Thursday 24 October 2013

Interview with Messenger

၂၀၁၃ အောက်တိုဘာ (၇) ရက်နေ့ထုတ် (Vol.4 No.20) Messenger ဂျာနယ်နှင့် တွေ့ဆုံမေးဖြေခန်းကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

မေး- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တချို့ကလည်း မပြင်ဘူး။ တချို့ကလည်း ပြင်မယ်။ တချို့ကလည်း အသစ်ရေးဆွဲ မယ်ပေါ့။ ဦးစိုင်းညွန့်လွင်တို့ ပါတီအနေနဲ့ရော ဘယ်လို သဘောထားရှိလဲ။

ဖြေ- ကျွန်တော်တို့သဘောထားကို ဆုံးဖြတ်ထားတာရှိပါတယ်။ SNLD ရဲ့သဘောထားပါဘဲ။ SNLD ရဲ့သဘောထား ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေး၊ တန်းတူညီမျှမှု ရှိမယ်။ အဲဒီအချက် တွေကို ဦးတည်တဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ အဓိက ဦးတည်တယ်။ ပြင်ချင်လည်း ပြင်ပေါ့။ အဲဒီကို ရောက်ဖို့ပဲ လိုပါတယ်။ ပြင်လို့ မှ မရလည်း အသစ်ပြန်ရေးဆွဲပေါ့။ ဒါ ကျွန်တော်တို့ပါတီရဲ့ သဘောထားပါဘဲ။ အဓိက ကတော့ ကျွန်တော်တို့ ရည်မှန်း ချက်ဖြစ်တဲ့ ပန်းတိုင်ကိုပေါ့ဗျာ။ ပင်လုံစာချုပ်မှာ ကျွန်တော်တို့ ချုပ်ဆိုခဲ့တဲ့ အတိုင်းပေါ့။ Federated Shan State နဲ့ ပြည်မ ဖြစ်တဲ့ Burma Proper တို့ပေါင်းစည်းတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြည်ထောင်စုပေါ့ဗျာ ။ တရားဥပဒေ ဘောင် အတွင်းက နိုင်ငံရေးနည်းလမ်းနဲ့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတယ်။


မေး- ၂၀၁၅ မတိုင်ခင် ပင်လုံစာချုပ်အတိုင်း ဦးစိုင်းညွန့်လွင်တို့ ပြင်ချင်တဲ့ ဖက်ဒရယ်က ဖြစ်နိုင်ပါ့မလား။

ဖြေ- ၁၉၅၈-၆၀ လောက်ကတည်းက ကြိုးစားလာကြတာပါ။ ဒီအမှန်တရားကို တည်ဆောက်လာကြတာ။ ၂၀၁၅ မမီ လည်း ကျန်တဲ့လူတွေက ဆက်သွားမှာဘဲ။ ကျွန်တော်တို့ လက်ထက်မှာ မပြီးလည်း နောက်လက်ထက်မှာ ဆက်သွားမှာ ပါဘဲ။ ၂၀၁၅ လို့ ပုံသေသတ်မှတ်လို့ မရပါဘူး။


မေး- လက်နက်ကိုင် အဖွဲ့အစည်းတွေကကော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ- ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ တညီတညွတ်ထဲ ရှိတာကတော့ ၂၀၀၈ က သုံးလို့မရဘူးလို့ တညီ တညွတ်ထဲ ပြောကြတယ်။ ကွဲပြားတာကတော့ တချို့ကပြင်ချင်တယ်။ တချို့ကလည်း အသစ်ရေးဆွဲချင်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျေညာထားတယ်။ အများဆုံးက အသစ်ပြန်ရေးဆွဲချင်တာ များပါတယ်။ သို့သော် လည်း ကျွန်တော်တို့က ရှင်းအောင် မလုပ်ခဲ့ဘူး။ ဒီပွဲမှာ ဘယ်နှယောက်က ပြင်ချင်တယ်။ ဘယ်နှယောက်က အသစ်ရေး ဆွဲချင်လည်းဆိုတာ သိအောင်မလုပ်ခဲ့ဘူး။ မဲခွဲတဲ့ စနစ်မျိုးကို မလုပ်ခဲ့ဘူး။ မလုပ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ စိတ်ဝမ်းကွဲမှာ စိုးလို့။ ဒီအချိန်မှာ ကိုယ့်အဖွဲ့အစည်းရဲ့ သဘောထား သီးခြားလွတ်လပ်ခွင့် မထူထောင်သင့်သေးဘူး။ အ ငြင်းပွါးမှု မလိုသေးဘူး။ တောင်ကြီးဆွေးနွေးပွဲ ဆုံးဖြတ်ချက်ထဲမှာ အသစ်ပြန်ရေးချင်ရေးမယ် (သို့မဟုတ်) ပြင်ချင်လည်း ပြင်လို့ ရတယ်။


မေး- တိုင်းရင်းသားတွေ အခွင့်အရေး ရဖို့ဆိုရင် အသစ်ပြန်ရေးဆွဲတာ ဖြစ်မလား။ ပြင်ဆင်တာဟာ ဘယ်ဟာပို ကောင်းမလဲ။ ဘယ်ဟာက တန်းတူ အခွင့်အရေး ရမလဲ။

