Friday 10 January 2014

ကုမုဒြာ ဂျာနယ် အင်တာဗျူး

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်တွင်းက ဘယ်လိုနိုင်ငံရေးအင်အားစုတွေက ပူးပေါင်းပါဝင်သင့်ပါသလဲ။ နိုင်ငံရေးပါတီတွေ အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားတွေကို နားလည်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ။ ဆွေးနွေးပွဲမှာ "၀" တပ်မတော်ပါလာရင် ဘယ်လိုအပြောင်းအလဲတွေ တွေ့နိုင်မလဲ။ လပေါင်း ၃၀ ကျော်အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် လေးလံလာတဲ့ လက်ရှိအစိုးရ အနေနဲ့ ဘယ်လိုအပြောင်းအလဲတွေ လုပ်ဖို့၊ ဘာတွေလုပ် ဖို့ လိုအပ်မလဲဆိုတာတွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် နဲ့ တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါတယ်။



ကုမုဒြာ- လက်ရှိ အစိုးရရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ သဘောထားအမှန် ဘယ်လိုရှိတယ်လို့ ရှမ်းတိုင်းရင်းသားပါတီတစ်ခုက ခေါင်းဆောင် တစ်ယောက်အနေနဲ့ ယူဆပါသလဲ။

စိုင်းညွန့်လွင်- အခု အစိုးရအနေနဲ့တော့ မသိဘူး။ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီအနေနဲ့ကတော့ တောက် လျှောက်လုပ်နေတာ။ အဓိကကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလုပ်နိုင်အောင် သူတို့ ကြိုးစားနေကြတယ်။ တော်တော်လေးလည်း စိတ်ရှည်လက်ရှည်ကြိုးစားနေကြတယ်။ အခု ၂၉ ရက်နေ့ ဇင်းမယ်မှာ တွေ့ကြလိမ့်မယ်။ ကျွန်တော်တို့ ကြုံဖူးသမျှ အစိုးရထဲမှာတော့ သည်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာ တော်တော်လိုက် လျောမှု ရှိပါတယ်။ လေးစားတဲ့အနေနဲ့လည်း အလုပ်လုပ်ကြပါတယ်။ အလုပ်ဖြစ်မယ် မဖြစ်မယ်တော့ ကျိန်းသေမပြော နိုင် ပါဘူး။ အလုပ်ဖြစ်မယ့် သဘောတော့ ရှိတယ်။ ခါတိုင်းအဖွဲ့တွေနဲ့စာရင် သည်အဖွဲ့က (အစိုးရဘက်က ငြိမ်းချမ်းရေး ဖေါ် ဆောင်ရေးကော်မတီ) flexible ဖြစ်ပါတယ်။


ကုမုဒြာ - အပစ်အခတ်ရပ်စဲသွားပြီးရင် နိုင်ငံရေးအရ ဆွေးနွေးမယ်လို့ ယုံကြည်ပါသလား။

စိုင်းညွန့်လွင် - အစိုးရရဲ့ လုပ်ငန်းစဉ်က အပစ်အခတ်ရပ်စဲရေး အရင်သွားမယ်။ ပြီးရင် frame work ရေးမယ်။ political dialogue ဖြစ်ဖို့ procedure တွေ၊ နည်းစနစ်တွေ နည်းပညာတွေ လုပ်မယ်။ နှစ်ဖက်သဘောတူတဲ့ frame work ဖြစ် ဖို့လိုတယ်။ အဲဒါ ပြီးတော့မှ အဲဒီသဘောတူချက်နဲ့အညီ နိုင်ငံရေး ဆွေးနွေးပွဲကို စမှာ။ ဒါပေမဲ့ ထူးဆန်းနေတာက သည် procedure ထဲကို နိုင်ငံရေးပါတီတွေက သည်ကနေ့အထိ ၀င်မပါသေးဘူး။ အစိုးရကလည်း မပြောဘူး။ လက်နက်ကိုင် တွေဘက်ကလည်း မပြောဘူး။ ဒါပေမဲ့ အစိုးရ လုပ်လိုက်တဲ့ အကွက်တစ်ကွက်တော့ ရှိတယ်။ ချင်းမိုင်မှာ ကျွန်တော်တို့ ၁၂ ပါတီက ပုဂ္ဂိုလ်တစ်ယောက်ချင်းစီ ဖိတ်ပြီး ချင်းမိုင်ကိုလွှတ်တယ်။ ကြံ့ခိုင်ရေးကတော့ အကြောင်းမပြန်ဘူး။ ကျွန်တော် တို့လိုက်သွားတယ်။ နိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်တွေနဲ့ ပထမဆုံးတွေ့တဲ့ပွဲပဲ။ ပထမဆုံး တရားဝင်တွေ့တာပေါ့။


