Tuesday, 27 March 2012

ထောင်ပြောင်းခြင်း (၃)


ထောင်ပြောင်းခြင်း (၃)

စာပို့ရထားဆိုတော့ ရပ်လိုက်သွားလိုက်နဲ့ အတော့်ကို ငြီးငွေ့စရာကောင်းလှပါတယ်။ နောက်ဆုံး ထင်ထားတဲ့အတိုင်း မန်းတလေးဘူတာကို ဆိုက်ရောက်လာပါပြီ။ အချိန်ကတော့ ညနေ ၃ နာရီကျော်လောက်ပါဘဲ။ စင်္ကြန်အမှတ်-၃ လို့ မှတ်မိပါတယ်။ အဲဒီကနေ ဘူတာကြီးဖက်ကို နောက်စင်္ကြန်နှစ်ခုကို ထပ်ပြီးဖြတ်ရလို့ပါ။ ကိုယ်တို့ ရထားပေါ်က ဆင်းလာတော့ အညောင်းမိထားကြလို့ ယိုင်တိယိုင်တိုင်နဲ့ ဆင်းလာကြတာပါ။ လက်ထိပ်ကိုယ်စီ၊ ခြေကျင်းကိုယ်စီ၊ အ၀တ်ဖြူထောင်ပုံစံ ကိုယ်စီနဲ့ပေါ့။ ဦးခွန်ထွန်းဦး နဲ့ ဗိုလ်ချုပ်ဆေးထင်တို့ နှစ်ယောက်က ၀၀ဖိုင့်ဖိုင့်နဲ့မို့ သူတို့ပုံစံကိုကြည့်ပြီး ကိုယ့်မှာ အတော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ လူတွေကလည်း ၀ိုင်းအုံကြည့်နေကြတယ်လေ။ ဒါနဲ့ ကိုယ်မနေနိုင်တော့လို့ သူတို့ကို ရှမ်းဘာသာနဲ့ မေးလိုက်ပါတယ်။ " ခင်ဗျားတို့ ရှက်သလားဗျ " လို့ ။  နှစ်ယောက်စလုံးက သူတို့မျက်မှန်ကြီးတွေကြားကနေပြီး ကိုယ့်ကို ပြူးပြီးကြည့်နေကြတယ်။ ဗိုလ်ချုပ် ဆေးထင်ကတော့ ပြုံးပြီးနေတယ် ဘာမှတော့ မပြောရှာဘူး။  ဦးခွန်ထွန်းဦးကတော့  -
" ဟေ့လူ သူများပစ္စည်းခိုးတာမဟုတ်ဘူး။ ဘာမှ ရှက်စရာမရှိဘူး" လို့ ပြန်ပြောရှာတယ်။ 

       ဒါနဲ့ ဒုတိယစင်္ကြန်ကိုရောက်တော့ ရန်ကုန်အစုန် အမြန်ရထားလို့ထင်ရတဲ့ ရထားကြီးက တောင်ဖက်ကို တဖြည်းဖြည်း စပြီးထွက်လာတာ မြင်ရတယ်။ ကိုယ်တို့က ရထားလမ်း အနောက်ဖက်ခြမ်းမှာ ရှိတဲ့စင်္ကြန်ပေါ်မှာ လက်ထိပ်တွေ ခြေကျင်းတွေနဲ့ရပ်နေပေါ့။ အဲဒီအချိန်မှာ ကိုယ်တို့အုပ်စုကို ရထားပေါ်ကလူတွေ မြင်လေကောင်းလေ အခြေအနေမို့ မြင်သာထင်သာရှိအောင် လူဖြန့်ပြီး ရပ်ကြည့်ကြတယ်။ ရထားပေါ်မှာ ကိုယ့်အသိအကျွမ်းများ ပါလေမလားပေါ့။ ဒါမှ ကိုယ်တို့ကို မန်းတလေးမှာတွေ့ခဲ့တယ် ဆိုတဲ့သတင်းက ရမှာလေ။ အဲဒီသတင်းထွက်မှ မိသားစုနဲ့ ကိုယ်တို့အဖွဲ့တွေ အဖြစ်မှန်ကိုသိမှာမို့ပါ။ ကိုယ်တို့ကို ထောင်ရွေ့တာ ဘယ်ကိုရွေ့တာ အဲဒီအချိန်က ကိုယ်တို့ မသိသလိုဘဲ အပြင်က တခြားဘယ်သူမှ မသိကြဘူးဆိုတာ နောက်တော့သိရပါတယ်။ 
  