ဖြေ- တိုင်းရင်းသားတွေ အခွင့်အရေး ဆိုတဲ့ ဒီစကားလုံးကို ကျွန်တော်တို့အနေနဲ့ သိပ်မကြိုက်ပါဘူး။ ဒီစကားလုံးရဲ့ အဓိပ္ပါယ်က ဘယ်လိုသက်ရောက်သလဲဆိုရင် တိုင်းရင်းသားတွေမှ အခွင့်အရေးရချင်တယ် ဆိုတဲ့ သဘောဖြစ်နေတယ်။ တိုင်းရင်းသားထဲမှာ ဗမာလည်းပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ လူမျိုးစုတွေလည်း တန်းတူအခွင့်အရေးဘဲ ဖြစ် ချင်ပါတယ်။ ပိုလည်း မလိုချင်ဘူး။ ပိုလိုချင်လည်း မကြိုက်ပါဘူး။ သို့သော်လည်း လျှော့ပြီးရတာလည်း မကြိုက်ဘူး။ အားလုံးဟာ တစ်ပြေးညီတည်း ရရမှာ။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆိုတာ သိပ်မပြောတာ ပိုကောင်း မလားမသိဘူး။ လျှော့လိုက်ရင် ကောင်းမလားမသိဘူး။ တိုင်းရင်းသားတွေက အခွင့်အရေးလိုချင်တယ်လို့ ထင်လားမသိ ဘူး။ တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရေးဆိုပြီး လုပ်ကြတယ်။ ကျွန်တော့သဘောကတော့ ဒါသိပ်မလိုဘူးလို့ထင် ပါတယ်။ နိုင်ငံသားတိုင်း ဥပဒေအရမှာရော ၊ တာဝန်အရာမှာရော ရယူခွင့်ရှိသလို တာဝန်အရာမှာလည်း တာဝန်ရှိပါတယ်။ အခုအခြေအနေကတော့ ရပိုင်ခွင့် မရှိဘူး။ တာဝန်ပဲ ရှိနေတယ်။


မေး- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတုန်းက ဒေါ်စုက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောထား သလဲ။ အသစ်ရေးမှာလား။ ပြင်မှာလားဆိုတာ ဘယ်ဟာကို အရေးသာ သလဲ။

ဖြေ- သူတို့လည်း မဆုံးဖြတ်တတ်ဘူး။ မဲလည်း မခွဲချင်ဘူး။ ဒါ မဲခွဲရမယ့် ကိစ္စလည်း မဟုတ်ဘူး။ ဒါကြောင့် လူထုဆီကို သွားဖို့ စလုပ်နေပြီ။ NLD က ဘာပဲဖြစ်ဖြစ်၊ တစ်ပြည်လုံးကို ခြုံမိသွားတာပေါ့။ ကျယ်ကျယ်ပြန့်ပြန့် ရှိတာ ပေါ့။ သူတို့ကောက်ခံတဲ့ စစ်တမ်းက လူထုဆန္ဒပဲ ဖြစ်ပါတယ်။ လူထုစစ်တမ်းက ဘယ်လိုဖြစ်မလဲ မသိဘူး။


မေး- ပါတီက ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းထားတာဆိုတော့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာဆန်းစစ်ရေး ကော်မတီမှာပါတဲ့ ၁၀၉ ဦးထဲမှာလည်း မပါဘူး။ ဒီတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါမှာ ပါတီအနေနဲ့ ပြင်ဆင်ချင်တဲ့အရာတွေ ပါပါ့မလား။

