လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာကြာ ၁၉၇၅-၇၆ လောက် ဆီကို ပြန်သတိရမိတယ်ဗျာ။ အဲဒီတုန်းက ကျွန်တော်တို့က တက္ကသိုလ် ကျောင်းတော်သားကြီးတွေပါ။ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ အလှုပ်ရှားဆုံးကာလတစ်ခုပေါ့။ အဲဒီကာလတုန်းက ပုံနှိပ်လောကမှာ ပို့စကဒ်တွေ ခေတ်စားနေတဲ့ကာလ ဖြစ်ပါတယ်။ ဆရာမောင်ပန်းမွှေးတို့ခေတ် ဆိုရင်လဲ မမှားလောက်ပါဘူး။ ကဗျာလေးတွေနဲ့ပေါ့ ။ ရောင်းကောင်းသလား မမေးပါနဲ့။
ကျွန်တော်တို့ ပြည်လမ်း ရှမ်းရွာဆိုတာက ရန်ကုန်-မင်္ဂလာဒုံလေဆိပ် သွားရာ လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ရှမ်းရွာဆိုတော့
ရှမ်းတွေနေကြတာပေါ့။ အဲဒီကာလ ပြည်ထောင်စုနေ့ ရောက်ပြီ ဆိုရင် အနယ်နယ်အရပ်ရပ်ကို တိုင်းခန်းလှည့်လည်ခဲ့တဲ့ ပြည်ထောင်စု အလံတော်ကြီးဟာ မင်္ဂလာဒုံလေဆိပ်ကနေ ကျိုက္ကဆံကွင်းကို ဖြတ်သန်းရာ နေရာဖြစ်နေတော့ နှစ်စဉ်နှစ်တိုင်း အလံတော်ကြိုဆိုရေး တာဝန်က ကျွန်တော်တို့ ရှမ်းရွာရဲ့ တာဝန်ကြီး တစ်ခုလို ဖြစ်ခဲ့ပါတယ်။ တစ်နှစ်မဟုတ် နှစ်စဉ် နှစ်တိုင်း ဖြစ်ပါတယ်။
အဲဒီ ကာလတုန်းက ဘယ်လိုအတွေးအခေါ်နဲ့ ဘယ်လို စီစဉ်ခဲ့သလဲ မသိနိုင်ခဲ့ပါဘူး။ ပြည်ထောင်စုအလံတော်ကို တစ်နိုင်ငံလုံး တိုင်းခန်းလှည့်သလိုမျိုး
လှည့်လည် အပူဇော်ခံပြီး နောက်ဆုံး ရန်ကုန်မြို့က ကျိုက္ကဆံကွင်းကို အလံတော်ဆိုက်ရောက်ပြီး ပွဲလမ်းသဘင်၊ ပြခန်း
စသဖြင့်
အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီတုန်းက ပြည်ထောင်စု စိတ်ဓါတ်၊ ပြည်ထောင်စုကို ချစ်မြတ်နိုးအောင် ဆိုပြီး
ငွေကုန်ကြေးကျ အမြောက်အမြား ကုန်ကျခံ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုကာလ ပြန်စဉ်းစားကြည့်တော့
အနှစ်သာရကို မပြဘဲ အပေါ်ယံကိုသာ ပြသခဲ့တာ တွေ့ရပါတယ်။
ကျွန်တော်တို့ ၉-မိုင်ပြည်လမ်း၊ ရှမ်းရွာက လူငယ်တွေကတော့ နှစ်စဉ်နှစ်တိုင်း ပြည်ထောင်စု အလံတော်ကြီးကို ပြည်လမ်းကနေ ထွက်ပြီး အလံတော်
သယ်ယူရေးအဖွဲ့၊ အမျိုးသမီး တစ်ဖွဲ့၊ အမျိုးသား
တစ်ဖွဲ့ ဖွဲ့ပြီး လက်ဆင့်ကမ်း
သယ်ဆောင်ရတာပါ။ သယ်ယူချိန် တစ်ဖွဲ့ကို
နှစ်မိနစ်ထက် မပိုပါဘူး။
လေ့ကျင့်ရတာကတော့ တစ်လလောက်ကြာပါတယ်
။ စစ်တပ်က တပ်ကြပ်ကြီးတွေကိုယ်တိုင် လာလေ့ကျင့်ပေးတာပါ။ အဲဒီကာလဆိုရင် အားလုံးက အလုပ်အကိုင်ပျက်၊ စာသင်ချိန်ပျက်နဲ့ အချိန်ပေး လုပ်ကြရတာပါ။
အလုပ်သမားတွေအတွက်ကတော့ အတော့်ကိုကောင်းပါတယ်။ ဘာကြောင့်ဆိုတော့
သူတို့အတွက် မြို့နယ်ပြည်သူ့ကောင်စီကနေ အလုပ်ခွင် ပျက်ကွက်ခွင့်
on duty လက်မှတ်တွေထုတ်ပေးလို့ပါဘဲ။ အလုပ်ဆင်းစရာ မလိုတော့ဘူးပေါ့။ အခွင့်အရေးတစ်ခုကို ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို တာဝန်တွေထမ်းဆောင်ရပေမဲ့ ဝတ်စုံအတွက် ကတော့ ဘာမှ တာဝန်မယူပါဘူး။ ကိုယ့်ဖာသာ ရှာရတာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်းဆိုတော့လည်း ကြာတော့ ဘယ်ခံနိုင်မှာလဲ။ ရံပုံငွေ ဆိုတာကို မဖြစ်မနေ ရှာရတော့တာပေါ့။
ဆိုခဲ့သလိုဘဲ အဲဒီကာလက အတော်ခေတ်စားနေတာက ပို့စကဒ်
လောကဆိုတော့ ပို့စကဒ်လေး
တစ်ခုလောက် ထုတ်ပြီး ရံပုံငွေ ရှာဖို့ ဖြစ်လာပါတယ်။ နှစ်စဉ်ကျင်းပနေတဲ့ ရှမ်းအမျိုးသားနေ့အထိမ်းအမှတ် အဖြစ်နဲ့ ပို့စကဒ်တစ်ခု ထုတ်ဝေရောင်းချ ရံပုံငွေ ရှာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ အေဝမ်း
သိန်းထွတ်ရဲ့အကူအညီနဲ့ ဆရာမောင်မောင်သိုက်က ပုံတစ်ပုံကို ရေးပေးပါတယ်။ ပုံကတော့ အဆန်းကြီး
မဟုတ်ပါဘူး။ ဗျိုင်းတစ်ကောင် လေထဲကို ထပျံနေတဲ့ပုံပါ။
ရှမ်းလေးမြို့သမိုင်းမှာ ဗျိုင်းမြို့ ဆိုတာ ရှိခဲ့ပါတယ်။ ဗျိုင်းမြို့က အခု မိုးညှင်းမြို့ပါ။
