Thursday, 28 September 2017

Trip of Siem Reap
“စီယမ်ရိဗ်” ခရီးစဉ် အမှတ်တရ

ကျွန်တော်ဟာ ခရီးသွားစာပေတွေ အရေးကောင်းလှတဲ့ ဆရာသိန်းဖေမြင့် နဲ့ ဆရာ မြသန်းတင့် တို့ကို အားကျတာလဲ ပါပါတယ်။ ပြီးတော့ ကျွန်တော့်အမြင်တွေကို မှတ်တမ်းတင်ထားချင်ခဲ့တာလည်း တစ်မျိုး ပါဝင်ပါတယ်။ ဒါကြောင့် မှတ်တမ်းလိုလို  ခရီးသွားဆောင်းပါးလိုလိုနဲ့   ဒီစာစုကို ရေးသားဖြစ်လိုက်တာပါဘဲ။
CPCS ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက ကျွန်တော့ကို Transformative Peace Leadership ဆွေးနွေးပွဲ နှစ်ရက်တာ အစီအစဉ်နဲ့ ကမ္ဗောဒီးယားနိုင်ငံက Siem Reap မြို့ကလေးကို လာဖို့ ဖိတ်ကြားခဲ့ပါတယ်။ ကျွန်တော် လဲ မရောက်ဖူးတဲ့ နိုင်ငံ ဖြစ်နေတဲ့အပြင် killing field  ရုပ်ရှင်မွေးဖွားရာ ။ မင်းသားကြီး သီဟာနုတို့ ၊ တော်လှန်ရေးသမား “ ပိုပေါ့ ” တို့ ခေါင်းဆောင်ခဲ့တဲ့နိုင်ငံ ၊ ခမာနီတို့ရဲ့ တော်လှန်ရေးနယ်မြေစတဲ့ ကျော်ကြားလှတဲ့ နိုင်ငံကို ရောက်ဖူးချင်ခဲ့တယ်။ ကမ္ဘာကျော် Angkor Wat ဘုရားကျောင်းကြီးဆီကို ရောက်နိုင်မဲ့ အခွင့်အရေး တစ်ခုလဲ ရှိနေခဲ့ပါတယ်။ ဘယ်လိုမှ မငြင်းဆန်သင့်တဲ့ အခြေအနေတွေပါဗျာ။
ဝမ်းသာအားရနဲ့ဘဲ အဲဒီနေ့ရက်တွေအတွက် ကျွန်တော့် အချိန်တွေကို ချန်ထားခဲ့တယ်။  4th September 2017  to  7th September 2017 အထိ စုစုပေါင်း အသွား အပြန်ခရီးအတွက် နှစ်ရက်နဲ့ ဆွေးနွေးပွဲနှစ်ရက် သတ်မှတ်ထားခဲ့တယ်။   ဒီကြားထဲက ကျွန်တော့်ခရီးစဉ်တွေထဲမှာ 8th September 2017 နေ့ ကျွန်တော်က ချင်းမိုင်မြို့ကို အရောက်သွားရမဲ့ အစီအစဉ်က မူလရှိပြီးသား ဖြစ်နေပါတယ်။ ကျွန်တော့်အတွက် 7th နေ့ ရန်ကုန်ပြန်ပြီး နောက်တစ်နေ့ 8th နေ့ကို ချင်းမိုင်မြို့ကို ပြန်ထွက်ရမှာ ဖြစ်ပါတယ်။
သေချာစဉ်းစားလိုက်တော့ ရန်ကုန်ကိုမပြန်ဘဲ အဲဒီ Siem Reap မြို့မှာဘဲ တစ်ရက်ပိုပြီး နေထိုင် ၊ လည်စရာ ရှိတာ လည်ပြီး နောက်တစ်နေ့မှာမှ ချင်းမိုင်မြို့ကို တိုက်ရိုက်သွားလိုက်တာက ကျွန်တော့်အတွက် တစ်နေ့တာ လည်ပတ်ချိန်ရဖို့ အခွင့်အရေးတစ်ခု ဖြစ်လာတယ်။ ဒါနဲ့ဘဲ ကိုယ့်စရိတ်နဲ့ကိုယ် တစ်ရက်တာ ဆက်နေဖို့ ဆုံးဖြတ် လိုက်ပါတယ်။
တကယ်တမ်း ခရီးစဉ်ကို စီစဉ်လိုက်တော့ CPCS က တာဝန်ခံတွေက ကားတစ်စီး စီစဉ်ပေးတာတွေ ၊ guide တစ်ယောက်စီစဉ်ပေးတာတွေကြောင့် အတော်ကို အဆင်ပြေသွားခဲ့ရပါတယ်။  တကယ်လို့သာ မူလက စိတ်ကူး အတိုင်း ကိုယ့်အစီအစဉ်နဲ့ကိုယ် တစ်ယောက်ထဲသွားလည်ဖြစ်လိုက်ရင်တော့ သေပြီဆရာလို့ အော်ရမှာ သေချာ ပါတယ်။ ရှင်းပြပေးမဲ့လူလည်း မရှိလို့ ဘာကိုမှလည်း နားလည်သဘောပေါက်ဖို့ မရှိနိုင်တော့ပါဘူး။  ကျယ်ပြန့်ပြီး ပြန့်ကျဲနေတဲ့ လည်စရာ အနေအထားတွေကို ရသလောက်အချိန်မှာ စနစ်တကျ လည်ပတ်ဖို့ဆိုတာလဲ ဖြစ်နိုင်မယ် မဟုတ်ပါဘူး ။

တကယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်ကို စက်တင်ဘာလ ၇-ရက်နေ့ မနက် ခြောက်နာရီခွဲမှာ စတင် ခဲ့ပါတယ်။ ကျွန်တော့်ကို လိုက်ပို့တဲ့ လမ်းပြနာမည်က Mot Samnang လို့ ခေါ်ပါတယ်။ အသက်သုံးဆယ် ကျော်အရွယ် အမျိုးသားလေးမို့ အဆင်ပြေလှပါတယ်။ သူကဘဲ ခရီးစဉ်ကို အစ-အဆုံး ဦးဆောင်ခဲ့တဲ့အပြင် သိသင့်သိထိုက်တဲ့ သမိုင်းကြောင်းတွေကိုလဲ ရှင်းပြခဲ့တာမို့ အတော်အဆင်ပြေခဲ့ပါတယ်။
Angkor Wat ဘုရားကျောင်းကြီးဆိုတာ ကမ္ဘာကျော်ပါ။ လူသိများတဲ့ ခရီးသွားနေရာပါ။ ၁၂-ရာစု စောစောပိုင်းမှာ ခမာတွေက ဟိန္ဒူဘုရားကျောင်းကြီးအနေနဲ့ တည်ဆောက်ခဲ့တာပါ။ ကျွန်တော်တို့ ပုဂံဘုရားတွေက ၁၁-ရာစုမို့ ခေတ်ပြိုင်လို့ ပြောနိုင်မယ် ထင်ပါတယ်။  ဘေးပတ်လည်မှာ မန္တလေးနန်းမြို့လိုဘဲ ကျုံးပတ်လည်နဲ့ ကာရံထားတာ ဖြစ်ပါတယ်။ ဘုရားကျောင်းဆိုပေမဲ့ ကျုံးပတ်လည်နဲ့ လုံခြုံရေးလုပ်ထားတာကတော့ အံ့သြစရာ တစ်ခုပါဘဲ။  လမ်းပြရဲ့ ပြောပြချက်ကတော့ အဲဒီအချိန်တုန်းက ဗီယက်နမ်ဖက်က လူမျိုးတစ်မျိုးရဲ့ ရန်ကို ကာကွယ်ဖို့လုပ်ထားတာလို့ ပြောပြပါတယ်။
အလွန်ကြီးကျယ်လှပပြီး ဆန်းကျယ်တဲ့ အမွန်းအပြောက်တွေနဲ့ မွမ်းမံထားတဲ့ ဟိန္ဒူဘုရားကျောင်းကြီးကို နောင်တစ်ချိန်မှာ ဗုဒ္ဓဘာသာဘုရားကျောင်းအဖြစ်ပြောင်းလဲ ခဲ့တယ်လို့လည်း ရှင်းပြပါတယ်။ ဒါပေမဲ့ ကျွန်တော့်မျက်စိ ထဲမှာတော့ ကြီးမားလှတဲ့ သဲကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦ ဆီက မခွါနိုင်ခဲ့ပါဘူး။
အားလုံးကို သဲကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တံခါးပေါက်တွေ ၊ ပြူတင်းပေါက်တွေ မှာ ထည့်ထားတဲ့ ပွတ်လုံးတွေကအစ သဲကျောက်တုံးတွေနဲ့ ထုလုပ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။  အစစအရာရာ အားလုံးဟာ သဲကျောက်တုံးတွေနဲ့ဘဲ ထုလုပ်ထားတာကတော့ အတော်ကိုထူးခြားတယ်လို့ ပြောရမယ်ထင်ပါတယ်။
စုလစ်မွမ်းချွန်တွေ ၊ ကနှုတ်ပန်းတွေ အားလုံးဟာ ကျောက်သားကိုဘဲ ထွင်းထုထားတာ ဖြစ်ပါတယ်။   တစ်ချို့ သဲကျောက်နံရံချပ်ကြီးတွေအပေါ်မှာ အဲဒီခေတ်က လူနေမှုပုံစံတွေ ၊ ဇာတ်လမ်းတွေကို ပုံတွေနဲ့ ထွင်းထုထားတာ လည်း ကမ္ဘာကျော်လောက်တဲ့ လက်ရာလို့ ပြောရမှာ ဖြစ်ပါတယ်။
အဲဒီ Angkor Wat ဘုရားကျောင်းအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင် ပြောလို့ကုန်မှာ မဟုတ်ပါဘူး။  ကျွန်တော် ဘယ်လောက်ဘဲ နှံ့စပ်အောင်ရေးလဲ Wikipedia လောက် စုံအောင် ဖေါ်ပြနိုင်မယ် မဟုတ်ပါ ဘူး။  အခု ကျွန်တော်ပြောချင်တဲ့ အကြောင်းတွေက ကျွန်တော်မြင်ခဲ့တဲ့ ကျွန်တော့် စိတ်ကူးတွေကိုဘဲ အဓိကထားပြော ချင်တာပါဘဲ။
နာမည်ကြီးလှတဲ့ ဘုရားကျောင်းမို့ ရောက်ဖြစ်အောင်သွားခဲ့တယ်။ အလယ်ဗဟိုက ကျောင်းတော်ကြီးပေါ်ကို တက်ဖြစ်အောင် တက်ခဲ့တယ်။ ဘာကို သတိထားမိလဲဆိုတော့ တက်ဖို့ လှေခါးကို တကယ့်မူရင်းလှေခါးအပေါ်မှာ သတ်သတ်ထပ်ထိုးထားတာပါဘဲ။  တကယ်လို့သာ မူလလှေခါးက တက်မယ်ဆိုရင် ဘယ်သူမှ တက်နိုင်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ မူလလှေခါးဟာ ၇၅-ဒီဂရီလောက် မတ်စောက်နေလို့ဘဲ ဖြစ်ပါတယ်။
