ဖြေ- ကျွန်တော်တို့ ပါတီ ဖြစ်စေချင်တာက တိုင်းရင်းသားလူမျိုးစု တစ်စုတည်းကိုပဲ မဟုတ်ဘူး။ လူနှစ်စု အတွက်လည်း မဟုတ်ဘူး။ တစ်ပြည်လုံးအပေါ်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးအတွက် ဖြစ်စေချင်တာပါ။ ကိုယ်တဖွဲ့ထဲ တစ်စုတည်းအတွက် ရချင်တာ မဟုတ်ပါဘူး။ ကိုယ်တစ်ဦးထဲရဲ့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင်တာ မဟုတ်ဘူး။ အားလုံးအေးအေးချမ်းချမ်း မျှမျှတတ ဖြစ်စေချင်တယ်။ ဒီစေတနာအပေါ်မှာ အခြေခံပြီး လုပ်တာ မမှားဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်နေရာဘဲ ရောက်ရောက် လုပ်မှာဘဲ။ လွှတ်တော်ထဲရောက်မှ ပြင်ရတာ မဟုတ်ပါဘူး။ လွှတ်တော်ကို ဘယ်သူတွေက ဖွဲ့စည်းထားတာလဲ။ ပြည်သူလူထုက ဖွဲ့စည်းထားတာပါ။ ၂၀၁၀ မှာ ဘယ်လိုနည်းနဲ့ ရွေးခဲ့တယ်ဆိုတာတော့ မပြောတော့ဘူး။ ဒါက တစ်ပိုင်း။ ဒီလွှတ်တော်ကို ဖွဲ့စည်းတာက ပြည်သူလူထုက ဖွဲ့စည်းတာပါ။ လွှတ်တော်မှာလည်း ပြောနေတာဘဲ။ ပြည်သူ့အသံ လွှတ်တော်အသံ ၊ ပြည်သူ့ သဘောထား လွှတ်တော်သဘောထား ဆိုပြီး ပြောနေကြတာဘဲ။ ဆိုလိုတာက လွှတ်တော်အတွင်း လွှတ်တော်ပြင်ပကပဲဖြစ်ဖြစ် ၊ ခေါင်းထဲမှာလည်း မရှိပါဘူး။ စိတ်လည်း မပူဘူး။ ဘာပဲလုပ်လုပ် ၊ ဘာပဲ ဆုံးဖြတ် ဆုံးဖြတ် ၊ လွှတ်တော်ပြင်ပမှာ ရှိတဲ့ ပြည်သူတွေရဲ့ သဘောထားကိုတော့ မလွန်ဆန်သင့်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ မကြိုက်တာကို လူသိရှင်ကြား ပြောပြီးသွားပြီ။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လျှို့ဝှက်ဆွေးနွေးတာလည်း မရှိဘူး။ သူတို့ရေးလိုက်တဲ့ စည်းကမ်းတွေပဲ ရှိတယ်။ လျှို့ဝှက်ဆွေးနွေးမယ်၊ ဒါတွေ ကျွန်တော်တို့ မကြိုက်ဘူး။ အခြေခံဥပဒေက တစ်ပြည်လုံးနဲ့ ဆိုင်တာ။ ရန်သူနဲ့ တိုက်နေရတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း မလျှို့ဝှက်ဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ ပြောင်ပြောရမှာပါ။ အရိုးသားဆုံးက ပွင့်ပွင့်လင်းလင်း ပြောတာက အရိုးဆုံးပါဘဲ။ နောက်တစ်ချက်က မဲခွဲဆုံးဖြတ်မယ်ဆိုတာလည်း ကျွန်တော်တို့ မကြိုက်ပါဘူး။ ဘယ်လို စနစ်နဲ့ မဲခွဲမှာလဲ။ ဒါ မဲခွဲ ရမယ့် ကိစ္စ မဟုတ်ပါဘူး။ အခြေခံဥပဒေ ပြင်ရမှာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို စဉ်းစားရမယ်။ ဒါက ပိုပြီးအရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တာချည်း ဖြစ်သွားမယ် ဗျာ။ ပြည်နယ်တွေမှာ ဖြစ်ချင်တာ ဖြစ်ပစေ ဗျာ ။ ဒါဆို မရပါဘူး။ ဒီစိတ်က ကောင်းတဲ့စိတ်ဓါတ် မဟုတ်ဘူး။ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမယ်။ လွှတ်တော်ထဲ မရောက်တဲ့ လက်နက်ကိုင် အဖွဲ့တွေ အများကြီးရှိနေတယ်။ သူတို့ ကလည်း ငြိမ်းချမ်းရေးမလုပ်ဘဲ တိုက်ပွဲတွေဘဲ လုပ်ဦးမှာဘဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးက အများကြီးကွာသွား မယ်။ ဒါ gap က ဟပြီးရင်း ဟသွားလိမ့်မယ်။ ၆၂ ခုနှစ်က အာဏာသိမ်းတုန်းက အရှေ့တောင်အာရှမှာ ကျွန်တော်တို့ နိုင်ငံက အချမ်းသာဆုံး၊ အခု ၂၀၁၀ မှာ အရပ်သား အစိုးရကို အာဏာလွဲတဲ့အချိန်မှာ အဆင်းရဲဆုံးဖြစ်သွားတယ်။ ဒါ ဘာကြောင့်လည်း စဉ်းစားရမယ်။ ဒါကို ထည့်မတွက်သေးဘူးဆိုရင် ကျွန်တော်တို့လောက် မိုက်မဲတဲ့လူ ရှိတော့မှာ မဟုတ်ဘူး။ နောက်မျိုးဆက်တွေ ဘာဆက်လုပ်ကြမလဲ။


မေး- တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မှ ဖြစ်မှာလား။ ဒါကို ပြင်လိုက်ရင် ငြိမ်းချမ်းရေးက တကယ်ရမှာလား။

ဖြေ- ၂၀၀၈ က ဘာမှလုပ်လို့ မရဘူး။ လက်ရှိ အစိုးရ အနေနဲ့ ဆက်သွားဖို့ မလွယ်ဘူး။ ဘယ်လိုပြင်မလဲဆိုတာက နည်းနည်းပဲ ပြင်မှာလား။ အားလုံး ကြိုက်တာကို ပြင်မှာလား။ ဒါ ရွေးချယ်မှုပဲ။ တကယ်လို့ တိုင်းပြည်နဲ့လူမျိုး အားလုံး အတွက် လုပ်မယ်ဆိုရင် ပြင်ကိုပြင်ရမယ်။


မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ စေဖို့ဆိုရင် ဘယ်လိုအချက်တွေကို ပြင်ဆင်ရမလဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လေး ပြောပေးပါ။