ကုမုဒြာ - နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြည်တွင်းက ဘယ်လိုနိုင်ငံရေး အင်အားစုတွေက ပူးပေါင်းပါဝင် သင့်တယ်လို့ ယူဆပါသလဲ။

စိုင်းညွန့်လွင် - အားလုံးသဘောတူတာကို ပြောရမယ်။ အစိုးရကတော့ အားလုံး ပါဝင်စေချင်တယ်တဲ့။ ဟိုဘက် ကလည်း WGEC ဆိုပြီး ဖွဲ့ထားတယ်။ အဲသည်မှာလည်း WGEC ဆိုပြီး ဖွဲ့ထားတဲ့ framework ကလည်း တော်တော်လေး ကျယ်ပြန့်ပါတယ်။ အမျိုးသမီးရေးရာတွေ၊ ပညာရှင်တွေ ပါဝင်တယ်။ တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ပါပဲ။ တော်တော်လေး ကျယ်ပြန့်တော့ ကျွန်တော်တို့က စိတ်ပူနေတယ်။ နိုင်ငံရေးဆွေးနွေးပွဲက သဘောတူချက်တွေမှ ရပါ့မလားလို့ပေါ့နော်။ သိပ်ကျယ်ပြန့်လို့ရှိရင် သဘောတူညီချက်တွေမရမှာ စိုးရိမ်ရပါတယ်။ အခုညှိနေကြပြီ။ အစိုးရလို့ပြောရခက်တဲ့ MPC နဲ့ WGEC နဲ့ညှိနေကြတယ်။ ဒါပေမဲ့ အဲသည်အဆင့်ကို မရောက်ခင်မှာ အခုက လောလောဆယ် အခက်အခဲဖြစ်နေတာက အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စမှာ တစ်နေတာလေးတွေ တစ်ခုနှစ် ခု ရှိတယ်။


ကုမုဒြာ။ တိုင်းရင်းသားလက်နက်ကိုင်တွေက အစိုရအနေနဲ့ နိုင်ငံရေးဆွေးနွေးတဲ့ အထိသွားမယ်လို့ မယုံကြည်ကြသေးဘူးလို့ ချင်းမိုင်သွားခဲ့တဲ့ နိုင်ငံရေးပါတီအချို့က ပုဂ္ဂိုလ်တွေက ပြောတယ်။ အန်ကယ့် အနေနဲ့ဘယ်လိုမြင်ပါသလဲ။

ဦးစိုင်းညွန့်လွင်။ သည်သွားခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ ကျွန်တော့်မိတ်ဆွေတွေပါပဲ။ ဒါပေမဲ့ တော်တော်များများက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အနေအထားကိုမသိဘူး။ တော်တော်လေး ကင်းဝေးပါတယ်။ ပြောမယ်ဆိုရင် ဒါပထမဆုံးတွေ့တဲ့ သဘောပါပဲ။ ဟိုဘက်က ပြောတာတွေအများကြီးရှိတယ်။ သည်ဘက်က မှားနေတာတွေပေါ့နော်။ အဲဒါကျတော့ သူတို့ (နိုင်ငံရေးပါတီ) ပြန်မရှင်းတတ်ဘူး။ သူတို့တာဝန်မရှိဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဥပမာဗျာ MPC နဲ့သူတို့ (တိုင်းရင်းသားလက်နက်ကိုင်) ဆွေးနွေးတဲ့ အခါမှာ MPC က သူတို့ကိုယ်သူတို့ နိုင်ငံတော်က နိုင်ငံတော်ကလို့ ပြောနေတာကို ဟိုက လက်မခံနိုင်ဘူး။ ကျွန်တော့်ကိုပြောတယ်၊ ဒါတွေ သူတို့လက်မခံနိုင်ဘူး။ နောက် နိုင်ငံရေးပါတီတွေ က MPC ကို ပြန်လာပြောတဲ့အခါကျတော့ အဲသည်အချက်တွေ ထည့်မပြောဘူးဗျ။ ချန်ထားတယ်။ ကျွန်တော်တို့ကျတော့ ဟိုဘက်ကလူတွေကို ပိုနီးစပ်တယ်။ နိုင်ငံရေးပါတီတွေက တိုင်းရင်းသားလက်နက်ကိုင် တွေကို နားလည်တယ်လို့ ထင်နေ တာ၊ တကယ်တော့ သူတို့နားမလည်တာ အများကြီးရှိတယ်။ သူတို့အများကြီး ကြိုးစားရဦးမယ်။ သည်မစ်ရှင်မသွားခင် ကတည်းက ကျွန်တော်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ ကျွန်တော်တို့က အစိုးရမစ်ရှင်သဘောမျိုးဆို မလိုက်ချင် ဘူး။ အားလုံး ပွင့်ပွင့်လင်းလင်းနဲ့ လွတ်လွတ်လပ်လပ် ပြောမယ်။ ကိုယ်ပိုင်အယူအဆ ပြောချင်တယ်။ ဦးအောင်မင်းက လည်း နားလည်တယ်။ ခင်ဗျားတို့ကြိုက်တာပြော၊ ခင်ဗျားတို့ကိစ္စပဲ၊ အစိုးရရဲ့မစ်ရှင်မဟုတ်ဘူးလို့ပြောတယ်။


