၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ ထုတ် vol.-5 , No.11 Venus News Weekly. မှ ၀င်းဇော်နိုင် နှင့် တွေ့ဆုံ မေးမြန်းဖြေကြားချက်များကို ပြန်လည်တင်ပြလိုက်ပါတယ်။
မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ ဆွေးနွေးမှုများ အကောင်အထည်ဖေါ်မှုများအပေါ် အားရကျေနပ်မှု ရှိပါသလား ခင်ဗျား။
မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ ဆွေးနွေးမှုများ အကောင်အထည်ဖေါ်မှုများအပေါ် အားရကျေနပ်မှု ရှိပါသလား ခင်ဗျား။
ဖြေ- တစ်စိတ်တစ်ပိုင်းကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အခက်အခဲတွေကတော့ အများကြီး ရှိနေသေး တယ်လေ။ မပြီးနိုင်သေးဘူး။ အများကြီး ဆက်လုပ်ရအုန်းမှာပါ။
မေး- နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေမှာ တစ်ဘက်နဲ့တစ်ဘက် ဘာတွေများ အခက်အခဲဖြစ်နေတာလဲ။
ဖြေ- ကတိက၀တ်တွေပေါ့ဗျာ။ နောက်ပြီးတော့ တပ်နေရာချထားရေးတွေ ပေါ့။ သူက အပစ်ရပ်တာလုပ်ပြီး ပြီဆိုရင် ဖြစ်နိုင်သလောက် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးပွဲစဖို့ လိုတယ်လေ။ ပြည်ထောင်စု အဆင့်လောက်ထိ လုပ်ပြီးပြီ ဆိုပေမဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲက မစနိုင်သေးဘူး။ မစနိုင်သေးတဲ့အခါကြတော့ အောက်ခြေမှာ ထိတွေ့မှုတွေက မကြာခဏ ဖြစ်ကြတယ်။ အဓိက ကတော့ တပ်နေရာချထားရေးပေါ့။ အပြီး မညှိနိုင်သေးဘူး။ တိတိကျကျ နှစ်ဘက်လုံး ညှိနှိုင်းပြီးတော့ နှစ်ဘက်စလုံးက လိုက်နာတယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။
မေး- နိုင်ငံရေးဆွေးနွေးပွဲ ကြန့်ကြာနေတာက အစိုးရဘက်ကလား။ တိုင်းရင်းသားတွေဘက်ကလား သိချင်ပါတယ်။
ဖြေ- အစိုးရဘက်က အစီအစဉ်က အပစ်ရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးချင်တာကိုး။ ဥပမာ KIO ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို အရင်စချင်တာ။ အဲဒီမှာ ပြောင်းပြန်တွေဖြစ်နေတာ။ အဖွဲ့တွေ အများကြီးထဲမှာမှ တစ်ပြိုင်နက် အပစ်ရပ်ဖို့ဆိုတာ သိပ်လွယ်တာ မဟုတ်ဘူးလေ။ တစ်ဖွဲ့ရပ်တယ်။ တစ်ဖွဲ့ကဆက်သွားနေတယ်။ တစ်ဖြည်းဖြည်းနဲ့တော့ စုံသွားနိုင်ပါတယ်။ စုံသွားရင်လည်း ကောင်းသွားပါပြီ။
မေး- အလုံးစုံ ငြိမ်းချမ်းရေးဆိုတာကို တိုင်းရင်းသားတွေက ဘယ်လိုသတ်မှတ်တာလဲ သိချင်ပါတယ်။
ဖြေ- အလုံးစုံ ငြိမ်းချမ်းရေးဆိုတာကတော့ အရင်ဆုံးအပစ်ရပ်တယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲစမယ်။ နိုင်ငံရေး ဆွေးနွေးပွဲစပြီးတော့ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲတွေက သဘောတူညီချက်တွေ ရအောင်လုပ်ရမယ်။ အဲဒီအထိပေါ့နော်။ ရထားတဲ့ သဘောတူညီချက်ကို နှစ်ဘက်လိုက်နာပြီဆိုရင်တော့ အလုံးစုံငြိမ်းချမ်းရေး ကို မျှော်လင့်လို့ ရပြီလို့ အောင်းမေ့ပါတယ်။
