"လွှတ်လူ"ဆိုတာ ထောင်ကျနေသူတစ်ယောက် ထောင်ကနေ လွှတ်ခွင့်ရသူ ကို ခေါ်တာ ပါ။ ထောင်ထဲမှာတော့ မျက်နှာအပွင့်ဆုံးလူပေါ့။
အချုပ်အနှောင်ကနေ လွှတ်မြောက်တော့ မှာဖြစ်လို့ လွှတ်လူ ဆို တဲ့လူကလည်း မိုးမမြင် လေမမြင်အောင်
ပျော်နေတတ်တယ်လေ။ ထောင်ထဲမှာ လွှတ်လူလို့ အခေါ်ခံ ရပြီဆိုရင် အားလုံးက ၀ိုင်းပြီး ဂုဏ်ပြုချီးကျူးကြတာကို
ခံရတတ်တယ်။ ပြီးတော့ သူ့မှာရှိတဲ့ ပစ္စည်း ပစ္စယ မှန်သမျှကိုလည်း အမွေပုံခွဲသလို ၀ိုင်းပြီးလုယူလိုက်ကြတာ
များပါတယ်။ ခွေးတစ်အုပ်ထဲကို အမဲသားတုံး ပစ်ချလိုက်သလို ၀ိုင်းလုလိုက်ကြတာ လွှတ်လူခမြာ
အ၀တ်တစ်ထည် ကိုယ်တစ်ခုဘဲကျန်တာ များပါတယ်။ ဒါပေမဲ့ အဲသည် လွှတ်လူအနေနဲ့ လုယူခံရလို့ စိတ်ဆိုးတယ်ဆိုတာ အင်မတန်မှ ကို တွေ့ရ ခဲပါတယ်။
ပျော်တစ်ပြုံးပြုံးနဲ့ မြိန့်မြိန့်ကြီး ကြည့်နေတတ်တာက များပါတယ်။ ကြည်နူးစရာမြင် ကွင်းလို့ လည်း
ပြောနိုင်ပါ တယ်။
ကြိုတင်သိထားသူတွေဆိုရင်
မလွှတ်မီရက်တွေမှာ ညဖက်ဆိုရင် အိပ်မပျော်ဘဲ မျက်စိကြောင်နေ တတ်ပါတယ်။ သာမန်အကျဉ်းသားတွေအဖို့
သူ့ကို လွှတ်ပေးမဲ့ "လွှတ်ရက်" ကို သူတို့အိပ်ဆောင်တွေမှာ တစ်လလောက်ကြိုတင်ပြီး
စာရင်းလုပ် ကပ်ပေးထားတတ်ပါတယ်။ သည်လအတွင်းမှာ လွှတ်ရက်စေ့ လွှတ်မည့် လူစာရင်းဆိုပြီး ကပ်ထားရပါတယ်။
သာမန်အားဖြင့် ကြိုတင်သိထားတတ်ကြပါတယ်။ အကျဉ်းသားမှန်သမျှဟာ ကိုယ့်လွှတ်ရက်ကို ကိုယ်တိုင်က
အမြဲတွက်ချက်နေကြတာ ထုံးစံပါဘဲ။ အဲဒီလွှတ် လူတွေဆိုရင် ရက်နီးလာလေ မစားနိုင် မအိပ်နိုင်လောက်အောင်
လူကကြောင်တောင် တောင်ဖြစ်လာ တတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဘာဖြစ်နေမှန်းမသိကြတော့ဘူး။
ထောင်ကနေ လွှတ်ခွင့်ရတဲ့ သူတွေရဲ့ အပျော်တွေလို့ ဆိုနိုင်ပါတယ်။ တချို့ဆိုမလွှတ်မီ ရက်အတော်စောစောထဲက
သူ့ပစ္စည်းတွေ တစ်ခုမှမကျန်တော့အောင် ၀ိုင်းယူလိုက်ကြလို့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့
လွှတ်ရက် ရောက်တဲ့အထိ ဒီအတိုင်းနေသွားကြပါတယ်။ အပြုံးမပျက်ပေါ့။ အဲဒီအချိန်မျိုးဆိုရင် အဲဒီလွှတ်လူဟာ အရာရာကို သီးခံနေတော့တာပါဘဲ။ ရန်သွားစလည်း ရှောင်သွားတတ်တယ်။ အစစ အရာရာ
သီးခံခြင်း တရားနဲ့ ခွင့်လွှတ်တတ်တဲ့ အချိန်ပေါ့။ အကယ်လို့များ ရန်ဖြစ်တာဖြစ်ဖြစ် စည်းကမ်း
ဖေါက်ဖျက်မိတာဖြစ်ဖြစ် ကျူးလွန်မိရင် လွှတ်ရက်က နောက်ကို အချိန်မရွေး ရွေ့သွားနိုင် တယ်လေ။
လွှတ်လူဘ၀ကို ကိုယ်ရောက်တော့ ဆိုခဲ့သလို ကြိုတင်မသိနိုင်ခဲ့ပါဘူး။