အိုးစည်မြို့ ဆိုတာက မိုးကောင်းပါ။ ဓါးမြို့ဆိုတာက မိုးမိတ်မြို့ပါ။ ကျားမြို့ဆိုတာက ဝန်းသိုမြို့ ဖြစ်ပါတယ်။ အရင်ကတော့ ရှမ်းလေးမြို့သမိုင်းကို ကျောင်းစာထဲမှာ သင်တယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာတော့
သမိုင်းတွေကို တစ်မျိုးပြောင်းလိုက်ပြီး ရှမ်းလေးမြို့သမိုင်းကို မသင်တော့ပါဘူး။ ပြီးခဲ့တဲ့ ကြောင်းအရာ ဖြစ်ခဲ့တဲ့ သမိုင်းကို ဘယ်လိုလုပ်ပြင်သလဲ၊ ဘယ်လိုလုပ် ဖုံးကွယ်သလဲဆိုတာကတော့ အသေအချာ ပြန်စဉ်းစားကြရမယ့် ကိစ္စ တစ်ခုဖြစ်လာရပါပြီ။
ကျွန်တော်တို့က အဲဒီအထဲက မိုင်းညှင်းကို ကိုယ်စားပြုတဲ့ ဗျိုင်းပုံကို ပို့စကဒ်
အနေနဲ့ ထုတ်ဝေဖို့ လုပ်ခဲ့တာပါ။
ကိုင်းဗျာ … … … စာပေ ကင်ပေတိုင် အကြောင်းပြောဖို့ အကြောင်းရင်းခံလေးတွေ မပြောမဖြစ် ပြောခဲ့ပြီးပါပြီ။ ဆိုပါစို့ဗျာ
ကျွန်တော်တို့ ပို့စကဒ်လေး
ထုတ်ဝေရောင်းချ ရံပုံငွေ ရှာဖို့ အကြောင်းလေး သိလောက်ပါပြီ။ အဲဒီ ပို့စကဒ်လေး ထုတ်ဝေ ရောင်းချဖို့ ဘယ်လိုလုပ်ရပါသလဲ။
အရင်ဆုံး
မြို့နယ်ကောင်စီမှာ ထောက်ခံစာသွားယူရပါတယ်။
ထုတ်ဝေသူကို ထုတ်ဝေခွင့်လက်မှတ်အတွက် ငွေပေးပြီး
ငှါးရမ်းရပါတယ်။ ဗဟန်းမြို့နယ်၊ ဝင်္ဂဘာလမ်းက စာပေစိစစ်ရေးရုံးကို
သွားရပါတယ်။ အဲဒီမှာ ကျွန်တော်မှတ်သားလို့ မမှတ်မိ နိုင်လောက်အောင် များပြားလှတဲ့ ပုံစံတွေ ဖြည့်ရပါတယ်။ ငွေသွင်းရပါတယ်။
အစည်းအဝေးခန်းထဲကို မြန်မြန်ရောက်အောင် ပြင်ပနည်းလမ်းတွေ
သုံးရပါတယ်။ စိတ်မပူပါနဲ့။ ပွဲစားတွေ ရှိပါတယ်။ သူတို့က အကူအညီ ပေးပါလိမ့်မယ်။ မုန့်ဖိုး
လက်ဖက်ရည်ဖိုးတော့ မပေးလို့ မရပါဘူး။ ပေးရတာပေါ့ဗျာ။
ကျွန်တော့်တို့ဟာ ၆လက်မ ၄လက်မ အရွယ်ရှိတဲ့ ပို့စကဒ်လေး
တစ်ခု
ထုတ်ဝေခွင့်ပါမစ် ရဖို့ အဲဒီလို အဆင့်တွေကို ကျော်ဖြတ်ရတာပါ။
ကြိုးစားလိုက်တာမှာ နောက်ဆုံးတော့
အစည်းအဝေးခန်းထဲကို ရောက်သွားပါပြီ။ ဒါဟာ နိုင်ငံတော် အလံ ကြိုဆိုရေးနဲ့ တစ်နည်းတစ်ဖုံ ဆက်စပ်နေတာမို့ အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဒါပေမဲ့
ထင်သလို
ဖြစ်မလာခဲ့ပါဘူး။
အဲဒီမှာ ရှမ်းစာနဲ့ရေးထားတဲ့ (ဝမ်းခေးတိုင်း) ရှမ်းစာလုံး သုံးလုံးပါတဲ့
ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် ဖြစ်တာမို့ အဲဒီ ရှမ်းစာသုံးလုံးကို ကန့်ကွက်ဖို့ ရှိ/မရှိ ရှမ်းပြည်နယ် ကောင်စီရဲ့ သဘောထား မှတ်ချက် ရယူဖို့ လိုပါတယ်
ဆိုတဲ့
ဆုံးဖြတ်ချက်ကို အစည်းအဝေးက ချမှတ်တယ်လို့ သိရတယ်။ သဘောကတော့ အဲဒီ ဗျိုင်းပျံနေတဲ့
ပုံပါတဲ့
ရှမ်းစာပါတဲ့
ပို့စကဒ်တစ်ခု ထုတ်ဝေဖို့ ရှမ်းပြည်နယ်ကောင်စီရဲ့ သဘောထား မှတ်ချက် တောင်းခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အခုခေတ်
အတွေးအခေါ်၊ အတွေ့အကြုံ
နဲ့
အဲဒီကိစ္စကို စဉ်းစားကြည့်လိုက်ပါဗျာ။ ပြည်ထောင်စု အလံတော်
ကြိုဆို
သယ်ယူဖို့ လိုအပ်နေတဲ့ ရံပုံငွေအတွက် ပို့စကဒ်လေးတစ်ခု ထုတ်ဝေရောင်းချဖို့ ကိစ္စမှာ ရန်ကုန်မြို့ ဝင်္ဂဘာလမ်း
စာပေစိစစ်ရေးက ရှမ်းပြည်နယ်ကောင်စီရဲ့ သဘောထား မှတ်ချက်တောင်းဆိုဖို့ ဆုံးဖြတ်သတဲ့။ ရှမ်းပြည်နယ်ကို စာပို့မေးမြန်းမယ်ပေါ့။
ဒါဆို သိပ်ကိုကြာမှာဖြစ်ပါတယ်။ အချိန်မရတော့ပါဘူး။ ရှမ်းပြည်နယ်ကို ပို့မယ့်စာကို ကျွန်တော်တို့ ကိုယ်တိုင်ယူသွားပြီး
ရှမ်းပြည်အထိသွားပြီး
မှတ်ချက်ယူခဲ့ပါမယ်လို့ တောင်းဆို၊ ရုံးစာကို ရယူရပါတယ်။ အလကားတော့ ဘယ်ရမလဲဗျာ။ လက်ဖက်ရည်လေးတော့ တိုက်ရတာပေါ့။ အဲဒီတော့လည်း စာက လက်ထဲ ရောက်ပါပြီ။
ရှမ်းပြည်နယ် ကောင်စီဆီကို ကိုယ်တိုင်သွားရမယ် ဆိုတော့ စရိတ်နဲ့ဆို ပို့စကဒ်က မရောင်းရသေးမီ အရှုံးပေါ်နေပါပြီ။ ဒါပေမဲ့ လုပ်လက်စနဲ့ ပြီးအောင်တော့ လုပ်မယ်ဆိုတဲ့မူနဲ့ဘဲ သွားဖို့ ဆုံးဖြတ်လိုက်ရတာပါ။