      ကိုယ်တို့ကလည်း ရထားတစ်စီးလုံးဖြတ်သွားတဲ့အပေါ်ကို သေသေချာချာ ကြည့်ကြ။ ရထားပေါ်က လူတွေကလည်း ကိုယ်တို့အုပ်စုကြီးကို သဘောပေါက်စွာနဲ့ငေး ကြည့်သွားကြ။ အသားဖြူဖြူ၀၀ လူကြီးလူကောင်းပုံ ၊ ဒါပေမဲ့ လက်ထိပ်တွေ ခြေကျင်း တွေနဲ့ ထောင်ဝတ်စုံနဲ့ ဘယ်လို့အမှုများ ဖြစ်ကြတာပါလိမ့်လို့ တွေးနေကြမှာပါဘဲ။ ရထားပေါ်ကနေ ကြည့်သွားကြတဲ့မျက်လုံးတွေပေါ့။ ကိုယ်တို့လည်း မထူးတော့ပါဘူး အရေးကြီးတာက ကိုယ်တို့ကို တွေ့ပြီး ဘယ်သူတွေမှန်းသူတို့ကို သိစေချင်တယ်လေ။ မျက်နှာပြောင်တိုက်ပြီ ရထားပေါ်ကို မော့ကြည့်နေကြတာပါ။ ကံဆိုးချင်တော့ ရထားကြီးသာ လွန်သွားတယ် ကိုယ်တို့ သိတဲ့လူဆိုလို့ တစ်ယောက်မှ မတွေ့ကြပါဘူး။  ဒီအကြောင်းလေးက မျက်စိထဲပြန်ပြန်မြင်နေရတဲ့ မြင်ကွင်းတစ်ခုပါ။ နောင်အခါမှာ  ပြန်ပြီး ဒီအကြောင်းတွေးမိတော့ ကိုယ်တို့တစ်အုပ်ကြီး ရပ်နေတဲ့စင်္ကြန်က ရထားရဲ့အနောက်ဖက်ခြမ်း၊ နေ့တာတိုတဲ့ကာလ ညနေ နေအကျက အနောက်ဖက်ကို အတော်စောင်းနေလောက်ပြီ၊ ကိုယ်တို့တတွေ ၀တ်ထားရတဲ့ ၀တ်စုံကလည်း ပါးပါး လျားလျားလေးတွေ။ ဟာ ရထားပေါ်ကလူတွေ ကိုယ်တို့ကို ဘယ်လိုပုံစံနဲ့များတွေ့သွားကြပါလိမ့် ဆိုပြီး တွေးမိတော့မှ ရှက်လိုက်သည့်ဖြစ်ခြင်း။ ကြာလေ ရှက်လေ တွေးမိတိုင်း ရှက်လေပါဘဲဗျာ။
  
      အဲဒီကနေ မန်းတလေးအိုးဘိုထောင်ကို ရောက်သွားကြပါတယ်။ တစ်ယောက်တစ်နေရာစီ ခွဲလိုက်ကြတယ်။ အဲဒီအချိန်ကစပြီး ဦးခွန်ထွန်းဦးရော ဗိုလ်ချုပ်ဆေးထင်ရော ပြန်မတွေ့ကြတာ နောက်ထပ်ခြောက်နှစ်ကျော်ကြာ ပြန်လွတ်တဲ့အထိပါဘဲ။ ဘယ်သူတွေ ဘယ်ဆီရောက်ပြီး ကိုယ်ကိုတိုင်လည်း ဘယ်ကိုရောက်မယ်ဆိုတာ အဲဒီအချိန်အထိ ထိပ်တန်းသျှို့ဝှက်ချက် အနေနဲ့ ဆက်ရှိနေပုံပါဘဲ။ လက်ထိပ်ကလွဲပြီး ကျန်တဲ့ ခြေကျင်းတွေကတော့ ခတ်မြဲ ခတ်ဆဲ ပါဘဲ။  

