ကျွန်တော်တို့ နိုင်ငံရေးပါတီဆီကို စာတမ်းတွေ၊ သုတေသနပြုချက်တွေ၊ သုံးသပ်ချက်တွေ၊ ထင်မြင်ယူဆချက်တွေ၊
အကြံ ပေးတိုက်တွန်းချက်တွေ စသဖြင့် အများအပြား ရောက်ရှိတတ်ပါတယ်။ အဲဒီအထဲက လက်ဖက်ရည်ကြမ်းဝိုင်း
အဖွဲ့ ဆိုတာ ရဲ့ သုံးသပ်ဆန်းစစ်ချက် (၂၀၁၄ ဇန္န၀ါရီလ) ဆိုတဲ့ ဆန်းစစ်ချက်က ထူးခြားနေတာနဲ့
ကျွန်တော့် blog မှာ ဖေါ်ပြလိုက်ပါတယ်။
လက်ဖက်ရည်ကြမ်းဝိုင်း အဖွဲ့၏ ယနေ့ မြန်မာ့နိုင်ငံရေး
ဆန်းစစ်ချက် (၂၀၁၄ ဇန္န၀ါရီလ)
ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ဆန်းစစ်ကြရာတွင် အားလုံးလိုလိုက ၂၀၁၄
ခုနှစ်သည် ခက်ခဲသော နှစ် တစ်နှစ်ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်း၏
သုံးသပ်ချက်အနေဖြင့်မူ ၂၀၁၄ ခုနှစ်သည် ထူးထူးခြားခြား အပြောင်းအလဲ မရှိနိုင်ဟု တော်ဝင်နှင်းဆီတွင်
ကျင်းပသော စကားစစ်ထိုးပွဲတွင် ပြောကြားခဲ့သည်။ တွေးထင်ချက် အမျိုးမျိုး ရှိနေဆဲ ဖြစ်ပါသည်။
လက်ငင်း စောင့်ကြည့်ရမည့်
အချက် (၃) ချက် -
မည်သို့ပင် ဆိုကြစေကာမူ ၂၀၁၄ ခုနှစ်သည်
မြန်မာ့နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို အကဲခတ်ရမည် ဖြစ်သော အခြေခံနှစ် တစ်နှစ်ဆိုလျှင်
မှားမည်တော့ မဟုတ်ပါ။ ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့ပြီး
မပြီးပြတ်သေးဘဲ ၂၀၁၄ ထဲအထိ ဆက်လက်သယ်ဆောင်သွားနေရသည့် ထင်ရှားသော ဖြစ်ရပ်များကို ကြည့်လျှင်
(၁) ပြည်ထောင်စု လွှတ်တော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပူးပေါင်းလေ့လာရေးကော်မတီ ကို လွှတ်တော်ကိုယ်စားလှယ်
၁၀၉- ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူလူထု နှင့် အဖွဲ့အစည်းများထံသို့ အကြံညဏ်တောင်းခံစာများ
တောင်းခံထားခဲ့ရာ အချက်အလက် သုံးသိန်းကျော် ရရှိ ထားသည်ဟု ထုတ်ပြန်ထားပါသည်။ ထိုအချက်များကို
လေ့လာလျက် ဇန္န၀ါရီလကုန်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည် ဖြစ်ပါသည်။ (၂) အခြားထင်ရှားသော
ဖြစ်ရပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ အနေဖြင့် MPC (မြန်မာ့
ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးကော်မတီ) နှင့် တွဲပြီး လက်နက်ကိုင်အဖွဲ့အစည်းအားလုံး နှင့်
တပ်မတော် တို့အကြား တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း
ဖြစ်ပါသည်။ ထိုကြိုးပမ်းမှု မှာလည်း မျှော်မှန်းထားသော ကာလထက် ပိုမိုကြာညောင်းနေပြီး
မပြီးပြတ်နိုင်သေးဘဲ ရှိနေပါသည်။ အခြား အရေးကြီးသော ဖြစ်ရပ် (၃) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု
လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အား အခြေခံဥပဒေ ကိစ္စနှင့် ပတ်သက်ပြီး
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုလိုက်ခြင်းသည်လည်း ထူးခြားချက်တစ်ခု
ဖြစ်ခဲ့ပါသည်။ တစ်ဖက်ပုဂ္ဂိုလ်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်ကို ရတိပြတ်
ငြင်းဆိုခြင်း မရှိသော်လည်း ယနေ့တိုင် ဆွေးနွေးပွဲ ဖြစ်နိုင်မည့် အလားအလာမှာ မှေးမှိန်နေဆဲ
ဖြစ်ပါသည်။
ထိုအချက်ကြီးများကို
သုံးသပ်ကြည့်ပါလျှင် ပြည်ထောင်စုလွှတ်တော်ပူးပေါင်းလေ့လာရေး ၁၀၉-ဦး ကော်မတီ အနေဖြင့်
ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည်ဟု ဆိုပါသည်။ ပြည်ထောင်စု လွှတ်တော်က
သုံးသပ်ဆွေးနွေးမည်ဟု ဆိုပါသည်။ ပြီးလျှင် မည်သို့ ဆက်လုပ် မည်လဲ။ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ
ချမှတ်မည်လား။ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ လေ့လာသုံးသပ်ပြီးနောက် ပြင်စရာ ရှိတာကို
အများဆန္ဒ အရဟု ဆိုပြီး ပြင်ဆင်လေမလား။ မရှင်းလင်းပေ။ ၁၀၉-ဦး ကော်မတီ၏ လေ့လာသုံးသပ်ချက်အား
မဲခွဲဆုံးဖြတ်မည်ဟု လုပ်ထုံးလုပ်နည်းကို ကျေညာထားရာ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်
စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းလည်း သိရှိရပါ သည်။ အစိုးရ နှင့် ယင်းလက်နက်ကိုင်အဖွဲ့အစည်းများ၏
နိုင်ငံရေးဆွေးနွေးပွဲ တစ်စုံတစ်ရာ မစတင်နိုင်မီ၊ (ဆုံးဖြတ် / သဘောတူညီမှု တစ်စုံတစ်ခု
မရမီ) ပြည်ထောင်စု လွှတ်တော်၏ သဘောထားတစ်ခုထဲဖြင့် အခြေခံဥပဒေကို ပြင်ဆင်လိုက်လျှင်
အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စတွင် မည်သို့ အကျိုးသက် ရောက်မှုများ ရှိလာမည်နည်း။
လွှတ်တော်၏ သုံးသပ်ချက်များကို လွှတ်တော်က မည်သို့အကောင်အထည်ဖေါ်မည်နည်း။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထားများကို ညှိနှိုင်းခြင်း ပြု / မပြု
မှာ အမှားမခံ အလွန်သတိပြုအပ်သော အချက်ဖြစ်ပါသည်။ စဉ်းစားသင့်သော အချက်များ ဖြစ်နေပါသည်။
အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား
တွေ့ဆုံဆွေးနွေးနေခြင်းသည် လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်း တလျှောက်တွင်
အထူးခြားဆုံးသော ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲများဟု ဆိုလျှင် တက်ကြွလှုပ်ရှားသူ
အတော်များများက မကြိုက်ကြပေ။ သို့သော်လည်း ယခင် အစိုးရအဆက်ဆက် လက်ထက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်
တွေ့ဆုံဆွေးနွေးကြခဲ့ကြရာတွင် အများအားဖြင့် လက်နက် အရင်စွန့်လွှတ်ရေးကိုသာ ဦးစွာတောင်း
ဆိုခဲ့ကြသည်။ အစိုးရဖက်မှ မိမိလိုချင်သော အချက်ကိုသာ လိုက်လျောရန် တောင်းဆိုခဲ့သည်။
တစ်ဖွဲ့ချင်းစီ ခွဲပြီးတွေ့ဆုံ စကားပြောခဲ့သည့် အစဉ်အလာသာ ရှိခဲ့သည်။ ယခု လက်ရှိ အစိုးရ၏
ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထူးခြားသော တွေ့ဆုံဆွေးနွေးပွဲ များအဖြစ် တစ်ဖွဲ့ချင်းလည်း
တွေ့ခဲ့သည်။ အစုအဖွဲ့ အလိုက်လည်းတွေ့ဆုံပါသည်။ လက်နက်အရင် စွန့်လွှတ်ပြီးမှ နိုင်ငံရေးဆွေးနွေးမည်ဟုလည်း
