တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ပါး ပြောပုံကို ပြန်ရေးပြချင်ပါတယ်။ စကားလုံး အတိအကျတော့ မဟုတ်ဘူးပေါ့။ သဘောထားတွေကတော့ သူပြောတဲ့အတိုင်းပါဘဲ။
"ကျနော်တို့ကို ခိုင်းပါ။ အခုတော့ အစိုးရအဖွဲ့က ကျနော်တို့ကို အစည်းအဝေးတောင် မခေါ်ဘူး။ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လိုက်လုပ်နေရတယ်။ ကျနော်တို့က လုပ်ချင်ကိုင်ချင်နေတယ်။ တာဝန်ပေးစေချင်ပါတယ်။ အခုတော့ တာဝန်မပေးဘူး။ အစည်းအဝေးလည်း မဖိတ်ဘူး။ အလေးမထားဘူး။ ဟို လက်နက်ကိုင် အဖွဲ့တွေကိုတော့ တလေးတစားနဲ့သွားပြီး တွေ့ဆုံတယ်။ ဆွေးနွေးနေတယ်။ ကျနော်တို့လို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကိုကြတော့ ဆွေးနွေးတာ မရှိဘူး။ ဒီလိုသာ လက်နက်ကိုင်အဖွဲ့တွေကိုဘဲ ဦးစားပေးနေမယ်ဆိုရင် နောင်အခါမှာ အဖွဲ့အစည်းတွေအနေနဲ့ ဦးစားပေးခံရအောင် လက်နက်ကိုင်ကုန်မှာကို စိုးရိမ်ရပါတယ်...."တဲ့။ အဲသလို ဆွေးနွေးသွားတာပါ။
ကဲ ဘယ်လိုပြောရပါ့မလဲဗျာ။ သူတို့ကို ဆိုင်ရာအစိုးရအဖွဲ့က အစည်းအဝေးမခေါ်တာ၊ တာဝန်မပေးတာတွေဟာ အဓိက အကျဆုံးအချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စသာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်လိုရေးသားသတ်မှတ်ထားသလဲဆိုတာ ရွေးကောက်ပွဲမဝင်ခင် သူကိုယ်တိုင် သေသေချာချာ လေ့လာဆည်းပူး ဖတ်မှတ်ထားရမဲ့ ကိစ္စဖြစ်ပါတယ်။ သူကိုယ်တိုင်က အရွေးချယ်ခံခဲ့ရရင် ဘယ်လိုစည်းမျဉ်းတွေနဲ့ ဆက်သွားရမယ်ဆိုတာ ကြိုတင်သိထား ရမှာဖြစ်ပါတယ်။ အခြေခံဥပဒေက သတ်မှတ်ထားတဲ့၊ အချက်အချာကျတဲ့ အချက်ကို သူမမြင်နိုင်တော့ဘဲ ဘာမှ မဆိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုဘဲ သွားမြင်နေပုံရပါတယ်။ အတော့်ကို မနာလို ဝန်တိုဖြစ်နေပုံရပါတယ်။
ဒီကနေ့ မြန်မာ့နိုင်ငံရေးပြဿနာတွေထဲမှာ အရေးအကြီးဆုံးနဲ့ အဆိုးဝါးဆုံးက ပြည်တွင်းမှာ ဖြစ်နေကြတဲ့ တိုက်ပွဲတွေပါ။ ဒီလို တိုက်ပွဲတွေကြောင့် ပြည်နယ်လူထုတွေဟာ ဒုက္ခအမျိုးမျိုးကို ရင်စည်းခံနေကြရတာပါ။ ဆိုးဝါးလှတဲ့ အဖြစ်အပျက်မျိုးစုံကို ခံစားနေရတာပါ။ ကျနော်တို့ အစိုးရအနေနဲ့ လက်ငင်းလုပ်ဖို့ အလိုအပ်ဆုံးက ပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပစ်ခတ်ထိတွေ့မှုတွေကို ရပ်စဲသွားအောင်လုပ်ဖို့ပါ။ ဒါမှ တရားဥပဒေ စိုးမိုးရေးကို ဆက်ပြီးတော့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှလည်း ဒေသနဲ့ ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လုပ်နိုင်မှာပါ။
ကျနော့်ယူဆချက်ကတော့ ပြည်သူ့ကိုယ်စားလှယ်တွေကို မဆွေးနွေးရဘူး မဟုတ်ပါဘူး။ ဆွေးနွေးရမှာပါ။ ဒါပေမဲ့ လောလောဆယ် လက်နက်ကိုင်သူတွေနဲ့ အပစ်ရပ်ရေးဆွေးနွေးတာက ပိုပြီး ပြည်သူ့အကျိုး ပိုပြီးဆောင်ရွက်ရာရောက်တယ်လို့ ယူဆပါတယ်။ အပစ်အခတ် တိုက်ပွဲတွေကြောင့် မြို့ပေါ်နေသူတွေအတွက် ဘာမှမထိခိုက်ပေမဲ့ ကျေးလက်တောရွာမှာ နေသူတွေအဖို့ကတော့ ဘယ်သူမှ မစဉ်းစားမိနိုင်တဲ့ ဒုက္ခ သုက္ခတွေနဲ့ ရင်ဆိုင်ကြရတာပါ။
