န / ၄၅၆ ဆိုတာ ကျွန်တော်ဝယ်စီးခဲ့တဲ့ ပါပလေကာ ကားနံပါတ်
ဖြစ်ပါတယ်။ တကယ်ဆိုရင် ဒီကားအကြောင်းကို စာတစ်စောင်
ပေတစ်ဖွဲ့ ဖွဲ့ရလောက်အောင် အကြောင်းတစ်စုံ တစ်ရာ ဘာမှ မရှိခဲ့ပါဘူး။ သို့သော်လည်းဘဲ
သူ့ကို အကြောင်း ပြုပြီး ရေးစရာ သားစရာတွေကလည်း ရှိနေခဲ့လို့ သူ့ကိုဘဲ အကြောင်းပြု
ရေးသားလိုက်ရပါတယ်။
တစ်ကယ်ဆို ကျွန်တော်ဟာ လည်မလိုလိုနဲ့ အတော့်ကို အတဲ့
နတဲ့ လူတစ်ယောက်ပါ။ ကြည့်လိုက်လေ။ ကျွန်တော့်
မိတ်ဆွေတွေထဲက ကိုသန်းညွန့်ဆိုတာ တစ်ယောက်ရှိပါတယ်။ တစ်နေ့သားမှာတော့ သူက ကျွန်တော့်မိန်းမဆီကို ရောက်လာပါတယ်။
သူ့ယောက်ဖ ကိုတင်ဝင်းဆိုတာက ကားရောင်းချင်တဲ့ အကြောင်းလာပြောပါတယ်။ ကားက ဈေးအလွန်တော်တဲ့
အကြောင်း၊ တစ်လက်ကိုင် ဖြစ်လို့ ကားသန့်ပြန့်တဲ့အကြောင်း၊ ဈေးကလည်း ဗိုက်နာနေလို့
သက်သာတဲ့အကြောင်းပေါ့။ ပြောပါတယ်။ ကျွန်တော့်မိန်းမက
ကျွန်တော့်ကို ပြန်ပြောပါတယ်။ အားနာတာနဲ့ ကြည့်လိုက်ပေါ့ လို့ပြန်ပြောလိုက်ပါတယ်။
နောက်တစ်နေ့ ကျွန်တော်ပြောခဲ့တဲ့ အတိုင်း ပါပလေကာ ကားနံပါတ် န / ၄၅၆ ကို ယူလာပြတော့တာပါဘဲ။ ဘယ်လောက်လဲလို့ မေးလိုက်တော့
၁၄-သိန်း လို့ပြောပါတယ်။ လျော့ပါအုန်း လို့ပြောတော့
၁၃-သိန်း ဂိတ်ဆုံးလို့ ပြောပါတယ်။ အမှန်ကိုပြော ရရင် ကားကိုလည်း မကြည့်တတ်ပါဘူး။ မိတ်ဆွေ
အချင်းချင်းဘဲ ဆိုပြီး မျက်စိမှိတ်ဝယ်ချ လိုက်ပါတယ်။ ကားတစ်စီးပိုင်ပြီပေါ့။
အဲဒီကားကို စီးတော့ မိတ်ဆွေတွေက မေးကြတယ် ။ ဘယ်လောက်ပေးရသလဲပေါ့။
ကျွန်တော်ကလည်း ရိုးရိုးဘဲ ၁၃-သိန်းလို့ဘဲ ပြောပြပါတယ်။ အဲဒီတော့မှ အားလုံးက ဈေးကွက်မှာ
၁၁-သိန်းဘဲ ရှိတယ်ကွ လို့ ဝိုင်းပြောကြပါတယ်။ နံပါတ် သုံးလုံးနဲ့ ကားဆိုတာ အမြင်မလှလို့
အရောင်းအဝယ်လဲ မသွက်ဘူးကွ လို့ဝေဖန်ကြပါတယ်။ ကျွန်တော်က ဝယ်ရောင်းမှ မဟုတ်တာ ကိစ္စမရှိပါဘူး။ ပြီးတော့ ကျွန်တော်က ဈေးကွက်ထဲသွားဝယ်တာ မဟုတ်လို့
ဈေးများသွားတယ်လို့ဘဲ သဘောထားလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မှတ်မိ သလောက်ဆိုရင် အဲဒီကားကို ကျွန်တော်