       ကိုယ်ရောက်သွားတဲ့ Cell အခန်းက 8' x 12'  ခန့်မှန်းကျယ်တယ်။ မန်းတလေးတောင်ကြီးကို သံတိုင်တွေကြားက လှမ်းမြင်နေရတယ်။ တောင်ပေါ်မှာ လူလေးတွေတွေ့ရတယ်။ တိုက်နံပါတ်နဲ့ အခန်းနံပါတ်ကတော့ မေ့တာမဟုတ်၊ သိကို မသိလိုက်တာပါ။ အဲဒီအချိန်မှာ ကိုယ်ဖျားနေပြီဆိုတာ သိလိုက်ပါတယ်။ အိုးဘိုထောင်ကို ရောက်ရောက်ခြင်းဘဲ သုံးပွင့်တပ်ထားတဲ့ ဦးသောင်းမြင့်ဆိုတဲ့လူကို ပြောပြထားလိုက်လို့  မိုးချုပ်ခါနီးလေးမှာ ဆရာဝန်ရောက်လာတယ်။ ဆရာဝန်က ဗိုလ်မှူးလို တစ်ပွင့် တစ်ခက်တပ်ထားတယ်။ ဆံပင်ရှည်ရှည် မျက်မှန်အကြီးကြီးတပ်ထားတယ်။ သူ့နောက်က ၀န်ထမ်းက သူထိုင်ဖို့ ကုလားထိုင်တစ်လုံးကို ထမ်းပြီးလိုက်လာတယ်။ ကုလားထိုင်ကို သံတိုင်နဲ့ ခပ်လှမ်းလှမ်းမှာ ချခိုင်းပြီးထိုင်တယ်။ ဆေးမှူးနဲ့ တူတဲ့ နောက်တစ်ယောက်ကို မျက်ရိပ်ပြပြီး ကိုယ့်ကိုသွေးလာတိုင်းစေတယ်။ အဖျားတိုင်းတယ်။ ဘာဆေးတွေသောက်နေကြလဲလို့ ဆေးမှူးကမေးတယ်။ ဆေးမှူးက ဆရာဝန်ကို ပြောတယ်။ ဆရာဝန်က ဆေးမှူးကိုပြောတယ်။ ဆေးမှူးက ကိုယ့်ကိုမေးတယ်။ ကိုယ်ပြောတာကို ဆေးမှူးက ဆရာဝန်ကိုပြောတယ်။  ကိုယ်လည်းအတော်ကို အံ့သြတယ်။  ဘာကြောင့် ကိုယ်နဲ့တိုက်ရိုက်စကားမပြောတာလဲဆိုတာ ဒီနေ့ထိ ကိုယ်မသိဘူး ဖြစ်နေတယ်။ အပြန်အလှန်ပြောနေတာ အားလုံးဟာ မြန်မာစကားပြောနေကြတာဘဲ မဟုတ်လား။ ဘယ့်နှယ် တဆင့်စီ တဆင့်စီ ပြောနေမှန်းကို မသိတော့ပါဘူးဗျာ။

ဘာဆေးမှလည်း မပေးဘူး။ ဘာမှလည်း မညွှန်ကြားဘူး။ ပြန်သွားကြတယ်။ ကိုယ်လည်း ကိုယ့်မှာပါလာတဲ့ဆေးသောက်ပြီး အိပ်ဖို့ ပြင်တယ်။ မန်းတလေး တောင်ပေါ်က ဘုရားမီးတွေက ကြည်ညိုစရာကောင်းလှတယ်။ ထောင်ထဲမှာ ပထမဆုံး ဘုရားကို ကြည်ညိုပြီး ဘုရားရှိခိုးတာဖြစ်တယ်။  ပြီးတော့ တစ်ခုစဉ်းစားမိတယ်။ ငါ့ဆေးတွေကို မသိမ်းပါလား။ ဒါဆို မကြာခင် ခရီးဆက်ရအုန်းမလား။ စဉ်းစားမိတယ်။ 