ဒီလောက်တောင် မတ်စောက်နေတော့ ဘယ်လိုလုပ်တက်မလဲ လို့ လမ်းပြကို စောဒကတက်လိုက်မိတော့ သူက ခြေရောလက်ရော သုံးပြီးတက်ရတဲ့ပုံမျိုးကို လုပ်ပြပါတယ်။ ကုပ်ကပ်တွယ်တက်ရတဲ့ အနေအထားမျိုးနဲ့ တက်ရမှာ ဖြစ်ပါတယ်။ ဒါဆို အသက်အရွယ်ကြီးရင့်သူတွေ ၊ မိန်းမတွေ ၊ ခလေးတွေ ၊ မသန်စွမ်းသူတွေ တက်ဖို့ကတော့ ဘယ်လိုမှ အဆင်မပြောတာကို တွေ့ရပါတယ်။ တမင်သက်သက်ကို လုပ်ထားတယ်လို့ မြင်ပါတယ်။ ဘာအကြောင်းလဲ ဆိုတာကတော့ ကျွန်တော်လဲ မပြောတတ်ပါဘူး။ ဘေးရန်တစ်ခုခုကို ကာကွယ်ထားတာလား။ ဒါမှမဟုတ် တစ်ခုခု တစ်မျိုးမျိုးကို ကန့်သတ်ထားချင်ခဲ့တာလားတော့ မသိပါဘူး။
လှေခါးတော့ လုပ်ထားတယ်။ ဒါပေမဲ့ လွယ်လွယ်ကူကူတက်မရအောင်လည်း လုပ်ထားပြန်တယ်။
ကျွန်တော် တို့ဆီက ကန်ထရိုက်တိုက်တွေ ဆောက်တော့ နောက်ဖေးမှာတပ်တဲ့ အရေးပေါ်လှေခါးတွေကို မျက်လုံးထဲမှာ ပြေးမြင် လိုက်မိတယ်။

