Wednesday 29 June 2016

အရပ်ဘက်- အရပ်ဘက်ဆက်ဆံရေ

၂၀၁၆ ဇွန်လအတွင်းမှာနိုင်ငံရေးနဲ့ ဆက်နွှယ်နေ တဲ့ ပွဲသုံးပွဲကို ကျွန်တော် ရောက်ခဲ့ပါတယ်။ တောင်ကြီးမှာ ကျင်းပခဲ့တာက ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှာခြင်း နှီးနှောဖလှယ်ပွဲပါ။ အဲဒီပွဲမှာ ရှမ်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေအားလုံးကို ဖိတ်ကြားပြီး ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ နောက်တစ်ပွဲကတော့ လားရှိုးမှာကျင်းပတဲ့ ရှမ်းပြည်ပူး ပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) နှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲပါ။ အဲဒီပွဲကတော့ အထိမ်းအမှတ်ပွဲသက်သက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ပွဲက တော့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးစီးကျင်းပခဲ့တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၂၁ ရာစုပင်လုံညီလာခံ ဖိုရမ်ပွဲပါ။ အဲဒီပွဲကို ပြည်မြို့မှာ ကျင်းပခဲ့တာပါ။
ပြောခဲ့တဲ့ ပွဲတွေမှာ ကျွန် တော်သတိထားမိတဲ့အချက်က တော့ အနိုင်ရနိုင်ငံရေးပါတီကြီး ထဲက ကျွန်တော်တို့နဲ့ ရင်းနှီးပြီး သား မိတ်ဆွေတွေ ပွဲကိုတက် ရောက်မလာကြတာ ဖြစ်ပါတယ်။ တကယ်ဆို ကျွန်တော်ပြောခဲ့တဲ့ အဲဒီနိုင်ငံရေးပွဲတွေမှာ ဆုံးဖြတ် ချက်တွေ၊ ကတိပြုချက်တွေ၊ ထုတ်ပြန်ကြေညာချက်ထုတ်တာ တွေ မရှိပါဘူး။ ပြောရရင်တော့ နိုင်ငံရေးပါတီတွေအဖို့ သိပ်အ ရေးကြီးလှတဲ့ပွဲတွေမဟုတ်ပါ ဘူး။ ပွဲလာတက်တဲ့အတွက် အမှား အယွင်းတစ်စုံတစ်ရာဖြစ်စရာမရှိ တဲ့ ပွဲမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိတ်ဆွေရင်းတွေ ဖြစ်တဲ့ အနိုင်ရပါတီက မိတ်ဆွေ တွေက ဘာကြောင့်ရှောင်ထွက် ပြီး ရောက်မလာကြတာလဲဆိုတာ စဉ်းစားစရာဖြစ်ခဲ့ပါတယ်။ အဲဒါ နဲ့ပဲ နီးစပ်ရာနိုင်ငံရေးအသိုင်းအ ဝိုင်းက မိတ်ဆွေတွေ၊ အပေါင်း အသင်းတွေကို လက်လှမ်းမီသ လောက် မေးကြည့်လိုက်တော့မှ သူတို့ဒေသတွေမှာလည်း ကျွန် တော်ကြုံခဲ့ရသလိုမျိုး သူတို့လည်းကြုံခဲ့ရတယ်လို့ ပြောလာကြပါ တယ်။
တကယ်ဆို ကျွန်တော်တို့နဲ့ အနိုင်ရပါတီကြီးက မိတ်ဆွေတွေ ဟာ အငြင်းပွားစရာ၊ အတိုက်အ ခံပြုစရာ ဘာမှမရှိခဲ့ပါဘူး။ လက် ရှိမှာလည်း ဘာမှရှိမထားပါဘူး။ အရင်တုန်းကလိုပဲ ခင်ခင်မင်မင် ရှိစမြဲရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ အခုတော့ ပြောနေတာတွေက ဘယ်လောက်မှန်တယ်ဆိုတာ ကျွန်တော်သိပ်တော့ မသိပါဘူး။ ကြားနေရတာတွေကတော့ အဲဒီ ပွဲတွေတက်ဖို့ ဖိတ်ခံရရင် အထက်ကို ခွင့်ပြုချက်တောင်းပြီး ခွင့်ပြု ချက်ရမှ တက်ရတယ်လို့ ပြောနေ ကြပါတယ်။ အဲဒီအချက်ကို လူအ တော်များများပြောနေကြပေမယ့် ကျွန်တော်ကတော့ မယုံကြည်ပါ ဘူး။ မယုံကြည်ပေမယ့်လည်း စိတ်ပူပန်မှုရှိလို့ အခုဆောင်းပါးကို ကျွန်တော်ရေးခြင်းဖြစ်ပါ တယ်။
စဉ်းစားကြည့်ပေါ့။ မြို့နယ် တစ်ခုတည်းမှာ အတူနေကြတဲ့ မိတ်ဆွေ နိုင်ငံရေးပါတီအချင်း ချင်းလုပ်တဲ့ပွဲတွေကို တက်ဖို့ရာ အတွက် အထက်ကိုခွင့်တောင်းရ တယ်ဆိုတာ ဒီမိုကရေစီပါတီကြီး မှာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ ဗျာ။ အတိုက်အခံဘဝ အနိုင်ရ ပါတီကြီးမဖြစ်ခင်တုန်းကတောင် မှ မလိုခဲ့ဘဲ အခုအာဏာရပါတီ ကြီးဖြစ်တော့မှ လိုအပ်တယ်ဆို တာ လုံးဝကို မဖြစ်နိုင်တာပါ။ ဒါ ပေမဲ့ လူပြောသူပြောကတော့ အ တော်ကို များနေခဲ့ပါပြီ။
ကျွန်တော်တို့ဟာ အရပ် ဘက်၊ စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးပမ်းနေတဲ့ကာ လကို သဘောပေါက်နားလည် ပေးရမှာ ဖြစ်ပါတယ်။ အောင်မြင် အောင်လည်း ဝန်းရံပေးကြရမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ တစ်ပြိုင်နက် တည်း မိမိတို့နဲ့ သဘောထားတူ ညီကြတဲ့ မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ ဝင်ထွက်သွားလာ တိုင်ပင် နေကြရမှာ ဖြစ်ပါတယ်။ မိမိနဲ့ ရပ်တည်ချက်ချင်းတူညီတဲ့ အဖွဲ့ အစည်းအချင်းချင်း မဆက်ဆံရင် အခြားဘယ်သူနဲ့မှ ဆက်ဆံဖို့မရှိ နိုင်တော့ပါဘူး။
အခုအချိန်မှာ ရန်သူကို တောင်မှ မိတ်ဆွေလုပ်နိုင်တဲ့ အ ခြေအနေဖြစ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို လုံး ပမ်းနေကြတဲ့အချိန်လည်းဖြစ်ပါ တယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အတတ်နိုင်ဆုံး ရိုင်းပင်း ကူညီကြရမှာဖြစ်သလို တစ်ဦး တစ်ဖွဲ့စီရဲ့ သဘောထားတွေ၊ အယူအဆတွေကို လေးလေးစား စား လေ့လာသုံးသပ်ရမယ့်အချိန် ကာလလည်းဖြစ်ပါတယ်။
အခုလိုအချိန်ကျမှ ပွဲတွေ ဖိတ်ကြားတာတောင် မဝင်၊ မထွက်ဘဲ ခပ်စိမ်းစိမ်းနေကြရ မယ့် အချိန်လည်း မဟုတ်တော့ ပါဘူး။ ကောင်းမွန်သင့်မြတ်တဲ့ ဆက်ဆံရေးတွေ ထူထောင်ရမယ့် ကာလဖြစ်ပါတယ်။ တကယ်ဆို ရင် မြို့နယ်တွေက ပွဲတွေမှာ အ ရင်တုန်းကလုပ်ခဲ့သလိုမျိုးကို အ နိုင်ရပါတီအနေနဲ့ဆက်လက်ပြီး ဦးဆောင်နေရမှာ ဖြစ်ပါတယ်။ အခုလို ကိုယ်ရောင်ဖျောက်နေလို့ မရပါဘူး။ အနိုင်ရပါတီ၊ အာဏာ ရပါတီဆိုတဲ့ ဂုဏ်ကိုထိန်းသိမ်းပြီး မိမိမြို့နယ်ထဲမှာ ဆက်လက်ပြီး ဦးဆောင်နေရမှာပဲဖြစ်ပါတယ်။ ဒါမှလည်း ကိုယ့်ကိုအားပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူတွေနဲ့လည်း အ ဆက်မပြတ်တွေ့ဆုံနေမှာ ဖြစ်ပါ တယ်။
အနိုင်ရခဲ့ပြီး အာဏာရပါတီ ကြီးဖြစ်လာတဲ့အခါမှာ အတိုက် အခိုက်ဆိုတာတွေကတော့ မလွဲ မသွေရှိနေမှာပါ။ ဒါတွေကိုတော့ ရှောင်လွှဲလို့လည်း မရနိုင်ပါဘူး။ ဒါတွေကို ရှောင်ကြဉ်နေရင်လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အ ရေးကြီးတာက ကိုယ့်ဘက်က ‘တာ’ကို လုံအောင်ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်တာလုံနေ သရွေ့ ဘယ်သူမှ အပြစ်ပြောလို့ မရပါဘူး။