တောင်းဆိုခြင်းမျိုး မတွေ့ရချေ။ လက်နက်ကိုင် အဖွဲ့အစည်းများဖက်က တောင်းဆိုနေသော အပစ်ရပ်စဲပြီးသည်နှင့်
နိုင်ငံရေးဆွေးနွေးပွဲများကို အမြန်ဆုံး ကျင်းပသွားရန် ဟူသော အချက်ကိုလည်း မငြင်းဆိုဘဲ
အလွယ်တကူ သဘောတူထားခဲ့ပြီး ဖြစ်ပါသည်။ တရားမျှတစွာ
သုံးသပ်ရမည်ဆိုလျှင် အစိုးရ ဖက်က ယခုစေ့စပ်ဆွေးနွေးခြင်းများသည် အပြုသဘောဆောင်သည်ဟုသာ ဆိုရပါမည်။
ဘာကြောင့် အပြုသဘောဆောင်နေရပါသနည်း။ တိုင်းပြည်ကောင်းစေချင်သော
စိတ်ကောင်း စေတနာကောင်း အမှန်တကယ် ရှိနေ၍လည်း
ဖြစ်နိုင်ပါသည်။ ဦးသိန်းစိန်အစိုးရ၏ အယူအဆတစ်ခုဖြစ်သော
တိုင်းပြည်စီးပွါးကောင်းမွန်နေလျှင် လက်နက်ကိုင်တိုက်ခိုက်မှုများလည်း လျှော့သွားမည်
ဆိုသော အချက်ကို အခြေပြုလျက် နိုင်ငံတကာတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှုများ ရောက်လာမည်။
ချေးငွေများ အကူအညီများ ပိုမိုရရှိလာမည်။ အလုပ်အကိုင် အခွင့်အလန်းများ ရရှိလာမည်ဆိုလျှင်
လက်နက်ကိုင်တော်လှန်ရေးဆင်နွဲနေခြင်းများ ပြေလည်လျော့ပါးသွားမည်ဟု တွက်ဆထားကြောင်း
သမ္မတ၏ မိန့်ခွန်းတစ်ချို့ကို ကိုးကားပြဆိုသူများ ရှိပါသည်။ ထို့ပြင် ဦးသိန်းစိန်အစိုးရ
အနေဖြင့် ယနေ့ခေတ်စားလာနေသော win win policy ကို ကျင့်သုံးလျက်ရှိသည်ဟုလည်း သုံးသပ်နိုင်ပါသည်။
လက်ရှိ အစိုးရအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှု ရှိစေချင်သည်ထက် တစ်ြပည်လုံး
အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ရေးကို ပိုပြီးအာရုံစိုက်နေကြောင်း လေ့လာကြည့်နိုင်ပါသည်။ တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများတွင်လည်း
အကြိမ်ကြိမ် ခဲမှန်ခံထားရဖူးသော စာသူငယ်ကဲ့သို့ လေးညှို့သံကို နားစွင့်မြဲ ဖြစ်သကဲ့သို့
အစိုးရအား စိတ်ချလက်ချ ယုံကြည်မှုထားရန် ခက်ခဲနေဆဲဖြစ်ကြောင်း တွေ့ရသည်။ အဆက်ဆက်သော
အစိုးရများ၏ အမှားပြုမိခဲ့ခြင်းများမှ ဖြစ်ပေါ်ခဲ့ရသော သံသယများ ကြောင့်လည်း ခရီးမတွင်ဘဲ
ဖြစ်နေရသည်။ တပ်ပေါင်းစု နှင့် တပ်ပေါင်းစုတွင် မပါသော သူများလည်း ရှိနေသောကြောင့်
အားလုံး သဘောတူသော လက်မှတ်ရေးထိုးပွဲကိစ္စမှာ မျှော်မှန်းသလောက် မြန်ဆန်မှု မရှိသည်မှာလည်း
သဘာဝကျပါသည်။ အဓိက အကျဆုံးကိစ္စမှာ နယက စစ်အစိုးရလက်ထက် ၁၇-နှစ်တိုင်တိုင် အပစ်ရပ်ထားစဉ်က
ပေးခဲ့သော ကတိက၀တ်များကို အရပ်သား အစိုးရအဖြစ် မပြောင်းလဲမီကာလလေးတွင် စစ်အစိုးရက ဗြောင်
ချိုးဖေါက်ခဲ့ပြီး လက်နက်ချခိုင်းခြင်း၊ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ပြောင်းစေခဲ့ခြင်း၊
ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းစေခြင်းများကို အတင်းအကြပ် ဆောင်ရွက်ခိုင်းခဲ့ခြင်းများကြောင့်
အပစ်ရပ်မှုများ ပျက်ပြယ်ခဲ့ရသည်။ ထိုဖြစ်ရပ်များသည် မကြာသေးသော ကာလတွင်မှ ဖြစ်ပျက်ခဲ့သောကြောင့်
ယခုဆောင်ရွက်နေသော တစ်နိုင်ငံလုံးအပစ်ရပ်ရေး ကိစ္စရပ်အပေါ် အကျိုးသက်ရောက်မှုများ ရှိနေခဲ့
ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် မည်မျှ လိုက်လျှောမှုပြုစေကာမူ အခက်အခဲ ရှိနေမြဲ
ဖြစ်ပါသည်။
လိုင်ဇာ တွေ့ဆုံဆွေးနွေးပွဲအပြီး
မြစ်ကြီးနားမြို့၌ အစိုးရကိုယ်စားလှယ်များနှင့် တွေ့သည့်ပွှဲတွင် အစိုးရဖက်မှ တင်ပြသော
အချက်များသည် လိုင်ဇာဆွေးနွေးပွဲ ရလဒ် (၁၁) ချက်နှင့် ကွဲပြားခြားနားမှုများ ရှိနေပါသည်။
သို့သော်လည်း ဒီဇင်ဘာလလယ်လောက်တွင် အစိုးရဖက်က သူတို့ တင်သွင်းသော အချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး
လိုင်ဇာဆွေးနွေးပွဲ၏ (၁၁) ချက်အပေါ်မူတည်ပြီး ပြန်လည်ဆွေးနွေးမည်ဟု ဆိုထားရာ အောင်မြင်မှု
ရနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ ထိုသို့ NCCT နှင့် အစိုးရဖက်တို့ အပြန်အလှန် စာဖြင့်ပေးပို့
ညှိနှိုင်းမှုများသည် ယခု လောခီးလာ (ခ) လေးဝါး စခန်းဆွေးနွေးပွဲအထိ သယ်ဆောင်လာနိုင်ခဲ့ပါသည်။
နောက်ဆုံးသတင်းများအရ နောက်ဆုံး အစိုးရဖက်က ပေးပို့သော ညှိနှိုင်းချက်များသည် အစိုးရ၊
တပ်မတော် နှင့် လွှတ်တော်ဥက္ကဌများ၏ သဘောထားများ ပါဝင်သည်ဟု ဆိုထားရာ အားတက်ဖွယ်ရာအဖြစ်
သုံးသပ် နိုင်ပါသည်။ လောခီးလာ စခန်းဆွေးနွေးပွဲအား ကြေကြေလည်လည် ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်ရန်
ဖားအံမြို့တွင် ကျင်းပမည့် အစိုးရနှင့် ဆွေးနွေးပွဲအား ဖေဖေါ်ဝါရီလ နှောင်းပိုင်းသို့
ပြောင်းရွေ့ခြင်းကို နှစ်ဖက်သဘောတူနိုင်ခဲ့ခြင်းသည်လည်း အကောင်းမြင်စရာ ကိစ္စတစ်ခုဟု
ယူဆနိုင်ပါသည်။ အချို့သော ကိုယ်စားလှယ်များ၏ အဆိုအရ လေးဝါးဆွေးနွေးပွဲသည် အဆုံးသတ်နိုင်အုန်းမည်မဟုတ်ဘဲ
တတိယဆွေးနွေးပွဲတစ်ခုကို ထပ်မံကျင်းပရအုန်းမည် ဟူ သော အပြောများလည်း ရှိနေပါသည်။
လောခီးလာ(ခ)လေးဝါး စခန်းတွင်
အကြိတ်အနယ်ဆွေးနွေးနေကြစဉ် လွှတ်တော်သတင်းများအရ
ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး MoU , MoA လက်မှတ်ရေးထိုးထားသော ရေလှောင်တမံဆောက်လုပ်မည့်
စာရင်းများ ထွက်ပေါ်လာသည်။ တည်ဆောက်မည့် ရေလှောင်
တမံများ အားလုံးနီးပါးသည် ပြည်နယ်များတွင် ဖြစ်နေကြောင်းတွေ့ရပါသည်။ အကယ်၍ အပစ်ရပ်စဲ
ငြိမ်းချမ်းရေးရရှိခဲ့ပါက လုပ်ငန်းများစတင်ရန် အဆင် သင့်ဟု သိရပါသည်။ အပစ်ရပ်ရေး၏ ရည်ရွယ်ချက်များထဲတွင်
ထိုအကြောင်းတရားများကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်နိုင်ပါသည်။ သို့သော် ထို ဒေသများကို
အခြေပြု လက်နက်ကိုင်တော်လှန်ရေးလုပ်နေကြသော အဖွဲ့အစည်းများအနေဖြင့် ရေလှောင်တမံ တည်ဆောက်ခြင်းဖြင့်
ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၊ ပတ်ဝန်ကျင်ထိခိုက်မှုများ၊ ရေလွှမ်းဒေသ ပြောင်းရွေ့ပေးရမည့်ဒေသခံများ
စသဖြင့် တွက်ချက်မှုများ ပြောဆိုမှုများ မကြားရပေ။ ဒေသခံများ အတွက် ဖွံ့ဖြိုးရေး၊ နစ်နာကြေးများအတွက်