ကျွန်တော်နဲ့ ကိုဝင်းအောင်ဆိုတဲ့ သူငယ်ချင်းနဲ့ နှစ်ယောက် သွားခဲ့ကြပါတယ်။ တောင်ကြီးကိုရောက်တော့ ရှမ်းပြည်နယ်ကောင်စီရုံးကို သွားပါတယ်။ စာအဝင် စာရင်းသွင်း ပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ရုံးစာရေးတွေကို မေးပါတယ်။ သူတို့က အကောင်းဆုံးက အတွင်းရေးမှူးကို တွေ့တာ အကောင်းဆုံးလို့ အကြံပေးပါတယ်။ အဲဒီတုန်းက ရှမ်းပြည်နယ် အတွင်းရေးမှူးက ဦးအောင်လှ လို့ မှတ်မိပါတယ်။ ကျွန်တော်တို့ သူ့ကိုတွေ့ခွင့်တောင်းပြီး သွားတွေ့ပါတယ်။ လွယ်လွယ်နဲ့ဘဲ တွေ့ခွင့်ပေးပါတယ်။ တွေ့တော့ ဦးအောင်လှက ရှင်းရှင်းလင်းလင်းဘဲ
ပြောပါတယ်။ ဒီကိစ္စက သိပ်မလွယ်ဘူး။ ခင်ဗျားတို့ ဥက္ကဌ နဲ့ တွေ့မှ ဖြစ်မယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့လည်း မထူးတော့ဘူး ဆိုတော့
ဥက္ကဌကို တွေ့ခွင့်တောင်းပါတယ်။ နောက်တစ်နေ့မှာ
တွေ့ရမယ်လို့ပြောပါတယ်။ ဝမ်းသာတာပေါ့။ ဥက္ကဌ ဆိုတာ တွေ့ဖို့လွယ်တာမှတ်လို့။ နောက်တစ်နေ့ သွားကြပါတယ်။ အဲဒီတုန်းက ဥက္ကဌက ဦးထွန်းရင်လော ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ကို
ကျောင်းသား လေးတွေလို့ သဘောပေါက်ထားပုံ ရပါတယ်။
ကောင်းကောင်းမွန်မွန်တွေ့ပါတယ်။ ရေနွေးကြမ်းတွေ ဘာတွေ ချတိုက်ပြီးတော့ပေါ့။ စကားပြောတော့မှ ဦးထွန်းရင်လောက ရှင်းပြပါတယ်။
အခု ရှမ်းပြည်နယ်၊ ရှမ်းပြည်နယ်နေ့အတွက်
ပို့စကဒ်တွေ ထုတ်တဲ့နေရာမှာ အမျိုးမျိုးအဖုံဖုံ
ထုတ်နေတာကို ရှမ်းပြည်နယ် ကောင်စီ အစိုးရ အနေနဲ့ မဖြစ်စေချင်ဘူး။ အားလုံး
တစ်သွေးထဲ တစ်သားထဲ ဖြစ်စေချင်တယ်။ ဒါကြောင့် ပို့စကဒ်
ထုတ်မယ်ဆိုရင် ရှမ်းပြည်နယ် ကောင်စီက ဆုံးဖြတ်ထားတဲ့ ပုံစံ တစ်ခုထဲကိုဘဲ ထုတ်ခွင့်ပြုနိုင်မယ်လို့ ပြောပါတယ်။ နောက်ပြီး ဒီဇိုင်းပုံ တစ်ခုကို ထုတ်ပြပါတယ်။ သူ့ဒီဇိုင်းကတော့ ရိုးရိုးလေးပါဘဲ။ ရှမ်းပြည်နယ် အလံတော်ကို ပို့စကဒ်
မျက်နှာတစ်ခုလုံးမှာ ဖေါ်ပြထားတဲ့
ပုံပါ။
ကဲဗျာ
.. .. .. ဘာဆက်လုပ်ကြမလဲ။ အစည်းအဝေးဆုံးဖြတ်ချက်ဆိုတော့
ဘာမှ
ဆက်လုပ်လို့မရတော့ပါဘူး။ သဘောကတော့ “ကန့်ကွက်ရန် မရှိပါ”
ဆိုတဲ့
စာသားကလေး မရနိုင်တော့ဘူးပေါ့။ ဒါဆို ခွင့်ပြုမိန့် ပါမစ်လည်း ရဖို့ မရှိတော့ပါဘူး။ ပို့စကဒ် ထုတ်ဝေဖို့ လမ်းစ ဆုံးသွားပြီလို့ ဆိုလိုပါတယ်။
ကျွန်တော်တို့ နှစ်ယောက်လည်း စိတ်ပျက်လက်ပျက်နဲ့ ရှမ်းပြည်နယ်ကောင်စီရုံး အောက်ထပ်ကို ဆင်းခဲ့ကြပါတယ်။ အဲဒီမှာ ထူးခြားတာက ပြည်ထောင်စုနေ့ပြပွဲ
ပြခန်းမှာ
ပြသဖို့
ပြင်ဆင်နေကြတာကို
သွားကြုံတာပါဘဲ။ ဆိုင်းဘုတ်တွေမှာ ရှမ်းပြည်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရေးတင်နေကြတာပါ။ အဲဒီအချိန်တုန်းက ပြည်နယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ အခုအချိန်လို အလွယ်တကူ ရနိုင်တာ မဟုတ်ပါဘူး။ ဥပမာ
- အထက်တန်းကျောင်း ဘယ်နှစ်ကျောင်း၊ လူဦးရေ ဘယ်လောက်၊ စက်ရုံအလုပ်ရုံ ဘယ်နှစ်ခု စသဖြင့်ပေါ့။ အချက်အလက်တွေက ပြည်ထောင်စုနေ့မှာ
ပြဖို့
ပြခန်းအတွက် ပြင်ဆင်နေတာပါ။ ဒါကို
ကျွန်တော်တို့ တွေ့တော့ အတော်ဝမ်းသာသွားတယ်
ခင်ဗျ။ နောက်ပြီး ပြည်ထောင်စုနေ့မှာ အများပြည်သူကို ပြသဖို့ဆိုတော့
ကျွန်တော်တို့က လွတ်ပြီ ကင်းပြီဆိုပြီး
အကုန်လျှောက်ကူးတော့တာပေါ့။
တည်းခိုတဲ့နေရာ
ရောက်လို့ ရေချိုးမလို့ လုပ်တုန်း။ အစိုးရ ရုံးထဲမှာရှိတဲ့ အသိအကျွမ်းထဲက တစ်ယောက်က လိုက်လာပြီး ချက်ချင်းပြန်ဖို့ ပြောပါတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ ခင်ဗျားတို့ကို တက္ကသိုလ်ကျောင်းသားတွေလို့ လူကြီးတွေက နားလည်ထားတယ်။ ဒါကို ခင်ဗျားတို့က ငြိမ်ငြိမ်မနေဘဲ ကောင်စီရုံးအောက်က အချက်အလက်တွေကို ကူးနေတာ တွေ့လို့ လူကြီးတွေက ဖမ်းဖို့ အမိန့်ပေးနေတယ်လို့ ပြောပါတယ်။ အဲဒီကာလတုန်းက တက္ကသိုလ်ကျောင်းသားဆိုရင် ဘယ်သူမှ မချန်ထားပါဘူး။ အကုန်ဒေါက်ထောက်ပြီး ကြည့်နေတဲ့ကာလလည်း ဖြစ်နေတော့ ဘယ်လောက်မှန်ပြီး၊ ဘယ်လောက်မှားသလဲ