နိုင်ငံရေးသမားတွေကို လွှတ်မယ်ဆိုရင် ကြိုတင်ပြီး အသိပေးတဲ့ ဓလေ့လည်းမရှိပါဘူး။ လွှတ်ပြီ
ဆိုမှ ထပြီးထွက်သွားကြရတာက များပါတယ်။ ၂၀၁၂ ဇန်န၀ါရီလ ၃ - ရက်နေ့မှာ သမ္မတက လွှတ်ငြိမ်းချမ်းသာ ခွင့်
ကြေငြာတော့ နှစ်သုံးဆယ်အထိ လျော့ချပေးတဲ့အချက်ထဲမှာ ကိုယ်ကအကြုံးဝင်တယ်လေ။ ပထမ တစ်ကြိမ်က
တစ် နှစ်လျော့ထားပေးတော့ ၈၅ နှစ်ကနေ ၈၄ နှစ်ကျန်ခဲ့တယ်။ အခု နှစ်သုံးဆယ် အ ထိလျော့ချလိုက်တော့
နေသား ခုနှစ်နှစ်နဲ့ဆို ၂၃ နှစ်နေဖို့ ကျန်နေတယ်လို့ တွက်လို့ရ ပါတယ်။ ကိုယ့်ကိုယ် ကိုလည်း ဒီလိုဘဲ တွက်ထားလိုက်ပါတယ်။ အေးဆေးပေါ့။ နိုင်ငံရေးသမားဆို တာ နှစ်ဘယ်လောက်ဘဲ များများ
လွှတ်ချင်ရင် တော်ကြာနေလည်း လွှတ်သွားတတ်တာမို့
သိပ်တော့ စိတ်ထိခိုက်မှု မရှိလှပါဘူး။
အဲဒီလိုနဲ့ နောက်ဆယ်ရက်တိတိအကြာ (၁၂-၁-၂၀၁၂) ညနေဖက် ၆ နာရီသတင်းမှာ ကျင့်ထုံးပုဒ်မ ၄၀၁(၁) နဲ့
လူငါးရာကျော် လွှတ်ပေးတယ်လို့ ကြေညာတဲ့အကြောင်းသိရတယ်။ ည ၉ နာရီလောက်မှာ ဆိုင်ရာထောင်အရာရှိက
ကိုယ့်နာမည်ပါကြောင်း လာပြောတယ်။ အိပ်ပျော်အောင်အိပ်ပါ လို့လည်းမှာကြား သွားသေးတယ်။
သူက လွှတ်လူရဲ့ သဘောသဘာဝကို ကောင်းကောင်းသိထားသူကိုး။ ကိုယ် ထောင်ထဲကို ရောက်တော့ သတိအတော်ထားတဲ့ အချက်တစ်ခုရှိခဲ့တယ်။
ပြစ်ဒဏ်မှန်သမျှကို မတုန်လှုပ်မိစေဖို့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားနိုင်အောင် သတိနဲ့ချုပ်ထားခဲ့တယ်။
ဒီလိုဘဲ ပြန်ရမယ့်နေ့ "လွှတ်လူ" ဘ၀ကိုလည်း တစ်နေ့တစ်ချိန်မှာမလွဲမသွေ ရောက်ကိုရောက်မယ်ဆိုတာ
တွက်မိထားလို့ အဲဒီအချိန်မျိုးကျရင် မိုးမမြင်လေမမြင် ပျော်ရွှင်တဲ့ အဖြစ်မျိုး မရောက်ရလေအောင်
သတိထားပြီး ထိန်းချုပ်မယ်လို့ စိတ်ကူးရှိထားတာမို့ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် သတိထားလိုက်တယ်။
ဘုရားရှိခိုးပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်တယ်။ ဖမ်းတာရော လွှတ်တာရော အားလုံးဟာ
အတူတူဘဲဆိုပြီး စိတ်ထဲမှာ မှတ်ထားလိုက်တယ်။ ကလေးထောင်ကို ရောက်တဲ့နေ့က ဒေါသထွက်ခဲ့ရတဲ့
အဖြစ်မျိုးထပ် မရောက်စေရဘူးလို့ ကိုယ့်ကိုယ်ကို ထိန်းလိုက်တယ်။
အရင်ကာလတွေတုန်းက လွှတ်ခဲ့ရင် အိမ်ကိုဘယ်လို ပြန်မလဲလို့ စိတ်ကူးယဉ်ခဲ့တဲ့အဖြစ်ကို
ခဏပြန် တွေးကြည့်လိုက်သေးတယ်။ အဲဒီတုန်းက လွှတ်ခဲ့လို့ အိမ်ကိုပြန်ရရင် ကလေးမြို့ကို
ဝင်ပြီး ကိုယ့် ကို ကူညီခဲ့သူတွေကို ကျေးဇူးတင်စကားပြောမယ်။ ပြီးရင် အိမ်ကိုပြန်မယ်။
ဘယ်သူ့ကိုမှ ကြိုတင်ပြီး အကြောင်းမကြားဘူး။ ၀င်းဦးဆိုတဲ့ သီချင်းတစ်ပုဒ် " ကိုယ်ပြန်လာပြီ