တောင်းဆိုဖို့လည်း စဉ်းစားမိကြဟန်လည်း မတွေ့ရသေးပေ။
ဒေါ်အောင်ဆန်းစုကြည်၏
လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကမ်းလှမ်းချက်မှာလည်း အောင်မြင်ခဲ့ပါက ကောင်းမွန်သော
ရလဒ်များကို မျှော်လင့်နိုင်ပါသည်။ သို့သော်လည်း သမ္မတ အပြင်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဌ
ရော၊ ကာကွယ်ရေး ဦးစီးချုပ် ကပါ အဆင်သင့်ဖြစ်ပုံ မရသေးပေ။ အလစ်အငိုက်မိသလို ဖြစ်သွားသည်ကို
တွေ့နိုင်ပါသည်။ အမှန်စင်စစ် တွေ့ဆုံဆွေးနွေးရေးသည် ဒီမိုကရေစီနိုင်ငံရေးစနစ် ထူထောင်သော
နိုင်ငံတိုင်း တွင် ငြင်းပယ်အပ်သော ကိစ္စမဟုတ်ပါချေ။ အထူးသဖြင့် ပြည်တွင်းမှ ပုဂ္ဂိုလ်များ
အချင်းချင်း (တစ်နိုင်ငံတည်းသားအချင်းချင်း) ထိုဓလေ့ကို လိုက်နာကျင့်သုံးသင့်ပါသည်။
တစ်ဖက်မှ ပုဂ္ဂိုလ်သုံးဦးကလည်း ငြင်းပယ်သည့် သဘောမျိုးကို ဆိုမထားသည့်အတွက် တွေ့ဆုံဆွေးနွေးပွဲသည်
ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ ဆွေးနွေးပွဲတစ်ခုတွင် စာရေးဆရာကျော်ဝင်းက ထိုသို့ဆွေးနွေးရန်
ကမ်းလှမ်းချက်ကို လျှို့ဝှက်ကမ်းလှမ်းသင့်သည်ဟု သုံးသပ်ပြပြီး စာရေးဆရာဖေမြင့်ကမူ ယခုကဲ့သို့
ပေါ်ပေါ်တင်တင် ကမ်းလှမ်းခြင်းသည် မှန်သည်ဟု ထောက်ခံထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း အာရုံစိုက်နေရာမှ
ယခု လွှတ်တော်ပြင်ပ ကိစ္စများကိုလည်း အာရုံစိုက်လာခြင်းသည် ပြည်သူလူထုအတွက် ကောင်းမွန်သော
အချက်ဖြစ်ခဲ့သည်။ စစ်အစိုးရ တဖြစ်လဲ လက်ရှိအစိုးရအဖို့မူ သဘောတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း လွှတ်တော်တွင်း အာရုံစိုက်မှု များပြားနေစဉ်မှာ ကချင်ပြည်နယ်နှင့်
ရခိုင်ပြည်နယ်များအတွင်း အားပေးထောက်ခံမှုများ အများအပြား ဆုံးရှုံးလိုက်ရခြင်းကို ပြန်လည် သတိပြုမိလိုက်ပုံ
ရပါသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်း ပူးပေါင်း ဆောင်ရွက်ချက်များသည်
သူမ မျှော်မှန်းသလောက် အရာမရောက်ခဲ့ကြောင်း သိရှိလာခဲ့ပြီ ဖြစ်ပါသည်။ လွှတ်တော်တွင်း ရောက်ရှိစက တိုင်းရင်းသားပါတီများနှင့်
လက်တွဲနိုင်လိမ့်မည်ဟူသော သူမ၏ထင်မြင်ချက်များသည်လည်း မှားယွင်းနေကြောင်း ရိပ်မိလာခဲ့သည်။ ထိုပါတီများမှာ သူမ လွှတ်တော်အတွင်း ရောက်ရှိလာချိန်၌
တစ်ဖက်အဖွဲ့က အကွက်စေ့စေ့ ပိုင်ပိုင်နိုင်နိုင် စည်းရုံးထားနိုင်ခဲ့ပြီး ဖြစ်သောကြောင့်
သူမထင်မြင်ချက်များ လွဲသွားရခြင်း ဖြစ်ပါသည်။ ထိုတိုင်းရင်းသားပါတီများ၏ မူလဇစ်မြစ်ကို
ထည့်မတွက်မိခဲ့ခြင်းသည် ပျော့ကွက်ဖြစ်ခဲ့သည်။ လွှတ်တော်တွင်း ပြန်လေ့လာကြည့်လျှင်
NLD အနေဖြင့် တိုင်းရင်းသားပါတီများကို စည်းရုံးနိုင်ခဲ့ခြင်း မရှိကြောင်း ထင်ရှားစွာ
တွေ့နိုင်ပါသည်။ ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် လွှတ်တော်အတွင်း NLD အနေဖြင့်
မဟာမိတ် အနေအထားမျိုး လက်တွဲ ဆောင်ရွက်မည့် ပါတီဟူ၍ တိတိပပ မရှိကြောင်း တွေ့နိုင်ပါသည်။
အားလုံးလိုလိုက အခြား"တစ်ဖက်စည်း"ထဲမှာ ဖြစ်နေသောကြောင့် အခက်အခဲများ အမှန်ပင်
ရှိခဲ့ပါသည်။ ဆန့်ကျင်တာမျိုး သိပ်မရှိ ပေမင့် ခပ်စိမ်းစိမ်း ခပ်ခွါခွါ ရွံကြောက် ကြီးမျိုး ဆက်ဆံရေးသည် သူမအတွက် များစွာ
ခက်ခဲစေခဲ့ဟန် ရှိပါသည်။
ထိုအချက်များ၏ နောက်ဆက်တွဲ
အခက်အခဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါသည်။ လွှတ်တော် အတွင်းမှနေ၍ မိမိလိုလား
ချက်အတိုင်း ပြုပြင်ရန်မှာ မျှော်လင့်ချက်မရှိတော့သလောက် ဖြစ်သွားခဲ့ရကြောင်း တွေ့နိုင်ပါသည်။
ထူးဆန်းသည်မှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြောင်း ရှိသင့်ရှိထိုက်
သည်ထက်ပိုမိုပြီး နှုတ်ဆိတ်နေခြင်း ဖြစ်ပါသည်။ ယခင် စစ်အစိုးရ လက်ထက် ငြိမ်းချမ်းရေး
ရယူထားသော လက်နက်ကိုင် အဖွဲ့အစည်းများကိစ္စအပေါ် စိတ်ဝင်စားမှုမျိုး ယခုကာလတွင် ပြန်လည်
မတွေ့ရှိရခြင်းသည် အံ့သြစရာ အချက်တစ်ချက် ဖြစ်ပါသည်။ သုတေသီ မင်းဇင်၏ သုံးသပ်ချက်ဖြစ်သော
စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် pack ရှိနိုင်သလားဟူသော မေးခွန်းကို ယခုသူမ၏ ဆောင်ရွက်ချက်များက
တဖြည်းဖြည်းချင်း ဖြေကြားနေသယောင် တွေ့မြင်နိုင်ပါသည်။
ထိုအချက်များကြောင့်
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်ပြင်ပ စည်းရုံးရေးကိစ္စများကို ပြန်လည် အသက်သွင်းလာသည်ဟု
ဆိုနိုင် ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် လူထုစည်းဝေးပွဲများကို မိမိကျန်းမာရေးကိုပင်
အမှုမထားဘဲ ကျင်းပနေခြင်းကို တွေ့နိုင်ပါသည်။ တိုတောင်း လှသော ကာလအတွင်း ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ တက်သုတ်ရိုက်သွားနေသည်မှာ
သူမ၏ ပြည်နယ်များအပေါ် သြဇာသက် ရောက်မှုများ လျှော့ပါး မသွားရလေအောင် ကာကွယ်နေမှန်း ထင်ရှားသိသာပါသည်။ အောင်မြင်မှုများလည်း အထိုက်အလျှောက် ရခဲ့ပါသည်။
အပစ်ရပ်ရေးကိစ္စ မပြီးသေးခြင်း၊
လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထား၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက်
မပြတ်သားသေးခြင်းများသည် ယနေ့မြန်မာ့နိုင်ငံရေးကို လေ့လာရာ၌ ချန်ထား၍ မရကြောင်း တွက်ဆနိုင်သလို
အခြားလေ့လာသုံးသပ်အပ်သော ကိစ္စများလည်း ရှိနေပါသေးသည်။ သမ္မတ အနေဖြင့် သူကိုယ်တိုင် တရားဝင်ဖွဲ့စည်းထားသော
နိုင်ငံရေး၊ စီးပွါးရေး အကြံပေးအဖွဲ့များကို ပွဲထုတ်လေ့ မရှိပေ။ နိုင်ငံရေးနှင့် သက်ဆိုင်သော
အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးရေး စသည်များကို MPC အကြံပေးများကသာလျှင် အကြံပေးဆောင်ရွက်နေသည်။ အကြံပေးအဖွဲ့ နှစ်ဆင့်ရှိနေခြင်းလား ဟူ၍ သံသယဖြင့် အဖွဲ့အစည်းများက
ယူဆနေကြသည်။ MPC တွင် မြန်မာနိုင်ငံဖွါး ယခု နိုင်ငံခြားသားအဖြစ် ခံယူထားသူများဖြင့် ဖွဲ့စည်းထားပြီး