၁၈-နှစ်လောက်စီးခဲ့ ပါတယ်။ အကျိုးပေးတယ်လို့
ပြောရမှာပါ။
ဘယ်သွားသွား ပျက်တယ်လို့ မရှိပါဘူး။ ပျက်ချင်ရင်လဲ အိမ်ရောက်လို့
ကားရပ်တော့မှ ဘီးပေါက်တာတွေ၊ စက်ရပ်တာ တွေဖြစ်တတ်ပါတယ်။ ၁၈-နှစ်လုံးလုံး တိုက်တာ ၊
မှောက်တာမျိုး လုံးဝ မရှိခဲ့ပါဘူး။ ရှမ်းပြည်တစ်ခွင် ၊ အညှာတစ်ခွင် ပြဲပြဲစင်သွားခဲ့
ပေမဲ့ ပြဿနာလုံးဝ မဖြစ်ခဲ့ပါဘူး။ အခက်အခဲ လုံးဝ မရှိသလောက် ချောမွေ့ခဲ့တဲ့ ကားတစ်စီးပါ။
ကျွန်တော်တို့ ရှမ်းတွေကြတော့ ကြိုက်ပြန်ရောဗျိုး ။ နံပါတ်သုံးလုံးဆိုပေမဲ့
သူက စီရီယာကျတယ် တဲ့။ ၄၅၆ ဆိုတာ ဆီးရီး ပေါ့ ။ ကြိုက်ကြတယ်။ တစ်ချို့ပြောတာက ၄၅၆ ဆိုတာ တစ်ဆင့် ပြီးတစ်ဆင့်
အဆင်ဆင့် တက်သွားတာလို့ ပြောပါတယ်။ ရှမ်းသင်္ချာအရေးမှာလည်း ငါးအဆင်း ခြောက်အတက် လို့
ဆိုရိုး ရှိပါတယ်။ ငါးမှာဆင်းပြီး ခြောက်မှာ ပြန်တက်တဲ့သဘောပေါ့။ နောက်ပြီး မြန်မာ့ဂဏန်းသင်္ချာရေးသားရာမှာ ကြည့်လိုက်ပါအုန်း။
၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ဝ အားလုံးက မျဉ်းလေးကြောင်းရဲ့
အောက်ဆွဲတွေပါ။ ခြောက်တစ်လုံထဲ အပေါ်တက်နေတာလေ။
ကျွန်တော်တို့ ခဲစာစီတော့လဲ သင်္ချာမှာ (၆) တစ်လုံးထဲဘဲ
အပေါ်ကို တက်နေတာပါ။ ကျန်တဲ့နံပါတ်တွေက မျဉ်းလေး ကြောင်းမှာ အားလုံး အောက်ဆွဲတွေပါ။ ဆိုချင်တာကတော့ဗျာ။ နံပါတ် ခြောက်ပါတဲ့အတွက် “တက်”
တယ်ပေါ့ဗျာ။ တကယ် ဟုတ်/မဟုတ် မသိနိုင်သလို တချို့ပြောသလို တိုက်ဆိုင်မှုလည်း ဖြစ်ချင်
ဖြစ်မှာပေါ့ ။ သို့သော် ကျွန်တော့်လက်တွေ့ဘဝမှာတော့ အဲဒီ န/၄၅၆ ကတော့ တကယ်ကို အကျိုးပေးခဲ့ပါတယ်။
တစ်နေ့မှာတော့ ကျွန်တော်ရန်ကုန်မြို့ထဲကနေ ၉-မိုင် အိမ်ကို
ကားမောင်းပြန်လာပါတယ်။ ရွှေတိဂုံဘုရားလမ်းအတိုင်း
မောင်းလာခဲ့တယ်။ အဲဒီဖက်က လမ်းရှင်းတယ်ပေါ့။ တပ်မတော် သမိုင်းပြတိုက်အလွန်လည်းရောက်ရော
ဘယ်ဖက်ခြမ်းကနေ စက်ဘီးတစ်စီးက ကျွန်တော့်ကားကို လုံးဝမမြင်ဘဲ ကားရှေ့ကို အတင်းဖြတ်ဝင်လာပါလေရော