... ကိုယ်မွေးသောဌာနီဆီ " ဆိုတဲ့ သီချင်းကိုဆိုပြီး
အိမ်ကိုဝင်သွားမယ်။ မိသားစုက အံ့သြ၀မ်းသာကြမယ်။ ဒီလို စိတ်ကူးယဉ်ထားခဲ့တာပါ။ ဒါပေမဲ့
အခုအခြေအနေက အိမ်ကိုကြိုတင်အသိမပေးဘဲ ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့မှန်းသိသာပါတယ်။
ဘာတတ်နိုင်မှာလဲ.. လူ့ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို
ဖြစ်တာမှမဟုတ်တာ။ သူဖြစ်ချင်တာကို သူ့ဖာသာလိုက်ဖြစ်နေတာပါလားဆိုပြီး နှလုံးသွင်းပြီး
အိပ်ပျော်အောင်ကြိုးစားအိပ်လိုက်တာ မနက် ၅ နာရီလောက်မှ ပြန်နိုးတော့တယ်။ လူလည်းဘဲ တည်တည်ငြိမ်ငြိမ်
ရှိနေပါတယ်။ ငါတော့ လွှတ်လူ ရောဂါ ကို ကျော်လွှားနိုင်ကောင်းပါရဲ့လို့လည်း ကိုယ့်ကိုယ်ကို
အထင်ကြီးမိတယ်။
(မှတ်ချက်- ကိုယ့်ကိုယ်ကို အထင်ကြီးမိတာ မှားသွားကြောင်း
နောင်မှသိရပါတယ်။ အဲဒါကတော့ အိမ်ပြန် ရောက်ပြီး တစ်ပတ်လောက်ကစပြီး အိပ်မပျော်ချင်တော့ဘူး။
ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး။ လူဟာ အလိုလိုနေရင်း ပျင်းနေပြီး ခြေပစ်လက်ပစ်
အားကုန်နေသလို ခံစား၇တယ်။ ဘာဆိုဘာကိုမှ စိတ်ဝင်တစားလုပ်လို့မရဘူး ဖြစ်နေတယ်။ စာရေးရမယ်ဆိုတာ
အသိတရားရှိနေပေမဲ့ ရေးချင်စိတ်လုံးဝမရှိပါဘူး။ ရေးမယ်ဆိုပြီး ကွန်ပျူတာရှေ့ ထိုင်လိုက်တာနဲ့
ဘာမှကို မရေးဖြစ်လောက်အောင် စိတ်ကလေလွှင့်သွားပါတယ်။ နှစ်လကျော်လောက်အထိကို ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက်တော့မှ တဖြည်းဖြည်း ပြန်ပြီး ပုံမှန်ပြန်ဖြစ်လာပါတယ်။ အမှန်ကတော့ အဲဒါ
"လွှတ်လူ" ရောဂါကို အိမ်ပြန်ရောက်မှ ခံစားရတတ်တယ် ဆိုတာ သဘောပေါက်လာပါတယ်။)
ထောင်ဖွင့်လို့ ကိုယ့်အခန်းထဲက ထွက်တော့ ၀န်ထမ်းတွေနဲ့ မေးကြမြန်းကြတယ်။
လွှတ်လူဘယ်သူတွေပါသလဲပေါ့။ ထင်ထားသမျှထက်ကို အများကြီးပါနေတာတွေ့ရတယ်။ ကိုယ့်အတွက် ၀မ်းသာရမယ့်အထဲ
ဝမ်းနည်း စိတ်မကောင်းစရာ တစ်ခုခံနေတယ်။ ကိုယ်နဲ့ အတူ နှစ်ပေါင်းအ တော်ကြာအောင် အတူစားအိုးတွဲခဲ့တဲ့
ကိုအေးအောင်တစ်ယောက် မပါဘဲကျန်နေခဲ့တဲ့ ကိစ္စပါ။ လှည်းတန်းလမ်းဆုံမှာ သပိတ်မှောက်ခဲ့တဲ့
ပြစ်မှုနဲ့ တခြားအမှုတွေနဲ့ပေါင်းပြီး ၅၉ နှစ်ချထားတာပါ။ ဒါပေမဲ့ သူ့ထောင်သက်က နေသား
၁၄ နှစ်ထဲကို ရောက်နေပြီလေ။ ဘယ်လိုဘဲတွက် တွက် နိုင်ငံရေး ကျောင်းသားတွေထဲမှာ ကိုအေးအောင်ဟာ
လွှတ်ဖို့ဆိုရင် ထိပ်တန်းဦးစားပေးပါ။ အခုတော့ သူက ကျန် နေခဲ့တော့ ဘယ်လိုမှ စိတ်မကောင်းနိုင်အောင်ပါဘဲ။ အခုတော့ လွှတ်လူ သုံးဆယ်ကျော် ထဲမှာ ၅ ည လို့ခေါ်တဲ့