ထွင်းထုထားတဲ့ ပုံတွေ ၊ ကနုတ်တွေအများကြီးထဲမှာ ကျွန်တော် သတိထားမိတဲ့ အရုပ်ကို လက်ညှိုးထိုးပြ တော့ လမ်းပြမျက်နှာပျက်သွားပါတယ်။ ကချေသည်မိန်းမပုံတွေလို့ လမ်းပြက ပြောပြပါတယ်။ ထောင့်တော်တော် များများမှာ ထွင်းထုထားတာပါ။  ထူးတာက ဘယ်သူတွေမှန်း မသိရတဲ့ လူတွေက ကိုင်တွယ်ပွတ်သပ်သွားကြလို့ အဲဒီအရုပ်မရဲ့ နို့နှစ်ဖက်ဟာ မဲပြောင်နေတာ ဖြစ်ပါတယ်။
ကျွန်တော်က လမ်းပြ Mot Samnang ကို ရှင်းပြပါတယ်။ ဒို့ မြန်မာထဲက မန္တလေးမြို့မှာ မင်းတို့ ကမ္ဗောဒီးယား က ကြေးရုပ်ကြီးတွေ ရှိတယ်။ ထိုင်းတွေက စစ်နိုင်ပြီး ယူလာတာ။ အဲဒါကို မြန်မာတွေက စစ်နိုင်တော့ ထိုင်းဆီကနေ မြန်မာကို ယူဆောင်လာခဲ့တာ။ အခုထိ ရှိနေတုန်းဘဲ။ မြန်မာတွေက သူတို့ဗိုက်နာရင် အဲဒီအရုပ်တွေရဲ့ ဗိုက်ကို လာပွတ်ကြတယ်။ ရင်ဘတ်နာရင် ကြေးရုပ်ရင်ဘတ်ကို လာပွတ်ကြတယ်။ ရောဂါပျောက်တယ်လို့ ယုံကြည်ကြတယ်။ 
အခု ဒီကချေသည်မိန်းမတွေရဲ့ ရင်သားတွေကို လူတွေကိုင်သွားကြတာလဲ အဲဒီလို သဘောများလားလို့ မေး ကြည့်တော့ သူက ခေါင်းခါပါတယ်။ ဘာမှလဲ ဆက်မပြောတော့ပါဘူး။ ကျွန်တော် သဘောပေါက်သွားပါတယ်။ ဆိတ်ကွယ်ရာမှာ လူတွေ ဖေါက်ပြန်တတ်ပုံများ    သဲကျောက်မှာ ထွင်းထုထားတဲ့ ကချေသည်အရုပ်မတွေတောင် အလွတ်မပေးကြပါကလား။  အဲဒီလို မဲပြောင်နေတဲ့ ကချေသည်အရုပ်မတွေ အတော်များများတွေ့ခဲ့ပါတယ်။
Angkor Wat ဘုရားဆီကို လာတဲ့ ဧည့်သည်တွေဟာ တစ်နှစ်ကို နှစ်သန်းကျော်တယ်လို့ ပြောပါတယ်။ အခုဆိုရင် သုံးသန်းကျော်လာနိုင်အောင် နိုင်ငံတော် အစိုးရ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ အဲဒီလောက်များမှတော့ ဖေါက်ပြန်တဲ့လူတွေလဲ အတော်များများပါလာနိုင်တယ်လို့ဘဲ ယူဆလိုက်မိပါတော့တယ်။