ဖြေ- အချက်အလက် အကုန်ပြောရရင် မိုးလင်းသွားလိမ့်မယ်။ ကျွန်တော်ပြောပြမယ်။ အဓိက နံပါတ်တစ် အလိုအပ်ဆုံးနဲ့ လက်ငင်းအရေးအကြီးဆုံးက အမျိုးသား ပြန်လည်သင့်မြတ်ရေး ရဖို့အတွက် နိုင်ငံရေးသဘောတူညီ ချက် ရဖို့လိုတယ်။ ဒီကိစ္စက အမြင့်ဆုံးဘဲ။ နိုင်ငံရေး သဘောတူညီချက် မရလို့ ဒီလိုဖြစ်နေတာ။ နိုင်ငံရေးသဘောတူညီ ချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးပြီးတော့ တကယ်သုံးကြည့် အဆင်မပြေဘူး။ ဒီဟာကို လက်မခံတဲ့သူ အများကြီး ရှိတယ်။ နည်းနည်းနှောနှော မဟုတ်ဘူး။ တကယ်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ရမှာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးသဘောတူညီချက်ရရင် ဘာမှပြောစရာ မလိုဘူး။ နိုင်ငံရေးသဘောတူညီချက်ဆိုတာ အပစ်ရပ်နေတဲ့ အဖွဲ့အစည်းတွေလည်းပါမယ်။ တပ်မတော်လည်း ပါရမယ်။ နိုင်ငံရေးပါတီတွေလည်း ပါမယ်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တယ်ဆိုရင် မရရအောင် ကြိုးစားရမယ်။ နိုင်ငံရေးသဘောတူညီချက်တွေရအောင် လုပ်ရမယ်။ မရလို့ မဖြစ်ပါဘူး။ ခက်တာတော့ ခက်တယ်။ ခင်ဗျားက ကျွန်တော့်ကို ပြောမှာဘဲ။ မရနိုင်ဘူး။ စိတ်ကူးယဉ်တာဘဲ ၊ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါကြောင့် နောက်ဆုတ်သွားလို့ မရဘူး။ ရအောင်လုပ်ဖို့ စိတ်ကောင်းစေတနာကောင်း နှစ်ဖက်စလုံး ရှိဖို့ လိုတယ်။ အားလုံးက စိတ်ကောင်းစေတနာ ကောင်း ရှိရင် ဖြစ်နိုင်ပါတယ်။ ရသင့်ပါတယ်။ ရှိပြီဆိုရင် ကြံ့ခိုင်ရေးနဲ့ NLD ပူးပေါင်းသဘောတူတယ်။ တပ်မတော်က လည်းသဘောတူလို့ နိုင်ငံရေးသဘောတူညီချက်ရရင် လွှတ်တော်ထဲမှာ သူတို့လူတွေဘဲ။ ဘာပြင်ချင်သလဲ ။ လွှတ် တော်ထဲ မသွားဘဲ ပြင်နိုင်ပါတယ်။ သူတို့ပါတီက ညွှန်ကြားချက်ပေးရုံပါဘဲ။ ပါတီညွှန်ကြားချက်ကို ဒီလွှတ်တော်ကိုယ် စားလှယ်က လက်မခံရင် လွှတ်တော်ကိုယ်စားလှယ်ကို ပါတီက ထုတ်ပေါ့။ ဒါ ရှင်းရှင်းလေးဘဲ။ ဒါကို ဘယ်လိုတွေးကြ လဲ မသိဘူး။ ကျွန်တော်ကတော့ အငြင်းမသန်ဘူး။


မေး- တစည ပါတီက ထုတ်ပြန်ထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်တဲ့အခါမှာ တစ်ဦးတစ်ယောက်ထဲ အတွက် ရည်ရွယ်ပြီး ပြင်တာလည်း မဖြစ်သင့်ဘူးလို့ ထုတ်ပြန်တယ်။ ဒါကို ဘယ်လို သဘောထားပါသလဲ။

ဖြေ- မှန်ပါတယ်။ ပုဂ္ဂိုလ် တစ်ယောက်အတွက် ပြင်ဆင်ပေးတာ မမှန်ပါဘူး။ လူပုဂ္ဂိုလ် တစ်ယောက်ထဲအတွက် တား ဆီးထားတာလည်း မမှန်ပါဘူး။ ပါတီတစ်ရပ်အနေနဲ့ လူပုဂ္ဂိုလ်တစ်ယောက်အတွက် မပြင်ချင်ဘူး။ လူပုဂ္ဂိုလ် တစ်ယောက်အတွက် အခြေခံဥပဒေက တားထားတာလည်း မမှန်ဘူး။ ဒါကို နှစ်ဖက်တွေးဖို့ သင့်ပါတယ်။ တစ်ဖက်ထဲ တွေးရင် တိုက်တာ ခိုက်တာ ဖြစ်သွားမှာပေါ့။


မေး- အခြေခံဥပဒေ ပြင်ဖို့ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍ ပါဝင်လာတယ်။ နိုင်ငံရေး လေ့လာသူတွေပြောတာ ကတော့ တပ်မတော်ကို ပါဝင်လာအောင် စည်းရုံးဖို့လိုတယ်။ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါမှာလည်း တပ်မတော်ကို ဘယ်လောက်ပြင်ဆင်သင့်သလဲပေါ့။ တစ်ခုက ၂၅% နဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် သတင်းတွေ ဖြစ်ပေါ်နေတော့လေ။