… ။ အဲဒီတုန်းကတည်းက ရန်ကုန်တစ်မြို့လုံးကို
ဘယ်လိုအကြောင်းကြောင့်လည်း မသိပါဘူး။ ဟွန်းမတီးရ - လို့ တင်းတင်းကြပ်ကြပ် သတ်မှတ်ထားတဲ့
အချိန်ပါ။ ဒါပေမဲ့ ဖြတ်ဝင်လာတဲ့ စက်ဘီးသမားကြောင့်
ကျွန် တော်သာ သူ့ကို အချက်မပေးနိုင်ခဲ့ရင် သေချာပေါက် တိုက်ပါပြီ။
မထူးတော့ဘူး ဆိုပြီး ကျွန်တော် ဟွန်းကို ခပ်ကျယ်ကျယ်
ဘဲတီးထည့်လိုက်ပါတယ်။ ကျွန်တော့် ဟွန်းသံကြောင့် စက်ဘီး သမား အချိန်မီ ရှောင်ထွက်သွားနိုင်ခဲ့တယ်။
မရှောင်နိုင်တဲ့သူက ကျွန်တော်ဖြစ်သွားခဲ့တယ်။ ခပ်လှမ်းလှမ်းမှာ
ထိုင်နေတဲ့ ယာဉ်ထိန်းရဲ နှစ်ယောက်က ပြေးထွက်လာပြီး ကျွန်တော့်ကားကို တားတော့တာပါဘဲ။ စစ်ရုံးကြီး နဘေးက အုတ်နံရံနား ကျွန်တော် ရပ်ပေးလိုက်ပါတယ်။
ရဲတစ်ယောက်က ဟွန်းမတီးရ-ဆိုတာကို ဟွန်းတီးပါတယ်
လိုင်စင်ပေးပါ လို့တောင်းပါတယ်။ စက်ဘီးသမားကလည်း ကျွန်တော်တို့ကားနား မလှမ်းမကမ်းမှာ
ရပ်ကြည့်နေတယ်။ ကျွန်တော်က ဟွန်းမတီးလို့ မရတော့တဲ့အကြောင်း၊
မတီးရင် ဟို စက်ဘီးကို တိုက်မိမှာ ဖြစ်တဲ့အကြောင်း ၊ စက်ဘီးသမားကို လက်ညှိထိုးပြပြီး
ရှင်းပြပါတယ်။ ဒါပေမဲ့ မရပါဘူး ။ ဟွန်းမတီးရ ဇုံမှာ ဟွန်းတီးပြီဆိုတော့ ပြစ်ဒဏ်ထိုက်နေပါတယ်
တဲ့။
ပြောကြဆိုကြပြီး နောက်ဆုံး ငွေနှစ်ထောင်နဲ့ ဈေးတည့်သွားတယ်။ အဲဒီနားက စစ်ရုံးအစောင့်တွေကလည်း ထွက်ကြည့် နေကြတယ်။
သူတို့နဲ့ ယာဉ်ထိန်းရဲတွေကလည်း အတော်ရင်းနှီးတဲ့ မျက်နှာတွေနဲ့တွေ့ရတယ်။ စည်းကမ်းဖေါက်တဲ့
ကျွန်တော့်ကို ဖမ်းပြီး သူတို့ကိုယ်တိုင် ငွေတောင်းစည်းကမ်း ဖေါက်ကြတာဆိုတော့ စိတ်ပျက်စရာပါဘဲ။
ပြန်စဉ်းစားတော့ ကျွန်တော်ကလည်း ပေးဖို့ သဘောတူခဲ့တာဆိုတော့ ကျွန်တော်ဟာ ဟွန်းတီးတဲ့
အတွက် တစ်ပြစ်၊ လဒ်ငွေပေးတဲ့အတွက် တစ်ပြစ် ဖြစ်နေတာပေါ့။ ဒါပေမဲ့ဗျာ … ယာဉ်ထိန်းရဲရုံးကိုသွား၊
ဒဏ်ငွေဆောင် လိုင်စင် ပြန်ထုတ်ဖို့ဆိုတာ ငွေနှစ်ထောင်ထက် အများကြီးပိုပြီး တန်ဘိုးကြီးနေတာ
မဟုတ်လား။ အခုနေခါ ပြန်စဉ်းစားတော့လည်း သုံးသိန်းမှ
မကျော်ဘဲ ဆိုပြီး ကိုယ်ဖာသာကိုယ် ဖြေသိမ့်လိုက်နိုင် တယ်လို့ ပြောရပါမယ်။
