Sunday 27 May 2012

ထောင်ထဲက အနိစ္စ ဒုက္ခ အနတ္တ


ကျွန်တော်ထောင်ထဲရောက်သွားတော့ တွေ့ခဲ့ကြုံခဲ့ရတာတွေထဲက အိမ်ကို စာပြန်ရေးတဲ့ အထဲမှာ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်  ထက်ကို ထောင်ထဲမှာ ကြုံရတဲ့ အတွေ့အကြုံတွေက တရားသဘော တွေးတောတတ်ခဲ့ရင် ထောင်ထဲတစ်ခေါက် ကျောင်းဆယ်ခေါက်  လို့ တောင် ပြောလို့ရတဲ့အကြောင်းလေး ရှင်းပြောပြောပြီး ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုတာကိုတော့ သူတို့ကို မပြောပြရသေးပါဘူး။ အဲဒီ တုန်းကလည်း ထောင်ဝန်ထမ်းတွေက ခွင့်မပြုမှာ စိုးတာနဲ့ ထည့်မရေးခဲ့ရဘူး။ အခုတော့ အခြေအနေပေးလို့ ကျွန်တော့အတွေ့အကြုံနဲ့ သဘောထား အမြင်တွေကို ဝေမျှလိုက်ပါတယ်။

ကျွန်တော် အင်းစိန်ထောင်မှာ ကိုးလကျော်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ခြောက်နှစ်ကျော်နေခဲ့ရတဲ့ အထဲက ကြားသိကြုံတွေ့ရတာတွေ သင်္ခန်းစာသဘောရယူနိုင် ကောင်းစေ ဆိုတဲ့ စေတနာနဲ့ မျှဝေရခြင်း ဖြစ်ကြောင်း စကားဦးသန်းထားပါရစေ။ ဆရာကြီး လူထုဦးလှ ရေးခဲ့တဲ့ ထောင်တွင်းအတွေ့အကြုံမျိုးလို အသေးစိတ်ခြယ်မှုန်းရေးချင်ပေမဲ့ ကျွန်တော်က အဲဒီလောက် မစွမ်းတော့ မရေးနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တင်ပြချင်တဲ့ ထင်မြင်ချက် အယူအဆတွေ လောက် ကိုတော့ ခြုံငုံမိအောင် တင်ပြနိုင်ကောင်းပါရဲ့ ဆိုပြီး ကြိုးစားတင်ပြရတာပါ။

 ထောင်ထဲမှာ ခပ်ကြာကြာနေဖူးသူတွေ အတော်သိကြတဲ့ အဖြစ်အပျက်တွေထဲက မှတ်သား စရာကောင်းတဲ့အဖြစ်တစ်ခုက တစ်ချိန်က ပြည်ထဲရေးဝန်ကြီးတာဝန်ယူခဲ့ဖူးတဲ့ လူတစ်ယောက်ဟာ သူ အိန္ဒိယနိုင်ငံကိုရောက်တော့ အကျဉ်းထောင်တွေကို လေ့လာရာမှာ ထောင်ပြင်ထုတ်တဲ့ အကျဉ်းသားတွေ ထွက်မပြေးနိုင်အောင် သံခြေချင်း ( IRON FETTER ) ခတ်တဲ့ အလေ့ကိုမြင်ခဲ့ပြီး သူမြန်မာပြည်ကို ပြန်ရောက်တော့ မြန်မာအကျဉ်းသားတွေကို အပြစ်ဒဏ်ပေးတဲ့အခါ ထောင်ပြင်ထုတ် တဲ့အခါတွေမှာ သံခြေချင်း ခတ်တဲ့စနစ်ကို စပြီးကျင့်သုံးခဲ့ပါသတဲ့။ အရပ်စကားနဲ့ ပြောရရင် သံခြေချင်းခတ်တဲ့ ဓလေ့ကို သူက မြန်မာပြည်ကို တင်သွင်းခဲ့တယ်ပေါ့ဗျာ။ ဒါပေမဲ့ နိုင်ငံရေး သမားတို့ရဲ့ ထုံးစံအတိုင်း တစ်နေ့သားမှာတော့ သူကိုယ်တိုင် ထောင်နန်းစံရတဲ့ ဘ၀ကို ရောက်ခဲ့ရပါလေရော။ အဲဒီအခါမှာ ထောင် ပြောင်းတာလား နောက်အမှုရုံးထုတ်တာလား မသိပါဘူး။ ထောင်အပြင်ကို ထွက်ရဖို့ဖြစ်လာတယ်။ သူကိုယ်တိုင်သတ်မှတ်ထားတဲ့ ဥပဒေကရှိနေတော့ သူ့ကို သံခြေချင်းခတ်ရတဲ့ အဖြစ်ကို ရောက်လာတယ်။ အဲဒီအခါမှာ အဲဒီပုဂ္ဂိုလ်ကြီးက သံနဲ့ သူ့အသား ဓါတ်မတည့်လို့ပါ မခတ်လို့ မရဘူးလားဆိုပြီး "ဈေးဆစ်" ပါသတဲ့။ နိုင်ငံတော်အမှုဖြစ်နေတော့ ဘယ်သူကမှလည်း မခတ်ဘဲ မနေရဲတဲ့အခြေအနေပါ။ စတီးလ်နဲ့ လုပ်ထားတဲ့ "သီးသန့်" သံခြေချင်းကော မရှိဘူးလားလို့ မေးပြန်သတဲ့။ VIP အတွက် သံခြေချင်းဆိုတာ ဘယ်မှာ ရှိနိုင်ပါ့မလဲလေ။ ဘယ်သူကများ ကြိုတင်ပြီးလုပ်ထားမလဲ။ စဉ်းစားကြည့်ကြပေါ့။ ဘယ်လိုမှ ဈေးဆစ်လို့မရတော့ အဲဒီပုဂ္ဂိုလ်ကြီးဟာ မျက်ရည်တွေတွေကျ နေခဲ့ပါသတဲ့။ တစ်ချို့ကတော့ ဒီဇတ်လမ်းကို ပြောပြရင်း ၀ဋ်ကျွေးဆိုတာ တစ်ခါတစ်လေ အလွန်ကိုမြန်ဆန်တယ်လို့ ဝေဖန်ကြတာရှိပါတယ်။ အထူးသဖြင့် ထောင်မှာ ၀ဋ်ဆို တာ အတော်ကိုထင်ရှားတယ်။ ကျွန်တော်တို့ မျက်စိအောက်မှာတင် တစ်ချိန်က အလွန်ကို တန်ခိုး ထွားခဲ့တဲ့ပုဂ္ဂိုလ်တွေ၊ ထောင်ဝန်ထမ်းတွေအပေါ် အလွန်ကို သြဇာအာဏာကြီးခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ အကြာမတင်မှာဘဲ သူတို့ သြဇာအာဏာကြီးခဲ့တဲ့ အဲဒီထောင်ထဲကို အကျဉ်းသားအဖြစ်နဲ့ ပြန်ရောက် လာကြတာ အင်မတန်မှကို သံဝေဂ ရစရာပါဘဲ။ အဲဒီအခါမျိုးမှာ လက်စားချေချင်တဲ့ လူဆိုးတွေရန်ကနေ လွတ်ကင်းအောင် ကာကွယ်ပေးကြရတယ်။ တစ်ခါတစ်လေလည်း မကာကွယ်နိုင်တော့ ပိုပြီးသံဝေဂ ရစရာတွေ ဖြစ်ကုန်ရတာပေါ့။ တစ်ချို့ကြတော့ သူတို့တာဝန်ရှိစဉ်က ဆောက်ခိုင်းခဲ့တဲ့ အကျဉ်းခန်းတွေမှာ သူတို့ကိုယ်တိုင် ပြန်လာအကျဉ်းကျခံရတာတွေလည်း ရှိခဲ့တယ်။ စဉ်းစားကြည့် တော့ တကယ့်ကို အနတ္တ  အစိုးမရ ခြင်းပါဘဲ။