နိုင်ငံတကာစံနှုန်းဖြင့် လစာ ရနေသူများ ဟုဆိုပါသည်။ အချို့သော အဆိုများအရ ဗဟုအဖွဲ့ နှင့်
မြန်မာ Egress နှစ်ဖွဲ့ပေါင်းအမာခံ ပါဝင်ထားသည်ဟု
ဆိုပါသည်။ အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် ယခုအစိုးရအား
ယခင်အစိုးရများနှင့် ကွဲပြားသော သဘောထား၊ ဆက်ဆံရေးများကို လမ်းပြနိုင်ခဲ့ခြင်းအတွက်
ကောင်းမွန်သော လုပ်ရပ်အဖြစ် မြင်ရမည် ဖြစ်ပါသည်။ သို့သော် နိုင်ငံရေးပါတီအများစုနှင့်
အဖွဲ့အစည်း များက MPC အား ကြားနေအဖွဲ့အစည်းအဖြစ် မမြင်ကြခြင်းမှာ အခက်အခဲ တစ်ခုဖြစ်ပါသည်။
အားလုံးက အစိုးရ၏ ကိုယ်စားလှယ်အဖြစ် မြင်နေကြ သည်။ အစိုးရနှင့် နီးစပ်လိုသော ပါတီအဖွဲ့အစည်းများ၊
အစိုးရနှင့် စေ့စပ်ဆွေးနွေးနေသော အဖွဲ့အစည်းများသာ ၀င်ထွက်သွားလာနေကြသည်။ MPC ဦးဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အောင်မြင်မှု
မည်မျှ ရမည်နည်း။ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ
ဖြစ်ပါသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး
-
မြန်မာ့နိုင်ငံရေးတွင် မဖြစ်မနေတည်ဆောက်ရမည့်
လုပ်ငန်းမှာ တိုင်းရင်းသားစည်းရုံးညီညွတ်ရေး သို့မဟုတ် အမျိုးသား ပြန်လည် သင့်မြတ်ရေး
လုပ်ငန်းဖြစ်ပါသည်။ ပြည်တွင်းစစ်ပွဲ တိုက်ခိုက်နေမှုမှာ ရာစုနှစ်တစ်ဝက်ကျော်ကြာ လာသည့်တိုင်အောင်
မပြီးဆုံးသေးပေ။ လက်ရှိ ဖြစ်နေသော တိုက်ပွဲများကို ဆန်းစစ်ကြည့်လိုက်ပါက ပြည်နယ်များတွင်သာ
ဖြစ်ပွါးနေပြီး တိုင်းဒေသကြီးများတွင် ဖြစ်ပွါးမှု မရှိသလောက်ဖြစ်သည်။ ပြည်နယ်များဆိုရာ၌လည်း
မြန်မာပြည် အရှေ့ဖက်ခြမ်း နယ်စပ်ဒေသနှင့်ထိတွေ့နေသော ပြည်နယ်များတွင်သာ ဖြစ်ပွါးနေကြောင်း
တွေ့ရသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းဒေသကြီး
တို့တွင် ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်များတွင် မဆိုစလောက်သာရှိခဲ့သည်။
စစ်ပွဲများသည် ဘာကြောင့် ပြည်နယ်များတွင်သာ ဖြစ်နေရပါသလဲ။ ဘာကြောင့် နှစ်ရှည်ကြာညောင်းနေရပါသလဲ။ နှစ်ရှည်သည်နှင့်အမျှ
ဘာကြောင့် ငယ်ရွယ်သူ တိုက်ပွဲဝင် စစ်သည်များသည် တိုင်းရင်းသားအဖွဲ့အစည်းများအတွင်း
ရှိနေဆဲ ဖြစ်ရပါသလဲ။ လေ့လာဆန်းစစ်သူများ၏ အဆိုအရ ပြည်မခေါ် တိုင်းဒေသကြီးများတွင် မဖြစ်ပွါးသောကြောင့်
(တနည်းအားဖြင့် တိုင်းဒေသ ကြီးများတွင် ငြိမ်းချမ်းနေသောကြောင့် ) ပြည်မ နိုင်ငံရေးသမားများအနေဖြင့်
စိတ်ဝင်စားမှု နည်းခဲ့ကြောင်း၊ ၈၈ အရေးအခင်းနောက်ပိုင်း မြန်မာ တစ်နိုင်ငံလုံး စစ်အစိုးရ၏
ပြင်းထန်သောဖိနှိပ်မှုများ ကြုံတွေ့လာရသောအခါမှ သတိပြုမိလာခဲ့ကြကြောင်း၊ မြို့ပေါ်မှနေ၍
နယ်စပ်ဒေသများသို့ ခိုလှုံလာသော လူငယ်ကျောင်းသားများ၏ နယ်စပ်ဒေသ အခြေအနေ ကိုယ်တွေ့မျက်မြင်များကြောင့်လည်း
တိုင်းဒေသကြီးများရှိ လူထုများ အမှန်အတိုင်း ပိုမိုသိမြင်လာခဲ့ကြောင်း၊ တပ်မတော်သည်
မိမိ စစ်သည်ရဲမက်များအား လိုအပ်သော ချပ်ဝတ်တန်ဆာ၊ ရိက္ခာ၊ အသုံးအဆောင် လုံလောက်အောင်
မဖြည့်ဆည်းနိုင်ဘဲ "လက်ထဲမှာ လက်နက်ရှိနေပြီး
ထမင်းငတ်တာ 'အ' လို့ပေါ့ " ဆိုသော အချို့သောအရာရှိများ၏ အလွန်မှားယွင်းသည့်
အဆုံးအမ များကြောင့် ပြည်သူများအပေါ် ဖိနှိပ်ရက်စက်မှုများ ရှိခဲ့ကြောင်း၊ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းများ တက်ကြွစွာ ဆက်လက် ရှင်သန်နေရခြင်းသည် တပ်မတော်သားများ၏
စည်းရုံးရေး လုပ်ရမည့်အစား ဖိနှိပ်ရက်စက်မှုများကြောင့် ဖြစ်ကြောင်း သုံးသပ်မှုများ ရှိပါသည်။
တိုင်းရင်းသား အဖွဲ့အစည်းများ
-
တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများအား
ပြန်လည်သုံးသပ်ကြည့်ပါက ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲဝင်ခဲ့သော တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများကို
တွေ့ရမည်။ ထိုပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် နှစ်ကာလများစွာ လက်တွဲခဲ့ကြပြီး
CRPP လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။ ၂၀၀၈- ခုနှစ် အခြေခံဥပဒေဖြင့် ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း
မပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ အစီအစဉ်များ စနစ်တကျ
ပြုလုပ်ကြံစည်ထားပြီး ဖြစ်သော ကြံ့ခိုင်ရေးပါတီအနေဖြင့် တစ်ပါတီတည်း ထီးထီး ပြိုင်ဆိုင်ရမည့်
အခြေအနေ ဆိုက်ရောက်ခဲ့သည်။ ထိုအခြေအနေကို ကယ်ဆယ်နိုင်ရန်အလိုငှါ မြန်မာ egress အနေဖြင့် နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်လိုသူများကို
ရှာဖွေ၍ ငွေကြေးများ အလုံအလောက် ထောက်ပံ့ပေးခဲ့သည်။ နောင်အခါမှာ ငွေကြေးလက်ခံခဲ့သော
တိုင်းရင်းသားနိုင်ငံရေးပါတီ အများအပြား၏ အမည်များကို MPC အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ထုတ်ဖေါ် ပြောပြ၀န်ခံခဲ့သည်။
ထိုသို့ ငွေရေးကြေးရေးကိစ္စများကြောင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပုဂ္ဂိုလ်အချို့
ခွဲထွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် အမည်ဖြင့် ပါတီတစ်ခုခွဲထွက် ထူထောင်ခဲ့သည်မှာ
ယနေ့တိုင် အထင်အရှားရှိနေဆဲ ဖြစ်သည်။ အချို့သော လေ့လာအကဲခတ်သူအချို့၏ အဆိုအရ လက်ရှိအစိုးရအဖွဲ့ကို
ဦးဆောင်နေသူများနှင့် ပြည်ခိုင်ဖြိုးပါတီအကြီးအကဲများသည် အဆိုပါ တိုင်းရင်းသားနိုင်ငံရေး ပါတီများကို ပြည်နယ်အစိုးရအဖွဲ့များတွင်
ဝန်ကြီးနေရာများ ခန့်အပ်လိုက်ခြင်းဖြင့် မြင်ကွင်းနောက်ကွယ်
တဆင့်ခံ ကြိုးကိုင်နိုင်ခဲ့သည်ဟု ဆိုပါသည်။
အတိုက်အခံ မရှိသော အစိုးရ
နှင့် အတိုက်အခံ မရှိသော လွှတ်တော် ဖြစ်စေရမည်ဟု ပြည်ခိုင်ဖြိုးပါတီ အကြီးအကဲအချို့၏
ထုတ်ဖေါ် ပြောဆိုချက်များအား လက်တွေ့ဘ၀အဖြစ် အမှန်တကယ် ဖေါ်ဆောင်နိုင်ခဲ့ကြောင်းကို အထက်ပါ
ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းပုံများက သက်သေထူ ပြသနေပါသည်။ ထိုသို့ ပြည်နယ်အစိုးရအတွင်း