ကုမုဒြာ ။ နိုင်ငံရေးဆွေးနွေးပွဲ ကျရင် နိုင်ငံရေးပါတီတွေလည်း ပါဝင်လာမယ်လို့ ဦးအောင်မင်းက ပြောတယ်။ အခုနိုင်ငံရေးပါတီတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားတွေကို နားမလည်သေးဘူးလို့ ပြောတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောထားတွေကို နားလည်အောင် ဆွေးနွေး ပွဲတကယ်ကျင်းပတဲ့အခါမှာ နားလည်မှုရရှိအောင် ဘယ်လိုလုပ်သင့်ပါသလဲ။

ဦးစိုင်းညွန့်လွင်။ လုပ်ရမှာ၊ သူတို့နားလည်အောင် ကြိုးစားရမှာ။ ဆွေးနွေးပွဲလေးတွေ အများကြီး လုပ်ရမယ်။ ခဏခဏ တွေ့ဖို့လိုတယ်။ အချင်းချင်း သဘောထားကို နားလည်ဖို့လိုပါတယ်။ ကျွန်တော်တို့ပြည်မမှာဖွဲ့တဲ့ နိုင်ငံရေးပါတီ တော်တော်များများက နယ်စပ်မှာ ဖြစ်နေတဲ့ ဒုက္ခတွေသူတို့မသိဘူး။ သူတို့အမြဲတမ်းပြောတယ်။ တောင်ပေါ်မှာ ခံနေရသလို စစ်အစိုးရက တို့ကိုလည်း တီးတာပဲ၊ တို့လည်းခံနေရတာပဲလို့ပြောကြတယ်။ မတူဘူးနော်။ တော်တော်လေးမ တူဘူးနော်။ ရှင်းပြရတာ တော်တော်လေး ခွကျတယ်။ လက်ဝင်တယ်။ အစည်းအဝေးတွေလုပ်ပြီး သူတို့နားလည်အောင် လုပ်ရမယ်လို့ ကျွန်တော်ထင်တယ်။


ကုမုဒြာ။ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးထဲမှာမှ ဘယ်အပိုင်းကစ ဆွေးနွေးသင့်တယ်လို့ အန်ကယ့် အနေနဲ့ ယူဆပါသလဲ။

ဦးစိုင်းညွန့်လွင်။ အဓိကကတော့ အခြေခံဥပဒေပဲ။ အခု တချို့ပါတီကြီးတွေလုပ်နေတာ ကျွန်တော်တို့နဲ့ ကွဲလွဲတာရှိတယ်။ ကျွန်တော်တို့က နိုင်ငံရေးသဘောတူညီချက်ရဖို့လိုတယ်။ နိုင်ငံရေးသဘောတူညီချက် ရပြီးတော့မှ ရထားတဲ့ နိုင်ငံရေး သဘောတူညီချက်နဲ့ အခြေခံ ဥပဒေကို အသစ် ရေးမှာလား။ အသစ်ရေးဖို့လိုရင်လည်း အသစ်ရေးမှာ ပေါ့။ သည်သဘောတူညီချက်အပေါ်မှာပဲ မူတည်တယ်လေ။ သည်သဘောတူညီချက်က ပြင်ရမယ်ဆိုရင်လည်းပြင်ပေါ့။ အခုဟာက ပြင်မှာလား၊ အသစ်ရေးမှာလား လိုက်မေးနေကြတယ်လေ။ ကျွန်တော့်မှာလည်း မေးခွန်းရှိတယ်။ ကဲ အခု အများစုက ပြင်မယ် ပြောတယ်။ ဘာနဲ့ပြင်မှာလဲ။ ဘယ်ဟာကိုပြင်မှာလဲ။ ကိုယ့်သဘောတစ်ခုတည်းနဲ့ ပြင်လို့မရဘူးလေ။

