊ လူတွေအားလုံးက သူတို့ဟာ အစိုးရရဲ့ Mechanism တစ်ခုလို့ မြင်ကုန်ကြတယ်။ သူတို့အတွက် နစ်နာတယ်။ သူတို့နစ်နာသလို သူတို့ရဲ့ရည်မှန်းချက်ကြီးကလည်း မအောင်မြင်နိုင်တော့ဘူးလေ။ ယုံကြည်မှု trust မရတော့ အကျိုးမရှိဘူး ဖြစ်နေတယ်။ သူတို့ကိုယ်တိုင်လည်း ဒီအပေါ်မှာ နစ်မျောနေသလား မသိဘူး။ ကျွန်တော်ကတော့ နစ်မျောတယ်လို့ ထင်တယ်။ အဲဒါကို ပြုပြင်သင့်တယ်။ ခုမှ ပြင်မယ်ဆိုလည်း နောက်တော့ ကျနေပြီ။ သူတို့က သမ္မတကိုပဲ အကြံပြုနိုင်တော့တယ်။ အခြားဘယ်သူကိုမှ မပြုနိုင်တော့ဘူး။ နောက်တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတာက သြဇာတိက္ကမကြီးတဲ့၊ ကြားနေတဲ့၊ နှစ်ဖက်စလုံး လေးစားတဲ့ ပုဂ္ဂိုလ်လိုအပ်နေတယ်ဗျ။ အဲဒီ့ပုဂ္ဂိုလ်က မရှိတော့ အဖွဲ့အစည်းတစ်ဖွဲ့လိုတယ်။ အဲဒီ့အဖွဲ့အစည်းကလည်း မတွေ့သေးဘူး။

ဆက်လက်ဖော်ပြပါမည်....။

မိုးထွန်း

+++++++

ဒီလှိုင်း စာစောင်
အတွဲ (၃) အမှတ် (၁၅) တနင်္လာနေ့၊ ၂၁ - ၄ - ၂၀၁၄

SNLD စိုင်းညွန့်လွင် ပြောတဲ့ နိုင်ငံရေးသဘောတူညီချက်

မေး။    ။ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌပဲ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းရမယ့်အစား မပါအောင်လုပ်ထားလားလို့တောင် ကျွန်တော်တွေးမိတယ်။

ဖြေ။    ။ အဲဒါပေါ့ ခုနက ကျွန်တော်ပြောတဲ့ဘက်တွေဆိုတာ။ ဘက်ကို တွက်နေတာကိုး။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီ့တရားဥပဒေစိုးမိုးရေးနှင့်ငြိမ်းချမ်းရေးကော်မတီမှာ ဥက္ကဋ္ဌလုပ်တယ်ဆိုတာ အဲဒီ့ အတွက် ကြိုးစားနေတာလို့ ကျွန်တော်ထင်တယ်။ အဲဒီ့မှာ ဖြစ်တဲ့ပြဿနာက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရဘက်က၊ MPC ဘက်က ကြားလူလို့ ဘယ်လိုမှမမြင်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံ ခေါင်းဆောင်လို့ပဲ မြင်နေတာ ပြဿနာပဲ။ ခုလည်း လုပ်ရင် ဟိုဘက်က အရောင်အသွေးဖြစ်သွားတယ်။ ကိုယ့် အရောင်အသွေးကို ပြောင်းဖို့ဆိုတာ ခက်သားပဲ။

မေး။    ။ ဒါနဲ့ ဆရာတို့ SNLD နဲ့ SNDP ကျားဖြူရဲ့ပေါင်းစည်းရေးရော ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ သူတို့က နေပြည်တော် Unison ဆိုင်မှာ ဆွေးနွေးဖို့ချိန်းတယ်။ ရှမ်းပြည်က ကျန်တဲ့အဖွဲ့တွေ ရှမ်းပြည်မှာ ဆွေးနွေးစရာနေရာတွေ ဒီလောက်များတာ ဘာကြောင့် အဲဒီ့မှာလုပ်ရလဲလို့ complain တက်ကြတယ်။ ဒါကြောင့် သူတို့ဆီ အကြောင်းကြားလိုက်တယ်။ ဒီလိုချိန်းရင်း ချိန်းရင်းနဲ့ မေ ပထမပတ်မှ တွေ့ဖို့ရှိတယ်။ ဆွေးနွေးရင်တော့ ဘာတွေဖြစ်မလဲ မပြောတတ်ဘူး။