ဖြည့်စွက်ထည့်သွင်း နေရာပေးဖွဲ့စည်းခဲ့သည်ကို လွှတ်တော်တွင်းရှိ တိုင်းရင်းသားနိုင်ငံရေး
ပါတီများအနေဖြင့် ရောင့်ရဲတင်းတိမ်ခြင်း မရှိဘဲ ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း တိုင်းရင်းသား
ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ပေးရန်တောင်းဆိုမှုများ ရှိခဲ့သည်။ နေရာရရှိရေးကိုသာ
အဓိကဦးတည်ချက် ထားလာခဲ့ကြသည်။ မကြာမီက ရှမ်းပါတီထဲမှာ တစ်ဦးအား ပြည်ထောင်စုဒုတိယ၀န်ကြီးတစ်ဦး
အဖြစ် ခန့်အပ် ပေးခဲ့ရသည်။
စစ်အစိုးရ အနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ပြဌာန်းခဲ့ပြီး ထိုဥပဒေ အရ ဖြစ်ပေါ်လာသော အစိုးရ အဒွန်းရှည်ကြာရေးကို
ဆက်လက်လုပ်ဆောင်မည်မှာ အငြင်းပွါးစရာ မလိုသောအချက်ဖြစ် ပါသည်။ အစိုးရ သက်တမ်းရှည်ကြာရေး ရည်ရွယ်ချက် အောင်မြင်ရန်အတွက်
၂၀၁၀-ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများအား စည်းရုံးထားနိုင်ရေးမှ
အဓိကကျပြီး အလွန်အရေးကြီးသည့် မဟာဗျူဟာမြောက် လုပ်ငန်းဖြစ်သည်။ မိမိတို့အား အတိုက်အခံမပြုရန် နှင့် အနည်းဆုံး ကြားနေအဆင့်သို့
ရောက်နေအောင် ဆောင်ရွက်ထားခြင်း ဖြစ်ပြီး တတ်နိုင်သမျှ မိမိတို့အား ထောက်ခံလာရန် (သို့)
မိမိတို့ ဖြစ်စေချင်သော မူဝါဒများကို သွယ်ဝိုက်ပြီး အထောက်အပံ့ ပြုနေစေရန် ဆောင်ရွက်
စည်းရုံးထားခြင်း ဖြစ်ပါသည်။ ဒေါက်တာနေ၀င်းမောင်
လက်ထက် Egress အဖွဲ့အနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ဒေသတွင်းအထိ သွားရောက်ပြီး
ပါတီဝင်အများအပြားကို နိုင်ငံရေးသင်တန်းများ ပေးခဲ့သည်။ တိုင်းရင်းသားလူငယ်များကို
အတွေးအခေါ် ပြောင်းသွားအောင် စည်းရုံး လှုံ့ဆော် ခဲ့သည်။ တိုင်းရင်းသားပါတီများကို ပထမဆုံး
နိုင်ငံရေးသင်တန်းများ ပေးနိုင်ခဲ့၍ အကျိုးအမြတ် များစွာရရှိခဲ့သည်။
သို့သော်လည်း ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲဝင်
တိုင်းရင်းသားပါတီများက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နည်းတူ နိုင်ငံရေးပါတီများအဖြစ်
မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ကြရာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများအတွင်း ပါတီနှစ်ခုကွဲနေခြင်းများ
ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကဲ့သို့ ကွဲနေခြင်း အပေါ် တိုင်းရင်းသားပြည်သူများအတွင်း စိုးရိမ်ပူပန်မှုများ
ဖြစ်ခဲ့သည်။ မိမိတို့ မဲပေးရလျှင် မရွေးချယ်တတ်သည့် အခက်အခဲ မဖြစ်ပေါ်စေဖို့ ပါတီများကို
တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် လိုလားခဲ့ကြပြီး မိမိတို့လူမျိုးဆိုင်ရာတိုင်းရင်းသားပါတီများကို
ဖိအားပေးတိုက်တွန်းခဲ့သည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း
ပူးပေါင်းရန် ကြိုးပမ်းအားထုတ်ကြသည်ကို တွေ့ရပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း
ကြုံတွေ့ခဲ့ရသကဲ့သို့ တိုင်းရင်းသားပါတီဟောင်းများလည်း ကြုံတွေ့ရကြောင်း တွေ့ရသည်။
တစ်ဖက် အဖွဲ့အစည်းက စနစ်တကျ ပညာသားပါပါဖြင့် တိုင်းရင်းသားပါတီသစ်များကို စည်းရုံးခံရမှန်းမသိနိုင် လောက်အောင် စည်းရုံးထားနိုင်ခဲ့ပြီး
ဖြစ်ကြောင်းတွေ့ရပါသည်။ အထူးသဖြင့် ပြည်နယ်ဝန်ကြီး ရာထူးပေးအပ်ခံရပြီး ရယူထားသူများ၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ရောက်ရှိနေသူများက အတိအကျ ငြင်းဆန်နေကြောင်း
လေ့လာသူများက အထင်အရှားတွေ့လာရသည်။ လာမည့်
၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် "ဗျာဒိတ်" ပေးမှုများလည်း ရှိနေကြောင်း နီးစပ်သူများ သိရှိကြပါသည်။ အထူးသဖြင့် ရခိုင်၊ မွန်၊ ချင်း
နှင့် ရှမ်း တို့တွင် ဒုတိယ သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်ထောင်စု ၀န်ကြီး နေရာများအတွက် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း သိရသည်။ ကမ်းလှမ်းခံရသူ
အချို့၏ ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်ပြောကြားချက်များအရ အတိအကျ သိရှိရခြင်း ဖြစ်သည်။ ထိုအချက်များက တိုင်းရင်းသားပါတီများ ပြန်လည်ပူးပေါင်းရေးအတွက်
အဓိက အဟန့်အတား ဖြစ်စေခဲ့သည်။ အဟန့်အတား
ဖြစ်စေသည့် ရည်ရွယ်ချက်များ အောင်မြင်သည်ဟု ဆိုရပါမည်။ ယခုနောက်ဆုံး ပူးပေါင်းဖွဲ့စည်းနိုင်ခဲ့သော
ရခိုင်အမျိုးသားပါတီ မှလွဲ၍ အခြားလူမျိုးစု
တိုင်းရင်းသားပါတီများမှာ ပေါင်းစည်းရေး သံသရာအတွင်း အကွဲအပြဲများဖြင့် ဒဏ်ရာ အနာတရ ဖြစ်နေကြကြောင်း တွေ့နိုင်ပါသည်။
နောက်ထပ် အောင်မြင်မှု
တစ်ခု -
မဟာဗျူဟာမြောက် လုပ်ဆောင်ချက် နောက်တစ်ခုမှာ
- တိုင်းရင်းသား ပါတီသစ်များအနေဖြင့် ယခင်အစဉ်အဆက်
တောင်းဆိုလာခဲ့သော ဖက်ဒရယ်ပြည်ထောင်စုပုံစံအစား ပုံစံသစ် ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲ
လက်ခံလာအောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့ခြင်းဖြစ်သည်။ အချို့က ထိုပုံစံသစ်ကို ဖက်ဒရယ်အတုဟု
ပျက်ရယ်ပြုထားကြသည်။ စိတ်ကူးယဉ်မှုကို ဖယ်ပြီး လက်တွေ့ကျသော ဖက်ဒရယ်ကို ရယူပါဟု ပြောဆိုစည်းရုံး
အယုံသွင်း ထားနိုင်ခဲ့ပါသည်။ Egress အနေဖြင့်
တိုင်းရင်းသားပါတီများအတွင်း နိုင်ငံရေးသင်တန်းများ ပို့ချနိုင်ခဲ့ခြင်း၏ အကျိုးရလဒ်ဟုလည်း
သုံးသပ်နိုင်ပါသည်။ တိုင်းရင်းသားများအတွင်း နှစ်ပေါင်းများစွာကာလ နိုင်ငံရေးအရ ထူးခြားသော
အပြောင်းအလဲဖြစ်အောင် စည်းရုံးသိမ်းသွင်း ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် စစ်အာဏာရှင်တဖြစ်လဲ အစိုးရအနေဖြင့်
မြင်ကွင်းပျောက် နိုင်ငံရေးနည်းလမ်းများဖြင့်
ဆောင်ရွက်နိုင်ခဲ့သော အောင်မြင်မှုများဖြစ်သည်။
တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ထက်ဝက်ခြမ်းလောက်ကို စည်းရုံးထားနိုင်ခဲ့ခြင်းဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား အင်အားထိန်းညှိ
ထားနိုင်ခြင်းဖြစ်သည့်အပြင် အခြား မြန်မာ့နိုင်ငံရေးအင်အားစုများကိုပါ တန်းညှိထားနိုင်ခြင်း
ဖြစ်ပါသည်။ ထို့ပြင် တိုင်းရင်းသားအရေးကို အစဉ်တစိုက်တောင်းဆိုလာကြသော တိုင်းရင်းသားနိုင်ငံရေးပါတီကြီးများနှင့်
လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲလာခဲ့ကြသော လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း တန်းညှိရန်
အဆင်သင့် ဖြစ်နေစေခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော ပဋိပက္ခကြီးများက
ရခိုင်အမျိုးသားများ ညီညွတ်ရေးအတွက် မဖြစ်မနေ အလွန်ကြီးမားသော တွန်းအား ဖြစ်ခဲ့ခြင်းကြောင့်
ပူးပေါင်းထားနိုင်ခဲ့သည့် ထို "ရခိုင်အမျိုးသားပါတီ" အတွင်းတွင်လည်း ပါတီတွင်း
နိုင်ငံရေးအားပြိုင်မှုများကို ငြိမ်သက်အောင် နှစ်အတော်ကြာ ဆောင်ရွက်ရအုန်းမည် ဖြစ်ရာ
ပြိုင်ဖက်များအတွက် အားသာချက် ဖြစ်စေခဲ့သည်။
ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်ပေါင်း ၁၇-မြို့နယ်တွင် ၁၄-မြို့နယ်မှာ ပုဒ်မ-၁၄၄
ထုတ်ထားသော မြို့နယ်များ ဖြစ်သည်ဟု သိရသည်။ လေ့လာသူများ၏ အဆိုအရ ရခိုင်ပြည်နယ်တွင်း ရခိုင်လူမျိုးများ လူဦးရေ တစ်ဖြည်းဖြည်း လျှော့နည်းလာသောကြောင့်
လယ်လုပ်ချိန် လယ်လုပ်သား ရှားပါးမှုများ စတင်ကြုံတွေ့လာရပြီ ဟုဆိုပါသည်။ ရခိုင်ပြည်နယ်
တွင်းရှိ မြို့နယ်အချို့၏ ကျေးရွာများကို ကုမ္ပဏီကြီးတစ်ခုက
ဟူးကောင်းတောင်ကြားရှိ ၎င်းတို့၏ စီမံကိန်းများအတွက် အလုပ်အကိုင်ပေးရန် ရွာအလိုက် ပြောင်းရွေ့ခေါ်ဆောင်နေခြင်းသည်လည်း
ရခိုင်လူဦးရေ ကို လျော့ကျ စေခဲ့သည်။ လက်တွေ့အားဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသတွင်
ရခိုင်လူမျိုးများ ယခင်နှင့်မတူအောင် ပိုမိုပြီးအများအပြား တွေ့မြင်နိုင်ပါသည်။
ကချင်ပြည်နယ်အတွင်း ကြည့်ပါက ယခင်က ကချင်လူမျိုးများတွင်
ပါဝင်သည်ဟုဆိုသော လူမျိုးစု နှစ်စုကို တိုင်းရင်းသားရေးရာ ၀န်ကြီးများ အဖြစ် သတ်မှတ်ပြီး
တာဝန်ပေးလိုက်သောအခါ ကချင်လူမျိုးများအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်စေခဲ့သည်။ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းပြီး နောက်ပိုင်း လူသိများသော ကချင်နိုင်ငံရေးသမားများက
ပါတီထူထောင်ခွင့်များ တောင်းခံခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီနှင့်ပတ်သက်သော ပါတီများမှ
လွဲ၍ ဖွဲ့စည်းခွင့် မရခဲ့ပေ။ သို့သော်လည်း
မကြာမီကာလက လျှောက်ထားသမျှသော ကချင်နိုင်ငံရေးပါတီများကို ထူထောင်ခွင့် ချပေးခဲ့ရာ
ကချင် ပြည်နယ်အတွင်း ကချင်နိုင်ငံရေးပါတီများ အများအပြားဖြစ်ပေါ်ခဲ့ပြီး စည်းရုံးပူးပေါင်းရန်ဆိုသော
သံသရာတွင်း နစ်မြှုပ်ဖွယ်ရှိနေပါသည်။ ကချင် လွတ်လပ်ရေးတပ်မတော်၏ အားနည်းချက်များကို
အခွင့်ကောင်းယူလျက် ကချင်ပြည်နယ်တွင်းရှိ ရှမ်းနီများကိုလည်း အားပေးပြီး ကချင်လွတ်လပ်ရေး တပ်မတော်ကို ကန့်သတ်ထားနိုင်ခဲ့သည်။
ရှမ်းပြည်နယ်သည် ပြည်နယ်များထဲတွင် အကြီးဆုံးဖြစ်ပြီး
လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးများ နှစ်ရှည်ကြာ အောင်ဖြစ်ပေါ်ခဲ့ / ဖြစ်ပေါ် နေဆဲ
ပြည်နယ် ဖြစ်ပါသည်။ အစိုးရ၏ သုတေသန ပြုချက်များအရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လက်နက်ကိုင်
အဖွဲ့အစည်း ကြီး/ငယ် ပေါင်း ၂၇၀ ခန့် ရှိသည်ဟု ဆိုပါသည်။ ထိုအထဲမှ အဖွဲ့အစည်းပေါင်း
၁၇၀ သည် ရှမ်းပြည်နယ်အတွင်း ရှိနေသည်ဟုဆိုပါသည်။ တပ်မတော် စစ်တိုင်းကြီး ၁၃-တိုင်းအနက်
ရှမ်းပြည်နယ်တွင် ၄-တိုင်း ရှိနေပြီး ပြည်နယ်နှင့် မတန်တဆဖြစ်သော တပ်မတော် တပ်ရင်းပေါင်း
နှစ်ရာကျော်တပ်စွဲထားသည်ဟု ဆိုပါသည်။ ရှမ်းပြည်အရှေ့ခြမ်းတွင် မည်သူမျှ ကိုင်ဆောင်ခွင့်
မရှိသော လက်နက်ကိုင်ဆောင်ခွင့်ကို လူမျိုးစုတစ်ခုကို သီးသန့်ခွင့်ပြုထားခဲ့သည်။ မည်သည့်
ပြည်နယ်တွင်မှ ခွင့်ပြုမထားသည့် လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ငါးခု သီးသန့်ရှိပြီး
ဥပဒေပြုခွင့် အာဏာတစ်ချို့ အထိ ခွင့်ပြုပေး ထားပါသည်။
" ၀ " ပြည်နယ်တောင်းဆိုမှုများကိုလည်း
လျစ်လျူရှုထားခဲ့သည်။ "၀" တပ်ဖွဲ့များ ရှမ်းပြည်နယ်အရှေ့ခြမ်း၏ တောင်ပိုင်းတွင်
လှုပ်ရှားသွားလာနေသော်လည်း တပ်မတော်နှင့် ထိတွေ့မှု မရှိသည်မှာလည်း ထူးခြားမှု ဖြစ်ပါသည်။
အခြားငြိမ်းချမ်းရေး အပစ်ရပ် လက်မှတ်ရေးထိုး ထားသော အဖွဲ့အစည်းများနှင့်မူ မကြာခဏ ထိတွေ့မှုများရှိခဲ့သည်။
ချုပ်၍ ဆိုရလျှင် ရှမ်းပြည်နယ်အား မလှုပ်နိုင်အောင် ခွဲခြမ်းထားသည်။ လိုသည်ထက်ပိုသော စစ်သည်အင်အား ချထားပါသည်။ နိုင်ငံရေးပါတီများ ပူးပေါင်းစည်းရုံးမှု
မရှိနိုင်အောင် ရပိုင်ခွင့်များ ပေးထား၍ ကန့်လန့်ထား လိုက်သည်။ အလွန် ရိုးရှင်းသော်လည်း
အလွန်ထိရောက်သော မဟာဗျူဟာများ ဖြစ်ပါသည်။
အဆိုးဆုံးမှာ ကရင်ပြည်နယ်တွင်း ဖြစ်သည်။
သံမဏိရှည်ကြာ တော်လှန်ရေး လုပ်ခဲ့သော ကရင်အမျိုးသား အစည်းအရုံးအား အစိပ်စိပ်အမွှာမွှာ
ဖြစ်အောင် ခွဲခြမ်းလိုက်နိုင်ခြင်း ဖြစ်သည်။ နည်းလမ်းအမျိုးမျိုး ပရိယယ်အဖုံဖုံဖြင့်
အုပ်စုကွဲများ အများအပြားဖြစ်သွားအောင် ခွဲခြမ်း ထားလိုက်နိုင်ခြင်းက စစ်အစိုးရ၏ အောင်ပွဲတစ်စိပ်တစ်ပိုင်းဖြစ်ခဲ့သည်။
ကရင့်တော်လှန်ရေးတပ်ဖွဲ့များသည် သီးခြားစီ ရပ်တည်နေကြရပြီး အချင်းချင်း ညီညွတ်မှုရအောင်
မစွမ်းဆောင်နိုင်လောက်အောင် အခက်အခဲ ဖြစ်နေစေခဲ့သည်။ နိုင်ငံရေးပါတီများအနေဖြင့်လည်း
အများအပြား ပေါ်ထွက်လာအောင် အားပေးထားလိုက်ခြင်းဖြင့် လူများပြီး ပွဲမစည်နိုင်အောင်
ဆောင်ရွက်ထားနိုင်ခဲ့သည်။
မွန်ပြည်နယ် အပိုင်းကို လေ့လာကြည့်သောအခါ
နိုင်ငံရေးပါတီနှစ်ခုကို ပေါင်းစည်းကြရန် ရဟန်းသံဃာ ဆရာတော်များက ဦးစီးဦးဆောင် ဆောင်ရွက်ခဲ့ကြသည်။