ညအခါသန်းခေါင်စာရင်းစစ်တဲ့ အလေ့အထကို တရုတ်ပြည်က အာဏာရှိလူကြီးတစ်ယောက် က တီထွင်ခဲ့တာလို့ ဖတ်ဖူးခဲ့တယ်။ နောက်ဆုံးတစ်နေ့မှာတော့ အဲဒီအရာရှိကြီးဟာ ရာထူးကပြုတ်ပြီး တော်လှန်ပုန်ကန်သူဘ၀ကို ရောက်ခဲ့ပါသတဲ့။ အဲဒီဘ၀မှာ ပုန်းရင်းခိုရင်းနဲ့ နောက်ဆုံးသူကိုယ်တိုင် တီထွင်ထားတဲ့ ညသန်းခေါင်ယံ အိမ်တွေကို ဧည့်စာရင်းဝင်စစ်တဲ့ စနစ်နဲ့ တိုးပြီး သူကိုယ်တိုင်အဖမ်း ခံသွားရပါသတဲ့။ ဒါတွေဟာ တကယ့်အဖြစ်အပျက်တွေပါ။  ကိုယ်နိုင်တုန်းဆော်ထားမှ ဆိုတဲ့လူမျိုး ဟာ ကိုယ်မနိုင်တဲ့အခါ ပြုံးပြုံးလေးခံနိုင်ဖို့ ကြိုတင်ပြီး ပြင်ဆင်ထားသင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့တတွေ ပြောပြောနေကြတာ ရှိပါတယ်။ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာဘဲ ရှိတယ် ဆိုတာပေါ့။ ဟုတ်ပါတယ်။ ဘယ်အချိန် ဘယ်နေရာမဆို ဘာကိစ္စမဆို ဖြစ်လာနိုင်တာပါဘဲ။ ဘာကြောင့်မှန်းတော့ မသိပါဘူးဗျာ၊ ကျွန်တော်ထောင်ထဲမှာ နေခဲ့သရွေ့မှာ သေဒဏ်သမားတွေနဲ့ အတူနေရတာ များပါတယ်။ အင်းစိန်မှာ နိုင်ငံခြားသား သေဒဏ်ကျတွေနဲ့ နေခဲ့ရသလို ကျွန်တော် ကလေးအကျဉ်းထောင်ကို ရောက်ရောက်ချင်း သေဒဏ်ကျကြိုးသမားတွေရဲ့ အလယ်တည့်တည့် အခန်းကို ပို့ထားတာ ခံရပါတယ်။  ကျွန်တော်နဲ့အခန်းနီး အတူနေခဲ့တဲ့ သေဒဏ်ကျ ကြိုးသမား တွေထဲက " ဖြိုးစည်သူ " ဆိုတဲ့ စစ်သားလေးလည်း တစ်ယောက်အပါအ၀င်ပါ။ သူက ရန်ကုန်ကနေ အိမ်ကထွက် လာခဲ့ပြီး စစ်ထဲကိုဝင်ခဲ့တယ်။ နောက်တော့ ရှေ့တန်းကို ရောက်တယ်။ ရှေ့တန်းမှာ သူတို့ရဲဘော်တစ်စုနဲ့ အခြားရဲဘော်တွေ အရာရှိတွေနဲ့ စကားများကြပြီး ပစ်ကြခတ်ကြတယ်။ တစ်ဖက်ကသေတော့ သူထောင်ထဲရောက်လာတယ်။ သေဒဏ်ချမှတ်ခံရတယ်။ သူမိဘတွေနဲ့လည်း အဆက်အသွယ်လုံးဝ မရှိဘူး။ သူငယ်ငယ်က အိမ်မှာသံရည်ကြိုလုပ်ခဲ့တဲ့အတွက် သူမျက်လုံးတွေက အလင်းရောင်ဒဏ် မခံနိုင်ဘူး။ ကိုယ့်မှာရှိတာလေးတွေ ဝေမျှကျွေးမွေးခဲ့ရတယ်။ ကျွန်တော့်အဖို့ စိတ်မကောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။ ဒီလို သေဒဏ်ကျ သမားတွေက တစ်ဆယ်ယောက် တစ်ဆယ့်နှစ်ယောက် လောက်ရှိတယ်။ သူတို့ကို သေမင်းက စောင့်နေတယ်။ ကလေးမြို့ထောင်က (က)အဆင့် ထောင်ဖြစ်လို့ ကြိုးစင်ကြီးက ထီးထီးမားမားကြီးမြင်နေရတယ်။ ဒါပေမဲ့ အဲဒီကြိုးစင်မှာ ဘယ်သူ့ကိုမှ ကြိုးပေးခဲ့ရတာမျိုး မရှိသေးဘူး။ ထောင်ဆောက်လုပ်ပြီး တစ်ဆယ်နှစ်ကျော်အတွင်းမှာ သေဒဏ်ကျသမားတွေကို ကြိုးဆွဲချဖို့ အထက်ကအမိန့် တစ်ခါမှ မပေးဖူးသေးလို့ပါ။ စဉ်းစား ကြည့်လေဗျာ။ သေဒဏ်ကျလူတွေလည်းရှိနေတယ်။ ကြိုးစင်ကြီးကလည်း ထီးထီးကြီး မြင်နေရတယ်။ အမိန့်စာတစ်စောင် ရောက်လာဖို့ဘဲ လိုတာမဟုတ်လား။ အယူခံဝင်ထားတာတွေလည်း လမ်းဆုံးတဲ့ အထိ ပယ်ချခံထားကြရပြီးပြီ။ ထပ်တင်စရာမရှိတော့ဘူး။ မျှော်လင့်ချက်က အင်မတန်ကို နည်းလွန်း နေပါပြီ။