မေး။    ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆရာတို့လည်း အာရုံစိုက်လုပ်နေတယ်ပြောပါတယ်။ ဆရာတို့အနေနဲ့ရော ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ။    ။ Low pofile အနေနဲ့ ကျွန်တော်တို့ စလုပ်နေပါတယ်။ အကြိုနိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ အတတ်နိုင်ဆုံး ကိုယ်နဲ့တူတဲ့သူတွေအထဲ ညှိစေချင်တယ်လေ။ မတူတဲ့သူတွေကို ရန်ဘက်လုပ်တာတော့ မဟုတ်ဘူး။ မတူတဲ့သူတွေနဲ့ညှိရင် မလိုအပ်ဘဲကြာနေမှာစိုးလို့ တူတဲ့သူတွေ အရင်ညှိ တာပါ။ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုတာ ကျွန်တော်ကြည့်ပဲ လုပ်လို့မရပါဘူး။ အစိုးရကိုယ်တိုင် ပါဝင် ကမကထလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ အားလုံးပါဝင်လာမှာပါ။
    ခုက တော်လှန်ရေးကာလ မဟုတ်ဘူးလေ။ တည်ဆောက်ရေးကာလ ပါ။ state building ကာလပါ။ တူတဲ့သူရော၊ မတူတဲ့သူရော ဆွေးနွေးရမယ်။ ငြင်းခုံတာတွေ ရှိပေမယ့် ငြင်းခုံတာ အန္တရာယ်မရှိပါ ဘူး။

မေး။    ။ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံပြင်ဆင်ရေးရဲ့ ခရီးရောက်မှုကို ဆရာတို့ ဘယ်လောက်မျှော်မှန်းမိသလဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအပါအဝင်ပေါ့။

ဖြေ။    ။ အခက်အခဲ အများကြီး ရှိပါတယ်။ အထူးသဖြင့် ၅၉(စ) ကို ပြင်ဖို့ ခက်ပါတယ်။ ကျွန်တော့်အမြင် ပြောရရင် ခုလိုကွက်တိကွက်ကျားလုပ်နေမယ့်အစား နိုင်ငံရေးသဘောတူညီချက်က ပိုမြန်မယ်လို့ ထင်တယ်။ စိတ်ကူးယဉ်ဆန်ပေမယ့် ဒီလိုင်းက ပိုမြန်မယ်လို့ ကျွန်တော်ထင်တယ်။ လွှတ်တော်ထဲ မှာ လုပ်ထားပုံက ပြင်ဆင်ရေးအတွက် ခရီးတွင်ဖို့ တော်တော်ကြီးခက်တယ်။ သမ္မတဖြစ်ဖို့ဆိုရင် ဒီလေးယောက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် တော်တော်အခြေအနေနည်းတယ်။ လူထုက ဆန္ဒရှိရဲ့သားနဲ့၊ ထောက်ခံရဲ့သားနဲ့ ဖွဲ့စည်းပုံက တားဆီးထားသလိုဖြစ်နေပါတယ်။ ၅၉(စ)က လူထုအနေနဲ့ ကြိုက်နှစ်သက်တဲ့ခေါင်းဆောင်ကို တင်မရအောင် လုပ်ထားတာပါ။

မေး။    ။ ဖယ်ဒရယ်ပြည်ထောင်စုကိုသွားဖို့ တိုင်းပြည်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့ကြပါတယ်။ ခုလည်း မျှော်မှန်းပြောဆိုနေကြပါတယ်။ အဲဒီ့ဖယ်ဒရယ်ပြည်ထောင်စုကိုသွားဖို့ အဓိက အခက်အခဲစိန်ခေါ်မှုတွေကိုလည်း သုံးသပ်ပြောပါဦး။

ဖြေ။    ။ အခက်အခဲတော့ အများကြီးရှိပါတယ်။ အခက်အခဲကိုကြောက်လို့ မလုပ်ဘဲတော့ မရပါဘူး။ ဖယ်ဒရယ်ပြည်ထောင်စုကို သွားဖို့ဆိုတာ နိုင်ငံရေးသဘောတူညီချက်အပေါ် တည်တာဗျ။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာ တိုင်းရင်းသားတွေအားလုံးက ပြောလာတယ်။ NLD ကလည်း ပြောတယ်။ ခုလို အင်အားကြီးတဲ့သူတွေပြောလာတော့ ကျွန်တော်တို့တောင် ပြောစရာမလိုတော့ဘူး။ အရင်တုန်းကတော့ အဲဒါ ပြောရင် အဖမ်းခံရတယ်။ ဖယ်ဒရယ်သွားဖို့ဆိုတာလည်း ခုနကပြောတဲ့ နိုင်ငံရေးသဘောတူညီချက်ဆီ ပြန် ရောက်လာတယ်။ အားလုံးက အဲဒီ့မှာ သွားပြီးဆုံမှတ်ဖြစ်နေတယ်။ ဒီတော့ ဆွေးနွေးရမှာပေါ့ဗျာ။ ဆွေးနွေးမှုတွေ မအောင်မြင်လို့ လက်နက်တော်လှန်မှုတွေ ပေါ်လာရတာပါ။
    ခုလက်နက်ကိုင်တော်လှန်မှုတွေကို ကြည့်လိုက်။ ဘာကြောင့် လူမျိုးစုတွေချည်းပဲဖြစ်နေလဲ။ ABSDF ကလွဲရင်ပေါ့လေ။ အဲဒါကိုက ကျွန်တော်တို့ စဉ်းစားသင့်တယ်။ မြန်မာပြည်မြေပုံကြီးကို ကြည့်လိုက်ရှိရင် မြင်းခွာပုံစံမျိုး ပြည်နယ်တွေက ကာကွယ်ထားတာဗျ။ ပြည်နယ်မှာရှိတဲ့လက်နက်တွေက ပြည်ပအိမ်းနီးချင်းနိုင်ငံတွေကို ချိန်ထားရမှာ။ ခုတော့ လက်တွေ့မှာ အဲဒီ့လက်နက်တွေက အတွင်းကို ပြန်ချိန်နေရတယ်။ ဒါကို ဒီအတိုင်းပဲ ထားရတာ သိပ်ကြာလာပြီ။ မကောင်းဘူးဗျာ။ ဖြေရှင်းသင့်ပြီ။

မေး။    ။ ပြည်တွင်းကို ပြန်ချိန်နေရတဲ့ အခြေခံအကြောင်းရင်းကိုရှင်းမှ အဖြေရနိုင်မှာမို့ အဲဒီ့အခြေခံအကြောင်းရင်းလေးကိုလဲ ပြောပြပေးပါလား။

ဖြေ။    ။ ခုလို မဖြစ်ဖို့ဆိုတာ ဖယ်ဒရယ်စစ်စစ်ဖြစ်ဖို့ လိုတယ်။ ဖယ်ဒရယ်ဖြစ်ဖို့ဆိုတာ တန်းတူညီမျှရှိဖို့လိုတယ်။ ဖွံ့ဖြိုးတိုးတက်မှုဟာ တန်းတူညီမျှဖြစ်ဖို့လိုတယ်။ ကြည့်လေဗျ။ စစ်ပွဲတွေအကြောင်းပြပြီး ပြည်နယ်တွေမှာ စက်ရုံ၊ အလုပ်ရုံ မဆောက်လို့ ပြည်နယ်တွေမှာ စက်ရုံ၊ အလုပ်ရုံသမားမရှိသလောက်ဘဲ။ ကျွန်တော်တို့ ရှမ်းပြည်နယ်လောက်ကြီးတဲ့ပြည်နယ်မှာတောင် အင်္ဂလိပ်ခေတ်က လုပ်သွားတဲ့  နမ္မတူဘော်တွင်းလောက်ပဲ ရှိတာ။ ရှိသမျှနိုင်ငံပိုင်လုပ်ငန်းက ပြည်မမှာပဲရှိတော့ ပြည်နယ်တွေမဖွံ့ဖြိုးကြဘူးပေါ့။ လက်နက်ကိုင်ပဋိပက္ခပဲ ရှိပြီး တရားဥပဒေစိုးမိုးမှုလည်းမရှိတော့ ဥပဒေမလွတ်ကင်းတာတွေပဲ လုပ်ကိုင်စားသောက်ရတယ်ပေါ့။ ဒါတွေကို ကျွန်တော်ရှင်းပြရမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုရာမှာ ဒါအရေးကြီးတာပဲ။ ခုနက ကျွန်တော်ပြောတဲ့ပြဿနာက အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကျွန်တော်တို့မထူထောင်နိုင်ခဲ့ဘူး။ လွှတ်တော်ထဲ တစ်ခုထဲမှာပဲ လုပ်နေတယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လစ်လျူရှုသလို ဖြစ်နေ တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ ဒီနိုင်ငံရဲ့လက်ငင်းနိုင်ငံရေးလိုအပ်ချက်မှာ တစ်ခုပါတယ်။ မလုပ်လို့ မရဘူး။