ကျွန်တော်တို့ အခု နိုင်ငံရေး မပြေလည်တာကလည်း သည်အခြေခံ ဥပဒေက ကျွန်တော်တို့သဘောမ တူတဲ့ဟာတွေကို ရေးထားတာကိုး။ ကျွန်တော်နှစ်ချက်ပြောချင်တယ်။ ပထမအချက်က အခြေခံဥပဒေကို ပြင်ဖို့လိုမယ်။ နောက်တစ်ခုက အဲသည် အခြေခံဥပဒေကို လိုက်နာဖို့ လိုတယ်။ လူတွေမေ့နေတဲ့ အချက်တစ်ချက်ရှိတယ်။ အခြေခံ ဥပဒေက အသစ်ရေးရမယ် ဘာညာပြောကြတယ်။ လိုက်နာဖို့တော့ မတိုက်တွန်းကြဘူး။ အဲဒါက မမှန်ဘူးနော်။ အားလုံးသဘောတူပြီးရင် အားလုံး လိုက်နာဖို့လိုတယ်။


ကုမုဒြာ။ ၂၀၁၅ အမီ ဖွဲ့စည်းပုံပြင်မယ်ဆိုရင် တိုင်းရင်းသားပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်အချက်တွေကို တိုင်းရင်းသားတွေအတွက် ပြင်သင့်တယ်လို့ အကြံပေးချင်သလဲ။

ဦးစိုင်းညွန့်လွင်။ ကျွန်တော်တို့ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တယ်။ တန်းတူညီမျှရေး ဖြစ်ချင်တယ်။ နိုင်ငံရေးစနစ်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကိုး။ ဒီမိုကရေစီမရှိရင်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ မလွယ်ဘူးလေ။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ရှိမှပဲ ဒီမိုကရေစီစနစ်က ပိုကျင့်သုံးလို့ကောင်းမယ်။ အဲဒါလောက်ပဲ ခြုံပြီးပြောသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်။


ကုမုဒြာ။ နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ကြုံရမယ့် စိန်ခေါ်မှုက ဘာတွေလဲ။

ဦးစိုင်းညွန့်လွင်။ ပြောခဲ့တဲ့ အခြေခံဥပဒေကို ၂၀၁၅ မတိုင်ခင် ပြီးအောင် လုပ်မယ်ဆိုတာလည်း မေးခွန်းတစ်ခု ရှိသေး တယ်။ ပြီးချင်လည်းပြီးနိုင်မယ်၊ ကြာရင်လည်း ကြာသွားနိုင်တယ်။ ဘာကြောင့် အဲသည်လို ပြောရလဲဆိုတော့ နိုင်ငံရေးသဘောတူညီချက်အပေါ်မှာပဲ မူတည်တယ်။ နိုင်ငံရေး သဘောတူညီချက်တွေ မြန်မြန်ရရင် အခြေခံ ဥပဒေ ကိုလည်း မြန်မြန်ပြင်လို့ရမယ်။ အခုတော့ ကျွန်တော်တို့အားလုံးလိုချင်တဲ့ ညီလာခံ အစည်းအဝေးကြီးတစ်ခု ကနေပြီးတော့ အားလုံးသဘောတူထားတဲ့ ရည်မှန်းချက်တစ်ခု ထွက်လာလိမ့်မယ်။ အဲသည်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေ လည်းပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိတယ်။ ကြံ့ခိုင်ရေးလည်းပါတဲ့အတွက် ကြံ့ခိုင်ရေး ပါတီထဲမှာ သဘောတူပြီဆိုရင် သူတို့ပါတီ ထဲက လွှတ်တော်ကိုယ်စားလှယ်တွေလည်း သဘောတူရမှာပဲ။ ဆိုတော့ သည်လွှတ်တော်ထဲမှာ ဘာမှ အငြင်းပွားစရာ မရှိတော့လို့ ဖွဲ့စည်းပုံပြင်ဖို့ကျတော့ မြန်သွားလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ရဖို့ဆိုတာက ပြောသလောက် မလွယ်ဘူး။ ဒါပေမဲ့ တိုက်ပွဲတွေနဲ့ ဖြေရှင်းတာထက်စာရင် ပိုပြီးကောင်းပါတယ်။