ညကိုးနာရီလောက်မှာ တစ်ပွင့်တပ်ထားတဲ့ အရာရှိတစ်ယောက်ရောက်လာတယ်။ အိပ်ပြီလားလို့ နှုတ်ဆက်တယ်။ ကိုယ်လှဲနေရာက ထလာတော့ " ဆရာရေ စားစရာတစ်ခုခုပါလာရင် ကျွေးပါအုန်း။ ဗိုက်ဆာလို့ပါဗျာ"  လို့ပြောတယ်။ ကိုယ်လည်း အံ့သြနေတဲ့ကြားကဘဲ မရွေးလေးငါးထုပ်လောက်ပေးလိုက်တယ်။ သူကကျေးဇူးတင်တဲ့ အကြောင်းပြောပါတယ်။ ဒါနဲ့ ကိုယ်က အကြံရပြီး မေးလိုက်တယ်။ " ကဲဆရာရေ နက်ဖြန်မနက် ခရီးဆက်ဖို့ရှိသလား ပြောပါအုန်း "  မေးလိုက်တယ်။ သူမျက်နှာပျက် သွားတယ်။ " ပြောလို့မရဘူးဗျ  အားလုံးကိုကြပ်ထားတယ်  ဆောရီးဘဲ "  လို့ပြန်ပြော တယ်။    ကိုယ်က " ခင်ဗျားကို တစ်ခြားအကြောင်းမေးမှာပါ။ အခု ကျနော် ၀မ်းချုပ်နေတယ်။ ဖျားလည်းဖျားနေတယ်။ အဲဒီတော့ ဒီညကျနော် ၀မ်းနှုတ်ဆေးစား ချင်တယ်။ စားရမလား   မစားရဘူးလား  ။ အဲဒီအကြံဘဲ ခင်ဗျား ကျနော့်ကိုပေးပါဗျာ ။ ဒါက တာဝန်ကို ချိုးဖေါက်ရာ မရောက်ပါဘူး  "   ချော့ပြောလိုက်တော့ ဆရာက ခေါင်းကို ကုပ်ပြီးစဉ်းစားနေတယ်။ မရွေးလေးထုပ်ထဲက နှစ်ထုပ်ကလည်း စားပြီးနေပြီ။ သူ အတော်ကို အကြပ်ရိုက်နေပုံပါဘဲ။ နောက်တော်တော်ကြာတော့မှ " ၀မ်းနှုတ်ဆေး မစားနဲ့ဗျာ  "  တစ်ခွန်းထဲပြောပြီး ထွက်သွားလိုက်တာ နှုတ်တောင်ဆက်မသွားတော့ပါဘူး။  ကိုယ်လည်းဘဲ သက်ပြင်းချလိုက်ပြီး နက်ဖြန်ခရီးဆက်ဖို့ ပြင်ရပါတယ်။ ဒါပေမဲ့ ဘယ်ကို ခရီးဆက်ရမယ်ဆိုတာတော့ လုံးဝကို မသိသေးပါဘူး။