မေး။    ။ ကျွန်တော် စိုးရိမ်တာက ၆၂ စစ်တပ်က အာဏာသိမ်းတော့ တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုဆိုပြီး တိုင်းရင်းသားအရေးကို အကြောင်းပြဆင်ခြင်ပေးခဲ့တယ်။ တိုင်းရင်းသားအရေးတို့ကို စစ်တပ်က အကြောင်းပြဆင်ခြေပေး ကြီးစိုးတယ်။ အဲဒီတော့ ခုတိုင်းရင်းသားအရေးကို စစ်တပ်က ဘယ်လောက်ပြေလည်အောင် ဆောင်ရွက်သွားမလဲလို့ ဆရာ မျှော်လင့်မိပါသလဲ။

ဖြေ။    ။ ဒါကတော့ သူတို့ဘယ်လောက်မျိုးချစ်စိတ်ရှိသလဲ၊ တိုင်းပြည်ချစ်စိတ်ရှိသလဲဆိုတာအပေါ် မူတည် ပါတယ်။ ၆၂ အာဏာသိမ်းတော့ တိုင်းပြည်ချောက်ထဲကျဖို့ လက်တစ်လုံးအလိုလို့ ပြောတယ်။ တကယ်တော့ တိုင်းပြည်ကောင်းဖို့ လက်တစ်လုံးအလိုလေးမှာ ဖျက်ဆီးလိုက်တာပါ။ အဲဒီ့ ၆၂ ကစလို့ ကျွန်တော်တို့တိုင်းပြည် ဘာဖြစ်သွားလည်း စဉ်းစားဉာဏ်ရှိတိုင်း သိကြပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စီးပွားရေးကြည့်မလား၊ ပညာရေးကြည့်မလား၊ ကျန်းမာရေး ကြည့်မလား အဘက်ဘက်ကကျဆင်းနေပါတယ်။ တိုင်းပြည်ရဲ့အဆင့် အတန်းကြည့်ရင် အားလုံးသိကြပါတယ်။ ဒါကြောင့် မျိုးချစ်စိတ် တကယ်ရှိတယ်၊ တိုင်းပြည်အကျိုးတကယ်လိုလားတယ်ဆိုရင် ဒီအတိုင်းဆက်လျှောက်လို့မရဘူးဆိုတာ သိရပါမယ်။ ခုဆို အာဏာသိမ်းမှာ မကြောက်ပါဘူး။ သိမ်းမှာတာ သိမ်းတော့ လုပ်စရာရှိတာ လုပ်ရမှာပဲ။

မေး။    ။ ဆရာကပြောတဲ့အထဲမှာ နိုင်ငံရေးသဘောတူညီချက်ဆိုတာကို အလေးအနက်ထားပြောခဲ့ပါတယ်။ အဲဒီ့အတွက် အဓိကစိန်ခေါ်မှုတွေက ဘာတွေလည်းခင်ဗျာ။

ဖြေ။    ။ အဓိက အခက်အခဲစိန်ခေါ်မှုတွေကတော့ အစွဲတွေ၊ ဖြတ်သန်းခဲ့ရတဲ့ဝေဒနာတွေ၊ ခံစားခဲ့ရတဲ့ ဒုက္ခတွေပေါ့။ ဒါတွေကို ဒီနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေအတွက် ဦးစားပေး First Priority ထားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆေးကြောနိုင်ရမယ်။ ခုဟာက နိုင်ငံကိုချစ်တယ်၊ တိုင်းပြည်ချစ်တယ်ဆိုပေမယ့် ကိုယ့်အဖွဲ့အစည်းက ပထမဖြစ်ကုန်တယ်။ လက်ငင်းဖြေရှင်းရမယ့်အရေးက နိုင်ငံရေးသဘောတူညီချက်ပဲ။ အဲဒါကို မလုပ်နိုင်ရင်  ခုဆို တဖြည်းဖြည်းအကျဘက်ကို ရောက်လာတယ်။ အရပ်ဘက်အစိုးရ တက်လာချိန်မှာ စီးပွားရေး၊ လူမှုရေးအခက်အခဲက လွတ်ထွက်မယ်လို့ထင်ထားတာ ခု လွတ်မထွက်နိုင်ဘူး။ အရင်တုန်းကတော့ Sanction ရှိလို့ စီးပွားရေးအခက်အခဲဖြစ်တယ် ပြောတယ်။ တစ်ခုမှ မရှိတော့ကော ဘာလုပ်နိုင်သလဲ။ ဘာမှ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ကိုယ်ဘာသာကိုယ်မတ်တပ်မရပ်နိုင်ဘူးဆိုတာ ပေါ်နေတယ်။