ကုမုဒြာ။ အပေါ်မှာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေပေမဲ့ တိုက်ပွဲတွေဖြစ်နေသေးတယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရဲ့ သဘောထားကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေပေါ်မှာ ဘယ်လိုရှိတယ်လို့ ယူဆပါသလဲ။

ဦးစိုင်းညွန့်လွင်။ ကျွန်တော်တို့ သူတို့စိတ်ထားဘယ်လိုရှိတယ်ဆိုတာထက် သူတို့ရှိသင့်ရှိထိုက်တဲ့ စိတ်ဓာတ်ကို ပြောချင် တယ်။ အခု တိုင်းပြည်အရေးက ဘာဖြစ်နေပြီလဲ၊ တိုင်းပြည် ဘယ်လိုအခြေအနေတွေ ဆိုက်ရောက်နေလဲ သူတို့ စဉ်းစားဖို့ လိုတယ်။ တိုင်းပြည်အရေးကို ဦးစားပေးမယ်၊ ပထမ ဦးစားပေးက နိုင်ငံတော် ဖြစ်တယ်ဆိုရင် သိပ်မခက်ဘူးနော်။ သူတို့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ရမယ်။ ဒေါ်အောင်ဆန်းစုကြည်မှ မဟုတ်ဘူး ကျန်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း အကုန်တွေ့ရမယ်။ အခုတွေ့တော့ တွေ့နေတယ်။ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်အဆင့်တောင် တွေ့တာတွေ လုပ်နေတယ်။ ကာကွယ်ရေးဦးစီးချုပ် ကျန်နေတာပေါ့။ သိပ်အဆိုးကြီးမြင်နေလို့ မရဘူး။ အခု တပ်မတော်ထဲမှာလည်း တရားမျှတတဲ့ နားလည်မှုရှိတဲ့ ခေါင်းဆောင်တွေ ပေါ်လာပါပြီလို့ အချို့ကလည်း သုံးသပ်တာတွေ ရှိပါတယ်။ အရင်ကလို အရမ်းမာနေတာ မဟုတ်ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မတွေ့ဘူးလို့ သူတို့ ယတိပြတ်ပြောလို့ မရဘူး။ နိုင်ငံရေး ခေါင်းဆောင်တွေက နိုင်ငံခြားနဲ့ပြဿနာဖြစ်ရင် တခြားနိုင်ငံသားတွေနဲ့တောင် တွေ့ရသေးတာပဲ။ ဟုတ်တယ်မဟုတ်လား။ ရန်သူနဲ့လည်း လက်ဆွဲနှုတ်ဆက်ရဲရမယ်။ ကိုယ့်နိုင်ငံတွက်ဆိုရင်တော့လေ။ ကိုယ့်အသက် တောင် အသေခံရဲသေးတာပဲဗျာ ကိုယ်နဲ့သဘောမတူတဲ့သူနဲ့ လက်ဆွဲမနှုတ်ဆက်ရဲဘူးဆိုတာ သိပ်ပြီးတော့ အဓိပ္ပာယ် မရှိပါဘူး။