ဒါပေမဲ့  လူဆိုတာ သေနေ့စေ့မှ သေရတာပါ။ ဖြိုးစည်သူနဲ့ အတူနေပြီး လွတ်ငြိမ်းခွင့်နဲ့ လွတ်သွားတဲ့ ဦးစန်းအောင်ဆိုတဲ့ ရှေ့နေတစ်ဦးက ရန်ကုန်ကို ပြန်ရောက်တော့ ဖြိုးစည်သူကို သနားလို့ သူ့အိမ်ကို လိုက်သွားမေးတယ်။ ဖြိုးစည်သူ အမေကဆင်းရဲတယ်။ ထောင်ကို လိုက်တွေ့ဖို့ မဖြစ်နိုင်ဘူး။ စကားပြောကြရင်း သန်းခေါင်စာရင်းတို့ မှတ်ပုံတင်တို့ကို ကြည့်လိုက်တဲ့အခါ ဖြိုးစည်သူ အိမ်ကနေထွက်သွားတဲ့အချိန် စစ်ထဲဝင်သွားတဲ့အချိန်မှာ သူ့အသက်က ၁၈ နှစ် မပြည့်သေးတာကို ဦးစန်းအောင်တွေ့သွားတယ်။ အချိန်အခါကလည်း ကလေးစစ်သားတွေကို အစိုးရက စစ်တပ်ကနေ ပြန်လွတ်ပေးနေတဲ့အချိန်နဲ့ ကြုံသွားတယ်။ ဦးစန်းအောင် က ILO  ကိုသွားတိုင်ပေးတယ်။ ILO နဲ့ တပ်မတော်က သဘောတူထားကြတာရှိတယ်။ ဒါနဲ့ဘဲ စစ်တပ်က ခုံရုံးဖွဲ့ထားတဲ့ အမှုကို ပြန်စိစစ်လိုက်တယ် ထင်တယ်။ ဖြိုးစည်သူကို သေဒဏ်ကနေ ထောင်ဒဏ်ဆယ်နှစ်ကို ပြောင်းပေး  လိုက်တယ်။ သေဒဏ်သမားတွေထဲမှာ ဖြိုးစည်သူ က ပထမဆုံး ကြိုးဒဏ်ကလွတ် သွားတယ်။ ဒါတင် မကဘူးနော်။ နောက် မကြာမတင်လေးမှာဘဲ သူ့အပြစ်ဒဏ် တစ်ဆယ်နှစ်အတွက် သူ့ထောင်တွင်း နေသားက ခုနစ်နှစ်ကျော်နေပြီ ဆိုတော့ လျှော့ရက်တွေနဲ့ ဖြိုးစည်သူ "လွှတ်လူ" ဖြစ်သွား ပါလေရောဗျာ။ တစ်ထောင်လုံးဝမ်းသာကြတယ်။ အရာရှိတွေအပါအ၀င် ၀ိုင်းပြီး ထောက်ပံ့ လိုက်ကြတယ်။ အိမ်ပြန် ရောက်ပြီး သူ့မိခင်နဲ့တွေ့တဲ့အထိ သူ့မှာ ငွေပိုနေလောက်သေးတယ်။ ရှေ့နေဦးစန်းအောင်ရဲ့ ကြိုးပမ်းပေးမှုက အဓိကကျတယ်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဖြိုးစည်သူရဲ့ ကံကောင်းခြင်း မပါဘဲနဲ့တော့ သူမလွှတ်နိုင်ဘူးဆိုတာ ပြောနိုင်ပါတယ်။ လူဆိုတာ သေနေ့စေ့မှ သေတာပါဗျာ ဆိုတာ တကယ်ကိုမှန်နိုင် ပါတယ်။