တွက်ထားတဲ့အတိုင်းပါဘဲ။ မနက်စောစော လာခေါ်ပါပြီ။ ပစ္စည်းသိမ်းပါ ဆိုပြီး။ ကိုယ်က သိထားပြီးပြီ ဆိုတော့ မြန်ပါတယ်။ ခြေကျင်းသံ တစ်လွင်လွင်နဲ့ ချီတက်လာ လိုက်တာ မိန်းဂျေး ကိုရောက်တော့ ရဲအရာရှိ (နှစ်ပွင့်) တစ်ယောက်က စာရွက်စာတမ်း တွေကိုင်ပြီး ကိုယ့်ကိုစောင့်နေလေရဲ့။ ရဲအရာခံဗိုလ်တစ်ယောက်လည်း ရှိနေလေရဲ့။ သူတို့ပြောဆိုပြီးကြတော့ သွားဖို့မျက်ရိပ်ပြတယ်။ လက်ထိပ်ခတ်တယ်။ ဗူးဝကို ထုတ်လာတယ်။ ဗူးဝအပြင်မှာ ဟိုင်းလက်ကားတစ်စီးရပ်ထားတယ်။ နောက်ခန်း အရှေ့ ဖက်ဆုံးကို သွားထိုင်ခိုင်းတယ်။ နောက် ကားပေါ်ကို လက်နက်ကိုယ်စီတပ်ဆင်ထားတဲ့ ရဲတွေတက်လာတယ်။ ရဲ ရဲဘော်က နှစ်ယောက်၊ တစ်ရစ် နှစ်ရစ် သုံးရစ်က တစ်ယောက်စီ၊ ရဲ အရာခံဗိုလ်ကြီးက တစ်ယောက်၊ တစ်ပွင့်တပ်အရာရှိက တစ် ယောက်၊ အကြီးဆုံးကတော့ နှစ်ပွင့်တပ်ထားတဲ့ တစ်ယောက်၊ အများကြီးဘဲ ။  ဘာလို့များ ဒီလောက်အများကြီးပါလာတာလဲ။ ကိုယ် နားမလည်ခဲ့ပါဘူး။ ခုချိန်ထိပါဘဲ။ ရဲအုပ်နဲ့ နှစ်ပွင့်ထောင်အရာရှိတစ်ယောက်က ကား ရှေ့ခန်းမှာထိုင်တယ်။ ကျန်တာတွေက အနောက်ခန်းမှာ ကိုယ့်ကို ပိတ်ထိုင်ထားကြ တယ်။ ကိုယ့်နားက ရဲကို ကပ်ပြီး ဘယ်သွားကြမှာလဲဗျ လို့ တိုးတိုးလေးမေးကြည့်တော့ စကားပြန် လုံးဝ မရဘူးဗျာ။  မကြားချင်ယောင်ဆောင်နေတယ်။ 