တကယ်ဆိုရင် ပုပ်သိုးဆွေး မြည့်နေတဲ့ အမှိုက်ပုံကြီးကို ရှင်း လင်းရသလို အတော်ကြီးကို ခက် ခဲတဲ့ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းကြီးကို လုပ်နေရတာမို့ ကျွန် တော်တို့ အပြစ်တင်လို့မရပါဘူး။ သို့သော်လည်း အနိုင်ရပါတီအ နေနဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ တွေမှာ မပါဝင်ရတဲ့ ပါတီဝင်တွေ ဟာ သူတို့နဲ့ဆိုင်တဲ့ ဒေသအသီး သီးတွေမှာ ကျန်နေကြတာပါ။ မကြာခင်လာတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံအတွက် ပြည်သူ တွေဆီကဖြစ်ဖြစ်၊ သူတို့နဲ့နီးစပ် ရာ ပါတီတွေ၊ အဖွဲ့အစည်းတွေ ဆီက အမြင်တွေကို နားထောင်ဖို့ လိုသလို ပါတီအပေါ်ပိုင်းက ပေါ် လစီတွေကိုလည်း ရှင်းပြနေရမှာ ဖြစ်ပါတယ်။ ဦးဆောင်ပါတီကြီး အနေနဲ့ မားမားမတ်မတ်ရပ်တည် နေရမှာ ဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်တွေမှာ ဦးဆောင်မှု ပေးနေသလို ဆိုင်ရာမြို့နယ်တွေ မှာလည်း ဦးဆောင်မှုပေးနိုင်ရမှာ ဖြစ်ပါတယ်။
 နိုင်ငံတော် တည်ဆောက် ရေးဆိုတာ တစ်ဦးတစ်ယောက် တည်း၊ တစ်ဖွဲ့တည်းက ဆောင် ရွက်နိုင်တဲ့ကိစ္စတွေ မဟုတ်ပါဘူး။ အဖွဲ့အစည်းအားလုံးကို တတ်နိုင် သမျှ စည်းရုံးသိမ်းသွင်းပြီး လက် တွဲဆောင်ရွက်မှသာ အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ အသီးသီး သော အဖွဲ့အစည်းတွေကနေတစ် ဆင့် ပြည်သူတွေကို လမ်းပြရှေ့ ဆောင်ရမှာ ဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ပြောသလို ရေဆန်ခရီး မှာ လှော်တက်ပဲရမယ်ဆိုသလိုပဲ ‘လှော်တက်’တောင်းချင်တဲ့လူ တွေ၊  အကူအညီပေးချင်တဲ့လူ တွေက ဒုနဲ့ဒေးပါဗျာ။ အခွင့်အရေး သမားတွေရှိတာမှန်သလို အမှန် အကန်စိတ်စေတနာအရင်းနဲ့ တိုင်းပြည်အတွက် အကူအညီ ပေးချင်တဲ့ ‘လူမှန်’တွေလည်း အ များအပြားရှိနေပါတယ်။ ကိုယ် က အဖွဲ့အစည်းတွေကြားထဲ ဝင် ထွက်ဆက်ဆံနေဖို့ပဲ အရေးကြီး ပါတယ်။
တကယ်ဆို ကျွန်တော့်အနေ နဲ့ ဘာမှဝင်ပြောစရာမရှိပါဘူး။ တခြားဘယ်သူမှလည်း အမုန်းခံ ပြောဆိုသံလည်း မကြားရပါဘူး။ သို့သော်လည်း ကျွန်တော်တို့ ဒီမို ကရေစီဘက်တော်သားပါတီတစ် ခုရဲ့ ဖြစ်ပျက်နေပုံကို ပြန်လည် သုံးသပ်နိုင်အောင် အပြုသဘော ဆောင်ပြီး ဝင်ပြောရခြင်းဖြစ်ပါ တယ်။ အခုလို လူပြောသူပြော များနေတဲ့ကိစ္စသာ အမှန်တကယ် ဖြစ်နေတယ်ဆိုခဲ့ရင် ပဲ့ကိုင်ရှင် များ လမ်းကြောင်းမှန်ပေါ် ပြန် တည့်မတ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ မဟုတ် ဘူးဆိုရင်လည်း လွန်တာရှိ ဝန္ဒာမိ ပေါ့။
တစ်ခုတော့ ရှိပါတယ်။ စစ် ဘက်- အရပ်ဘက်ဆက်ဆံရေး အရေးကြီးသလို တစ်ဖက်မှာ လည်း ‘‘အရပ်ဘက်- အရပ်ဘက် ဆက်ဆံရေး’’လည်း အရေးကြီးပါ ကြောင်း တင်ပြလိုက်ရပါတယ်။
7Days Daily (Issue No. 1127 Thursday, June 22, 2016)

မြန်မာ့နိုင်ငံရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး

မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲသည်သာမန်အားဖြင့်ကြည့်လျှင်အားတက်ဖွယ် အပြောင်းအလဲကြီးတစ်ခုဖြစ်ပါသည်။ နှစ်ပေါင်းငါးဆယ်ကျော် ပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်လာသည့် စစ်အစိုးရအား လူထုစွမ်းအားဖြစ်သည့် ရွေးကောက်ပွဲ အနိုင်ရသောနည်းလမ်းဖြင့် ဖယ်ရှားလိုက်နိုင်ခြင်းသည် အံ့ဖွယ်တစ်ခု ဖြစ်ခဲ့ပါသည်။ ပြည်မနေ ပြည်သူတွေအဖို့တော့ သာမန်အားဖြင့် စိတ်အေးအားတက်ဖွယ်ဖြစ်သော်လည်း ပြည်နယ်နေတိုင်းရင်းသား လူမျိုးများအတွက်မူ စိတ်ချလက်ချ စိတ်အေးနိုင်သည့် အခြေအနေကို မရရှိနိုင်သေးပေ။
လက်ရှိအာဏာရ ဒီချုပ် ပါတီသည် ၂၈ နှစ်တိုင်အောင် အ တိုက်အခံဘဝဖြင့် ကြိုးပမ်းခဲ့ရပါ သည်။ အတိုက်အခံဘဝနှင့် အစိုး ရဘဝသည် အတော်ခြားနားသည် ဟု ထင်မြင်ပါသည်။ အစိုးရဘဝ လုပ်ကိုင်ရသည့် အလုပ်များသည် အတိုက်အခံဘဝတွင်လုပ်သည့် လုပ်ရပ်များနှင့် အတော်ခြားနားရ ပါလိမ့်မည်။ အတိုက်အခံဘဝ ထက် ပိုမိုပြီး တာဝန်ယူမှု၊ တာဝန် ခံမှု ကြီးမားပါသည်။ ဒီချုပ်အစိုးရ အနေဖြင့် ထင်ထားသည်ထက် အဆမတန်များပြားလှသော အာ ဏာနှင့် လုပ်ပိုင်ခွင့်ကို ကောင်း မွန်စွာအသုံးတည့်အောင် အသုံး ချဖို့ရာ အတော်ကြီးကို ကြိုးစား အားထုတ်ရမည်ဖြစ်ပါသည်။ အ ထူးသဖြင့် အမှိုက်ပုံကြီးတစ်ခုလို ပုပ်သိုးဆွေးမြည့်နေသည့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ဖို့ အတော်ကြီးပြတ်ပြတ်သားသားလုပ်ကိုင်နိုင်မှ ဖြစ်နိုင်ပါသည်။ တစ်ကြိမ်တစ်ခါမျှ အာဏာမရခဲ့ဖူးသော နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ခိုင်မာသော ကျောထောက်နောက်ခံတစ်ရပ်ကို တည်ဆောက်ရန်မှာ ချက်ချင်းမဖြစ်နိုင်သေးပေ။ခိုင်မာသော ကျောထောက်နောက်ခံမရှိဘဲ အကျင့်ပျက်ခြစားမှုများကို ပြတ်ပြတ်သားသား အမြစ်ဖြုတ်ရန်မှာ အတော်ကိုခက်ခဲမည်ဖြစ်ပါသည်။

ဒီချုပ်ခေါင်းဆောင်များအ နေဖြင့် အထက်ဖော်ပြပါ အမှိုက် သရိုက်များကို ရှင်းလင်းနေရ သောကြောင့် ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးစုများအရေး ကို အာရုံစိုက်မှု လျော့နည်းသွား နိုင်ပါသည်။ လက်ရှိအခြေအနေ အရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝန်ကြီးဌာနနှစ်ခုကို ကိုင်တွယ်နေရပါသည်။ ထို့အ ပြင် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးလုပ်ငန်းများကို စောစောပိုင်းတုန်းက ပြောခဲ့သလို သူမအနေဖြင့် ကိုယ်တိုင်ခေါင်း ဆောင်ပြီး ဆောင်ရွက်ရန် ကော် မတီများ ဖွဲ့စည်းခဲ့ပြီးလည်း ဖြစ် ပါသည်။ သို့သော် များပြားလှ သော လုပ်ငန်းတာဝန်များအ ကြားတွင် အလွန်ထိလွယ်ရှလွယ် သော အလုပ်ဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေးလုပ်ငန်း ဆောင် ရွက်ရန် အချိန်ပြည့်ပေးနိုင်ပါ့ မလား သံသယဖြစ်ဖွယ်ရှိပါသည်။
 အသစ်ဖွဲ့စည်းထားသော အစိုးရအဖွဲ့သည် ဝန်ကြီးဌာနများ အများအပြားလျှော့ချလိုက်ခြင်း၊ ဒုတိယဝန်ကြီးများကို မထားရှိ တော့ခြင်း၊ ဝန်ကြီးဌာနများကို ပေါင်းစည်းလိုက်ခြင်းနှင့် အတွေ့ အကြုံအသစ်ဖြစ်ခြင်း စသောအ ကြောင်းတရားများသည် တိုင်း ရင်းသားဒေသအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းများကို နှောင့်နှေးစေ နိုင်ပါသည်။ အသစ်ဖွဲ့စည်းထား သော တိုင်းရင်းသားရေးရာဝန် ကြီးဌာနသည် နည်းဥပဒေမရေး ဆွဲရသေးသည့် အနေအထားမှ ဝန်ကြီးဌာနဖွဲ့စည်းရေးကိစ္စကို လုပ်ဆောင်ရမည်ဖြစ်သဖြင့် အ ချိန်အတော်ကြာအောင် ဖွဲ့စည်း ရဦးမည်ဖြစ်ပါသည်။ သတ်မှတ် ထားသော ဥပဒေကို လေ့လာ ကြည့်လျှင်လည်း ပြည်တွင်းငြိမ်း ချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ လုပ်ငန်းများ နှင့်ပတ်သက်မှုမရှိကြောင်း တွေ့ နိုင်ပါသည်။ အငြင်းပွားဖွယ် အဓိပ္ပာယ်ဖွင့်ဆိုမှုများလည်း ပါဝင်နေပါသည်။ ခေါင်းစဉ်တပ် ထားသည့် တိုင်းရင်းသားဟူသော ဝေါဟာရသည်ပင်လျှင် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အယူအဆကွဲမှု များ ရှိနေဆဲဖြစ်ပါသည်။