ကျွန်တော် မသိတော့ပါဘူး။ စဉ်းစားဖို့လည်း စိတ်မကူးတော့ပါဘူး။ အဲဒီ အချိန်အခါ အဲဒီကာလကတော့ တစ်ချက်ထဲ ပြေးဖို့ဆိုတာ အလိုလို သင်ကြားထားပြီးသားပါ။
ဘာမှ မပြောတော့ဘူး။ အဝတ်အစား ချက်ချင်းသိမ်းပြီး
ရရာကားနဲ့ ရန်ကုန်ကို သုတ်ခြေတင်ရတော့တာပေါ့။ ရှမ်းပြည်နယ်ကောင်စီရဲ့ မှတ်တမ်းတွေမှာတော့ “ထိုကျောင်းသားများသည် တင်ပါးနဲ့ဖဝါး တစ်သားတည်းကျအောင် ထွက်ပြေး သွားကြပြီ
ဖြစ်ပါသည်” ရေးထားနိုင်ပါတယ်။
ကြောက်လို့သာ ပြေးလာရတာ။ ရန်ကုန်ရောက်တော့ လုံးဝ မကျေနပ်ဘူး ဖြစ်ပြန်ရော။ ဘေးတွေ့မယ်ဆိုတုန်းကတော့ သေပြေး ပြေးခဲ့ပြီးမှ ဘေးကင်းရာလဲရောက်ရော …
ဟောဗျာ
… … ထိုးကွင်းက ထရပြန်ပြီ ။ မကျေမချမ်းနဲ့ ဒေါသတွေ ထွက်နေတော့တာပေါ့။
ဘာရမလဲ။
စာပေစိစစ်ရေးရဲ့ မိခင်ဌာန၊ ပြည်ထဲရေးကို စာရေးမယ်ပေါ့။ ဒုတိယ ဝန်ကြီးဆီ ကျွန်တော်စာရေးပါတယ်။ ကျွန်တော်ဟာ ပြည်ထောင်စုအလံတော် သယ်ယူဖို့ ရံပုံငွေ လိုအပ်ချက်အရ ပို့စကဒ် တစ်ခုထုတ်ဝေဖို့ လုပ်ပါကြောင်း၊ ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေရန် ဖြစ်ပါကြောင်း၊ အဆိုပါ ရှမ်းအမျိုးသားနေ့ကို အကြောင်းပြုပြီး စာပေစိစစ်ရေးက ရှမ်းပြည်နယ်အစိုးရထံ မှတ်ချက်တောင်းခံခဲ့ပါကြောင်း၊ ရှမ်းပြည်
နယ်ကောင်စီမှ လက်မခံပါကြောင်း၊ ထို့ကြောင့် ထုတ်ဝေခွင့် မရပါကြောင်း၊ တင်ပြလိုသည်မှာ
… … … ကျွန်တော်သည် ရန်ကုန်မြို့သား ရှမ်းအမျိုးသားတစ်ယောက် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ကောင်စီက ရန်ကုန်မြို့အထိ လာရောက်စွက်ဖက်ပြီး
ကျွန်တော့်အား
အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့် မရှိပါကြောင်း၊ ကျွန်တော့်အား
အုပ်ချုပ်စီမံခွင့်သည် ရန်ကုန်တိုင်း ကောင်စီ ဥက္ကဌ
ဦးကျော်မြင့် သာလျှင် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့ နေ ရှမ်းအမျိုးသားတစ်ယောက်ကို ရှမ်းပြည်နယ်ကောင်စီက စီမံခန့်ခွဲတာကို လက်မခံနိုင်ကြောင်း၊ ရန်ကုန်တိုင်းကောင်စီက ဆုံးဖြတ်ညွှန်ကြားလျှင် လက်ခံပါမည့်အကြောင်း၊ ယခု ကျွန်တော် တို့ထုတ်ဝေမည့် ပို့စကဒ်အတွက် ခွင့်ပြုမိန့်သည် ရှမ်းပြည်နယ် အစိုးရနှင့် မပတ်သက်ဘဲ ရန်ကုန်တိုင်းအတွင်းရှိ ရှမ်းအမျိုးသား များအတွက် ရန်ကုန်တိုင်းကောင်စီတွင်သာ တာဝန်ယူသင့်ကြောင်း ဒုတိယဝန်ကြီးအနေဖြင့် စဉ်းစားပေးပါရန်
အယူခံဝင်ခြင်း
ဖြစ်ကြောင်း စာရေးလိုက်ပါလေရော။
ကိုင်းဗျာ ကျွန်တော် ဘယ်လောက်စာရေးကောင်းသလဲ မသိဘူး။ ကြွားစရာ ဘယ်လောက်ကောင်းသလဲဆိုတော့ ပြည်ထဲ ရေးဝန်ကြီးဌာနက ပို့စကဒ်
ထုတ်ဝေခွင့် ပြုလိုက်ပါရော။
စာပေစိစစ်ရေးက ဝန်ထမ်းတွေဆို အံ့သြလွန်းလို့ လက်ဖျားတစ်ခါခါဗျာ။
ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးတဲ့။ အားလုံးက ဝိုင်းကူလိုက်ကြတာ ပုံနှိပ်ဖို့ကို ရွှေစင်ပုံနှိပ်တိုက်က ဦးညွန့်လွင် ဆီချပေးတယ်။ အဲဒီတုန်းက အစိုးရဈေးနဲ့ စက္ကူလည်းရောင်းပေးတယ်။ စက္ကူကိုလည်း
ဦးညွန့်လွင် ရွှေစင်ပုံနှိပ်တိုက်ကို ချပေးလို့ ဦးညွန့်လွင်က ငွေစိုက်ထုတ်ပြီး ဝယ်ထားပြီးပြီ။ ဒီဇိုင်းကိုလည်း ဘလောက်တုံး ခုတ်ထားပြီးပြီ။ နောက်တစ်နေ့ဆို
ရိုက်ပြီ။
ဒါပေမဲ့
မရိုက်ဖြစ်ပါဘူး။
ရှမ်းပြည်နယ် ကောင်စီ အစိုးရ က အပြင်းအထန်ကန့်ကွက်လို့ဆိုပြီး
ပြည်ထဲရေးဌာနက ထုတ်ဝေခွင့်ကို ပြန်ရုတ်သိမ်းလိုက်တယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့ ဘာမှ မမြင်ရပါဘူး။ ရွှေစင်ပုံနှိပ်တိုက်က ဝယ်ပေးထားတဲ့ စက္ကူကိစ္စကိုလည်း