နိုင်ငံရေးသမားက တစ်ဆယ်ယောက် ကျန်တာ က ထောက်လှမ်းရေး၊ အကောက်ခွန်၊ လ-၀-က လို့ခေါ်တဲ့
လူဝင်မှုကြီးကြပ်ရေး၊ နဲ့ ရဲတပ်ဖွဲ့ ကလူတွေပါ လွှတ်လူတွေဖြစ်လာတယ်။ အဲဒီထဲက မှ လွှတ်လူရောဂါ
ခံစားရတဲ့လူတွေလည်း ပါတာပေါ့လေ။
ထောင်က ထမင်းကျွေးပြီး ထောင်လွှတ်လက်မှတ်ထုတ်ပေးတယ်။ ပြီးတော့ ကားနဲ့
ကလေးမြို့ လေဆိပ်ကို လိုက်ပို့ပေးတယ်။ ထောင်ကအထွက် ကားလမ်းကို ရောက်တော့ မမျှော်လင့်ဘဲ
ဆိုင်ကယ် အုပ်တစ်အုပ်ကို တွေ့ရတယ်။ ကိုယ်တို့ကားကို တွေ့တာနဲ့ ချက်ချင်းနောက်ကနေ လိုက်လာကြတယ်။
ကားနားကပ်လာပြီး သူတို့သိတဲ့နာမည်တွေကို ၀ိုင်းမေးကြတယ်။ ကားနောက်ကနေ ကပ်လိုက်လာကြပြီး
ဆိုင်ကယ်ဟွန်းတွေကို အဆက်မပြတ်ဝိုင်းတီးလာကြတယ်။ သူတို့ ဆိုင်ကယ်တွေမှာ လည်း အနီရောင်
အောက်ခံ ခွပ်ဒေါင်းအ၀ါ တံဆိပ်တွေကပ်ထားကြတယ်။ အဲဒီဆိုင်ကယ်တွေကြားထဲမှာ ကိုယ့်ကို ငါးနှစ်လောက်
ပါဆယ်စားစရာတွေ လာပို့ပေးခဲ့တဲ့ မူကြိုဆရာမ "ကျိန်စခုမ်း" ကိုလည်း ဆိုင်ကယ်တစ်စီးရဲ့
နောက်မှာ လက်လှမ်းပြပြီး ပါလာတာတွေ့ရတယ်။
ရှင်လောင်း လှည့်သလိုပါဘဲ။ လူတွေ တသီကြီးနဲ့ လာလိုက်ကြတာ ကလေးမြို့လေဆိပ်ရှေ့က
လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်လိုက်ကြတော့ လူအုပ်ကြီးက ၀ိုင်းအုံလာတယ်။ နာမည်တွေ မေးပြီး
မိတ်ဆက်ကြ လက်ဖက်ရည်ဆိုင်ထဲကို အတင်းခေါ်ထိုင်ပြီး လက်ဖက်ရည်သောက်ကြ ဓါတ်ပုံတွဲရိုက် ကြ ဝေဖန်ပြောဆိုနေကြ မေးကြမြန်းကြနဲ့ အတော်ကို ပွဲဆူနေပါတော့တယ်။
ကိုယ်လည်း ကိုယ့်ကို လာကြိုတဲ့ ချင်းပါတီက အဖွဲ့တွေကို ကျေးဇူးတင်စကားအထပ်ထပ်ပြောနေရတော့တာပေါ့။
မှတ်မှတ် ရရ အဲဒီလူအုပ်ထဲကို အတင်းတိုးဝင်လာပြီး လက်ထဲမှာကိုင်ထားတဲ့ ငါးထောင်တန်အုပ်လိုက်ထဲ ကနေ
နိုင်ငံရေးသမားလွှတ်လူ မှန်သမျှကို တစ်ရွက်စီလိုက်ဝေနေသူတစ်ယောက်ကိုလည်း တွေ့ရတယ်။
မယူပါဘူး ဆိုလို့လည်းငြင်းဆန်လို့ မရပါဘူး။ အတင်းကို ထိုးထည့်ပေးနေတာပါဘဲ။ ပါးစပ်ကလည်း
ဝမ်း သာလို့ပေးတာပါ။ ယူပါဗျာ ဘယ်အဖွဲ့အစည်းကမှ
မဟုတ်ပါဘူး စီးပွါးရေးသမားသက်သက်ပါ ဆိုလို့ လက်ခံလိုက်ရပါတယ်။
အဲသလို လုံးထွေးဆူညံ နေလိုက်ကြတာ လေဆိပ်အဆောက်အဦထဲကို ၀င်လာတဲ့အထိပါ ဘဲ။
လေယာဉ်အလာကို စောင့်နေရင်း ကိုယ်တွေးကြည့်မိတယ်။ ကိုယ်ထင်ထားတာတွေနဲ့ ဘာတစ်ခုမှ မတူဘူးဖြစ်နေတယ်။
အားလုံးသိကြတဲ့အတိုင်းပါဘဲ။ ထောင်ထွက်ဆိုရင် ဘယ်သူဘဲဖြစ်ဖြစ် လန့်ကြ တာပါဘဲ။ ဝေးဝေးရှောင်သွားကြတာပါဘဲ။