မကြာမတင်ကာလက ‘‘ဝ’’ နယ်ရှိ ပန်ဆန်းတွင် စုဖွဲ့နေမှုများ၊ ထိုင်းနိုင်ငံ ချင်းမိုင်တွင် NCA လက်မှတ်ထိုးအဖွဲ့များ၏ စုဖွဲ့နေ မှုများ၊ NCA လက်မှတ်မထိုးရ သေးသော အစုအဖွဲ့များ၏ စုဖွဲ့ မှုများသည် မျက်ခြည်ပြတ်၍မရ သော မြန်မာ့နိုင်ငံရေး အခြေအ နေများဖြစ်ပါသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လက်မှတ်မရေး ထိုးရသေးသည့် တပ်ဖွဲ့များထံသို့ အစိုးရကိုယ်စားလှယ်အဖွဲ့သွား ရောက်ဆွေးနွေးနေခြင်းများမှ သတင်းကောင်းများ ကြားရပါစေဟုမျှော်လင့်နေကြရပါသည်။ MPC လုပ်ငန်းများ ရပ်ဆိုင်းသွားပြီးသည့်နောက်ပိုင်း ရှမ်းပြည်နယ် အတွင်း ဖြစ်ပွားနေသော တိုက်ပွဲ များ ရပ်ဆိုင်းသွားစေရန် ကြားဝင်စေ့စပ်ပေးရေးမရှိသလို ဖြစ်သွားသောကြောင့် ပြည်သူလူထုအနေ ဖြင့် စစ်ပြေးဒုက္ခသည်ဘဝ ဆိုက် ရောက်ရင်ဆိုင်နေကြရသည်။ ရှမ်းပြည်နယ် အစိုးရနှင့် ရှမ်းပြည် နယ်လွှတ်တော်များကလည်း နှုတ်ဆိတ်နေကြသည်မှာ အံ့ဩစရာ ဖြစ်နေပါသည်။
၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းစဉ်က ရှမ်းတို့၏ ခွဲထွက်ခွင့် တောင်းဆိုမှုကြောင့်ဟု အကြောင်းပြခဲ့သည်။ ယနေ့ပွင့်လင်းလာသော ယခုလိုကာလတွင် ထိုတောင်းဆိုမှုမျိုး မရှိခဲ့ကြောင်း နောက်ကျစွာ သိရှိလာကြသည်။ ယင်းနောက်ပိုင်း လူမျိုးစုငယ်များအတွင်း သွေးခွဲရေးကို တဖြည်းဖြည်းပုံသွင်းလာခဲ့ကြပြီး ၂၀၀၈ အခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို သတ်မှတ်ပေးခဲ့သည်။ ထိုစဉ်မှစ၍ လူမျိုးစုငယ်အသီးသီးတို့၏ စိတ်ထဲတွင် ကိုယ်ပိုင်ပြည်နယ်ရရှိရေး စိတ်ဓာတ်များကိန်းအောင်းခဲ့သည်။ မျိုးချစ်စိတ်ဓာတ်များ တဖွားဖွားပေါက်ဖွားလာခဲ့သည်။
‘‘နိုင်ငံချစ်စိတ်ထက် မျိုးချစ် စိတ်က ပိုမိုများပြားကျော်လွန် သွားခဲ့သည်’’ ‘‘နိုင်ငံချစ်စိတ်ထက် မိမိအဖွဲ့အစည်းကို ချစ်စိတ်က ပိုမိုများပြားခဲ့သည်’’ နိုင်ငံ့အရေး ထက် မိမိအမျိုးသားရေးကို ဦးစား ပေးလာခဲ့ကြသည်။ ပြည်မရှိ အာ ဏာရအဖွဲ့အစည်းများထဲတွင် လည်း  နိုင်ငံ့အကျိုးစီးပွားထက် မိမိတို့အဖွဲ့အစည်း၏ အကျိုး စီးပွားကို ဦးစားပေးသည့် အခြေ အနေမျိုး ဖြစ်ပေါ်ခဲ့သည်။
 နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံ့အ ကျိုးစီးပွားထက် မိမိလူမျိုးစု၏ အ ကျိုးစီးပွားကိုဖြစ်စေ၊ မိမိအဖွဲ့အ စည်း၏ အကျိုးစီးပွားကိုဖြစ်စေ ပိုမိုအလေးထား လုပ်ဆောင်နေ ပြီဆိုလျှင် ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးကိစ္စသည် မျှော်လင့်နိုင် သော ကိစ္စမဟုတ်နိုင်တော့ပါ။ အ တော်ကို ကုစားရမည့်ကိစ္စဖြစ်ပါ သည်။ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့ သော လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှုတွင် သတ်မှတ်ထား သော လူမျိုးအမည်နာမ၌ မပါဝင် သော လူမျိုးများကို သီးခြားခေါင်း စဉ်ဖြင့် မေးမြန်းစာရင်းပြုစုခဲ့ရာ လုပ်ငန်းပြီးစီးသွားပြီးနောက်ပိုင်း ထုတ်ပြန်ကြေညာရန် မဖြစ်နိုင် လောက်အောင် များပြားလှသော လူမျိုးအမည်နာမများ ထုတ်ဖော် စာရင်းပေးထားကြသည်ကိုကြည့် လျှင် သိနိုင်ပါသည်။ မကြာမီက ပင် မိုင်းဝန်း (ဗမာ)ဟူသော လူမျိုးနာမည်အသစ်တစ်ခုကို အစိုးရက မှတ်ပုံတင်ထုတ်ပေးရန် ညွှန်ကြား စာထွက်လာသောကြောင့် ဝေဖန် မှုများ ရှိနေပါသည်။
အထူးသဖြင့် ဖိနှိပ်မှုများ အောက်တွင် ကြီးပြင်းလာကြပြီး လေ့လာမှုအားနည်းခဲ့သော လက် နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်းများကို နားလည်လက်ခံနိုင် အောင် ယုံကြည်မှုတည်ဆောက် ရသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပါ။ လက်ရှိအာဏာရပါတီ ၏ ခေါင်းဆောင်နှင့် စစ်တပ်ခေါင်း ဆောင်ပိုင်းများ အာဏာမလွှဲခင် ညှိနှိုင်းမှုများမှာ မအောင်မြင်ခဲ့ဟု သိရပါသည်။ သို့ဆိုလျှင် တစ် ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးနှင့် အမျိုးသားပြန်လည်ရင် ကြားစေ့ရေးကိစ္စကို လက်ရှိအာ ဏာပိုင်အစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေးမှုအောင်မြင်သည့်တိုင် တပ်မတော်ဘက်သို့တစ်ခါ ထပ်မံ ညှိနှိုင်းမှု ပြုရတော့မည်ဖြစ်ပါ သည်။ အစိုးရမပါဝင်ဘဲ တပ် မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်များ တိုက်ရိုက်ဆွေးနွေး မှုများသည်လည်း အဓိပ္ပာယ်ရှိ မည်မဟုတ်ပေ။ လက်ရှိ အစိုးရ ကိုယ်တိုင်က တပ်မတော်နှင့် တစ် ဖွဲ့တည်း၊ တစ်ဖက်တည်းအတူ ထိုင်လျက် ဆွေးနွေးနိုင်မည့် အ ခြေအနေမရှိသေးခြင်းသည် အား ယုတ်စရာဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးသည် ပြည်တွင်းစစ် ရပ် စဲရေးအပေါ် အတော်မူတည်နေ ပါသည်။ ပြည်တွင်းစစ်ရပ်စဲရေး သည်လည်း ယုံကြည်မှုတည် ဆောက်ပြီး နိုင်ငံရေးသဘောတူ ညီမှုရယူနိုင်မှသာ ရပ်စဲမှုဖြစ်နိုင် ပါမည်။ အများက သဘောတူ ထားသည့် သဘောတူညီချက်များ ဖြင့် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ပြဋ္ဌာန်း ရေးဆွဲပြီးမှသာ ခိုင်မာသော ငြိမ်း ချမ်းရေးကို ရနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လက်နက် ကိုင်တော်လှန်ရေးများ၏ သမိုင်း ကြောင်းသည် ကြာတောင့်ကြာ ရှည် ကြာညောင်းခဲ့သည်ဖြစ်ရာ အထာကျနေပြီဟုပင် ဆိုနိုင်ပါ သည်။ လူမျိုးစုတိုင်းလိုလို လက် နက်ကိုင်တော်လှန်ရေး အဖွဲ့အ စည်းများ တစ်နည်းမဟုတ်တစ် နည်း ဖွဲ့စည်းခဲ့ကြသည်။ ဖွဲ့စည်းဖို့လိုသည်ဟူသော အတွေးအခေါ် များလည်း ပြောသံကြားနေရသည်။ တချို့ဆိုလျှင် ထိုတော်လှန်ရေးလောကထဲတွင် မွေးဖွား ကြီးပြင်းခဲ့သူများ ဖြစ်ပါသည်။ ဤကဲ့သို့သော နှစ်ပေါင်းကြာညောင်း အောင် အသက်ရှည်၊ အသက် ဆက်ခဲ့သော များပြားလှသည့် တော်လှန်ရေးအဖွဲ့အစည်းများ သည် ဘာကြောင့်ပေါ်ပေါက်ခဲ့ သလဲ၊ ဘာကြောင့် အသက်ရှည် နေသလဲ၊ ဘာကြောင့်ထပ်မံပေါ် ပေါက်နေသလဲ စဉ်းစားသုံးသပ်ဖို့ လိုကိုလိုပါသည်။ တော်လှန်ရေး စိတ်ဓာတ်၊ တော်လှန်ချင်သော စိတ်များ ဖြစ်ပေါ်စေခဲ့သည့် အ ကြောင်းတရားများကိုလည်း ပြန် လည်ဆန်းစစ်ဖို့ အချိန်ရောက်ပြီ ဟု ယူဆမိပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြတ်သန်းမှုကို ပြန်သုံး သပ်ကြည့်လျှင် ထူးခြားချက် အချို့ကို တွေ့နိုင်ပါသည်။ ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းပိုက် ပြီးသည်မှ နောက်ပိုင်းကာလတစ် လျှောက်လုံးသည် ပုဂ္ဂိုလ်တစ်ဦး တည်း၏ ညွှန်ကြားခေါင်းဆောင် မှုအောက်တွင်သာ နေထိုင်ခဲ့ရပါ သည်။ အစိုးရပုံစံသာလျှင်  ပြောင်းချင်ပြောင်းသွားပါမည်။ နိုင်ငံ တော်ကို ခေါင်းဆောင်နေသည်က တော့ လူပုဂ္ဂိုလ်တစ်ဦးတည်းသာ ဖြစ်ပါသည်။ ယခုနောင်လာမည့် နှစ်များတွင်လည်း (စေတနာအ ရာတွင် ကွာခြားကောင်း ကွာခြား မည်ဖြစ်သော်လည်း) ခေါင်း ဆောင်မှုကတော့ တစ်ဦးတစ် ယောက်တည်း၏ ခေါင်းဆောင်မှု ဖြင့် ခရီးဆက်ရမည့် အနေအထား ဖြစ်ပါသည်။