ဖြေ- တပ်မတော်က ၀င်ပါနေတာ ကျွန်တော်ထင်တာဆိုရင် စိတ်မချသေးလို့ ဖြစ်နိုင်ပါတယ်။ တပ်မတော်ကို ဒုက္ခမပေးနိုင်အောင် စိတ်ချရတဲ့ အနေအထားအထိ ဒုက္ခမပေးနိုင်တဲ့ အနေအထားအထိ ဖန်တီးမယ်ဆိုရင် သူတို့လက်ခံ မှာပေါ့။ သူတို့တာဝန်က နိုင်ငံကို ကာကွယ်ဖို့လေ။ မျိုးချစ်စိတ်ဓါတ်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လို့ပြောတယ်လေ။ နိုင်ငံတော် ကောင်းစားရေးနဲ့ဆိုရင် မငြင်းလောက်ဘူးလို့ ထင်ပါတယ်။ အသက်တောင် စွန့်လွှတ်ရဲကြတာဘဲ။ ရာထူး မ စွန့်လွှတ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ရာထူးလောက်ဆိုတာ အသေးအဖွဲပါ။ အသက်တောင် စွန့်လွှတ်ရဲသေးတာဘဲ။ ပြည်ပရန် မရှိဘဲ ပြည်တွင်းစစ်က ကိုယ့်အချင်းချင်း ဆော်နေကြတယ်။ အားလုံး ပြီးဆုံးသင့်ပြီ ။ တပ်မတော်ဖက်ကလည်း နားလည်မှု ရှိသင့်ပြီ။ လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း နားလည်မှု ရှိသင့်ပြီ။ ကျွန်တော်က အဲဒီမူနဲ့ သွားနေတာ။ တကယ်တမ်းကြတော့ ကျွန်တော်တို့နယ်က လူတွေ အများကြီးခံရတာ။ ပြီးစေချင်ပြီ ။ တစ်ဦးချင်း လုပ်နေ တဲ့ကိစ္စလည်း ပြီးဖို့သင့်ပြီ။


မေး- လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ တပ်မတော် ပါဝင်သင့်သလား။ ပြည်ပရန်က မရှိပေမဲ့ ပြည်တွင်းစစ်က ဖြစ် နေတာ၊ တပ်မတော်က မြန်မာ့နိုင်ငံရေးကြားမှာ ပါဝင်သင့်သေးလား။

ဖြေ- အခုတော့ ပါဝင်ဆဲပေါ့။ နောင်ကာလမှာ ဒီမိုကရက်တစ်တိုင်းပြည်မျိုး ဖြစ်လာရင် လက်နက်ကိုင်အဖွဲ့အစည်း တွေလည်း နည်းလာရင် တပ်မတော်အနေနဲ့ နိုင်ငံရေးထဲမှာ မပါသင့်ဘူး။ ဘယ်နိုင်ငံမှလည်း ဒါမျိုး မရှိဘူး။


မေး- ကာချုပ်က KNU ဥက္ကဌ မူတူးစေးဖေါ နဲ့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း နိုင်ငံရေးအရလည်း ဆွေးနွေး တယ်။ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ဘယ်လိုအခန်းကဏ္ဍက ပါဝင်သင့်သလဲ။ ငြိမ်း ချမ်းရေးဆွေးနွေးရင် တပ်မတော်က ဦးဆောင်ပြီး ဆွေးနွေးရင် မဖြစ်နိုင်ဘူးလား။

ဖြေ- ကာကွယ်ရေးဦးစီးချုပ်နဲ့ ဗိုလ်ချုပ်မူတူးစေးဖေါ တွေ့တဲ့ကိစ္စဟာ အင်မတန်ကြိုဆိုရမယ့် ကိစ္စ ဖြစ်ပါတယ်။ အရင် တုန်းက အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ အဖွဲ့တွေ ပေါင်းဆုံတွေ့တာ ကြိုဆိုရမှာပါ။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ တိုက်တာခိုက်တာမှ မဟုတ်တာ လက်ခံရမှာပေါ့။ တပ်အပိုင်းအနေနဲ့ကတော့ ထိပ်တိုက်ထိတွေ့မှု မရှိအောင် ဆွေးနွေး တာပိုပြီး လက်တွေ့ကျပါတယ်။ အဆုံးသတ်ကတော့ နိုင်ငံရေးကိစ္စဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးသဘောတူညီချက် ရတဲ့ အထဲမှာ တပ်မတော်ပါဝင်သင့်တယ်။ နိုင်ငံရေးသဘောတူညီချက်ရရင် တပ်မတော်က ကာကွယ်ရေးမှာဘဲ နေသင့် ပါတယ်။ လတ်တလော မြန်မာ့နိုင်ငံရေးမှာ အပစ်ရပ်တဲ့ အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ သူတို့နဲ့ ဆွေးနွေးရင် တပ်မတော်အပိုင်းက ခေါင်းဆောင်တွေပါသင့်တယ်။ ဒါမှလည်း အလုပ်ဖြစ်မှာပေါ့။ ဒါရဲ့ နောက်ပိုင်းကြရင် တပ်မတော် က အေးအေးနေလို့ ရတယ်။


မေး- UNFC အဖွဲ့အစည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိမလဲ။

ဖြေ- UNFC က အသစ်ရေးပဲ။ ဆုံးဖြတ်ချက် ကျနေတာကတော့ အသစ်ရေးမလား၊ ပြင်ဆင်ရေးမလားပေါ့။ နှစ်ချက် ပေါ့။ သိပ်ပြဿနာ မဖြစ်အောင် အားလုံးဝိုင်းပြီးထိန်းထိန်းသိမ်းသိမ်း ပြင်ဆင်ရေး(သို့) အသစ်ရေးပေါ့။ ရှစ်လေးလုံး ငွေရတုသဘင်မှာလည်း ဒီသဘောဘဲ ပြောတာဘဲ။ ကျွန်တော်တို့ တောင်ကြီးမှာ လုပ်တော့လည်း ဒီသဘောပဲ ပြတယ်။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက မွန်ကွန်ဂရက်မှာလည်း ဒီသဘောပဲ ပြတယ်။ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ် နေကြတာပါ။  


