ထောင်ပြောင်းခြင်း (၂)
စဉ်းစားကြည့်ပေါ့။
လူတစ်ယောက်ဟာ ခြေကျင်းခတ် ခံထားရတယ်။ ထောင်ပုံစံ အင်္ကျီဝတ်ထားရတယ်။ လက်ထိပ်ခတ်ထားတယ်။
ထောင်ပုံစံ ဆံပင်ညှပ်ထားတယ်။ ပြီးတော့ ဘယ်ဆီကို သွားရမယ်မှန်းလည်း မသိရဘူး။ အဲဒီလူမျိုးမှာ ဘယ်လိုခံစားချက်တွေ ဖြစ်နေမလဲဆိုတာ အတော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့
လက်တွေ့မှာတော့ ပြောခဲ့သလိုဘဲ သူများကိုမပြောပါနဲ့ ကိုယ့်ကိုကိုယ်တောင် ပြန်ဝေဖန်ဖို့
တတ်နိုင်စွမ်း မရှိကြဘူးလို့ ထင်တာပါဘဲ။
နေလည်း အတော်မြင့်နေပါပြီ။ ကိုယ်တို့ ဗူးဝထဲကိုရောက်တော့ ပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးတယ်။ အဲဒီကနေ ထောင်အပေါက်က ထွက်လိုက်တာနဲ့ ရိန်းဂျားအစိမ်းရောင် ကားတစ်စီးကို အဆင်သင့် ထိုးထားတယ်။ အထုပ်တွေကို ကားပေါ်တင်ကြတယ်။ လူတွေကိုလည်း ကားနောက်ပိုင်းပေါ်တက်ခိုင်းတယ်။ လူဝကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင်နဲ့ ဦးခွန်ထွန်းဦးတို့ကို အတော်ကြီးတွဲတင်ရတယ်။ သာမန်အားဖြင့်တောင်မှ တက်ဖို့မလွယ်တဲ့ လူဝကြီးနှစ်ယောက်အဖို့ လက်ထိပ်ခြေထိပ်တွေခတ်ထားတော့ အပေါ်ရောက်ဖို့ကို အတော်ကြိုးစားရတယ်။ အဲဒီမှာရှိနေကြတဲ့ ၀န်ထမ်းတွေလည်း တစ်ယောက်မှ မအားကြရပါဘူး။ ၀ိုင်းဝန်းကူညီကြရတာပေါ့။ တော်ပါသေးတယ်။ သူတို့တတွေ ရှိနေပေလို့။
ကားပေါ်ရောက်ကြပါပြီ။ ပြဿနာကလည်း ရှိနေပြန်ပါပြီ။ ကားက သံဇကာပတ်လည် ခတ်ထားတဲ့ ထောင်ကား။ အမိုးက လေးပေလောက်ဘဲ မြင့်တယ်ဆိုတော့ မတ်တပ်ရပ်လို့ မရဘူး။ ကုန်းကုန်းကွကွနေလို့လည်း ကားသွားရင် မဖြစ်နိုင်ဘူး။ နောက်ဆုံး ကားကြမ်းခင်းတွေပေါ်မှာဘဲ ခြေပစ်လက်ပစ်ထိုင်လိုက်ကြရတယ်။
ကားက အင်းစိန် ဘုရင့်နောင်လမ်းကြီးအတိုင်း မြို့ထဲဘက်ကို မောင်းထွက်လာတယ်။ ကိုးလတာကာလအတွင်း အပြင်လောကနဲ့ အဆက်ပြတ်နေရာကနေ အခု ပြန်တွေ့ရတော့ ဒီကိုးလလေးအတွင်းမှာဘဲ အတော်ကို ပြောင်းလဲနေတယ်။ လူတွေ များလာတာကအစ ၀တ်ပုံသွားပုံအဆုံး ပြောင်းနေတယ်လို့ ထင်နေမိတယ်။ ကားအပြင်ကို ငေးကြည့် ၊ စိတ်ကိုလျော့ချထား၊ ခေါ်ဆောင်ရာကို သွားနေတာလေ။