တိုင်းရင်းသားများအနေဖြင့် ထိုသို့သော အခြေအနေတွင် ထို ခေါင်းဆောင်၏ စိတ်စေတနာကို စောင့်မျှော်နေရုံမှတစ်ပါး အခြား မရှိနိုင်တော့ချေ။ လက်ရှိအစိုးရ နှင့် တပ်မတော်သည် တစ်ခုတည်းမဟုတ်သော အချက် တစ်ချက်သာလျှင် တိုင်းရင်းသားများအတွက် သက်သာရာသက်သာကြောင်း ဖြစ်နေပါသည်။ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများအဖို့ နိုင်ငံ့အာဏာကို ရယူရန် ဘယ်လိုနည်းနှင့် မျှ မဖြစ်နိုင်အောင် တားဆီးထားသည်။ နိုင်ငံ့အာဏာမဆိုထားနှင့် မိမိဒေသ မိမိပြည်နယ်၏ အာဏာကိုပင် ရွေးကောက်ပွဲတွင် မည်မျှနိုင်နိုင် ရယူခွင့် လုံးဝမရှိပါ။ နေပြည်တော်ရှိ ပြည်မပါတီကြီးတစ်ခုခု ၏ လက်ဝေခံမဖြစ်ဘဲ မိမိပြည် နယ်တွင် ဝန်ကြီးချုပ်ဖြစ်ရန် အ ကြောင်းမရှိပါချေ။ လွတ်လပ်ရေး ရရှိသည်မှစ၍ အစိုးရအဆက် ဆက်က အစဉ်အလာအရ ရှမ်း ပြည်နယ်အကြီးအကဲအား ရှမ်း ပြည်နယ်သားများကိုသာ ခန့်အပ် ခဲ့သော်လည်း ယခုရှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီး တစ်ခုမှ မြေပြန့်သားတစ်ဦးအား ခန့်အပ်ခဲ့ခြင်းကိုကြည့်လျှင် ပြည် နယ်များ၏ အခွင့်အရေးဆုံးရှုံးမှု ကို မြင်တွေ့နိုင်ပါသည်။
တိုင်းရင်းသားအချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး (သို့ မဟုတ်) ပြန်လည်သင့်မြတ်ရေး ကို ဆောင်ရွက်ရန် ယခုအစိုးရ သစ်၏ အစီအစဉ်ကို တိုင်းရင်း သားအတော်များများက စောင့် ကြည့်နေကြပါသည်။ ပြီးခဲ့သော အစိုးရ၏ ဆောင်ရွက်ချက်ဖြစ် သည့် ‘‘ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ’’အား ဆက်လက် သယ်ဆောင်သွားမည်လား၊ မသွားဘူးလား။ မည်သူမျှ မသိနိုင်သေး သည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်ပါသည်။ ယခုအစိုးရသစ်အ တွက် ဟန်နီးမွန်းကာလ ရက်တစ် ရာကို ကြည့်လိုက်လျှင်လည်း ပထမဆုံးလတွင်ပင် တရားဝင်ရုံး ပိတ်ရက် ၁၂ ရက် နှစ်ရက်ပြန်ဖွင့် ပြီး နောက်ထပ် နှစ်ရက်ပြန်ပိတ်ခဲ့ ရာ ၁၆ ရက်ခန့် အချိန်ကုန်သွား သည်မှာလည်း အလွန်နှမြောစရာ ကောင်းခဲ့ပါသည်။
မြန်မာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး ရေးအတွက် အဖြေသည်မရှိ မဟုတ်။ ရှိကို ရှိနေသည်ဟု ယုံ ကြည်မိပါသည်။ ရှာဖွေလျှင် တွေ့ ကိုတွေ့နိုင်ပါသည်။ ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ်သော ခေါင်း ဆောင်များသာ လိုပါသည်။ ‘‘မျိုး ချစ်စိတ်ထက် နိုင်ငံချစ်စိတ်ကို ပိုမိုဦးစားပေးသော ခေါင်းဆောင် များသာ လိုအပ်ပါသည်။ နိုင်ငံ ချစ်စိတ်ကို ပိုမိုဦးစားပေးသော အဖွဲ့အစည်းခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ၊ လူမျိုးစု ခေါင်းဆောင်များ၊ တပ်ခေါင်း ဆောင်များသာ လိုအပ်နေပါ သည်’’ အဖွဲ့အစည်းဆိုရာတွင် အစိုးရအဖွဲ့အစည်းများကိုပါ ထည့်သွင်းရည်ညွှန်းခြင်းဖြစ်ပါ သည်။
အကယ်၍သာ မိမိအဖွဲ့အ စည်း၊ မိမိလူမျိုးစု၊ မိမိပါတီ၊ မိမိ တပ်ကိစ္စများကိုသာ အဓိကထား ဦးစားပေးနေမည်ဆိုလျှင် ကျွန် တော်တို့ တိုင်းပြည်သည် အမျိုး သားပြန်လည်ရင်ကြားစေ့ရေးကို ပြန်လည်ထူထောင်ဖို့ရာ အတော် ကြီးကို ခက်ခဲနေဦးမည်ဖြစ်ပါ သည်။ မိမိအဖွဲ့အစည်း၊ မိမိလူ မျိုးစု၊ မိမိပါတီကိစ္စများကို အဓိက မထားဘဲ ပြည်ထောင်စုကြီး၏ အခက်အခဲပြဿနာကိုသာ ဦးစား ပေး ဆွေးနွေးကြမည်ဆိုမှသာ အောင်မြင်နိုင်ဖွယ်ရှိပါသည်။ မိမိ အဖွဲ့အစည်း၊ မိမိလူမျိုး၊ မိမိပါတီ၊မိမိတပ်ကို ချစ်သောစိတ်ထက် နိုင်ငံတော်ကို ပိုမိုချစ်မြတ်နိုးသော စိတ်ဓာတ်များဖြင့်သာလျှင် တည် ဆောက်နိုင်မည်ဖြစ်သည်။
7Days Daily (Issue No. 1117 Thursday, June 12, 2016)

တိုင်းရင်းသား နိုင်ငံရေးပါတီများဘာလဲ

ပြောမယ်ဆိုရင်လည်းပြောစရာ ဖြစ်ပါတယ်။ ၂၀၁၅ နိုဝင်ဘာရွေး ကောက်ပွဲနောက်ပိုင်းမှာ တိုင်းရင်း သားနိုင်ငံရေးပါတီတွေကိစ္စကို ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ လိုလာ တယ်လို့မြင်ကြပါတယ်။ တိုင်း ရင်းသားနိုင်ငံရေး ပါတီတွေဟာ သူတို့နဲ့ သက်ဆိုင်ရာပြည်နယ် တွေမှာ အပိုင်သဘောမျိုးနဲ့ ရွေး ကောက်ပွဲမှာ အားကြိုးမာန်တက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် လည်း မထင်မှတ်နိုင်လောက် အောင် ခွက်ခွက်လန်အရှုံးနဲ့ ရင် ဆိုင်ခဲ့ကြရတာ အများသိပြီးဖြစ် ပါတယ်။ တချို့ဆိုရင် စိတ်ကူးထဲ မှာ တိုက်အိမ်ဆောက်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ငါဘာဖြစ်လိမ့် မယ်၊ ညာဖြစ်လိမ့်မယ်ဆိုတဲ့ စိတ် ကူးမျှော်လင့်ချက်တွေကိုတောင် ထုတ်ပြောခဲ့ကြတယ်။ ကြိုတင်သ ဘောတူညီချက်တွေကို အောင့်မ ထားနိုင်ဘဲ ထုတ်ပြောခဲ့ကြတယ်။ ဒါပေမဲ့အများထင်ထားသလိုမျိုး လုံးဝမဖြစ်ခဲ့ဘဲ မျှော်လင့်ထားတာ ထက်ကို အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က အနိုင်ရသွားခဲ့တာဖြစ် ပါတယ်။ တိုင်းရင်းသားဒေသတွေ မှာ အရင်ကအစဉ်အလာမရှိခဲ့တဲ့ နေရာတွေမှာတောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေသခံ တိုင်းရင်းသားပါတီတွေကို အနိုင် ယူသွားခဲ့တာလည်း အားလုံးသိကြတဲ့အတိုင်းပါပဲ။ နိုင်သွားတဲ့တချို့ဒေသတွေဆို မြန်မာစာမပြောနဲ့ မြန်မာစကားတောင် ကောင်းကောင်း သိတဲ့ဒေသတွေမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အင်န်အယ်လ်ဒီနိုင်ခဲ့တာပါပဲ။ ဒါကြောင့်အဲဒီလို နိုင်လိုက်တာကို ကျွန်တော်က အင်န်အယ်လ်ဒီဆူနာမီလှိုင်းကြီးဆိုပြီး တင်စားနှိုင်းယှဉ်ပြောခဲ့ရတာပါ။
 အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးသ မားအတော်များများကလည်းပြန် ပြီးတော့ ဆန်းစစ်နေကြတယ်လို့ ကြားသိရပေမယ့် လက်တွေ့မှာ တော့ သုံးသပ်ချက်တွေကို အခု ထိမတွေ့မိသေးပါဘူး။ အားလုံး က ခြေကုန်လက်ပန်းကျနေကြသ လားတော့ မသိပါ။ လှုပ်လှုပ်ရှား ရှားလည်း သိပ်မတွေ့ရပါဘူး။လွန်ခဲ့တဲ့ ရက်ပိုင်းသတင်းတွေအရဆိုရင် ရခိုင်ဘက်မှာ နိုင်ငံရေးသုံးသပ်ချက်တွေ၊ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေးတွေအစား အချင်းချင်းဖြစ်တဲ့ ပြဿနာတွေက ရှေ့တန်းကို ရောက်နေတာတွေ့ရပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ က ရင်ငါးပါတီဆွေးနွေးကြပြီး ကရင် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်း ဖို့ကြိုးပမ်းနေ ကြတာတွေ့ရပါ တယ်။ အတော်လည်းအဆင်ပြေ တယ်လို့ပြောပေမယ့်ဆက်လုပ်စ ရာတွေက အများကြီးကျန်ပါသေး တယ်။ ချင်းပြည်နယ်ဘက်မှာ လည်းချင်းနိုင်ငံရေးပါတီတွေသိပ် ကိုများနေလို့ သူတို့တစ်တွေ လည်း တစုတစည်းတည်းဖြစ် အောင် ညှိနှိုင်းဆွေးနွေးနေကြတာ ကို တွေ့နေရပါတယ်။ ဒါပေမဲ့ အဲ ဒီအထဲမှာ ဇိုမီးပါတီက မပါပြန်ပါ ဘူး။ ကရင်ပြည်နယ်ဘက်မှာ လည်း အလားတူအသံတွေကြား နေရပါတယ်။

 ရှမ်းတွေလည်းပဲနှစ်ပါတီ ပေါင်းစည်းရေးကို ကြိုးစားရင်း ဝေးသထက်ဝေးနေကြတာတွေ့ရ မှာပါ။ မွန်မှာကျတော့ နှစ်ပါတီ ပေါင်းစည်းရေးက မအောင်မြင် လိုက်ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ မူလ ၁၉၈၈ကဖွဲ့စည်းခဲ့တဲ့ သမိုင်းဝင်နာမည်ဖြစ်တဲ့ ‘‘မွန်အမျိုးသားဒီမိုကရေစီအဖွဲ့’’နာမည်ကို မွန်အမျိုးသားပါတီအဖြစ် ပြောင်းလဲပေးခဲ့ပေမယ့်လည်း ပေါင်းစည်းရေးက အပြီးသတ်မှာအောင်မြင်မှုမရခဲ့ပြန်ပါဘူး။ တ ခြားတခြားလူမျိုးစုတွေမှာလည်း ပေါင်းစည်းရေးတွေကို ကြိုးပမ်းနေကြတာတွေကို တွေ့မြင်နိုင်ပါလိမ့်မယ်။
ပြီးတော့ ပေါင်းစည်းခဲ့ကြတဲ့ ပါတီတွေထဲမှာလည်း ပေါင်းစည်း စကလို မဟုတ်တော့ဘဲ ပါတီ တွင်းမှာ တစ်ဦးနဲ့တစ်ဦးအစေးမ ကပ်ကြတော့ဘဲ ပါတီတွင်း ညီ ညွတ်ရေးကို ခြိမ်းခြောက်ခံနေရ တာတွေလည်းရှိလာပါတယ်။
အထူးသဖြင့် သိသိသာသာ ထင်ထင်ရှားရှား ဖြစ်ခဲ့တာက တော့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ကွဲပြားနေခြင်းဖြစ်ပါ တယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်(UNA)နဲ့ ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်း (NBF)ဆိုတဲ့ အုပ်စုကြီးတွေ ကွဲ ပြားနေကြတာပါ။ တချို့ကတော့ ၁၉၉၀ပြည့်နှစ်က ပါတီတွေနဲ့ ဖွဲ့ စည်းခဲ့တဲ့ (UNA)အုပ်စုနဲ့ ၂၀၁၀ ပြည့်နှစ်က ပါတီတွေနဲ့ ဖွဲ့စည်းခဲ့ တဲ့ (NBF)အုပ်စုဆိုပြီး ခေါ်ဝေါ်ကြ တာလည်းရှိပါတယ်။ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥ ပဒေအပေါ်မှာလည်းအမြင်တွေ က မတူကြပါဘူး။။ အထင်ကရ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ် ဦးကဆိုရင် ‘‘ခင်ဗျားတို့ တိုင်းရင်း သားတွေ နှစ်ခြမ်းဖြစ်နေပြီးအယူ အဆနှစ်မျိုးဖြစ်နေတာကိုတစ်မျိုး တည်းဖြစ်အောင်လုပ်လာခဲ့ပါ။ ကျွန်တော်တို့ပါတီက အဲဒီတစ်သံ တည်းကိုထောက်ခံလိုက်မယ်’’ဆို ပြီးတော့ အမြဲလိုလိုပြောလေ့ရှိခဲ့ ပါတယ်။ လှောင်ပြောင်ချင်တဲ့ လေသံမျိုးလို့ဆိုရင်လည်း မမှား လောက်ဘူးထင်ပါတယ်။ တ ကယ်တမ်းစိစစ်ကြည့်လိုက်တော့ လည်း တခြားကိစ္စတွေမှာ ဖြစ် ကောင်းဖြစ်နိုင်ပေမယ့် နိုင်ငံရေး ကိစ္စတွေမှာတော့ သူပြောသလို ဖြစ်ဖို့က သိပ်လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလိုပြောခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူမှန်ပြီး ဘယ် သူမှားတယ်ဆိုတာကိုမဆုံးဖြတ် တတ်တာကြောင့် အဲဒီလိုပြော တယ်လို့ ယူဆရပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်း စုကြည်ပြောပြောနေတဲ့ စကားရှိ ပါတယ်။ ၁၉၉၀ နောက်ပိုင်း မိုး ထဲလေထဲမုန်တိုင်းထန်ချိန်မှာ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်တွဲမဖြုတ်စတမ်း ခါးစည်းခံခဲ့ကြတဲ့ သစ္စာရှိတိုင်းရင်းသားနိုင်ငံ ရေးပါတီတွေကို သူမအထူးကျေး ဇူးတင်ကြောင်း၊ အထူးသဖြင့် CRPPမှာ ပါဝင်ပြီး စွဲစွဲမြဲမြဲလက် တွဲခဲ့တဲ့ ပါတီတွေ၊ ပုဂ္ဂိုလ်တွေဟာ အများကြီး အနစ်နာခံခဲ့သူတွေ ဖြစ်ပါတယ်ဆိုပြီး မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။
အလွန်မှန်ပါတယ်။ အကျိုး စီးပွားမပါဘဲအများကြီးအနစ်နာ ခံခဲ့ကြပါတယ်။
ကျွန်တော်ပြောချင်တာက အခုလောက်ပြောတာထက်ကိုအ များကြီး ပိုအနစ်နာခံခဲ့ရတဲ့အ ကြောင်းဖြစ်ပါတယ်။ မပြီးဆုံးနိုင် လောက်အောင် ဆက်ပြီးဆက်ပြီး နစ်နာနေရဆဲလည်းဖြစ်ပါတယ်။
၂၀၀၄ စောစောပိုင်းမှာကျွန် တော်တို့ရှမ်းခေါင်းဆောင်တွေကို  အစိုးရက ဖမ်းပြီးထောင်ချလိုက် ကြပါတယ်။ ဒါပေမဲ့ UNAအနေနဲ့ မရပ်မနားဘဲ တောက်လျှောက် ဆက်လက်လှုပ်ရှားနေခဲ့တယ်။အ ထူးသဖြင့် မွန်၊ ရခိုင်၊ ဇိုမီးနဲ့ ရှမ်း ပါတီတွေဖြစ်ပါတယ်။ ၂၀၀၈မှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာလည်း ဆန့်ကျင်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ No Voteလှုပ်ရှားမှု တွေကိုလည်း လုပ်ခဲ့ကြပါတယ်။ ၂၀၁၀မှာကျတော့ SNLDအဖွဲ့အနေနဲ့ သူတို့ခေါင်းဆောင်တွေကို အစိုးရက ဖမ်းထားတာကြောင့် အဲဒီတုန်းက ကျင်းပတဲ့ ၂၀၁၀ရွေး ကောက်ပွဲကို မ၀င်ဖို့ဆုံးဖြတ်ခဲ့ကြ တယ်။ UNAမဟာမိတ်တွေဖြစ် ကြတဲ့ ဇိုမီး၊ ရခိုင်နဲ့ မွန်ပါတီတွေ ကလည်း SNLD ကို ထောက်ခံတဲ့ အနေနဲ့ ရွေးကောက်ပွဲကို ဆန့် ကျင်ပြီး မ၀င်ကြတော့ပါဘူး။တစ် နည်းအားဖြင့် ပါတီမှတ်ပုံတင် ထားတာတွေကို ပယ်ဖျက်ခံလိုက် ကြရတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း အဲဒီတုန်းက ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မ၀င်ခဲ့ပါဘူး။ အဲဒီအခြေအနေ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ်ကို ပြောင်းလဲခဲ့တယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီအဖို့ ပြိုင်ဘက်ပါတီက လောက်လောက်လားလား မရှိတော့ဘူးဖြစ်သွားခဲ့တယ်။ တစ်ကိုယ်တည်း