Angkor Wat ဘုရားကျောင်းကြီးဟာ လူတွေမျက်စိအောက်က နှစ်ပေါင်းလေးရာကျော်ပျောက်ကွယ်နေခဲ့ပြီးမှ ပြန်တွေ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက နေထိုင်ခဲ့တဲ့လူတွေ ဘယ်လိုပျောက်သွားကြသလဲ။ ဘယ်ကို ပြောင်းသွား ကြသလဲဆိုတာ အခုထိ ခြေရာခံနေရဆဲ ဖြစ်ပါတယ်။  လူသူနဲ့ ကင်းဝေးနေခဲ့တဲ့ကာလတွေမှာတော့ သဘာဝ ဘေးအန္တရာယ် ကလွဲရင် ဘာမှမရှိလောက်ပါဘူး။ ခုလို လူတွေနဲ့ ပြန်နီးစပ်လာတော့ သဲကျောက်ရုပ် ကချေသည် အရုပ်မတွေ ဒုက္ခရောက်ရတာကို စဉ်းစား မိပြီး ပြုံးရပါသေးတယ်။





ကျောင်းတော်ကြီးရဲ့ တစ်နေရာမှာတော့ ထင်မှတ်မထားတဲ့ မြန်မာစာစု တစ်စုကို ကျောက်နံရံမှာ ထွင်းထု ထားတာ တွေ့ရပါတယ်။ စာကို ဖတ်ကြည့်လိုက်တော့ ၁၂၈၈ ခုနှစ်က ထိုးထားတာ အခုဆိုရင် ၉၁-နှစ် ရှိခဲ့ပြီဆိုတာ သိလိုက်ရတယ်။ ပိုပြီးထူးတာက အဲဒီစာမှာပါတဲ့ လုံးကုန္န ဆိုတာပါဘဲ။  ရှမ်းအဖိုးကြီးတွေကို “လုံး”  ဆိုပြီး တပ်ခေါ်ကြ ပါတယ်။ ပတ္တပေါင်မြို့က လုံးကုန္န ဆိုတဲ့ ရှမ်းအဖိုးကြီးပါ။  ပတ္တပေါင်မြို့ဆိုတာကတော့ ဘယ်မှာလဲ ကျွန်တော် မသိပါဘူး။
ကျွန်တော့် ဦးလေးဟာ ၁၉၅ဝ ကျော်လောက်မှာ ဘန်ကောက် ၊ ကလကတ္တား ၊ ပိုင်းလင်း ဆိုတဲ့မြို့တွေကို လှည့်သွားပြီး အရောင်းအဝယ်လုပ်ခဲ့တဲ့ ကျောက်ကုန်သည် တစ်ဦးပါ။  သူတို့အဖွဲ့တွေက ရန်ကုန်မြို့ ၊ စမ်းချောင်းမှာ နေတဲ့ ရှမ်းအုပ်စုတွေ ဖြစ်ပါတယ်။ အရင်က ရှမ်းလမ်းဆိုတာ ရှမ်းတွေအများကြီးနေခဲ့တဲ့ သဘောပါ။ ဦးဂွယ်လမ်းမှာ ရှိခဲ့တဲ့ ရှမ်းအသင်းတိုက်ကို ကျွန်တော်ငယ်ငယ်က အဖေနဲ့ လိုက်သွားဖူးလို့ မှတ်မိနေပါသေးတယ်။
အဲဒီ စမ်းချောင်းက ရှမ်းတွေဟာ ကျွန်တော့်လိုဘဲ ဗမာနာမည်ပေးထားကြတာ များပါတယ်။ သူတို့တတွေဟာ အခု ကမ္ဗောဒီးယား “ပိုင်းလင်း” ဒေသမှာ ကျောက်လာတူးသလို ကျောက်အရောင်းအဝယ်လုပ်ကြပါတယ်။ အခြေချ နေ ထိုင်သူတွေလည်း အတော်များတယ်လို့ ဦးလေးက ပြောပြဖူးပါတယ်။ စမ်းချောင်းက ရှမ်းတွေဟာ အဲဒီ ပိုင်းလင်းဒေသ ကို အကုန်ပြောင်းသွားကြသလားလို့တောင် ထင်မှတ်ရပါသတဲ့။  လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က ဘန်ကောက်မြို့မှာ နာမည်ကြီး ကျောက်သူဌေးကြီး ဦးရိုးထင်း ဆိုတာ ရှိခဲ့တယ်။ တကယ့်နာမည်က ဦးမျိုးတင့် လို့လဲ ဆိုကြပါတယ်။ သူလဲ ဘဲ ပိုင်းလင်းဒေသမှာ ကြီးပွါးခဲ့တာလို့ သိရပါတယ်။ ရှမ်းတွေက အဲဒီဒေသကို “မော်ဖိုင်းလိုင်း” လို့ ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ မီးလင်းတဲ့တွင်း လို့ရပါတယ်။  Mot Samnang ကို ကျွန်တော်ရှင်းပြတော့ အတော်ကို အံ့အားသင့်နေ ပါတယ်။ ပိုင်းလင်းဒေသကိုလဲ သူက ဂူးဂဲမြေပုံမှာ ရှာပြီး ကျွန်တော့်ကို ပြပါတယ်။
အဲဒီအကြောင်းတွေ ပြောပြတော့ ကျွန်တော်ကိုယ်တိုင်က Guide ပြန်ဖြစ်သွားတော့တာပေါ့ ။