ဒါပေမဲ့ အဲဒီစကားကလည်း အသုံးချဖို့ ခက်တယ်ဗျ။ ဘာလို့လည်းဆိုတော့ သေနေ့ဘယ်နေ့ မှာစေ့ မလဲဆိုတာ ဘယ်သူကမှ မသိနိုင်တာကြီးဘဲဗျာ။ ကလေးမြို့အကျဉ်းထောင်မှာဘဲ ပုသိမ် ထောင်မီးရှို့တဲ့အမှုနဲ့ ကလေးမြို့ထောင်ကို ထောင်ပြောင်းခံရတဲ့ ကိုဌေးအောင် ဆိုတာ ကျွန်တော် သိကျွမ်း ခဲ့ဖူးတယ်။ သူက ထောင်ဆူပူမှုလည်းဖြစ် ထောင်မီးရှို့တဲ့အမှုလည်း ဖြစ်နေတော့ သူ့ကို ထောင်က သတိထားပါတယ်။ မျက်နှာသာ မပေးပါဘူး။ သူ့မှတ်တမ်းက မကောင်းဘူးပေါ့။ အဲဒီ ကိုဌေးအောင်က အသက်လေးဆယ်ဝန်ကျင် သန်တုန်းမြန်တုန်းပါ။ အချိန်ရတိုင်း ပိုက်ကျော်ခြင်း ခတ်နေတာပါ။ သူက ဆေးလိပ်လိပ်သောက်ဖို့ ကျွန်တော့်ဆီက သတင်းစာစက္ကူလာတောင်းရင်း သိကျွမ်းသွားကြတာပါ။ သူ့အိမ်နဲ့ သူက အဆက်အသွယ်လည်း မရှိတော့ ထောင်ဝင်စာ မရှိဘူး။ ဆေးလိပ်လိပ် ရောင်းဖို့ လည်းပါတာပေါ့။ အဲဒီအချိန်က ထောင်ထဲမှာ သတင်းစာစက္ကူ ရှစ်မျက်နှာ (လေးရွက်) ကို ကော်ဖီမစ် တစ်ထုပ်ပေးဝယ်ရတာပါ။ သတင်းစာ တစ်စောင်ဆိုရင် ကော်ဖီမစ် နှစ်ထုတ်လောက်ပေးရတာကို ကျွန်တော်က အလကားပေး ပေးနေတော့ သူကလည်းကျွန်တော့်ကို ခင်မင်ပါတယ်။ တစ်ခါတစ်ခါ သူ့လက်နှစ်ဖက်နဲ့ သူ့ဗိုက်ကိုနှိပ် နှိပ်နေတာကို တွေ့လို့မေးကြည့်တော့ သူ့မှာအူကျတဲ့ရောဂါ ရှိနေတဲ့အကြောင်း ပြောပြပါတယ်။ ကျွန်တော်က ပိုက်ကျော်ခြင်းခတ်တာကို အပြင်းအထန်မလုပ်ဖို့ အကြံပြုဖူးပါတယ်။ တစ်နေ့မှာတော့ ခြင်းဝိုင်းဘေးမှာ ထိုင်နေတာတွေ့လို့ မေးကြည့်တော့ သူ့အူက အတော်ကိုကျနေပြီး အကုန်ပြန် 'မ'တင် လို့မရဘူးလို့ပြောပါတယ်။ ကျွန်တော်လည်း အမှတ်တမဲ့ဘဲနေလိုက်ပါတယ်။ နောက်တစ်နေ့ မှာတော့ သူ့ကို ထောင်တွင်း ဆေးရုံကို တင်လိုက်ကြောင်းသိရပါတယ်။ နောက်တစ်နေ့မှာတော့ ထောင်ဆရာဝန်က သူ့ရဲ့အူ ခေါက်နေလို့ ခွဲစိပ်ရမှာမို့ ကလေးမြို့ဆေးရုံကို ပို့ရမယ့်အကြောင်း ထောင်မှူး ထောင်ပိုင်တွေကို တင်ပြလိုက်ပါတယ်။ ဒါပေမဲ့ သူ့ကို ဆေးရုံပို့ဖို့ဆိုရင် ရုံးချုပ်ရဲ့ အတည်ပြုချက်လိုတယ်လို့ သိရပါတယ်။ သူက ထောင်ဆူပူမှု လုပ်ခဲ့သူ ထောင်မီးရှို့ခဲ့သူ ဆိုတော့ အပေါ်ကအမိန့်မပါဘဲ သူ့ကို ဘယ်သူမှထောင်ပြင်ထုတ် ဆေးရုံကို တာဝန်ခံပို့ပေးဖို့ မရဲကြပါဘူး။ အထက်ကိုတော့ အမိန့် တောင်းခံထားတယ် ထင်ပါရဲ့။ ဒါပေမဲ့ ကိုဌေးအောင်ရဲ့ အူကျပြီး ခေါက်နေတာက ဘယ်လောက်ကြာ နေပြီဆိုတာ မသိကြပါဘူး။ အဲလိုနဲ့ နောက်နေ့  ထောင်ဆေးရုံကို ကျွန်တော်သွေးချိန်ဖို့ သွားတော့ ကို ဌေးအောင် ကွယ်လွန်သွားပြီ ဆိုတာ သိလိုက်ရပါတယ်။ မျက်စိရှေ့မှာတင် အကောင်းပကတိကြီး မြင်နေရတာကနေ  ချက်ချင်းကြီး ဗြုန်းဒိုင်းကြီး သေဆုံးသွားတာပါ။ ဘယ်သူမှလည်း ဒီလောက်မြန် လိမ့်မယ်လို့ မထင်ကြပါဘူး။ စစ်ပွဲထဲမှာ ဆိုရင်တော့ ကြိုတွေးနိုင်ကြမှာပေါ့လေ။

ဒီလိုမျိုးဘဲ ကိုစံလှ ဆိုတဲ့ ရွာသားတစ်ယောက်က ဘိန်းမှုနဲ့ ထောင်ထဲရောက်နေတာ ကျွန်တော့်အရင် လို့ထင်ပါတယ်။ သူက အချုပ်ဆောင်တံခါးစောင့်ပါ။ နေ့တိုင်း တွေ့နေမြင်နေတဲ့ မျက်နှာသိတစ်ယောက်ပေါ့။ တစ်ခါတစ်လေလည်း နောက်လိုက်ပြောင်လိုက် စလိုက်ပေါ့။ တစ်နေ့သားမှာ သူ့ခါးကြီးစောင်းငန်းစောင်းငန်းနဲ့ သွားနေတာတွေ့လို့ မေးကြည့်တာ ခါးနာနေလို့ လို့ပြောပါတယ်။ မှတ်မှတ်ရရ ကျွန်တော်က သူ့ကို နောက်ပြောင်တဲ့အနေနဲ့ ခါးနာတာ ရေကူးရင်ပျောက်တယ်ဗျ လို့ပြောတာကို သူ့မှာ အဟုတ်ထင်နေပြီး ဘယ်မှာသွားကူးရမလဲလို့ ပြန်မေးလို့ ရီကြရသေး။ ထောင်ထဲမှာ ဘယ်လိုလုပ် ရေကူးစရာရေကန် ရှိမလဲဗျာ။ နောက်နှစ်ရက်လောက်ထင်တယ် ကိုစံလှ ဆုံးပြီလို့ပြောလို့ အံ့သြသွားတယ်။ တုန်လှုပ်သွားတယ်။ ဘာဖြစ်တာလဲ စပ်စုကြည့်တော့ သူ့ခါးနာတာ ကို နှိပ်တတ်တယ်ဆိုတဲ့ အကျဉ်းသားတစ်ယောက်နဲ့ သွားနှိပ်တာမှာ ပိုဆိုးသွားပြီး ထောင်ဆေးရုံကို ရောက်ပြီး မကြာပါဘူး ကွယ်လွန်သွားတယ်လို့ ပြောကြတယ်။ ဒီအကြောင်းကို ပြောနေတုန်းမှာဘဲ ကိုစံလှ အလောင်းကို မြှုပ်နှံဖို့ ကပ်ပေါ်တင်ပြီး ကျွန်တော့ရှေ့ကနေဖြတ် အပြင်ထုတ်သွားတာမြင် ရတော့ စိတ်ထဲအတော်ကို မကောင်းဖြစ်ရတယ်။  ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေး မီ ဆိုတဲ့စကားဟာ ဘယ်အရာကိုမှ ဘယ်သူကမှ အစိုးမရဘူးဆိုတာ ပြနေတာဘဲ။ 
          