ထောင်ထွက်တွေကလည်း လူတွေကို ခြိမ်းခြောက်ချင်ရင် "ငါထောင်ထွက်ကွ" လို့ ပြောလိုက်ရင်ဘဲ
လူတွေနောက်ဆုတ်သွားတတ်ကြတာ ထုံးစံလိုဖြစ်နေပါ ပြီ။ ပြောချင်တာတစ်ခုလည်းရှိပါသေးတယ်။
ကိုယ်တို့ နိုင်ငံရေးပါတီထဲဝင်ပြီး လုပ်ကြကိုင်ကြတယ် ဆိုတာကို သိတာနဲ့ မိတ်ဆွေသူငယ်ချင်းတွေက
ဝေးဝေးက ရှောင်ကုန်ကြတော့တာပါဘဲ။ တစ်ချို့ဆို လမ်းတွေ့ ရင်တောင် စကားဟဟ မပြောချင်ကြတော့ဘူး။ ကန်ဘဲ့လမ်းဘေးမှာ ကိုယ်ကားစက်ပျက်လို့ ရပ်ထားတုန်း
ကားလမ်းဘေး ပလက်ဖေါင်းပေါ်မှာ ထီးဖွင့်ပြီးမျက်နှာကိုကွယ်ပြီး လျှောက်လာနေ တဲ့အမျိုးသမီးတစ်
ယောက်ကို တွေ့ရလို့ အတော်ထူးဆန်းတာနဲ့ မျက်နှာကို အတင်းလိုက်ကြည့်တော့ အဲဒီနားက ရုံးမှာအလုပ်
လုပ်တဲ့ အရာရှိသူငယ်ချင်းမ တစ်ယောက်ဖြစ်နေတာတွေ့ရတော့ အတော်ကြီးကို စိတ်ထိခိုက်ခဲ့ရဖူးတယ်။ တစ်ချို့ဆို
ကိုယ့်အမျိုးသမီးက ၀န်ထမ်းမို့ အလုပ်မထိခိုက်အောင် လင်မယားခြင်း ကွာရှင်းစာ အတု လုပ်ထားဖို့တောင်
တိုက်တွန်းကြပါတယ်။ အင်မတန်ခင်မင်တဲ့ မိတ်ဆွေတစ်ယောက်ဆို သူ့သမီး မင်္ဂလာဆောင်ကို ဖိတ်တာ
ကိုယ့်ဇနီးနာမည် တစ်လုံးထဲကို ရေးပြီးဖိတ်လို့ ကိုယ်က အလိုက်သိသိ မသွားဘဲနေလိုက်ရတာ
ရှိခဲ့တယ်။ ဆွမ်းကျွေးဆို ဘယ်သူမှ မဖိတ်တော့သလို ကိုယ့်ဆွမ်းကပ်တဲ့ဆီ ကိုလည်း ဖိတ်ရင်တောင်မှ
မလာကြတာများပါတယ်။
ဒီလိုနည်းနဲ့ တောင့်ခံလာလိုက်တာ နှစ်နှစ်ဆယ်ကျော်ခဲ့ပေါ့။ တစ်ကိုယ်ထဲ
သီးသန့် နေတတ် ထိုင်တတ်ခဲ့ပါပြီ။ ကိုယ့်အသိုင်းအ၀ိုင်းကလေးထဲမှာဘဲ ကိုယ်ကျင်လည်ခဲ့တာ
ကြာခဲ့ပေါ့။ အလေ့အကျင့် ရခဲ့ပြီပေါ့။ တစ်ချို့ဆို လူချင်းမသိတော့သလို ဖြစ်သွားခဲ့ကြပါပြီ။
နိုင်ငံရေးသမားတွေ အထီး ကျန် ဖြစ်အောင် လုပ်ဆောင်ချက်အချို့ဟာ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။
အဲဒီလို အပယ်ခံ နိုင်ငံရေးသမား ဘ၀ကနေ ထပ်ပြီး ထောင်ထွက်တစ်ယောက်အဖြစ်
ထပ်ပြီး ပေါင်းထည့် လိုက်တော့ ဘယ်သူကမှ ဆေးဖေါ်ကြောဖက် မလုပ်တော့ဘူးလို့ ထင်ထားခဲ့တာ ပါ။
နေကျင့်ထိုင်ကျင့်လည်း ကြာခဲ့ပြီဆိုတော့ ဒီလိုတွေးတာ မှားတယ်လို့ မဆိုနိုင်ပါဘူး။ အလေ့အကျင့်က ရပြီးသားဆိုတော့ ၀မ်းနည်းတာမျိုးတော့
မရှိပါဘူး။ တွေးထင်ထားတာနဲ့ လုံးဝမတူတာမို့
စဉ်းစားစရာ အဖြစ် စဉ်းစားကြည့်ရတာပါ။ ကိုယ့်အတွေးတွေကဘဲ ခေတ်နဲ့ မျက်ခြေပြတ်နေလို့လား။
ခေတ်တွေကဘဲ ထင်သလိုမဟုတ်ဘဲ ပြောင်းလဲနေလို့လား။ လူထုတွေကဘဲ အတွေးအခေါ်ဟောင်းတွေကို စွန့် လွှတ်
နိုင်ခဲ့လို့လား။ အစိုးရကဘဲ လူထုကို လွတ်လပ်ခွင့်ပေးလိုက်လို့လား။ လားပေါင်းများ စွာ