ကားက ရန်ကုန်ဘူတာကြီး ဗိုလ်ချုပ်လမ်းဘက်က ကုန်တင်ကုန်ချဘက်ခြမ်းကနေ ၀င်သွားတယ်။ ဒါဆို ရထားနဲ့ သွားကြရမယ်ပေါ့။ နည်းနည်းတော့ သိလာရပါ ပြီ။ ဒါပေမဲ့ ဘယ်ဆီကို ဆိုတာကတော့ မသိရသေးပါ။ နည်းနည်းလေးမှ မရိပ်မိသေးပါ။ ကားကို မီးရထားတွဲတစ်ခုနားမှာ ဖင်ထိုးလိုက်ပါပြီ။ ဘူတာရုံမှာမို့နဲ့တူပါတယ်။ ကားဖင်နားကို ကုန်းဘောင်သစ်သားတန်းတစ်ခု ထိုးပေးလိုက်ပြီး ဆင်းခိုင်းပါတယ်။ အဆင်းမှာတော့ လူဝကြီးနှစ်ယောက် အတက်တုန်းကလို သိပ်အခက်အခဲ မရှိတော့ပါဘူး။
တွဲပေါ်ကို ရောက်တော့မှ တစ်ခါ အံ့သြသွားရပြန်တယ်။ ကိုယ်တို့ စီးရမယ့် ရထားတွဲကလည်း အခုစီးခဲ့တဲ့ ကားလိုဘဲ အချုပ်တွဲကြီး ဖြစ်နေလို့ပါဘဲ။ အချုပ်တွဲက သာမန်ရထားတွဲတစ်ခုကို ထိုင်ခုံတွေအကုန်ဖြုတ်ထားပြီး ဘယ်ဘက်ခြမ်း ပြူတင်းပေါက်တွေအကုန်လုံး အပြီးအစီးပိတ်ထားတယ်။ ညာဘက်အခြမ်းမှာ လူသွားလမ်းလေး သုံးပေလောက် ချန်ထားပြီး ကျန်နေရာတွေကိုတော့ အတက်အဆင်းတံခါးပေါက်နားက စပြီး အချုပ်ခန်းသံတိုင်တွေ အပြည့်စိုက်ကာထားပါတယ်။ အဲဒီအချုပ်ခန်းအလယ်ခေါင် တည့်တည့်မှာ နှစ်ပေလောက်အမြင့် ရှိတဲ့နံရံကလေးနှစ်ဖက် ကာထားတယ်။ အဲဒီထဲမှာ ဆီးနဲ့ဝမ်းသွားဖို့ အပေါက်ရှိတယ်။ အိမ်သာ ဆိုပါတော့။ ဒါပေမဲ့ အဲဒီအိမ်သာက ထိုင်နေလို့ရှိရင် ထိုင်သူရဲ့ အပေါ်ပိုင်း ပုခုံအထိမြင်ရအောင် စီစဉ်ထားတာဖြစ်တယ်။ အစောင့်တွေလိုက်ဖို့ကတော့ သံတိုင်အပြင်ဖက် အတက်အဆင်းနားမှာ ခုံတန်းရှည်တွေ ထားပေးတယ်။
ရထားအချုပ်တွဲ ကြမ်းပြင်မှာ ကိုယ်တို့ထိုင်မိကြတော့ အကျဉ်းဦးစီးဌာနက ကိုယ်တို့ကို လိုက်ပို့မယ့် (တစ်ပွင့်) ဦးဝင်းသိန်း ဆိုတာနဲ့ (နှစ်ပွင့်) ဦးမင်းမော်တို့ ရောက်လာကြတယ်။ နောက် ရဲသား သုံးလေးယောက်လည်း တွေ့ရတယ်။ ကိုယ်တို့ ရထားပေါ်ရောက်တော့ နေ့လယ် ၁၂ နာရီလောက်ပါ။ ပါလာတဲ့ငွေနဲ့ ထမင်းဝယ်စားပြီး ဒီအတိုင်း အသားလွတ် ထိုင်နေရတယ်။ ဘယ်သွားမလဲ ဆိုတာအဲဒီအချိန်အထိ ဘယ်သူ့ကိုမှ မေးလို့မရသေးပါဘူး။ ညနေ သုံးနာရီကျော်လောက် (နာရီမရှိလို့ ခန့်မှန်းကြည့် ရတာပါ) မှာ ရထားထွက်တယ်။ အဲဒီအချိန်မှာ သိလိုက်နိုင်တာကတော့ ရထားဟာ ရိုးရိုးစာပို့ရထား မန်းတလေးမြို့ အထိဆိုတာတော့ ခန့်မှန်းနိုင်သွားပါပြီ။