ဖိုးသာထူးဆိုတဲ့ ရွာသားတစ်ယောက်အကြောင်းကိုလည်း ပြောပြချင်တယ်။ ဖိုးသာထူးက ချင်း တွင်းမြစ်ရိုးနားက ရွာတစ်ရွာမှာနေပါတယ်။ ထုံးစံလိုဖြစ်နေတာက သူတို့တတွေ ဘိန်းအစိမ်းကို မြိုတတ်တာပါ။ ဖိုးသာထူးလည်း ဘိန်းမြိုထားတဲ့ နေ့တစ်နေ့မှာပေါ့။ ပျင်းပျင်းနဲ့ ဖဲဝိုင်းသွားပြီး အပျင်း ပြေဖဲကစားတာ မမျှော်လင့်ဘဲ ရဲက ၀ိုင်းဖမ်းလိုက်လို့ အဖမ်းခံရပါလေရော။ ပိုဆိုးတာက ရဲစခန်း ရောက်တော့ ဖိုးသာထူးရဲ့အမူအရာက တစ်မျိုးဖြစ်နေလို့ဆိုပြီး စစ်လိုက်တော့ ဘိန်းမြိုထားကြောင်း ပေါ်သွားပါရော၊ ကလေးမြို့မှာ ဆီးစစ်လိုက်တော့ ဆေးကျပြီး ထောင်ငါးနှစ်နဲ့ ခြောက်လကျသွားပါ ရောဗျ။ သူနဲ့အတူ ဖဲရိုက်ကြတဲ့ အဖေါ်တွေကတော့ ခြောက်လနေပြီး လွတ်သွားကြပေမဲ့ ဖိုးသာထူးတစ်ယောက်ကတော့ ထောင်ထဲမှာကျန်နေခဲ့ပါတယ်။ သူ့ကို ကြိုးစင်နားမှာရှိတဲ့ မြေလွတ်မှာ စိုက်ပျိုးရေးအလုပ် လုပ်ခိုင်းထားလို့ အ၀င်အထွက်တွေမှာ ကျွန်တော်နဲ့က တွေ့နေကြပေါ့။ သူ့ဆီက နေပြီး အသီးအရွက်တွေကို တောင်းတန်တောင်း ၀ယ်တန်ဝယ်နဲ့ အတော်ကိုခင်သွားကြပါတယ်။ သူ့ကို ကျွန်တော်က ဖိုးသာထူး ကျွန်တော်ဗေဒင်တော့ မတွက်တတ်ဘူး။ ဒါပေမဲ့ ခင်ဗျား ကံဆိုးနေ တယ်လို့တော့ ပြောနိုင်တယ်။ ဖဲဝိုင်းဖမ်းတာ ခင်ဗျားက ဘိန်းသုံးစွဲမှုနဲ့ပါ အဆစ်ရတော့ သတိထားနေ စားဖို့ အမြဲသတိပေးပါတယ်။ မကြာလိုက်ပါဘူး။ ဖိုးသာထူး လေဖြတ်သွားပါတယ်။ သူ့ကို ထောင်တွင်း ဆေးရုံမှာဘဲ ၀ိုင်းပြီးပြုစုလိုက်တော့ အတော်လေးပြန်ကောင်းလာပါတယ်။ လမ်းပြန်လျှောက်တယ်။ လက်တစ်ဖက်က ကောင်းကောင်းလှုပ်နိုင်လာတယ်။ အားတက်စရာပေါ့။ သွေးတိုးနှုန်းကတော့ ဆေးဆက်တိုက်စားနေတာတောင် မကျချင်လို့ အငန်မစားဖို့ အားလုံးက ၀ိုင်းပြောထားကြတယ်။  ခက်တာက ဖိုးသာထူးက နကိုယ်ထဲက အငန်ကြိုက်တတ်တာပါဘဲ။ တစ်နေ့သားမှာတော့ ရွာကနေ ဇနီးဖြစ်သူထောင်ဝင်စာ လာတွေ့တယ်ဆိုတာသိရတယ်။ အတော်ကြီးကြာကြာနေမှ တစ်ခါလာ နိုင်တာပါ။ ဒါပေမဲ့ ဘယ်သူမှ သတိမထားလိုက်မိတာက သူ့ဇနီးယူလာကျွေးတဲ့ ဟင်းတွေပါဘဲ။ ဖိုးသာထူးက အငန်ကိုကြိုက်မှန်း သူ့ဇနီးက သိထားလို့ ရောဂါအကြောင်း ဗဟုသုတလည်း မရှိတော့ ကောင်နိုးရာရာ သူ့ယောင်္ကျားကြိုက်တာကို ယူလာတာထင်ပါရဲ့။ ဇနီးသည်ရဲ့ ဟင်းနဲ့ ထမင်းစားပြီး နောက်တစ်နေ့ မနက် ဖိုးသာထူးလေပြန် ဖြတ်သွားတယ်။ အဲဒီ ညနေပိုင်းမှာဘဲ  ကွယ်လွန်သွားတယ်။ သူ့ကို ထောင်ဝင်စာ လာတွေ့သွားတဲ့ သူ့ဇနီးတစ်ယောက် အိမ်ကိုပြန်မရောက်နိုင်သေးပါဘူး။ ဟော အခုဘဲ ကွယ်လွန်ပြီဆိုတာကိုလည်း မသိနိုင်ပါဘူး။ သိရင်လည်း လုံးဝယုံကြည်မှာ မဟုတ်ပါဘူး။ 