ပြိုင်ပွဲဝင်ပြီးတစ်ကိုယ်တည်းအောင်ပွဲဆင်ဖို့ဆိုတာ အမြင်မတင့်တယ်ဘူးဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲကျင်းပတာကို အကောင်းမြင်ပြီး ထောက်ခံတဲ့ အင်အားစုတစ်ခုရှိခဲ့တယ်။ အဲဒီအင်အားစုကနေပြီး ရွေးကောက်ပွဲကျင်းပတာကို ထောက်ခံတဲ့ အသိုက်အ၀န်းထဲက လူတွေကို နိုင်ငံရေးပါတီသစ်ထူထောင်ပြီး ရွေးကောက်ပွဲဝင်နိုင်အောင် အားပေးအားမြှောက်ကူညီခဲ့တယ်။ ဒါတင်မကဘဲ တိုင်းရင်းသားနိုင်ငံရေးပါတီအသစ်တွေ ပေါ်ပေါက်လာအောင်အပူတပြင်းကြိုးစားထူထောင်ပေးခဲ့ကြတယ်။ ပါတီဖွဲ့စည်းနိုင်အောင် အစစအရာရာအကူအညီတွေပေးခဲ့ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ယှဉ်ပြိုင်ဘက်တွေရှိနေစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးပါတီထူထောင်ဖို့ဆိုတာ ငွေကြေးမပြည့်စုံရင် အတော်ခက်တယ်ဆိုတာကို သူတို့သိထားတော့ အဲဒီအင်အားစုတွေကပဲ ငွေကြေးအတော်များများထုတ်ပေးပြီး တိုင်းရင်းသားပါတီသစ်တွေ ထူထောင်နိုင်အောင် ကူညီခဲ့ကြတယ်။ နောင်တစ်ချိန်ကျတော့ အဲဒီအကြောင်းတွေကို ငွေထုတ်ပေးခဲ့တဲ့သူက ထုတ်ဖော်ပြောဆိုလိုက်တဲ့အတွက် ထောက်ပံ့ကြေးရထားတဲ့ ပါတီတစ်ခုဆိုရင် အကွဲအပြဲတွေတောင်ဖြစ်သွားခဲ့ပါသေးတယ်။
ပြောရမယ်ဆိုရင် ပြည်ခိုင် ဖြိုးပါတီအတွက် ပြိုင်ဘက်ပါတီ အသစ်တွေ မွေးဖွားပေးခဲ့တဲ့ အဲဒီ အစီအစဉ်တွေကြောင့် တိုင်းရင်း သားနိုင်ငံရေးပါတီအသစ်တွေ ပေါ်ပေါက်လာရတာပါပဲ။ အဲဒီ တုန်းက ငွေကြေးအကူအညီတွေ သာမရခဲ့ရင် အခုလောက်အထိ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ များမှာမဟုတ်ပါဘူး။
၂၀၁၂ခုနှစ် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မှတ်ပုံပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်လိုက် တော့ အရင်ရွေးကောက်ပွဲကို သ ပိတ်မှောက်ခဲ့တဲ့ ၁၉၉၀တိုင်းရင်း သားပါတီတွေလည်း ကမန်းက တန်းမှတ်ပုံပြန်တင်ကြရတယ်။ ကြားဖြတ်ရွေးကောက်ပွဲကတော့ အလစ်အငိုက်မိသွားလို့ မ၀င် လိုက်ကြရပါဘူး။ UNAကို တရား ၀င်ပါတီတွေနဲ့ ပြန်ပြီးအသက်ဝင် စေခဲ့တယ်။ ၂၀၁၅အထိ သုံးနှစ် နီးပါး UNAနဲ့ NBFတို့ဟာ သီးခြား စီဖြစ်နေခဲ့ရတယ်။ အထက်မှာ ပြောခဲ့သလို တချို့က ပေါင်းစည်း ရေးလုပ်ပြီး ပူးပေါင်းကြတယ်။ တချို့က ပူးပေါင်းလို့မရခဲ့ကြဘူး။ တချို့ကတော့ ဆက်ပြီးကြိုးစား နေကြဆဲပါ။ ပူးပေါင်းပြီးသူတွေ လည်းပါတီတွင်းသဘောထားကွဲ ကြပြန်တယ်။ ပြောရရင်တော့လူ မျိုးစုတိုင်းရင်းသားနိုင်ငံရေးပါတီ တွေမညီမညွတ်ဖြစ်နေကြတယ်။ အားလုံးကို တစုတဝေးတည်းဖြစ်အောင်မစုစည်းနိုင်ကြဘူး။ တချို့ဆိုရင် စုစည်းဖို့စိတ်ကူးတောင်ရှိပုံမရကြပါဘူး။
ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့ တာလဲ။ အဓိကကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀တုန်းက ဖွဲ့ခဲ့တဲ့ နိုင်ငံရေးပါတီတွေက နိုင် ငံရေးအရ သပိတ်မှောက်ခဲ့ကြ တယ်။ သမိုင်းကြောင်းလှပခဲ့ပေ မယ့် နိုင်ငံရေးအရ အောင်မြင်သ လား၊ မအောင်မြင်ဘူးလားဆိုတာ တော့ အဖြေမထွက်ခဲ့ပါဘူး။ အ ဖြေထုတ်ဖို့လည်း ဘယ်သူကမှ ကြိုးစားအားထုတ်ကြပုံမရပါဘူး။ အဲဒီတုန်းကတော့ အခက်အခဲအ ကျပ်အတည်းပေါင်းစုံနဲ့ စစ်အစိုး ရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတာ မို့ စည်းစည်းရုံးရုံးလက်တွဲဆောင် ရွက်ခဲ့တာပါ။ ဒါပေမဲ့လည်း ရရှိခဲ့ တဲ့အကျိုးဆက်ကတော့ နောက် ထပ်တိုင်းရင်းသားနိုင်ငံရေးပါတီ အသစ်တွေထပ်ပေါ်လာတယ်။ ထပ်ပေါ်လာတဲ့ တိုင်းရင်းသားနိုင် ငံရေးပါတီအသစ်တွေနဲ့ ရှိနေပြီး သား တိုင်းရင်းသားနိုင်ငံရေးပါတီ တွေဟာ သဘောတရားမှာမတူ ကြတော့ဘူး။ အမြင်တွေလည်း ကွဲပြားသွားကြတယ်။ ပေါင်းစည်း ဖို့ဆိုတာလည်း သိပ်ကိုခက်သွား ကြတယ်။ အဲဒီအကွဲအပြဲတွေ ကြောင့် တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ ၂၀၁၅ရွေးကောက်ပွဲ မှာ မရှုမလှရှုံးနိမ့်သွားကြတယ်ဆို တဲ့ အယူအဆတွေလည်းပေါ်ခဲ့ တာ ဖြစ်ပါတယ်။ ကျွန်တော့်ဆန်း စစ်ချက်ကတော့ အင်အားကြီးနိုင် ငံရေးပါတီကြီးက အလှည့်အ ပြောင်း(ဂငယ်ကွေ့)သိပ်ကိုမြန် လွန်းတာကြောင့် လက်တွဲဖော်ပါ တီကလေးတွေ လူးလှိမ့်ကျန်ရစ်ခဲ့ တယ်လို့ပဲ မြင်မိပါတယ်။
ဖြစ်ခဲ့ကြတာနဲ့ပတ်သက်ပြီး သူ့အယူအဆနဲ့သူ၊ သူ့ယုံကြည် ချက်နဲ့သူမို့ ဘယ်သူ့ကိုမှ အပြစ်မ တင်လိုပါဘူး။ ကံကြမ္မာလို့ပဲ မှတ်ယူထားတာအကောင်းဆုံးပါပဲ။ နိုင်ငံရေးလုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲမှာမမျှော်လင့်ပဲ ပေါ်ပေါက်လာတတ်တဲ့ လှိုင်းဂ ယက်လို့ ဆိုရင်လည်းမမှားပါဘူး။ တမင်သက်သက်ညစ်ပတ်တာမ ဟုတ်လို့လည်းအပြစ်ပြောစရာမ ရှိပါဘူး။ အဲဒီလိုဖြစ်လာလိမ့်မယ် လို့လည်း ဘယ်သူကမှ မခန့်မှန်း နိုင်ခဲ့ကြပါဘူး။ နိုင်ငံရေးဂုရုကြီး တွေတောင် ဒီလိုဖြစ်နိုင်တယ်ဆို တာ မမြင်ခဲ့ကြပါဘူး။
တိုင်းရင်းသားနိုင်ငံရေးပါတီ တွေ ဘာကြောင့် ဒီလိုကွဲပြားနေ ကြရတာလဲ၊ ဘာကြောင့်မညီမ ညွတ်ဖြစ်နေကြရတာလဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘဲဆန့် ကျင်ခဲ့တာ မှန်သလား၊ မှားသ လားဆိုတာကို ပြန်လှန်သုံးသပ် ဆင်ခြင်ကြည့်နေရင်းက တွေ့ လာရတဲ့အချက်ကလေးတွေကို သင်ခန်းစာယူနိုင်အောင် ပြန် လည်မျှဝေရခြင်းပဲဖြစ်ပါတယ်။
ပြောချင်တာက CRPPမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားနိုင်ငံ ရေးပါတီတွေဟာ အနစ်နာခံခဲ့ကြ တယ်။ ဒါပေမဲ့ထင်ထားတာထက် (ပြောပြနေတာထက်)ပိုပြီးနစ်နာ ခဲ့တယ်ဆိုတာကို ပြောချင်တာပါ။ ပါတီတွေတင်နစ်နာသွားသလား ဆိုတဲ့ အမေးရှိခဲ့ရင် အဲဒီလောက် မကပါဘူး။ တိုင်းရင်းသားလူမျိုး စုတချို့ရဲ့ လူမျိုးစုတွင်းစည်းလုံး ညီညွတ်မှုကိုပါ သွားရောက်ထိ ခိုက်ခဲ့တယ်ဆိုရင် မမှားလောက် ပါဘူး။
အခုလို အရပ်သားအစိုးရ စစ်စစ်ကို အာဏာလွှဲပေးခဲ့တဲ့ သ မိုင်းဝင်ကာလမျိုးမှာကျွန်တော်တို့ အားလုံးဟာ အရပ်သားအစိုးရ သစ်စစ်စစ်ကိုပြည်သူ့အကျိုးပြု လုပ်ငန်းတွေပိုမိုလုပ်ကိုင်နိုင်ဖို့ တက်ညီလက်ညီဝိုင်းဝန်းကူညီရ မယ့်အချိန်ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော်မှားယွင်းလာတဲ့၊ လွဲချော်လာတဲ့ အုပ်ချုပ်မှုစနစ် တွေကို ပြုပြင်ရာမှာလည်း ကျွန် တော်တို့ အားလုံးဟာ မိမိတို့ကျ ရာတာဝန်၊ ရောက်ရာနေရာက နေ ၀ိုင်းဝန်းကူညီရမယ့်ကာလ လည်းဖြစ်ပါတယ်။ နှစ်ပေါင်းများ စွာ၊ အဆင့်ပေါင်းများစွာ၊ ဘ၀ ပေါင်းများစွာနဲ့ ရင်းနှီးပြီးရလာခဲ့ တဲ့ ပြည်သူ့အာဏာကို ကာကွယ် စောင့်ရှောက်ရမယ့် အချိန်သမယ ဆိုလည်း မမှားလောက်ပါဘူး။