မေး
- ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်တဲ့အခါ ဖက်ဒရယ်ကို တကယ်ရရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း မှာရော ၊ ခိုင်မာတဲ့ ဥပဒေရော၊ သဘောတူချက်တွေရော ရှိလား။ ချက်ချင်းဖက်ဒရယ်ပေးလိုက်ရင် သူတို့အချင်းချင်း ပြဿနာတက်နိုင်မယ်ဆိုပြီး နိုင်ငံရေးလောကမှာလည်း တချို့ သုံးသပ်ကြတာ ရှိတယ်။

ဖြေ- ဒါက ပြည်နယ်တွေကို ပြောတာပေါ့။ တချို့ ရန်ကုန်နိုင်ငံရေးသမားတွေက ဒါကို အမြဲထောက်တယ်။ တချို့က မပေးချင်ဘူး။ တချို့ဆိုရင် ဘယ်လောက်တောင်ပြောသလဲဆိုရင် ဗမာမုန်းတီးရေးအတွက် လုပ်တယ်လို့တောင် ပြောကြ တယ်။ ဒါတွေက တော်တော်ခက်တယ်။ စည်းလုံးညီညွတ်ရေးအတွက် ဖက်ဒရယ်ယုံကြည်မှု ထူထောင်ဖို့ ပြောဖို့ ခက်တယ်။ ဒီအချိန်မှာ ဒါတွေကို ရှေ့တန်းမတင်သင့်ဘူး။ ပြည်နယ်တွေမှာ အဆင်သင့်ရှိလား မရှိလားဆိုတာ သူ့အဖွဲ့ အစည်းရဲ့သဘောထားရှိတယ်။ ဒါတွေက တူချင်မှတူမယ်။ တူနေဖို့ကတော့ သိပ်မလွယ်ဘူး။ တစ်ထပ်တည်းကျဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဖန်တီးပေးရမယ်။ တွေ့ဆုံဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးရမယ်။ တောင်ကြီးမှာ လုပ်တဲ့ပွဲဆိုရင် ခွင့်တောင်းရတယ်။ ၁၅-ရက် ၂၀ ကြိုပြီးခွင့်တောင်းရတယ်။ ဒါတွေက ခက်ခက်ခဲခဲ မဖြစ်သင့်ဘူး။ အခု ကျွန်တော်တို့တွေ့ချင်ရင် တယ်လီဖုန်းနဲ့ကောက်ချိန်းလို့ရတယ်။ ရသင့်တယ်။ ဆွေးနွေး ပွဲလုပ်ဖို့ ဒါကိုခွင့်တောင်းနေရမယ်ဆိုရင် ဒီလို အတားအဆီးက မမှန်ဘူး။ သဘောထားကွဲပြားတယ်ဆိုတာ ညှိနှိုင်းခွင့်ရ ဖို့လိုတယ်။ ညှိနှိုင်းဆွေးနွေးလို့ ရရင် သဘောထားကွဲလွဲတာတွေက ပြေပျောက်သွားနိုင်တယ်။ ဒါကို ဒီအတိုင်းထားမယ် ဆိုရင် ဒီအတိုင်းပဲ ဖြစ်နေမှာဘဲ။


မေး- ဒေါ်အောင်ဆန်းစုကြည် ကပြောတယ်။ NLD ကတော့ ပြင်မလား၊ အသစ်ရေးဆွဲမယ်ဆိုတာကို သူတို့တွေက မဆုံးဖြတ်ဘူး။ ပြည်သူအသံတွေကိုသာ ကောက်ယူပြီးတော့ လွှတ်တော်ကို ပို့မယ်လို့ပြောတယ်။ NLD ဒီလို လုပ်ဆောင်နေတာဟာ ထိရောက်မှု ရှိပါ့မလား။

ဖြေ- သူ့ပါတီကတော့ လူထုတွေထဲမှာ ဘာတွေရှိမယ်ဆိုတာကို စစ်တမ်းကောက်မယ်။ ကျွန်တော်တို့ တားလို့ရတာ မဟုတ်ဘူး။ တားဖို့လည်း မသင့်ဘူး။ SNLD ကလည်း ကောက်ချင်ကောက်မှာပဲလေ။ ဒီကိစ္စက ပါတီရဲ့သဘောထား ဘဲဖြစ်ပါတယ်။ သူ့ပါတီ သဘောထားနဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားကို ညှိရမှာပေါ့။ တိုင်းရင်းသားတွေနဲ့ မညှိဘဲ နဲ့လည်း သူတို့ပါတီက ၁၀၉ ဦးကော်မတီကို ပို့ချင်လည်းပို့မှာပေါ့။ ဒါကတော့ သူ့သဘောပါဘဲ။ မှန်တယ် ၊ မမှန်ဘူးဆို တာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရဘူး။ မမှန်ဘူးလို့ ပြောလို့မှ မရတာ။


မေး- ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာဘဲဖြစ်ဖြစ် ၊ အသစ်ရေးတာဘဲ ဖြစ်ဖြစ် ပြီးသွားတဲ့အချိန်ကြတော့ တိုင်းရင်းသားတွေ လိုချင်တာတွေ မပြည့်စုံရင် ဦးစိုင်းညွန့်လွင်တို့ ပါတီအနေနဲ့ ၂၀၁၅ ကျရင်ဘယ်လိုလုပ်မလဲ။