သို့သော်လည်း နောက်ပေါ်သော မွန်ပါတီသစ်ထဲမှ နေရာရထားသော ခေါင်းဆောင်ပိုင်းအချို့က အပြင်းအထန်ကန့်ကွက်ကြ
ကြောင်းမှတ်တမ်းများက ဖေါ်ပြနေသည်။ မွန်ပြည်နယ်တွင်
ပြည်သူလူထုကို လွန်ဆန်ချင် လွန်ဆန်နိုင်မည် ဖြစ်သော်လည်း ရဟန်းသံဃာ ဆရာတော် ကြီးများကို
လွန်ဆန်ဝံ့သူ အလွန်ရှားကြောင်း မွန်ပြည်နယ်အကြောင်း သိသူများသိကြပါသည်။ ထိုကဲ့သို့
ရဟန်းသံဃာ ဆရာတော်ကြီးများကို ဆန့်ကျင် နိုင်လောက်သော တွန်းအားများ မည်မျှကြီးနေမည်ကို
သိရှိနိုင်ပါသည်။ နောက်ဆုံးသိရသည်မှာ အစဉ်အလာကြီးခဲ့သော
မွန်ဒီမိုကရေစီပါတီ အား ဖျက်သိမ်းပြီး မွန်အမျိုးသားပါတီ
အဖြစ် နှစ်ဖက်အဖွဲ့ဝင်များဖြင့် ပြန်လည်ဖွဲ့စည်းရန် ကြိုးပမ်းနေကြသည်။ သို့သော်လည်း
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့်မူ ခေါင်းဆောင်အချို့နှင့် အတူ ဆက်လက်တည်ရှိနေမည်ဟု
ကြေညာထားရာ မွန်တစ်ပါတီတည်း ဖြစ်လာရန်မှာ ဝေးကွာ နေဆဲပင် ဖြစ်ပါသည်။ အစဉ်အလာရှိခဲ့သော
မွန်ဒီမိုကရေစီပါတီ သည် ပူးပေါင်းမှုသံသရာတွင် နစ်မြှုပ်ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။
ရှမ်းနှစ်ပါတီ ပူးပေါင်းရေး တိုက်တွန်းချက်များကြောင့်
ရှမ်းပါတီဟောင်းက ရှမ်းပါတီသစ်ထံသို့ ပူးပေါင်းရေးဆွေးနွေးရန် စာအားဖြင့် တောင်းဆို
မှုများ ရှိခဲ့သည်။ နှစ်ပါတီစလုံး၏ ပါတီဝင်များနှင့် ပြည်သူလူထုများ အနေဖြင့် ပူးပေါင်းကြရန်
တိုက်တွန်းတောင်းဆိုမှုများလည်း ရှိခဲ့သည်။ SNLD ရှမ်းပါတီဟောင်းအနေဖြင့် တိုင်းပြည်
နှင့် လူမျိုး အကျိုးရှိမည်ဆိုလျှင် ပါတီဖျက်သိမ်းသည်အထိ လိုက်လျောမှုပြုမည်ဟု အလွတ်သဘော
ကမ်းလှမ်း ခဲ့သည်။ သို့သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
SNDP အနေဖြင့် မူဆယ်မြို့တွင် ကျင်းပသော ပါတီညီလာခံ၌
မိမိတို့ပါတီကို မည်သည့်နည်းနှင့်မျှ မဖျက်သိမ်းနိုင်ကြောင်း ဆုံးဖြတ်ခဲ့သောကြောင့်
ပေါင်းစည်းရေး သံသရာတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ခရီးဆက်နေရသည်။
မြန်မာ့ နိုင်ငံရေး
သဘာဝ -
မြန်မာ့နိုင်ငံရေးသည် အခြားနိုင်ငံများနှင့်
အချို့အချက်များတွင် အတော်ကွဲပြားပါသည်။ မြန်မာပြည်တွင်း နိုင်ငံရေး ပါတီများ အားလုံးလောက်
နီးနီးသည် ရန်ကုန်မြို့တွင်သာ တည်ရှိလုပ်ကိုင်ကြသည်။ မန္တလေးတွင် မဆိုစလောက်သာရှိပြီး နေပြည်တော်တွင်အခြေစိုက်သည့်ပါတီဟူ၍
အစိုးရ နောက်ခံ ကြံ့ခိုင်ရေးပါတီမှလွဲပြီး အခြားပါတီများ မကြားသိရပေ။ စစ်အစိုးရသည်
ရန်ကုန်မြို့အား စီးပွါးရေးမြို့ အဖြစ် နောက်ချန်ထားရစ်ခဲ့သော်လည်း နိုင်ငံရေးကိစ္စများကိုမူ
နေပြည်တော်သို့ ပါအောင် မခေါ်ဆောင်နိုင်ခဲ့ချေ။ ရန်ကုန်မြို့နှင့် ကင်းလွတ်နေလျှင် မြန်မာ့နိုင်ငံရေးနှင့်
ကင်းလွတ်နေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးကိစ္စ အားလုံးလောက်နီးနီးသည် ရန်ကုန်မြို့တွင်သာ
ဖြစ်ပေါ်နေသည်မှာ ဘာကြောင့်မှန်း သုတေသနပြုထားသူ မရှိသော ကြောင့် ရှင်းမပြတတ်ပေ။ လက်တွေ့အနေဖြင့်
နိုင်ငံရေးလောကသည် ရန်ကုန်တွင်သာ ဖြစ်ပေါ်နေသည်။
မြန်မာ့နိုင်ငံရေးလောကတွင် ပြောလေ့ပြောထ
ရှိသော စကားပြောင်တစ်ခု ရှိပါသည်။ မြန်မာနှစ်ယောက်ရှိလျှင် ပါတီသုံးပါတီ ဖြစ်တတ် သည်ဟူ၍
အပြောင်အပျက်ပြောတတ်ကြသည်။ အကွဲအပြဲ အလွန်များသော သဘောကို ပြဆိုခြင်း ဖြစ်ပါသည်။ နိုင်ငံရေးသမိုင်းများကလည်း
ထိုအချက်ကို ထောက်ခံနေပါသည်။ အမွေဆိုးဟု ခေါ်ဆိုနိုင်သော ညီညွတ်မှု တည်ဆောက်ရန် ခက်လှသော
အလေ့အထသည် ယခု မြန်မာ့နိုင်ငံရေးတွင် ရှိနေဆဲဟု ပြောနိုင်ပါသည်။ ထို့ပြင် ပုဂ္ဂိုလ်ရေး
ကိုးကွယ်အားပြုမှုလည်း အလွန်များပြားကြောင်း တွေ့နိုင်ပါသည်။ ထိပ်တန်းခေါင်းဆောင်ဆိုသူများကို
လက်ချိုး ရေတွက်နိုင်ပါသည်။ လူ့ဘောင်သစ်ပါတီကို ပြန်လည်ဖွဲ့စည်းမှတ်ပုံတင်ရန်ကိစ္စမှာလည်း
ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ABSDF အဖွဲ့ပြည်တွင်း
ဝင်ကာစ ကာလမှာပင် ကားပါမစ်ကိစ္စဖြင့် အကြီးအကျယ် ဝေဖန်ခံရသည်။ ရှစ်လေးလုံးနေ့ အထိမ်းအမှတ်
ငွေရတုပွဲ ကျင်းပစဉ်ကလည်း အစိုးရအဖွဲ့အစည်းများကို ဖိတ်ကြားခြင်းနှင့် ပတ်သက်ပြီး မကျေနပ်သူများက
သပိတ်မှောက်ကာ မန္တလေးမြို့မှာ ကျင်းပသောပွဲသို့ ရှောင်ထွက်သွား ခဲ့ကြသည်ကို တွေ့နိုင်ပါသည်။
နိုင်ငံရေး အကျဉ်းသား ကူညီရေးကိစ္စနှင့် ပတ်သက်ပြီး အဖွဲ့အစည်း လေးဖွဲ့ ရှိနေခဲ့ရာ ပေါင်းစည်းရန်
မလွယ်ပေ။ ယခုနောက်ပိုင်းတွင် တပ်ပေါင်းစု ညွန့်ပေါင်းများအဖြစ်ပါတီများ
စုစည်းမှုများ ရှိခဲ့သော်လည်း နိုင်ငံရေးအဓိပ္ပါယ်ဆောင်သော လှုပ်ရှားမှုများ ထိထိရောက်ရောက်
မရှိခဲ့ကြောင်း တွေ့နိုင်ပါသည်။
အာဏာရသူများအပိုင်းကို ကြည့်လိုက်လျှင်လည်း
လှုပ်ရှားမှု နှစ်မျိုးကိုတွေ့ရသည်။ အစိုးရဖက်က တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ် ထိုးနိုင်ရန်
ကြိုးစားနေကြပြီး ထိုမှတဆင့် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲကြီး ကျင်းပနိုင်ရန်
ကတိပေးဆောင်ရွက်နေပါသည်။ လွှတ်တော် ဖက်ပိုင်းတွင်လည်း အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို
ဖွဲ့စည်းပြီး အခြေခံဥပဒေကိစ္စကို ဆောင်ရွက်နေသည်။ အထက်မှာ ဖေါ်ပြခဲ့သလို ဖွဲ့စည်းပုံအခြေခံ
ဥပဒေအား ပြင်ဆင်ရေးကို လွှတ်တော်သုံးရပ်က ပြည်သူများနှင့် အဖွဲ့အစည်းများ၏ အကြံပြုချက်
သုံးသိန်းမှ ဟုဆိုကာ သူတို့ဖာသာပြင်ဆင်သွားမည့် လက္ခဏာများ ရှိနေသည်ဟု အချို့က ယူဆထားပါသည်။ လွှတ်တော်အနေဖြင့် မည်သို့ ဆက်လက် ဆောင်ရွက် သွားမည်ကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားခြင်း မရှိပေ။ သုံးသပ်ချက်အနေဖြင့် ဥပဒေပြုအဖွဲ့အစည်းအနေဖြင့်
မိမိဖာသာ တစ်လိုင်းသွား နေပြီး အုပ်ချုပ်ရေးအပိုင်းကလည်း နိုင်ငံရေးဆွေးနွေးပွဲဟူ၍