ခေါင်းထဲကို ၀င်လာခဲ့ပါတယ်။ အထက်မှာဆိုခဲ့သလို
နိုင်ငံရေးသမားတွေနဲ့ အဆက်အဆံမရှိအောင် နည်းမျိုးစုံနဲ့ ဟန့်တားထားတဲ့ကြားက မကြောက်မရွံ့
မိတ်ဝတ်မပျက် ဆက်သွယ်ဆက်ဆံခဲ့တဲ့ မိတ်ဆွေတွေလည်း မနည်းမနှော ရှိခဲ့တာပါဘဲ ဆိုပြီး စိတ်ဖြေလိုက်ပါတယ်။
ရန်ကုန်လေဆိပ်ကိုရောက်တော့ လူရွှင်တော် ဇာဂနာ နဲ့အဖွဲ့က လာကြိုနေကြတယ်။
ကိုယ့်ဇနီး နဲ့ တူမတွေ ၀င်လာပြီး ပန်းစည်းတွေပေးတော့ သူတို့ကို ကိုယ်မေ့သွားတယ်။ ဇနီးရော
တူမတွေရော ဖက်ပြီး အပြင်ကိုဇွတ်ထွက်ခဲ့တယ်။ "လွှတ်" ဆိုတဲ့ စာတမ်းရေးထိုးထားတဲ့
တီရှပ်ဝတ်လူအုပ်ကြီးကိုတွေ့တော့ ကိုယ်အံ့သြသွားတယ်။ တစ်ဆက်ထဲဘဲ ကင်မရာပေါင်းမြောက်မြားစွာနဲ့
မျက်နှာချင်းဆိုင်ရတယ်။ လက်ခုပ်တီးအားပေးနေတဲ့လူအုပ်ကြီးကို ကြည့်ပြီး ကိုယ်တုန်လှုပ်မိတယ်။
ဘာတွေဖြစ်နေတာလဲ လို့ ကိုယ့်ကိုယ်ကို မေးနေမိတယ်။ ကင်မရာတွေကလည်း ဘယ်လိုမှ ရှောင်ထွက်သွားလို့မရအောင်
နေရာ တိုင်းမှာ ရှိနေတယ်။ ရိုက်နေကြတယ်။ ထောင်ထွက်+နိုင်ငံရေးသမား = ၀ိုင်းပယ်ထားခြင်း
ဆိုတဲ့ သီအိုရီ လည်း ဘယ်ဆီကို ရောက်သွားမှန်း မသိတော့ပါဘူး။ ၀င်းဦးရဲ့ "ကိုယ်ပြန်လာပြီ
ကိုယ်မွေးသောဌာနီဆီ " ဆိုတဲ့ အိမ်အပြန်သီချင်းကို
လေချွန်ပြီး အိမ်ကိုဝင်ဖို့ ကိုယ့်စိတ်ကူးတွေလည်း ဘယ်လိုမှ အစရှာလို့မရတော့ ပါဘူး။
အားလုံးဟာ ပြောင်းပြန်တွေ ဖြစ်နေကြပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ဘာကောင်ဖြစ်သွားမှန်း
မသိတော့ပါဘူး။
လူအုပ်ကြီးနဲ့ ကင်မရာသမားတွေထဲက အတင်းတိုးထွက်ရတယ်။ အိမ်ကနေ လာကြိုနေတဲ့
လုပ်ဖေါ်ကိုင်ဖက်တွေ လူငယ်တွေက ကားပေါ်ကစောင့်နေကြတယ်။ လေဆိပ်လမ်းက ထွက် လာတော့ တောင်ငူထောင်ကနေ
လွှတ်လာတဲ့ ဥက္ကဌ ခွန်ထွန်းဦး တောင်ငူကနေ ကားနဲ့ထွက်လာခဲ့တာ
ကိုယ်ရောက်လာမှန်းသိလို့ ကိုယ့်ကိုကြိုဖို့ လေဆိပ်ထဲကို ၀င်သွားပြီ ဆိုတဲ့ ဖုန်းသတင်းဝင်လာတယ်။
ကိုယ်တို့အပြင်ကိုရောက်နေတဲ့အကြောင်း ဖုန်းသတင်းပြန်ပို့ကြတယ်။ Ocean ကုန်တိုက်ဘေးမှာ
ရပ်စောင့် နေတဲ့အကြောင်း သတင်းပို့ ကြတယ်။ လူတိုင်းလူတိုင်းမှာ mobile ဖုန်းကိုယ်စီ
ရှိနေကြတော့ ဆက်သွယ် ရေးတွေက ထင်ထားတာထက် အများကြီးလွယ်နေတာတွေ့ရတယ်။ ကိုယ့်သားကို
ကိုယ်က အချိန်ဆိုတာ ငွေနဲ့ဝယ်လို့မရဘူးကွလို့ ဆိုဆုံးမခဲ့တာ အခုဆိုရင် မှားသွားပါပြီ။
ငွေရှိလို့ ဖုန်းဝယ်နိုင်ရင် အချိန်တွေကို ချုံ့ပစ်လိုက်နိုင်တာ ဒီနေ့တွေ့နေရပြီလေ။
Ocean ကုန်တိုက်အလွန်မှာ ခွန်ထွန်းဦးနဲ့ကိုယ် ပြန်တွေ့ကြတယ်။ ပြည်လမ်းမကြီးပေါ်မှာဘဲ