စာပေစိစစ်ရေးက တစ်ခြားတစ်ခုခုနဲ့ အစားထိုးပေးသွားမယ်လို့ ရွှေစင်ပုံနှိပ်တိုက်က ကျွန်တော့်ကို
ပြောပါတယ်။ အဲဒီလိုနဲ့ လမ်းစရိတ်ရှုံး၊ ဘလောက်ဖိုး ရှုံး၊ ပန်းချီရေးခ ရှုံး၊ ပြီးသွားပါလေရော။ အရှုံးတက
အရှုံးဆုံးကတော့ နိုင်ငံရေး ဆုံးရှုံးမှု ဖြစ်ပါတယ်။
ကျွန်တော့်တင်ပြချက်တွေထဲမှာ အရေးအကြီးဆုံးက ရှမ်းပြည်နယ်ကောင်စီဆိုတာ ရှမ်းပြည်နယ်ကို စီမံခန့်ခွဲရတာ မှန်ပါတယ်။ မငြင်းပါဘူး။ သို့သော်လည်း ရှမ်းအမျိုးသားတွေကို စီမံခန့်ခွဲခွင့် မရှိဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ရေးထားတာပါ။ ရှမ်းပြည်နယ်ကို စီမံအုပ်ချုပ်ခွင့်ရတာနဲ့ ရှမ်းပြည်နယ်ပြင်ပ ရှမ်းအမျိုးသားအားလုံးကို အုပ်ချုပ်ခွင့် ဘယ်မှာ ရနိုင်မလဲဗျာ။
ဒါပေမဲ့
အဲဒီအချိန်တုန်းက ရှမ်းပြည်နယ်အစိုးရဟာ ရန်ကုန်တိုင်းမှာ ရှိနေတဲ့
ရှမ်းတိုင်းရင်းသားတွေရဲ့ အရေးအရာကို ဝင်ရောက်စွက်ဖက် ကန့်ကွက်ခဲ့ဖူးကြောင်း တင်ပြချင်တာပါ။
အဲဒီတုန်းက ဥက္ကဌ ဖြစ်တဲ့ ဦးထွန်းရင်လောနဲ့ ကျွန်တော် ဟာ ၁၉၉၃
- ခုနှစ် ကျိုက္ကဆံ အမျိုးသားညီလာခံမှာ ပြန်ဆုံကြပါတယ်။ သူနဲ့ ကျွန်တော်က အဆောင်တစ်ဆောင်ထဲ သုံးကုတင်ခြားပြီး အိပ်ကြတာပါ။ ညနေခင်းဆို
ဗိုလ်ချုပ်ထွန်းရီ အိပ်ဖို့ ခြင်ထောင်ကို သူလာထောင်ပေးပါတယ်။ နံနက်ခင်းဆို
ခြင်ထောင်ကို သူလာသိမ်းပါတယ်။ ကျွန်တော်နဲ့ အမြဲ ဆုံပါတယ်။ သူက ကျွန်တော့်ကို “ကောင်လေး”
“ကောင်လေး” လို့ အမြဲခေါ်ပါတယ်။ ကျွန်တော်တို့ စကြ နောက်ကြပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက် ပြောပြကြပါတယ်။
ဒါပေမဲ့
ကျွန်တော်သူ့ကို ပြောတဲ့အထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ပို့စကဒ် အကြောင်း လုံးဝ မပြောခဲ့ပါဘူး။ သူကလည်း ကျွန်တော့်ကို လုံးဝ မမှတ်မိဖူးဆိုတော့ ပြန်ပြောလည်း အကျိုးမရှိတော့ဘူးလေ။
အဲဒီမှာ ပြောချင်တာက ကျွန်တော်တို့ဟာ စနစ်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ကြတယ်။ ဝမ်းနည်းစရာကောင်းတာက အမှန်တရားကို ရှာတွေ့ခဲ့ပေမဲ့ ဖေါ်ထုတ်ပြသနိုင်ခြင်း မရှိခဲ့တာပါဘဲ။ အဲဒီ ဖြစ်ပျက်ခဲ့တာတွေဟာ တကယ်တမ်း
ပြန်ဆန်းစစ်ကြည့်ရင် အင်မတန်မှ ရင်နာစရာတွေပါဗျာ။ လွဲချော်ခဲ့တဲ့ စီမံခန့်ခွဲမှုတွေလို့ သမိုင်းဆရာတစ်ချို့က ဆိုကောင်းဆိုကြပါလိမ့်မယ်။
တကယ်တမ်းမှာတော့
လူတစ်စုရဲ့ အတ္တ၊ လောဘ၊ မာန တွေကြောင့်ဆိုတာ ဘယ်လိုမှ မငြင်းကွယ်နိုင်ပါဘူးဗျာ။ အဲဒီလိုနဲ့ဘဲ တိုင်းပြည်ကြီးဟာ ဖွံ့ဖြိုးမှု
အနည်းဆုံး
နိုင်ငံဘဝကို
ရောက်သွားရတော့တာပါဘဲ။
ရင်နာစရာ အကောင်းဆုံးကတော့ စင်္ကာပူနိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်လာရအောင် ယခင်က ရန်ကုန်မြို့ကို
အတုယူပြီး တည်ဆောက်ခဲ့တဲ့ စင်္ကာပူနိုင်ငံ ခေါင်းဆောင်ကြီး လီကွမ်းယူက “ အဲဒီလောက် သံယံဇာတ ပေါကြွယ်တဲ့ နိုင်ငံကို ဘယ်လိုလုပ်ပြီး ကမ္ဘာ့
အဆင်းရဲဆုံး နိုင်ငံဖြစ်အောင်လုပ်လိုက် တာလဲဆိုတာ မစဉ်းစား တတ်တော့ပါဘူး
” လို့
ပြောသွားဟာ ရင်နာစရာ အကောင်းဆုံးပါဘဲ။
သူပြောတာ ဟုတ်မှာပါ။
အခုပြောပြချင်တဲ့ ဥပမာလေးကို ကြည့်ရင်
သဘောပေါက်မယ်ထင်လို့ ဆက်ပြီး ပြောပြချင်တာပါ။ စာပေစိစစ်ရေး အကြောင်းကလေး တစ်ခုပေါ့။
ကျွန်တော် ဖြတ်သန်းဖူးတဲ့ စာပေစိစစ်ရေးကတော့ သူများတွေ
တင်စားသလို စာပေကင်ပေတိုင် ဆိုပြီး ဟုတ်မဟုတ်တော့
ကျွန်တော် တပ်အပ်သေချာ
မပြောနိုင်ပါဘူး။ ဒါပေမဲ့
အဲဒီ
ကာလတုန်းက စာပေစိစစ်ရေးဆိုတာ ကျွန်တော်တို့ မြန်မာတွေအတွက်သာ ကင်ပေတိုင်ဖြစ်ရတာပါ။ လုပ်ငန်းရှင် တရုတ်တွေ၊ ကုလားတွေအတွက်ကတော့ တကယ့်