လူဆိုတာ ကံဆိုးမိုးမှောင်ကျလာရင် ဆက်တိုက်ကျတတ်တယ်ဆိုတာ မှန်နေသလား။ ဒုက္ခ နဲ့ ပြဿနာ ဟာ လာရင် အပေါင်းအဖေါ်နဲ့ လာတတ်တယ်ဆိုတာ ဒါမျိုးဖြစ်ပါလိမ့်မယ်။ တစ်မျိုးပြီး တစ် မျိုး တစ်ခုပြီးတစ်ခု အခက်အခဲတွေ ဆက်တိုက်ကြုံရပြီး သေတဲ့အထိ ဖြစ်ရတာမျိုးပါ။ တော်ရုံ စိတ်ဓါတ်နဲ့ တောင့်မခံနိုင်ကြပါဘူး။ ဒါမျိုးအဖြစ်တွေက ဘုရားဟောထဲမှာဘဲ ကြားဖူးခဲ့တာ အခုတော့ ကိုယ်တွေ့ ကြုံခဲ့ရပါပြီ။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်းတစ်ခုကတော့ "ကိုယ့်ကိုကိုယ် နည်းနည်းလေးတော့ ဂရုစိုက်ထားလိုက်" ရင်ဘဲ သေဖို့ကို အတော်ဝေးသွားတယ် ဆိုတာ ပါဘဲ။ ကျွန်တော့် ကြုံတွေ့ခဲ့ရသမျှတွေမှာ လူတွေက ကိုယ့်ကိုကိုယ်လုံးဝ ဂရုမစိုက် ပစ်ထား လိုက်တဲ့သူတွေသာ မြန်မြန်သေသွားတာပါ။ အားလုံးကိုတော့ မဆိုပါဘူး။ မဆိုနိုင်ပါဘူး။ ယေဘုယျ ကိုပြောတာပါ။ လူဆိုတဲ့ သတ္တ၀ါဟာ အတော်ကို သေခဲတာဗျ။ မသေနိုင်သေးဘူးလို့လည်း ပြောနိုင်ပါတယ်။ သေသွားကြတဲ့ လူတွေကို ကျွန်တော်လေ့လာကြည့်တော့ ဖြစ်ချင်ရာဖြစ်ကွာ ဆိုပြီး စားချင်ရာစား နေချင်သလိုနေ နေလိုက်တဲ့လူတွေ ပေါ့ပေါ့ဆဆ နေထိုင်သူတွေက အများစုဗျ။

ပြောရင်းနဲ့ ဦးအေးဖေကို သတိရသွားတယ်။ ဦးအေးဖေ ဆိုတာ ကဘော်ချိုင့်ဝှမ်းသားတစ် ယောက်ပေါ့။ သူက ဖင်ဆီဒိုင်း ထင်တယ်၊ အများက ပြောတာက သုံးလေးဒါဇင်လောက်ဘဲလို့ ပြောတယ်  မှန် မမှန်တော့ ကျွန်တော်လည်း အသေအချာ မပြောတတ်ဘူး။ အားလုံးကတော့ အဲဒီလို ပြောကြတယ်။ ဒါပေမဲ့ သူအဖမ်းခံရတဲ့ကာလက စီမံချက်ကာလဖြစ်နေတယ်တဲ့။ အဲဒီမှာ သူ့ကို ထောင်တစ်သက်လွတ်ရက်မရှိ  ဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်တယ်။  ကျွန်တော်တို့ ကလေးမြို့ထောင် ထဲမှာ မှတ်မှတ်ရရ (နှစ်အကန့်အသတ်မရှိ) ထောင့်တစ်သက်လွတ်ရက်မရှိ ပြစ်ဒဏ်ကျသူ သုံးဦးကျွန် တော်သိခဲ့တယ်။  ဦးအေးဖေ၊ ဦးသန်းရွှေ ၊ ဦးနေ၀င်း တဲ့။  ဦးအေးဖေကတော့ ကျွန်တော်ရောက်ပြီး သုံး လေးနှစ်လောက်မှာ  လေဖြတ်သွားရှာပါတယ်။ သူလေဖြတ်တာ အတော်ကို ပြင်းထန်ပါတယ်။ အိပ်ယာထဲကကို မထနိုင်တော့ပါဘူး။ ချေးတွေ သေးတွေလည်း မနိုင်တော့ပါဘူး။ အားလုံးက ၀ိုင်းလုပ်ပေးကြပါတယ်။ ပိုဆိုးတာက ဦးအေးဖေရဲ့ စိတ်တွေက မမှန်တော့ဘူး။ ဦးနှောက်ကို ထိခိုက် မိတယ်ထင်ပါရဲ့။ ကျွန်တော့်ကိုတွေ့ရင် သူ့သမီးအကြောင်း ဘယ်လောက်ချမ်းသာကြောင်း ပြောနေ တာ ကျွန်တော်က အဟုတ်ထင်နေတာ၊ အားလုံးက ၀ိုင်းပြီးပြောပြတော့မှ သူက ဂယောင်ဂတမ်းတွေ ဖြစ်နေမှန်းသိရပါတယ်။ အတူနေသူတွေကို ဒုက္ခအပေးဆုံးထဲက အိုက်ငို့ ဆိုတဲ့ "၀" တိုင်းရင်းသား လေးတစ်ယောက်လည်းရှိတယ်။ အိုက်ငို့ကတော့ လမ်းကိုမလျှောက်နိုင်တော့ဘဲ ဖင်တစ်ရွတ်တိုက် သွားနေရတယ်။ လွတ်ငြိမ်းခွင့်တွေလာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ချိန် ရောဂါကြီးလူနာစာရင်း တွေ ကောက်ပြီဆိုတော့ ဦးအေးဖေတို့ အိုက်ငို့တို့တော့ အေးအေးဆေးဆေးဘဲ ဆိုပြီးနေနေကြတာ။ ဟောဗျ တကယ်တမ်းလွှတ်တော့ လူနာရှစ်ဦးထဲမှာ ဦးအေးဖေနဲ့ အိုက်ငို့ တို့နှစ်ယောက်သားကျန်နေ ခဲ့ပါလေရော။  လွှတ်လူကိစ္စတွေ စပ်စုနေကြတာနဲ့ ဦးအေးဖေနဲ့ အိုက်ငို့ ကိုဘယ်သူမှ သတိမရကြ ပါဘူး။ နောက်တော့မှ လူနာရှစ်ဦးထဲမှာ သူတို့မပါဘဲ ကျန်နေကြောင်းသိရတယ်။ အားလုံးက စိတ်မကောင်းကြဘူးပေါ့။ ပြောချင်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေ ဘယ်လိုဘဲ ပြည့်စုံနေ ပါစေ အချိန်မတန်ရင် ဖြစ်မလာဘူး ဆိုတာပါဘဲ။ ဦးအေးဖေ ဟာ ဘယ်လိုမှ မကျန်နိုင်ပါဘူး။ ဒါပေမဲ့ ကျန်နေတယ်။ တမင်လည်း ချန်ထားစရာ မရှိပါဘူး။ လွှတ်ရင်တောင်မှ သူက ကပ်ပေါ်အိပ်ပြီး ထမ်းသွားမှ ပြန်ရမယ့်လူပါ။ ကဲကြည့်  ကုသိုလ်ကံ က အချိန်မတန်သေးရင် သေထိုက်နေပေမဲ့ မသေနိုင်ဘူး။  ပြန်လွှတ်ထိုက်နေပေမဲ့လည်း ဖြစ်မလာပြန်ဘူး။ ရောဂါဝေဒနာတွေနဲ့ လုံးထွေးနေရရှာ တယ်။ မကြာခင်က ထောင်ဝင်စာ တွေ့ပြီးပြန်လာတဲ့ မိတ်ဆွေတစ်ချို့မေးကြည့်တော့ အိုက်ငို့ ကတော့ လွှတ်ရက်စေ့လို့ လွှတ်သွားပြီပြောတယ်။ ဘယ်လိုလုပ်အိမ်ပြန် သွားလည်းတော့ မသိရဘူး။ ဦးအေးဖေကြီးကတော့ အခုထိ ကလေးမြို့အကျဉ်းထောင်မှာ ရှိနေသေးတယ်လို့ သိရတယ်။ သူ့ကို မျက်စိထဲပြန်မြင်ကြည့်လိုက်တော့ တကယ့်ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ပါဘဲဗျာ။