၁၂၈၈ ခု ။ ဏယုံလ္ဆုပ် ၁ ရက် စနေနေ့ ပတ္တပေါင်မြို့နေ လုံးကုန္န ။ ဇနီး မအိမ် ၊ တူမ မယ်ကျင် ။ မေါင်ထွန်းလူ ဇနီး မယ်ဆစ် ။ သားမေါင်ထွန်းစိန် ။ သမီး မသိမ်းခင်။





Angkor Tom ဆိုတဲ့ ဘုရားကိုလဲ ရောက်ခဲ့ပါတယ်။ အဝင်ဝတံတားမှာ မြွေကြီးတစ်ကောင်ကို လူ ၅၄ ယောက်က  တန်းစီပြီး မထားတဲ့ပုံ တစ်ဖက် တစ်ချက်စီမှာ ထုလုပ်ထားပါတယ်။ ၅၄ ဆိုတာ ပေါင်း လိုက်ရင် ( ၉ )  ဂဏန်းဖြစ်တယ်လို့ လမ်းပြကပြောပြပါ တယ်။  အထဲကို ရောက်ပြီး ဘုရားကိုသွားတော့လဲ မျက်နှာပုံ လေးခုစီပါတဲ့ ပုထိုးတော်က စုစုပေါင်း ၅၄-ခုလို့ပြောပြန်ပါတယ်။  ၅၄ ဆူကို မျက်နှာလေးခုဆီနဲ့ မြှောက်ကြည့်လိုက်ရင် ၂၁၆ ရပါတယ်တဲ့။ အဲဒါတွေ ပေါင်းလိုက်ရင်လဲ  ၉ - ဂဏန်း ရပြန်ပါသတဲ့။   ကိုးနဝင်းဘုရား ဖြစ်ပါတယ်။ ဟိန္ဒူ ယဉ်ကျေးမှု လား ၊ ဗုဒ္ဓယဉ်ကျေးမှု လားတော့ မသိပါဘူး။  
၉ ဂဏန်းကို ကြိုက်ပြီး  ၉-ရက်နေ့ ၉-နာရီမှာ ကိုယ်စားလှယ်ပေါင်း ၇ဝ၂-ယောက်နဲ့ စခဲ့တဲ့ အမျိုးသားညီလာခံကို ပြန်သတိရမိပါသေးတယ်ဗျာ ။
ဒါပေမဲ့လဲ သင်္ခါရ တရားကိုတော့ မကျော်လွန်နိုင်ဘူးဆိုတာ အဲဒီမှာ ပျက်စီးနေတဲ့ အပျက်အစီးပုံကြီးတွေက ပြသနေတာမို့  သံဝေဂတရား ပွါးများမိပါသေးတယ်။








ညဖက်ရောက်တော့ တစ်ယောက်ထဲ ညဈေးကို ညစာထွက်စားပါတယ်။  အကင်ဆိုင်တစ်ဆိုင်မှာ ကင်းမြီး ကောက် ၊ ပင့်ကူ ၊ မြွေ စတဲ့အကောင်တွေကို တုတ်ထိုးကင်ရောင်းနေတာတွေ့လို ဓါတ်ပုံတစ်ပုံ ရိုက်ခဲ့ပါတယ်။