ပြည်ထောင်စုကြီး တစ်ဝှမ်းလုံးကို ခြုံကြည့်တတ်တဲ့ ပုဂ္ဂိုလ်မျိုးဆိုရင်တော့ အဲဒီလို စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒီနေ့ ကြုံနေရတဲ့ အမျိုးသား ရင်ကြားစေ့ရေးကိစ္စဟာ အခုမှ ပေါ်လာတာမဟုတ်ပါဘူး။ နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ်လောက်တောင် ရှိခဲ့ပါပြီ။ ပြည်တွင်းနိုင်ငံရေး သဘောထားတွေ မတူကွဲပြားခဲ့ရာက အစပြုပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာလည်း နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရှိခဲ့ပါပြီ။ အခု အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းထဲက တစ်ချို့အရာရှိကလေးတွေဆိုရင် တိုက်ပွဲကြားမှာဘဲ မွေးဖွားလာပြီး အခုချိန်အထိ လက်နက်ကိုင်နေကြဆဲ လူငယ်တွေ ဖြစ်ပါတယ်။ သူတို့မှာ ပညာသင်ချိန်ဆိုတာ တိတိ ပပ မရှိခဲ့ပါဘူး။ ကျနော့်ဆရာကြီးပြောသလို အရေးတယူဖြစ်ချင်တာနဲ့ လက်နက်ကိုင်ကုန်မှာ စိုးရိမ်ရပါတယ် ဆိုတဲ့အချက်ကို ကြည့်လိုက်ရင် သူ့မှာ ပညာဗဟုသုတ အလွန်နည်း နေတာကို ဝမ်းနည်းဖွယ်တွေ့ရမှာပါ။ လက်နက်ကိုင် တိုက်ခိုက်တယ်ဆိုတာကို သူက အလွန်လွယ်တဲ့ကိစ္စလို့ ထင်နေတာဖြစ်ပါတယ်။ ဘယ်စစ်ပွဲဘဲဖြစ်ဖြစ် ဘယ်ဖက်က တိုက်ခိုက်တယ်ဘဲ ဖြစ်ဖြစ် နှစ်ဖက်စလုံးဟာ အလွန်ကို ခက်ခဲကြမ်းတမ်း ပင်ပန်းပြီး အသက်နဲ့ စတေးလုပ်ကိုင်ကြရတာပါ။ အခုလို ကျည်ဆန်တစ်တောင့်ဟာ တန်ဘိုးအားဖြင့် ထမင်းတစ်နပ် ကျသင့်တယ်ဆိုတာ သူနားလည်ဟန် မရှိပါဘူး။
ကျနော်ပြောချင်တာကတော့ လောလောဆယ် နဲ့ လက်ငင်းလိုအပ်ချက်ကတော့ ပြည်တွင်း စစ်ပွဲတွေ အမြန်ဆုံး ရပ်စဲဖို့ဘဲ ဖြစ်ပါတယ်။ အဲဒီ စစ်ပွဲတွေ ထာဝရ မြဲ သွားအောင် ဆက်လက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လုပ်သွားရပါမယ်။ မပြေလည်မချင်း ပြေလည်အောင် စိတ်ရှည်ဇွဲသန် ကြိုးစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲတွေဆီကို ဘယ်နည်းနဲ့မှ ပြန်မသွားရလေအောင် ကြိုးပမ်းကြရပါမယ်။
ဆွေးနွေးပွဲကို ရောက်ရင် သူ့အမြင်ကိုယ့်အမြင် အမျိုးမျိုးပြောကြတာ ထုံးစံတစ်ခုပါ။ မတူတာတွေကို စိတ်ပျက်စရာ စိတ်ဆိုးစရာ ဘာမှ မရှိသင့်ပါဘူး။ အခု ကျနော် ပြောနေရတာက တွေးခေါ်ပုံ တွေးခေါ်နည်းပါ။ အထူးသဖြင့် တာဝန်ရှိ လူကြီးတစ်ယောက်အတွက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တွေးသင့်တယ်လို့ ဆိုလိုချင်တာပါဗျာ။ ကိုယ်ကလည်း ဘာမှ ဟုတ်တာ မဟုတ်တော့ သူနဲ့လည်း ဆွေးနွေးပွဲမှာ ထိပ်တိုက်မပြောချင်လို့ စိတ်ပြေလက်ပျောက် ကိုယ့်ဖာသာကို ကိုယ့် blog မှာ ပြန်ရေး နေရတာပါ။ လွန်တာရှိရင်လည်း ဝန်တာမိပါဘဲ။
No comments:
Post a Comment