ရထားထွက်တော့ ကိုယ့်အိပ်ယာလိပ်ကို ကိုယ်ကျောမီပြီး ကိုယ့်စိတ်ကူးနဲ့ ကိုယ်လိုက်ခဲ့ကြတယ်။ ကိုယ်ကတော့ cowboy ရုပ်ရှင်ကားတွေထဲကလို ပက်လက် ရထားတွဲကြီးတွေအပေါ်မှာ ဖြစ်သလိုထိုင်လိုက်သွားကြတာကို ပြန်မြင်ယောင်ရင်း ကိုယ့်ကိုကိုယ် cowboy တစ်ယောက်လို စိတ်ကူးယဉ်ကြည့်နေမိတာ သတိရမိသေးဗျ။
ကိုယ်တို့အမှုတွဲ ငါးယောက်နဲ့ အတူထည့်လိုက်ကြတဲ့ ၀ါရင့်အကျဉ်းသား လေးယောက်နဲ့ မိတ်ဆက်စကားပြောပါတယ်။ သူတို့က ကိုယ်တို့ကို နိုင်ငံရေးသမား တွေမှန်း သိသွားကြတော့ လေးလေးစားစားဆက်ဆံပါတယ်။ ပစ္စည်း တင်တာချတာကအစ သူတို့အကူအညီ အများကြီးရတယ်။ သူတို့က မန်းတလေးအိုးဘိုထောင်မှာ နှစ် ရှည်ကျအကျဉ်းသားတွေဖြစ်တယ်။ စက်ချုပ်လုပ်ငန်းမှာ လုပ်ကိုင်နေကြတယ်။ အခု ရန်ကုန်ထောင်မှာ လူကြီးတစ်ယောက်ရဲ့ သင်္ကန်းဆိုင်က သင်္ကန်းချုပ်အပ်လို့ ချုပ်နည်း လာသင်ပေးတာ ပြီးသွားလို့ မန်းတလေးကို ပြန်ပို့တာ ဖြစ်တယ်။ သူတို့ထဲက ခေါင်းဆောင်က မုံရွာက ကိုအောင်မင်း၊ မူဆယ်က ကိုမောင်မောင်၊ နောက်နှစ်ယောက် ကတော့ နာမည်မမှတ်မိတော့ဘူး။ တစ်ယောက်က ကန့်ကော ၊ နောက်တစ်ယောက်က မန်းတလေးမြို့က ဆိုတာတော့မှတ်မိတယ်။
ထူးဆန်းတာလေးတော့ ပြောချင်တယ်။ တိုက်ဆိုင်မှုလားတော့ မသိပါဘူး။ ကိုယ်တို့ကို တရားစွဲတော့ ကိုးယောက်ဖြစ်အောင် ဖန်တီးထားသလိုပါဘဲ။ ကိုးရက်နေ့မှာဖမ်းတယ်။ ကိုးလကြာ အောင်အမှုကို ဆွဲစစ်တယ်။ အခု မန်းတလေးကိုပို့တော့လည်း ကိုးယောက်ဖြစ်အောင် ငါးယောက်မှာ နောက်လေးယောက် ပေါင်းထည့်လိုက်တယ်။ ဒါလောက်တောင်မှ တိုက်ဆိုင်နိုင်ရသလားဗျာ။
ဒီလိုနဲ့ တစ်နေ့လုံး တစ်ညလုံး ဆံပင်မွှွှေးစူးတဲ့ဒဏ် ၊ ညှောင်းညာကိုက်ခဲ တဲ့ဒဏ်တွေခံစားရင်း လိုက်လာကြတာပါ။ လမ်းမှာ ပဲခူးထောင်၊ တောင်ငူထောင်၊ ရမည်းသင်းထောင်၊ အဲဒီထောင်တွေက ၀န်ထမ်းတွေက ကိုယ်တို့စားဖို့ ထောင်ကချက် တဲ့ ထမင်းထုပ်တွေ စောင့်ပေးလိုက်တာ အတော်ကိုများလှပါတယ်။ အဲဒီလောက်များတဲ့ ထမင်းတွေကို ဘယ်မှာ စားလို့ကုန်နိုင်ပါ့မလဲ။ အစောင့်လိုက်တဲ့ ရဲလေးတွေအတွက် ဖြစ်သွားရတာပေါ့။ ထူးခြားတာကတော့ လမ်းမှာ ဒီလိုစောင့်ပြီး ထမင်းထုပ်ပေးတာဟာ လုပ်ရိုးလုပ်စဉ် မဟုတ်ဘူးဆိုတာပါဘဲ။ ကိုယ်တို့နဲ့ ပါလာတဲ့ ရဲတွေကလွဲပြီး တစ်ခြားအစောင့်တွေတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ ဦးမင်းမော်တို့ကတော့ ဟိုးတွဲနောက်ဖက်ပိုင်းကို မကြာမကြာသွားတာတွေ့ရတော့ အနောက်ဖက်လူစီးတွဲ တစ်ခုခုမှာတော့ အားလုံးကို ချုပ်ကိုင်ထားတဲ့ လူကြီးတစ်ယောက်ပါလာတယ်လို့တော့ ခန့်မှန်းမိကြတယ်။
မိသားစုတွေနဲ့လည်း ဘယ်သူမှ အဆက်အသွယ်မရှိပါဘူး။ ထောင်ဝင်စာ တွေ့ဖို့ ရက်နီးလာတော့မှ ကိုယ်တို့အားလုံးကို နှစ်သုတ်ခွဲလိုက်ပြီး အဝေးကိုပို့လိုက်တာမို့ မိသားစုတွေနဲ့ အပြင်ကမိတ်ဆွေတွေ အနေနဲ့ ကိုယ်တို့အခြေအနေကို လုံးဝ မသိကြပါဘူး။ အသိပေးဖို့ကိုလည်း ဘယ်လိုကြိုးပမ်းရမယ်မှန်း မသိကြတော့ပါဘူး။ ကိုယ်တို့ငါးယောက်ကတော့ မြန်မာပြည်အထက်ပိုင်းကို ပို့လိုက်တာဖြစ်ပြီး ကျန်နေတဲ့ နောက်လေးယောက်ထဲက သုံးယောက်ကိုတော့ ရခိုင်ဖက်မှာရှိတဲ့ သံတွဲ၊ ကျောက်ဖြူ နဲ့ ဗူးသီးတောင်တို့ကိုပို့တယ် ဆိုတာ နောက်တော့မှ သိရပါတယ်။
ဆက်ပါဦးမယ်။
မှတ်ချက် - ယခုအဖြစ်အပျက်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်ပါ သည်။ အမည်၊ နေရာ၊ ကာလ၊ အဖြစ်အပျက်များ အားလုံးသည် ကျနော်မှတ်မိထားသလောက်ကို ကျနော်စိတ့်ခံစားရချက်များကို မကွယ်မ၀ှက် တိတိလင်းလင်း တည့်တည့်ရေးသားထားခြင်း ဖြစ်ပါသည်။
I'm so glad that you are able to express about things like this now. I shall pray that the people in power now to be a more gentler persons every time they breath. Only then the people living under their rule will have easier lives.
ReplyDeleteThank you, Pi Noel and all for helping the people. My father said that Pi Noel gain too much weight. Take care of your health he said.