အတော်ကြီးကို မောင်းလာလိုက်တာ- ကိုယ်သိလိုက်တာက ဒါ တံတားဦးလေဆိပ်ကို  သွားနေတာဘဲဆိုတာပါ။ လေဆိပ်ကို ရောက်တော့ လူမရှိ သူမရှိပါ။ ဒါပေမဲ့ဗျာ ရဲအုပ်က ကိုယ့်ကို ခေါင်းစွပ်တစ်ခုထုတ်ပေးပြီး စွပ်ခိုင်းပါတယ်။ တစ်ခါမှ ခေါင်းစွပ်ခဲ့တာ မရှိဘဲနဲ့ ဒီလူမရှိတဲ့ လေဆိပ်မှာမှ ခေါင်းစွပ်စွပ်ခိုင်းတာ ဘ၀င်မကျစရာပါဘဲ။ ဒါပေမဲ့ ကိုယ်က အကျဉ်းသားဖြစ်နေပြီလေ။  ငြင်းဆန်လို့မှ မရတာ။ အဲဒီ နံနံစော်စော်ကြီးကို စွပ်ရတော့တာပေါ့။  လေဆိပ်ထဲက ဘီယာရောင်းခန်းလို့ ထင်ရတဲ့ အခန်းကျယ်တစ်ခု ထဲမှာ သွားနားကြတယ်။ ရဲတွေက အပေါက်မှာ ပိတ်ထိုင်နေကြတာပေါ့။ လေတပ်က ထောက်လှမ်းရေးတွေက စာရင်းလာယူကြတယ်။ ဒါတွေကတော့ ရဲအုပ်နဲ့ဘဲ ပြောကြတာပါ။ ကြမ်းပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့ ကိုယ့်ကိုတော့ လှမ်းကြည့်သွားရုံပါဘဲ။ ရဲအုပ်က ထမင်းဝယ်ကျွေးတာကိုတော့ ကျေးဇူးတင်ရပါတယ်။ ဒါပေမဲ့ ကိုယ်ထမင်းမစားနိုင်ပါဘူး။ ဆေးသောက်ဖို့သာ အတင်းမြိုချနေရတာပါ။ မွန်းလွဲပိုင်းအတော်နှောင်းတော့ ကိတ်မုန့်တစ်ခြမ်းဝယ်လာကျွေးပြန်ပါတယ်။ ရေသန့်ဗူးလည်း သောက်ဖို့ပေးပါ တယ်။ ညနေပိုင်းလောက်မှာ လေယာဉ်ရောက်ပြီလို့ တစ်ယောက်က လာပြောလို့ အထုပ်တွေပြင်ဆင်ရပြန်တယ်။ ဖြုတ်ထားတဲ့ လက်ထိပ်ကို ရဲအရာခံဗိုလ်နဲ့ တွဲပြီးခတ်ရတယ်။ ထွက်ပြေးဖို့ စိတ်ကူးလုံးဝမရှိတဲ့ ကိုယ့်အပေါ် လုံခြုံရေးတင်းကြပ်ပုံများ အံ့စရာ ကောင်းလှပါတယ်။ ဘာကြောင့်လဲ ဆိုတာ ဒီနေ့အထိကို သဘောမပေါက်နိုင်ပါဘူး။ ဒါပေမဲ့ ပြောမဲ့သာပြောရတာပါ ဘယ်သူမှ ဘာမှမတတ်နိုင်ကြပါဘူး။ လေဆိပ်အဆောက်အဦနဲ့ လေယာဉ်ဆီကို ခရီးသည်တွေကို သယ်ပို့ပေးနေတဲ့ ဘတ်စ်ကားအကြီး ကြီးနားရောက်တော့ အမိန့်ပြောင်းသွားပြီး စောင့်နေရပြန်ရော။ ကားကြီးက ရပ်ထားတဲ့ လေယာဉ်ဆီကို လူမပါဘဲမောင်းထွက်သွားပြန်ရော။ ကိုယ်တို့လည်း ငေးပြီးကျန်နေရစ် တယ်။ လေယာဉ်ကိုရောက်တော့ လေယာဉ်ကလူတွေကို ကားပေါ်ဆင်းခိုင်းပြီး အဆောက်အဦဆီကို သယ်လာပြန်ရော။ ပြီးတော့မှ ကိုယ်တို့လေးယောက်ကို ပြန်လာခေါ်တယ်။ ကိုယ်ရယ် ရဲအုပ်ရယ် ကိုယ်နဲ့ လက်ထိပ်တွဲခတ်ထားတဲ့ ရဲအရာခံ ဗိုလ်ရယ် ထောင်အရာရှိတစ်ယောက်ရယ် လေးယောက်ပေါ့။ ကိုယ်တို့ လေးယောက် လေယာဉ်ပေါ်ကိုတက် နေရာယူပြီးတော့မှ ဘတ်စ်ကားက လေဆိပ်အဆောက် အဦဆီကို ပြန်သွားပြီး လိုက်ပါမယ့်ခရီးသည်တွေကို ပြန်သယ်လာခဲ့တယ်။ လေယာဉ်ပေါ်မှာတော့ အားလုံးက ကိုယ့်ကို တစေ့တစောင်း အကဲခတ်သွားကြတာပေါ့။ 

အဲဒီအချိန်အထိ လိုက်ပါလာတဲ့ ရဲအရာရှိကို ဘယ်သွားမလဲမေးပေမဲ့ မပြောပါဘူး။ သူ့နာမည်တံဆိပ်ကိုလည်း ဖြုတ်ထားတော့ သူနာမည်ကိုလည်း ကိုယ်မသိခဲ့ပါဘူး။