ဖြေ- ဆက်ပြီးတော့ ပြင်အောင်လုပ်ရမယ်။ နှစ်ပေါင်းများစွာထဲက စောင့်လာရတာလေ။ အဓိက ကတော့ ရည်မှန်း ချက် ယုံကြည်ချက်ကိုဘဲ လုပ်ဆောင်မယ်။ ကျွန်တော်တို့ ယုံကြည်တာက ပင်လုံစိတ်ဓါတ်နဲ့ ပေါင်းလာတဲ့ တန်းတူညီမျှ တဲ့ ပြည်ထောင်စုတစ်ခု ဖြစ်ဖို့ ရည်မှန်းတယ်။ ဒါပေမဲ့ တစ်ဖက်က ဖေါက်ဖျက်နေတယ်။ လက်ခံတဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာတဲ့အထိ ကျွန်တော်တို့ ကြိုးစားရမယ်။ လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေပေါ်လာရင် အားလုံး ပြေပြေလည်လည် အေးအေး ဆေးဆေး ဖြစ်သွားမှာပါ။


မေး- ဆရာတို့ပါတီအနေနဲ့ရော အခြေခံဥပဒေပြင်ဆင်ဖို့အတွက် statement ထုတ်ရုံဘဲလား။ ဒါမှမဟုတ် ၁၀၉ ဦး ကော်မတီကို ပေးပို့ဖို့ ဆောင်ရွက်တာမျိုးကော ရှိလား။

ဖြေ- ကျွန်တော်တို့တွေက ကော်မတီနဲ့ ဘာမှ မပတ်သက်ဘူး။ သူတို့တွေကလည်း ဆက်သွယ်လာတာ မရှိဘူး။ သွားတွေ့ဖို့လည်း သူတို့တွေက လက်ခံချင်မှလက်ခံမယ်။ လက်ခံမလား လက်မခံဘူးလား ဆိုတာလည်း မသိဘူး။


မေး- ကော်မတီအနေနဲ့ကတော့ တခြားတိုင်းရင်းသားပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ လက်နက်ကိုင်အဖွဲ့အစည်း တွေ၊ ပြင်ဆင်ချင်တဲ့အချက်တွေ ပေးပို့လာတယ်ဆိုရင် ကော်မတီအနေနဲ့ တောင်းခံသင့်သလား။

ဖြေ- ကော်မတီရဲ့ သဘောထားပါဘဲ။ အဓိက ကတော့ သူတို့ပြည်သူကို ဘယ်လောက်ချစ်သလဲ အပေါ်မူတည် ပါတယ်။ တိုင်းပြည်နဲ့ လူထုကို ချစ်တယ်ဆိုရင် တကယ့်ငြိမ်းချမ်းရေးကို လိုလားရင် သူတို့ကိုယ်တိုင် အဖွဲ့အစည်းတွေဆီ က တောင်းယူရမယ်။ သူတို့ဟာသူတို့ လုပ်ချင်တိုင်းလုပ်နေလို့ မရဘူး။ မလုပ်သင့်ဘူး။


မေး- ပြည်ခိုင်ဖြိုးပါတီဟာ ပါတီထဲမှာ အင်အားအကြီးဆုံးပါတီတစ်ခုပါ။ မဲစနစ်နဲ့ သွားရင် အဲဒီပါတီက သာတယ်။ လူလည်းများတယ်လေ။ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက စိုးရိမ်မှု ရှိနေတယ်လို့ သုံးသပ်မှုတွေရှိနေ တယ်။ အဲဒီ အခြေအနေကိုဘာများ ပြောချင်သလဲ။

ဖြေ- ရိုးရိုးလေးပြောရရင် လူများတာ၊ လူနည်းတာကို စိတ်ထဲမှာ မရှိဘူး။ အမှန်တရားကိုဘဲ စိတ်ထဲမှာ ရှိတယ်။ လူနည်းလည်း အမှန်တရားဘက်က ရပ်တည်နေမှာဘဲ။ အမှန်တရားနဲ့ မမှန်တရားမှာ နည်းတာများတာ မဆိုင်ဘူး။ အယူအဆပဲ လိုပါတယ်။ မှန်တယ်ဆိုရင် တစ်ယောက်ထဲကျန်ခဲ့လည်း ဆက်လုပ်နေမှာဘဲ။ လူများနေတာဟာ အမှန်တ ရားမလာခင်အထိလောက်ဘဲ အကျုံးဝင်တာပါ။ ဇါတ်ကားမပြီးခင်တော့ ရွှေဘက ခဏတော့ ခံနေရမှာဘဲ။ ဇာတ်ကား ပြီးရင် မင်းသားပြန်နိုင်မှာလေ။ လူများတဲ့အတွက်နဲ့ အမှန်တရားကို အကြာကြီးဖုံးထားလို့ မရပါဘူး။ ဒီလိုသာဆိုရင် တရုပ်ပြည်ကို အမြဲရှုံးနေမှာဘဲ။ လုံခြုံရေးကောင်စီမှာဆိုရင် တရုပ်လည်း တစ်မဲဘဲ။ အင်္ဂလန်တို့ အမေရိကန်တို့လည်း တစ်မဲဘဲ။ ဘယ်အင်အားကြီး နိုင်ငံဘဲဖြစ်ဖြစ် တစ်မဲဘဲ။ လူများတိုင်း ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ဆိုရင် အဲဒီစနစ်က မကောင်းပါဘူး။


မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မှဘဲ ထာဝရငြိမ်းချမ်းရေးရမယ်လို့ သုံးသပ်ကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ ကော ဥပဒေဖြစ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေကကော ဘယ်အတိုင်းအတာအထိ ယုံကြည်မှု ရှိမယ်ထင် ပါသလဲ။