ရီစရာလေးလည်း ပြောရအုန်းမယ်။ ကျန်တဲ့ ထောင့်တစ်သက်သမား နှစ်ယောက်လည်း အတော်ကို မတင်မကျဖြစ်နေကြလို့ ကျွန်တော့်ကို စောင့်ပြီးမေးပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော်  သမ္မတကြီးက အကျဉ်းသားအားလုံးကို ပြစ်ဒဏ်တစ်နှစ်စီ လျှော့ချပေးလိုက်တယ်ဗျ။ အားလုံးက သူတို့ပြစ်ဒဏ်တွေထဲကနေ တစ်နှစ်စီလျှော့လိုက်ကြတော့ သူတို့ရဲ့ စုစုပေါင်းကျန်ပြစ်ဒဏ်ကာလကို တွက်လို့ရကြတယ်။ ကျွန်တော်ဆိုရင် စုစုပေါင်း ၈၅ နှစ်ထဲက တစ်နှုတ် ၈၄ နှစ်ကျန် စသဖြင့် တွက်လို့အလွန်ကို လွယ်ပါတယ်။ အဲဒီနှစ်ယောက်ကတော့ ဘယ်လိုတွက်ရမှန်းမသိကြတော့ဘူး။ အားလုံးကလည်း သူတို့နာမည်တွေကို အကြောင်းပြုပြီး ၀ိုင်းနောက်ပြောင်နေကြတော့ သူတို့ ခေါင်း ခြာခြာလယ်နေတော့တာကိုး။ သူတို့ကျွန်တော့်ကို မေးတဲ့မေးခွန်းက သူတို့ပြစ်ဒဏ် ထောင့်တစ်သက် လွတ်ရက်မရှိ (နှစ် အကန့်အသတ်မရှိ) ထဲကနေ သူတို့ခံစားခွင့်ရတဲ့ တစ်နှစ်ကို နှုတ်လိုက်တော့ သူတို့မှာ ပြစ်ဒဏ် ဘယ်လောက်ကျန်နေသေးသလဲ ဆိုတဲ့မေးခွန်းပါ။ အကျဉ်းသားအားလုံးက သူတို့ပြစ်ဒဏ်တွေကနေ တစ်နှုတ်လိုက်ရုံပါဘဲ။ ဒါပေမဲ့ အဲဒီနှစ်ယောက်ကတော့ ဘယ်လို နှုတ်ရမှန်းမသိလို့ ကျွန်တော့်ကို လာမေးနေလေရဲ့။ ဒုက္ခပါဘဲ။  infinity  ထဲကနေပြီး  one ကို နှုတ်တော့ ဘယ်လောက်ကျန်သလဲ ကျွန်တော် မတွက်တတ်တော့ဘူး။ ခင်ဗျားတို့ရော တွက် တတ်ပါလား။ သူတို့ကတော့ အတင်းကိုမေးနေ တာပါဘဲ။ နောက်ဆုံး မတတ်နိုင်တော့ဘူး စိတ်ကူးထဲ တွေ့ရာ အဖြေတစ်ခုကို ပေးလိုက်တယ်။    အဲဒါ ကတော့ " ခင်ဗျားတို့ မသေခင် တစ်နှစ်၊ အဲဒါ လွှတ်ရက်ဘဲဗျ " ဆိုပြီးတော့။