ကျွန်တော်လည်း ဒေါကန်ပြီး အိမ်ရောက်တာနဲ့ ကားခေါင်းဖွင့်
ဟွန်းမှာဆက်ထားတဲ့ ဝါယာကြိုးကို ဆွဲဖြုတ်ထားလိုက်တယ်။ နောက်တစ်ခါ ယောင်ပြီးတီးမိလည်း ဟွန်းမမြည်နိုင်တော့
ဘူးပေါ့။ ဘာရမလဲ။
တစ်ကယ်လည်း မရပြန်ဘူးဗျ။ နောက်သုံးလေးရက် မော်တော်ယာဉ်
လိုင်စင်သက်တမ်းသွားတိုးတော့ ဟိုစစ်ဒီစစ် လုပ်တယ်။ နောက်ပြီး ဟွန်းကိုလာတီးကြည့်တယ်။
ဘယ်မြည် မလဲဗျာ ကြိုးဖြုတ်ထားတာဘဲ။ အဲဒီဆရာက
ဘာမပြော ညာမပြောနဲ့ ဟွန်းမမြည်ပါ။ နောက်တစ်နေ့ ဟွန်းပြင်ပြီးမှ ပြန်လာဆို ပြီးလုပ်လိုက်ပါတော့တယ်။
ကြည့်စမ်းပါအုန်း။
ရန်ကုန်မြို့ထဲမှာ လုံးဝဟွန်းမတီးရပါဘူး။ ဒါပေမဲ့ လိုင်စင်ဝင်ရင်တော့ ကားဟွန်းမမြည်လို့
လုံးဝ မရဘူးဆိုတာ ကျွန်တော် သင်္ခန်းစာရလိုက်ပါတယ်။ “ တီးလို့ မြည်တဲ့ဟွန်း ကားမှာ ရှိရမယ်။ ဒါပေမဲ့ လုံးဝ
မတီးရဘူး ” ဆိုပြီး ပုံသေမှတ်ထားလိုက်ရပါတော့တယ်။
နိုင်ငံရေးလောကနဲ့ တစ်ခါ တစ်လေ သွားဆင်တာလေးတွေများလားလို့ပါ။
တစ်ခါတစ်ခါများ အမြီးအမှောက် မတည့်ပုံများက။ တကယ်တော့
ကားပြဿနာမဟုတ်ဘဲ။ လူပြဿနာသာဖြစ်ပါတယ်။ လူပြဿနာက တကယ်ရှိတာပါ။ ကျွန်တော်ကားမောင်းလို့
ကျွန်တော့်မိန်းမ ပါခဲ့ရင် သူလဲဘဲ ကားဝင်မောင်းပါတယ်။
ကျွန်တော်က ကားစီရီယာတိုင်ကို ကိုင်ပြီးလက်နဲ့ မောင်းတယ်။
ကျွန်တော့် မိန်းမက ပါးစပ်နဲ့လိုက်မောင်းပါတယ်။ ရှေ့မှာ မီးနီတော့မယ်နော်၊ သတိထား၊
အဲဒီ taxi က အရမ်း မောင်းတယ်၊ ဘာမှန်းလဲ မသိဘူး၊ ဘရိတ်နဲနဲ အုပ်ထားလိုက်၊ မီးပွိုင့်ဝင်ရင်
ညာဘက်လမ်းကျောကို နေရာယူ၊ ဒါမှ ရှေ့ကြရင် လှည်းတန်းဖက်ကို ချိုးဝင်လို့ရမယ်၊ မီးဝါနေပြီ
စိမ်းတော့မယ် ဂီယာထိုးထားလိုက်။ တစ်ချိန်လုံး
ပါးစပ်နဲ့ မောင်းနေတော့တာဘဲဗျာ။ ကျွန်တော်ကတော့ ဘာပြောတတ်မှာလဲ၊ သူပြောတဲ့ အတိုင်း
ခြေလက်ကိုသုံးပြီး အမိန့်အတိုင်း မောင်းရတာပေါ့။
တစ်ခါတစ်လေ ဒေါပွပြီး မင်းဟာကလဲကွာ ငါ့ဖာသာ မောင်းပါရစေ၊