မေး- အစိုးရဘက်ကရော တိုင်းရင်းသားတွေ အခုသွားနေတဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုတွေဟာ အလုံးစုံငြိမ်း ချမ်းရေးအတွက် နောက်ဘယ်နှစ်လောက်မှ ရနိုင်မလဲ ခင်ဗျ။
ဖြေ- မြန်မာနိုင်ငံက သိပ်ပြီးတော့ နောက်မကျဘူးဗျ ။ ဒါပေမဲ့လည်း မြန်တယ်လို့လည်း ပြောလို့မရပြန်ဘူး။ မြန်မာ့နိုင်ငံရေးရဲ့ ပြဿနာက တစ်ခြားနိုင်ငံတွေနဲ့စာရင် ပိုကြာနေတယ်။ နှစ်ပေါင်းများစွာ ပိုကြာတော့ ချက် ချင်းလုပ် ချက်ချင်ပြီးသွားဖို့ဆိုတာကတော့ သိပ်မျှော်လင့်လို့ မရဘူးပေါ့။ ပြဿနာတွေက အမျိုးမျိုးဖြစ်နေတာ ကိုး။ ဒီလိုဘဲ မရမချင်း လုပ်သွားရမှာဘဲလေ။ အချိန် ခန့်မှန်းဖို့ကတော့ မလွယ်ပါဘူး။
မေး- တိုင်းရင်းသားတွေက ဖက်ဒရယ်ကို အဓိကထားပြောနေတယ်ခင်ဗျ ။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်က ဘယ်လိုပုံစံကို ပြောတာလဲ။
ဖြေ- ဖက်ဒရယ်ဆိုတာ ခြုံပြီးပြောရရင်တော့ တန်းတူညီမျှရေးပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးပေါ့။ နောက် စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ပြည်ထောင်စုစစ်စစ်မူကို ဆိုတာပါ။ ဒီဟာက ဘယ်ကို အခြေခံသင့်သလဲ ဆိုရင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဆိုတာ Burma Proper နဲ့ Federated Shan State ပေါင်းခဲ့ကြတာကိုး။ အဲဒီစာချုပ်ထဲမှာ ပါတဲ့ ကတိက၀တ်တွေ၊ စာချုပ်ထဲမှာပါတဲ့ လူကြီးတွေက ပြောခဲ့ကြတာတွေ၊ အဲဒါတွေအားလုံးကို လိုက်နာသင့်တာပေါ့။ ဒါတွေက မေ့ထားလို့ မရသင့်တဲ့ အချက်တွေပါ။
မေး- ဖက်ဒရယ်စနစ် ကျင့်သုံးခဲ့ရင် မြန်မာနိုင်ငံမှာ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာနိုင်တယ်ထင်ပါသလဲ။
ဖြေ- ဖက်ဒရယ်စနစ် ကျင့်သုံးမယ်ဆိုရင် ဆိုးကျိုးက နည်းမှာပါ။ ကောင်းကျိုးက ပိုများမှာပါ။ အခုပြည်တွင်း စစ်တွေရပ်သွားမယ်။ ဆိုးကျိုးလေးတွေတော့ ရှိကောင်းရှိမှာပေါ့လေ။ ဒါပေမဲ့ အခုလက်ရှိ ဖြစ်ပျက်နေတာတွေနဲ့စာရင်တော့ နည်းသွားမှာပေါ့။ ဒီလို ကိစ္စတွေ မရတဲ့အတွက်လည်း အခုလို ပြဿနာတွေက အများကြီးကျန်နေတာကိုး။
မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲမယ်ဆိုရင် ဘယ်သူတွေ ပါဝင်သင့်သလဲ။
ဖြေ- ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲမယ်ဆိုရင် အားလုံးပါဝင်သင့်ပါတယ်။ အဖွဲ့အစည်းတွေ အားလုံးပါဝင်သင့်ပါတယ်။
မေး- ဖွဲ့စည်းပုံအခြေခံဥပဒေ အချက်အလက်တွေ၊ ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုအချက်တွေကို အဓိကထားပြီး ပြင်စေချင်တာလဲ။
ဖြေ- ပြင်မယ်ဆိုရင်တော့ တန်းတူညီမျှရေး၊ နောက် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖြစ်အောင် ပြင်ရမှာပေါ့။