နိမ္ဗာန်လမ်းကြီးတစ်ခု ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ထုတ်ဝေသူအပိုင်းကို ချန်ထားပြီး
ပုံနှိပ်သူအပိုင်းကိုဘဲ ကြည့်လိုက်ရင် ပုံနှိပ်သူလုပ်ငန်းရှင် အကြီး/အသေးတွေထဲမှာ တပ်မတော်အငြိမ်းစား အရာရှိကြီးတွေ အများအပြားပါဝင်ပါတယ်။
တစ်ခါသားမှာတော့ဗျာ။ ပုံနှိပ်လုပ်ငန်း မှတ်ပုံတင် သက်တမ်းတိုး လုပ်ကြပါတယ်။ ထောက်လှမ်းရေးဗိုလ်ကြီး ကနေ ပြောင်းလာတဲ့ ဒု-ညွှန်မှူးအဆင့် ရှိတဲ့ လူငယ်အရာရှိက အငြိမ်းစား အရာရှိကြီးတွေကို တန်းစီခိုင်းတာ၊ ဟိန်းတာ ဟောက်တာ တွေ့ရတော့ ကျွန်တော်အတော်ကို စိတ်မကောင်းဖြစ်ရတယ်။ အကြောင်းသိဖြစ်တဲ့ ကျွန်တော်က စိတ်မကောင်းဖြစ်ရတာပါ။ ဘာလို့လဲဆိုတော့
အဲဒီဟိန်းဟောက်နေတဲ့ ပုဂ္ဂိုလ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တရုတ်လုပ်ငန်းရှင်တွေ၊ ကုလားလုပ်ငန်းရှင်တွေအဖို့ တန်းစီဖို့နေနေသာသာ လာစရာတောင် မလိုလို့ ဖြစ်ပါတယ်။ အခုခေတ်ကာလမှာ ပြောပြောနေကြတဲ့ မျိုးချစ်စိတ်လိုမျိုးနဲ့တွက်ရင် အတော်ကို ဆိုးဝါးလှပါတယ်။
ကင်ပေတိုင်တွေသာ သူတို့ကို
အဲဒီတုန်းက စာပေစိစစ်ရေး နဲ့ နှိုင်းယှဉ်တာကို သိရင် အတော်ရင်နာစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကင်ပေတိုင်တွေက ကိုယ်ကျိုးကြည့် မကြည့်
ကျွန်တော် မသိပေမဲ့ ကျွန်တော်ကြုံခဲ့ရတဲ့
ပုဂ္ဂိုလ်တွေကတော့ စည်းမျဉ်းစည်းကမ်းတွေကို အကြောင်းပြပြီး ကိုယ်ကျိုးရှာခဲ့တာ အများအပြား ရှိခဲ့လို့ပါဘဲ။ အားလုံးကိုတော့ မဆိုချင်ပါဘူး။ တစ်ချို့ မေတ္တာနဲ့ ကျွန်တော့်ကို ကူညီခဲ့ကြတဲ့ လူကောင်းတွေလည်း အများကြီးရှိနေလို့ ဖြစ်ပါတယ်။ ဒါပေမဲ့
လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး အဲဒီလုပ်ပိုင်ခွင့်နဲ့ လုပ်စားသွားကြတာတွေဟာ အမှန်တကယ် ရှိခဲ့ပါတယ်။ အဲဒါကြောင့်လည်း မြန်မာစာပေဟာ နည်းနည်းလေး
သက်ဆိုးဆက်ရှည်နိုင်ခဲ့တယ်လို့ ကျွန်တော်တော့ အဲဒီလို ပြောချင်ပါတယ်။ သူတို့သာ ကိုယ်ကျိုးမရှာခဲ့ရင် ကျွန်တော်တို့ မြန်မာစာတွေ ထွက်ဖို့တောင် အတော်ကြီး
မလွယ်ပါဘူး။ ကျေးဇူးတောင် တင်ရမလို
ပါလားနော်။
ကိုင်းဗျာ … … … ကျွန်တော့်
ကိုယ်တွေ့လေးတစ်ခုတော့ ပြောပြချင်ပါတယ်။
၁၉၈၅- လောက်မှာ ဖြစ်ပါတယ်။ ကျွန်တော့်ကို ပါတီ
ယူနစ်ကနေ တာဝန်ပေးခဲ့တဲ့ သမဝါယမ
အခက်အခဲတစ်ခုကို ကျော်လွှားဖို့ဆိုတဲ့တာဝန်မှာ ကျွန်တော်ဟာ မရှုမလှ
ရှုံးသွားပြီးတဲ့ နောက်မှာ တာဝန်က နှုတ်ထွက်ခဲ့ပြီး
ကိုယ်ပိုင်အလုပ်တစ်ခုအနေနဲ့ ပုံနှိပ်လောကကို ကျွန်တော် ခြေစုန်ပစ်ဝင်ခဲ့ပါတယ်။ ပြောရရင် တော့ လုပ်ငန်းအသေးလေးပါ။ အခုထိလည်း အသေးလေးနဲ့ ဆက်ရှင်သန်နေရတာပါ။
ဒါပေမဲ့
လူတွေက ကျွန်တော့်ကို အတော်အထင်ကြီးကြတယ် ခင်ဗျ ။ အမှန်ပြောရရင် အထင်မှားတာပါ။ ကောင်းသော အထင်မှားမှုပါ။
လုပ်ငန်းကြီးတွေ အပ်ကြတယ်။ အဲဒီထဲက သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး အဆင့်ရှိတဲ့ အရာရှိကြီး
တစ်ယောက်က သူတို့သစ်တောဦးစီးဌာနက စာအုပ်အဟောင်းကြီး တစ်အုပ်ကို ပြန်ပြီး အသစ်ရိုက်ဖို့ ကျွန်တော့်ကို
တာဝန်ခေါ်ပေးပါတယ်။ စာအုပ်က အထူကြီးပါ ။
ပြောရရင်တော့ အဲဒီစာအုပ်က ရှားပါးစာအုပ်ပါ။ ၁၉ဝ၁-
ခုနှစ်လောက်က အင်္ဂလိပ်လက်ထက်က ရိုက်ထားတဲ့ စာအုပ်ကို ပြန်လည်ဖြည့်စွက်ပြုပြင်ချက်နဲ့ ရိုက်ဖို့ ဖြစ်ပါတယ်။ စာအုပ်ကတော့ ပြောရရင် ပညာရှင်လက်စွဲစာအုပ်ပါ။ သာမန်ပြည်သူတွေ အဖို့ နားမလည်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ သစ်ကြီးဝါးကြီးက အစ မြေမှာပေါက်နေတဲ့ နွယ်မြက်တွေအဆုံး
သူတို့ရဲ့ ရုက္ခဗေဒအမည်၊
ရှမ်းအခေါ်အဝေါ် ၊ ကချင်အခေါ်အဝေါ် ၊ မြန်မာအခေါ်အဝေါ် ၊ ပေါက်ရောက်ရာဒေသ နဲ့ အဲဒီဒေသရဲ့အခေါ်အဝေါ်တွေကို စနစ်တကျ
ပြုစုထားတဲ့ အဖိုးတန်
စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
အဲဒီစာအုပ်ကို ခေတ်နဲ့ဆီလျော်အောင် ဌာနဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပြန်လည် တည်းဖြတ်ဖို့လုပ်သူကတော့ မစ္စတာ ဟန်းလေး
ဆိုသူဖြစ်ပါတယ်။ လွယ်လွယ်ကူကူ မှတ်လို့ရအောင် သူဟာ အဆိုတော် ဘိုဘိုဟန် ရဲ့အဖေဖြစ်ပါတယ်။ ကမာရွတ် အာတီးယား လမ်းမှာနေပါတယ်။
ဌာနနဲ့ ကျွန်တော် သဘောတူပြီးတဲ့နောက်ပိုင်း ဆရာကြီးနဲ့အလုပ် စလုပ်ရပါတယ်။ အဲဒီတုန်းက ခဲနဲ့စာစီရတဲ့ ကာလ ဖြစ်ပါတယ်။ သူပြင်ထားတဲ့စာမူကို ကျွန်တော်တို့က ခဲနဲ့ပြန်စီ ရတယ်။ ပြီးရင်မူကြမ်းထုတ်ပြီး ဆရာကြီးဆီ နေ့စဉ်သွားပို့ ရပါတယ်။
နေပူပူ
မိုးရွာရွာ အချိန်မှန်ပို့ရပါတယ်။
အဲဒီမှာ ကျွန်တော်လည်း မော်တော်ဆိုင်ကယ် တစ်စီးဝယ်ဖြစ်သွားပါတယ်။ ဆရာကြီးဆီကို နေ့စဉ်
အချိန်မှန်ပို့ နိုင်အောင်ဖြစ်ပါတယ်။ လပေါင်း
အတော်ကြာ နေ့စဉ်
ဆရာကြီးဆီကို ကျွန်တော်သွားပါတယ်။ သူဖတ်ပြီးသားကို စက်တင်ရိုက်ဖို့ ပြန်ယူခဲ့ပါတယ်။ နောက်ထပ်အသစ် သူ့ကိုပေးခဲ့ပါတယ်။ ဒီလိုနဲ့ လပေါင်းအတော် ကြာ
သွားလိုက်လာလိုက်နဲ့ ဆရာကြီးနဲ့ ကျွန်တော် အတော်လေး ခင်မင်မှု ရှိခဲ့ပါတယ်။
ပြဿနာက ဆရာကြီးရဲ့ စာအုပ်ကို စာပေစိစစ်ရေးမှာ ခွင့်ပြုချက်တောင်းတဲ့အခါ ဖြစ်ပါတယ်။ ဆရာကြီးရဲ့ စာမူကို ကျွန်တော်က တာဝန်ယူပြီး ခွင့်ပြုချက်ကျအောင် တင်ပေးရတာပါ။ ဌာနဆိုင်ရာ စာအုပ်ဆိုတော့လည်း မတင်လို့ကို
မရဘူး ခင်ဗျ။ တင်လိုက်တော့ တစ်လလည်း
မကျ ။
နှစ်လလည်း မကျ
။ ကျွန်တော်က ဘာပြဿနာမှ မရှိနိုင်တော့ အေးအေးဆေးဆေးမှတ်ထားတာ။ ဘယ်ဟုတ်လိမ့်မလဲဗျာ။
အဲဒီစာအုပ်ကို စိစစ်ဖို့ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ပို့ထားပါသတဲ့။
စာကြည့်တိုက်ကို လိုက်မေးတော့ သစ်တောဌာနကိုဆက်ပြီး ပို့ထားပါသတဲ့။ ကဲဗျာ ဆက်လိုက်ကြရအောင် ဆိုပြီး သစ်တောဌာနကို လိုက်တော့ ဌာနက ကတိကတွေက သူတို့အနေနဲ့ မပိုင်လို့ သစ်တောဦးစီးဌာနကို ပို့ထားပါသတဲ့။
ဘာရမလဲ
ကျွန်တော့်ကို
အလုပ်အပ်ထားတာက သစ်တော ဦးစီးဌာနဘဲ ။ အဲဒီလိုက်သွားတော့ ဒု-ညွှန်မှူးတစ်ယောက်က ကျွန်တော်နဲ့ လှေလှော်အသင်းမှာ သိခဲ့တဲ့ လှေလှော်ဖက် တစ်ယောက် ဖြစ်နေတယ်။ သူ့အားကိုးနဲ့မေးလိုက်တော့ စာကြည့်တိုက်က ပညာရှင်ဆီပို့ထားတယ်တဲ့။
ကိုင်းဗျာ
… ပြောပါတော့မယ်။ အဲဒီ ပညာရှင်က ဘယ်သူများ ထင်ပါသလဲ။ မစ္စတာ ဟန်းလေး
ဘဲ ဖြစ်နေပါတယ်။
မစ္စတာ ဟန်းလေး တည်းဖြတ်ထားတဲ့စာအုပ်ကို ဟိုပို့ ဒီပို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို
ဖြတ်သန်းခဲ့ပြီး
နောက်ဆုံးမှာတော့ ပြန်စိစစ်ဖို့ (တနည်းအားဖြင့် ထောက်ခံချက်ပေးဖို့) တစ်ပတ်လည်ခဲ့ပြီး
အဲဒီ
တည်းဖြတ် စာရေးသူ မစ္စတာ
ဟန်းလေးကိုယ်တိုင် ပြန်ဖြစ်နေပါတယ်။
အစ-အဆုံး
လိုက်ရတဲ့ ကျွန်တော့်မှာ ဘယ်လောက်မောမယ်ထင်ပါသလဲ။ ဆရာကြီးကို
ပြောတော့
သူက
“ဟုတ်လား ။ ကျွန်တော် မကြည့်ဖြစ်သေးဘူး ။ ကြည့်တော့လည်း ကျွန်တော် ဘယ်လိုလုပ်ရမလဲ ၊ ပြောပါအုန်း” လို့ဆိုပါတယ်။ ကျွန်တော်လဲ ခင်မင်ရင်းစွဲ
ရှိနေတာကို အကြောင်းပြုပြီး
“ဆရာကြီးရယ် ကန့်ကွက်လိုက်ပေါ့ဗျာ
” လို့ပြောလိုက်တော့ ဆရာကြီး
ခင်ဗျာ
ရီလိုက်ရတာ ဖတ်ဖတ်ကိုမောလို့။
အဲဒါနဲ့ စာပေစိစစ်ရေးက ညွှန်မှူးကို ဝင်တွေ့ပြီး
အကျိုးအကြောင်းပြောလိုက်တော့ သူခင်ဗျာလဲ ရီလိုက်ရတာ အူတက်မတတ်ပါဘဲ။ နောက်တော့ သစ်တောဌာနက စာကို စောင့် မနေတော့ဘဲ နောက်တစ်ပတ် ဗုဒ္ဓဟူးအစည်းအဝေးကို တင်ပြီး ခွင့်ပြုချက် ချက်ချင်းထုတ်ပေးလိုက်ပါတော့တယ်။
တကယ်တော့
စာပေစိစစ်ရေးဆိုတာ ပညာရပ်တွေနဲ့ ပတ်သက်ပြီး
သူတို့ မသိတာ၊ မပိုင်တာတွေ အများကြီးပါ။ သူတို့မသိတော့