ဒါပေမဲ့လည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေအဖို့မှာတော့ နည်းပါးလွန်းတဲ့ နိုင်ငံရေးဖြတ် သန်းမှုအတွေ့အကြုံကပဲ စကား ပြောနေသလားမသိတော့ပါ။ အ ခုဆိုရင် လူမျိုးစုတိုင်းရင်းသား၊ နိုင်ငံရေးပါတီတွေဟာ နောက်ဆက်တွဲဇာတ်လမ်းတွေအဖြစ် အစိပ်စိပ်အမြွှာမြွှာကွဲပြားနေပြီး သူတစ်ဖုံ ငါတစ်မျိုးအမွေဆိုးတွေနဲ့ နပန်းလုံးဖြစ်နေကြရဆဲဖြစ်နေကြောင်းပါ။
7Days Daily (Issue No. 1107 Thursday, June 2, 2016)

ချောတိုင်တက်သူများ

ကျွန်တော် သိပ်မမှတ်မိ တော့တဲ့ မကြာလှသော ကာလတစ်ခုမှာ ‘‘ပြည်သူ့ခေတ်’’လို့ ထင်ပါတယ်။ အဲဒီမှာ ‘‘ပြိုင်တူတွန်းမှ ရွေ့ပါမည်’’ဆိုတဲ့ ဆောင်းပါးတစ် ပုဒ် ကျွန်တော်ရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးကို မိတ်ဆွေအ တော်များများက ကြိုက်တယ်လို့ လာပြောကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တိုက်တွန်းခဲ့သလို ဘယ်သူ မှ လိုက်လုပ်တာမျိုးကတော့ မရှိ ခဲ့ပါဘူး။ တကယ်တော့လည်း အားလုံးက တစ်ပြိုင်တည်းလုပ်ဖို့ ဆိုတာ သိပ်လွယ်တဲ့ကိစ္စမှမဟုတ် တာကိုး။ သဘောကတော့ လက် တွေ့မှာ လုပ်ငန်းဖော်ဆောင်ဖို့ မဖြစ်နိုင်ခဲ့ဘူးဆိုတာကို ပြောချင် တာပါ။
ဒါပေမဲ့ဗျာ.. လွန်ခဲ့တဲ့ နိုဝင် ဘာလ ၈ ရက်နေ့မှာတော့ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို ၈၀ ရာခိုင်နှုန်းလောက် နိုင်သွားအောင်ပြတ်ပြတ်သားသား ဝိုင်းပြီးမဲပုံ အောထည့်လိုက်တာဟာဖြင့်ရင် တစ်ကမ္ဘာလုံးကတောင် အံ့အား သင့်မှင်တက်မိသွားတဲ့အထိ ဖြစ် ခဲ့တာ အားလုံးအသိပါပဲ။ ကျွန် တော်ပြောချင်တာကတော့ အား လုံးက ပြိုင်တူတွန်းလိုက်ကြလို့ နိုင်ငံ့သမိုင်းရဲ့ မှတ်တမ်းဝင်အရွေ့တစ်ခုကို ကျွန်တော်တို့ ဖော် ဆောင်လိုက်နိုင်ခဲ့တယ်လို့ ဆိုချင် တာ ဖြစ်ပါတယ်။
ကိုင်း.. အများမျှော်လင့်နေ ကြတဲ့၊ ဖြစ်ချင်နေကြတဲ့ ဒီမိုက ရေစီဘက်တော်သား နိုင်ငံရေး ပါတီကြီးဟာ အခုဆိုရင် နိုင်ငံ့ တာဝန်များကို ဦးဆောင်ဦးရွက်ပြု ပြီး ထမ်းဆောင်ခွင့်ရနေပြီဖြစ်ပါ တယ်။ အဲဒီကြားထဲမှာမှ ဒီမိုက ရေစီဘက်တော်သားတွေကြားထဲ မှာ အားမလိုအားမရ ဖြစ်ကြတာ တွေ၊ မချင့်မရဲဖြစ်ကြတာတွေ၊ စိုးရိမ်ပူပန်မှုဖြစ်ကြတာတွေကို နေရာအတော်များများမှာ ကြား နေရပြန်တယ်။ အထူးသဖြင့် နိုင်ငံရေးလောကသားတွေကြားမှာ ပိုပြီးတော့ ကြားနေရပါတယ်။ နှစ်ပေါင်းရာစုနှစ်တစ်ဝက်လောက် ကြာတော့မှ တစ်ကြိမ်ကြုံရတာဆို တော့လည်း စိတ်ပူပန်မှုတွေ ဖြစ် နေမှာကတော့ ဖြစ်သင့်တဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်ပြော ချင်တဲ့ ချောတိုင်တက်သူများဆို တာကတော့ ဆရာနေဝင်းမောင် ရေးခဲ့တဲ ချောတိုင်နဲ့တော့ တူမယ် မထင်ပါဘူး။ ကျွန်တော်ပြောချင် တဲ့ ချောတိုင်က တစ်မျိုးပါ။
အများသိကြတဲ့အတိုင်း ဝါး ပိုးဝါးဖြောင့်ဖြောင့်ကြီးကို တည့် တည့်မတ်မတ်စိုက်ထူထားပြီး အ ပေါ်ဆုံးက အဆစ်မှာ ဝက်ဆီတွေ ထည့်ထားပြီး အောက်ဘက်ကို တစိမ့်စိမ့်ယိုကျနေအောင် အ ပေါက်ဖောက်ထားတယ်။ တိုင် လှုပ်တာနဲ့ ဆီတွေက စိမ့်စိမ့်ပြီး စီးကျလာပါတယ်။ အဲဒီဝက်ဆီရှိ တဲ့ အဆစ်ထိပ်မှာ အလံတင်ထား ပြီး အဲဒီအလံကို ဆုအဖြစ်သတ် မှတ်ထားတာကို အဖွဲ့လိုက် တစ် ဖွဲ့ချင်း သူ့ထက်ငါ အလုအယက် တက်ပြီး အောင်လံကို ရအောင် ယူကြရတဲ့ ပျော်စရာကစားနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။
အောင်လံအတွက် ဆုကြေးငွေက ဘယ်လောက်မှမများပေ မယ့် လူငယ်လူလတ်တွေကတော့ အဖွဲ့လိုက် အစွမ်းပြဖို့ ကြိုးစားကြ တာ  အလွန်ပျော်စရာ ကောင်းလှ ပါတယ်။ ပြောင်ချောကြီးဖြစ်နေ တဲ့ ဝါးလုံးမှာ ဆီတွေက တစိမ့် စိမ့်ကျနေတော့ တစ်ဦးချင်းအနေ နဲ့ ဖက်တွယ်တက်ဖို့ဆိုတာ အ တော်ခက်လှပါတယ်။ တစ် ယောက်ကိုတစ်ယောက်ဆင့်ပြီး တစ်ယောက်ပခုံးတစ်ယောက် နင်းပြီး ကြိုးစားတက်ကြရတာဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ ဆီတွေ ပေနေတော့ တစ်ယောက်တက်၊ တစ်ယောက်ပြုတ်ကျ၊ နောက် တစ်ယောက်ချော်ကျနဲ့ ပွဲကြည့် ပရိသတ်အပေါင်းကတော့ တဝါး ဝါးနဲ့ ပျော်စရာကစားနည်းလည်း ဖြစ်ပါတယ်။ တချို့အရပ်တွေမှာ ဆို ဆိုင်းဝိုင်းအသေးစားလေးတွေ တောင်ပါတတ်ပါတယ်။
အောင်လံကို ရနိုင်ဖို့အတွက် အဖွဲ့လိုက် ညီညွတ်မှုရှိဖို့ လိုပါ တယ်။ တစ်ယောက်နဲ့ တစ် ယောက် အနစ်နာခံနိုင်ဖို့လိုပါ တယ်။ ဘာလို့ဆိုတော့ တစ် ယောက်ပခုံးကို နောက်တစ် ယောက်က တက်နင်းပြီးတက်၊ နောက်ထပ်တစ်ယောက်က အဲဒီ နှစ်ယောက်ရဲ့ ပခုံးကို ထပ်နင်းပြီး တစ်ဆင့်ထပ်တက်။ အဲဒီလိုနည်း နဲ့ အောင်လံနားကိုရောက်အောင် တစ်ယောက်ကို တစ်ယောက်နင်း တက်ကြရတာ ဖြစ်ပါတယ်။ ပန်း တိုင်ဖြစ်တဲ့ အောင်လံနားရောက် လေ လူများလာလေဆိုတော့ အောက်ဆုံးက တစ်ယောက်ဆို အံကြိတ်ပြီး ခံရလေပါပဲ။ အဲဒီ အောက်ဆုံးက တစ်ယောက်သာ ပြိုလဲသွားရင် အပေါ်မှာရှိတဲ့လူ တွေလည်း တစ်ပြုံကြီး ပြန်လျှော ကျရတာမို့ လူညီဖို့၊ အနစ်နာခံဖို့၊စာနာမှုရှိဖို့လိုတဲ့ ကစားနည်းတစ် ခုဖြစ်ပါတယ်။
ကျွန်တော် တကယ်ပြောချင် တာက မြန်မာ့နိုင်ငံရေးကို ကွက် ကွက်ကွင်းကွင်း မြင်သာအောင် ပြောချင်လို့ ချောတိုင်တက်ပုံ တက်နည်း အကြောင်းတွေပြော နေရခြင်းပဲ ဖြစ်ပါတယ်။ တကယ် တော့ ဒီနေ့ မြန်မာ့နိုင်ငံရေးရဲ့ ချောတိုင်ထိပ်က အောင်လံကို ဆွတ်ခူးရယူလိုက်နိုင်သူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ အောင်လံကို ရယူ လိုက်နိုင်တာက ဒီချုပ်ဖြစ်ပင် ဖြစ်ငြားသော်လည်း အောင်ပွဲက တော့ ‘‘ပြည်သူလူထု’’ရဲ့ အောင်ပွဲ ပဲ ဖြစ်ပါတယ်။ ပြည်သူ့အောင်ပွဲ အတွက် ဒီချုပ်က အောင်လံကို ဆွတ်ယူပေးခဲ့တာလို့ ပြောမယ်ဆို ရင် မမှားပါဘူး။