မေး။    ။ နိုင်ငံရေးသဘောတူညီချက်ရဖို့ အစွဲတွေ၊ ဝေဒနာတွေ၊ ဒုက္ခတွေ လျှော့နည်းပြေပျောက်ရမယ်လို့ ဆရာပြောလိုက်တယ်။ ခု အကျဘက်ဆီ ရောက်နေတယ်ဆိုတော့ အဲဒီ့ အစွဲ၊ ဝေဒနာ၊ ဒုက္ခတွေ ပိုလာမှာပေါ့။ အဲဒီ့တော့ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။ တစ်စုံတစ်ရာပေါက်ကွဲမှုဆီ ဦးတည်သွားနိုင်သလား။

ဖြေ။    ။ အဲဒါတော့ ခက်တယ်။ ကျွန်တော်လည်း မပြောပြတတ်ဘူး။ တိုင်းပြည်ရဲ့ကံကြမ္မာပေါ်လည်း တည်တယ်။ ကျွန်တော်တို့ရဲ့ Obseve လုပ်နိုင်တဲ့အနေအထားက နိမ့်တယ်။ တိုင်းပြည်အစိုးရအနေနဲ့ အချက်အလက်တွေပိုပြီး ပြည့်ပြည့်စုံစုံရနိုင်တာဖြစ်တဲ့အတွက် ပိုလုပ်ဖို့ သတိထားဖို့ လိုမယ်။ ဆင်းရဲချမ်းသာက တစ်အားကွာဟလွန်းတယ်။ အဲဒါ အန္တရာယ်ကြီးတယ်။
    ခုနက ကျွန်တော်တို့ပြောတဲ့ နိုင်ငံရေးသဘောတူညီချက်တောင် ဝေးသလိုလိုဖြစ်နေတယ်။ ဒါကတော့ ကျွန်တော့်ဆန္ဒ၊ ကျွန်တော့်လမ်းကြောင်းပါ။ ချွေးထွက်နဲ့ သွေးထွက်အနည်းဆုံးပါ။ သို့သော် နိုင်ငံရေးကိစ္စဆိုတာ ကိုယ်တစ်ယောက်တည်း လုပ်လို့ရတာမဟုတ်ဘူး။
    ကျွန်တော်တို့က (၂)ချက်နဲ့ စောင့်ကြည့်ခဲ့ပါတယ်။ တစ်ချက် လွှတ်တော်မှာလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး။ နောက်တစ်ချက်ကတော့ ကချင်လိုင်ဇာတို့၊ ဘားအံတို့မှာလုပ်တဲ့ အပစ်အခတ်ရပ်စဲရေးပေါ့ဗျာ။ နှစ်ခုစလုံးက မပြတ်ဘူး။

မေး။    ။ ၂၀၁၅ မှာ ဒီမိုကရေစီ မလိုလားတဲ့အင်အားစုတွေက ဘယ်လိုအန္တရာယ်မျိုးတွေ၊ ဘယ်လို ထောင် ချောက်တွေနဲ့ ထွက်ပြူလာနိုင်ပါသလဲ။

ဖြေ။    ။ ပြင်ဆင်ထားတဲ့ ထောင်ချောက်တွေက အများကြီးရှိတယ်။ ၈၈ ကတည်းက တကယ့် ဒူပေနာပေနဲ့ ဆောင်ရွက်လာသူတွေ၊ ဇွဲနဲ့ဆောင်ရွက်လာသူဘက်က တဖြည်းဖြည်းနဲ့ အားနည်းနေပြီ။ ပြန်စိစစ်လိုက်ရင် နည်းနေပြီ။ အရိပ်တွေ၊ ရွှေရည်စိမ်တွေ၊ အတုတွေ ရှိနေပြီ။ သူတို့က ရွေးကောက်ပွဲဝင်မှာပဲလေ။ မဝင်နဲ့လို့ မှပြောမရတာ။ သူတို့အခေါ် ဘက်ပေါင်းစုံထိုးစစ်ကြီးကို ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေ ရင်ဆိုင်ရတော့မယ်။ ကျွန်တော်တို့ရဲ့ ရန်ဘက်လို့ မသုံးချင်ပါဘူး။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေက ဘက်ပေါင်းစုံက ထိုးနှက်တာကို ရင်ဆိုင်ရပါမယ်။ ရွှေရည်စိမ်ထားတဲ့ မီဒီယာတွေ၊ ပါတီတွေ၊ လူထုလူတန်းစား အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့ ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် စစ်မှန်တဲ့သူတွေက အောင်မှာပါ။


မိုးထွန်း

No comments:

Post a comment