ကုမုဒြာ။ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်တပ်မတော်လို့ ပြောလိုက်တဲ့အချိန်မှာ စစ်ရေးအခမ်းအနားတစ်ခု မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုတပ်မတော် ဆိုတဲ့ အသုံးအနှုန်းကို သုံးသွားပါတယ်။ အဲသည်အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဦးစိုင်းညွန့်လွင်။ သူက ဖြေရှင်းချက်ပေးတာပေါ့။ သူပြောတဲ့အထဲမှာ တပ်မတော်က အခုဆိုရင် ဗိုလ်ချုပ်ကြီးအဆင့် တွေတောင်မှ တိုင်းရင်းသားတွေ ပါပါတယ်။ အစစ်မဟုတ်တောင် ကပြားတွေပါတယ်လို့သူက ရှင်းနေတယ်။ အမှန်တော့ ကိုဂွမ်မော်တို့နဲ့ ကျွန်တော်တို့ မေးကြည့်တဲ့အခါမှာ သူတို့က concept ပဲလိုတာ၊ သိပ်အဆိုးကြီး မဟုတ်ဘူးဗျ။ ဗိုလ်ချုပ်ကြီး မြင့်စိုးက သူနည်းနည်းခံစားချက်နဲ့ ပြောခဲ့တယ်။ အဲသည်လိုမျိုး မဟုတ်ဘူး။ ကိုဂွမ်မော် တို့ပြောနေတာက ပြည်ထောင်စု ကို ကာကွယ်တဲ့ တပ်မတော်လိုချင်တာ။ သူဆိုလိုတာက အခုတပ်မတော်က ပြည်ထောင်စုကို မကာကွယ်ဘူး၊ လူတစ်စုကို ပဲ ကာကွယ်နေတယ်။ ဒါကို သူပြောချင်တာ။ သိပ်ပြီး မခက်လှဘူး။ သေချာမဆွေးနွေးလို့ပါ ကျွန်တော်ဆိုရင် ဦးလှမောင်ရွှေ တို့ကို ပြောတယ်။ ဟိုဘက်က ပြောလာတဲ့ offer တစ်ခုကို ဘာမှ မစဉ်းစားဘဲ ချက်ချင်းပယ်ချတာတွေကတော့ အလုပ် မဖြစ်ဘူးလို့။ ချက်ချင်းပယ်ချပြီး ဒါကြီးက မဟုတ်ဘူးလို့ ပြောလိုက်တော့ အရှေ့ဆက်သွားလို့ မရတော့ဘူးလေ။ နံပါတ် (၁) စိတ်ရှည်ဖို့လိုတယ်။ နံပါတ် (၂) ကတော့ တစ်ဖက်က အဆိုပြုချက်တွေကို လေးစားဖို့ လိုတယ်။ ကိုယ်လည်း ကိုယ့်အဆိုပြုချက် ရှိတယ်လေ။ တစ်ဖက်က တက်လာ တဲ့ အဆိုပြုချက်တွေကို ချက်ချင်းပယ်ချ ချက်ချင်းပယ်ချဆိုတော့ အလုပ်မဖြစ်တော့ဘူး။ တကယ်တော့ MPC ရဲ့ အနေအ ထားက ကြားမှာ ဖြစ်ရမှာက natural team ဖြစ်ရမှာ။ အခု အဲသည်လို မဟုတ်ဘူးလို ဖြစ်နေတယ်။ လူတွေက သူတို့ကို အဲသည်လိုဘယ်သူမှ မသတ်မှတ်ဘူးလေ။ ဒါ ဗြောင်ပြောလို့လည်း ရပါတယ်။ အဲဒါက တော်တော်တော့ခွကျတယ်။ နောင် သူတို့ သူတို့ ဘာသာ နိုင်ငံတော်က နိုင်ငံတော်က လို့ပြောတော့ သူတို့နဲ့ ဆွေးနွေးတဲ့သူတွေက စိတ်ညစ်တယ်။ အခုတော့ သူတို့ဆွေးနွေးတဲ့သူတွေက တောကြိုအုံကြားက လာတာမဟုတ်ဘူး။ သူပုန်တွေဆိုပေမဲ့ ကျွန်တော်တို့ထက် ခေတ်မီတဲ့ နိုင်ငံမှာနေနေတာ။ စာတွေလည်း အများကြီး ဖတ်တယ်။ အကုန်လုံး ခေတ်ပညာတတ်တွေချည်းပဲ။ နိုင်ငံရေးကို တောက်လျှောက်လုပ်လာတဲ့သူတွေ၊ နိုင်ငံရေးအကြောင်းကို တောက်လျှောက် လေ့လာတဲ့သူတွေ၊ သူတို့ကို အထင်သေး လို့ မရဘူးလေ။ စကားလုံးတွေလည်း အသုံးအနှုန်းတွေက လျှောက်ပြောလို့မရဘူးလေ။ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် ကိုယ့် နိုင်ငံတော်အတွက် အောင်မြင်အောင် လုပ်ချင်တယ်ဆိုရင်တော့ သည်လို mind-set မျိုးနဲ့ မရဘူး။ ပြင်မှကို ရမယ်။ သမ္မတ ဦးသိန်းစိန်သွားနေတဲ့ ပေါ်လစီက ကောင်းပါတယ်။ Win win ပေါ်လစီပေါ့။ ဒါက ဘယ်သူပဲဖြစ်ဖြစ် လက်ခံသင့်တဲ့ကိစ္စပါ ပဲ။


ကုမုဒြာ။ ရှမ်းပြည်ဟာ အာရှမှာ မူးယစ်ဆေးဝါး အထွက်ဆုံး ဖြစ်လာတယ်။ ရက်ပိုင်းအတွင်းက ကုလသမဂ္ဂ ထုတ်ပြန်ချက်ထဲမှာ ရှမ်းပြည်ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ပိုမိုမြင့်တက်လာတယ်လို့ ဖော်ပြထားတယ်။ ရှမ်းပြည်လူ ငယ်တွေရဲ့ အနာဂတ်ကို သည်မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချမှု မြင့်တက်လာမှုက ဘယ်လိုများ ခြိမ်းခြောက်နေပါ သလဲ။