မင်းပြောမှ ရှုပ်ကုန်အုန်းမယ် ဆိုပြီး ဆူလိုက်တော့ ငြိမ်သွားတတ်ပါတယ်။ ဒါပေမဲ့ ခဏဘဲဗျ။ မကြာခင် ပါးစပ်နဲ့ ကားမောင်းမြဲ
မောင်းနေတော့တာပါဘဲ။
ကျွန်တော်တို့ လင်မယားနဲ့ အဲဒီကားဟာ ဒီလိုလေးတွေ နဲ့
သံယောဇဉ်ကြီးခဲ့ကြတယ်။ ၂ဝဝ၅ -မှာ ကျွန်တော် အဖမ်းခံရပြီး ၂ဝ၁၂- မှာ ကျွန်တော်ပြန်လွှတ်လာတော့ အဲဒီကားလေးကို
ကျွန်တော်ပြန်မောင်းခဲ့ရသေးတယ်။
ကျွန်တော်ထောင်ထဲမှာ အတော်ကြာသွားတော့ ကျွန်တော့် ပုံနှိပ်လုပ်ငန်းကို
ကျွန်တော့် မိန်းမကဘဲ ဆက်ပြီး ဦးစီးလုပ်ကိုင်သွားခဲ့တာ ကျွန်တော်ပြန်လာတော့လည်း သူဘဲ
ဆက်ဦးစီးမြဲ ဦးစီးလုပ်ကိုင်နေခဲ့ပါတယ်။
အိမ်ထောင်စု စာရင်းထဲမှာ ကျွန်တော်က အိမ်ထောင် ဦးစီး
ဖြစ်နေသေးပေမဲ့ ပြင်ပ လက်တွေ့မှာတော့ ကျွန်တော်ဟာ
“မီခိုသူ” သာဖြစ်ပါတယ်။ သူငယ်ချင်းတစ်ချို့က ဒါအိမ်တွင်း အာဏာသိမ်းခံရတာကွ မင်းမသိဘူးလား
လို့ နောက်ပြောင်တတ်ကြပါတယ်။ တကယ်ဆိုရင်လည်း ကျွန်တော်ကိုယ်တိုင်က ပြန်မလုပ်နိုင်တာလဲ
ပါပါတယ်။ နိုင်ငံရေး ကိစ္စတွေက အရင်ထက်ကို များလွန်းလို့ ကိုယ့်အလုပ်ကို ကိုယ်မလုပ်နိုင်
လောက်အောင်ပါဘဲ။
ထောင်ကထွက်ပြီး သိပ်မကြာပါဘူး။ ကားအို ကားဟောင်းတွေ အပ်နှံရမယ်
ဆိုပြီး ကျွန်တော့် ပါပလေကာ ကားလေး အလှည့်ရောက်လာပါလေရော။ ဘာမှ မတတ်နိုင်တော့ဘဲ ထိုးအပ် လိုက်ရပါတယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်
စလုံး စိတ်ထဲမှာ ဘယ်လိုမှ မကောင်း နိုင်ပါဘူး။ သံယောဇဉ်များ အတော်ခက်ပါတယ်။ ကျွန်တော့်ဇနီးက
ကျွန်တော့်ကို သနား သွားတာလား၊ သူ့ကိုယ်သူလည်း သနားတာလား။ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး။ ကားအပ် စလစ် ကလေးကိုင်ပြီး နောက်ထပ်ကားလိုက် ရှာပါလေရော။
နောက်တော့ ဇာကူလာ ဦးဌေးအောင်တို့ဆီက RAV4 ကားတစ်စီး
ကျွန်တော့်အတွက် ဝယ်ပေးခဲ့ပါတယ်။ ကျေးဇူးတင် ပါတယ်။ ပိုပြီး ကျေးဇူးတင်ရတာက အဲဒီနောက်ပိုင်း
ကျွန်တော် RAV4 ကားမောင်းတိုင်း ကျွန်တော့်မိန်းမက ပါးစပ်နဲ့ ကားလိုက် မောင်းတဲ့ အလုပ်ကို
လုံးဝ မလုပ်တော့တာပါဘဲ။
No comments:
Post a Comment