တစ်ခြားသိသူတွေကို တာဝန်ခံခိုင်းဖို့ ပေးပို့စိစစ်ခိုင်းရတာတွေရှိပါတယ်။ အထူးသဖြင့် တိုင်းရင်းသားစာပေ ကိစ္စဖြစ်ပါတယ်။ စာပေစိစစ်ရေးဌာနမှာ တိုင်းရင်းသားစာပေ စိစစ်နိုင်သူ မရှိပါဘူး။ အထက်မှာ ကျွန်တော်ပြောပြခဲ့တဲ့ ပို့စကဒ်ကိစ္စမှာ ရှမ်းစာလုံးသုံးလုံးလောက်ကို ရှမ်းပြည်နယ်ကောင်စီရှိတဲ့ တောင်ကြီးမြို့အထိ ပေးပို့ စိစစ်ခိုင်းခဲ့တာမျိုး ဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့ တိုင်းရင်းသား
စာပေတွေ ဒုက္ခလှလှ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒါကို
ဆိုင်ရာပြည်နယ်တွေကို ပြန်ပို့ပေးပြီး စိစစ်ဖို့၊ တာဝန်ယူဖို့ ကန့်ကွက်ရန် ရှိ - မရှိ
တောင်းတော့တာပါဘဲ။ ပြည်နယ်တိုင်းကလည်း တိုင်းရင်းသားစာပေ ပိုင်ပိုင်သိတာ သိပ်မရှိပါဘူး။ ရှိခဲ့လည်းဘဲ အဲဒီပုဂ္ဂိုလ်တစ်ယောက်ထဲက တာဝန်ခံဖို့ ဆိုတာ အဲဒီခေတ်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
အဲဒီလိုနည်းနဲ့ တိုင်းရင်းသားစာပေဆိုတာ အဲဒီခေတ်မှာ အလွန့်အလွန်ကို ရှားပါးသွားခဲ့ရတာပါ။ တိုင်းရင်းသားတွေ ဖက်က အစိုးရအပေါ်အထင်အမြင် မကောင်းတာ (အမြင်မှားတာ မဟုတ်ပါ) ဟာ မှားတယ်လို့ မပြောနိုင်ပါဘူး။
လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသလိုပါဘဲ အချိန်မီ ထုတ်နိုင်အောင် လုပ်နိုင်တဲ့နည်းတစ်ခု ရှိခဲ့ပါတယ်။ အဲဒါကတော့ မြန်မာလိုဘာသာ ပြန်ပေးရတာပါဘဲ။ နည်းလမ်းတွေ ဝိုင်းရှာကြတော့ မြန်မာဘာသာပြန်ပေးတဲ့နည်းက အမြန်ဆုံးဆိုတာ တွေ့ရပါတယ်။ ကောင်းပြီး
ဘာသာပြန်ပေးကြတာပေါ့။ ကြာတော့လည်း
မဖြစ်နိုင် ပြန်ဘူး။ မြန်မာဝတ္တုရေးသမား တစ်ယောက်က မြန်မာလို တစ်ခါဘဲရေးလိုက်ရင် စိစစ်ခံနိုင်ပြီ။ တိုင်းရင်းသားဘာသာရေး စာရေးဆရာကတော့ မြန်မာလို ဘာသာပြန်ရတာနဲ့ဆိုတော့
နှစ်ဆ ပိုပြီး အလုပ်လုပ်ရပြန်ရော။ တွက်ခြေ မကိုက်ဘူးပေါ့။
ကျွန်တော်စမ်းဖူးပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ်
ရှမ်းဘာသာနဲ့ ဝတ္တုလေးတစ်ပုဒ် ထွက်အောင်ဆိုပြီးတော့
ရှမ်းဘာသာ ဝတ္တုစာအုပ်ကို အပင်ပန်းခံပြီး မြန်မာဘာသာ ဝတ္တုတစ်ပုဒ်လို ဘာသာပြန်ရေးပြီး တင်လိုက်တယ်။
ဟောဗျာ …
… … ကျွန်တော်တင်လိုက်တဲ့ မြန်မာဘာသာပြန်စာမူကို စာလုံးပေါင်း
သတ်ပုံကျမ်းနဲ့ မကိုက်ညီလို့ အမှားပြင်ဆင်ပေးထားပါသတဲ့။
အဲဒီလို ပြင်ဆင်ပေးရတဲ့အတွက် ပြင်ဆင်ခ ငွေဘယ်လောက်ကျသင့် ဆိုတာ စာလုံးရေနဲ့တွက်ပြီး တောင်းခံစာပေးလာလေရဲ့။ မောင်မင်းကြီးသား။
မြန်မာစာသတ်ပုံ အမှားတွေကို ကျွန်တော်က ရှမ်းစာမှာ ဘယ်လိုလုပ်ပြီး အမှားပြင်ရမတုန်းဗျာ။ စဉ်းစားကြည့်ပါအုန်း။ အဲဒီကတည်းက ကျွန်တော်လည်း လက်မြှောက်လိုက်တော့တာပါဘဲ။ နှစ်တွေတော့ အတော်ကြာခဲ့ပါပြီ။ အခုတော့လည်း
စာပေစိစစ်ရေး မရှိတော့ဘူးဆိုတော့
အရင်က
ဖြစ်ခဲ့တာတွေဟာ ရယ်စရာ မောစရာတွေ ဖြစ်ကုန်တော့တာပါဘဲ။
စာပေခေတ်ကြီး
တစ်ခုကို နောင့်နှေးသွားအောင် လုပ်ခဲ့တဲ့ စနစ်ဆိုးကြီးတစ်ခုလို့ဘဲမြင်လိုက်ရအောင်ပါ။ အဲဒီ အမှားကြီးဟာဆိုရင် အခုထိတိုင်အောင် စာပေလောကကို ရိုက်ခတ်နေဆဲ
ဖြစ်တယ်ဆိုတာ စာအုပ်ဈေးကွက်၊ စာအုပ်လောကရဲ့ ဒီနေ့အခြေအနေကို
ကြည့်လိုက်ရင် တကယ့်ကို
သံဝေဂ
ရစရာ ပါဘဲ။ စာအုပ်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်သိမ်းသွားကြတာဟာ တိုင်းပြည်ရဲ့ အနာဂတ် လူငယ်တွေနဲ့ စာအုပ်စာပေတွေ ဝေးသွားစေတာ
ဖြစ်ပါတယ်။ စာအုပ်စာပေနဲ့ ဝေးလေ လူငယ်တွေရဲ့ နောင်ရေးကို ရင်လေးရလေ ဖြစ်ပါတယ်။ ကြည့်လိုက်စမ်းပါ။ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေက ဘယ်လောက်တောင် ပြင်းထန်နေသလဲ ဆိုတာ။
အင်းလေ
.... …. …. နောက်ထပ် စာပေကင်ပေတိုင်တွေ ထပ်မပေါ်အောင် ဝိုင်းကြိုးစားကြရမှာပါ။
No comments:
Post a Comment