လေယာဉ်ထွက်ပါပြီ။ လေယာဉ်မောင်က ခရီးစဉ်အကြောင်း ပြောပါတော့တယ်။ အခု မန်းတလေး-ကလေး ခရီးစဉ် စတင်ပါပြီ လို့ ပြောလိုက်ပါတယ်။ ကိုယ်လည်း တစ်ဖက် မှာထိုင်နေတဲ့ ရဲအုပ်မျက်နှာကို ခါးကိုင်းပြီးလှမ်းကြည့်လိုက်တော့ သူက ရီပြီး ခေါင်းညိတ့်ပြပါတယ်။ ဟုတ်ပါပြီဆိုတဲ့ သဘောပေါ့။ ကိုယ်နဲ့လက်ထိပ်တွဲခတ်လာတဲ့ ရဲအရာခံဗိုလ်ကတော့ စကားတစ်ခွန်းမှ မပြောပါဘူး။ ဘာဘဲဖြစ်ဖြစ် ကိုယ်ကတော့ ချင်းတောင်ခြေက-ကလေးမြို့ဆီကို ခရီးနှင်နေရပါပြီ။
        
         ကလေးမြို့လေဆိပ်ကို လေယာဉ်ဆိုက်တော့ အားလုံးဆင်းပြီးမှ ကိုယ်တို့ ဆင်းရတယ်။ ခရီးသည်တွေက ပေစောင်းပေစောင်းကြည့်ပြီး အသီးသီးဆင်းသွားကြတာဗျ။ လူကုန်တော့မှ ကိုယ်တို့ဆင်းကြတယ်။ လေဆိပ်ကိုလှမ်းကြည့်တော့ လူတွေ အများကြီးကစောင့်ကြည့်နေကြပုံပါဘဲ။ ကိုယ့်ကို လေဆိပ်အဆောက်အဦဆီကို မခေါ် တော့ဘဲ အဆောက်အဦကိုကွင်းပြီး ခေါ်သွားတယ်။ ဟိုင်းလက်ကားတစ်စီးစောင့်နေ တယ်။ ကားပေါ်တက်တော့ လူတွေဝိုင်းအုံလာတယ်။ ထောက်လှမ်းရေးလား သတင်းထောက်လား မသိနိုင်တော့ဘူး။ ဆယ့်လေးငါးယောက်လောက်ရှိတယ်။ ဘာအမှုလဲ ဘယ်လောက်ကျသလဲ ၀ိုင်းမေးကြတယ်။ မေးခွန်းလည်းများ မေးသူလည်းများတာမို့ ကိုယ်ဘာကို ဘယ်လိုဖြေရမှန်းတောင် မသိဘူး။ နောက်ထပ်ရဲတစ်စုက စောင့်ကြိုနေ တယ်။ ကိုယ့်ကိုလွဲယူတဲ့သဘော။ ကိုယ်နဲ့ပါလာတဲ့ ရဲအရာခံဗိုလ်က ဘယ်လောက်တောင် သတိကြီးသလဲဆို လွတ်နေတဲ့တခြားလက်တဖက်ကို လာကြိုတဲ့ရဲရဲ့ လက်နဲ့ လက်ထိပ်မတွဲမချင်း သူနဲ့တွဲထားတဲ့ကိုယ့်လက်ထိပ်ကို ဖြုတ်မပေးဘူး။ ငြင်းနေတယ်။ အရင်ခတ်လိုက်ပါ  အရင်ခတ်လိုက်ပါ လို့လည်းပြောသေးတယ်။ 
        