ပြန်တွေ့ကြတာပါ။ ဒီပြည်လမ်းမကြီးပေါ်မှာ ဘဲ တစ်နေ့ထဲ တစ်ချိန်ထဲ တစ်နေရာထဲကနေ အတူ အဖမ်းခံခဲ့ကြရတာပါ။ အခုတော့ နောက် ခုနစ်နှစ် နီးပါးအကြာမှ ဒီပြည်လမ်း
အပေါ်မှာဘဲ ပြန်ဆုံခဲ့ကြပါပြီ။
ခွန်ထွန်းဦးနဲ့
ကိုယ်နဲ့က ဟိုဘက်ဒီဘက် အိမ်ချင်းကပ်လျက်ပါ။ တစ်အိမ်ကိုရောက်တာ နဲ့ နောက်တစ်အိမ်ကို ရောက်ပြီးသားပါဘဲ။ အဲဒီအိမ်တွေကနေ ခွန်ထွန်းဦးနဲ့ကိုယ့်ကို တစ်ချိန်ထဲမှာဘဲ
(၉-၂-၂၀၀၅) နေ့ညနေမှာ ဖမ်းတာကိုအတူ ခံရတာပါ။
ကြည့်စမ်းပါအုန်း ကံကြမ္မာများဆန်းပုံက
။ စစ်ကိုင်းတိုင်း ကလေးမြို့ထောင်ကနေ လွှတ်တဲ့ကိုယ်နဲ့ တောင်ငူထောင်ကနေ လွှတ်တဲ့ ခွန်ထွန်းဦးတို့ဟာ
အဖမ်းခံရတုန်းကလိုဘဲ (၁၃-၁-၂၀၁၂) နေ့ တစ်ရက်ထဲမှာ အဖမ်းခံရတဲ့ အချိန်လောက်ဘဲဖြစ်တဲ့
ညနေလေးနာရီခွဲလောက်မှာ နှစ်ယောက်စလုံးအတူတူ တပြိုင်နက် ပြန်ရောက်လာခဲ့ကြတယ်။ လုပ်ယူ ရင်
တောင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဖြစ်ရပ်ပါ။ အခုတော့ အမှန်တကယ်ဖြစ်ခဲ့ပါပြီ။
ခွန်ထွန်းဦးကားက သူ့အိမ်ကိုဝင်တော့ ကိုယ်ပါတဲ့ကားက သူ့နောက်မှာပါ။
ဟောဗျာ သူ့အိမ်အ၀င် ၀င်းတံခါးထိပ်မှာ ရှမ်းအမျိုးသားဝတ်စုံတွေနဲ့ လူအုပ်ကြီးက ဆိုင်းဘုတ်တွေထောင်ပြီး
စောင့်နေကြလေရဲ့။ အိုး စည် ဗုံမောင်းတွေကို
ဆူဆူညံညံတီးလို့ ကတဲ့သူက ကလို့။ တစ်ပျော်တစ်ပါးကြီးစောင့်ကြိုနေတဲ့ လူအုပ်ကြီး ကို
ကြည့်ပြီး ကိုယ်အံ့သြသွားတယ်။ လူအုပ်ကြီးက ပန်းတွေကြဲပြီးကြိုကြတယ်။ လေဆိပ်မှာ တူမတွေကကိုယ့်ကိုပေးခဲ့တဲ့ ပန်းစည်းကို ပြန်မြောက်ပြမိတယ်။ အားလုံးက ၀မ်းသာအားရဖြစ်နေ ကြတယ်။
ကိုယ့်ကား ၀င်းထဲကိုဝင်တော့ ၀ိုင်းပြီးနှုတ်ဆက်ကြ အော်ကြ ကကြ အိုးစည်ဝိုင်းထဲဝင်လိုက်ကြနဲ့
ဓါတ်ပုံရိုက်ကြနဲ့ ညံနေတော့တာပေါ့။ အဲဒီ လူအုပ်ထဲမှာ ကိုယ်နဲ့ တစ်မြေထဲတစ်ရပ်ထဲနေပြီး
လူပုဂ္ဂိုလ်အရ မကြိုက်လို့ရော၊ တစ်ခြားအကြောင်းကြောင်းတွေကြောင့်ရော တစ်ယောက်နဲ့တစ်ယောက်
စကားမပြော မနှုတ်ဆက်ဘဲ နှစ်ပေါင်းများစွာ နေလာခဲ့ကြတဲ့ ယောင်္ကျားတွေ မိန်းမတွေ အများကြီးကိုတွေ့ရတော့
ကိုယ်အကြီးအကျယ်အံ့သြ သွားရတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီဘ၀မှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ
ပြန်ပြီးစကားပြောကြဖို့ မရှိတော့ဘူးလို့ ထင်မြင်ထားခဲ့တဲ့ လူတွေက ကိုယ့်ကိုဝမ်းပန်းတသာ
အားရပါးရ လာကြိုနေကြတာတွေ့ ရတော့ ၀မ်းမြောက်ရုံတင်မက အံ့အားအကြီးအကျယ်သင့်ရပါတယ်။ ရှမ်း ပြည်နယ်ကနေ ရန်ကုန်ကိုရောက်နေကြတဲ့ ဧည့်သည်မိတ်ဆွေတွေလည်း