မေး- ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် တိုင်းရင်းသားအများစု ပြောနေတဲ့ အချက်အလက်တွေ ပြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါသလား။
ဖြေ- အားလုံးတော့ ပြင်ပြီးမယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ပြောလို့မရပါဘူး။ ဒါ နိုင်ငံရေး သဘောတူညီ ချက်တွေအပေါ်မှာ မူတည်ပါတယ်။ နှစ်ဘက်ဆွေးနွေးတဲ့အခါမှာ ညှိနှိုင်းတဲ့အခါမှာ အားလုံးပြေပြေလည်လည် နဲ့ သဘောတူညီချက် မြန်မြန်ရသွားရင် မြန်မြန်ပြီးသွားမှာပေါ့။ သဘောတူညီချက် မရဘဲ ကြန့်ကြာနေမယ်ဆို ရင်လည်း ကြန့်ကြာသလောက်ကြန့်ကြာနေဦးမှာဘဲ။
မေး- နိုင်ငံတစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်ပါသလဲ။
ဖြေ- အရေးကြီးတာပေါ့။ အစိုးရ နဲ့ ပြည်သူလူထု နဲ့ ဘယ်လိုအုပ်ချုပ်ရမလဲ ဆိုတဲ့ ကတိက၀တ်က အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာဘဲ ရှိတယ်။ ဒါကို ပြည်သူလူထုကလည်း လိုက်နာရမယ်။ အစိုးရကလည်း လိုက်နာရမယ်။ ပြည်သူလူထုနဲ့ အုပ်ချုပ်တဲ့အစိုးရတို့ နှစ်ဖက်ထားကြတဲ့ ကတိက၀တ် တွေပါဘဲ။
မေး- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသားများ လက်ခံနိုင်တဲ့ အချက်အလက်တွေ ရှိပါသလား။
ဖြေ- လက်ခံနိုင်တာလား။ လက်မခံ နိုင်တာလား။ အခုထိတော့ လက်ခံနိုင်တာတော့ ကျွန်တော်မတွေ့ သေးဘူး။ လက်မခံနိုင်လို့ စကားများနေရတာပေါ့။ လက်တွေ့ကျင့်သုံးတဲ့အခါမှာလည်း အတော်ခက်ပါတယ်။
မေး- ငြိမ်းချမ်းရေး လုပ်ဆောင်မှုများအပါအ၀င်ပေါ့ လက်ရှိ အစိုးရ လုပ်ဆောင်မှုတွေဟာ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ဘယ်လောက်ညီနေပြီလဲ ခင်ဗျ ။
ဖြေ- သူက အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ညီအောင်လုပ်နေတာဘဲ။ ဒါပေမဲ့ ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ အခြေခံဥပဒေမှာ ဘယ်လောက်ဘဲ ရေးထားရေးထား ပြည်သူလူထုက လိုက်နာဖို့လို တယ်လေ။ ပြည်သူတွေက လိုက်နာတယ်ဘဲထားအုန်း ၊ အုပ်ချုပ်တဲ့သူတွေကလည်း ဥပဒေနဲ့ အညီ မအုပ်ချုပ် ရင်လည်း မဖြစ်ပြန်ဘူး ဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာက စာရွက်ပေါ်မှာ ရေးထားရုံနဲ့လည်း မဖြစ်နိုင်ဘူး။ လူထုကိုယ်တိုင်ကလည်း ကျင့်သုံးဖို့လိုသလို အစိုးရ ဘက်ကလည်း ကျင့်သုံးဖို့ လိုပါတယ်။ တစ်ဖက်ဖက်က မလိုက်နာ မကျင့်သုံးရင်လည်း မအောင်မြင်နိုင်ပါဘူး။ လူထုက မကျင့်သုံးရင်လည်း ဘယ်အစိုးရကမှ မတတ်နိုင်ပါဘူး။
မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ ငြိမ်းချမ်းရေး ၊ ဖက်ဒရယ်ကိစ္စ များနဲ့ ပတ်သက်ပြီး ပြောစရာရှိသေးရင်ပြော ပေးပါ။
ဖြေ- မရှိတော့ပါဘူး။ အဲဒီလောက်ဘဲ ကောင်းပါတယ်။
No comments:
Post a Comment