        ကိုယ်စိတ်ဆိုးတယ်။ ဒေါသထွက်ပြီး ငါသူခိုးကြမ်းပိုးမဟုတ်ဘူးကွ လို့အော်ပြော လိုက်တယ်။ နောက်အဖွဲ့သစ်နဲ့ လွဲပြီးတာနဲ့ ကားစထွက်တယ်။ မေးခွန်းထုတ်တဲ့ လူစု  နောက်မှာ ကျန်နေရစ်တယ်။ လိုက်ပို့တဲ့ရဲနှစ်ယောက်လည်း ကျန်နေရစ်တယ်။ တမူးလမ်းအတိုင်း မြောက်ဖက်ကို အတော်ကြာကြာ မောင်းလာပြီးတော့မှ ကလေးမြို့ အကျဉ်းထောင်ဆိုတာကို ရောက်တယ်။ ဗူးဝမှာ ဆောင့်ညှောင့်ထိုင်ခိုင်းတယ်။ မျက်နှာထားနဲ့ မထိုင်ဘူးကွ လို့ပြောလိုက်တယ်။ ကိုယ်စိတ်ဆိုးနေမှန်းသိလို့ ရဲတွေလည်း အသာလေး သျှိုပြီးပြန်သွားကြတယ်။ လိုက်ပို့တဲ့ ထောင်အရာရှိလည်း ညမအိပ်တော့ဘူး ဆိုပြီး ချက်ချင်းပြန်သွားတယ်။ 

        ကလေးထောင်က လူတွေရှင်းလွန်းနေတယ်။ လာကြိုတဲ့ ထောင်အရာရှိတစ်ပွင့် ဦးအောင်ချို ကိုမေးကြည့်တော့ တန်ဆောင်မုန်းလ ပြည့်နေ့ (၂၀၀၅ခုနှစ် နိုဝင်္ဘာလ-၁၅ ရက်နေ့) ကထိန်ခင်းလို့ ကထိန်သင်္ကန်းလှည့် သွားကြတယ်လို့ပြောတယ်။ ထောင်ပိတ်တော့မှာမို့ အကျဉ်းသားတွေလည်း တန်းထဲ ၀င်ကုန်ကြပါပြီ။ လာခေါ်တဲ့ဝန်ထမ်းနဲ့ ကိုယ်လည်း အထုပ်တွေနဲ့ အထဲကို ၀င်လာကြတယ်။ ဒုတိယထောင်ပိုင်က ခေါ်နေလို့ဆိုပြီး မိန်းဂျေးကို သွားရပြန်တယ်။ မိန်းဂျေး ထဲမှာ လူတစ်ယောက်အသက်ခပ်ကြီးကြီး ပိန်ပိန် ပါးပါး နဲ့ ထိုင်နေတာတွေ့ရတယ်။ သူက စာရွက်စာတမ်းတွေကြည့်ပြီး ဘာအမှုလဲ လို့မေးတယ်။ ဒါသဘာဝမှ မဟုတ်တာဘဲ ဆိုပြီး ကိုယ်လဲ  "မသိဘူး " တုံးတိကြီးဖြေ လိုက်တယ်။ သူက ပါလာတဲ့စာအုပ်တွေကို နောက်မှလာပေးမယ်နော် လို့ပြောတာကို ကိုယ်ဘာမှ ပြန်မပြောဘဲ သူ့ကို စိုက်ကြည့်နေလိုက်တယ်။ ဒီတော့ သူက အေးဗျား သွားပါတော့ နားပါတော့ နက်ဖြန်ကြမှဘဲ စောစောလာပြီး ခြေကျင်းဖြုတ်ပေးပါမယ်။ ဒီ ထောင်မှာတော့ လိမ်လိမ်မာမာ နေပါဗျား  .......       လို့ပြောလိုက်တယ်။

       ကြည့်စမ်းပါအုန်းဗျာ။ ကိုယ့်ကို လိမ်လိမ်မာမာ နေပါတဲ့။ တကယ်မလိမ်မာတာက ဘယ်သူတွေလဲ။    စဉ်းစားကြပါအုန်း။ 


မှတ်ချက် -     ယခုအဖြစ်အပျက်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များဖြစ်ပါ သည်။ အမည်၊ နေရာ၊ ကာလ၊ အဖြစ်အပျက်များ အားလုံးသည် ကျနော်မှတ်မိထားသလောက်ကို ကျနော်စိတ့်ခံစားရချက်များကို မကွယ်မ၀ှက် တိတိလင်းလင်း တည့်တည့်ရေးသား
ထားခြင်း ဖြစ်ပါသည်။ 

No comments:

Post a comment