မိမိဖာသာ တစ်လိုင်းသတ်သတ်သွားနေသည်ကို တွေ့နိုင်ပါသည်။ ထိုနှစ်လိုင်း မည်သို့မည်ပုံ ပေါင်းစည်းညှိနှိုင်းကြမည့်ကိစ္စမှာ အလွန် စိတ်ဝင်စားစရာ
ဖြစ်နေပါသည်။ တစ်ပြည်လုံး တစ်မျိုးသားလုံး ပြန်လည်ရင်ကြားစေ့ရေး တနည်းအားဖြင့်
နိုင်ငံရေး ပြေလည်မှု သဘောတူညီမှုများကို မည်သို့မည်ပုံ အကောင်အထည်ဖေါ်ကြမည်ကို
စဉ်းစားကြည့်ရန် ဖြစ်ပါသည်။
ဘာကြောင့်ပါလဲ။ လွှတ်တော်များနှင့်
အစိုးရတို့သည် ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုပြီး သဘောထားကွဲလွဲမှုများရှိနေကြောင်း
ဖြစ်ရပ်များစွာက ပြသနေသည်။ သမ္မတ နှင့် ပြည်ထောင်စုလွှတ်တော် နာယက တို့၏ ပြိုင်ဆိုင်မှုရှိနေကြောင်းကိုလည်း
ထောက်ပြနေကြပါသည်။ အာဏာကြီးသုံးရပ်ကို သီးခြားစီ ကျင့်သုံးသည်ဟု ဆိုထားသော်လည်း လုပ်ကိုင်ဆောင်ရွက်ရာတွင်
နယ်ကျူးမှုများကို တွေ့နိုင်ပါသည်။ အချို့ ဥပဒေများ ပေါ်ပေါက်လာရန်မှာလည်း လိုအပ်သည်ထက်
ပိုမိုကြာညောင်းမှုများရှိနေသည်။ တရားရေး ဆိုင်ရာဖက်တွင်
အရေးယူမှု မရှိသလောက်ဖြစ်နေပြီး မြန်မာ့သမိုင်း တလျှောက်တွင် နာမည်အဆိုးဆုံး အဖြစ် ဝေဖန်ခံနေရသည်။
အစိုးရဖက်ကလည်း အရေးယူသင့်သော ကိစ္စများ အထင်အရှား တွေ့နေရသော်လည်း အရေးမယူနိုင် / အရေးမယူဘဲ
ဖြစ်နေခြင်းသည်လည်း တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေပါသည်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်မှုနည်း လာသည်နှင့်အမျှ
ဆင်းရဲသားများနှင့် အချောင်သမားများသည် မြေလွတ်များတွင် အတင်းဝင်ရောက် တဲထိုး ကျူးကျော်မှု
များပင် ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်လာရသည်။ ဗျူရိုကရေစီ ယန္တယားသည် အထာမကျနိုင်ဘဲ
နကိုယ်အတိုင်း ခက်မြဲခက်နေဆဲ ဖြစ်သည်။ အဓိက ပျက်စီးမှုမှာ ၀န်ထမ်းများအတွင်း စိတ်ဓါတ်ရေးရာ၊
စာရိတ္တယိုယွင်း အကျင့်ပျက်မှုများ နှင့် လူထုအတွင်းတွင် ဥပဒေများကို မလေးစားချင်လောက်သည့်
ဓါတ်ခံများ ကိန်းအောင်းလာခြင်း ဖြစ်သည်။ ခေါင်က
မိုးမလုံသည့် သဘောများကြောင့် ဖြစ်ပါသည်။
အစိုးရ ယန္တယားများအတွင်း
လည်ပတ်နေသော ဌာနအချို့တွင် ဥပဒေအရ အရေးယူရန် ဆောင်ရွက်လိုက်ပါက ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀
ဆိုသလို အားလုံးပတ်ချာလည် အရေးယူရမည့်ကိန်းမျိုး ဆိုက်နေသည်ဟု အရာထမ်းဟောင်းတစ်ဦးက
မှတ်ချက်ပြုပါသည်။ မှတ်ပုံတင်ပြီး ထူထောင်ဖွဲ့စည်းထားသော
သမ၀ါယမအသင်းများကတော့ အောင်မြင်မှု နည်းလှပါသည်။ ဌာနများအတွင်း နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်
ခွဲတမ်းချ ပေးဝေမှုများမှာမူ အောင်မြင်မှုရသည်ဟု ဆိုရပါမည်။ တောရွာမှ မြို့ပေါ်သို့ ပြောင်းရွေ့မှုများ
အလွန်များလာနေပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှုက လိုက်မမီနိုင်ဘဲ ရှိနေပါသည်။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများလည်း ထင်သလောက် ရောက်မလာခဲ့ပေ။ ယခင်က နိုင်ငံခြားတိုင်းပြည်များ၏
စီးပွါးရေး ပိတ်ဆို့အရေးယူမှုများကြောင့်ဟု လွဲချပြောဆိုခဲ့သည်။ ယခု ပိတ်ဆို့အရေးယူမှုများ
မရှိတော့သည်တိုင် ဘာ့ကြောင့် စီးပွါးရေးတိုးတက်မှု ၊ ရင်းနှီးမြှုပ်နှံမှု နည်းပါးနေရခြင်းကို
ပြန်လည်သုံးသပ်ရမည် ဖြစ်ပါသည်။ IMF က မြန်မာ့စီးပွါးရေး တိုးတက်မှု GDB တက်လာမည်ဟု သုံးသပ်ထားသော်လည်း
ငွေကြေးဖေါင်းပွမှုများလည်း ပိုမိုလာမည်ဟု ဖေါ်ပြထားပါသည်။ အရံငွေကြေးနည်းသောကြောင့်
ကမ္ဘာ့စီးပွါးရေး အလှုပ်အရမ်း၏ ဒဏ်ကို မခံနိုင်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားပါသည်။
မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုသည်
အချို့ပညာရှင်များ၏ အဆိုအရ မြန်ဆန်လွန်းသည်ဟု ဆိုပါသည်။ စိတ်ပူပန်မှုများ ရှိသည်ဟု ဆိုပါသည်။
ဖိနှိပ်ခံဘ၀မှ ပြည်သူများကမူ ပြောင်းလဲမှုသည် နှေးလွန်းသည်ဟု ခံစားနေရသည်။ ခြုံ၍ သုံးသပ်ရလျှင်
ရွေ့လျားမှုသည် အရှေ့နှင့် အနောက်၊ ဘယ်နှင့်ညာ အချိုးကျကျ ရွေ့လျားမှုမျိုး မဟုတ်ဘဲ ဒယိုင်းဒရိုင်
ရွေ့လျားမှုမျိုး ဖြစ်နေသည်ဟု သုံးသပ်ရမည် ဖြစ်ပါသည်။ ငါးပွက်ရာ ငါးစာချ တစ်နေရာချင်းအလိုက်
ဖာထေးပြုပြင်နေရင်း အခြားတစ်နေရာတွင် ဖာထေးပြုပြင်စရာ ထပ်ပေါ်နေရာ ပြုပြင်ခြင်း သံသရာဝဲတွင်းမှ
မထွက်နိုင်သေးချေ။
ထိုကဲ့သို့ ကိန်းဂဏန်းအရ
မြန်ဆန်နေသော်လည်း လက်တွေ့ဘ၀တွင် နှေးကွေးနေခြင်းကြောင့် ဆန္ဒထုတ်ဖေါ်မှုများကလည်း နေရာအနှံ့
ဖြစ် ပေါ်နေခဲ့သည်။ နိုင်ငံရေးတောင်ဆိုမှုများကို ဖြစ်သင့်သလောက်ဘဲတောင်းဆိုဖို့ သတိပေးစကားကို
သမ္မတကြီးက မိန့်ဆိုလိုက်ရာ အချို့ပုဂ္ဂိုလ်များက တကယ်ဘဲ နောက်ကြောင်းပြန်တော့မလား ဟူ၍
စိုးရိမ်သူများ ရှိလာပါသည်။ သို့သော်လည်း နိုင်ငံရေးသုံးသပ်သူအချို့ကမူ နောက်ကြောင်းပြန်
အာဏာသိမ်းမှုများသည် ဖြစ်နိုင်ရန် ခက်ခဲကြောင်း သုံးသပ်ကြပါသည်။ အကြောင်းပြချက်များရှိပါသည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော် သည် နိုင်ငံ၏ နိုင်ငံရေးအာဏာကြီးနှစ်ရပ်ကို
ထိရောက်စွာ ၀င်ရောက်လုပ်ကိုင်နိုင်ပါသည်။ တနည်းအားဖြင့် နိုင်ငံရေးအာဏာ အမြောက်အမြား
ရရှိထားပြီး ဖြစ်သည်။ အာဏာသိမ်းလျှင် ကိုယ့်ထံမှ အာဏာကို ကိုယ်ပြန်သိမ်းသကဲ့သို့သာ
ဖြစ်ပေလိမ့်မည်။ ထို့အပြင် အာဏာသိမ်းရုံဖြင့် လုပ်ငန်းပြီး သွားသည်မဟုတ်ပါ။ အချိန်အတိုင်းအတာတစ်ခုအထိ
ပြည်သူကို စီမံအုပ်ချုပ်ထားဖို့လည်း လိုအပ်ပါသည်။ ယနေ့ ပြည်သူလူထု၏ အနေအထားအရ တပ်မတော်အနေဖြင့်
အုပ်ချုပ်ရန် များစွာခက်ခဲမှု ရှိမည်ဖြစ်ကြောင်း တပ်မှူးကြီးများ နားလည်ကြပါသည်။ နိုင်ငံခြား
ဆက်ဆံရေးများ ပျက်ပြားပြီး မြန်မာ့ စီးပွါးရေးလည်း များစွာထိခိုက်နိုင်ကြောင်း တွက်ဆနိုင်ခြင်းကြောင့်
နောက်ကြောင်းပြန်ရန် ခက်ခဲကြောင်း ထောက်ပြကြပါသည်။
No comments:
Post a Comment