အဲသလိုဘဲ စကားက စပ်သွားတယ်။ ကျနော်နဲ့ နှစ်အတော်ကြာကြာကို အတူနေခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်းပါ။ သူက ဒုတိယနှစ်ကျောင်းသား ၁၉၉၇ ထင်တယ်  လှည်းတန်းလမ်းမှာဆန္ဒပြလို့  အဖမ်းခံရတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ သူ့ပြစ်ဒဏ်က နှစ်ခြောက်ဆယ်နီးပါးပါ။ သူတို့ အမှုတွဲက အတော်များတယ်ဗျ။ ငါးဆယ်ကျော်ထင်တယ်။ တစ်ဖြည်းဖြည်းနဲ့ အကုန်လွှတ်သွားကြတယ်။ နောက်ဆုံးအခေါက် လွှတ်တော့ အားလုံးက သူ့ကိုတော့ ပထမဆုံးပါနိုင်သူအဖြစ် တွက်ထားကြတယ်။ ကြည့်လေ   ထောင်နေသားက စုစုပေါင်း ၁၄ နှစ်ထဲရောက်လာပြီ။ အမှုတွဲတွေလည်း လွှတ်ကုန်ပြီ။ နိုင်ငံတော်ကလည်း အခြေအနေ ပြောင်းပြီး အကောင်းဖက်ကို ဦးတည်နေပြီ။ အားလုံးက သေချာနေပါပြီပေါ့။ တစ်ခါသားမှာ သူလွှတ်ပြီ ဆိုပြီး သူ့ပစ္စည်းတွေ ကျွန်တော့်ကို လာပေးသေးတယ်။ မဟုတ်ပြန်ဘူး။ နောက်ဆုံးအခေါက် လွှတ်တော့ ကျွန်တော်ပါတယ်။ မြန်မာ့သမိုင်းကို ကျွန်တော်မကျွမ်းပါဘူး။ ဒါပေမဲ့ မြန်မာပြည်သမိုင်းမှာ ယုံကြည်ချက်အကျဉ်းသားလွှတ်ပေးရေး တောင်းဆိုမှုဟာ စံချိန်တင် အကျယ်လောင်ဆုံးဘဲလို့ ကျွန် တော်ထင်ပါတယ်။ အစိုးရကလည်း အတတ်နိုင်ဆုံး လွှတ်ပေးမယ်လို့ကတိပြုတယ်။ ကဲ အဲဒီလောက် သေချာနေတာ ဘယ်မှာရှိပါ့မလဲ။ တကယ်တမ်း လက်တွေ့မှာတော့ သူမပါဘူး။ အားလုံးအံ့အားသင့် သွားကြတယ်။ ကျွန်တော်ဆိုဘာပြောရမှန်းမသိလောက်အောင်ဖြစ်သွားတယ်။ သူနဲ့ကျွန်တော်နဲ့က အခန်းခြင်းကပ်လျက်ပါ။ နှစ်ပေါင်းအတော်ကြာအောင် တစ်ခါမှ မခွဲတမ်းအတူ စားအိုးတွဲ (ထမင်း အတူစား) ခဲ့ကြတာပါ။ ကျွန်တော်လွှတ်တာတောင် ၀မ်းမသာနိုင်တော့ပါဘူး။ နောင်သုံးလလောက် ကြာတော့မှ နိုင်ငံရေးအဖွဲ့တစ်ခုက အကျဉ်းသားစာရင်းတင်တဲ့အထဲမှာ သူ့နာမည်ကျန်နေတာတော့ တွေ့ရတယ်။ အဲဒါကြောင့်လို့ ထင်ရပေမဲ့  ထင်ရုံဘဲ ထင်နိုင်တာမျိုးပါ။ အခုတော့ သူ့နဲ့ဘ၀တူခဲ့ပြီး လွှတ်လာခဲ့တဲ့ သူ့သူငယ်ချင်းတွေစုပြီး သူ့လွှတ်မြောက်ရေးအတွက် တောင်းဆိုပေးနေတာတွေ တွေ့မြင်နေရတယ်။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး " ကိုအေးအောင် " ရေ လို့သာပြောနိုင်ပါတော့တယ်။ စဉ်းစား ကြည့်ပေါ့ ကိုယ့်အထင် ဖြစ်သင့်ဖြစ်ထိုက်တယ် ဒါပေမဲ့ မဖြစ်ဘူး။ အားလုံးတော့လည်း မဟုတ်ဘူးပေါ့။ မဖြစ်သင့် မဖြစ်ထိုက်ဘူး မဖြစ်ဘူးလို့ အားလုံးက ၀ိုင်းသတ်မှတ်ပေမဲ့ ဖြစ်ချင်ရင် ဖြစ်နိုင်တာပါဘဲ။ ဘယ်ဟာမှ အစိုးမရပါဘူးနော်။ အနတ္တ တရားပေါ့။

အခုပြောနေတာတွေက အနတ္တတွေက အများဆုံးဖြစ်နေတာကို သတိထားမိကြမှာပါ။ တကယ်တမ်း ၀န်ခံရရင် ဒုက္ခက အများဆုံးပါ။ ဒုက္ခအကြောင်းကို ရေးဖို့စိတ်ကူးထားပေမဲ့ ကျွန်တော့်လက်က ရေးလို့မထွက်နိုင်ဘူးဆိုတာ ၀န်ခံပါရစေ။ အမှန်အတိုင်း ပြောရရင် ကိုယ်တိုင်ခံခဲ့ ရတာ မဟုတ်ပေမဲ့ ကိုယ့်မျက်မြင်တွေလည်းရှိသလို ကိုယ်တိုင်ခံခဲ့ ကြုံခဲ့လို့ (တစ်ယောက်ထဲ အပြောမဟုတ်ဘဲ ပါခဲ့တဲ့သူအတော်များများက ပြောပြလို့ အတည်ပြုနိုင်လောက်တဲ့ ) အကြောင်း အရာတွေက အများအပြားပါ။ ပြောခဲ့သလိုပါဘဲ ကျွန်တော့လက်က ရေးလို့မထွက်နိုင်ဘူး ဖြစ်နေပါတယ်။ ခွင့်လွှတ်ထားပါအုန်း။ ဒုက္ခ ဆိုတာကို ကိုယ်တိုင်ရဲ့ကံကြမ္မာကြောင့် ဖြစ်တဲ့ဒုက္ခ ၊ သူများပရောဂကြောင့် ကိုယ့်မှာဖြစ်ရတဲ့ဒုက္ခ အမျိုးမျိုးပါဘဲဗျာ။ တကယ့်အဖြစ်အပျက်တွေက စိတ်ကူး ယာဉ်တာတွေထက် ပိုပြီးဆန်းကြယ်တယ်ဆိုတာလည်း အမှန်ဘဲဗျ။ ကဲ    နောက်မှဘဲ ဆက်ပါတော့မယ်။   လောကရဲ့ သဘော ဘုရားဟောကို သတိဆင်ခြင် သိမြင်နိုင်ကြပါစေ။ မိမိတို့ရဲ့ ဘ၀အတွက် အသုံးကျ အသုံးချ နိုင်ကြပါစေဗျား။

No comments:

Post a Comment