၁၉၆၂ နောက်ပိုင်းမှာက တည်းက ဒီမိုကရေစီဘက်တော် သားတွေဟာ ပျောက်ဆုံးသွားတဲ့ ဒီမိုကရေစီလေး ပြန်ရရလေ အောင် တစ်ဖွဲ့ချင်းဖြစ်ဖြစ်၊ တစ် ဦးချင်းဖြစ်ဖြစ်၊ အဖွဲ့တွေပေါင်း လို့ပဲဖြစ်ဖြစ် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီခရီး လမ်းမှာ ဘဝပျက်ခဲ့ရသူတွေ၊ ထောင်ကျခဲ့ရသူတွေ၊ ကျဆုံးခဲ့ရ သူတွေ၊ ထွက်ပြေးခဲ့ရသူတွေ၊ ဆင်းရဲဒုက္ခအရောက်ခံပြီး တစ်ပွဲ ပြီးတစ်ပွဲ၊ တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးပမ်းခဲ့ကြရတာ ဖြစ်ပါတယ်။ ခုနှစ်အလိုက်၊ အဖြစ်အပျက်အ လိုက် သမိုင်းမှတ်တမ်းတင်ထား ပြီးလည်း ဖြစ်ပါတယ်။
ချောတိုင်တက်ကြတဲ့အခါ ဦးဆုံးပထမတက်ခဲ့တဲ့လူတွေအ တွက်ကတော့ လတ်လတ်ဆတ် ဆတ် ဆီတွေနဲ့တွေ့ပြီး နောက် ပြန်လန်ကျရတာ ထုံးစံလိုဖြစ်ပါ တယ်။
 ဒီလိုနည်းနဲ့ တစ်ဖွဲ့ပြီးတစ် ဖွဲ့၊ တက်လိုက်၊ ပြန်ကျလိုက်နဲ့ အချိန်ကြာလာတာနဲ့အမျှ ကျနေ တဲ့ဆီတွေလည်း တဖြည်းဖြည်း နည်းလာတော့ နောက်ပိုင်းတက် ရတဲ့လူတွေအဖို့ ပိုပြီးမျှော်လင့် ချက်ထားနိုင်ခဲ့တာ ထုံးစံလိုပဲဖြစ် ပါတယ်။
နောက်ဆုံးမှာတော့ ပြည်သူ တွေ မျှော်လင့်နေကြတဲ့ အောင် လံကို ဆွတ်ယူရရှိခဲ့ပြီး ဖြစ်ပါ တယ်။ ဒီချုပ် အနိုင်ရအောင် ပြည်သူလူထုတစ်ရပ်လုံးက ‘‘ပြိုင် တူဝိုင်းတွန်း’’လိုက်လို့ ရရှိတဲ့ အောင်ပွဲဖြစ်ပါတယ်။ ခေတ်အ ဆက်ဆက် အနစ်နာခံ ကြိုးပမ်းခဲ့ ကြတဲ့ နိုင်ငံရေးသမားတွေအ တွက်လည်း ဒါဟာ ပြည်သူ့အောင်ပွဲပဲ ဖြစ်ပါတယ်။ ကြိုးပမ်းခဲ့တဲ့လူ အားလုံး၊ အနစ်နာခံခဲ့တဲ့လူအား လုံးဟာ ပြည်သူလူထုတစ်ရပ်လုံး က ပေးအပ်ခဲ့တဲ့ အခုအောင်ပွဲကို ကိုယ့်အောင်ပွဲလိုပဲ သဘောထား ရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင် အောင်လံကို ဆွတ်ခူးမှ ကိုယ့် အောင်ပွဲမဟုတ်ပါဘူး။ အခုလို အလွန်ကို မလွယ်ကူတဲ့၊ ဖြစ်နိုင်ခဲ တဲ့ ပြည်သူတစ်ရပ်လုံးက ‘‘ပြိုင် တူ’’ဝိုင်းတွန်းဖြစ်ဖို့ဆိုတာ လွန်ခဲ့ တဲ့၊ ပြီးခဲ့တဲ့ အကြောင်းတရားတွေ ကြောင့် ဖြစ်ရတဲ့ အကျိုးတရား ဖြစ်ပါတယ်ဆိုရင် လက်မခံလို့ မရပါဘူး။
ဒါကြောင့် အခုအောင်ပွဲဟာ အားလုံးရဲ့အောင်ပွဲလို့ ကျွန်တော် တော့ ဆိုချင်ပါတယ်။ နောက်ပြီး အခုအောင်ပွဲဟာ အေးအေးချမ်း ချမ်းနဲ့ တရားမျှမျှတတရခဲ့တဲ့ အောင်ပွဲဖြစ်တာမို့ ပိုပြီးတော့ တန်ဖိုးထားကြဖို့ လိုပါတယ်။ နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရေး ပြိုင်ဆိုင်မှုတွေ ရှိခဲ့တဲ့အတွက် အခုလောက် အေးအေးချမ်းချမ်းညင်ညင်သာသာ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။ စိတ်တထင့်ထင့်နဲ့ ပူပင်နေခဲ့ရပေမယ့် မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးရင့်ကျက်မှုက ထင်ထားတာထက် အများကြီးရင့်ကျက်ခဲ့တယ် ဆိုတာ သိသာလှပါတယ်။ သက်သေထူလိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီရင့်ကျက်မှုကို မြန်မာ ပြည်သူတွေအနေနဲ့ ဆက်လက် ထိန်းသိမ်းဖို့လိုအပ်သလို ဒီမိုက ရေစီဘက်တော်သား နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်အားလုံးက လည်း ရင့်ကျက်မှုကို ပိုပြီးထုတ် ဖော်ပြသဖို့ လိုအပ်ပါတယ်။ မြန်မာ ပြည်သူလူထုတစ်ရပ်လုံးက တစ်ပြိုင်နက် ‘‘ပြိုင်တူ’’မဲပေးခဲ့ကြလို့ အောင်လံတော်ကို ဆွတ်ခူးခဲ့တဲ့ပါတီကို ကျွန်တော်တို့အား လုံးက ပြည်သူ့မျက်နှာကို ထောက်ထားပြီး ဝိုင်းဝန်းကူညီအားပေးကြ ဖို့ လိုပါတယ်။ ဒီမိုကရေစီဘက် တော်သား ပါတီတစ်ရပ်လည်းဖြစ် တာမို့ ကျွန်တော်တို့ မုဒိတာပွား ကြဖို့လိုပါတယ်။ နှစ်ကာလပေါင်းများစွာ ကြိုးစားခဲ့ရတဲ့ နိုင်ငံရေးအောင်ပွဲတစ်ခုကို တန်ဖိုးထားတတ်ကြဖို့လည်း လိုပါတယ်။
အောင်ပွဲရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဘက်ကလည်း အ ထက်မှာ ဆိုခဲ့သလို ဒီမိုကရေစီ ဘက်တော်သားအားလုံးကို ကိုယ် စားပြုခွင့်ရခဲ့တာဟာ အလွန်ကို ဂုဏ်ယူစရာဖြစ်သလို ကြီးမားတဲ့ သမိုင်းတွင်မှုကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ကြီးမားတဲ့ တာဝန်ကြီးတွေကို ဆက်လက်ထမ်းဆောင် သယ်ပိုးသွားရတော့မှာ ဖြစ်ပါတယ်။ ဒီလိုသယ်ပိုးတဲ့အချိန်မှာ ချော တိုင်တက်စဉ်က အောက်ခြေအ ကျဆုံးနေရာတွေကနေ တောင့်ခံ ခဲ့တဲ့လူတွေ၊ ဆီအလူးလူးကြောင့် အောက်ပြန်လျှောကျပြီး မအောင် မမြင်ဖြစ်ခဲ့ရတဲ့ ဒီမိုကရေစီဘက် တော်သားတွေကိုလည်း ပြန်သတိရဖို့ လိုပါတယ်။
ကျွန်တော်ဆိုချင်တာက ရာ ထူးပေးဖို့၊ နေရာပေးဖို့ မဟုတ်ပါ ဘူး။ အဲဒီပုဂ္ဂိုလ်တွေကလည်း ရာထူးကိစ္စကို မျှော်လင့်နေကြ လိမ့်မယ်လို့ ကျွန်တော်မထင်ပါ ဘူး။ ကိုယ့်ရဲ့ ပန်းတိုင်ဖြစ်တဲ့ ဒီမို ကရေစီရရှိရေး ကြိုးပမ်းမှုသမိုင်း ကြောင်းမှာ အသိအမှတ်ပြုခံရဖို့ လောက်ကိုပဲ မျှော်လင့်နေကြတာ ပါ။ ရန်သူကိုတောင် မိတ်ဆွေ ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ နိုင်ငံရေး ရင့်ကျက်မှုရှိသူတွေဟာ ကိုယ့် ဘက်တော်သားအချင်းချင်းကို အသိအမှတ်ပြု လေးစားဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ ကိုယ့်ဘက်တော်သားအချင်းချင်း အသိ အမှတ်ပြုလက်တွဲရုံနဲ့လည်း ကိုယ့်ဘက်က ဘာမှလျော့သွားစရာ မရှိပါဘူး။ ရှေ့လုပ်ငန်းစဉ်တွေ မှာ ပိုမိုပြီးတော့တောင် အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီမိုက ရေစီဘက်တော်သားတွေ ဆက် လက်ပြီး လုပ်ဖို့ကိုင်ဖို့ လုပ်ငန်း တွေဟာ အတော်ကို များပြားပါ တယ်။ အဲဒီလုပ်ငန်းတွေကို ပြည် သူတွေနဲ့အတူ တည်ဆောက်ကြ ဖို့ ဒီမိုကရေစီဘက်တော်သားတွေအားလုံးမှာ ဆက်လက်ပြီး တာဝန် ကိုယ်စီရှိနေကြဆဲပဲလို့ ကျွန်တော်တော့ အဲဒီလိုယုံကြည်ထားပါ တယ်။ ဒီမိုကရေစီဘက်တော်သား တွေအားလုံးဟာ တတ်နိုင် သလောက် ဆက်လက်ပြီး စည်းလုံးညီညွတ်ဖို့ တစ်ယောက်ကိုတစ် ယောက်၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ ဝိုင်း ဝန်းကူညီဖို့၊ အသိအမှတ်ပြုဆက် ဆံဖို့ လိုအပ်ပါတယ်။
တကယ်တော့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတာက ဒီမိုကရေစီ ရရှိရေးတစ်ခုတည်းမဟုတ်ဘဲ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးနဲ့ ပြည်တွင်းစစ်ပွဲတွေရပ်ဆိုင်း သွားတဲ့ ငြိမ်းချမ်းရေးရရှိရေးတွေ ကို ဆက်လက်ကြိုးပမ်းသွားကြရ မှာ ဖြစ်တာကြောင့် တစ်ဦးနဲ့တစ် ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် ဝန်းရံ၊ အသိအမှတ်ပြုဖို့ဆိုတာ လိုကိုလိုအပ်နေသေးတဲ့ဆောင် ရွက်စရာ ဖြစ်နေကြောင်းပါ ခင် ဗျာ။   ။
7Days Daily (Issue No. 1093 Thursday, May 19, 2016)