အတော်များများ ကို တွေ့ရတယ်။ နယ်ဖုန်းတွေလည်း တစ်ခုပြီးတစ်ခု အဆက်မပြတ်ဝင်လာနေတယ်။ အားလုံးဟာ
ရှုပ်ယှက်ခတ်နေတော့တာ ပါဘဲ။ ဘာပြောမိမှန်းလည်း မသိတော့ပါဘူး။ ပြန်စဉ်းစားလို့လည်း အတွေးက
မပေါ်တော့ပါဘူး။
လူတွေက ကိုယ်တို့ကို ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲ ကြိုနေကြတာ ကိုယ့်အထင်
ဒါမျိုးအရင်က ဘယ်တုန်းကမှလည်း ရှိခဲ့ပုံမပေါ်ပါဘူး။ ဒါဘာကြောင့် ဖြစ်လာတာလဲ။ ဒေါ်အောင်ဆန်းစုကြည်
လွှတ်ခဲ့ တုန်းက ဂျာနယ်တွေမှာ ကိုယ်ဖတ်ရသလောက်ဆို လူအုပ်ကြီးက အများကြီးဘဲ။ ဒါတော့ မှန်ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်က နာမည်ကျော် ကမ္ဘာကျော်လေ။ လူချစ်လူခင်အလွန်များသူလေ။ ကိုယ် တို့နဲ့
သွားယှဉ်ပြီး တွက်လို့ ဘယ်မှာရနိုင်မလဲ။ ဒီလိုပြောလို့ ကိုယ်တို့ကို လာကြိုသူတွေကို အပြစ် တင်
တယ်လို့တော့ မယူစေလိုပါဘူး။ အလွန်ကို ကျေးဇူးတင်ရပါတယ်။ နှစ်ပေါင်းအတော်ကြာ စုဆောင်း သိမ်းဆည်းခဲ့
ခွန်အားတွေကို ပြန်ပြီး ဖွင့်ထုတ်နိုင်အောင် အားတက်ခဲ့ရပါတယ်။ လာကြိုသူတွေထဲ က တွေ့ရတဲ့
ပြောရတဲ့ သူ အများစုရဲ့ တူညီတဲ့ မေးခွန်းတစ်ခုကတော့ နိုင်ငံရေးက မနားဘူးမဟုတ် လား။ နိုင်ငံရေးဆက်လုပ်မှာ
မဟုတ်လား ဆိုတာပါဘဲ။ ဒီတော့ ကိုယ်ဘာဖြေရမလဲ။ လိမ်ပြီး လည်း ဖြေလို့မဖြစ်ချေဘူး။ အမှန်အတိုင်းဘဲ
ဖြေရတော့တာပေါ့။
"" ဟာဗျာ ..... အရင်ကထက်တောင်မှ ပိုပြီးလုပ်ဖြစ်မှာပါဗျာ "" လို့။
အရင်တုန်းကတော့ လူတွေက နိုင်ငံရေးဆိုတာကို မပြောကောင်းတဲ့ မလုပ်ကောင်းတဲ့ အရာတစ်ခုလို့ ယူဆခဲ့ကြတာကိုး။ အဲ့ဒီလို ယူဆရလောက်အောင်လည်း နိုင်ငံရေးသမားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေက နည်းမှမနည်းဘဲ။ နောက်ယောင်ခံလိုက်တာတွေ ရှိမယ်။ နောက် ထစ်ခနဲဆို ဆွဲစစ်မယ်။
ReplyDeleteကျောင်းသွားတက်မယ့် သားသမီးတွေကို မိဘတွေက နိုင်ငံရေး လုံးဝမလုပ်နဲ့နော် လို့တောင် မှာယူကြရတဲ့အထိ အခြေအနေဆိုးခဲ့တာ မဟုတ်လား။
အခုတော့ ပြောင်းလဲလာနေပါပြီ။ ပီ လဲ ဒီထက် စာတွေပိုရေးနိုင်ပါ ခင်ဗျာ။
very nice post really appreciate your work go on we support you!
ReplyDeleteThanks for your inspirational courage and thoughts and your firm standpoint working for the rights of our people kha.
ReplyDeleteစောင့်ဖတ်နေပါ့မယ်
ReplyDeleteနိင်ငံရေး သုံးသပ်ချက် လေး တွေ လည်း ဖတ်ချင်ပါတယ်။