ဦးစိုင်းညွန့်လွင်။ ရှမ်းလူထု မဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို သက်ရောက်မှု ရှိနေတယ်။ ဒါဟာလည်း ဥပဒေစိုးမိုးရေးကို မတည်ဆောက်နိုင်လို့ ဖြစ်တာပဲ။ ဥပဒေစိုးမိုးရေး ရှိလာရင် ဒါတွေ လျော့သွားမယ်။ သည်လူထုတွေရဲ့ လူထုစီးပွားရေးကို မထူထောင်ပေးနိုင်ဘူး။ အစိုးရအပြင် ရှမ်းပြည်နယ် အစိုးရလည်း ရှိတာပဲ၊ ကချင်ပြည်နယ် အစိုးရလည်း ရှိတာပဲ၊ ချင်းပြည်နယ်အစိုးရလည်း ရှိတာပဲ။ ဒါပေမဲ့ သူတို့လက်လှမ်းမမီလို့လား မသိဘူး။ ကျွန်တော်တို့ အဖြေရှာရမှာ။ အချက်အ လက်တွေက အမေရိကန်တွေဆီက ရတယ်။ သူတို့က သေချာတယ်။ ကျွန်တော်တို့မှာကျတော့ သူတို့ပြောတဲ့ အချက်အ လက်တွေကို အတည်ပြုနိုင်ဖို့ခက်တယ်။

အခု စစ်ပွဲတွေ ရပ်မယ်။ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နိုင်မယ်။ ဖွံ့ဖြိုးရေးဆိုတာ သည် ဒေသကို ကားလမ်းတွေရောက်မယ်၊ မီးတွေ ရလာမယ်။ ဥပဒေ စိုးမိုးရေးသာရှိရင် တစ်ခါတည်း ပျောက်သွားမယ်။ ဒါတွေက လူမသွားနိုင်တဲ့နေရာတွေမှာ စိုက်ကြတာကိုး။ လူသွားနိုင်ပြီဟေ့ဆိုရင် မစိုက်တော့ပါဘူး။ တိုင်းပြည်တည်ငြိမ်မှုရှိလာရင် ပြောင်းသွားမှာပါ။


ကုမုဒြာ။ လပေါင်း ၃၀ ကျော်တဲ့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် လေးလံလာတယ်လို့ ပြောကြတယ်။ လက်ရှိအချိန်မှာ အစိုးရအနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်မယ်လို့ အကြံပေးချင်ပါသလဲ။

ဦးစိုင်းညွန့်လွင်။ တရားရေးမဏ္ဍိုင်ကို အရင်ကိုင်စေချင်တယ်။ တရားရေးမဏ္ဍိုင်က ကိုင်ရင်းနဲ့ ပိုဆိုးနေပြီ။ အရေးယူမှု တအားနည်းတယ်။ အရေးယူရင် ဘာဖြစ်လာမလဲဆိုတော့ နောက်ဆက်တွဲ အကျိုးတစ်ခု ငဲ့ညှာရတယ် ထင်တယ်။ တရားသူ ကြီးတစ်ယောက်ဆိုရင် လာဘ်စားမှန်းသိတာပဲ။