ဖြေ- ဒီကိစ္စနဲ့ ပတ်သက်ပြီး မဝေဖန်ချင်ဘူး။ ဒါပေမဲ့ ဆန္ဒပြုချင်တာ တစ်ခုရှိတယ်။ နိုင်ငံရေးပါတီတွေ အစိုးရဘက်က အောက်ခြေကစပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စသင့်နေပြီ။ အစိုးရဘက်ကလည်း ဒါတွေကို အားပေးသင့်တယ်။ ဖြစ်နိုင်ရင် အစိုးရဘက်က လမ်းကြောင်းတွေ ဖွင့်ပေးရမယ်။ အစိုးရက ကမကထပြုလုပ်သည်ဖြစ်စေ၊ အစိုးရက ကော်မတီဖွဲ့ပေးသည်ဖြစ်စေ ညီလာခံတစ်ခုကို ကောက်လုပ်ချင်တိုင်းကောက်လုပ်လို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ တစ်ကြိမ်တက်ခဲ့ပြီးပြီ။ ၉၃ အမျိုးသားညီလာခံတုန်းက တက်ခဲ့တယ်။ ကောက်ခါငင်ခါ ကောက်လုပ်တယ်။ မအောင်မြင် ဘူး။ ဒီအဆင့်ကို အောင်မြင်ချင်ရင်၊ ဒီအဆင့်ကို ရောက်ချင်ရင် အောက်ခြေကစပြီး ဆွေးနွေးပွဲတွေ လုပ်ရပါမယ်။ ဒီလို ဆွေးနွေးလို့လည်း အုပ်စုဖွဲ့တယ်ဆိုပြီး အထင်မမှားစေချင်ဘူး။ နီးစပ်ရာတော့ ဆွေးနွေးရမှာဘဲ။ အဖွဲ့တွေကလည်း သူတို့သန်ရာသန်ရာကို ဆွေးနွေးမှာဘဲလေ။ တစ်ယောက်ကို တစ်ယောက်မသိဘဲနဲ့ အယူအဆချင်းမတူတာ ဆွေးနွေး လို့ ဘယ်ဖြစ်မလဲ။ ပါလီမန်ခေတ်တုန်းကလည်း အကွဲအပြဲတွေ ဖြစ်ခဲ့ဖူးပြီ။ အကွဲအပြဲတွေကို သင်္ခန်းစာ ယူရပါမယ်။ အောက်ခြေအဆင့်တွေကနေ တဖြည်းဖြည်း မြင့်တက်လာသင့်တယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာ ခံတစ်ခု ဖြစ်အောင် တဖြည်းဖြည်းနဲ့ ကြိုးစားသွားရပါမယ်။ ဒဏ်ရာဒဏ်ချက်တွေက အများကြီး။ ဒါတွေကို အခု စလုပ်သင့်နေပါပြီ။


မေး- ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီးတော့ကော ဦးစိုင်းညွန့်လွင် ဘာပြောချင်သလဲ။

ဖြေ- ခုနကပြောသလို အားလုံးက စေတနာကောင်းတွေရှိမယ်။ ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ လိုလားမယ်။ ပြည်ထောင်စု စိတ်ဓါတ်ဖြစ်တဲ့ ပင်လုံစိတ်ဓါတ်ကို ဆက်ပြီး သယ်ဆောင်မယ်ဆိုရင် ဖြစ်လာမယ့် ပြည်နယ်တွေက ကိုယ် ပိုင်ပြဌာန်းခွင့် တောင်းတယ်ဆိုရင် မြေပြန့်ကလူတွေက မြင်နေတာက ပြည်နယ်တွေကိုဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်လို့ ထင်နေတာ အမှန်ကတော့ ဒီလိုမဟုတ်ပါဘူး။ တော်တော်ကို လွဲနေတဲ့အချက်ပါ။ ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့် ရရင် ရန်ကုန်လည်း ရမှာဘဲ။ နိုင်ငံသားအားလုံးက တစ်ပြေးညီ ရကြမှာဘဲ။ ရှမ်းပြည်နယ်သာ ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ် ဆိုရင် ရန်ကုန်လည်း ကိုယ်ပိုင်ပြဌာန်းခွင့် ရမှာပါဘဲ။ မန္တလေးလည်း ကိုယ်ပိုင်ပြဌာန်းခွင့် ရမှာဘဲ။ မကွေးလည်း ရမှာဘဲ။ အဲဒီလို ရှုထောင့်နဲ့ ကြည့်သင့်ပါတယ်။ ဒီက နိုင်ငံရေးသမားတွေကလည်း ဒီအချက်ကို ပြောရင် အခုပြောတဲ့ ရှုထောင့်က နေကြည့်မြင်သင့်ပါတယ်။


မေး- NLD က ပြင်ဆင်တဲ့ အချက်ကို ဆရာတို့ ပြင်ချင်တဲ့အချက်တွေမှာ မဖြစ်နိုင်တာတို့ ၊ မတူတာတို့ သဘောထား ကွဲတာတို့ ရှိပါသလား။

ဖြေ- လောလောဆယ်တော့ အငြင်းမပွါးသေးဘူး။ မဆွေးနွေးသေးဘူး။ ဘယ်အချိန် ဆွေးနွေးမယ်ဆိုတာလည်း မသိ သေးဘူး။ သူတို့တွေကလည်း ဘာမှ မပြောသေးဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှ မပြောသေးဘူး။

No comments:

Post a Comment