ကမ္ဗောဒီးယားတစ်နိုင်ငံလုံးက Angkor Wat ဘုရားကျောင်းနဲ့ လုပ်စားနေကြတာပါ။ သူတို့ နိုင်ငံရဲ့ အလံမှာတောင် ဘုရားကျောင်းပုံထည့်ထားတာကို ကြည့်ရင် သိသာလှပါတယ်။  Siem Reap  တစ်မြို့ ထဲမှာတင် ဟိုတယ်တွေချည်း ရှစ်ရာကျော်ရှိတယ်လို့ ပြောပါတယ်။  ငွေကြေးဆိုရင်လဲ ဒေါ်လာဘဲ သုံးပါတယ်။ ဒေါ်လာနဲ့ဘဲ နှုန်းကိုရေးထားပါတယ်။ သူတို့ငွေက တစ်ဒေါ်လာနဲ့လဲရင် ၄ဝဝဝ ရပါသတဲ့။ ငွေဖေါင်းပွနှုန်းမြင့်တယ်လို့ ဆိုရပါမယ်။ ကျွန်တော်တည်းတဲ့ ဟိုတယ်ကနေပြီး ညဈေးကို သုံးဘီးဆိုင်ကယ်ငှါးစီးတာ နှစ်ဒေါ်လာပေးရပါတယ်။ ဘီယာတစ်ခွက် ဆင့်ငါးဆယ် ဆိုတော့ ဈေးသိပ်မကြီးဘူးလို့ ပြောရမှာပါ။
မြို့ထဲကို တစ်ပတ်လှည့်မောင်းခိုင်းပြီး လျှောက်ကြည့်တော့ သူတို့သာမန် အရပ်သားအိမ်တွေက မော်လမြိုင် ဖက်က မွန်အိမ်တွေလိုမျိုး ခြေတန်ရှည် ရှည်မြောမြောပုံတွေ ဖြစ်ပါတယ်။  မွန်ခမာ မျိုးဆက်တွေမို့ တူတာဖြစ်နိုင် ပါတယ်။ စကားပြောတဲ့ လေသံလဲ အတော်တူပါတယ်။ ဆရာနိုင်ဟံသာကို မေးကြည့်တော့ တစ်ချို့စကားလုံးတွေ တူပါတယ်တဲ့။ ဒါပေမဲ့ သေသေချာချာ စကားပြောကြည့်တော့လဲ သဘောမပေါက်ကြပါဘူးတဲ့။
သုံးဘီးဆိုင်ကယ်သမား ၊ ဟိုတယ်တံခါးပေါက်စောင့် ၊ လမ်းပြ  Samnang ၊ ကားမောင်းတဲ့ ကားသမား တို့ကို စပ်စုကြည့်ပါတယ်။ ခင်ဗျားတို့ အစိုးရအပေါ် ဘယ်လိုမြင်သလဲ။ လူထုထောက်ခံမှု ရှိသလားလို့ မေးတော့ တစ်ယောက် မှ ထောက်ခံတာကို မပြောပါဘူး။ မကြိုက်ကြတဲ့ သဘောပါဘဲ။  သူတို့ နိုင်ငံခေါင်းဆောင်က သူမကြိုက်ရင် အကုန်တွယ်တတ်တယ်လို့ ပြောပါတယ်။  
မြန်မာပြည်မှာ မြန်မာတိုင်းမ် ဂျာနယ်လာထုတ်တဲ့ သြစီနိုင်ငံသား ဒန်ကလေ ဟာ မြန်မာပြည်ထက်အရင် စောပြီး ကမ္ဗောဒီးယားမှာ အင်္ဂလိပ်သတင်းစာ ဖနွန်းပင်တိုင်းမ် ကိုထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတင်းစာ အခြေအနေကောင်းသလားလို့ ကျွန်တော်က စပ်စုကြည့်လိုက်တော့ ကျွန်တော်တို့ စီယမ်ရိဗ်မြို့ ရောက်တဲ့နေ့မှာဘဲ ပိတ်သိမ်းလိုက်တယ်လို့ ဒေသခံတစ်ယောက်က ကျွန်တော့်အမေးကို ပြန်ဖြေခဲ့ပါတယ်။  ဘာဖြစ်လို့လဲလို့ ဆက်မေးလိုက်တော့ အစိုးရကို ဝေဖန်တာများလို့ ဆိုပြီးပြောပြပါတယ်။
ကျွန်တော်လဲ ဘာမှ ဆက်မမေးလိုက်တော့ပါဘူး။



No comments:

Post a comment