ဒါပေမဲ့ သူ့ကို နုတ်ထွက်ခွင့် ပေးလိုက်တယ်။ နောက် ဆက်သွယ်ရေးဘက်က တရားစွဲရမယ့်ဟာတွေ မစွဲခဲ့ဘူး။ အခုလာဘ်စားတဲ့သူတွေက စားနေတာပဲ၊ မကြောက်ဘူး ချနေတာပဲ။ ပြတ်ပြတ်သားသား လုပ်ရမှာ။ အမှန်က စစ်သားဘ၀က လာတဲ့သူတွေ ပြတ်ပြတ်သားသားလုပ်ရမှာ။ ဘာကြောင့် မလုပ်လဲ မသိဘူး။ သူ့အခက်အခဲတွေ က ဘာလဲ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဒါက သည်အတိုင်းထားရင် ခြစားမှု ဆက်ရှိနေဦးမှာပဲ။ ခြစားမှုရှိရင် တရားဥပဒေ စိုးမိုး ရေးလည်း မရှိတော့ဘူး။ တရားရေးကို ရိုက်ခတ်မယ်။ တချို့ ကိစ္စတွေလည်း အစိုးရဘက်ကတင်ပြီး လွှတ်တော်က မလုပ်ပေးတာလည်း ရှိတယ်။ ဥပမာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြုတ်ချနိုင်တဲ့ဟာကို လွှတ်တော်က ဖြုတ်ချထား လိုက်တယ်။ သူ့ကို ထိမယ့်ဟာမို့လို့လား မသိဘူး။ အများကြီးပဲ လုပ်စရာတွေ ရှိတယ်။ အစိုးရနဲ့ လွှတ်တော်က တည့်လည်း မတည့်ရဘူးဗျ၊ တစ်ယောက်နဲ့တစ်ယောက် မတည့်ပေမဲ့ အကူအညီပေးရမယ်။ အခုဟာက အကူအညီမပေးဘဲနဲ့ ဌာနနှစ် ခုကနေ တစ်ယောက်နဲ့ တစ်ယောက် ခတ်သလို ဖြစ်နေတယ်။ အဲဒါမျိုးကလည်းတိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးခရီးသွားနေတဲ့ ကိစ္စ မှာ အနှောင့်အယှက် ဖြစ်တယ်။ ကျွန်တော်တို့ အချို့နိုင်ငံရေးသမားတွေ မကြိုက်တာကတော့ အခု အစိုးရ လုပ်ရမယ့် အလုပ်ကို ဥပဒေပြုတဲ့သူတွေက ၀င်လုပ်သလို ဖြစ်နေတယ်။ အခြေခံဥပဒေမှာကိုက တရားစီရင်ရေး၊ အုပ်ချုပ်ရေး ဥပဒေပြုရေး၊ သီးခြားစီ ဖြစ်ရမယ်ဗျာ။ ရောသွားသလို ဖြစ်နေတယ်။


ကုမုဒြာ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ ၂၀၁၅ မှာ ကြုံရမယ့် စိန်ခေါ်မှုက ဘာတွေလဲ၊ ဘာတွေပြင်ဆင်နေပြီလဲ။

ဦးစိုင်းညွန့်လွင်။ အခုကကို critical point ဖြစ်နေပြီ။ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့ ပြဿနာက စလာပြီ။ ကျွန်တော်တို့က ၂၀၁၀ တုန်းကလည်း တောင်ထဲမှာ ခေါင်းဆောင်တွေရှိနေတော့ မ၀င်ခဲ့ဘူး။ ကျွန်တော်တို့ မ၀င်လို့ ဇိုမီးတို့၊ ရခိုင်တို့၊ မွန်တို့လည်း မ၀င်ခဲ့ဘူး။ အဲသည်လိုပဲ နေလာကြတယ်။ အခုတစ်ခါကျတော့ မ၀င်ဘူးဆိုလည်း အခက်အခဲတွေအများကြီး ရှိတယ်။ ၀င်ရင်လည်း နိုင်ငံရေးအရ စွန့်လွှတ်ရမယ့် ကိစ္စတွေ ရှိတယ်။ ၂၀၀၈ ကို လက်ခံသလိုလို ဖြစ်မယ်။ အခုက ဒါ စစဉ်းစားနေရပါပြီ။ သည်ဝင်မယ် မ၀င်ဘူးဆိုတာကိုပါ။ အရင် မ၀င်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာ အခုပြန်စဉ်းစားရမယ့် အဆင့်ရောက်နေပြီ။ အောက်ခြေကိုဆင်းလိုက်တဲ့အခါမှာ သည်မေးခွန်း သည်အချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ရှေ့မှာ SNDP ရှိတယ်။ သူတို့နဲ့က နိုင်ငံရေးအရ အမြင်မတူတာတွေ ရှိတယ်။ အမြင်မတူတာတော့ သည်အတိုင်းလွှတ်လိုက်မလားပေါ့။

ဂရိပညာရှင်တစ်ယောက် ပြောတာရှိတယ်။ လူတော် လူကောင်းတွေ ၀င်ပြီး မအုပ်ချုပ်လို့ရှိရင် လူညံ့တွေ အုပ်ချုပ်တာကို ခံပေတော့တဲ့။ ကိုယ့်ကိုယ်ကို လူတော်မဟုတ်ပေမဲ့ စဉ်းစားလာရပြီပေါ့။ ဆုံးဖြတ်ဖို့ စောပါသေးတယ်။ အဓိက ကတော့ မှန်မှန်ကန်ကန် လုပ်ဖို့ရယ်၊ ပေါ်လစီမှန်ဖို့ရယ်။ ပေါ်လစီဆိုတာကလည်း လူထုအတွက် ပေါ်လစီဖြစ်ဖို့လိုတယ်။


ကုမုဒြာ။ အခုလို အချိန်ပေး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။




No comments:

Post a Comment